← Chapters

အခန်း (၁၀၀၁-၁၀၀၄)

Vol. 51 Ch. 1001-1004

အခန်း (၁၀၀၁-၁၀၀၄)

Vol. 51 Ch. 1001-1004

Space and Rebirth 1001

ကွန်ပြူတာပညာ၊ နောက်ယောင်ခံလိုက်ခြင်းနှင့် နည်းပညာပစ္စည်းကိရိယာများစွာကို သုံးစွဲရာ၌ ကျွမ်းကျင်ကြသော ဤလူအုပ်စုအား ကျင်းယွင်ကျောင်းအလွန်တန်ဖိုးထားလေသည်။ အနာဂတ်တွင်လည်း သူတို့အား အခြားနယ်ပယ်များ၌ အသုံးပြုနိုင်သည်။ ထို့ကြောင့် စုန်ဝမ်မှ လူထပ်ခေါ်ရန်ပြောလိုက်သောအခါ ကျင်းယွင်ကျောင်းသဘောတူလိုက်၏။

“နင်ပဲတာဝန်ယူလိုက်တော့၊ ခဏနေရင် လာလျှောက်တဲလူစာရင်းကို ပို့လိုက်လေ”

ကျင်းယွင်ကျောင်းဆက်ပြောလိုက်သည်။

ဖုန်းတစ်ဖက်ရှိလူမှာ ဤစကားကြောင့် အလွန်ပင်ပျော်မြူးသွားပြီး ထပ်ခါတလဲလဲခေါင်းငြိမ့်လိုက်သည်။

စုန်ဝမ်နှင့် ဖုန်းချပြီးနောက် ကျင်းယွင်ကျောင်းသည် ပိုင်ယွီအန်းအား ဆက်ကာ အခြေအနေကို ရှင်းပြလိုက်၏။ ပိုင်ယွီအန်းမှာ ဉာဏ်ရည်ထက်မြက်သောလူဖြစ်သဖြင့် ဤအခြေအနေအား မည်သို့အသုံးချရမည်ကို သိထားလေသည်။

သတင်းမီဒီယာတစ်ခုတည်းကိုသာ မှီခိုအားကိုးနေလျှင် မလုံလောက်ချေ။ သူမအမြင်အရ မီးလောင်ရာလေပင့်လုပ်ချင်ပေသည်။ လိုင်းပေါ်တွင် ကောမန့်များရေးရန် သူမငှားရမ်းထားသော ကီးဘုတ်ဖိုက်တာများမှာ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ ထိုအရာတင်မက ဖန်လီချင်း၏ကုမ္ပဏီထဲရှိ အခြားပြသာနာများကိုလည်း သူမဖော်ထုတ်ချင်ပေသည်။ ဖန်လီချင်းသည် စီးပွားရေးလောကတွင် ကျင်လည်နေသည်မှာ ကြာချေပြီ။ သူထုတ်လုပ်သောထုတ်ကုန်တစ်ခုမျှ ပြသာနာမရှိနိုင်စရာအကြောင်း မရှိပေ။ အမှားသေး‌သေးလျှင်ဖြစ်နေလျှင်ပင် သူမသည် ၎င်းအားပုံကြီးချဲ့ချင်မိ၏။ ထို့နောက် သူ၏ဆိုးရွားသောအကျင့်များကို လူထုရှေ့မှောက်သို့ ချပြကြေညာကာ သူ့အား ဒုက္ခခံစားစေချင်ပေသည်။

ထိုတင်မကသေးပေ။ ယနေ့မွေးနေ့ပွဲကို အကြောင်းပြု၍ သူမသည် ဥက္ကဌဖန်အား ဖိတ်ကြားရန် သူမဦးလေးကို အထူးတလည်တောင်းဆိုခဲ့၏။

ကျင်းယွင်ကျောင်းအနောက်ရှိ မိတ်ကပ်ပညာရှင်များသည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ ရုတ်တရတ်ဆန်စွာ ပေါ်ပေါက်လာသော မိန်းကလေးကျင်းအကြောင်း သူတို့အလွန်သိချင်နေကြပေသည်။

မနက်စောစောစီးစီး နိုးလာသည့်အချိန်မှစ၍ ယခုအချိန်ထိ မိန်းကလေးကျင်းသည် ဖုန်းကိုလက်ထဲမှမချရသေးချေ။ သူမသည် တစ်စုံတစ်ဦးအား ညွှန်ကြားစေခိုင်းနေသည့်ပုံမှာ အလွန်ပင်လျှို့ဝှက်ထူးဆန်းလှပေသည်။

“မိန်းကလေးကျင်းက တကယ်လှတာပဲ၊ မဟုတ်မှလွဲရော သူက မြို့တော်ဝန်ရှုရဲ့ တရားမဝင်သမီးများလား?”

တံခါးအပြင်ဘက်တွင် တစ်စုံတစ်ဦးမှ တီးတိုးပြောကြားနေ၏။

ကျင်းယွင်ကျောင်းသည် နားကြပ်ကိုဖြုတ်လိုက်ပြီးသောအချိန်၌ ထိုစကားကို ရှင်းရှင်းလင်းလင်းကြားလိုက်ရလေသည်။

“အဓိပ္ပာယ်မရှိတာတွေမပြောစမ်းနဲ့၊ ဒါက မြို့တော်ဝန်ရှုရဲ့တူမ၊ ငါကြားတာတော့ မြို့တော်ဝန်ရှုရဲ့ ညီမလေးက ဆုံးပါးသွားတဲ့နောက် ဒီတူမလေးက အပြင်လောကမှာ တစ်ယောက်တည်းကျင်လည်နေပြီး သိပ်မကြာသေးခင်ကမှ ပြန်တွေ့တာတဲ့...”

“သူ့တူမက ဟန်များလှချည်လား? သူလိုမိန်းကလေးက မြို့တော်ဝန်ရှုလို ဦးလေးမျိုးကို တွေ့ရတာ အရမ်းကံကောင်းတာပဲ”

“လူတစ်ယောက်က နတ်ဘုရားအဖြစ်ကိုရရှိသွားရင် သူ့ကြက်တွေ၊ ခွေးတွေပါ ကောင်းကင်ကိုလိုက်တက်တာ သဘာဝပဲ၊ ငါခုနက သူ့သူငယ်ချင်းကို ပုံသွင်းပေးနေတာမှတ်လား? အဲ့မိန်းကလေးက တကယ် လူတောမတိုးဖူးမှန်းသိသာတယ်၊ ပစ္စည်းလှလှလေးတွေမြင်တိုင်း မျက်စိခွာမရဘူး ရယ်ချင်စရာကောင်းလိုက်တာ...”

…

ကျင်းယွင်ကျောင်းသည် အစက မျက်လုံးများကိုမှိတ်ကာ အပြင်ဘက်ရှိအလှဖန်တီးရှင်များအား ပြောချင်သလိုပြောခွင့်ပြုထားသော်လည်း စူးချူအကြောင်း အတင်းတုပ်နေသည်ကို ကြားလိုက်ရသည်နှင့် သူမမျက်နှာလည်း ချက်ချင်းဆိုသလို အေးစက်တောင့်တင်းသွားတော့သည်။ သူမသည် မျက်လုံးများကို ပင့်ကြည့်လိုက်၏။ သူမအနောက်ရှိ အလှဖန်တီးရှင်မှာ မှန်သားပြင်မှတဆင့် သူမ၏အေးစက်မာကြောသောမျက်နှာကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားသည်။

“မိန်းကလေးကျင်း၊ ကျွန်မလုပ်တာ ဆံပင်ကို ထိမိသွားလို့လား?”

ထိုမိတ်ကပ်ဆရာမှ သတိတကြီးမေးလိုက်၏။

“အပြင်ဘက်ကလူတွေက အရမ်းနားညီးစရာကောင်းတာပဲ၊ သူတို့ကိုနှင်ထုတ်လိုက်”

ကျင်းယွင်ကျောင်းတစ်ခါတည်းပြောလိုက်၏။

နံဘေးတွင် ကူညီနေသော အစေခံမှာ ၎င်းကိုကြားလိုက်သောအခါ ကြောင်အသွားတော့၏။

“တံခါးအပြင်ဘက်မှာလူရှိလို့လား? သခင်မလေး ကျွန်မတို့တော့ ဘာမှမကြားပါဘူး”

“အပြင်ထွက်ပြီး ကြည့်လိုက်၊ နောက်ကျရင် ဒီလိုအတင်းတုပ်တတ်တဲ့လူတွေ ရှုမိသားစုအိမ်ထဲခြေမချနိုင်အောင် တစ်ခါတည်းဖြေရှင်းခဲ့”

ကျင်းယွင်ကျောင်းအသံသည် အေးစက်ကာ အမိန့်အာဏာသံစွတ်နေ၏။

ရှင်းလင်းလှသောအမိန့်စကားကြောင့် အစေခံသည် ချက်ချင်းဆိုသလို လျှောက်သွားပြီး တံခါးကိုဖွင့်ကာ အပြင်သို့တစ်ချက်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် အခြားမိတ်ကပ်ပညာရှင်နှစ်ဦးမှ အခန်းထဲသို့ ခေါင်းပြူတိုးပြီးကြည့်ရန် ကြိုးစားနေကြောင်းမြင်လိုက်ရ၏။ လူမိသွားသောအခါ သူတို့၏မျက်နှာများမှာ တစ်မျိုးဖြစ်သွားပြီး အလွန်ပင် စိတ်ပူပန်သွားကြသည်။

ဤတစ်ခေါက်တွင် ရှုမိသားစုသည် မိတ်ကပ်ပညာရှင် နှစ်ဖွဲ့-သုံးဖွဲ့မျှ ဖိတ်ခေါ်ထားလေသည်။ ကျင်းယွင်ကျောင်း၊ စူးချူနှင့် ရှောင်ဟိုင်ချင်တို့အားလုံးအား အထူးဝတ်စားဆင်ယင်ပေးရန်ဖြစ်၏။

“ခုနတုန်းက နင်တို့ဘာတွေပြောနေတာလဲ?”

အစေခံသည် သူတို့စကားများကို မကြားလိုက်သော်လည်း ကျင်းယွင်ကျောင်း၏ဆန္ဒအလျောက် မေးလိုက်သေး၏။

ထိုမိန်းကလေးနှစ်ဦးမှာ အမေးခံလိုက်ရသောအခါ ထိတ်လန့်သွားကြပြီး ချက်ချင်းဆိုသလို မျက်နှာများ သွေးဆုပ်သွားတော့သည်။

သူတို့၏အသံသည် သေချာပေါက်တိုးပျော့ခဲ့ပေသည်။ ဧကန္တ အခန်းထဲမှလူများ ကြားနိုင်သလော?

နှစ်ဦးသားသည် စကားတစ်ခွန်းမှမဟဘဲ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ဤအစေခံမိန်းကလေးမှာ ယခုတစ်လောတွင် ကျင်းယွင်ကျောင်းအနောက်သို့လိုက်ပြီး သူမအား ပြုစုကူညီပေးနေသောလူဖြစ်သည်။ ဤအစေခံမိန်းကလေးမှာ အလွန်ပင် ပါးနပ်လှပေသည်။ သူတို့၏ပုံစံကိုကြည့်လိုက်သည်နှင့် ကျင်းယွင်ကျောင်းပြောသည်မှာ မှန်နေကြောင်း သူမသိလိုက်တော့သည်။ သူမမျက်နှာသည် ချက်ချင်းဆိုသလို မာကြောသွားတော့၏။

“ကျေးဇူးပြုပြီးထွက်သွားပေးပါ ကျန်တဲ့အလုပ်တွေကို လုပ်စရာမလိုတော့ဘူး!”

Space and Rebirth 1002

တံခါးအပြင်ဘက်ရှိ မိတ်ကပ်ပညာရှင်နှစ်ဦးသည် ၎င်းကိုကြားလိုက်ရသည်နှင့် ချက်ချင်းရှက်ကိုးရှက်ကန်းဖြစ်သွားကြ၏။ ထပ်မံစဥ်းစားကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်းမှ သူတို့စကားကိုမကြားလောက်ဟု ထင်လိုက်၏။ ထို့ကြောင့် သူတို့သည် ဒေါသအနည်းငယ်မထွက်မိဘဲမနေချေ။

“ဘာလို့ပြန်ခိုင်းတာလဲ? ကျွန်မတို့က ဒီမှာခဏရပ်နေရုံပဲရှိတာကို”

နှစ်ဦးထဲမှ တစ်ဦးက အပြစ်မလုပ်ထားဟန်ဖြင့် ပြောလိုက်သည်။ သူမသည် စကားပြောရင်းဖြင့် အခန်းထဲသို့ပတ်ကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်း၏မျက်နှာတစ်ခြမ်းကို မြင်လိုက်တော့သည်။ ရုတ်ချည်းဆိုသလို ကျင်းယွင်ကျောင်းအား သူမမြင်ဖူးနေကြောင်း ခံစားမိလိုက်၏။ ခေတ္တအကြာတွင် သူမမျက်လုံးများဝင်းလက်သွားပြီး သုတ်သီးသုတ်ပြာဖြင့် အော်လိုက်သည်။

“နင်က ကျင်းယွင်ကျောင်းမှတ်လား? ငါက နင့်ဝမ်းကွဲလေ?!”

ကျင်းယွင်ကျောင်းကြားသောအခါ အနောက်သို့လှည့်ကြည့်လိုက်သည်။ တံခါးအပြင်ဘက်ရှိ ထိုမိတ်ကပ်ပညာရှင်မှာ ပို၍ပင်စိတ်လှုပ်ရှားသွားတော့သည်။

“တကယ်ပဲ နင်ဖြစ်နေတာပါလား!”

ကျင်းယွင်ကျောင်းသည် နံဘေးရှိလူအား လက်ဖြင့်ကာတားလိုက်ပြီး တံခါးဝဆီသို့လျှောက်သွားလိုက်သည်။ ဤအမျိုးသမီးအား ကြည့်လိုက်သောအခါ အနည်းငယ်သူစိမ်းဆန်နေကြောင်း ခံစားလိုက်ရ၏။

“ဘယ်သူလဲ?”

ကျင်းယွင်ကျောင်းမျက်နှာထားမှာ အေးစက်နေသည်။ သူမအား ဂုဏ်သိက္ခာရှိအငွေ့အသက်များက လွှမ်းခြုံထားပြီး သူမလေသံမှာလည်း အမိန့်အာဏာသံစွတ်နေ၏။

ယနေ့ရောက်လာသော မိတ်ကပ်ပညာရှင်အဖွဲ့များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အတူတကွမရှိသောကြောင့် အခန်းထဲမှလူများမှအပ ကျန်လူများကို ကျင်းယွင်ကျောင်းမမြင်ဖူးချေ။

“ငါကနင့်ဝမ်းကွဲလေ! မေ့သွားပြီလား? ငယ်ငယ်တုန်းကတောင် နင်ငါတို့အိမ်ကိုလာခဲ့သေးတယ်၊ အဲ့တုန်းက ငါမုန့်စားနေတာကိုမြင်ရင် နင်ဘေးမှာ လာပြီးသွားရည်ကျနေတာလေ၊ ဒါပေမယ့် ငါက နင့်ထက်အသက်နည်းနည်းကြီးတော့ မြို့တော်ထဲကိုရောက်တာ နှစ်နည်းနည်းကြာပြီ၊ ဟုန်ယဲ့ကိုရှာဖို့ နင့်ကျောင်းကိုသွားရင်း အဝေးကနေတောင် နင့်ကိုမြင်လိုက်ရသေးတယ်၊ အဲ့တုန်းက နင့်ပုံစံက လှလိုက်တာလို့ တွေးမိတာတောင် မှတ်မိသေးတယ်”

တစ်ဖက်လူမှ စိတ်လှုပ်ရှားစွာ ပြောနေဆဲဖြစ်သည်။

ကျင်းယွင်ကျောင်းမျက်လုံးပေါက်များ ကျဥ်းမြောင်းသွားသည်။ ဤတစ်ယောက်မှာ ချောင်မိသားစု၏ ဆွေမျိုးဖြစ်နေသည်ပင်။

သူမပြောသောစကားများကိုကြားပြီးနောက် ကျင်းယွင်ကျောင်းသည် သူမအား မှတ်မိသလိုရှိသွား၏။

ကျင်းယွင်ကျောင်းသည် မိမိငယ်ဘဝကို ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲဖြစ်သည်။ ဤအမျိုးသမီးသည် ချောင့်ဝေ့မင်ဝမ်းကွဲ၏သမီးဖြစ်ရမည်။ သူတို့မှာ ဆွေမျိုးဝေးများဟု သတ်မှတ်နိုင်ပေသည်။ သို့ရာတွင် သေးငယ်သောနယ်မြို့ကလေးတွင် အတူနေခဲ့ကြသောကြောင့် ငယ်စဥ်က မကြာခဏဆိုသလို တွေ့ခဲ့ကြလေသည်။ ချောင်ဟုန်ယဲ့သည် ဤဝမ်းကွဲ၏အနောက်သို့ တကောက်ကောက်လိုက်ကာ သူမအား စနောက်တတ်၏။ ထိုအချိန်က သူတို့နှစ်ဦးသား မုန့်စားချိန်တိုင်းတွင် သူမသည် နံဘေးမှ ထိုင်ကြည့်တတ်သည်။

ထိုစဥ်က သူမသည် လေးနှစ်-ငါးနှစ်သာရှိသေးသဖြင့် အစားအလွန်မက်ခဲ့ပေသည်။ သို့ရာတွင် ငယ်စဥ်မှစ၍ ခေါင်းမာသူဖြစ်ခဲ့သောကြောင့် သွားရည်တော့မကျလောက်ပါပေ။

သို့ရာတွင် နောက်နှစ်အနည်းငယ်ကြာသောအခါ ဤဝမ်းကွဲမိန်းကလေးသည် တက္ကသိုလ်တက်ရန် မြို့တော်သို့ သွားခဲ့၏။ ထိုအချိန်က သူမသည် အလားအလာကောင်းကြောင်း ချောင်မိသားစုဆွေမျိုးများအားလုံး ချီးကျူးခဲ့ဖူးသည်။ ယဲ့ချင်သည်လည်း သူမနှင့် ချောင်ဟုန်ယဲ့ရှေ့တွင် ဤမိန်းကလေးအကြောင်း ဥပမာပြ၍ မကြာခဏဆူပူခဲ့ဖူးသည်။

ထို့နောက်တွင် သူမသည် ဤမိန်းကလေးအား ထပ်မတွေ့တော့ချေ။ ထို့ကြောင့်လည်း မမှတ်မိခြင်းဖြစ်၏။

စဥ်းစားကြည့်လိုက်သောအခါ သူမ၏မျိုးရိုးနာမည်မှာ စုန် ဖြစ်ကြောင်း မှတ်မိသော်လည်း သူမ၏နာမည်အပြည့်အစုံကိုမူ မသိတော့ပေ။

ယခုတွင် အခန်းထဲရှိလူများစွာမှာ ကျင်းယွင်ကျောင်းအား ကြည့်နေကြ၏။ အချို့မှာ သိချင်စိတ်များပြင်းပြပြီး တီးတိုးတီးတိုးပြောနေကြလေပြီ။ မိသားစုနှင့် ပြန်ပေါင်းစည်းသည်မှာ မကြာသေးသော သခင်မလေးက ဒုက္ခရောက်နေသောဆွေမျိုးဟောင်းကိုတွေ့သည်ဖြစ်ရာ ပွဲကြီးပွဲကောင်းတစ်ခုခုဖြစ်နိုင်သည်မဟုတ်လော။

“ကျေးဇူးပြုပြီး ထွက်သွားပေးပါလား”

ကျင်းယွင်ကျောင်းသည် အနောက်သို့လှည့်ကာ အညှာအတာကင်းမဲ့စွာဖြင့် ပြောလိုက်၏။

“ယွင်ကျောင်း! ငါကနင့်ဆွေမျိုးပါ တကယ်နင့်ဝမ်းကွဲပါဆို! နင်အရင်က နင်းမြို့တော်မှာ နေခဲ့တယ်မှတ်လား၊ နင်ငယ်ငယ်တုန်းက ဖြူဆုပ်ပြီး ပိန်ချုံးနေခဲ့တာလေ၊ ငါ့အဒေါ်သာ နင့်ကိုခေါ်မမွေးခဲ့ရင် နင်အခုသေနေလောက်ပြီ၊ ဒါနဲ့ ငါပြန်မရောက်တာကြာနေတာတောင် နင့်အဖေက ဒုက္ခိတဖြစ်နေပြီး နင့်ညီမကပျောက်နေတယ်ကြားတယ်၊ နင့်အဖေက အိမ်မှာတစ်ယောက်တည်းမှတ်လား၊ ထမင်းတောင်စားနိုင်မှာမဟုတ်ဘူး သူ့ဘဝက ဒီလောက်ခက်ခဲတာကို! နင်က အခုနာမည်တစ်လုံးရပြီး ရှုမိသားစုရဲ့ မြေးဖြစ်နေပြီဆိုတော့ နင့်အဖေကို မြန်မြန်ပြန်ခေါ်ပြီး ကောင်းကောင်းမွန်မွန်ထားသင့်တယ်မထင်ဘူးလား!”

အစေခံသည် သူမအား တွန်းထုတ်ဖယ်ရှားနေ၏။ ထိုအရာကို အမျိုးသမီးသည် စိတ်ထဲတွင် အနည်းငယ်ဒေါသထွက်သွားသဖြင့် အရာအားလုံးကို ကရားရေလွှတ်ပြောတော့သည်။

သူမနံဘေးရှိလူများက ဤအရာကိုကြားလိုက်သောအခါ မျက်နှာအမူအရာတစ်မျိုးဖြစ်သွားကြ၏။ သူတို့သည် သူဌေးသမီးဖြစ်နေသော ကျင်းယွင်ကျောင်းအား ခေါင်းအစခြေအဆုံးကြည့်လိုက်တော့သည်။

သူတို့သာ သူမ၏အတိတ်အကြောင်း မကြားခဲ့လျှင် သူမသည် ဂုဏ်သရေရှိမိသားစုတွင် မွေးဖွား၍ကြီးပြင်းလာသူဟု အားလုံးကထင်ကြပေမည်။

“သူ့ကိုမောင်းထုတ်လိုက် စကားတစ်ခွန်းကိုနှစ်ခါမပြောချင်ဘူး”

ကျင်းယွင်ကျောင်းအေးစက်စွာပြောလိုက်၏။ ချက်ချင်းဆိုသလို ထိုမိန်းကလေးသည် အပြင်သို့ဆွဲထုတ်ခံလိုက်ရ၏။ တံခါးသည် ဂျိမ်းခနဲအသံမြည်ဟည်းကာ တင်းကြပ်စွာ ပိတ်သွားတော့သည်။

Space and Rebirth 1003

ကျင်းယွင်ကျောင်းသိပ်အထိမနာပါချေ။ ထိုမိန်းကလေးမှာ အရေးမပါသော အပြင်လူတစ်ဦးသာ ဖြစ်သည်မဟုတ်လော။

သို့ရာတွင် မိမိ၏ “ဆွေမျိုးဟောင်း” အပေါ်ပင် ဤမျှလောက်အညှာအတာကင်းမဲ့သည်ကို အခြားသူများက မြင်သွားသောအခါ သူတို့သည် အနည်းငယ်ရင်တုန်သွားပြီး သူမမျက်နှာပေါ်ရှိ မိတ်ကပ်အား သတိတကြီးဖြင့် လျင်လျင်မြန်မြန် လိမ်းကျံပေးလိုက်ကြ၏။

ရုတ်ချည်းဆိုသလို တစ်ခန်းလုံး အပ်ကျသံပင်မကြားလောက်အောင် ဆိတ်ငြိမ်သွားသည်။ ယခင်က အလှဖန်တီးရှင်များသည် သူမအား မကြာခဏဆိုသလို ချီးမွမ်းတတ်ကြသော်ငြား ယခုတွင် မည်သူမှ သူမကို စကားမပြောရဲတော့ချေ။

ကျင်းယွင်ကျောင်း၏ရုပ်ရည်အသွင်အပြင်မှာ ထူးကဲလွန်းလှ၏။ သူမအတွက် အင်္ကျီအဝတ်အစားနှင့် မိတ်ကပ်ဟူသည်မှာ အပေါ်ယံခြယ်သမှုများသာဖြစ်သည်။ ထို့ကြောင့် မိတ်ကပ်ထူထူမလိမ်းလျှင်ပင် သူမသည် အလွန်ပင်မျက်စိကျိန်းဖွယ်ကောင်းနေဆဲဖြစ်၏။ သူမ၏စရိုက်ဖြင့်ဆိုလျှင် မည်သူကမှ သူမ၏တောက်ပဝင့်ထည်နေမှုကို လုယူရဲမည်မဟုတ်ပေ။

ခေတ္တအကြာတွင် စူးချူနှင့် ရှောင်ဟိုင်ချင်းတို့လည်း အသင့်ဖြစ်နေပြီး သူမရှေ့တွင် ပေါ်လာကြသည်။

စူးချူမှာ ကိန်းကြီးခန်းကြီးမဆန်သော ပန်းနုရောင်ဂါဝန်ရောင်လေးအား ဝတ်ဆင်ထားသည်။ ရှောင်ဟိုင်ချင်း၏ မက်မွန်ဖူးသဏ္ဍာန်မျက်လုံးများမှာ ဆွဲဆောင်မှုရှိလွန်းနေလေပြီ။ အနီရောင်သာဝတ်ဆင်ပါက သူမသည် ပိုမိုရင့်ကျက်သည့်ပုံ ပေါ်သွားပေမည်။ သို့သော် သူမသည် ငယ်ရွယ်သေးသောကြောင့် တမင်စိတ်ထိန်းကာ မိုးပြာရောင်ဂါဝန်ကိုသာ ဝတ်ဆင်လိုက်၏။ သူမဆံပင်ကို အပေါ်သို့စည်းထားလေ၏။ ညှို့အားပြင်းလွန်းသည်မဟုတ်သော်လည်း ဖြူစင်လွန်းနေသည်လည်း မဟုတ်ပေ။ သူမ၏လက်ရှိပုံစံနှင့် အလွန်လိုက်ဖက်လှ၏။

“နင့်မွေးနေ့ပွဲဆိုတော့ ငါတို့နှစ်ယောက် ဒီလောက်ပြင်ပြင်ဆင်ဆင်ဝတ်တာ သင့်တော်ပါ့မလား?”

ရှောင်ဟိုင်ချင်းသည် သူမအင်္ကျီစကိုဆွဲကာ မျက်မှောင်ကြုတ်လိုက်သည်။

“ဘာမသင့်တော်စရာရှိလဲ? ဒီနေ့လာတဲ့ တခြားအမျိုးသမီးတွေတောင် နင်တို့ထက်ပြင်လာကြဦးမှာ”

ကျင်းယွင်ကျောင်းပြုံးကာ အမှန်အတိုင်းပြောလိုက်သည်။

သူမပထမဦးလေးသည် အိမ်တွင် ပါတီပွဲများ ကျင်းပလေ့သိပ်မရှိချေ။ ပါတီပွဲများကို တက်ရောက်လျှင်လည်း အများစုမှာ အလုပ်အတွက်သာဖြစ်သည်။ ဤတစ်ခေါက်တွင် သူမမွေးနေ့ဖြစ်သောကြောင့် လူငယ်များစွာ လာကြပေမည်။ ပထမအချက်အနေဖြင့် သူမအား မိတ်ဆွေဖွဲ့ချင်သောလူများရှိသောကြောင့်ဖြစ်ပြီး ဒုတိယအနေဖြင့် သူမဦးလေးအငယ်ပြန်ရောက်သောကြောင့်ဖြစ်သည်။ သူမဦးလေးအငယ် လူပျိုကြီးမှာ ပျိုတိုင်းကြိုက်သောနှင်းဆီဖြစ်သဖြင့် ပျားများ၊ လိပ်ပြာများက ရောက်ရှိလာကြပေပြီ။

စူးချူနှင့် ရှောင်ဟိုင်ချင်းမှာ ဤသို့ဝတ်စုံမျိုးအား ဝတ်နေကျမရှိသော်လည်း မကြာမီတွင် သူတို့နှစ်ဦးဝတ်စားထားပုံမှာ အလွန်ပင်ရိုးရှင်းကြောင်း သိသွားတော့သည်။

မွေးနေ့ပွဲ၏ အဓိကဇာတ်ဆောင်ဖြစ်သော ကျင်းယွင်ကျောင်းကဲ့သို့ပင် သူတို့ဝတ်စုံများမှာ ကိန်းကြီးခမ်းကြီးဆန်မနေပေ။

ကျင်းယွင်ကျောင်းပြောသလိုပင် ပွဲလာဧည့်သည်များစွာရှိနေ၏။ ရှုမိသားစုအိမ်အား နတ်ဘုံနတ်နန်းတမျှ အလှဆင်ထားသဖြင့် အလွန်တရာလှပခမ်းနားနေလေသည်။ ပွဲကျင်းပသောနေရာမှာ ပို၍ပင် အထက်တန်းကျပြီး ပွဲအငွေ့အသက်များမှာလည်း သင်းပျံ့ကာ တစ်ဝင်းလုံးကို လွှမ်းခြုံထားသည်။

မီတာအနည်းငယ်ခန့်အကွာတွင်ရှိနေသော သံဂိတ်တံခါးအား ကျယ်ကျယ်ဖွင့်ထား၏။ ထိုသံမဏိတံခါးမှ မဝင်ခင်ကပင် ဤအိမ်အိုကြီး၏ ခမ်းနားမှုကို ခံစားရနိုင်ပေသည်။

ဖန်လီချင်းသည် မိန်းကလေးတစ်ဦးနှင့်အတူ ဝင်လာ၏။ သူ၏မျက်နှာမှာ အပြုံးပန်းများ ပွင့်လန်းနေပြီး သူ၏တြိဂံကျသောမျက်လုံးများက ဘေးဘီဝဲယာ ပတ်ကြည့်နေသည်။ သူ၏အသိများကိုတွေ့သည်နှင့် ချက်ချင်းဆိုသလို နှုတ်ခွန်းဆက်လိုက်သည်။

ရှုယွမ်ထက်မှာ တည်ကြည်မှန်ကန်သောသူဖြစ်သည့်အလျောက် ဖြောင့်မတ်သောလုပ်ငန်းရှင်များကိုသာ မျက်နှာသာပေးကြောင်း အားလုံးသိကြ၏။ သူနှင့်ရင်းနှီးသောဧည့်သည်များအားလုံးမှာလည်း အထက်တန်းလွှာအသိုင်းအဝိုင်းမှလူများသာဖြစ်သည်။

ဖန်လီချင်းတွင် ပစ္စည်းဥစ္စာကြွယ်ဝသော်ငြား သူသည် ပရဟိတအလုပ်ကို လုပ်လေ့လုပ်ထမရှိဘဲ အခြားသူများအား ခေါင်းပုံဖြတ်အမြတ်ထုတ်တတ်သူတစ်ဦးဖြစ်၏။ သူနှင့် အမှန်တကယ်ချမ်းသာကုံလုံသော မိသားစုကြားတွင် ကွာဟချက်တစ်ခုရှိနေသေးပေသည်။ ရှုယွမ်ထက်၏သဘောဖြင့်ဆိုလျှင် သူ့အား ဖိတ်ခေါ်ရန် မဖြစ်နိုင်သလောက်နီးပါးရှိ၏။

“ဝေဝေ ခဏနေ မြို့တော်ဝန်ရှုရဲ့တူမကိုတွေ့ရင် သမီးပါးနပ်မှဖြစ်မယ်နော်၊ သမီးတို့နှစ်ယောက်က သက်တူရွယ်တူဆိုတော့ သူနဲ့သူငယ်ချင်းလုပ်တာအကောင်းဆုံးပဲ ဟုတ်ပြီလား?”

ဖန်လီချင်းသည် လမ်းလျှောက်ရင်းဖြင့် သူ၏သမီးကိုပြောလိုက်သည်။

ဖန်ဝေဝေမှာ ယခုနှစ်တွင် အသက်နှစ်ဆယ်ပြည့်လေပြီ။ သူမမျက်နှာမှာ ချိုသာနေပြီး အထက်တန်းကျောင်းသူတစ်ဦးနှင့်တူလေ၏။

“ဟုတ်ကဲ့ အဖေ”

ဖန်ဝေဝေသည် အတန်ငယ်တောင့်တင်းနေသောအပြုံးဖြင့် သုတ်သုတ်ပြာပြာပြန်ဖြေလိုက်သည်။

သူမသည် နှစ်စဥ်နှစ်တိုင်း ဤသို့သောပွဲမျိုး ဘယ်နှစ်ပွဲမျှတက်ခဲ့သည်ကိုပင် မသိတော့ချေ။ သူမသည် ယောက်ျားလေးတစ်ဦးမဟုတ်သည့်အပြင် သူမမိခင်မှာလည်း မောင်လေးမမွေးခဲ့သောကြောင့် အိမ်တွင် သူမသည် မိမိအဖေမျက်နှာကိုကြည့်ပြီး နေနေရ၏။

သူမမိခင်ကိုတွေးလိုက်သောအခါ ဖန်ဝေဝေ၏နှလုံးသားအနည်းငယ်နာကျင်သွားရသည်။ ယနေ့ခေတ် ယနေ့အခါတွင် သူမမိခင်ကဲ့သို့ သတ္တိနည်းသောလူမျိုး ရှိမည်မထင်ချေ။ သူမမိခင်သည် ယောက်ျားဖြစ်သူ၏စကားကို မြေဝယ်မကျနားထောင်ရုံမက သူမနှင့် သွေးမတော်သားမစပ်သော တရားမဝင်သားနှစ်ဦးကိုပင် ပျိုးထောင်ပေးခဲ့ရသည်။

သူမ၏အဖေတူအမေကွဲမောင်လေးနှစ်ယောက်အပြင် အခြားသောအဖေတူအမေကွဲ ညီအစ်မများ မည်မျှရှိနေမည်ကို သူမမသိပါချေ။

Space and Rebirth 1004

ဖန်လီချင်းသည် ထုတ်ကုန်တစ်ခုကို ကြေညာနေသည့်အလား သူ၏သမီးကို တစ်ပါတည်းခေါ်လာ၏။ သူသည် အပြုံးတစ်ပွင့်ဖြင့် သူ၏သမီးဖြစ်သူကို မိတ်ဆက်ပေးလျက်ရှိသည်။ ကံကောင်းစွာဖြင့် ယနေ့ရောက်လာကြသော ဧည့်သည်အများစုမှာ မိသားစုထဲမှ သားများ၊ တူများ၊ တူမများစသဖြင့် လူငယ်များဖြစ်သောကြောင့် အထူးတလည် နေရခက်စရာမရှိပေ။

ယုတ္တိကျကျပြောရလျှင် ရှုယွမ်ထက်သည် ပွဲအပြီးတွင် ကျင်းယွင်ကျောင်းအား လူတိုင်းနှင့်မိတ်ဆက်ပေးမည်ဖြစ်၏။ သို့သော် ယခုအချိန်တွင်မူ စောပေသေးသည်။ ဟော်ထျန်းရှန်းနှင့် ယန်ရှင်းယွဲ့တို့ ရောက်မရောက် မသိသေးသဖြင့် ကျင်းယွင်ကျောင်းသည် မိတ်ကပ်ပြင်ပြီးသည်နှင့် ရှောင်ဟိုင်ချင်း၊ စူးချူတို့ဖြင့် အပြင်သို့ထွက်ကြည့်လိုက်၏။

“လူတွေအများကြီးပဲ”

စူးချူသည် အာမေဋိတ်ပြုလိုက်သည်။ သူမသည် သစ်သီးဝိုင်တစ်ခွက်အား ကောက်ယူကာ အနံ့ရှူကြည့်လိုက်တော့သည်။ ရုတ်ချည်းဆိုသလို သူမသည် နှုတ်ခမ်းကိုသပ်လိုက်တော့၏။

“ငါဒီအနံ့ကိုသိတယ် အစ်ကိုပိုင်ရဲ့ကုမ္ပဏီကမှတ်လား!”

“ခွေးနှာခေါင်း”

ရှောင်ဟိုင်ချင်းမှ တမင်ကျီစယ်လိုက်သည်။

“အစ်ကိုပိုင်ရဲ့ကုမ္ပဏီက ဝိုင်တွေက အနံ့ကောင်းလွန်းလို့ပါဟ၊ ဒီဝိုင်ချက်နည်းကို ငါ့အစ်မက ပေးထားတာလေ!”

စူးချူသည် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်ပြီး သူမမျက်လုံးများက ကြယ်များကဲ့သို့ တောက်ပသွားသည်။

ကျင်းယွင်ကျောင်းသည် မပျော်ရွှင်မိဘဲ မနေတော့ချေ။ သူမပြောလိုက်သည်။

“ခဏနေရင် နင်တို့ကို ငါ့အခန်းဖော်နှစ်ယောက်နဲ့ ပေးတွေ့မယ်”

“အခန်းဖော်က သုံးယောက်ရှိတာမဟုတ်ဘူးလား?”

ရှောင်ဟိုင်ချင်း နားမလည်ချေ။

“တစ်ယောက်က တခြားနယ်ကို ရောက်နေလို့၊ သူ့မိဘတွေနဲ့ အစ်ကိုက သူ့ကို အနီးကပ်စောင့်ကြည့်နေတော့ သူလာလို့မရဘူး”

ကျင်းယွင်ကျောင်းရှင်းပြလိုက်သည်။

ရှောင်ဟိုင်ချင်း ခေါင်းငြိမ့်လိုက်၏။ သူမသည် ယခင်က ကျင်းယွင်ကျောင်း၏သူငယ်ချင်းတစ်ဦးကို တွေ့ဖူးပေသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုမိန်းကလေးမှာ သူဌေးမိသားစုကဖြစ်ကြောင်း သိနိုင်၏။ ထိုမိန်းကလေးမှာ ပွင့်လည်းပွင့်လင်းပေသည်။ အနည်းငယ်မော်ကြွားဟန်ရှိသော်ငြား လူများကို ကောင်းကောင်းမွန်မွန်ဆက်ဆံတတ်၏။

စူးချူသည် ကျင်းယွင်ကျောင်းအနားတွင် ရှိသမျှကို အလွန်သိချင်နေမိသည်။ ကျင်းယွင်ကျောင်းတွင် သူငယ်ချင်းအသစ်များရှိကြောင်း ကြားလိုက်ရသောအခါ အလွန်ပျော်ရွှင်မြူးတူးသွားပြီး သူမအနောက်သို့သာ လိုက်တော့၏။ အခြားနေရာများသို့ တစ်‌ယောက်တည်းသွားရန် သူမတွင် အစီအစဥ်မရှိချေ။ ယောက်ျားလေးနှစ်ဦးဖြစ်သော ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားမှာမူ လူအုပ်တောထဲ တိုးနှင့်လေပြီ။ မိန်းကလေးသုံးဦးသားကို အဝေးမှ တွေ့လျက်ပင် သူမတို့နောက်သို့မလိုက်ခဲ့ချေ။

လူအုပ်ကြားထဲတွင် အချိန်တစ်ခုမျှ ရှာဖွေပြီးနောက် ကျင်းယွင်ကျောင်းသည် ဟော်ထျန်းရှန်းနှင့် ယန်ရှင်းယွဲ့အား တွေ့သွားတော့သည်။

ပင်မအဆောင်အပြင်ဘက်ရှိနေရာမှာ လဟာပြင်မဟုတ်သောကြောင့် အလွန်နွေးပေသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့မှာ ပုခုံးပေါ်၌ အမွေးပွခြုံပုဝါများ လွှမ်းထားကြသေး၏။ အလွန်ပင်လှပကာ နွေးထွေးသည့်ပုံပေါက်လေသည်။ တစ်ဖက်တွင်မူ ‌ဟော်ထျန်းရှန်း၏ပုံစံမှာ အလွန်ပင် ဆွဲဆောင်မှုပြည့်ဝနေသည်။ သူမပုဝါမှာ မြေကြီးသို့ထိလုနီးပါးဖြစ်နေပြီး ဆယ်စင်တီမီတာအမြင့်ရှိ ဒေါက်ဖိနပ်များကို ဝတ်ဆင်ထားသည်။ သူမ၏အင်္ကျီအရောင်မှာ ကျင်းယွင်ကျောင်းနှင့်အတူတူဖြစ်၏။ သူမသည် အလွန်ပင် ဣန္ဒြေရှိပြီး မောက်မာသည့်ပုံပေါက်လေသည်။

၎င်းကို စူးချူမြင်လိုက်ရသောအခါ အနည်းငယ်အံ့အားသင့်မိသွား၏။

ဤမိန်းကလေးမှာ...ထောင်လွှားလွန်းလှသည်။

သူမနံဘေးတွင်ရှိနေသော ယန်ရှင်းယွဲ့မှာမူ အမှောင်ထုထဲမှထွက်လာသလိုပင်။ သူမသည် အဆောင်အယောင်များ မပါဝင်သော အလွန်ရိုးရှင်းသည့်အင်္ကျီများကို ဝတ်ဆင်ထားသည်။ သူမပုံစံမှာ ခပ်လျှိုလျှိုဖြစ်နေသဖြင့် မည်သူမှ သူမအား မြင်နိုင်လိမ့်မည်မဟုတ်ချေ။

ထိုတင်မက သူမတို့နံဘေးတွင် ယောက်ျားကြီးနှစ်ဦးလည်း ပါလာ၏။ သူတို့မှာ ဟော်ထျန်းရှန်း၏ဖခင်နှင့် ယန်ရှင်းယွဲ့၏ဦးလေးဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ချက်ချင်းထသွားကာ သူတို့အား နှုတ်ဆက်လိုက်၏။

အနောက်တွင်ရှိနေသော ဖန်လီချင်းမှာ ကျင်းယွင်ကျောင်းအား ရိပ်ခနဲမြင်လိုက်ရသည်။ သူ၏မျက်ဝန်းများ မှောင်ရိပ်သန်းသွားသည်။ သူသည် အစေခံတစ်ဦးအား ဘေးသို့ဆွဲခေါ်၍ မေးလိုက်တော့၏။

“အဲ့ကောင်မလေးတွေက ဘယ်သူတွေလဲ?”

“သူတို့လား? ကျွန်မတို့သခင်မလေးရဲ့ သူငယ်ချင်းဟောင်းတွေပါ”

ထိုအစေခံမှ အကြမ်းဖျင်းဖြေလိုက်သည်။

“သူငယ်ချင်း? သူငယ်ချင်းဟောင်း? မင်းတို့သခင်မလေးက အရင်တုန်းက လေလွင့်ပြီးနေခဲ့တာမဟုတ်ဘူးလား?”

ဖန်လီချင်းထပ်မေးလိုက်ပြန်၏။

“ဟုတ်ကဲ့ အဲ့တုန်းက သူတို့ရင်းနှီးခဲ့ကြတာပါ”

အစေခံဖြစ်သူမှ ချက်ချင်းဆိုသလို ခေါင်းငြိမ့်လိုက်သည်။

ဖန်လီချင်းသည် ထိုအစေခံအား ဆွဲထားရာမှ လက်ကိုလွှတ်ပြီး ကောက်ကျစ်သောအပြုံးကို ပြုံးလိုက်သည်။

ထိုမိန်းကလေးမှာ သူထိပါး၍မရနိုင်သောသူဟု ထင်ခဲ့သော်လည်း လက်တွေ့တွင် မည်သည့်နေရာကလာမှန်းမသိသော တောသူမတစ်ဦးသာဖြစ်နေ၏။ ယခင်က သူမသည် ပိုင်ယွီအန်းအားကိုးဖြင့် သူ့အား အရှက်ခွဲခဲ့သည်။ ဤတစ်ခေါက်တွင်မူ...

ရှုမိသားစု၏သခင်မလေးအသစ်သည် ရုတ်တရတ်ဆန်စွာ ကိုင်းကူးလာသောကြောင့် အတိတ်မှ ခါးသီးသောနေ့ရက်များကို မမှတ်မိချင်လောက်ပေ။ ထို့အပြင် ဤနေရာတွင် အလွန်အလုပ်ရှုပ်နေသောကြောင့် ဤမိန်းကလေးများအား မည်သူမှဂရုစိုက်မည်မဟုတ်။ ထို့ကြောင့် နောက်ပိုင်းတွင် သူမသည် အရှက်ခွဲခံရလျှင်ပင် သူမဘက်မှ ရပ်တည်ပေးမည့်သူရှိမည်မဟုတ်ချေ။ မည်သူက ဤအရိုင်းဆန်သောမိန်းကလေးအတွက် လေကုန်ခံပေးမည်နည်း?

All Chapters