အခန်း (၁၀၀၅-၁၀၀၈)
Vol. 51 Ch. 1005-1008
Space and Rebirth 1005
ဖန်လီချင်းသည် ဤအရာကိုတွေးကြည့်လိုက်သည်နှင့် မျက်နှာပေါ်၌ နှစ်ထောင်းအားရဟန်များ ပေါ်ပေါက်လာပြီး သူ၏စိတ်လည်း များစွာကြည်လင်သွားတော့သည်။
မိမိအဖေဖြစ်သူ၏ပုံစံကို မြင်လိုက်ရသောအခါ ဖန်လီချင်း၏သမီးသည် စိတ်ပျက်ဝမ်းနည်းမိသွား၏။ သူမဖခင်သည် ဤအချိန်တွင် ယုတ်မာပက်စက်သောအကြံအစည်တစ်ခုခုကို တွေးနေလိမ့်မည်ဟု သူမခန့်မှန်းလိုက်တော့သည်။ အစောပိုင်းက ထိုမိန်းကလေးများအား ကြည့်နေပုံမှာ သူမတို့အား အရှင်လတ်လတ်ဝါးမြိုချင်နေသကဲ့သို့ပင်။ ဤသည်မှာ ရှုမိသားစုအိမ်ဖြစ်သည့်တိုင် သူသည် ပြသာနာရှာရန် မကြောက်ချေ။
သို့ရာတွင် သူပြသာနာရှာ၍ အပြစ်ပေးခံရလျှင်ပင် သမီးဖြစ်သူအနေဖြင့် မည်သို့သောသနားစိတ်မျိုးမှ ဝင်မည်မဟုတ်ချေ။ ထိုသို့သောမြင်ကွင်းမျိုးကိုတွေ့ရပါက သူမသည် ပျော်ပင်ပျော်ချေမည်။
သူမနှင့် သူမမိခင်၏ဘဝသည် ကြမ်းတမ်းခက်ခဲလွန်းခဲ့၏။ သူတို့အမုန်းဆုံးယောက်ျားမှာ သူမဖခင်ဖြစ်သည်။ သူမဖခင်ဖြစ်သူမှ ဒေဝါလီခံပြီး ငွေကြေးအင်အားဆုံးရှုံးသွားမည့်နေ့ရက်ကို စောင့်ဆိုင်းနေမိသည်။ ထိုမှသာ သူမမိခင်သည် လွယ်လင့်တကူ ကွာရှင်းနိုင်ပေမည်။ သူမတွင် ပိုက်ဆံမရှိလျှင်ပင် ဤသို့နေထိုင်ရသည်ထက် သာပေဦးမည်။
ထိုအချိန်တွင် ဟော်ထျန်းရှန်းနှင့် ကျင်းယွင်ကျောင်းတို့ တွေ့နေလေပြီ။
ဟော်ထျန်းရှန်းသည် သူမအား ဝေ့ကြည့်ကာ အနည်းငယ်စိတ်ဆိုးဟန်ဖြင့် ပြောလိုက်သည်။
“ဘယ်လိုလဲ? ဒီနေ့တော့ ငါ့အင်္ကျီနဲ့ နင့်ကိုအနိုင်ယူနိုင်ပြီမှတ်လား?”
ဤကောင်မစုတ်လေးသည် သူမကိုယ်သူမ ရှုမိသားစု၏သမီးတစ်ဦးဖြစ်ကြောင်း မပြောခဲ့ပေ။ သူမဖခင်မှ သူမအား ရှုမိသားစုပွဲသို့ခေါ်ခဲ့ချင်သောအချိန်က သူမသည် ငြင်းခဲ့၏။ သူမသည် ကျင်းယွင်ကျောင်းနှင့် ချိန်းထားသောအရာရှိသည်မဟုတ်လော။ ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို သူမအား ဖုန်းဆက်ပြီး ဤပွဲမှာ သူမအတွက်ဖြစ်ကြောင်း ပြောမည်ဟု မည်သူကထင်မည်နည်း?
“သေချာပေါက် နင်နိုင်တာပေါ့”
ကျင်းယွင်ကျောင်းသည် ဤအရာကိုပြောရင်း မရယ်မိဘဲမနေချေ။
သူမသည် ဟော်ထျန်းရှန်းအား မပြောခဲ့ရသောအကြောင်းရင်းမှာ ဟော်ထျန်းရှန်းသည် ဤအသိုင်းအဝိုင်းကဖြစ်သဖြင့် အနှေးနှင့်အမြန်သိမည့်လူဖြစ်သောကြောင့်ဖြစ်၏။ ထို့အပြင် ဟော်ထျန်းရှန်းအား ကြိုတင်ပြောထားလျှင် သူမမိဘများက သူမအား ရက်ပိုင်းလောက် ညွှန်ကြားစေခိုင်းနေမည်ကို စိုးသောကြောင့်ဖြစ်သည်။ သူမ၏ရည်ရွယ်ချက်အစစ်အမှန်မှာ ဟော်ထျန်းရှန်းအား လာစေချင်ရုံသာရှိသည်။ ထိုမျှမက ဟော်ထျန်းရှန်းကိုလည်း သူမနည်းနည်းကျီစယ်ချင်မိသည်။ ပုံမှန်ဆိုလျှင် လူများပါးစပ်အဟောင်းသားဖြစ်ရသော ကိစ္စမျိုးစုံအား စီစဥ်သူမှာ ဟော်ထျန်းရှန်းဖြစ်ခဲ့သဖြင့် ယနေ့တွင် သူမအနည်းငယ်လက်စားချေလိုက်ခြင်းဖြစ်သည်။
“ဟုတ်ပါပြီ ငါ့ကို လာမြှောက်ပြောမနေနဲ့”
ဟော်ထျန်းရှန်းသည် မျက်စောင်းထိုးကာ စိတ်ဆိုးသည့်ပုံစံဖြင့် ဟွန့်ခနဲအသံပြုလိုက်သည်။
ကျင်းယွင်ကျောင်းသည် တော်ဝင်ဆန်သောအငွေ့အသက်များ ရှိနေခဲ့လေသည်။ သူမအား ပထမဆုံးတွေ့သည့်အချိန်မှစ၍ ဟော်ထျန်းရှန်းသည် ၎င်းကို ခံစားမိခဲ့၏။ ယနေ့ ကျင်းယွင်ကျောင်းဝတ်ဆင်နေသောဝတ်စုံပင်လျှင် အခြားသူများထက် ပိုလက်ရာမြောက်၍ တောက်ပနေသလိုပင်။ သူတို့သည် မျက်စိကျိန်းလုနီးပါ မလှပသော်လည်း သူမအသားအရေ၊ အသွင်အပြင်နှင့် လိုက်ဖက်အပ်စပ်နေပြီး သူမအား ပြစ်မျိုးမှဲ့မထင် ပြီးပြည့်စုံစေသည်။
ဟော်ထျန်းရှန်းကိုယ်တိုင်ကလည်း အလွန်လှနေပေသည်။ အနီးအနားတွင်ရှိသော အမျိုးသမီးများ ၉၀% လောက်ကို နင်းချေနိုင်သောအင်အားမျိုးရှိ၏။ သို့ရာတွင် ရုပ်ရည်အသွင်အပြင်အရမူ သူမရှုံးသွားချေပြီ။
“နင်စိတ်ဆိုးနေတာလား?”
ကျင်းယွင်ကျောင်းသည် အပြုံးတစ်ပွင့်ဖြင့် မေးလိုက်၏။
“ဒီနေ့က နင့်မွေးနေ့ဟာကို ငါဘယ်လိုစိတ်ဆိုးရက်မှာလဲ?”
ဟော်ထျန်းရှန်းသည် သူမအား ဝေ့ကြည့်ကာ ရယ်လိုက်၏။ နောက်ခဏချင်းတွင် သူမသည် ကျင်းယွင်ကျောင်းအား ခေါင်းအစခြေအဆုံး ကြည့်ရှုလိုက်တော့သည်။
“ဒါနဲ့ နင်က ငါတို့ကို တကယ်လျှိုထားတာပဲနော်၊ မြို့တော်ဝန်ရှုရဲ့ တူမတဲ့...မြို့တော်ဝန်ရှုမှာ သမီးမရှိတာ လူတိုင်းသိတယ်၊ နင့်ကို သူ့သမီးအရင်းလို့ ဆက်ဆံမှာပေါ့ ဟုတ်တယ်မလား? ပြီးတော့ ရှုမိသားစုရဲ့ ဒုတိယသခင်လေးဆိုတာကလည်း သူ့ကိုမျက်စိကျနေတဲ့အမျိုးသမီးတွေမှ အများကြီးပဲ၊ ဒီနေ့ နင်ဘယ်သူလဲဆိုတာ ပြောပြလိုက်တာနဲ့ ဒီမှာရှိတဲ့ ယောက်ျား၊ မိန်းမအကုန် နင်နဲ့ရင်းနှီးချင်တော့မှာ သေချာတယ်၊ ယောက်ျားတွေက နင့်ကိုပိုးပန်းချင်ပြီးတော့ မိန်းမတွေကတော့ နင်ကနေတဆင့် ဒုတိယသခင်လေးရဲ့ ဇနီးလောင်း ဖြစ်ချင်လာမှာပဲ”
ဟော်ထျန်းရှန်းသည် တိတ်တခိုးတောက်ခေါက်လိုက်သည်။ သူမငယ်စဥ်ကတည်းကပင် သူမမိသားစုသည် ချမ်းသာကုံလုံသဖြင့် အထက်တန်းလွှာအသိုင်းအဝိုင်းမှ အရေးကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့်သိထား၏။ တစ်ခါတစ်ရံတွင် သူမမိဘများသည် သူမအား နားပူလုမတတ် သင်ကြားပေးခဲ့သဖြင့် သူမသည် အခြားသူများထက် အနည်းငယ်ပိုသိလေသည်။
ရှုမိသားစုမှာ အပေါ်ယံမြင်ရသလောက် မရိုးရှင်းပါပေ။ မြို့တော်ဝန်ရှု၏ တရားဝင်ရာထူးမှာ ဖြည်းဖြည်းချင်းအဆင့်တက်သွားခြင်းဖြစ်ပြီး နေ့ချင်းညချင်းဖြစ်သောအရာမဟုတ်သော်ငြား လွန်လေပြီးသောအချိန်က ရှုမိသားစုသည် မြို့တော်ထဲတွင် နေရာတစ်ခုရှိခဲ့၏။ ထိုအရာမှာ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်ပေသည်။
ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ရှုမိသားစု၏သွေးတစ်ဝက်နှောကြောင်း သူမကြားလိုက်ရသောအခါ အံ့အားလည်းသင့်ကာ သူမအတွက်လည်း ပျော်ရွှင်မိသွား၏။
သူမသူငယ်ချင်းဖြစ်သူသည် မိသားစုကောင်းတစ်ခုမှ လာသောကြောင့် သူငယ်ချင်းဖြစ်သူအတွက် စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်မိသော်လည်း စိတ်ထဲတွင်လည်း အနည်းငယ်တစ်ကိုယ်ကောင်းဆန်မိသွားသည်။ သူမတို့နှစ်ဦးလုံး၏ လူကြီးများမှာ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သောကြောင့် အနာဂတ်တွင် ရှောင်လွှဲ၍ရတော့မည်မဟုတ်ပေ။
သူမသည် သွေးကြီးမွေးကြီးနိုင်သူမဟုတ်ပါပေ။ တိုက်တိုက်ဆိုင်ဆိုင် သူမသူငယ်ချင်းဖြစ်သူက မိသားစုကောင်းမှလာသောသူဖြစ်ရုံသာရှိသည်။ ကျင်းယွင်ကျောင်း၏မိသားစုသာ သာမန်ဖြစ်နေလျှင်ပင် သူမအား ပြောဆိုဆက်ဆံပုံမှာ သိပ်ပြောင်းလဲကွာဟမည်မဟုတ်ချေ။
Space and Rebirth 1006
ဟော်ထျန်းရှန်း၏ဖခင်နှင့် ယန်ရှင်းယွဲ့ဦးလေးမှာ အခြားသူများနှင့် စကားကောင်းနေသဖြင့် သူတို့အား မကြားချေ။ ခေတ္တအကြာတွင် သူတို့သည် ကျင်းယွင်ကျောင်းတို့ထံလျှောက်လာပြီး သူတို့နှင့် မရင်းနှီးသောမိန်းကလေးများကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြတော့၏။
“ဒါက...”
ဟော်ထျန်းရှန်းဖခင်သည် သတိကြီးကာ ယဥ်ကျေးနေသည်။
အထူးသဖြင့် ကျင်းယွင်ကျောင်းအား အနည်းငယ်မြင်ဖူးသယောင်ရှိနေလေသည်။ ယခု သူစဥ်းစားကြည့်လိုက်သောအခါ ဤမိန်းကလေးသည် ပရဟိတပွဲ၌ ဥက္ကဌပိုင်ဘေးတွင် ရပ်နေခဲ့၏။ ထိုအချိန်က သူမအကြောင်းကို လူများစွာက သိချင်နေခဲ့ကြသည်။
“သူတို့က သမီးနဲ့ ရှင်းယွဲ့ရဲ့ အတန်းဖော်တွေပါ”
ဟော်ထျန်းရှန်း တုံးတိတိဖြေလိုက်သည်။
ဟော်ထျန်းရှန်းသည် သူမသာ ကျင်းယွင်ကျောင်းမည်သူဖြစ်ကြောင်း ဖော်ထုတ်လိုက်ပြီး အခြားသူများ၏အာရုံကို ဆွဲဆောင်မိသည်နှင့် မိမိတို့ဘာသာအချိန်ရတော့မည်မဟုတ်ဟု အခိုင်အမာသိနေခဲ့သည်။ သူမကိုယ်တိုင်လည်း ဤအခြေအနေမျိုးအား မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ဖူးသဖြင့် ထောင်ချီသောလူများ၏အကြည့်များမှာ မည်မျှဝန်ထုပ်ဝန်ပိုးဖြစ်ဖွယ်ကောင်းကြောင်း သေချာသိနေ၏။
မြို့တော်ဝန်ရှုသည်လည်း သူမအား မကြာခင်တွင် မိတ်ဆက်ပေးမည်ဖြစ်၏။ ဤနေရာတွင်လည်း မိန်းကလေးအနည်းငယ်သာရှိသောကြောင့် လူမသိသူမသိနေသည်က ပိုကောင်းပေမည်။
ဟော်ထျန်းရှန်းအဖေသည် ဤအရာကိုကြားလိုက်သောအခါ ဆက်မမေးတော့သော်လည်း သူ၏ပြောဆိုဆက်ဆံပုံမှာ ဖော်ရွေနေဆဲဖြစ်သည်။ ယန်ရှင်းယွဲ့၏ ဦးလေးနှင့် ယှဉ်လိုက်လျှင် သူသည် ပို၍သတိကြီးကာ လိမ္မာပါးနပ်ပေသည်။
မိန်းကလေးများ အချင်းချင်းတွေ့ကြသောအခါ ဟော်ထျန်းရှန်းဖခင်နှင့် ယန်ရှင်းယွဲ့ဦးလေး ကျိုးမင်ဟိုင့်သည် သူတို့အနားတွင် မနေတော့ချေ။ အထူးသဖြင့် ဥက္ကဌကျိုးဖြစ်သည်။ သူသည် ရှုမိသားစုပွဲသို့ တက်ရောက်ရန် အခွင့်အရေးရှိလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။ သူသည် ဖိတ်စာကိုရချိန်၌ သူ့အား လူမှားဖိတ်သည်ဟု ထင်ခဲ့၏။ ထို့ကြောင့် သူသည် အနည်းငယ်စိတ်လှုပ်ရှားနေမိခဲ့သည်။ ယခု သူရောက်ရှိပြီဖြစ်သော်လည်း သူ့အား စကားပြောချင်သောသူသိပ်မရှိသဖြင့် စိတ်ကိုသာ ပြင်ဆင်ထားတော့လေသည်။
သူ၏တူမဖြစ်သူက ဟော်မိသားစု၏သမီးနှင့် သူငယ်ချင်းဖြစ်ရန်မှာ မလွယ်ကူလှပေ။ သူသည် ဤအခွင့်အရေးအား အသုံးချပြီး ပွဲအလယ်တွင် ခေါင်းမော့ရင်ကော့နိုင်အောင် ဥက္ကဌဟော်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရပေမည်။
လူကြီးနှစ်ဦး ထွက်သွားသောအခါ ကျင်းယွင်ကျောင်းသည် အချင်းချင်းမိတ်ဆက်ပေးလိုက်ပြီး တစ်ဦးကို တစ်ဦးကောင်းစွာသိနိုင်အောင် လွှတ်ပေးလိုက်၏။
သူတို့အားလုံးသည် သက်တူရွယ်တူ လူငယ်များဖြစ်သဖြင့် တစ်ခဏတည်းဖြင့် လေပေးဖြောင့်သွားကြပြီး လွယ်လင့်တကူပင် မိတ်ဆွေဖွဲ့နိုင်သွားကြသည်။
ကျင်းယွင်ကျောင်းသည် မိမိဦးလေး၏ရောဂါအား ကုသပေးမည်ဟု ပြောခဲ့ကြောင်း ယန်ရှင်းယွဲ့မှတ်မိသွားသဖြင့် မေးလိုက်၏။
“ယွင်ကျောင်း နင်ခုနက ငါ့ဦးလေးကို မြင်လိုက်တယ်မလား၊ သူ့ပုံစံကိုကြည့်ရုံနဲ့ သူ့ရောဂါအခြေအနေကို နင်ပြောနိုင်လား?”
ကျင်းယွင်ကျောင်းသည် ခေတ္တမျှတွေးကာပြောလိုက်၏။
“သူ့ပုံစံအရ ရောဂါလက္ခဏာတွေကို အကြမ်းဖျင်းပဲမြင်နိုင်တယ်ဆိုပေမယ့် သူ့ခန္ဓာကိုယ်က တစ်ခုခုမှားနေတယ်ဆိုတာ သေချာတယ်၊ သူ့မျက်နှာက သွေးဆုပ်နေပြီး အားနည်းတဲ့ပုံပေါက်နေတယ်၊ သူ့ခြေလှမ်းတွေကလည်း ပုံမှန်လူတစ်ယောက်ထက် နည်းနည်းပေါ့နေတယ်၊ ဒါပေမယ့် သူ့အခြေအနေအတိအကျကို သိဖို့ဆိုရင် သူ့သွေးခုန်နှုန်းကို စစ်ကြည့်မှဖြစ်မယ်၊ ပွဲပြီးရင် နင်တို့ခဏလောက် ဆက်နေလိုက်လေ နင့်ဦးလေးအတွက် ဆေးစာရေးပေးမယ်”
ဟော်ထျန်းရှန်းနှင့် ယန်ရှင်းယွဲ့သည် ကျင်းယွင်ကျောင်းမှ လူနာများအား ကုသပုံကို တစ်ခါမှမမြင်ဖူးသောကြောင့် ယခုပင်လျှင် သံသယများရှိသေးဆဲဖြစ်၏။ သို့သော် သူမပြောလိုက်ပြီဖြစ်သောကြောင့် သူမစကားအား မငြင်းဆန်နိုင်တော့ပေ။ သူမစကားအား မေးခွန်းမထုတ်ဘဲ လိုက်နာရန်သာ ဆုံးဖြတ်လိုက်ကြသည်။
သူတို့သည် အချိုပွဲတန်းအရှေ့တွင်ရပ်ကာ ရယ်မောစကားပြောနေကြ၏။ ခေတ္တအကြာတွင် ဖန်လီချင်းသည် သူ၏သမီးဖြစ်သူနှင့် ရောက်ချလာတော့သည်။
ဖန်လီချင်းသည် အမြင်အာရုံစူးရှပေသည်။ သူသည် ဟော်ထျန်းရှန်းအား မှတ်မိ၏။ ကျိုးမင်ဟိုင့်ခေါ်လာသော ကောင်မလေးအား သူမရင်းနှီးသော်ငြား ဤမိန်းကလေးမှာ သူကြောက်ရမည့်လူမဟုတ်ကြောင်း သိနေခဲ့သည်။
ကျိုးမိသားစုသည် လူဝင်မဆံ့ပါပေ။ သူတို့သည် မည်သို့ကံကောင်းမှုမျိုးကြောင့် ဤနေရာထိ ရောက်လာရကြောင်း သူမသိချေ။
ထို့ကြောင့် သူ့အား အနည်းငယ်သတိထားစေနိုင်သည့်အရာဟူ၍ ဟော်ကုမ္ပဏီသာရှိသည်။ သို့ရာတွင် ဟော်ရတနာလုပ်ငန်းနှင့် သူဦးစီးသောကုမ္ပဏီမှာ မတူညီသောနယ်ပယ်နှစ်ခုတွင်ရှိနေ၏။ ဥက္ကဌဟော်မှာ ပုံမှန်အားဖြင့် လိမ္မာပါးနပ်လွန်းသောကြောင့် အနည်းငယ်မာန်မာနထောင်လွှားပေသည်။ သူ၏သမီးဖြစ်သူမှာလည်း ထိုနည်း၎င်းပင်ဖြစ်၏။
“မိန်းကလေးဟော်”
ဖန်လီချင်းသည် အနောက်မှ ခေါ်လိုက်သည်။
ဟော်ထျန်းရှန်းသည် ခေါ်သံကိုကြားလိုက်ရသောအခါ အနောက်လှည့်ကြည့်လိုက်၏။ သူမရှေ့မှောက်ရှိအမျိုးသားကို မြင်သောအခါ ခေတ္တမျှတွေးပြီး ပြောလိုက်သည်။
“အာ...ဥက္ကဌဖန်?”
Space and Rebirth 1007
ဟော်ထျန်းရှန်း၏နှုတ်မှ သူ၏နာမည်ကို ဖန်လီချင်းကြားလိုက်ရသောအခါ သူ၏မျက်နှာသည် ပြုံးပန်းဝေသွား၏။ သူသည် ကလေးတစ်ဦးကို ကြည့်နေသည့်အတိုင်း မျက်နှာထားနူးညံ့ပျော့ပျောင်းသွားတော့သည်။ သူမအား အကြိမ်အနည်းငယ်ခန့်ကြည့်ပြီးနောက် သူ၏နှုတ်ကိုဖွင့်ကာ ပြောလိုက်၏။
“မိန်းကလေးဟော်ကို မတွေ့တာကြာပြီနော်၊ မိန်းကလေးတွေက ဆယ့်ရှစ်နှစ်ပြည့်တာနဲ့ ကောင်မလေးကနေ အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်ဆိုတာ အမှန်ပဲ၊ အသက်ကြီးလာတာနဲ့ သမီးကလှလာလိုက်တာ! ဒီနေ့ သမီးပုံစံက နတ်သမီးလေးလိုဖြစ်နေပါလား တကယ်လှတယ်”
ရုတ်ချည်းဆန်သော ချီးကျူးစကားကြောင့် ဟော်ထျန်းရှန်းသည် ယဥ်ကျေးစွာ ပြုံးလိုက်၏။
သူမတွင် အခြားစွမ်းရည်များမရှိသော်လည်း လူကဲခတ်သောစွမ်းရည်မှာမူ အခြားလူများက မယှဥ်နိုင်သော သူမ၏ကိုယ်ပိုင်အရည်အချင်းဖြစ်သည်။ ယုတ္တိကျကျပြောရလျှင် သူမသည် ဥက္ကဌဖန်နှင့် မရင်းနှီးချေ။ သူမမိဘများပင်လျှင် ဥက္ကဌဖန်အား စိတ်ဝင်စားမှုမရှိဘဲနေကြ၏။ အချင်းချင်းတွေ့ကြလျှင် ခေါင်းငြိမ့်နှုတ်ဆက်ရုံဖြင့်သာ ပြီးသွားလေ့ရှိသည်။ ယခုမူ ဥက္ကဌဖန်ဘက်မှစ၍ ချိုသာသောစကားများဖြင့် နှုတ်ဆက်နေသည်ဖြစ်ရာ သူ့တွင် အကြံကောင်းမရှိသည်မှာ သေချာ၏။
သို့ရာတွင် ဥက္ကဌဖန်ကြံစည်နေသောအရာများကို သူမသိနေလျှင်ပင် ထုတ်ပြောမည်မဟုတ်ချေ။ ထိုအစား သူမသည် ပုံမှန်ထက် နှစ်ဆသာ ယဥ်ကျေးပေးလိမ့်မည်။
“ဥက္ကဌဖန်က ချီးကျူးလွန်းနေပါပြီ၊ ခုနက သမီးမှာတော့ အစွမ်းပြတာများသွားလားလို့ စဥ်းစားနေတာ”
ဟော်ထျန်းရှန်းသည် စကားပြောရင်းဖြင့် ကျင်းယွင်ကျောင်းအား မျက်စိမှိတ်ပြလိုက်သည်။
နှစ်ဦးသားသည် သူငယ်ချင်းများဖြစ်သဖြင့် သူတို့၏အကြည့်များမှာ အချင်းချင်းကျီစယ်နေခြင်းဖြစ်၏။ သို့သော် ဖန်လီချင်းမှာမူ ထိုသို့မမြင်ချေ။
“အစွမ်းပြခြင်း” ဟုပြောရာတွင် ကျင်းယွင်ကျောင်းမှာ သူမထက်ပိုဆိုးနေလေ၏။ ကျင်းယွင်ကျောင်းအင်္ကျီများမှာ လက်ရာမြောက်စွာ ချုပ်လုပ်ထားပြီး တစ်ချက်ကြည့်ရုံဖြင့် စျေးကြီးမှန်းသိသာသည်။ ထိုမျှမက ဝတ်စုံဒီဇိုင်းမှာလည်း သူမခန္ဓာကိုယ်နှင့်လိုက်ဖက်ပြီး သူမအား နန်းဆန်စေကာ လူအများ၏အာရုံကိုဖမ်းစားစေနိုင်သည်။ မိန်းကလေးဟော်၏စကားများသည် သူမအား လှောင်ပြောင်ကဲ့ရဲ့နေခြင်းလောဟု ဖန်လီချင်းစဥ်းစားမိလိုက်သည်။
ဤအတွေးဖြင့် ဖန်လီချင်းအနည်းငယ်စိတ်သက်သာရာရသွား၏။
သူတို့နှစ်ဦးသည် အတူတကွရပ်နေသော်လည်း ဆက်ဆံရေးမကောင်းသည့်ပုံပေါက်လေသည်။
“မိန်းကလေးဟော်က မြင့်မြတ်တဲ့အရှိန်အဝါနဲ့ မွေးလာတာဆိုတော့ ဘယ်လိုဝတ်ဝတ် ဒီလိုပဲဖြစ်နေမှာပါပဲ၊ ဒါပေမယ့် တချို့လူတွေကတော့ အဲ့လိုမဟုတ်ဘူးပေါ့၊ မိန်းကလေးကျင်း မင်းကရှုမိသားစုခေါ်လာတဲ့ သခင်မလေးနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့တယ်လို့ကြားတယ်၊ အဲ့လိုသူငယ်ချင်းမျိုးရတာ တကယ်ကံကောင်းတာပဲ၊ ဒါပေမယ့် မြို့တော်ဝန်ရှုက သူ့တူမလေးကို ဘယ်လောက်ပဲအလိုလိုက်ပါစေ ကိုယ့်ရုပ်ကလေးဗန်းပြပြီး ဝမ်းရေးရှာတဲ့ မင်းလိုလူမျိုးနဲ့တော့ ပေါင်းခိုင်းမယ်မထင်ဘူး ဟုတ်တယ်မလား?”
ထို့နောက် ဖန်လီချင်းသည် ဟော်ထျန်းရှန်းဖက်လှည့်ကာ သတိပေးလိုက်၏။
“မိန်းကလေးဟော်၊ ကျွန်တော်က ဥက္ကဌဟော်ကို အကြိမ်ပေါင်းမနည်းတွေ့ဖူးပါတယ်၊ ဒါကြောင့်မို့ မိန်းကလေးဟော်ကို လူကြီးတစ်ယောက်အနေနဲ့ သတိပေးလိုက်ချင်တယ် မိန်းကလေးဟော်ဘေးနားက ကောင်မလေးက သန့်ရှင်းတာမဟုတ်ဘူး သူနဲ့ဝေးဝေးနေသင့်တယ်”
သူထိုသို့ပြောလိုက်သောအခါ ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်းအား ဝေ့ကြည့်လိုက်၏။ ဖန်လီချင်းမှာ သူမအား အဘယ်ကြောင့် စကားပြောချင်နေကြောင်း သူမသိသွားချေပြီ။
သို့ရာတွင် ဤဖန်မျိုးနွယ်ဦးလေးသည် အနည်းငယ်တုံးအလွန်းသည်မဟုတ်လော? မြို့တော်ဝန်ရှု၏တူမမှာ ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ကြောင်း လူတိုင်းသိလေ၏။ ထို့ကြောင့် လူအများစုသည် ထိုအရွယ် မိန်းကလေးများကို စကားပြောဆိုရာ၌ မိမိကိုယ်ကို အနည်းနှင့်အများ ထိန်းချုပ်ပြောဆိုကြလေသည်။ အဓိကဇာတ်ဆောင်ကို တွေ့မိပါက စကားအမှားပါသွားမည်ကို စိုးသောကြောင့်ဖြစ်၏။
“ဥက္ကဌဖန်ကို မြို့တော်ဝန်ရှုကိုယ်တိုင် ဖိတ်ထားတာလားရှင့်?”
ဟော်ထျန်းရှန်းသည် သိချင်စိတ်ကို မထိန်းနိုင်တော့သဖြင့် မေးလိုက်၏။
သူမရှေ့မှောက်တွင်ရှိသော ဥက္ကဌဖန်ကို သူမမသိသော်လည်း ဤပုဂ္ဂိုလ်မှာ အလွန်ပင် ထောင်လွှားပြီး မိမိကိုယ်ကိုအဟုတ်ကြီးထင်နေကြောင်း သူမပြောနိုင်သည်။ သူသည် ကျင်းယွင်ကျောင်းအား စကားဖြင့် အပုပ်ချနေသော်လည်း သူမအား တဏှာမျက်လုံးများဖြင့် ကြည့်နေလေသည်။ ကျင်းယွင်ကျောင်းအား လိုချင်တပ်မက်နေသည်မှာ သိသာ၏။
သူမပင် ဤအရာကိုမြင်နိုင်ပါက မြို့တော်ဝန်ရှုသည်လည်း မြင်လိမ့်မည်။ ထို့အပြင် မြို့တော်ဝန်ရှုမှာ အလွန်ပင်ဖြောင့်မတ်တည်ကြည်သောသူ ဖြစ်သည့်အလျောက် ဤသို့သောလူစားမျိုးအား အဘယ်ကြောင့် ကျင်းယွင်ကျောင်း၏မွေးနေ့ပွဲသို့ ဖိတ်နိုင်မည်နည်း?
“သေချာတာပေါ့”
ဖန်လီချင်းသည် တုံ့ဆိုင်းမှုမရှိပြန်ဖြေလိုက်၏။
“မိန်းကလေးဟော်ရဲ့ အဖေလိုမျိုး ကျွန်တော်လည်း ပရဟိတပွဲတုန်းက မြို့တော်ဝန်ရှုကို မကူညီနိုင်ခဲ့တာ စိတ်မကောင်းစရာပဲ၊ ဒါပေမယ့် ဒီတစ်ခေါက်တော့ ကံကောင်းလို့ ဒီနေရာကို ရောက်လာခဲ့တယ်လေ၊ ဒီသခင်မလေးက ဘယ်လောက်တောင် သဘောထားကြီးလဲဆိုတာ ကျွန်တော်ကြည့်ချင်မိတယ်”
ဟော်ထျန်းရှန်းသည် စိတ်ပျက်ဟန်ဖြင့် ကြည့်လိုက်၏။
သဘောထားကြီးသည်? သူပြောနေသောသခင်မလေးမှာ သူ၏ရှေ့မှောက်တွင် ရပ်နေလျက်ပင် သူသည်မမှတ်မိချေ။
“ဥက္ကဌဖန်ကို မြို့တော်ဝန်ရှုကိုယ်တိုင် ဖိတ်ထားတာဆိုတော့ ဒီကဧည့်သည်တွေကိုလည်း လေးစားမှဖြစ်မှာပေါ့၊ မြို့တော်ဝန်ရှုရဲ့ ဧည့်သည်တွေကို ဒီလိုမျိုးစော်ကားတာ မဟုတ်သေးဘူးလေ”
ဟော်ထျန်းရှန်းသည် စကားပြောပြီးနောက် လေသံတိုးတိုးဖြင့် ဟမ့်ခနဲအသံပြုကာ လှည့်ထွက်သွားတော့၏။ သူမသည် ဖန်လီချင်းနှင့် ဆက်စကားပြောချင်စိတ်မရှိတော့ပေ။
ဖန်လီချင်းသည် သူမအားကြည့်ကာ ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်၏။ သူအမှားများ လုပ်မိသလော? ဟော်မိသားစု၏သမီးသည် ဤမိန်းကလေးနှင့် အမှန်တကယ်ပင် သူငယ်ချင်းဖြစ်နေခြင်းလော?
Space and Rebirth 1008
သို့ရာတွင် သူ့စိတ်ထဲသို့ ဤအတွေးရောက်လာသည်နှင့် သူသည် ချက်ချင်းဆိုသလို ခေါင်းခါဖယ်ထုတ်လိုက်၏။ ဟော်မိသားစု၏အဆင့်အတန်းနှင့် ယှဥ်လျှင် ဤမိန်းကလေးမှာ မည်သူနည်း? မည်သူမှမဟုတ်ပေ။
“မိန်းကလေးဟော်၊ လူကြီးတစ်ယောက်အနေနဲ့ လူငယ်တစ်ယောက်ကို အလကားစော်ကားတာမျိုး ဘယ်လုပ်ပါ့မလဲ၊ ဒါပေမယ့် ကျွန်တော်က မိန်းကလေးဟော်အတွက် ပြောပေးနေတာပါ၊ မယုံကြည်ရင် သူက ပိုင်ယွီအန်းဆိုတဲ့လူကို သိလားလို့ မေးကြည့်လို့ရတယ်”
ဖန်လီချင်းသည် ဤမိန်းကလေး၏မျက်နှာဖုံးကို ခွာချပြီး သူမ၏အောက်တန်းကျမှုများကို ဟော်ထျန်းရှန်းအား သက်သေပြရန် အကောင်းဆုံးကြိုးစားနေ၏။
“အင်း သိတယ်လေ၊ အဲ့တော့ ဘာဖြစ်လဲ?”
ကျင်းယွင်ကျောင်းသည် လူရွှင်တော်တစ်ဦးကို ကြည့်နေသကဲ့သို့ ပြုံးလိုက်၏။
သူမသည် ဖန်လီချင်းအား တိုက်ခိုက်၍ အရှက်ခွဲရန် ပွဲသို့ဖိတ်ခေါ်လိုက်သော်လည်း ဖန်လီချင်းဘက်မှ အရင်ပြသာနာရှာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဖန်လီချင်းအား ရန်စရန်နည်းလမ်းရှာဖွေရာမှ သက်သာသွားချေပြီ။
“မင်းကိုယ်တိုင်ဝန်ခံလိုက်တာလား?”
ဖန်လီချင်းလှောင်ပြောင်လိုက်သည်။
“အဲဒီပိုင်ယွီအန်းက အသက်သုံးဆယ်ဝန်းကျင်ယောက်ျားတစ်ယောက်ပဲ၊ သူ့ဇနီးဟောင်းကလည်း မိန်းမပျက်ဖြစ်နေတဲ့အပြင် သူကိုယ်တိုင်ကလည်း လူကောင်းမဟုတ်ဘူး၊ သူ့မှာ နောက်ရည်းစားတစ်ယောက်ရှိနေတယ်လို့တောင် ငါကြားထားတယ်၊ အဲဒါတောင် မင်းက သူနဲ့အတူ ဟော်ရတနာဆိုင်မှာ စျေးကြီးပစ္စည်းတွေ သွားဝယ်ခဲ့တယ်လေ မဟုတ်ဘူးလား?”
“မိန်းကလေးဟော်၊ သူကဟော်ရတနာဆိုင်ကနေ ခရမ်းစွဲကျောက်စိမ်းလက်ကောက်တစ်ခုကို ဝယ်သွားခဲ့တာပါ! မယုံရင် အဲ့ပစ္စည်းကို ပိုင်ယွီအန်းဆိုတဲ့လူတစ်ယောက်က လာဝယ်သွားလားဆိုတာ စစ်ကြည့်လို့ရပါတယ်၊ ပိုင်ယွီအန်းက ဘယ်လိုလုပ်ပြီး သန်းတစ်ဆယ်-နှစ်ဆယ်ရှိတဲ့ပစ္စည်းကိုဝယ်ပြီး ကိုယ်နဲ့ဘာမှမသက်ဆိုင်တဲ့လူကို ပေးမှာလဲ? ကိုယ့်ညီမအရင်းကိုပေးရင်တောင် သင့်တော်တဲ့ကိစ္စမဟုတ်ဘူး၊ ဒါကြောင့်မို့ ဒီမိန်းကလေးက ပိုင်ယွီအန်းရဲ့ မယားငယ်ပဲဖြစ်ရမယ်”
ဖန်လီချင်း၏တဏှာမျက်လုံးများသည် စကားတစ်ဝက်ခန့်တွင် ရုတ်ချည်းဆိုသလို ရွံရှာဟန်များ ပြည့်နှက်သွားသည်။ သူသည် အသည်းအသန်ဖြင့် ကျင်းယွင်ကျောင်းအား ကဲ့ရဲ့လိုက်သည်။
“မင်းကိုမယားငယ်လို့ပြောတာတောင် ချီးကျူးလွန်းရာကျနေပြီ၊ မိန်းမပျက်မလို့ပြောရင်တောင် လုံလောက်မှာမဟုတ်ဘူး၊ အနည်းဆုံးတော့ အဲ့မိန်းမတွေက မင်းလိုမျိုး လောဘမကြီးဘူးလေ၊ မင်းဝတ်စားထားတဲ့ပုံကိုကြည့်စမ်း ပါးစပ်ဟလိုက်တာနဲ့ ဘယ်ဟာကအရေးကြီးလဲဆိုတာကို မသိတဲ့လူမှန်း သိသာတယ်၊ ပိုင်ယွီအန်းအပြင် တခြားစပွန်ဆာတွေရှိနေတာမဟုတ်ဘူးလား? လူကဖြင့် ငယ်ငယ်လေးရှိသေးတယ် မျက်နှာပြောင်လိုက်တာ၊ မင်းမိဘတွေက မင်းကိုဘယ်လိုများဆုံးမထားလဲ?”
ဖန်လီချင်းတရစပ်ပြောနေသောစကားများသည် မိန်းကလေးတစ်ဦးအား အရှက်ရစေနိုင်သောစကားများဖြစ်သည်။ သို့ရာတွင် ကျင်းယွင်ကျောင်း၏အမူအရာမှာ တည်ကြည်ဖြောင့်မတ်နေပြီး ဘယ်လိုမှနေသည့်ပုံမပေါက်ချေ။
လွန်ခဲ့သောရက်ပိုင်းခန့်က ကျင်းယွင်ကျောင်းသည် သူမအား ဖုန်းဆက်ပြီး ဟော်ရတနာဆိုင်ရှိ လေလံကိစ္စတစ်ခုအား ကူညီဖြေရှင်းခိုင်းသည်ကို ဟော်ထျန်းရှန်းမှတ်မိသွားတော့၏။ ထိုအချိန်က သူမသည် တုံ့ဆိုင်းမှုမရှိ သဘောတူပေးခဲ့ပြီး သူမမိဘများကို ပြန်အစီရင်ခံခဲ့သည်။ လေလံနိုင်သောသူမှာ အပေးအယူအား ပယ်ဖျက်ခဲ့သည်ဟု သူမကြားခဲ့၏။ သို့သော် ကျင်းယွင်ကျောင်း၏ကြိုတင်သတိပေးချက်ကြောင့် သူတို့သည် လေလံနိုင်သောသူအား ငွေပြန်မပေးခဲ့ချေ။
ကြည့်ရသလောက်ဆိုလျှင် ထိုလူမှာ ဥက္ကဌဖန်ဖြစ်နေပုံရ၏!
သို့သော် ခရမ်းစွဲကျောက်စိမ်းလက်ကောက်ဟု ကြားလိုက်သောအခါ ဟော်ထျန်းရှန်းပြန်စဥ်းစားကြည့်လိုက်သည်။ သူမသည် ထိုခရမ်းစွဲကျောက်စိမ်းကို စွဲစွဲမြဲမြဲမှတ်မိနေပေသည်။
ဟော်ရတနာဆိုင်သည် မြို့တော်ထဲရှိ ပင်မကုန်တိုက်ထဲတွင် တော်ဝင်ခရမ်းစွဲကျောက်စိမ်းများ တစ်ဆင်စာရှိပေ၏။ စျေးမှာလည်း ခေါင်ခိုက်လွန်းလှသည်။ သိပ်မကြာသေးမီက မြို့တော်ဝန်ရှုသည် သူမဖခင်ကိုဖုန်းဆက်ပြီး ထိုလက်ကောက်အား ကိုယ်တိုင်မှာယူခဲ့၏။ တစ်စုံတစ်ယောက်နှင့်ပို့ခိုင်းခြင်းပင် မပြုခဲ့ချေ။ သူသည် ထိုခရမ်းစွဲကျောက်စိမ်းအား အလွန်အလေးအနက်ထားပြီး လူကိုယ်တိုင်လာရောက်သယ်ဆောင်သွားခဲ့၏။
လွန်ခဲ့သောလပိုင်းအတွင်း ဟော်ကုမ္ပဏီတွင် တော်ဝင်ခရမ်းစွဲကျောက်စိမ်းများ တစ်ဆင်စာသာရှိခဲ့သည်။
ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်းအား အကြိမ်အနည်းငယ်ခန့် ဝေ့ကြည့်မိတော့၏။ သူမမျက်လုံးများထဲတွင် ခံစားချက်များ ပြည့်နှက်နေသည်။ မြို့တော်ဝန်ရှုသည် ကျင်းယွင်ကျောင်းအား ဤမျှလောက် ဂရုစိုက်ချစ်ပေးမည်ဟု မထင်ခဲ့ချေ။ ရှုမိသားစု၏သမီးတစ်ဦးဖြစ်ရသည်မှာ အတော်အတန်မဆိုးလှပေ။
သို့ရာတွင် ဖန်လီချင်းသည် ဟော်ထျန်းရှန်းအား ကြည့်လိုက်သောအခါ နောက်တစ်ခေါက် အထင်လွဲသွားပြန်သည်။
ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်းအား သံသယရှိနေသည်ဟု ထင်လိုက်တော့၏။
“မိန်းကလေးဟော်ရဲ့ အဆင့်အတန်းနဲ့ဆို ဒီလိုမိန်းကလေးမျိုးနဲ့ သိပ်မပတ်သတ်တာကောင်းမယ်၊ မဟုတ်ရင် မိန်းကလေးဟော်ပဲ သိက္ခာကျလိမ့်မယ်၊ ဟုတ်တယ်မလား?”
ဖန်လီချင်းသည် ထိုသို့ပြောပြီးနောက် သူ၏သမီးဖြစ်သူအား ရှေ့သို့တွန်းပို့လိုက်သည်။
“ဒါကကျွန်တော့်သမီး ဝေဝေတဲ့၊ နှစ်ယောက်သားက သက်တူရွယ်တူဆိုတော့ ခဏလေးနဲ့ ခင်သွားကြမှာပါ၊ မိန်းကလေးဟော် ကျွန်တော့်သမီးလေးကိုခေါ်ပြီး တစ်နေရာမှာ စျေးဝယ်ထွက်ကြည့်ပါလား?”