← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄) - မိစ္ဆာကျဆုံးခြင်း၊ ရွှေအမြုတေ အလယ်အလတ်အဆင့် (အပိုင်း ၂)

~”ဝုန်း…”

မာရှီချင်း မလှုပ်ရှားရသေးမီမှာပင် စူးရှတောက်ပသော ရွှေရောင် နတ်ဘုရား အလင်းတန်းများသည် စုယွီ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာလေသည်။

ထိုရွှေရောင် အလင်းတန်းများ၏ လွှမ်းခြုံမှုအောက်တွင် စံအိမ်ကြီး တစ်ခုလုံးသည် အလင်းအကာအရံ တစ်ခုဖြင့် ကာကွယ်ထားသကဲ့သို့ ဖြစ်သွားသည်။

မကောင်းဆိုးဝါး သရဲချီစွမ်းအင်များ အလင်းအကာအရံနှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် နာကျင်စွာ အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာသည်။

နွေဦးနှင်းပွင့်လေးများ မီးတောက်နှင့် ထိတွေ့လိုက်ရသကဲ့သို့ပင်၊ သရဲချီစွမ်းအင်များသည် အနက်ရောင် အငွေ့တန်းလေးများ အဖြစ်သို့ အရည်ပျော်ကျသွားပြီး ပျောက်ကွယ်သွားကြသည်။

သရဲတစ္ဆေများသည် ရုတ်တရက် ရပ်တန့်သွားကြပြီး အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားကြသည်။ ထို့နောက် ရွှေရောင် အလင်းအကာအရံ အနီးမှ အလျင်အမြန် ဆုတ်ခွာ ထွက်ပြေးကြလေသည်။

စုယွီသည် မာရှီချင်းကို ကြည့်ကာ ပြောလိုက်၏။

“ဒီသရဲတွေကို ကျွန်တော် ရှင်းလိုက်မယ်... ပြီးရင် အပြင်က မိစ္ဆာကျင့်ကြံသူ သုံးယောက်ရဲ့ အာရုံခံစားမှုတွေကို ပိတ်ဆို့ပြီး လှုပ်ရှားမရအောင် ခဏ ချုပ်နှောင်ထားလိုက်မယ်...”

“တာအိုမိတ်ဆွေ မာ က သူတို့ခေါင်းတွေကို ဖြတ်ယူပေးနိုင်မလား...”

မာရှီချင်း၏ ကျင့်ကြံခြင်း စွမ်းအားသည် အားနည်းသူ မဟုတ်ပေ။ တာ့ယွဲ့ နန်းတော်တွင် အခွင့်အရေး ရရှိခဲ့ပြီးနောက် နှစ်အနည်းငယ် ကြာသောအခါ၊ သူ၏ ကျင့်ကြံခြင်း အဆင့်သည် တိတ်တဆိတ်ပင် ရွှေအမြုတေ အဆင့် (၅) သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ထူးခြားဆန်းကြယ်သော စွမ်းရည်များ ပိုင်ဆိုင်ထားသည့် မြေဆရာ တစ်ဦးလည်း ဖြစ်၏။

စုယွီ၏ စကားကို ကြားလိုက်ရသောအခါ မာရှီချင်း၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး တာအိုရုပ်သေးကို ခေတ္တမျှ စိုက်ကြည့်နေမိသည်။

သူ နားကိုပင် မယုံနိုင်အောင် ဖြစ်သွား၏။

အပြင်ဘက်တွင် ရွှေအမြုတေ အဆင့် (၆) ရှိသော မိစ္ဆာတစ်ကောင်နှင့် ရွှေအမြုတေ အဆင့် အစောပိုင်း မိစ္ဆာနှစ်ကောင်၊ စုစုပေါင်း သုံးကောင် ရှိနေသည်။

သူ့အနေဖြင့် ထိုမိစ္ဆာများကို ရင်ဆိုင်ရန် ယုံကြည်မှု သိပ်မရှိလှပေ။

သို့သော်၊ စုယွီရဲ့ စကားကို ကြားလိုက်ရတော့...

“တာအိုမိတ်ဆွေ စု... ခင်ဗျား ယုံကြည်မှု ရှိရဲ့လား...” မာရှီချင်းက မျက်လုံးများကို အနည်းငယ် မှေးစင်းကာ မေးလိုက်သည်။

စုယွီ ခေါင်းညိတ်လိုက်၏။

“ဒီမိစ္ဆာကောင်တွေက ကျွန်တော်တို့ တာ့ယွဲ့ နယ်မြေထဲထိ ဝင်လာပြီး မာမိသားစုကို မျိုးဖြုတ်ပစ်မယ်လို့ ကြွေးကြော်ရဲတယ် ဆိုမှတော့... သူတို့ကို အရှင်ထားလို့ မဖြစ်တော့ဘူး...”

“ကောင်းပြီလေ...”

မာရှီချင်းသည် စုယွီနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို အလျင်အမြန် တိုင်ပင်လိုက်သည်။ ထို့နောက် မီထျန် တောင်တန်းကြီး တစ်ခုလုံးကို လွှမ်းခြုံထားသော အခင်းအကျင်းကြီးကို ထိန်းချုပ်လိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် တောင်တန်းကြီး တစ်ခုလုံးကို ဖုံးလွှမ်းထားသော ထူထဲသည့် မြူခိုးများသည် လွင့်ပါး ပျောက်ကွယ်သွားပြီး၊ တောင်ပေါ်ရှိ မာမိသားစု စံအိမ်လေးကို ထင်ရှားစွာ မြင်တွေ့လိုက်ရသည်။

စံအိမ်ကြီး၏ အပြင်ဘက်တွင် စူးရှတောက်ပသော ရွှေရောင် အလင်းအကာအရံကြီး တစ်ခု ဝန်းရံထားသည်ကိုလည်း တွေ့မြင်လိုက်ရ၏။

ရေတွက်၍ မရနိုင်သော သရဲတစ္ဆေများသည် မိုးထိအောင် မြင့်မားသော သရဲချီစွမ်းအင်များ ထုတ်လွှတ်ရင်း အလင်းအကာအရံကြီး၏ ပတ်လည်တွင် ဝိုင်းရံ ပျံသန်းနေကြ၏။

သို့သော် သူတို့သည် ရွှေရောင် အလင်းအကာအရံကြီးကို ဝင်ရောက် တိုက်ခိုက်ရန် တွန့်ဆုတ်နေကြသည်။

မီထျန် တောင်တန်း၏ အပြင်ဘက်တွင်...

အခင်းအကျင်းကြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ဝိညာဉ်ကြွေ တောင်တန်း သခင်နှင့် အခြား မိစ္ဆာနှစ်ကောင်တို့ အံ့အားသင့်သွားကြ၏။ မာမိသားစု စံအိမ်ကြီးကို လွှမ်းခြုံထားသော ရွှေရောင် အလင်းအကာအရံကြီးကို တွေ့လိုက်ရသောအခါ သူတို့၏ မျက်ဝန်းအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားကြသည်။

“အဲဒါ ဘာကြီးလဲ...” ဝိညာဉ်ကြွေ တောင်တန်း သခင်က တုန်လှုပ်စွာ အော်ဟစ်လိုက်၏။

ယခုအခါ အခင်းအကျင်း အကာအကွယ် မရှိတော့သဖြင့်၊ စံအိမ်ကြီး အတွင်းရှိ မာရှီချင်းနှင့် စုယွီတို့ကို သူတို့ သုံးယောက် ထင်ရှားစွာ မြင်တွေ့နေရပြီ ဖြစ်သည်။

စုယွီကို မြင်လိုက်ရသောအခါ ဝိညာဉ်ကြွေ တောင်တန်း သခင်၏ မျက်နှာတွင် အံ့သြရိပ်များ ဖြတ်သန်းသွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။

“ဒါ တာ့ယွဲ့ နယ်မြေက ပါရမီရှင် စုယွီ မလား... ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို ထိန်းချုပ်ထားတဲ့ ပါရမီရှင်လေ...”

သူ့နောက်မှ ကျောကုန်းနေသော ဆံပင်ဖြူ အဘိုးအိုသည် ယခုချိန်ထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

သို့သော် စုယွီကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများထဲတွင် ဖုံးဖိ၍ မရနိုင်သော ဝမ်းသာရိပ်များ ပေါ်လာ၏။

“ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်...”

ညှို့ဓာတ်ပြင်းသော အမျိုးသမီးကလည်း အသက်ရှူ မြန်ဆန်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“မထင်မှတ်ထားတဲ့ အံ့သြစရာ ဆုလာဘ်ကြီးပါလား... သခင်ကြီး... သူ့ကို လွှတ်ပေးလို့ မဖြစ်ဘူးနော်...”

ဝိညာဉ်ကြွေ တောင်တန်း သခင်သည် ရွှေရောင် အလင်းအကာအရံကြီးကို ကြည့်လိုက်ပြီး၊ ထိုအကာအရံပေါ်မှ နတ်ဘုရား ဝိညာဉ်စွမ်းအားများကို အာရုံခံလိုက်သည်။ သူ၏ မျက်ဝန်းအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွား၏။

“ဒါ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ရဲ့ စွမ်းအားလား...”

“တကယ် အစွမ်းထက်တာပဲ...”

“ဒီ ဝိညာဉ်နုတ် သရဲတစ်သောင်း အလံ ထဲက သရဲတွေတောင်မှ ရှေ့တိုးပြီး အတင်း ဝင်တိုက်ဖို့ ကြောက်နေကြတယ်...”

သို့သော် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်က ပိုမို စွမ်းအားကြီးလေ၊ သူ ပိုမို နှစ်သက်လေ ဖြစ်သည်။

ဝိညာဉ်ကြွေ တောင်တန်း သခင်၏ မျက်လုံးများ အေးစက်သွားပြီး၊ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် မိစ္ဆာချီစွမ်းအင်များ ပိုမို ပြင်းထန်လာ၏။ ကြီးမားလှသော မိစ္ဆာအရှိန်အဝါဖြင့် မာမိသားစု စံအိမ်ကြီးကို ဖိနှိပ်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“တာအိုမိတ်ဆွေ မာ... ခင်ဗျား အခင်းအကျင်းကို ရုပ်သိမ်းလိုက်ပြီ ဆိုတော့... လက်နက်ချ အညံ့ခံဖို့ ရည်ရွယ်ထားတာလား...”

“အဲဒီလို ဆိုရင်လည်း... တာအိုမိတ်ဆွေ စု နဲ့အတူ အပြင်ထွက်လာခဲ့လိုက်ပါလား... ဒါဆို ကျူပ်လည်း လက်ဝင်ခံပြီး တိုက်ခိုက်နေစရာ မလိုတော့ဘူးပေါ့...”

မာရှီချင်းနှင့် စုယွီသည် နေရာမှ မရွေ့လျားပေ။ ကျောက်ခုံများပေါ်မှ မတ်တတ်ထရပ်လိုက်ပြီး၊ ခြံဝင်းအတွင်းမှနေ၍ မီထျန် တောင်တန်း အပြင်ဘက်ရှိ မိစ္ဆာခေါင်းဆောင် သုံးဦးကို လှမ်းကြည့်လိုက်ကြ၏။

မာရှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“အခင်းအကျင်းကို ရုပ်သိမ်းပေးထားတာတောင်မှ ခင်ဗျားတို့ သုံးယောက်က အထဲဝင်လာဖို့ မရဲကြဘူးလား...”

“ဒီလောက်လေးတောင် သတ္တိမရှိဘဲနဲ့... ကျုပ် မာရှီချင်းကို လက်နက်ချခိုင်းနေတာကတော့ ရယ်စရာ ကောင်းလွန်းနေပြီ...”

ထိုစကားကို ကြားလိုက်ရသောအခါ ဝိညာဉ်ကြွေ တောင်တန်း သခင်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွား၏။ မူလက မာရှီချင်း ဘာကြောင့် အခင်းအကျင်းကို ရုပ်သိမ်းလိုက်သလဲ ဆိုတာကို သူ မသေချာခဲ့ပေ။ သို့သော် ယခုစကားကို ကြားလိုက်ရသောအခါ သူ့ရင်ထဲတွင် ထိတ်သွားသည်။ မာရှီချင်းနှင့် စုယွီတို့က သူ့ကို ထောင်ချောက်ဆင်နေပြီဟု သံသယ ဝင်သွားသည်။

ဝိညာဉ်ကြွေ တောင်တန်း သခင်၏ မျက်လုံးများ အေးစက်ခက်ထန်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

“ကျုပ် ခင်ဗျားကို ရွေးချယ်ခွင့် ပေးနေတာ မဟုတ်ဘူး... အသက်သုံးရှိုက်စာ အတွင်း ထွက်မလာရင်... ကျုပ် အခွင့်အရေး မပေးဘူးလို့ အပြစ်မတင်နဲ့...”

“ဘုန်း…”

ရွှေအမြုတေ အဆင့် နှောင်းပိုင်း နီးပါး ရှိသော ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါကြီး တစ်ခု ဖိနှိပ်ကျရောက်လာပြီး၊ မီထျန် တောင်တန်း တစ်ခုလုံးကို တုန်ခါသွားစေ၏။

“ဟူး…”

စုယွီက သက်ပြင်းတစ်ချက် ဖွဖွမှုတ်ထုတ်လိုက်သည်။

“ဝိညာဉ်ကြွေ တောင်တန်း သခင်ကြီး... ခင်ဗျား အရင်ဆုံး ဒီသရဲတစ္ဆေတွေကို ဖယ်ရှားလိုက်ပါ... ပြီးရင် ကျွန်တော်တို့ ထွက်လာခဲ့ပါ့မယ်...”

ဝိညာဉ်ကြွေ တောင်တန်း သခင် မျက်လုံးများ မှေးစင်းသွားပြီး စုယွီကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

ခဏအကြာတွင်...

သူ၏ အမိန့်ပေးမှုကြောင့် မာမိသားစု စံအိမ်ကြီး အပြင်ဘက်ရှိ ကြောက်မက်ဖွယ် သရဲတစ္ဆေများသည် နောက်ဆုတ်သွားပြီး အလံထဲသို့ ပြန်ဝင်သွားကြသည်။

မိုးထိအောင် မြင့်မားနေသော သရဲချီစွမ်းအင်များလည်း ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွား၏။

ကမ္ဘာလောကကြီး ပြန်လည် ကြည်လင်လာသည်။

ဝိညာဉ်ကြွေ တောင်တန်း သခင်က အေးစက်စွာ ပြောလိုက်၏။

“ကျုပ် ခင်ဗျားတို့ကို အခွင့်အရေး ပေးလိုက်ပြီ... အလွဲသုံးစား မလုပ်နဲ့...”

စုယွီက ပြုံးပြီး ပြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့...”

အပြင်ဘက်တွင် သရဲတစ္ဆေများ မရှိတော့သဖြင့်၊ စုယွီသည် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်၏ အကာအကွယ် အလင်းတန်းကို ရုပ်သိမ်းလိုက်ပြီး မာရှီချင်းနှင့်အတူ စံအိမ်ကြီးထဲမှ ထွက်လာခဲ့၏။ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့် သူတို့သည် မီထျန် တောင်တန်း၏ အပြင်ဘက်၊ ဝိညာဉ်ကြွေ တောင်တန်းမှ မိစ္ဆာသုံးကောင်နှင့် ပေရာဂဏန်းခန့် အကွာအဝေးသို့ ရောက်ရှိသွားကြသည်။

စုယွီနှင့် မာရှီချင်းတို့ စကားနားထောင်ပြီး ထွက်လာသည်ကို မြင်လိုက်ရသောအခါ၊ မိစ္ဆာသုံးကောင် ခဏမျှ ကြောင်အမ်းသွားကြ၏။ နားမလည်နိုင် ဖြစ်နေသလို သတိလည်း ထားနေကြသည်။

ဝိညာဉ်ကြွေ တောင်တန်း သခင်သည် သူတို့၏ စိတ်အာရုံ မှတဆင့် အသံလွှဲပြောင်း ပြောဆိုလိုက်၏။

“သူတို့ မီထျန် တောင်တန်း နဲ့ နည်းနည်း ဝေးသွားတဲ့ အထိ စောင့်လိုက်... ပြီးတာနဲ့ ချက်ချင်း ဖမ်းချုပ်ပစ်မယ်... အနည်းဆုံးတော့ သူတို့ကို ခုခံနိုင်စွမ်း၊ ထွက်ပြေးနိုင်စွမ်း မရှိအောင် လုပ်ပစ်ရမယ်…”

အခန်း (၃၉၅) - မိစ္ဆာကျဆုံးခြင်း၊ ရွှေအမြုတေ အလယ်အလတ်အဆင့် (အပိုင်း ၃)

~ဆံပင်ဖြူ အဘိုးအိုနှင့် ညှို့ဓာတ်ပြင်းသော မိန်းမပျိုတို့ နှစ်ဦးစလုံး နားလည်လိုက်ကြပြီး တပြိုင်နက် ပြန်ဖြေလိုက်ကြသည်။

“ဟုတ်ကဲ့ပါ သခင်ကြီး...”

ဘာပဲဖြစ်ဖြစ် စုယွီနှင့် မာရှီချင်းတို့ မီထျန် တောင်တန်း အပြင်ဘက်ကို ရောက်လာပြီ ဆိုတော့၊ တောင်ကာ အခင်းအကျင်းကြီးကို ထိုးဖောက်ဖို့ စိတ်ပူနေစရာ မလိုတော့ဘူးပေါ့။

အခြေအနေက သူတို့ ထင်ထားတာထက်တောင် ပိုအဆင်ပြေနေသေးသည်။

ဝိညာဉ်ကြွေ တောင်တန်း သခင်သည် စုယွီနှင့် မာရှီချင်းကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

“လာကြ... မိစ္ဆာဘုရင်ကြီးနဲ့ သွားတွေ့ဖို့ ကျုပ်နောက်က လိုက်ခဲ့ကြ...”

ထိုသို့ ပြောပြီးနောက် ဝိညာဉ်ကြွေ တောင်တန်း သခင်သည် မြောက်ဘက်သို့ ဦးတည်၍ ထွက်ပြေးခြင်း နည်းစနစ်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။

သို့သော် နောက်တစ်ခဏ၌...

မူလက သူတို့နှင့် ပေရာပေါင်းများစွာ ဝေးကွာသော နေရာတွင် ရှိနေသည့် စုယွီသည်၊ ရုတ်တရက် ဝိညာဉ်ကြွေ တောင်တန်း သခင်၏ ဘေးနားသို့ ရောက်ရှိလာသည်။ တချိန်တည်းမှာပင် စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါ တစ်ခု စုယွီ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။

စုယွီ ပေါ်လာသည်နှင့်အတူ ဖြစ်ပေါ်လာသော "ရုပ်ခန္ဓာ မဟုတ်သော သင်္ကေတ" တစ်ခုသည်၊ ဝိညာဉ်ကြွေ တောင်တန်း သခင်၏ နဖူးတည့်တည့်ဆီသို့ ဦးတည် ဝင်ရောက်သွားလေ၏။

ဝိညာဉ်ကြွေ တောင်တန်း သခင်သည် စုယွီ သူ့ဘေးနားသို့ ရောက်ရှိလာသည်ကို ချက်ချင်း အာရုံခံမိလိုက်ပြီး မျက်နှာ ပျက်သွားသည်။ ဒေါသစိတ်များ ရင်ထဲတွင် ဆူပွက်လာပြီး၊ ကြီးမားသော မိစ္ဆာစွမ်းအားများကို ထုတ်ဖော်ကာ စုယွီကို ဖိနှိပ်ရန် ကြိုးစားလိုက်၏။

“မိုက်ရိုင်းလိုက်တာ...”

ဝိညာဉ်ကြွေ တောင်တန်း သခင်သည် ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ စုယွီအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

၎င်းသည် သူ၏ နာမည်ကျော် သိုင်းကွက်တစ်ခု ဖြစ်သော "ဝိညာဉ်ကြွေ လက်ဝါး" ပင်။

လက်ဝါးတစ်ချက် ရိုက်လိုက်ရုံဖြင့် ရန်သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ပစ်နိုင်စွမ်း ရှိ၏။

ထို့နောက် ထိုဝိညာဉ်ကို ထာဝရ ချုပ်နှောင်ထားနိုင်ပေသည်။

သို့သော်...

နောက်တစ်ခဏတွင် ကြောက်မက်ဖွယ် ကောင်းလှသော "ဟင်းလင်းပြင် စွမ်းအား" တစ်ခု ရုတ်တရက် သက်ဆင်းလာသည်။ ဝိညာဉ်ကြွေ တောင်တန်း သခင်၏ ပတ်ဝန်းကျင်ရှိ လေထုသည် ထောင်နံရံများသဖွယ် ခဲသွားပြီး၊ သူ့ကို လှုပ်ရှားမရအောင် ချုပ်နှောင်လိုက်လေ၏။

ဝိညာဉ်ကြွေ တောင်တန်း သခင် ဟင်းလင်းပြင် စွမ်းအား၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည့် အချိန်၌ပင်၊ ထို "ရုပ်ခန္ဓာ မဟုတ်သော သင်္ကေတ" သည် သူ၏ နဖူးပေါ်သို့ ကျရောက်သွားလေသည်။

“ဘုန်း...”

ဝိညာဉ်ကြွေ တောင်တန်း သခင်သည် သူ၏ စိတ်အာရုံ ပင်လယ်ပြင်းထန်စွာ တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။ ရှေးဟောင်းခေတ် ကာလဆီမှ အချိန်မြစ်ရေကို ဖြတ်သန်း စီးဆင်းလာသော၊ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှသည့် အရှိန်အဝါ တစ်ခုသည် သူ့ခန္ဓာကိုယ်ရော ဝိညာဉ်ကိုပါ တုန်လှုပ်သွားစေ၏။

ထို့နောက် အင်မော်တယ် နတ်ဘုရား တစ်ပါး၏ တီးတိုး ရေရွတ်သံတစ်ခု ထွက်ပေါ်လာသည်။

“ယင်...”

“ဝုန်း…”

ထိုအခိုက်အတန့်တွင် ဝိညာဉ်ကြွေ တောင်တန်း သခင်၏ မြင်ကွင်းအာရုံများ လုံးဝ အမှောင်ကျသွားသည်။ သူ၏ အာရုံခံစားမှု (၆) ပါးစလုံးသည် တစ်စုံတစ်ခုသော စွမ်းအား၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

ဤအခြေအနေဆိုးကြီးသည် ဝိညာဉ်ကြွေ တောင်တန်း သခင်ကို အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်သွားစေပြီး ကျောချမ်းသွားစေ၏။

“ဟင်းလင်းပြင် စွမ်းအား...”

“ပြီးတော့... ငါ ဘာဖြစ်သွားတာလဲ... ငါ ဘာဖြစ်သွားတာလဲ...”

အဆုံးအစ မရှိသော အမှောင်ထုကြီးထဲတွင်၊ ဝိညာဉ်ကြွေ တောင်တန်း သခင်၏ ဝိညာဉ်သည် ကြောက်လန့်တကြား အော်ဟစ်နေရှာသည်။

အပြင်လောကတွင်...

အင်မော်တယ် စာလုံး၏ စွမ်းအားအောက်တွင် ဝိညာဉ်ကြွေ တောင်တန်း သခင်၏ မျက်လုံးများသည် အရောင်ကင်းမဲ့သွားပြီး ကြောင်ငေးနေ၏။ သူ၏ အဆုံးမဲ့ မိစ္ဆာစွမ်းအားများနှင့် ခွန်အားများသည် ပျောက်ကွယ်သွားပြီး၊ ပန်းချီကားချပ် တစ်ခုထဲတွင် အေးခဲသွားသကဲ့သို့ လေထဲတွင် တောင့်တောင့်ကြီး ရပ်တန့်နေသည်။

ဘေးနားရှိ ဆံပင်ဖြူ အဘိုးအိုနှင့် ညှို့ဓာတ်ပြင်းသော အမျိုးသမီးတို့သည် မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်သွားသော အခြေအနေကြောင့် တုန်လှုပ်သွားကြ၏။ သူတို့၏ မျက်နှာပေါ်တွင် အံ့သြမှုနှင့် ဒေါသတို့ ရောပြွမ်းနေသည်။

“သခင်ကြီး...”

“သူ့ကို ဖမ်းချုပ်လိုက်စမ်း...”

ဆံပင်ဖြူ အဘိုးအိုက အော်ဟစ် အမိန့်ပေးလိုက်၏။ တစ်ခဏမျှပင် မစဉ်းစားဘဲ သူ၏ လက်ထဲတွင် လက်ရာမြောက် မိစ္ဆာဓား တစ်လက် ပေါ်လာသည်။ ညှို့ဓာတ်ပြင်းသော အမျိုးသမီးကမူ ညှို့ဓာတ်ပါသော အပြုံးဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်၏။

သူမ၏ ရယ်သံသည် ထူးခြားပြီး ဝိညာဉ် တိုက်ခိုက်သော လျှို့ဝှက် နည်းစနစ် တစ်ခု ဖြစ်ပုံရသည်။

သို့သော် ဆံပင်ဖြူ အဘိုးအိုနှင့် အမျိုးသမီးတို့ မလှုပ်ရှားနိုင်မီမှာပင်...

သူတို့ ဘေးနားရှိ မျက်နှာသေနှင့် တာအိုရုပ်သေးသည် လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ပုလဲလုံးလေး တစ်လုံး လက်ထဲတွင် ပေါ်လာ၏။ သူ၏ စွမ်းအားများ ထိုပုလဲလုံးထဲသို့ အလျင်အမြန် စီးဝင်သွားသည်။

ကြောက်မက်ဖွယ် ကောင်းသော ရေခဲ ချုပ်နှောင်ခြင်း အရှိန်အဝါ တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။

ဒါ "ရေခဲဝိညာဉ် ပုလဲ" ဆိုသော ရတနာပင်။

အနီးနားရှိ ဆံပင်ဖြူ အဘိုးအိုနှင့် ညှို့ဓာတ်ပြင်းသော အမျိုးသမီးတို့သည် ရှောင်တိမ်းချိန် မရလိုက်ဘဲ မျက်နှာများ ဖြူဖျော့သွားကြသည်။

“ဒီ အရှိန်အဝါက...”

“ရတနာ တစ်ပါးပဲ...”

နှစ်ယောက်စလုံး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ကြ၏။

ဆံပင်ဖြူ အဘိုးအို၏ ဦးရေပြားများ ထုံကျဉ်သွားပြီး မျက်နှာ သွေးဆုတ်သွားသည်။ သူ ချက်ချင်း နောက်လှည့်လိုက်ပြီး၊ ကြီးမားသော သွေးစွမ်းအင်များကို ထုတ်ဖော်ကာ "သွေး ထွက်ပြေးခြင်း နည်းစနစ်"ဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်၏။

သို့သော် သူတို့နှစ်ဦး လှည့်ပြေးရန် ပြင်လိုက်သည့် အချိန်မှာပင်၊ သူတို့၏ ခန္ဓာကိုယ်များသည် ကြောက်မက်ဖွယ် ရေခဲ ချုပ်နှောင်ခြင်း စွမ်းအား၏ ဝါးမျိုမှုကို ခံလိုက်ရလေသည်။

“ဝုန်း...”

မျက်စိတစ်မှိတ် အတွင်းမှာပင် လေထဲ၌ ရေခဲရုပ်တုကြီး နှစ်ခု ဖြစ်ပေါ်လာ၏။ အဘိုးအိုနှင့် အမျိုးသမီးတို့သည် ရေခဲတုံးကြီးများ အတွင်း၌ အေးခဲသွားကြပြီး၊ မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့်နေသော အမူအရာများဖြင့် လှုပ်ရှားမရ ဖြစ်နေကြသည်။

အဝေးတစ်နေရာမှ...

မာရှီချင်းသည် ဝိညာဉ်ကြွေ တောင်တန်း သခင် အပါအဝင် မိစ္ဆာသုံးကောင်လုံးကို မျက်စိတစ်မှိတ် အတွင်း ဖမ်းချုပ်လိုက်သော စုယွီကို ကြည့်ကာ ကြက်သေသေ ဖြစ်နေ၏။ သူ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး ကြောက်ရွံ့ထိတ်လန့်သွားသည်။ စုယွီ၏ ရုပ်သေး ခန္ဓာကိုယ်မှ ထုတ်ဖော်ပြသလိုက်သော စွမ်းအားသည် သူ့ကို တုန်လှုပ်သွားစေရန် လုံလောက်၏။

'တကယ်လို့များ တာအိုမိတ်ဆွေ စု သာ ငါ့ကို တိုက်ခိုက်လာရင်... ငါ ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးတောင် ရပါ့မလား...'

မာရှီချင်း စိတ်ထဲတွင် ထိုအတွေး ဝင်လာမိသည်။

သို့သော် နောက်တစ်ခဏတွင် မာရှီချင်းသည် ထိုအတွေးများကို ဖယ်ရှားလိုက်၏။

စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် စာရွက်တစ်ရွက် သူ့ရှေ့တွင် ပေါ်လာသည်။ ထိုစာရွက်သည် မှိန်ဖျော့ဖျော့ အလင်းရောင် ထွက်နေပြီး၊ ကြယ်တာရာများကဲ့သို့ လေးလံသော ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်လျက် ရှိ၏။

မာရှီချင်း၏ ဝိညာဉ်စွမ်းအားနှင့် မန္တန်စွမ်းအားများ စီးဝင်သွားသည်နှင့် တပြိုင်နက်၊ ထိုစာရွက်သည် ကောင်းကင်နှင့် မြေကြီးထဲသို့ ပျော်ဝင်သွားသည်။ နောက်တစ်ခဏတွင် စုယွီ၏ အံ့သြနေသော မျက်လုံးများရှေ့၌ ကောင်းကင်ယံတွင် ကြယ်တာရာ အများအပြား ပေါ်ထွက်လာ၏။

“ဝုန်း...”

ကောင်းကင်နှင့် မြေကြီး ပြောင်းလဲသွားပြီး၊ (၃၆) လုံးသော ကြယ်တာရာများ ပေါ်ထွက်လာကာ ကောင်းကင်နှင့် မြေကြီးကို ပိတ်ဆို့ ချုပ်နှောင်လိုက်သည်။

မာရှီချင်း၏ စိတ်အာရုံ ညွှန်ကြားမှုအောက်တွင် ထိုကြယ်တာရာများသည် ကောင်းကင်မှ တရှိန်ထိုး ကြွေကျလာကြ၏။

မာရှီချင်း၏ မျက်လုံးများ အေးစက်သွားပြီး၊ ဝိညာဉ်ကြွေ တောင်တန်း သခင်နှင့် အခြားနှစ်ဦးကို စိုက်ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

“သေလိုက်ကြတော့...”

“ဘုန်း... ဘုန်း... ဘုန်း...”

ကြယ်တာရာများ တစ်လုံးပြီး တစ်လုံး ပစ်ခတ် ကျရောက်လာသည်။ စုယွီ၏ အင်မော်တယ် စာလုံး စွမ်းအားဖြင့် အာရုံခံစားမှုများ ပိတ်ဆို့ခံထားရပြီး၊ ဟင်းလင်းပြင် စွမ်းအားဖြင့် လှုပ်ရှားမရအောင် ချုပ်နှောင်ခံထားရသော ဝိညာဉ်ကြွေ တောင်တန်း သခင်သည်၊ ဧရာမ ကြယ်တာရာ (၂၀) ကျော်၏ ဝင်ျိုက်မှုကို တိုက်ရိုက် ခံလိုက်ရ၏။ သွေးမြူမှုန်များ လေထဲတွင် ပျံ့လွင့်သွားပြီး၊ သူ၏ ခန္ဓာကိုယ် အစအနပင် ရှာမရတော့ပေ။

ဆံပင်ဖြူ အဘိုးအိုနှင့် ညှို့ဓာတ်ပြင်းသော အမျိုးသမီးတို့မှာလည်း ကြယ်တာရာ (၅) လုံးစီ၏ ပစ်ဆောင့်မှုကို ခံလိုက်ရ၏။

ပထမဆုံး တစ်ချက် အဆောင့်ခံရရုံဖြင့် သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားသည်။

ဒုတိယ တစ်ချက်တွင်မူ သူတို့၏ ခန္ဓာကိုယ် အပိုင်းအစများသည် သွေးမြူမှုန်များ အဖြစ်သို့ ပြောင်းလဲသွားကြ၏။

ကြယ်တာရာ (၅) လုံး ဆောင့်အပြီးတွင်တော့ သူတို့၏ ရုပ်ကြွင်းများ လုံးဝ ပျောက်ကွယ်သွားပြီး၊ လေထဲတွင် အငွေ့အသက်မျှပင် မကျန်တော့ပေ။

ဤမြင်ကွင်းကို ကြည့်ရင်း စုယွီပင် အံ့သြမှင်သက်သွားပြီး မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရ၏။

ထို့နောက်…

အခန်း (၃၉၆) - မိစ္ဆာကျဆုံးခြင်း၊ ရွှေအမြုတေ အလယ်အလတ်အဆင့် (အပိုင်း ၄)

~စုယွီ သတိပြန်ဝင်လာသည်နှင့် တပြိုင်နက် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို အလျင်အမြန် စတင် အသုံးပြုလိုက်သည်။ လျှို့ဝှက်နက်နဲသော ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်သည် စကြာဝဠာ တစ်ခွင် ပျံ့နှံ့စီးဆင်းသွားပြီး၊ ဝိညာဉ်ကြွေ တောင်တန်း သခင်၊ ဆံပင်ဖြူ အဘိုးအိုနှင့် ညှို့ဓာတ်ပြင်းသော အမျိုးသမီးတို့၏ ဝိညာဉ် အစအနများကိုပါ မကျန်အောင် ရှာဖွေ ဖျက်ဆီးပစ်လိုက်၏။

မိစ္ဆာခေါင်းဆောင် သုံးဦးစလုံး အမှန်တကယ် သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက်၊ မာရှီချင်းသည် ဒယိမ်းဒယိုင် ဖြစ်သွားပြီး သူကိုင်ထားသော စာရွက်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

ကောင်းကင်ယံ တစ်ခွင် ပြည့်နှက်နေသော ကြယ်တာရာများ ပျောက်ကွယ်သွားပြီး၊ သူတို့နှစ်ဦးသည် မူလနေရာသို့ ပြန်လည် ရောက်ရှိသွားကြ၏။

မာရှီချင်း၏ မျက်နှာသည် ဖြူဖျော့နေပြီး၊ သူ၏ ခန္ဓာကိုယ်နှင့် မန္တန်စွမ်းအားများ ကုန်ခန်းလုနီးပါး ဖြစ်နေသည်။ သူသည် အသက်ကို ပြင်းပြင်းရှူနေရပြီး ခေါင်းများလည်း ကိုက်ခဲနေသည်။

စုယွီသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်ကြွေ တောင်တန်း သခင်နှင့် အခြားနှစ်ဦး ချန်ထားရစ်ခဲ့သော ပစ္စည်းများကို သိမ်းဆည်းလိုက်၏။ ထို့နောက် မာရှီချင်းကို လှည့်ကြည့်လိုက်ပြီး၊ ခုနက သူ အသုံးပြုခဲ့သော ကြောက်မက်ဖွယ် အခင်းအကျင်းကို ပြန်ပြောင်းသတိရကာ အံ့သြတုန်လှုပ်မိသွားသည်။

‘ကြယ်တာရာ တစ်လုံးစီရဲ့ စွမ်းအားက အနည်းဆုံး ရွှေအမြုတေ အဆင့် နှောင်းပိုင်းနဲ့ ညီမျှနေတယ်... ကြယ်တာရာ တစ်လုံးစီက ရွှေအမြုတေ အဆင့် နှောင်းပိုင်း အရှင်သခင် တစ်ပါးရဲ့ အစွမ်းကုန် တိုက်ခိုက်မှုနဲ့ တူညီနေတာ... အလုံး (၃၆) လုံး တောင်မှ...’

စုယွီ စိတ်ထဲတွင် တုန်လှုပ်စွာ ရေရွတ်လိုက်မိ၏။ ဒီလောက် အစွမ်းထက်သော အခင်းအကျင်းမျိုးကို သူတောင် ရှောင်တိမ်းရလိမ့်မည်။

ဒီအခင်းအကျင်းက သူ့ကို ချုပ်နှောင်ထားနိုင်မှာ မဟုတ်သော်ငြား၊ အခင်းအကျင်း အတွင်းမှာ မာရှီချင်းနှင့် ထိပ်တိုက် ရင်ဆိုင်ဖို့ ဆိုတာတော့ မဖြစ်နိုင်ပါ။

စုယွီနှင့် မာရှီချင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တစ်ဖက်လူ၏ နည်းစနစ်များကို မေးမြန်းခြင်း မပြုသလို၊ မိမိတို့၏ လျှို့ဝှက်လက်နက်များကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိကြပေ။ သူတို့သည် တောင်တန်းအပြင်ဘက်ရှိ တိုက်ပွဲ အကြွင်းအကျန်များကို ရှင်းလင်းလိုက်ပြီး၊ ချိုင့်ဝှမ်းအတွင်းသို့ သင့်မြတ်ညီညွတ်စွာ ပြန်လည် ဝင်ရောက်လာကြ၏။

ဝိညာဉ်ကြွေ တောင်တန်း သခင်၊ ဆံပင်ဖြူ အဘိုးအိုနှင့် ညှို့ဓာတ်ပြင်းသော အမျိုးသမီးတို့ အတွက်ကတော့ ကံဆိုးမိုးမှောင် ကျသွားခဲ့ရရှာပြီ။

မူလက သူတို့ထက် အားနည်းသော ဂျူနီယာ နှစ်ယောက်ကို အလွယ်တကူ အနိုင်ကျင့်နိုင်လိမ့်မည်ဟု ထင်ခဲ့ကြသည်။

သိို့သော်၊...

ဒီနှစ်ယောက်စလုံးက သာမန်မှ မဟုတ်သည်ကိုး။

စုယွီ ဖြစ်ဖြစ်၊ မာရှီချင်း ဖြစ်ဖြစ်၊ တစ်ယောက်တည်းနှင့် ရင်ဆိုင်ရလျှင်တောင်မှ၊ ထိုမိစ္ဆာ သုံးကောင် အနေနှင့် အသက်အန္တရာယ် ရှိနိုင်သေးစ။ သူတို့ကို ခြောက်ထုတ်နိုင်မည့် လျှို့ဝှက်လက်နက် တစ်ခုခု မရှိလျှင်ပေါ့။

ခြံဝင်းအတွင်းသို့ ပြန်ရောက်သောအခါ...

မာရှီချင်းနှင့် စုယွီ ပြန်ရောက်လာသည်ကို မြင်သောအခါ မာထျန်းလင်လေးသည် အလွန်အမင်း ပျော်ရွှင်သွားရ၏။

“ဘိုးဘေးကြီး... စီနီယာ စု... ဟို မိစ္ဆာကောင်ကြီးတွေကို နိုင်ခဲ့ပြီလားဟင်... သမီးတို့ နိုင်သွားပြီလား...”

မာရှီချင်းက သူမ၏ ခေါင်းလေးကို ဖွဖွပွတ်ပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“ဟုတ်တယ်... ငါတို့ နိုင်ခဲ့ပြီ...”

စုယွီသည် ခုနက ရရှိခဲ့သော စစ်ပွဲလက်ဆောင်များကို ထုတ်ယူလိုက်၏။

ချန်ခွန်းလက်စွပ် တစ်ကွင်း၊ ချန်ခွန်းအိတ် နှစ်လုံး၊ မိစ္ဆာလက်နက် အချို့နှင့် မိစ္ဆာဝိညာဉ် အလံ

တစ်ခုတို့ ပါဝင်သည်။

ရွှေအမြုတေ အဆင့် မိစ္ဆာသုံးကောင်၏ ပိုင်ဆိုင်မှုများကို မွှေနှောက်ကြည့်လိုက်ရာ သူတို့အားလုံး အတော်လေး ဆင်းရဲကြသည်ကို တွေ့လိုက်ရ၏။

စုစုပေါင်းလိုက်ရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀၀၀) တောင် မပြည့်သလို၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀၀) တောင် မရှိပေ။

ကုန်ကြမ်းပစ္စည်းတွေ အနေနှင့် ဆိုရင်လည်း စုယွီ စိတ်ဝင်စားစရာ ဘာမှ မပါပေ။

သို့သော် ဝိညာဉ်ကြွေ တောင်တန်း သခင်၏ ချန်ခွန်းလက်စွပ်ထဲမှ ပင်လယ်ပြာရောင် တံဆိပ်ပြား တစ်ခုကို စုယွီ တွေ့ရှိလိုက်သည်။ ထိုအပြားပေါ်တွင် ထူးဆန်းသော လိပ်ခွံပုံစံ အင်းကွက်များ ထွင်းထုထား၏။ ဤပစ္စည်းသည် ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းမှ မဟုတ်ကြောင်း သေချာသည်။

မျက်လုံးမှိတ်၍ အနားယူနေသော မာရှီချင်းသည်၊ စုယွီ ပင်လယ်ပြာရောင် တံဆိပ်ပြားကို ထုတ်လိုက်သည်နှင့် မျက်လုံးများကို ချက်ချင်း ဖွင့်ကြည့်လိုက်၏။ တံဆိပ်ပြားကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာ အာမေဋိတ်သံ ထွက်ပေါ်လာသည်။

စုယွီ မော့ကြည့်လိုက်ပြီး မေးလိုက်သည်။

“တာအိုမိတ်ဆွေ မာ... ဒီတံဆိပ်ပြားကို သိလို့လား...”

မာရှီချင်း ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“ဒီတံဆိပ်ပြားက ပင်လယ်ဘက်က လာတာ ဖြစ်လောက်တယ်... ကျွန်တော် သိသလောက် ဆိုရင်တော့... ကျွန်တော်တို့ တာ့ချန် အင်မော်တယ် လောက ရဲ့ ကမ်းရိုးတန်း ပင်လယ်ပြင်မှာ ‘ရွှမ်ထျန် ဂိုဏ်း’ ဆိုတဲ့ အင်မော််တယ် ဂိုဏ်းတစ်ခု ရှိတယ်... ခင်ဗျားလက်ထဲက တံဆိပ်ပြားက သူတို့ဂိုဏ်းရဲ့ စမ်းသပ်မှု တံဆိပ်ပြား ပဲ...”

စုယွီ အံ့သြသွားပြီး မေးလိုက်၏။

“ပင်လယ်ထဲက အင်မော်တယ် ဂိုဏ်း ဟုတ်လား... ဒီ ရွှမ်ထျန် ဂိုဏ်းရဲ့ အင်အားက တာ့ယွဲ့ နန်းတော်နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ...”

ထိုမေးခွန်းကို ကြားသောအခါ မာရှီချင်း မနေနိုင်ဘဲ ရယ်မောလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ယှဉ်လို့ မရပါဘူးဗျာ... ရွှမ်ထျန် ဂိုဏ်းမှာ ဝိညာဉ်ခွဲဝေခြင်း အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ ရှိတယ်... သူတို့က အဲဒီ ပင်လယ်ပြင် တစ်ကြောမှာ အရှင်သခင်တွေပဲ... ကျွန်တော်တို့ တာ့ချန် အင်မော်တယ် လောကရဲ့ ဗဟိုချက်မလောက်မှာပဲ သူတို့ကို ယှဉ်နိုင်မယ့် အင်အားစုတွေ ရှိလောက်တယ်...”

ဝိညာဉ်ခွဲဝေခြင်း အဆင့် ကျွမ်းကျင်သူများ...

စုယွီ အလွန်အမင်း တုန်လှုပ်သွားပြီး ရွှမ်ထျန် ဂိုဏ်းနှင့် ပတ်သက်သော အချက်အလက်များကို မာရှီချင်းထံ အလျင်အမြန် မေးမြန်းလိုက်၏။

မာရှီချင်းသည် ပင်လယ်ပြင် အခြေအနေနှင့် ပတ်သက်ပြီး များများစားစား မသိလှပေ။

သို့သော် မာရှီချင်း၏ ပြောပြချက်အရ၊ တာ့ချန် အင်မော်တယ် လောကနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကမ်းလွန် ပင်လယ်ပြင် မြေပုံသည် စုယွီ၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်လာခဲ့၏။

“ပင်လယ်ထဲမှာ ကြီးမားတဲ့ ကျွန်းတွေ အများကြီး ရှိတယ်... လူသူကင်းမဲ့တဲ့ ကျွန်းတွေကလွဲရင် ကျန်တဲ့ ကျွန်းတိုင်းလိုလိုမှာ ကျင့်ကြံခြင်း အင်အားစုတွေ ရှိကြတယ်...”

“ရွှမ်ထျန် ဂိုဏ်း လိုမျိုးပေါ့... သူတို့က ကမ်းရိုးတန်း ပင်လယ်ပြင်မှာ လွှမ်းမိုးထားတဲ့ အင်မော်တယ် ဂိုဏ်းကြီးတွေထဲက တစ်ခုပဲ... ပင်လယ်ပြင်က လူသား ကျင့်ကြံသူတွေကို ကာကွယ်ပေးထားတဲ့ ကျောက်တိုင်ကြီးတွေလည်း ဖြစ်တယ်...”

“ကျွန်းတွေပေါ်မှာ လူသား ကျင့်ကြံသူတွေ ရှိသလို၊ ပင်လယ်ထဲမှာလည်း ပင်လယ်မျိုးနွယ်စုတွေ ရှိတယ်... သူတို့က ကုန်းမြေပေါ်က မိစ္ဆာမျိုးနွယ်စု တွေနဲ့ မခြားနားဘူး... ပင်လယ် မိစ္ဆာတွေကို ထိန်းချုပ် ခိုင်းစေနိုင်ကြတယ်...”

“ပင်လယ်ထဲမှာ တွေ့ရမယ့် အန္တရာယ်တွေရဲ့ တစ်ဝက်က ပင်လယ်မျိုးနွယ်စုတွေ နဲ့ ပင်လယ် မိစ္ဆာတွေဆီက လာတာ... ကျန်တဲ့ တစ်ဝက်ကတော့ ခန့်မှန်းလို့ မရနိုင်တဲ့ ပင်လယ်ပြင်ရဲ့ သဘာဝ ဘေးအန္တရာယ်တွေပဲ...”

“တစ်ခါတစ်လေ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေက လူသား ကျင့်ကြံသူတွေ စိတ်ကူးလို့ မရနိုင်လောက်အောင် ကြီးမားတတ်တယ်...”

ထိုစကားများကို ကြားပြီးနောက် စုယွီ စဉ်းစားခန်း ဝင်သွားပြီး မေးလိုက်သည်။

“ဒီ ကမ်းရိုးတန်း ပင်လယ်ပြင်က ကျွန်တော်တို့ တာ့ယွဲ့ နယ်မြေနဲ့ ဘယ်လောက် ဝေးလဲ...”

မာရှီချင်း ခဏမျှ တွက်ချက်ကြည့်ပြီး ပြောလိုက်၏။

“တတိယအဆင့် အဆင့်နိမ့် ပျံသန်းရေး ယာဉ်ပျံနဲ့ သွားမယ်ဆိုရင်... ပင်လယ်ပြင်ကို ရောက်ဖို့ (၃) နှစ်၊ (၄) နှစ်လောက် ကြာလိမ့်မယ်... လမ်းမှာ ဘာအန္တရာယ်မှ မကြုံရဘူး ဆိုရင်ပေါ့...”

သိပ်မဝေးလှဘူး။

တာ့ချန် အင်မော်တယ် လောကရဲ့ ဗဟိုချက်မကို သွားဖို့ ဆိုရင် (၅) နှစ်ကျော်လောက် ကြာလိမ့်မယ်။

စဉ်းစားဟန်ဖြင့် စုယွီ ပြောလိုက်သည်။

“တာအိုမိတ်ဆွေ မာ... ကျွန်တော် ဒီတံဆိပ်ပြားကို ယူလိုက်မယ်... ကျန်တဲ့ ပစ္စည်းတွေကို ခင်ဗျား ရှင်းလင်းလိုက်ပါ...”

သူတို့သုံးယောက်ရဲ့ ပစ္စည်းတွေနဲ့ ရတနာတွေက သိပ်မများလှဘူး။ ထိပ်တန်း မိစ္ဆာလက်နက် လေးခု ပါဝင်ပေမယ့်၊ မိစ္ဆာလက်နက်တွေ ဖြစ်နေလို့ ကိုင်တွယ်ရတာ နည်းနည်း လက်ဝင်သည်။ စုယွီအတွက် သိပ်အသုံးမဝင်လှပေ။

စုစုပေါင်းလိုက်ရင် ဒီပစ္စည်းတွေက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၂၀၀၀) ၊ (၃၀၀၀) လောက်ပဲ တန်ကြေး ရှိသည်။

စုယွီက တံဆိပ်ပြားကို လိုချင်နေမှန်း သိလိုက်ရသဖြင့်၊ မာရှီချင်းက ခေါင်းညိတ်လိုက်ပြီး ကျန်ပစ္စည်းများကို သိမ်းဆည်းလိုက်၏။

All Chapters