← Chapters

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း (၃၉၁) - ထိပ်တန်း ဝိညာဉ်အမြစ်၊ အထူး ခန္ဓာကိုယ်ဖွဲ့စည်းပုံ (အပိုင်း ၅)

~နောက်ထပ် ရေခဲကြေးခွံ ငါးသုံးကောင်သည်လည်း သွေးမျိုးဆက် အကန့်အသတ်ကို အဆင့်ချိုးဖြတ် အောင်မြင်သွားကြ၏။

ဒါက ရှားပါးလှသော ဝမ်းမြောက်ဖွယ်ရာ ကိစ္စရပ်တစ်ခုပင်။

(၂) လ ကြာပြီးနောက်...၊

ရေခဲကြေးခွံ ငါးဘုရင်သည် အိပ်ပျော်နေရာမှ နိုးထလာပြီး၊ ရေကန်ထဲမှ ဒုံးပျံပမာ ခုန်ထွက်လာကာ စုယွီနှင့် ယွီခယ်အာ တို့အား သတင်းကောင်း လာရောက် ပေးပို့လေသည်။

ထို့နောက် ၎င်းသည် ချင်းယွဲ့ တောင်ထွတ် တစ်ခုလုံးကို လှည့်ပတ် ကြည့်ရှုပြီးနောက်၊ နောက်ဆုံးတွင် ရေကန်ထဲသို့ ပြန်လည် ဝင်ရောက်သွား‌တော့၏။

ချင်းယွဲ့ တောင်ထွတ်သည် မူလ ငြိမ်သက်ခြင်းဆီသို့ ပြန်လည် ရောက်ရှိသွားပြီး၊ စုယွီ အပါအဝင် လူအားလုံးသည် အေးချမ်းစွာ ဆက်လက် ကျင့်ကြံကြလေသည်။

#

(၂) နှစ် ကြာပြီးနောက်...၊

ဆေးလုံးမျှော်စင် တောင်တန်း။

စုဇီနှင့်အတူ ယွင်ကျန်းဂိုဏ်းမှ လူငယ်မျိုးဆက်သစ် အများအပြား ဤနေရာသို့ ပြန်ရောက်လာကြသည်။ စုပင်း၊ စုကျင်းပန်း၊ စုရွီအန်း အစရှိသော စုမိသားစု၏ ပင်မမျိုးဆက်များသည်လည်း ရောက်ရှိနှင့်နေကြပြီ ဖြစ်သည်။

စုမိသားစုဝင် အားလုံးသည် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး မျက်နှာများတွင် ပူဆွေးသော အရိပ်အယောင်များ လွှမ်းခြုံနေသည်။ ကလေးငယ် အချို့၏ မျက်နှာပေါ်တွင်မူ နားမလည်နိုင်သော အမူအရာများ ရှိနေဆဲပင်။ လူကြီးများ၏ လမ်းပြမှုအောက်တွင် သူတို့အားလုံးသည် မိသားစု ခေါင်းဆောင်ဟောင်း စုဖုန်းကို နောက်ဆုံး ဂါရဝပြုရန် သင်္ချိုင်းကုန်းဆီသို့ ဦးတည်သွားကြလေ၏။

လွန်ခဲ့သော နှစ်အနည်းငယ်က စုဖုန်းသည် "အမှောင်နတ်ဘုရား ဆေးလုံး"၏ အကူအညီဖြင့် အခြေခံတည်ဆောက်ခြင်း အဆင့် (၁) သို့ အတင်းအကြပ် ထိုးဖောက် တက်လှမ်းခဲ့သည်။ သို့သော် အမှောင်နတ်ဘုရားဆေးလုံးတွင် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိနေသည်။ ၎င်းသည် ကျင့်ကြံသူ တစ်ဦး၏ အလားအလာ အားလုံးကို လောင်ကျွမ်းစေပြီး၊ ရှေ့ဆက် တိုးတက်ရန် လမ်းစကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိချိန်တွင် သက်တမ်းရှည် ဆေးလုံးကို အသုံးပြု၍ သက်တမ်း ဆွဲဆန့်ထားခဲ့သော်လည်း၊ စုဖုန်းသည် အသက် (၂၀၀) နီးပါး နေထိုင်ပြီးနောက်၊ နောက်ဆုံးတွင် သက်တမ်း ကုန်ဆုံးကာ ကွယ်လွန်သွားခဲ့လေ၏။

ဈာပန အခမ်းအနားတွင်...

စုပင်း၊ စုကျင်းပန်၊ စုဟယ် အစရှိသော စုမိသားစု၏ အကြီးအကဲများသည် ယခုအခါ အိုမင်းရင့်ရော်နေကြပြီ ဖြစ်သည်။ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေပြီး၊ ခေါင်းပေါ်တွင် ဆံပင်ဖြူများဖြင့် ဖွေးလှုပ်နေသည်။ စုပင်းသည် အသက် (၂၂၀) နီးပါး ရှိနေပြီ ဖြစ်သဖြင့် သူ၏ သက်တမ်းကုန်ဆုံးမည့် ရက်စွဲနှင့် အလွန် နီးကပ်နေပြီ ဖြစ်၏။

စုပင်း ကဲ့သို့ပင် စုပင်းထက် ကျင့်ကြံခြင်း အဆင့် နိမ့်ကျသော စုကျင်းပန်းနှင့် စုဟယ် တို့သည်လည်း သက်တမ်းကုန်ဆုံးရန် နီးကပ်နေကြလေပြီ။

သူတို့သည် စုဖုန်းအတွက် ဝိညာဉ်ဝိုင် အနည်းငယ်ကို မြေပေါ်သို့ ပက်ဖျန်း ပူဇော်လိုက်ကြသည်။ စုဖုန်း၏ အုတ်ဂူကျောက်တိုင်နှင့် ဘေးနားရှိ စုယွင်၊ စုရို့ဆု တို့၏ အုတ်ဂူများကို ငေးကြည့်ရင်း ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ကြ၏။

စုပင်းသည် စုဖုန်း၏ အုတ်ဂူကျောက်တိုင်ကို ပုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းတာဝန်ကျေပါပြီကွာ... အခု မင်း ကောင်းကောင်း အနားယူလို့ ရပါပြီ... အမှန်အတိုင်း ပြောရရင် ငါ မင်းကို နည်းနည်းတောင် အားကျမိတယ်... ငါလည်း ခဏပဲ စောင့်ရတော့မှာပါ... သိပ်မကြာခင် ငါတို့ ညီအစ်ကိုတွေ မြေအောက်ကမ္ဘာမှာ ပြန်ဆုံကြတာပေါ့...”

စုဇီသည် မျိုးဆက်သစ် လူငယ်များကို ဦးဆောင်၍ သူမ၏ ဖခင်၊ မိသားစု ခေါင်းဆောင်ဟောင်းကို နောက်ဆုံး နှုတ်ဆက် ဂါရဝပြုလိုက်သည်။

သိပ်မကြာခင်မှာပင်...

လူအုပ်ကြီး၏ အနောက်ဘက်ဆီမှ အံ့သြတကြီး အာမေဋိတ်သံများ ရုတ်တရက် ထွက်ပေါ်လာ၏။

“တတိယ ဘိုးဘေးကြီး... တတိယ ဘိုးဘေးကြီး ပြန်ရောက်လာပြီ...”

စုဇီ၊ စုပင်း၊ စုရွီအန်းနှင့် အခြားသူများသည် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ကြသည်။

စုယွီ၏ ပုံသဏ္ဍာန် ဖန်တီးထားသော တာအိုရုပ်သေးသည် သင်္ချိုင်းကုန်းတွင် ရောက်ရှိနေလေသည်။

မိသားစု ခေါင်းဆောင်ဟောင်း စုဖုန်းကို ဂါရဝပြုပြီးနောက်၊ အားလုံးသည် မိသားစု ခြံဝင်းဆီသို့ ပြန်လာခဲ့ကြ၏။

နန်းတော်ဆောင် ရှေ့ရှိ ခြံဝင်းအတွင်း...

စုယွီနှင့် စုဇီတို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ စုယွီသည် ဝိညာဉ်အရည်ဖြင့် ဖျော်စပ်ထားသော ဝိညာဉ်လက်ဖက်ရည်ကို ငှဲ့လိုက်ပြီး၊ မိမိကိုယ်တိုင်နှင့် စုဇီအတွက် တစ်ခွက်စီ ချပေးလိုက်သည်။

စုဇီသည် သူ့ကို ကြည့်ကာ ခပ်ဟဟ ရယ်မောလိုက်၏။

“နင် အခုအချိန်မှ ပြန်ပေါ်လာမယ်လို့ ငါ မထင်ထားဘူး...”

စုယွီက ပြန်ပြောလိုက်သည်။

“မိသားစု ခေါင်းဆောင်ကြီး ဆုံးပါးသွားတာပဲ... ကျွန်တော် ပြန်လာပြီး နှုတ်ဆက် ခရီးပို့ရမှာပေါ့...”

စုဇီက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။ လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်ပြီး မေးလိုက်သည်။

“ချန်ချင်း နဲ့ ချီလေးရော...”

ထိုမေးခွန်းကို ကြားသောအခါ စုယွီ ခေါင်းယမ်းလိုက်သည်။

“အဲဒီအဖြေကို ကျွန်တော် မသိဘူးဗျ... အစ်မ အနေနဲ့ လျှို့ဝှက်လူသားကိုပဲ မေးသင့်တယ်...”

စုဇီက သူ့ကို မျက်စောင်းထိုးလိုက်ပြီး ညည်းတွားလိုက်သည်။

“နင်က ရယ်နိုင်သေးတယ်ပေါ့လေ... ငါကတော့ နင်တို့နှစ်ယောက်အတွက် အလကား စိတ်ပူနေခဲ့ရတာ...”

အချိန်အတော်ကြာ စကားစမြည် ပြောဆိုပြီးနောက်၊ ယွီချန်ချင်းနှင့် စုချီတို့ ကိစ္စကို စုယွီက မငြင်းဆိုခဲ့ပေ။ ထိုအခါမှသာ စုဇီ၏ ရင်ထဲမှ အလုံးကြီး ကျသွားသလို ခံစားလိုက်ရ၏။

(၇) ရက် ကြာပြီးနောက်၊ စုဇီသည် ယွင်ကျန်းဂိုဏ်းသို့ ပြန်လည် ထွက်ခွာသွားလေသည်။ ဆေးလုံးမျှော်စင် တောင်တန်းကို ပြန်လှည့်ကြည့်လိုက်သောအခါ ဟာတာတာ ခံစားလိုက်ရ၏။ ဖခင်ဖြစ်သူ ထွက်ခွာသွားခြင်းနှင့်အတူ သူမ၏ နှလုံးသား တစ်နေရာတွင် လစ်ဟာသွားသကဲ့သို့ ခံစားရပြီး၊ ဆေးလုံးမျှော်စင် တောင်တန်းအပေါ် ထားရှိသော သူမ၏ သံယောဇဉ် ကြိုးမျှင်လေးသည်လည်း အနည်းငယ် လျော့ရဲသွားခဲ့ပြီ ဖြစ်သည်။

အချိန်မြစ်ရေ အဆက်မပြတ် စီးဆင်းနေသည်နှင့်အမျှ၊ စုမိသားစု၏ မျိုးဆက်ဟောင်း နေရာတွင် မျိုးဆက်သစ်များက အစားထိုး ဝင်ရောက်လာကြ၏။

ယခုအခါ သူမ မသိသော မျိုးဆက်သစ် လူငယ်များ ပိုမို များပြားလာသည်။

သူမ၏ အကြီးအကဲများနှင့် ရွယ်တူတန်းတူများသည် သက်တမ်းကုန်ဆုံး၍ တစ်စတစ်စ မြေမှုန့်အဖြစ် ပြောင်းလဲသွားကြလေပြီ။

ဆယ်စုနှစ် အနည်းငယ် ကြာသောအခါ၊ သူမနှင့် စုမိသားစုကြား ဆက်နွယ်မှု ဆိုသည်မှာ သွေးသားတော်စပ်မှု တစ်ခုတည်းသာ ကျန်ရှိတော့မည့် ပုံပင်။

အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်၊ စုဇီသည် မျိုးဆက်သစ် လူငယ်အချို့ကို ခေါ်ဆောင်ကာ ယွင်ကျန်းဂိုဏ်းသို့ ပြန်သွားလေ၏။

စုယွီသည် ဆေးလုံးမျှော်စင် တောင်တန်းတွင် ရက်အနည်းငယ် ဆက်လက် နေထိုင်ခဲ့သည်။ စုပင်း၊ စုရွီအန်း အစရှိသော အကြီးအကဲများနှင့် စကားစမြည် ပြောဆိုခဲ့သလို၊ စုမိသားစု မျိုးဆက်သစ် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

ဆေးလုံးမျှော်စင် တောင်တန်းတွင် (၁၅) ရက်ခန့် နေထိုင်ပြီးနောက်၊ စုယွီသည် တိတ်တဆိတ် ထွက်ခွာလာခဲ့၏။

ဆေးလုံးမျှော်စင် တောင်တန်းကို နောက်ဆုံးအကြိမ် ပြန်လှည့်ကြည့်ပြီးနောက်၊ သူသည် လက်ကို ဝှေ့ယမ်းကာ ပျံသန်းရေး ယာဉ်ပျံကို ဆင့်ခေါ်လိုက်ပြီး၊ "မြေဆရာ မာမိသားစု" ရှိရာ အရပ်ဆီသို့ ဦးတည် ထွက်ခွာသွားလေသည်။

မိသားစု ခေါင်းဆောင်ဟောင်း စုဖုန်း ထွက်ခွာသွားခြင်းနှင့်အတူ၊ မိသားစု အတွင်း၌ သူ စိတ်ပူရမည့်သူ တစ်ယောက် လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

မာမိသားစုဆီ သွားရာ လမ်းခရီးတွင် စုယွီ တွေးတောလိုက်မိ၏။

‘ပဉ္စမအဘိုးရဲ့ သက်တမ်း ကုန်ဆုံးတဲ့ အချိန်ကျရင်... ငါ အင်မော်တယ် လမ်းစဉ် အဆင့်မြင့်မြင့်ကို တက်လှမ်းဖို့ ထွက်ခွာသင့်တဲ့ အချိန် ရောက်ပြီ ထင်တယ်...’

သူ တိတ်တဆိတ် စဉ်းစားခန်း ဝင်နေမိသည်။

‘အဲဒီအချိန်ရောက်ရင် ငါ လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေထဲမှာပဲ နေပြီး ဆက်ကျင့်ကြံလို့ ရမလား။

ကျင့်ကြံခြင်း အဆင့် ရွှေအမြုတေ အဆင့် (၉) ရောက်တဲ့ အထိ၊ ဒါမှမဟုတ် သူ့ကိုယ်သူ ယုံကြည်မှု ရှိလာတဲ့ အထိ၊ ပြင်ပလောကနဲ့ အဆက်အသွယ် ဖြတ်ပြီး နေလို့ ရနိုင်မလား’

တကယ်လို့များ စမ်းသပ် ကြိုးစားချင်သည် ဆိုလျှင်တော့၊ တာအိုရုပ်သေးကို ရှေ့ကနေ လမ်းဖောက်ခိုင်းရ၏။ တာ့ချန် ကျင့်ကြံခြင်း လောက၏ ဗဟိုချက်မကို မျှော်မှန်းရင်း၊ တာအိုမိတ်ဆွေ ရှုယွီ ပေးခဲ့သော မြေပုံကို သူ ပြန်လည် သတိရလိုက်သည်။ လက်ရှိ နေရာနှင့် တာ့ချန် ကျင့်ကြံခြင်း လောက၏ ဗဟိုချက်မသည် အတော်လေး ကွာဝေးလှ၏။

ထိုနေရာကို ရောက်ဖို့ ဆိုလျှင် သူ သေချာ စီစဉ်ရပေလိမ့်မည်။

ဒါပေါ့လေ... အလုံခြုံဆုံး နည်းလမ်းကတော့ မူလဝိညာဉ် အဆင့် ရောက်သည့်အထိ စောင့်ပြီးမှ ထွက်ခွာတာက အကောင်းဆုံးပါပင်။

သို့သော်၊ ဒီလို ဖြစ်ဖို့ ဆိုလျှင် "အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်"၏ နောက်ဆက်တွဲ ကျင့်စဉ်ကို ရှာတွေ့မှ၊ ဒါမှမဟုတ် သစ်သား ဝိညာဉ်အမြစ် အတွက် အစားထိုး၍ ရမည့် မူလဝိညာဉ် ကျင့်စဉ် တစ်ခုခုကို ရရှိမှ ဖြစ်ပေလိမ့်မည်။

“ရွှမ်း…”

ပျံသန်းရေး ယာဉ်ပျံသည် ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းသွားသည်။ သာမန် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ အနေဖြင့် လေပြင်း တစ်ချက် တိုက်ခတ်သွားသည် ဟုသာ ခံစားလိုက်ရပြီး၊ အခြေခံတည်ဆောက်ခြင်း အဆင့် သို့မဟုတ် ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူများ အနေဖြင့် ယာဉ်ပျံ၏ အရိပ်အယောင်ကိုပင် တွေ့မြင်နိုင်စွမ်း မရှိကြပေ။

(၁၀) ရက်ကျော် ကြာပြီးနောက်၊ တာ့ယွဲ့ နယ်မြေ၏ အနောက်မြောက်ဘက်၊ မြူခိုးများ ဖုံးလွှမ်းနေသော တောင်တန်း တစ်ခု၏ အပြင်ဘက်တွင် ယာဉ်ပျံ ရပ်တန့်သွားသည်။

တာအိုရုပ်သေးသည် ယာဉ်ပျံပေါ်မှ ဆင်းသက်လိုက်ပြီး၊ ယာဉ်ပျံကို သူ့ခန္ဓာကိုယ် အတွင်းရှိ ဒန်တျန်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်၏။ သူ၏ အကြည့်က မြူခိုးများ ရစ်ပတ်နေသော ရှေ့မှ တောင်တန်းကြီးဆီသို့ ကျရောက်သွားပြီး၊ မျက်လုံးထဲတွင် အံ့သြရိပ် အနည်းငယ် ယှက်သန်းသွားသည်။

ဒီတောင်တန်းကြီးကို အခင်းအကျင်း တစ်ခုခုနှင့် ဖုံးကွယ်ထားပုံ ရသော်လည်း၊ အခင်းအကျင်း၏ အရှိန်အဝါက နည်းနည်း ထူးဆန်းနေပြီး သာမန် အခင်းအကျင်းများနှင့် ကွဲပြားနေ၏။

အခန်း (၃၉၂) - ထိပ်တန်း ဝိညာဉ်အမြစ်၊ အထူး ခန္ဓာကိုယ်ဖွဲ့စည်းပုံ (အပိုင်း ၆)

~ဤနေရာသည် မြေဆရာ မာမိသားစု ၏ မျိုးနွယ်စု ပိုင်နက်ဖြစ်သော "မီထျန်းလင်" ဖြစ်သည်။

စုယွီသည် အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ခြင်း မပြုဘဲ တလေးတစား အော်ဟစ်လိုက်သည်။

“တာအိုမိတ်ဆွေ ရှီချင်း... ကျွန်တော် စုယွီပါ... မမျှော်လင့်ဘဲ ရောက်လာမိတဲ့အတွက် တောင်းပန်ပါတယ်... ခင်ဗျားကို တွေ့ခွင့်တောင်းခံချင်လို့ပါ...”

“ဝှစ်”

သိပ်မကြာခင်မှာပင်...

ထူထပ်သော မြူခိုးများ ဖုံးလွှမ်းနေသည့် တောင်တန်းကြီးတွင် ဝင်ပေါက်တစ်ခု ရုတ်တရက် ပေါ်လာ၏။ မြူခိုးများ နှစ်ခြမ်းကွဲသွားပြီး၊ တောင်ပေါ်သို့ တက်ရောက်နိုင်သော ကျောက်ခင်းလမ်းလေး တစ်လမ်း ပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် မာရှီချင်း၏ အသံ ထွက်ပေါ်လာသည်။

“တာအိုမိတ်ဆွေ စု ပါလား... ရှားရှားပါးပါး ဧည့်သည်တော်ကြီးကို ကြိုဆိုပါတယ်... မြန်မြန် ဝင်လာခဲ့ပါ...”

တာအိုရုပ်သေး၏ ပုံရိပ်သည် တစ်ချက် လက်ခနဲ ဖြစ်သွားပြီး မီထျန်းလင် အတွင်းသို့ ဝင်ရောက်သွားလေ၏။

စုယွီ ဝင်ရောက်သွားသည်နှင့် တပြိုင်နက် နှစ်ခြမ်းကွဲနေသော မြူခိုးများသည် ပြန်လည် ပိတ်ဆို့သွားပြီး၊ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်ကာ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

စုယွီ ရှေ့ဆက် လျှောက်သွားလိုက်၏။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပေတစ်ရာခန့် ရွေ့လျားသွားသကဲ့သို့ ဖြစ်နေသည်။ မည်သည့် ထွက်ပြေးခြင်း နည်းစနစ်ကိုမျှ အသုံးပြုမထားသော်လည်း သူ၏ သွားနှုန်းသည် မနှေးကွေးလှပေ။

မကြာမီ အချိန်အတွင်းမှာပင် သိပ်မကြီးမားလှသော စံအိမ်ကြီး တစ်ခု စုယွီ၏ ရှေ့တွင် ပေါ်လာသည်။

ဒီစံအိမ်ကြီးသည် (၁) မိုင်ခန့်သာ ကျယ်ဝန်းပြီး၊ တောင်ကြားထဲတွင် တည်ဆောက်ထားသော သာမန် သူဌေးကြီး တစ်ယောက်၏ အိမ်နှင့် မခြားနားလှပေ။

စံအိမ်၏ ပတ်ပတ်လည်တွင် ရှေးဟောင်း သစ်ပင်ကြီးများ ဝန်းရံထားသည်။

စံအိမ်ကို ကြည့်ရင်း စုယွီ၏ မျက်လုံးထဲတွင် အံ့သြရိပ် အနည်းငယ် ယှက်သန်းသွားသည်။

‘သေးလိုက်တာ...’

ဒါသည် သူ၏ မာမိသားစုသို့ ပထမဆုံး အကြိမ် လာရောက်လည်ပတ်ခြင်း ဖြစ်သည်။

ယခင်က မာမိသားစုတွင် မိသားစုဝင် အနည်းငယ်သာ ရှိသည်ဟု ကြားဖူးသော်လည်း၊ ဒီလောက်ထိ နည်းလိမ့်မည်ဟု ထင်မထားခဲ့ပေ။

စံအိမ်တစ်ခုလုံး၏ အရှိန်အဝါအရ လူဦးရေ (၁၀၀) ပင် ပြည့်မည့်ပုံ မပေါ်ပေ။

စုယွီ စံအိမ်ရှေ့သို့ ရောက်သောအခါ မာရှီချင်းသည် တံခါးဝတွင် စောင့်ဆိုင်းနေလေပြီ။ မီးခိုးရောင် ဝတ်ရုံပါးပါးလေးကို ဝတ်ဆင်ထားပြီး၊ ငွေရောင် ဆံပင်များနှင့် မျက်နှာပေါ်မှ အရေးအကြောင်းများကြောင့် အဝေးမှ ကြည့်လျှင် သာမန် အဘိုးအို တစ်ယောက်နှင့် တူနေ၏။

သို့သော် မာရှီချင်း၏ တကယ့် အသက်အရွယ်သည် စုယွီနှင့် သိပ်မကွာခြားလှပေ။

မာရှီချင်း တစ်ယောက်တည်း စောင့်နေခြင်း မဟုတ်ဘဲ၊ သူ့နောက်တွင် မိသားစုဝင် အနည်းငယ် ပါရှိသည်။ ဆံပင်ဖြူဖြူနှင့် အဘိုးအိုများ ပါဝင်သလို၊ ဆံပင်နက်နက်နှင့် လူလတ်ပိုင်းများလည်း ရှိနေ၏။ လူငယ်မျိုးဆက် အနေဖြင့် ဆယ်ကျော်သက် အရွယ် မိန်းကလေးငယ် တစ်ဦးသာ ပါဝင်သည်။

မာရှီချင်း၏ နောက်တွင် ပုန်းနေသော ထိုမိန်းကလေးငယ်သည် စုယွီ ရောက်လာသောအခါ ခေါင်းတစ်ဝက်လောက် ပြူထွက်ကြည့်ရဲရုံသာ ရှိ၏။ အသက်အရွယ် ငယ်ရွယ်သော်လည်း သူမ၏ ကြီးထွားနှုန်းက မဆိုးလှပေ။ ခြေတံရှည်ရှည်လေးများ ပိုင်ဆိုင်ထားသည်။

စုယွီ ရောက်လာသည်ကို မြင်သောအခါ မာရှီချင်း၏ မျက်လုံးထဲတွင် အံ့သြရိပ် အနည်းငယ် ဖြတ်သန်းသွားပြီး ပြောလိုက်သည်။

“တာအိုမိတ်ဆွေ စု... ဒါ ခင်ဗျားရဲ့ ခန္ဓာကိုယ် အစစ် မဟုတ်ဘူး ထင်တယ်...”

ထိုအခါ၊ စုယွီသည် မာရှီချင်းနှင့် အခြားသူများ ရှေ့သို့ ရောက်ရှိသွားပြီး ပြုံးကာ နှုတ်ဆက်လိုက်၏။

“တွေ့ရတာ ဝမ်းသာပါတယ် တာအိုမိတ်ဆွေတို့...”

မာရှီချင်း၏ နောက်တွင် ရပ်နေသော မာမိသားစုဝင် အားလုံးသည် ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

“စီနီယာ စု ကို ဂါရဝပြုပါတယ် ခင်ဗျာ...”

မာရှီချင်းမှလွဲ၍ ကျန်သူအားလုံးသည် အခြေခံတည်ဆောက်ခြင်း အဆင့် တွင်သာ ရှိကြသေးသည်။

ထို့ကြောင့် သူတို့သည် ရိုင်းပျစွာ မပြုမူရဲကြပေ။

မိန်းကလေးငယ်လေးကလည်း လူကြီးများ နည်းတူ စုယွီကို လေးလေးနက်နက် ဦးညွှတ်လိုက်၏။ သူမ၏ အသံလေးမှာ ကလေးဆန်နေဆဲပင်။

“ထျန်းလင် က စီနီယာ စု ကို ဂါရဝပြုပါတယ် ရှင်...”

“ရပါတယ်... အခမ်းအနားတွေ လုပ်မနေပါနဲ့...”

စုယွီက ပြုံးရွှင်စွာ လက်ကာပြလိုက်ပြီး မာရှီချင်းဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။

“တာအိုမိတ်ဆွေ မာရဲ့ မျက်လုံးတွေက ထက်မြက်သားပဲ... ဟုတ်ပါတယ်... ဒါ ကျွန်တော့်ရဲ့ ရုပ်သေး ကိုယ်ခန္ဓာပါ...”

“ဪ... ဒါကြောင့်ကိုး...”

မာရှီချင်း သဘောပေါက်သွားပြီး ပြောလိုက်သည်။

“တာအိုမိတ်ဆွေ စု က ရုပ်သေး ပညာရှင် တစ်ယောက်လို့ ကြားဖူးပါတယ်... ဒီနေ့မှပဲ မျက်မြင်ကိုယ်တွေ့ တွေ့ဖူးတော့တယ်... ခင်ဗျားရဲ့ ရုပ်သေးပညာက တကယ့်ကို အံ့မခန်းပါပဲဗျာ...”

ထို့နောက် သူသည် လက်ဖြင့် လမ်းပြကာ ဖိတ်ခေါ်လိုက်သည်။

“တာအိုမိတ်ဆွေ စု... အထဲ ဝင်ကြတာပေါ့...”

စုယွီသည် မာရှီချင်း၏ နောက်မှ လိုက်ပါ၍ မာမိသားစု စံအိမ်ကြီး အတွင်းသို့ ဝင်ရောက်လာခဲ့၏။ တံခါးခုံကို ကျော်ဖြတ်လိုက်သည်နှင့် တတိယအဆင့် ဝိညာဉ်သွေးကြော နီးပါး သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များ ဆီးကြို ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

မာရှီချင်းက ရှင်းပြသည်။

“တကယ်တော့ မီထျန်းလင် ဆိုတာ သာမန် ဒုတိယအဆင့် ဝိညာဉ်သွေးကြော ရှိတဲ့ နေရာလေးပါ... ဒါပေမဲ့ ကံကောင်းတာက ကျွန်တော်တို့ မာမိသားစုက မီထျန်းလင်ကို မျိုးဆက်ပေါင်းများစွာ ပြုပြင်မွမ်းမံလာခဲ့ကြတာလေ... ဒါကြောင့် စံအိမ်ကြီး အတွင်းမှာတော့ ကျင့်ကြံဖို့အတွက် ကောင်းချီးမင်္ဂလာ မြေနေရာ တစ်ခုလို့ ပြောလို့ ရတာပေါ့...”

စံအိမ်အတွင်းသို့ ရောက်ရှိပြီး ဧည့်ခန်းမဆောင်သို့ ရောက်သောအခါ၊ မာရှီချင်းသည် စုယွီအား မာမိသားစု ခေါင်းဆောင်နှင့် အကြီးအကဲ အချို့ကို မိတ်ဆက်ပေးသည်။

မိတ်ဆက်ပေးပြီးနောက် သူတို့အားလုံး ယဉ်ကျေးစွာဖြင့် ပြန်လည် ထွက်ခွာသွားကြ၏။

သို့သော် မာမိသားစုမှ မိန်းကလေးငယ် "မာထျန်းလင်"ကိုတော့ မာရှီချင်းက လက်ဖက်ရည် တည်ခင်းဧည့်ခံရန် ချန်ထားရစ်ခဲ့သည်။

မာရှီချင်းသည် စုယွီကို ကြည့်ကာ မေးလိုက်သည်။

“တာအိုမိတ်ဆွေ စု လာရောက်လည်ပတ်တဲ့ အကြောင်းရင်းကို ကျွန်တော် မသိရသေးဘူး... ဘာကိစ္စများ ရှိလို့လဲ ခင်ဗျာ...”

စုယွီ ခဏမျှ စဉ်းစားလိုက်ပြီး မာရှီချင်းကို ကြည့်ကာ ပြောလိုက်၏။

“ကျွန်တော် ဒီကို လာခဲ့တာက တာအိုမိတ်ဆွေ မာ ဆီမှာ တတိယအဆင့် အခင်းအကျင်း ပညာရှင် အမွေအနှစ်များ ရှိမလားလို့ မေးချင်လို့ပါ... တကယ်လို့ ရှိတယ်ဆိုရင် ကုန်ပစ္စည်းချင်း လဲလှယ်တာမျိုး လုပ်လို့ ရမလားလို့ပါ...”

မာရှီချင်း မျက်ခုံးအနည်းငယ် ပင့်သွားသည်။ ဒါက နည်းနည်းတော့ ရိုင်းပျသည််ဟု ဆိုနိုင်ပေမယ့်၊ သူက စိတ်မဆိုးသည့်အပြင် စုယွီကို အံ့သြစွာ ကြည့်လိုက်မိသည်။

“တာအိုမိတ်ဆွေ စု က တတိယအဆင့် အဆင့်နိမ့် ဆေးပညာရှင်၊ တတိယအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ ပညာရှင်... ပြီးတော့ ရုပ်သေး ပညာရှင် တစ်ယောက် ဖြစ်တယ်လို့ ကျွန်တော် ကြားဖူးပါတယ်... အခု တတိယအဆင့် အခင်းအကျင်း ပညာရှင် အမွေအနှစ်ကို လိုချင်တယ် ဆိုတော့... ခင်ဗျားက အခင်းအကျင်း ပညာရှင်လည်း ဖြစ်နေသေးတာလား...”

စုယွီက ပြန်ဖြေလိုက်၏။

“ရယ်စရာ ဖြစ်သွားပြီ ဗျာ... ကျွန်တော်က တံခါးပိတ် ကျင့်ကြံနေတာ ကြာပြီဆိုတော့ လုပ်စရာ မရှိတာနဲ့ အခင်းအကျင်း လမ်းစဉ်ကို လေ့လာဖြစ်သွားတာပါ...”

“လောလောဆယ်တော့ ကျွန်တော်က ဒုတိယအဆင့် အခင်းအကျင်း ပညာရှင် အဆင့်လောက်ပဲ ရှိပါသေးတယ်...”

မာရှီချင်း: “...”

အားလပ်ချိန်မှာ အပျင်းပြေ လေ့လာတာတဲ့လား။

လက်ဖက်ရည် ငှဲ့ပေးနေသော မာထျန်းလင်လေးသည် စုယွီကို မျက်လုံးပြူးကာ ငေးကြည့်နေမိ၏။

သူမ၏ ခေါင်းထဲတွင် "ဆေးပညာရှင်" ၊ "အဆောင်လက်ဖွဲ့ ပညာရှင်" ၊ "ရုပ်သေး ပညာရှင်" နှင့် ယခု "အခင်းအကျင်း ပညာရှင်" ဆိုသော စကားလုံးများ တန်းစီ ပေါ်လာသည်။

ဒီ စီနီယာကြီးက ဘယ်လိုတောင် ကျင့်ကြံတာပါလိမ့်။

မာရှီချင်း အချိန်အတော်ကြာ စဉ်းစားနေသည်။

သူ့အမူအရာက စုယွီကို မျှော်လင့်ချက် ရှိစေသည်။ မာမိသားစုမှာ တတိယအဆင့် အခင်းအကျင်း ပညာရှင် အမွေအနှစ် တကယ်ပဲ ရှိနေတာများလား။

ထိုအချိန်တွင် မာရှီချင်းသည် မာထျန်းလင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး စုယွီဘက်သို့ လှည့်ကာ ပြောလိုက်၏။

“ကျွန်တော့်ဆီမှာ တတိယအဆင့် အဆင့်နိမ့် အခင်းအကျင်း ပညာရှင် အမွေအနှစ် တစ်ခုတော့ ရှိပါတယ်... ဒါပေမဲ့ တာအိုမိတ်ဆွေ စု က တကယ် လိုချင်တယ် ဆိုရင်တော့... ကျွန်တော့်မှာ ရဲတင်းတဲ့ တောင်းဆိုမှု တစ်ခု ရှိပါတယ်...”

စုယွီ အံ့သြသွားပြီး ပြန်ပြောလိုက်သည်။

“တာအိုမိတ်ဆွေ မာ... ပြောပါ ခင်ဗျာ...”

မာရှီချင်းက မာထျန်းလင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“ထျန်းလင်လေးက ကျွန်တော်တို့ မာမိသားစု မျိုးဆက်တွေထဲမှာ ပါရမီ အရှိဆုံးပဲ... သူက အခု (၁၁) နှစ် ရှိပြီ... မြေကမ္ဘာအဆင့် ရေဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားပြီး၊ ထူးခြားတဲ့ ဝိညာဉ်ခန္ဓာကိုယ် တစ်ခုဖြစ်တဲ့ ‘ဟွိုင်ယင်း ဝိညာဉ်ခန္ဓာ’ ကိုလည်း ပိုင်ဆိုင်ထားတယ်...”

“သူ့ကို မြေဆရာ တစ်ယောက် ဖြစ်လာဖို့ ဘဝမြှုပ်နှံခိုင်းရမှာ ကျွန်တော် နှမြောမိတယ်... ဒါကြောင့် အခုထိ သူ့ကျင့်ကြံခြင်း အတွက် အခြေခံလောက်ပဲ ကျွန်တော် သင်ပေးထားတာပါ...”

“ဒါကြောင့် ကျွန်တော် တောင်းဆိုချင်တာက... ထျန်းလင်လေးကို တပည့်အဖြစ် လက်ခံပေးပါ... တတိယအဆင့် အဆင့်နိမ့် အခင်းအကျင်း ပညာရှင် အမွေအနှစ်ကိုတော့ တပည့်လက်ခံတဲ့ လက်ဆောင် အနေနဲ့ ကျွန်တော် ပေးပါ့မယ်...”

မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်... ပြီးတော့ အထူး ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဟွိုင်ယင်း ဝိညာဉ်ခန္ဓာ လား...

စုယွီ အလွန်အမင်း အံ့သြသွားပြီး လက်ဖက်ရည် ငှဲ့ပေးနေသော မိန်းကလေးငယ်ကို လှမ်းကြည့်လိုက်၏။

မာထျန်းလင်၏ ခန္ဓာကိုယ်မှ ကျင့်ကြံခြင်း အရှိန်အဝါ ဘာလို့ မထွက်ပေါ်နေသလဲ ဆိုတာကို သူ အစကတည်းက ထူးဆန်းနေခဲ့၏။

သူမက ကျင့်ကြံခြင်း မစရသေးလို့ကိုး။

မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ် ရှိတာကို ခဏထားလိုက်။

တာ့ယွဲ့ နယ်မြေမှာ မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ် ရှိသူတွေ ရှိပါသည်။ လော့ချန်ယွီ၊ နတ်သမီး ဖုန်းလင်း နှင့် တာအိုဆရာ ရှုဟိုင် တို့အားလုံး မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ် ပါရမီရှင်တွေ ဖြစ်လောက်၏။

သို့သော်၊ အထူး ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဆိုတာကတော့... ဒါ စုယွီ ပထမဆုံး အကြိမ် ကြုံဖူးခြင်း ဖြစ်သည်။

‘ဒါပေမဲ့ သူမကို တပည့်အဖြစ် လက်ခံရမယ် လား’

စုယွီ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး တွန့်ဆုတ်နေမိသည်။

မာရှီချင်းသည် နားမလည်နိုင် ဖြစ်နေသော မာထျန်းလင်ကို ကြည့်ရင်း ဆက်ပြောလာ၏။

“ဟွိုင်ယင်း ခန္ဓာကိုယ် ဆိုတာ တော်တော်လေး ထူးခြားတယ်... ကျွန်တော့် သုတေသန အရ ဆိုရင်တော့ အကျိုးကျေးဇူးတွေ အများကြီး ရှိတယ်... အထူးသဖြင့်...”

မာရှီချင်း စကားကို ခဏရပ်လိုက်ပြီး အသံလွှဲပြောင်းစနစ်ဖြင့် စုယွီကို တိတ်တဆိတ် ပြောလိုက်သည်။

“အထူးသဖြင့် စုံတွဲကျင့်ကြံခြင်း မှာပေါ့... ရှေးဟောင်း မှတ်တမ်းတွေအရ ဟွိုင်ယင်း ဝိညာဉ်ခန္ဓာ ပိုင်ရှင်တွေက မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ဖြစ်လာမှ သူတို့ရဲ့ ဝိညာဉ်ခန္ဓာကို အပြည့်အဝ ထိန်းချုပ်နိုင်ကြတာ... သူတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ကျင့်ကြံခြင်းအတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်...”

“တကယ်လို့ ထျန်းလင်လေးသာ မြေဆရာ တစ်ယောက် အနေနဲ့ ကျင့်ကြံလိုက်ရင် သူ့ပါရမီတွေ ပျောက်ဆုံးသွားလိမ့်မယ်...”

“ဒါပေမဲ့ တာအိုမိတ်ဆွေ စု လည်း ကျွန်တော့် အခြေအနေကို သိမှာပါ... ကျွန်တော့် သက်တမ်းက ဘယ်လောက် ကျန်တော့မယ်မှန်း မသိဘူး... ဒါကြောင့် ထျန်းလင်လေး အတွက် ဆရာကောင်း တစ်ယောက် ရှာပေးချင်တာပါ...”

“တာအိုမိတ်ဆွေ စု က ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ကျင့်ကြံတယ်... ထျန်းလင်လေးက မြေကမ္ဘာအဆင့် ရေဝိညာဉ်အမြစ် ရှိတယ်... ဒါကြောင့် တာအိုမိတ်ဆွေ စု က သူ့အတွက် ဆရာကောင်း တစ်ယောက် ဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်တယ်...”

“ခင်ဗျားရဲ့ စိတ်ဓာတ်နဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် သံသယ မရှိပါဘူး...”

“ခင်ဗျားရဲ့ စွမ်းအားနဲ့ ဆိုရင် ထျန်းလင်လေး ကြီးပြင်းလာတဲ့အထိ ကာကွယ် စောင့်ရှောက်ပေးနိုင်မှာပါ...”

“ဒါ ကျွန်တော့်ရဲ့ တစ်ခုတည်းသော တောင်းဆိုမှုပါပဲ...”

စုယွီ အနေဖြင့် ထိုခန္ဓာကိုယ် ဖွဲ့စည်းပုံ အကြောင်း သိပ်မသိပေ။ သို့သော် မာမိသားစုမှ မိန်းကလေးငယ်၏ ပါရမီကတော့ ငြင်းမရနိုင်လောက်အောင် ကောင်းမွန်လွန်း၏။

သို့သော်၊...

စုယွီသည် မာရှီချင်းကို ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် ဂရုတစိုက် ပြောလိုက်သည်။

“ကျွန်တော်က တပည့် လက်မခံချင်တာ မဟုတ်ပါဘူး... ဒါပေမဲ့ တစ်နေ့ကျရင် ကျွန်တော် တာ့ယွဲ့ နယ်မြေကနေ ထွက်ပြီး တခြားနေရာတွေမှာ သွားကျင့်ကြံ ဖြစ်ချင် ဖြစ်ဦးမှာ...”

“အဲဒီအချိန်ကျရင် သူ့ကို စောင့်ရှောက်ဖို့ ခက်ခဲလိမ့်မယ်...”

မာရှီချင်း အံ့သြသွား၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။

“တာအိုမိတ်ဆွေ က ဘယ်အချိန်လောက် ထွက်ခွာဖို့ စိတ်ကူးထားလဲ...”

စုယွီ ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်ပြီး ပြန်ပြောလိုက်၏။

“ကျွန်တော်လည်း မသိသေးဘူး... ဖြစ်နိုင်တာကတော့ ဆယ်စုနှစ် အနည်းငယ်လောက် ကြာဦးမယ် ထင်တယ်...”

ထိုအချိန်တွင် မာရှီချင်း မတ်တတ်ထရပ်လိုက်သည်။ သူ့လက်ထဲတွင် ကျောက်စိမ်းပြား တစ်ခု ပေါ်လာ၏။ သူသည် စုယွီကို ဦးညွှတ်ပြီး ကျောက်စိမ်းပြားကို ကမ်းပေးလိုက်သည်။

“ဒါဆိုရင်လည်း... တာအိုမိတ်ဆွေ အနေနဲ့ ထျန်းလင်လေးကို တပည့်အဖြစ် လက်ခံပေးပါလို့ ကျွန်တော် မျှော်လင့်ပါတယ်... ဆယ်စုနှစ် အနည်းငယ်လောက်ပဲ လမ်းပြပေးရင်တောင် လုံလောက်ပါပြီ...”

“အဲဒီအချိန်ကျရင် ခင်ဗျားရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဩဇာအာဏာကြောင့်၊ ထျန်းလင်လေး တာ့ယွဲ့ နယ်မြေထဲမှာ ကျန်ရစ်ခဲ့ရင်တောင် လုံခြုံမှု ရှိနေမှာပါ...”

စုယွီ စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင်၊ သူနှင့် မာရှီချင်းတို့၏ မျက်နှာထားများ ရုတ်တရက် ပြောင်းလဲသွားပြီး၊ မီထျန် တောင်တန်း၏ အပြင်ဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်ကြ၏။

မီထျန် တောင်တန်း၏ အပြင်ဘက်တွင် အလွန်တရာ အစွမ်းထက်သော မိစ္ဆာအရှိန်အဝါကြီး သုံးခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်ကို သူတို့ အာရုံခံမိလိုက်ကြ၏။

မိုးထိအောင် မြင့်မားသော မိစ္ဆာချီစွမ်းအင် လှိုင်းလုံးကြီးများသည် မီထျန် တောင်တန်း တစ်ခုလုံးကို ချက်ချင်း ဖိနှိပ် လွှမ်းမိုးလိုက်သည်။

တစ်ချိန်တည်းမှာပင် အေးစက်သော နှာခေါင်းရှုံ့သံ တစ်ခု ပဲ့တင်ထပ်သွား၏။

“ဟွန့်...”

“မာမိသားစုရဲ့ မြေဆရာ...”

အိုမင်းသော အသံကြီး တစ်သံ ထွက်ပေါ်လာသည်။

“တာအိုမိတ်ဆွေ မာရှီချင်း အထဲမှာ ရှိနေမယ်လို့ ကျုပ် ယူဆပါတယ်... ကျွန်တော်က ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း (မိစ္ဆာ တောင်ထွတ် ကိုးခု) ၊ ဝိညာဉ်ကြွေ တောင်တန်းရဲ့ သခင် ဖြစ်ပါတယ်... မိစ္ဆာဘုရင်ကြီး ရွှမ်မင် ရဲ့ အမိန့်တော်အရ တာအိုမိတ်ဆွေ မာ ကို လာရောက် ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်...”

“တာအိုမိတ်ဆွေ မာ... ကိုယ့်သဘောနဲ့ကိုယ် ထွက်လာတာ ပိုကောင်းပါလိမ့်မယ်... မဟုတ်ရင် ကျုပ်တို့ သုံးယောက် အတင်း ဝင်လာရရင်တော့ ယဉ်ကျေးနိုင်တော့မှာ မဟုတ်ဘူး...”

“တာအိုမိတ်ဆွေ မာ အနေနဲ့ မာမိသားစု ပျက်စီးသွားတာကို မြင်ချင်မယ် မထင်ပါဘူး…”

အခန်း (၃၉၃) - မိစ္ဆာကျဆုံးခြင်း၊ ရွှေအမြုတေ အလယ်အလတ်အဆင့်

~မီယွင် တောင်တန်း၏ အပြင်ဘက်။

အနက်ရောင် အလင်းတန်း သုံးခု ကောင်းကင်မှ ရုတ်တရက် သက်ဆင်းလာပြီးနောက်၊ ခန္ဓာကိုယ် ထွားကျိုင်းသော လူသန်ကြီး တစ်ဦး၊ ဆံပင်ဖြူဖြူ အဘိုးအို တစ်ဦးနှင့် အနက်ရောင် ဇာပါး ဝတ်ရုံတိုလေးကို ဝတ်ဆင်ထားသော ညှို့ဓာတ်ပြင်းသည့် အမျိုးသမီး တစ်ဦးတို့ ပေါ်ထွက်လာကြ၏။

ထိုလူသန်ကြီး၏ မျက်နှာထားသည် အေးစက်ခက်ထန်နေသည်။ သူ ပေါ်လာသည်နှင့် တပြိုင်နက် ဖိနှိပ်ထားသော မိစ္ဆာချီစွမ်းအင်များသည် ဒီရေလှိုင်းလုံးကြီး ပမာ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ရှေ့ရှိ မီယွင် တောင်တန်းဆီသို့ တိုးဝင်ရိုက်ခတ်သွားလေ၏။

“ဝုန်း...”

မျက်စိတစ်မှိတ် အတွင်းမှာပင်...

ကြောက်မက်ဖွယ် ကောင်းလှသော မိစ္ဆာချီစွမ်းအင်များသည် မီယွင် တောင်တန်း တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သိပ်သည်းသော တိမ်မည်းကြီးများ ပမာ မီယွင် တောင်တန်း တစ်ခုလုံးကို ကြီးမားသော မိစ္ဆာစွမ်းအားနှင့် သွေးညှီနံ့ ရနေသော မကောင်းဆိုးဝါး အရှိန်အဝါများဖြင့် ဖိနှိပ်လိုက်၏။

မြေကြီးများ တုန်ခါသွားသည်။

မရေမတွက်နိုင်သော ငှက်များသည် ကြောက်လန့်တကြားဖြင့် တောအုပ်ထဲမှ ပျံသန်း ထွက်ပြေးကြပြီး ဆွေးမြေ့ဖွယ်ရာ အော်ဟစ်မြည်တမ်း နေကြလေ၏။

လွန်ခဲ့သော နှစ်များစွာက မိစ္ဆာဘုရင် ရွှမ်မင် စတင် ပေါ်ပေါက်လာစဉ်က၊ ပထမဆုံး သစ္စာခံခဲ့သူမှာ ဤလူသန်ကြီးပင် ဖြစ်သည်။ သူသည် တစ်ချိန်က ကိုးဝိညာဉ် မိစ္ဆာ နန်းတော်၏ လက်အောက်ခံ ဝိညာဉ်ကြွေ တောင်တန်း ၏ သခင် ဖြစ်ခဲ့ဖူးသည်။

နှစ်များစွာ ကြာလာသောအခါ သူသည် မိစ္ဆာဘုရင် ရွှမ်မင် နောက်သို့ လိုက်ပါကာ တိုက်ပွဲများစွာ ဆင်နွှဲခဲ့၏။ ကိုးဝိညာဉ် မိစ္ဆာ နန်းတော်နှင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့တို့၏ လုပ်ကြံ တိုက်ခိုက်မှုများမှ အကြိမ်ကြိမ် အသက်ရှင် လွတ်မြောက်ခဲ့သူ ဖြစ်သည်။

ထို့အတူ ခရီးသွားလာရင်း သူသည် အထူးပါရမီရှင်များနှင့် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသူများကို စုဆောင်းခဲ့သည်။

ဥပမာအားဖြင့်... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နယ်မြေထဲမှ ဝိညာဉ်ဆေးလုံး ဖော်စပ်နိုင်သော တတိယအဆင့် ဆေးပညာရှင် တစ်ဦးနှင့် ဝိညာဉ်အဆောင် လက်ဖွဲ့ ပြုလုပ်နိုင်သော တတိယအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ ပညာရှင် တစ်ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင်လာခဲ့၏။

ယခုတစ်ကြိမ်တွင်မူ ဝိညာဉ်ကြွေ တောင်တန်း သခင်သည် မိစ္ဆာဘုရင် ရွှမ်မင် အတွက် မာမိသားစုမှ လူတစ်ဦးကို လာရောက် စုဆောင်းခြင်း ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သော တတိယအဆင့် အဆင့်နိမ့် မြေဆရာ မာရှီချင်းကို မျက်စိကျနေခြင်း ဖြစ်သည်။

အကယ်၍သာ သူတို့ အောင်မြင်ခဲ့လျှင် ရွှမ်မင်၏ လက်အောက်ခံ အင်အားစုများသည် သေချာပေါက် အင်အားကြီးမားလာပေလိမ့်မည်။

မြေဆရာ တစ်ယောက်၏ စွမ်းရည်ဖြင့် အရင်းအမြစ်များကို ရှာဖွေရသည်မှာ မခဲယဉ်းတော့ပေ။

အရင်းအမြစ်များနှင့် အခွင့်အရေးများ ပေါများလာပါက သူတို့၏ ကျင့်ကြံခြင်း စွမ်းအားနှင့် မိစ္ဆာဘုရင်၏ တကယ့် စွမ်းရည်များသည် လျင်မြန်စွာ တိုးတက်လာနိုင်သည် မဟုတ်ပါလော။

ထို့ပြင် မြေဆရာများသည် အာဏာလုပွဲများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြသည်။

မြေကမ္ဘာ သွေးကြော အသီးသီး၏ စွမ်းအားကို အသုံးချခြင်းဖြင့်၊ နှစ်ဖက် တိုက်ခိုက်ကြသောအခါ စစ်ပွဲ၏ အဖြေကို အဆုံးအဖြတ် ပေးနိုင်သော အလှည့်အပြောင်းကို ဖန်တီးနိုင်စွမ်း ရှိကြသည်။

ထိုအကြောင်းပြချက်များကြောင့် ဝိညာဉ်ကြွေ တောင်တန်း သခင်သည် မီယွင် တောင်တန်းသို့ ရောက်ရှိလာပြီး၊ မာရှီချင်းအား မိစ္ဆာဘုရင် ရွှမ်မင် ထံတွင် အမှုထမ်းရန် "ဖိတ်ခေါ်" လိုက်ခြင်း ဖြစ်၏။

ယခုအချိန်တွင် ဝိညာဉ်ကြွေ တောင်တန်း သခင်၏ ကြီးမားလှသော မိစ္ဆာစွမ်းအားများသည် ရှေ့ရှိ မီယွင် တောင်တန်းကို တုန်လှုပ်သွားစေသည်။

မီယွင် တောင်တန်းကို လွှမ်းခြုံထားသော ထူထဲသည့် မြူခိုးများသည် ချက်ချင်းပင် ပြင်းထန်စွာ လှုပ်ရှား ဆူပွက်သွားသော်လည်း လွင့်ပါးပျောက်ကွယ်သွားခြင်း မရှိပေ။ မီယွင် တောင်တန်းသည် မြူခိုးများထဲတွင် ဖုံးကွယ်နေဆဲ ဖြစ်ပြီး မည်သည့် လှုပ်ရှားမှုမျှ မပြပေ။

“ဟင်...”

ဝိညာဉ်ကြွေ တောင်တန်း သခင် အနည်းငယ် အံ့သြသွားရ၏။

ဒီအခင်းအကျင်းရဲ့ စွမ်းအားက သိပ်မကြီးမားပါဘူး။ အလွန်ဆုံးရှိမှ တတိယအဆင့် အဆင့်နိမ့်လောက်ပါပဲ။

ဒါပေမဲ့ ငါ့ရဲ့ ရွှေအမြုတေ အဆင့် (၆) ရှိတဲ့ မိစ္ဆာစွမ်းအားနဲ့တောင် ဒီအခင်းအကျင်းရဲ့ မြူခိုးတွေကို မဖြိုခွင်းနိုင်ဘူး ဟုတ်လား။

ခဏမျှ အာရုံခံလိုက်ပြီးနောက် ဝိညာဉ်ကြွေ တောင်တန်း သခင်၏ မျက်လုံးများ အရောင်လက်သွားပြီး ရေရွတ်လိုက်၏။

“စိတ်ဝင်စားစရာပဲ... အခင်းအကျင်း အများအပြားကို တောင်တန်းတစ်ခုလုံးနဲ့ ချိတ်ဆက်ပြီး တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်ထားတာကိုး...”

“ဒီမြေဆရာက သာမန် အခင်းအကျင်း ပညာရှင်တွေထက် ကိုင်တွယ်ရ ပိုခက်တာပဲ...”

သို့သော် ဒီအခင်းအကျင်းလောက်နဲ့ သူ့ကို တားဆီးနိုင်မယ်လို့ ထင်နေရင်တော့ လျှော့တွက်ရာ ကျလိမ့်မည်။

“ဝုန်း...”

ဝိညာဉ်ကြွေ တောင်တန်း သခင်၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက်၊ သူ့ဘေးတွင် အလံတစ်ခု ပေါ်လာ၏။ ထိုအလံသည် (၁၀) ပေခန့် ရှည်လျားပြီး အလံတိုင်ပေါ်တွင် သွေးရောင် အင်းကွက်များ ထွင်းထုထားရာ သရဲခေါင်းခွံများသဖွယ် ဖြစ်နေသည်။ အလံပေါ်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော သရဲမျက်နှာများစွာ ပေါ်နေသည်။

၎င်းသည် ဝိညာဉ်ကြွေ တောင်တန်း သခင်၏ "ဝိညာဉ်နုတ် သရဲတစ်သောင်း အလံ" ဖြစ်ပြီး သူ၏ အသက်ဝိညာဉ် လက်နက်လည်း ဖြစ်သည်။

နှစ်ပေါင်း (၃၀၀) နီးပါး အတူတကွ ကျင့်ကြံလာခဲ့ပြီး၊ အစွမ်းထက် ကျင့်ကြံသူများနှင့် မိစ္ဆာ (၁၀၀၀) ကျော်၏ ဝိညာဉ်များကို သရဲများအဖြစ် သန့်စင် ထည့်သွင်းထား၏။

သရဲတစ်သောင်း ပြည့်ရန် လိုအပ်နေသေးသော်လည်း၊ ဤအလံ၏ စွမ်းအားသည် သာမန် ထိပ်တန်း လက်နက်များထက် ကျော်လွန်နေပြီ ဖြစ်သည်။

ဝိညာဉ်နုတ် သရဲတစ်သောင်း အလံ ပေါ်လာသည်နှင့် တပြိုင်နက် မီယွင် တောင်တန်း အပြင်ဘက် ကောင်းကင်ယံသည် သွေးရောင် တိမ်မည်းများ ဖုံးလွှမ်းသွား၏။ လေပြင်းများ တိုက်ခတ်လာပြီး စူးရှသော သရဲအော်သံများ ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်သွားရာ၊ ဤနေရာသည် သရဲဘုံတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။

“ဘုန်း...”

ဝိညာဉ်ကြွေ တောင်တန်း သခင်သည် လက်သင်္ကေတ တစ်ခု ပြုလုပ်လိုက်ပြီး၊ ချက်ချင်းပင် အလံကြီးသည် အောက်ဘက် မြေကြီးပေါ်သို့ ထိုးကျသွားသည်။

အလံ မြေစိုက်လိုက်သည်နှင့် တပြိုင်နက် မြေကြီး တုန်ခါသွား၏။

ကြီးမားသော မိစ္ဆာချီစွမ်းအင်များ ကောင်းကင်သို့ ထိုးတက်သွားပြီး၊ အလံထဲမှ မရေမတွက်နိုင်သော သရဲများ အော်ဟစ်ကာ ပြေးထွက်လာကြသည်။

သရဲကောင်ရေ သောင်းချီ ထွက်ပေါ်လာပြီး ဝိညာဉ်ကြွေ တောင်တန်း သခင်ကို ခဏတာ ဝန်းရံပြီးနောက်၊ ရှေ့ရှိ မီယွင် တောင်တန်းဆီသို့ တိုးဝင်သွားကြ၏။

မီယွင် တောင်တန်း အတွင်း၌...

မာရှီချင်း၏ မျက်နှာ ပျက်သွားသည်။ မီယွင် တောင်တန်းတွင် သူ ခင်းကျင်းထားသော အခင်းအကျင်းကြီး ရှိသည်။ တတိယအဆင့် အလယ်အလတ်တန်းစား အခင်းအကျင်း အဆင့် မရောက်သေးသော်လည်း၊ ရွှေအမြုတေ အဆင့် အလယ်အလတ်တန်းစား အရှင်သခင် တစ်ပါးကို ခုခံရန် ပြဿနာ မရှိဟု သူ ယုံကြည်ထား၏။

သို့သော် ဤအခင်းအကျင်းကြီးသည် သရဲတစ္ဆေများ၏ စွမ်းအားကိုတော့ မခုခံနိုင်ပေ။

သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော တာအိုရုပ်သေး၏ မျက်ဝန်းများ နက်မှောင်သွားသော်လည်း၊ မျက်နှာပေါ်တွင် "နေရောင်ခြည်" ကဲ့သို့ တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

ကမ္ဘာကြီးက ကျဉ်းလိုက်တာ။

အရင်တုန်းက ဝိညာဉ်ကြွေ တောင်တန်းက မိစ္ဆာကျင့်ကြံသူရဲ့ ခြေရာကို ရှာမတွေ့ခဲ့။

အခုတော့ သူတို့ကိုယ်တိုင် တံခါးဝထိ လာပို့နေကြပါလား။

မာရှီချင်း၏ လေးနက်သော မျက်နှာထားနှင့် ကြောက်လန့်နေသော မိန်းကလေးငယ် မာထျန်းလင် တို့ကို ကြည့်ရင်း၊ စုယွီက တည်ငြိမ်စွာ ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့က လူတွေ ကျွန်တော့် စုမိသားစုက ချန်ချင်း နဲ့ ချီလေး တို့ကို ဖမ်းဆီးသွားတုန်းက၊ ကျွန်တော့်ဆီက ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ရဖို့ ခြိမ်းခြောက်ခဲ့ကြတာလေ...”

“ကိုးဝိညာဉ် မိစ္ဆာ နန်းတော်က မိစ္ဆာတွေက အဲဒါကို မြင်ပြီး လိုက်တုကြတာ... ဒါပေမဲ့ သူတို့က ကျွန်တော့် မိသားစုရဲ့ တိုက်ရိုက် သွေးမျိုးဆက်တွေကို မဖမ်းနိုင်ခဲ့ကြဘူး... ဘာလို့လဲဆိုတော့ တာအိုမိတ်ဆွေ လော့ က ယွင်ကျန်းဂိုဏ်းကို ခေါ်သွားခဲ့လို့လေ...”

“ဒါကြောင့် နောက်ဆုံးတော့ ကိုးဝိညာဉ် မိစ္ဆာ နန်းတော်က လူတွေက စုမိသားစုရဲ့ သာမန် ဆွေမျိုးတွေကို ဖမ်းဆီးသွားခဲ့ကြတယ်...”

“ကျွန်တော့် စုံစမ်းမှုအရတော့... အဲဒီလို လုပ်ခဲ့တဲ့ မိစ္ဆာကျင့်ကြံသူတွေက ဝိညာဉ်ကြွေ တောင်တန်း က လူတွေပဲ...”

မာရှီချင်း ထိုစကားကို ကြားပြီး အနည်းငယ် အံ့သြသွားရ၏။

“ဝူး... ဝူး... ဝူး...”

ထိုအချိန်တွင် မာမိသားစု စံအိမ်ကြီး၏ အပြင်ဘက်မှ မကောင်းဆိုးဝါး အရှိန်အဝါ ပြင်းထန်သော သရဲတစ္ဆေများ တစ်ကောင်ပြီး တစ်ကောင် တိုးဝင်လာကြသည်။

ကောင်းကင်ကို ဖုံးလွှမ်းပြီး မြေကြီးကို မည်းမှောင်သွားစေကာ၊ အကောင်အထည် မမြင်ရဘဲ အဆုံးမဲ့ သရဲချီစွမ်းအင်များကို သယ်ဆောင်လာကြ၏။ ဆာလောင်နေသော ဝံပုလွေအုပ်ကြီး ပမာ သူတို့သည် စံအိမ်ကြီးဆီသို့ စတင် တိုက်ခိုက် လာကြလေတော့သည်။

All Chapters