← Chapters

အခန်း (၁၀၀၉-၁၀၁၂)

Vol. 51 Ch. 1009-1012

အခန်း (၁၀၀၉-၁၀၁၂)

Vol. 51 Ch. 1009-1012

Space and Rebirth 1009

ဖန်ဝေဝေ၏မျက်နှာထားသည် အရှက်ရနေဟန်ရှိသည်။ သူမဖခင်သည် နောက်တစ်ဖန် သူမအား အသုံးချသလိုချနိုင်သော ထုတ်ကုန်တစ်ခုကဲ့သို့ ဆက်ဆံနေပြီး သူမဘဝအား စီစဥ်နေ၏။

သို့ရာတွင် သူမမငြင်းဆန်ရဲချေ။

သူမသည် တိတ်တခိုးဖြင့် ကျင်းယွင်ကျောင်းနှင့် ဟော်ထျန်းရှန်းအား တောင်းပန်တိုးလျှိုးသောအကြည့်နှင့် ကြည့်လိုက်သည်။ သူမသည် မည်သို့ဆက်လုပ်ရမည်ကို လုံးဝမသိချေ။ သူမသည် အသက်နှစ်ဆယ်မိန်းကလေးတစ်ဦးဖြစ်သော်ငြား က‌လေးတစ်ဦးကဲ့သို့ ဇဝေဇဝါဖြစ်ပြီး ပျာယာခတ်နေ၏။ အလွန်ပင် သနားစရာကောင်းလှပေသည်။

ဤဖန်လီချင်း၏သမီးဖြစ်သူလည်း လူကောင်းတစ်ဦးဖြစ်ကြောင်း ကျင်းယွင်ကျောင်းသိ၏။ အစက ဖန်လီချင်း၏ ဇနီးနှင့် သမီးမှာ လူများအား အကောက်ကြံတတ်သောသူများဟု ထင်ခဲ့သည်။ သူတို့သည် ထျန်းရှီအားတိုက်ခိုက်ရန် အမွှာကောင်လေးနှစ်ဦးအား အိမ်တွင် လက်ခံခဲ့ကြသည်မဟုတ်လော။ သို့ရာတွင် ယခု ဖန်ဝေဝေ၏ပုံစံကို မြင်လိုက်ရသောအခါ ဖန်လီချင်း၏ဇနီးသည် အကောက်ကြံတတ်သူမဟုတ်ဘဲ လုံးဝအင်အားမဲ့နေသူတစ်ဦးသာဖြစ်ကြောင်း ချက်ချင်းနားလည်လိုက်ရ၏။

သူမရှေ့မှောက်ရှိ ဖန်လီချင်းမှာ အောက်တန်းစားအကြီးစားဟု ပြောရမည်။ သူသည် အိမ်တွင် ဇနီးသည်ကို ချုပ်နှောင်ထားပြီး အပြင်ဘက်မှ တရားမဝင်ကလေးများအား ခေါ်လာ၏။ ထိုအရာကိုပင် သူသည် ဂုဏ်ယူနေပြီး မပြီးနိုင်မစီးနိုင် ပြောနေတော့သည်။

“ပြောလို့ဝပြီလား?”

နောက်ဆုံးတွင် ကျင်းယွင်ကျောင်းပြောလိုက်တော့သည်။

ဟော်ထျန်းရှန်း ဘေးသို့ဖယ်လိုက်၏။ သူမရည်ရွယ်ချက်ကို မသိသောကြောင့် ဖန်လီချင်း အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။

“အခုကျမှ ရှက်ကိုးရှက်ကန်းနဲ့ သောင်းကျန်းနေတာလား? ဟမ့် ဒီမှာ ပိုင်ယွီအန်းလည်းရှိတာမဟုတ်ဘူး ဘယ်သူမှမင်းကိုကူညီမှာမဟုတ်ဘူး၊ ပြီးတော့ ရှုမိသားစုရဲ့ သခင်မလေးကရော မင်းကိုဂရုစိုက်မယ်ထင်လား? အရင်သံယောဇဥ်ထောက်လို့သာ မင်းကိုဖိတ်လိုက်တာ၊ မင်းလို ထင်ရာစိုင်းတဲ့မိန်းကလေးမျိုးကများ ဒီမှာ အာကျယ်ရဲတာလား? ဟာသပဲကွ!”

ဖန်လီချင်းသည် နည်းနည်းမှ အလျှော့မပေးပေ။ ယုံကြည်ချက်ပင် ပြည့်ဝနေသေး၏။

ကျင်းယွင်ကျောင်းသည် ဒေါသမထွက်ချေ။ ထိုအစား သူမသည် ရယ်မောကာ ဖန်လီချင်းအနောက်သို့‌ ဝေ့ကြည့်လိုက်သည်။

တိုက်ဆိုင်မှုကြီးပင်။ ပိုင်ယွီအန်းပေါ်လာလိမ့်မည်မဟုတ်ဟု ဖန်လီချင်းထင်ထားခဲ့သည်။ ထိုအချိန်တွင် သူတို့သည် မျက်လုံးချင်းဆုံမိသွားပြီး ပိုင်ယွီအန်းသည် သူမရှိရာသို့ လမ်းလျှောက်လာလေ၏။ ပွဲစပြီဖြစ်သောကြောင့် လူအများစုရောက်ရှိနေလေပြီ။ ကျောက်စိမ်းဆေးဝါးကုမ္ပဏီ၏ ချင်းရွှေပါ ပါဝင်သည်။ သူသည်လည်း အနီးအနားတွင်ရှိနေကော အရိပ်အယောင်မပြဘဲ လျှောက်ပတ်ကြည့်နေ၏။

“ဘာကြည့်နေတာလဲ?”

ကျင်းယွင်ကျောင်း တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရသောအခါ ဖန်လီချင်းသည် ရွံရှာဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူသည် မသိစိတ်၏စေ့ဆော်မှုအရ ကျင်းယွင်ကျောင်းကြည့်နေသောနေရာသို့ ခေါင်းကိုလှည့်ကြည့်လိုက်၏။ ထိုအခါ သူ၏မျက်နှာထားသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့သည်။

ပိုင်ယွီအန်းသည် အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသနည်း? သူ၏နံဘေးတွင်လည်း အမျိုးသမီးတစ်ဦးရှိနေသေးသည်။ ထိုအမျိုးသမီးမှာ အသက်သုံးဆယ်ဝန်းကျင်ရှိသည့်ပုံပေါက်သော်လည်း ရင့်ကျက်တည်ငြိမ်သော ဆွဲဆောင်မှုတစ်မျိုးကို ပိုင်ဆိုင်၏။

ပိုင်ယွီအန်းသည် ဖန်လီချင်းနှင့်တွေ့သောအခါ ယခင်ကထက် ပို၍ပင်တည်ငြိမ်နေသေးသည်။ ပိုင်ယွီအန်းသည် သူ့အား ချည်းကပ်ပြီးနောက် တစ်ချိုးတည်းမေးလိုက်သည်။

“အခုရော ဥက္ကဌဖန်က ဘယ်လိုအဓိပ္ပာယ်မရှိတာမျိုးတွေ ပြောနေပြန်ပြီလဲ?”

“ရှောင်ပိုင်ပါလား၊ မင်းကတကယ် အငြိုးကြီးတစ္ဆေလိုပဲ ဒီလိုနေရာမျိုးကိုတောင် လာနိုင်တာဆိုတော့ မင်းတော်တော် အရည်အချင်းရှိတယ်ပြောရမယ်”

ဖန်လီချင်း ရွဲ့ပြောလိုက်၏။

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဥက္ကဌဖန်၊ ဒါပေမယ့် ဥက္ကဌဖန်နဲ့ယှဥ်လို့တော့ မရသေးဘူးပေါ့၊ ဥက္ကဌဖန်က အရမ်းအင်အားတောင့်တာလေ၊ ရှုမိသားစုအိမ်ထဲ ရောက်နေတာတောင် ရှုမိသားစုဧည့်သည်တစ်ယောက်ကို လူအများကြီးရှေ့မှာ အနိုင်ကျင့်ရဲတယ်ဆိုတော့ မြို့တော်ဝန်ရှုကိုတောင် ဂရုမစိုက်နိုင်လောက်တဲ့ထိ အင်အားကြီးနေပြီပေါ့၊ မဟုတ်မှလွဲရော ကျောထောက်နောက်ခံကြီးကြီးမားမားများ ရထားတာလား?”

ပိုင်ယွီအန်း ခနဲ့လိုက်သည်။

ဖန်လီချင်း မျက်နှာပျက်သွားတော့၏။

“ရှောင်ပိုင် လွန်ခဲ့တဲ့နှစ်ရက်က မင်းမိန်းမထျန်းရှီကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားသေးတယ် မမြင်လိုက်တာတော့မဟုတ်ပါဘူးနော်? ဒီလောက်အံ့သြစရာကောင်းတဲ့သတင်းကို မင်းဘယ်လိုမြင်လဲမသိဘူး”

ဖန်လီချင်းသည် တမင်တကာပင် ထျန်းရှီအား စကားထဲဆွဲထည့်ပြောလိုက်၏။

ထိုထျန်းရှီမှာ အဓမ္မကျင့်ခံရပြီးကတည်းက ငြိမ်ချက်သားကောင်းနေလေသည်။ သူမသည် တစ်နေ့လုံး အိမ်တွင်းပုန်းနေကာ အပြင်သို့မထွက်ရဲချေ။

ထွက်ပေါ်လာသော သတင်းဓာတ်ပုံမှာ ရှင်းလင်းလွန်းလှသည်မဟုတ်လော။ အဓိကနေရာများကို ဆင်ဆာဖြတ်ထားသော်လည်း သူမမျက်နှာကိုမူ လူတိုင်းက အသေအချာမြင်နေရသည်။ ထို့ကြောင့် သူမအပြင်သို့ထွက်လျှင် လူအများက မှတ်မိနိုင်ပေသည်။

ထိုနေ့မနက်တွင် ပိုင်ယွီအန်းသည် သူနှင့်ထျန်းရှီမှာ လင်မယားမဟုတ်တော့ကြောင်း ရှင်းပြလိုက်ချေပြီ။ သို့တိုင်အောင် ထျန်းရှီသည် ယောက်ျားများစွာနှင့် အိပ်ခဲ့သောကြောင့် သူမဆွေမျိုးမိတ်ဆွေများအားလုံး အရှက်ရနေတော့သည်။

လက်ရှိတွင် ပိုင်ယွီအန်းမှာ ထျန်းရှီကို မမြင်ရသေးချေ။ သူမအားမြင်လျှင် ပိုင်ယွီအန်းသည် ပို၍ထိတ်လန့်အံ့အားသင့်သွားပေမည်။

ရက်ပိုင်းလောက်ဖြင့် သူမသည် သိက္ခာများအားလုံး ကျဆင်းသွားပြီဖြစ်သဖြင့် သူမသည် တစ်နေကုန်တစ်နေခမ်း မိဘအိမ်တွင်သာ နေလေ၏။ သူမသည် သစ်သားကြက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက်ဖြင့်ရှိနေသည်။ သူမမိဘများကပင် သူမအား အစာရေစာ ယူဆောင်တိုက်ကျွေးရ၏။

Space and Rebirth 1010

ဖန်လီချင်းသည် ထျန်းရှီ၏ဘဝတစ်ခုလုံးကို ဖျက်ဆီးလိုက်ချေပြီ။ ထိုယောက်ျားသာမပေါ်လာခဲ့လျှင် သူမသည်လည်း ဘဝတစ်လျှောက်လုံး ပိုင်ယွီအန်းအနောက်သို့ သစ္စာရှိရှိလိုက်နေခဲ့လောက်မည်။ သူမသည် ပိုင်ယွီအန်းအတွက် ကလေးနှစ်ဦးမွေးဖွားပြီး မိမိ၏ခင်ပွန်းဖြစ်သူနှင့် ကလေးများကို ကြည့်ရှုပြုစုပေးမည်။ သူမဘဝသည် အလွန်ဗျာများပြီး နေ့စဥ်ရက်ဆက် အော်ငေါက်ဆူပူရနိုင်သည်။ သို့တိုင်အောင် ပိုင်ယွီအန်းသည် သူမအား ဘယ်သောအခါမှ စွန့်ပစ်မည်မဟုတ်ပေ။ သူမတွင် ချမ်းသာကုံလုံသောဘဝ မရှိခဲ့လျှင်ပင် တည်ငြိမ်ရိုးရှင်းသောဘဝတစ်ခုကို သေချာပေါက်ပိုင်ဆိုင်နိုင်ခဲ့မည်။

သို့သော် ယခုတွင် အရာအားလုံး သဲထဲရေသွန်ဖြစ်ချေပြီ။ သူမ၏ဂုဏ်သိက္ခာမှာ အဖတ်ဆယ်၍မရတော့ပေ။ သူမသားများ၊ သူမခင်ပွန်းသည်...အရာအားလုံး မရှိတော့ပါချေ။

သူမမိဘများက သူမအား ချစ်နေသေးသည်ဆိုသော်လည်း တစ်ခါတစ်ရံတွင် သူတို့အား အရှက်ခွဲမိသော မိမိအား မလိုတမာဆက်ဆံကြလေ၏။

သူမသည် သေချင်သော်လည်း သေရဲသည့်သတ္တိပင်မရှိပေ။

ထို့ကြောင့် သူမသည် နေ့တိုင်းအား စိတ်ပျက်ဝမ်းနည်းစွာဖြင့် အားတင်းရှင်သန်ရုံသာရှိတော့သည်။ ဤသည်မှာ မိမိနှင့် မိမိပတ်ဝန်းကျင်မှလူများကို ညှင်းဆဲနေခြင်းလော သူမမသိတော့ပေ။

သို့ရာတွင် ပိုင်ယွီအန်းသည် ထျန်းရှီ၏လက်ရှိအခြေအနေကိုမြင်လျှင်ပင် သူမအား မသနားလောက်ချေ။ ထိုအမျိုးသမီးသည် သူ၏ခံစားချက်များအားလုံးကို နင်းချေခဲ့ပြီး သူ့အတွက် ဘာမှမချန်ရစ်ဘဲ ထွက်သွားခဲ့သောမိန်းမဖြစ်၏။ သူစိမ်းတစ်ဦးနှင့် မခြားပါပေ။ ထို့အပြင် သူမသည် ထိုလမ်းအား သူမကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူမပြုတ်ကျသေဆုံးသည်ဖြစ်စေ၊ ဒုက္ခိတဖြစ်သည်ဖြစ်စေ ဆက်လျှောက်ရမည့်လမ်းဖြစ်၏။ အနာဂတ်တောက်ပသောအခြားလမ်းတစ်ခုတွင် လျှောက်လှမ်းနေပြီဖြစ်သော ပိုင်ယွီအန်းအား အနောက်ပြန်လှည့်ခိုင်းပြီး ချောက်နက်ထဲ သေအံ့ဆဲဆဲဖြစ်နေသည့် သူမအား မကူညီခိုင်းနိုင်ပါပေ။

ထို့ကြောင့် ဖန်လီချင်းမှ သူမအကြောင်းပြောနေလျှင်ပင် ပိုင်ယွီအန်းသည် တစ်ချက်မျက်နှာမပျက်သွားခြင်းဖြစ်သည်။

“ဥက္ကဌဖန် ခင်ဗျားက ကျွန်တော့်ထက် အသက်နည်းနည်းပဲကြီးတာတောင် စိတ်လွတ်ကုန်ပြီလား? ထျန်းရှီက ကျွန်တော့်မိန်းမမဟုတ်ဘူး ခင်ဗျားမိန်းမပဲ၊ ခင်ဗျားက ခင်ဗျားမိန်းမကို တခြားယောက်ျားတစ်ယောက်ရဲ့ ကုတင်ပေါ်တင်ခဲ့တယ်၊ ကြည့်ရတာ ခင်ဗျားက သစ္စာဖောက်တဲ့ကိစ္စကို လွယ်လွယ်ခွင့်လွှတ်ပေးတတ်တဲ့ပုံပဲ! ပြီးတော့ သတင်းအကြောင်းပြောရရင်...ဟက် ဥက္ကဌဖန်၊ ကြည့်ရတာ ခင်ဗျားရှယ်ယာဝင်ထားတဲ့ မီဒီယာကုမ္ပဏီလေးမှာ ဘယ်သူမှ စကားမပြောရဲတော့တဲ့ပုံပဲ ဟုတ်တယ်မလား?”

ပိုင်ယွီအန်း လှောင်ပြောင်လိုက်သည်။

“မင်းဖြန့်ထားတဲ့ သတင်းအတုတွေကြောင့် လူတွေက ကြောက်သွားကြတာလေ၊ မင်းဘယ်လိုလုပ်လိုက်လဲမသိပေမယ့် ခဏနေ မြို့တော်ဝန်ရှုနဲ့တွေ့ရင် သူကိုယ်တိုင် အဲ့အမိန့်ကိုပေးခဲ့လားဆိုတာ ငါမေးဦးမယ်!”

ဖန်လီချင်းသည် စဥ်းစားကြည့်လေလေ ဒေါသထွက်လာလေလေဖြစ်သည်။

ထိုအချိန်တွင် သူသည် နောက်တစ်ချက်ကိုလည်း တွေးမိပေသည်။ ဤပိုင်ယွီအန်းသည် မြို့တော်ဝန်ရှု၏လူများကို လာဘ်ထိုးပြီး မြို့တော်ဝန်ရှုနာမည်ဖြင့် အမိန့်များ ပေးအပ်ခြင်းဖြစ်နိုင်ပေ၏...

“ဒါဆိုလည်း မေးကြည့်လိုက်လေ”

ပိုင်ယွီအန်းသည် ရှေ့သို့တည့်တည့်ကြည့်လိုက်၏။

ဖန်လီချင်းသည် စိတ်ထဲ၌ မွန်းကြပ်မိသွားသည်။

“မိန်းကလေးဟော် ကိုယ်တိုင်သာကြည့်တော့၊ ဒီမိန်းကလေးက လူတိုင်းခြေတော်တင်လို့ရတဲ့ မိန်းမပျက်မပဲ! ပိုင်ယွီအန်းဆိုတာ သူ့ရဲ့ စပွန်ဆာတွေထဲက တစ်ယောက်၊ သူနဲ့ဝေးဝေးနေမှဖြစ်မယ်”

ဟော်ထျန်းရှန်းသည် စကားစရှာမရဖြစ်သွားတော့၏။ ဥက္ကဌဖန်၏ ရည်ရွယ်ချက်အစစ်အမှန်မှာ ကျင်းယွင်ကျောင်းနှင့် ခပ်ခွာခွာနေခိုင်းစေလိုခြင်းမဟုတ်ဘဲ ကျင်းယွင်ကျောင်းအား အရှက်ခွဲလိုခြင်းဖြစ်သည်။

သူတို့မတ်တပ်ရပ်နေသောနေရာမှာ အလွန်ပင်တက်ကြွအသက်ဝင်နေပေသည်။ ယခု သူသည် ကျင်းယွင်ကျောင်း၏နှာခေါင်းတည့်တည့်သို့ လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်နေသည်ဖြစ်ရာ အခြားသူများ၏အာရုံများမှာ သူတို့ဆီသို့ ကူးပြောင်းလာတော့၏။

ရုတ်ချည်းဆိုသလို အားလုံးသည် အချင်းချင်းစိတ်ကသိကအောက်ဖြစ်ဟန်ဖြင့် ကြည့်လိုက်ကြသည်။

ကျင်းယွင်ကျောင်း၏မျက်နှာသည် အလွန်လှပနေသော်လည်း သူမသည် သူစိမ်းတစ်ဦးဖြစ်၏။ သူမသည် ပရဟိတပွဲ၌ ငွေအမြောက်အများလှူခဲ့သောမိန်းကလေးတစ်ဦးဖြစ်ကြောင်း အမျိုးသမီးကြီးအချို့ကသာမှတ်မိသည်။ သို့တိုင်အောင် ဤကိစ္စအား လေးလေးနက်နက်မစဥ်းစားကြချေ။

ထိုနေ့က အဖြစ်အပျက်များကို သူတို့သည် အဘယ်သို့ ရှင်းရှင်းလင်းလင်းမှတ်မိနိုင်မည်နည်း?

ထို့အပြင် ကျင်းယွင်ကျောင်းသည် ယနေ့တွင် မိတ်ကပ်လိမ်းချယ်ထားပြီး အထူးတလည် ဝတ်စားဆင်ယင်ထားသောကြောင့် သူမနှင့် လွန်ခဲ့သောအနှစ်နှစ်ဆယ်က ရှုရှန်းလန်အကြားတွင် ကွာခြားချက်အနည်းငယ်ရှိနေလေသည်။

ရှုရှန်းလန်သည် ရောဂါများကုသခြင်း၊ ဆေးဝါးများဖြန့်ဖြူးရေးမှအပ လူရှေ့သူရှေ့ ထွက်လေ့မရှိချေ။ ထို့အပြင် သူမအသွင်အပြင်မှာ ပို၍နူးညံ့ညင်သာပေ၏။ ထိုအချိန်က ခေတ်ဆန်သော မိတ်ကပ်နည်းပညာလည်းမရှိသဖြင့် ကျင်းယွင်ကျောင်းအား ခြယ်သပြင်ဆင်အပြီးတွင် သူတို့နှစ်ဦးကြားရှိ ရုပ်ဆင်မှုသည် ၃၀-၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားတော့သည်။ ဖြတ်သန်းကုန်ဆုံးပြီသောအချိန်မှာ ကြာပြီဖြစ်သဖြင့် သူမတို့နှစ်ဦးကြားရှိ ကျန်ရစ်သောတူညီမှုများကို ဆက်စပ်၍မရနိုင်တော့ချေ။

“ဖန်လီချင်း သတ္တိရှိရင် အဲ့စကားကို ပြန်ပြောလိုက်”

ကျင်းယွင်ကျောင်းသည် အေးစက်မာကြောသော ဓားများကိုပစ်ပေါက်နေသည့်အလား သူ့အား စူးရဲစွာကြည့်လိုက်သည်။

“ဘာကိုပြန်ပြောရမှာလဲ? ငါဆယ်ခါလောက်ပြောရင်ရော ဘာဖြစ်မှာလဲ? နယ်ကတက်လာတဲ့ ကောင်မ‌လေးတစ်အုပ်ကများ ဘယ်လိုမုန်တိုင်းမျိုးကို တိုက်နိုင်မှာတဲ့လဲ? ခဏနေကျရင် မင်းလိုညစ်ပတ်အောက်တန်းကျတဲ့လူက ရှုမိသားစုသခင်မလေးကို လမ်းလွဲအောင် မလုပ်နိုင်ဖို့ မြို့တော်ဝန်ရှုကို သတိပေးမှဖြစ်မယ်!”

Space and Rebirth 1011

ဖန်လီချင်းသည် ဤမိန်းကလေးနှင့် သူမနှုတ်မှထွက်လာသော ကြိမ်းမောင်းကျိန်ဆဲသံများကို မကြောက်ချေ။

သူ၏တြိဂံကျသောမျက်လုံးများသည် ဝင်းလက်တောက်ပနေ၏။ သူသည်စကားပြောရင်းဖြင့် ကျင်းယွင်ကျောင်းအား ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။ သူသည် အေးအေးလူလူဖြင့် အင်္ကျီဖုန်ခါလိုက်သောအခါ သူ၏ခန္ဓာကိုယ်သည် အကြိမ်အနည်းငယ်ခန့် တုန်ခါသွားတော့၏။ သူသည် ရွံရှာစက်ဆုပ်နေဟန်အပြည့်ရှိသော မျက်လုံးများဖြင့် ဆက်ပြောလိုက်သည်။

“မင်းကိုယ်မင်း သန်းဆယ်ဂဏန်းချီတဲ့ လက်ကောက်မျိုးကို ဝတ်ဖို့တန်တယ်ထင်နေလား? ဒီလိုဟာမျိုးကိုရဖို့ မင်းဘယ်နှစ်ယောက်နဲ့တောင် အိပ်ခဲ့ရလဲဆိုတာ ဘယ်သူပြောနိုင်မှာလဲ? ယောက်ျားတွေဆီက ချူစားဖို့ပဲတတ်တဲ့ မင်းလိုမိန်းကလေးမျိုးကို ငါအများကြီးတွေ့ဖူးတယ်၊ ဒီလိုနေရာမျိုးမှာ မင်းသမီးဖြစ်ချင်သေးတာလား? မင်းလို မြှူဆွယ်နေတဲ့ရုပ်မျိုးက ဘယ်သူ့ကိုမှ အလေးအနက်မထားတတ်ဘူးဆိုတာ လူတိုင်းပြောနိုင်တယ် မင်းတစ်ယောက်ပဲ ဦးနှောက်မရှိတာ!”

သူသည် အာပေါင်အာရင်းသန်သန် ပြောလိုက်ရသဖြင့် စိတ်ထဲတွင် ကျေနပ်မှုအဟုန် မြင့်တက်လာတော့သည်။

လွန်ခဲ့သောရက်ပိုင်းအတွင်း သူသည် အတော်ပင် ဒေါသထွက်နေခဲ့လေသည်။ လူတစ်ဦးတစ်ယောက်အား ကျိန်ဆဲပစ်ချင်သော်လည်း အခွင့်အရေးမရခဲ့ချေ။ ယခုမူ ဤမိန်းကလေးသည် သူမကိုယ်သူမ သူ၏ရှေ့မှောက်သို့ဆက်သနေသဖြင့် သူလည်း အားနာနေတော့မည်မဟုတ်ပေ။

ဖန်လီချင်း၏စကားများသည် အလွန်ပင် နားဝင်ဆိုးလှ၏။ လူများစွာသည် နားမခံသာသောစကားများကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်ကြသည်။

သူတို့အားလုံးသည် မြို့တော်ဝန်ရှုမှ ဖိတ်ခေါ်ထားသော ဂုဏ်သရေရှိဧည့်သည်များဖြစ်၏။ ဤသို့သောစကားများကို ကြားဖူးကြမည်လော? သူတို့သည် သနားစဖွယ်ပုံစံဖြင့် ငေါက်ငမ်းခံနေရသော မိန်းကလေးအား ကြည့်လိုက်သော်လည်း အခြေအနေကိုမသိသဖြင့် သူမအား မကူညီနိုင်ချေ။ သူတို့ကူညီလိုက်သောမိန်းကလေးမှာ ဖန်လီချင်း၏စကားလိုပင် အမှန်တကယ် မိန်းမပျက်ဖြစ်နေပါက ကြားကောင်းမည်မဟုတ်ပေ။

ကျင်းယွင်ကျောင်းနံဘေးတွင်ရှိသော ရှောင်ဟိုင်ချင်းနှင့် စူးချူမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာများပင် နီမြန်းနေတော့သည်။ သူတို့ရှေ့မှောက်တွင် တစ်စုံတစ်ဦးမှ ကျင်းယွင်ကျောင်းအား အော်ငေါက်ရဲသည်ကို မယုံကြည်နိုင်ဖြစ်နေကြ၏!

ကျင်းယွင်ကျောင်းသည် သတင်းထောက်များအဝိုင်းခံစဥ်က သူမကြားခဲ့ရသော စိတ်မချမ်းမြေ့ဖွယ်စကားများမှာ သာမန်သာဖြစ်သည်။ ဤဖန်လီချင်း၏စကားများမှာ ငါးစိမ်းသည်များထက်ပင် ပိုကြမ်းတမ်းလေသည်။ သူသည် ထိုစျေးသည်များထက်ပင် ပိုအတင့်ရဲနေ၏။

နောက်တစ်ဖက်ခြမ်းတွင် ဟော်ထျန်းရှန်းနှင့် ယန်ရှင်းယွဲ့လည်း ဒေါသမီးတောက်လောင်နေပေပြီ။

“ဥက္ကဌဖန် ရှင့်သိက္ခာကိုရှင့်ထိန်းပါဦး!”

ဟော်ထျန်းရှန်းသည် အေးစက်မာကြောသောမျက်နှာဖြင့် ‌ဒေါသတကြီးပြောလိုက်၏။

“ယွင်ကျောင်း?”

ရှောင်ဟိုင်ချင်းမှာ အလျင်စလိုမဖြစ်ချေ။ သူမသည် ခေါင်းကိုစောင်းကာ ကျင်းယွင်ကျောင်း၏နာမည်ကိုခေါ်လိုက်၏။ ကျင်းယွင်ကျောင်းထံမှ ခွင့်ပြုချက်ရသည်နှင့် အချိန်မရွေး ဤလူအား သင်ခန်းစာပေးရန် အသင့်ရှိနေသလိုပင်။

ကျင်းယွင်ကျောင်း၏မျက်နှာသည် အရောင်အမျိုးမျိုးပြောင်းသွားသော်လည်း ဒေါသမထွက်ပါချေ။ သူမသည် ယခင်ဘဝ၌ ရုန့်ရင်းကြမ်းတမ်းသောစကားမျိုးစုံကို ကြားခဲ့ဖူးသည်ဖြစ်ရာ ဤသည်မှာ မပြောပလောက်ပေ။ ထို့အပြင် ဤဖန်လီချင်း၏စကားများမှာ ကြမ်းတမ်းလေလေ သူ၏အဆုံးသတ်မှာ ပို၍ဆိုးရွားလေလေဖြစ်၏။ လူများစွာရှေ့မှောက်တွင် သူမအား အော်ငေါက်ရဲသေးသည်? ဟ! ရယ်ချင်စရာကောင်းလှသည်။

ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို ကျောချမ်းဖွယ်ကောင်းအောင် ပြုံးလိုက်၏။

သူမမှာ ဒေါသထွက်လွန်းသဖြင့် စိတ်လွတ်သွားပြီဟု ဖန်လီချင်းထင်လိုက်သည်။ သူဘာမှမပြောနိုင်ခင်မှာပင် ကျင်းယွင်ကျောင်းသည် သူမလက်ကိုင်အိတ်အား ဟော်ထျန်းရှန်းလက်ထဲသို့ လှမ်းထည့်လိုက်သည်ကို မြင်လိုက်ရ၏။ သူမမျက်လုံးများသည် အေးစက်ကာ လူသတ်လိုစိတ်အပြည့်ရှိနေသည်။ သူမမျက်ထောင့်စွန်းများကို ပင့်လိုက်သောအခါ ဖန်လီချင်း အနည်းငယ်စိုးရွံ့မိသွား၏။

ရှောင်ဟိုင်ချင်းသည် တစ်ချက်ကြည့်ကာ နှုတ်ခမ်းများကိုသပ်လိုက်သည်။ သူမသည်လည်း လက်ထဲမှပစ္စည်းများအား ဟော်ထျန်းရှန်းထံပေးလိုက်သည်။

“ကျေးဇူးပြုပြီး ယူထားပေးပါလား”

စူးချူလည်း ထိုနည်း၎င်းပင်။

တစ်ခဏချင်းတွင် ကျင်းယွင်ကျောင်းသည် ဖန်လီချင်းနှင့် နှစ်လှမ်းစာအကွာတွင် ရောက်နေလေပြီ။ ရှောင်ဟိုင်ချင်းသည် စူးချူအား တစ်ချက်ကြည့်လိုက်၏။ နှစ်ဦးသားသည် ဖန်လီချင်းနံဘေး ခြေလှမ်းအနည်းငယ်ခန့်အကွာသို့ လျှောက်သွားကာ ဖန်လီချင်းအား ဝန်းရံလိုက်သည်။ သူတို့၏မျက်နှာထားများမှာ အနည်းငယ်ကြောက်မက်ဖွယ်ကောင်းနေ၏။ မည်သည့်ကိစ္စမျိုးဖြစ်ပွားမည်ကို ပြောရခက်နေသည်။

အခြားနေရာတွင်သာဖြစ်လျှင် ဤမိန်းကလေးသုံးဦးသည် အင်အားသုံးရန်ကြိုးစားနေသည်ဟု လူအများကထင်နိုင်ပေသည်။ သို့သော် ဤနေရာမှာ ပွဲလမ်းသဘင်တစ်ခုဖြစ်ပြီး သူတို့အားလုံးမှာလည်း လှပကြော့ရှင်းသော ပွဲတက်ဝတ်စုံများကို ဝတ်ထားကြ၏...

လူတိုင်းကစဥ်းစားတွေဝေနေဆဲတွင် ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို သူမနံဘေးရှိ လင်ဗန်းအား ကောက်ယူကာ ဖန်လီချင်းအား ဖြန်းခနဲရိုက်ချလိုက်သည်။ ဖန်လီချင်းသည် အနည်းငယ်ကြောင်အမ်းသွား၏။ သူသည် ချက်ချင်းဆိုသလို ရှောင်ဟိုင်ချင်းဘက်သို့ လှည့်သွားတော့သည်။

ရှောင်ဟိုင်ချင်းသည် သူမသိက္ခာကို ငဲ့မနေချေ။ သူမသည် စကတ်အား မဆိုစလောက် မ ကာ တစ်မုဟုတ်ချင်းဖြင့် ခြေထောက်ကိုမြှောက်၍ ဖန်လီချင်းအား စူးချူဘက်သို့ ကန်ထုတ်လိုက်သည်။

သုံးဦးသားသည် သူ့အား အကြမ်းဖက်လိမ့်မည်ဟု ဖန်လီချင်းထင်မထားချေ။ အကြိမ်အနည်းငယ်ခန့် မူးဝေဝေဖြင့် လှည့်ပတ်ပြီးနောက် သူသည် အသိပြန်လည်လာတော့သည်။ သူသည် အလျင်အမြန်ပင် ဟန်ချက်ထိန်းလိုက်ပြီး စူးချူအား လည်ပင်းညှစ်ရန် လက်လှမ်းလိုက်၏။ သူ၏ကြမ်းကြုတ်သောအကြည့်များမှာ အထူးပင် ကြောက်မက်ဖွယ်ကောင်းနေလေသည်။ စူးချူသည် မျက်လုံးကိုမှိတ်ကာ သူမ၏လက်သည်းဖြင့် ကြမ်းတမ်းစွာကုတ်ချလိုက်ပြီး ဖန်လီချင်း၏တိုက်ကွက်ကို ရှောင်လိုက်၏။ ကျင်းယွင်ကျောင်းသည် အေးစက်စွာ ကြည့်နေ၏။ ထို့နောက် အနောက်မှနေ၍ သူမသည် ဖန်လီချင်း၏အင်္ကျီကော်လံကို ဖမ်းဆုပ်ကာ လေပေါ်သို့မြှောက်လိုက်ပြီး အားမာန်အပြည့်ဖြင့် ဘေးသို့ကိုင်ပေါက်လိုက်တော့သည်!

Space and Rebirth 1012

ကျင်းယွင်ကျောင်းသည် သူမ၏မွေးနေ့ပွဲကို ဖျက်ဆီးရန် စိတ်ကူးမရှိချေ။ ထို့ကြောင့် ဖန်လီချင်းအား ရေပန်းရှိရာသို့ ရွယ်ပြီးပစ်လိုက်၏။ ဖန်လီချင်းတစ်ကိုယ်လုံး ရေထဲပြုတ်ကျကာ ဗွမ်းခနဲမြည်သွားတော့သည်။ ချက်ချင်းဆိုသလို သူ၏တစ်ကိုယ်လုံး စိုရွှဲသွားလေပြီ။

“ကောင်မစုတ်လေးတွေ! ဖာသည်မ မင်းကများ ငါ့ကိုရိုက်ရဲတယ်? လုံခြုံရေးတွေ ဘယ်မှာလဲ? မြို့တော်ဝန်ရှုကိုခေါ်စမ်း! မြို့တော်ဝန်ရှုကို ငါတွေ့ချင်တယ်!”

တစ်ခဏချင်းတွင် ဖန်လီချင်း၏မျက်နှာသည် အစိမ်းရောင်နှင့် အနီရောင်များ ရောယှက်နေလေပြီ။ သူသည် ပြုတ်ကျသွားစဥ်က ရေပန်းရှိ တိုင်တစ်ချောင်းနှင့် ဆောင့်မိခဲ့သောကြောင့် သူ၏နှာခေါင်းမှသွေးထွက်နေသည်။ ထို့ကြောင့် သူသည် အနည်းငယ်ကြောက်စရာကောင်းသည့်ပုံပေါက်လေသည်။

ကျင်းယွင်ကျောင်းသည် ကျောချမ်းစရာကောင်းအောင် ပြုံးလိုက်၏။

“မြို့တော်ဝန်ရှုကို တွေ့ချင်တာလား? ဟုတ်ပြီလေ မြို့တော်ဝန်ရှု ရှင့်ကိုထွက်လာတွေ့အောင် ခေါ်ပေးမယ်”

“သူ့ကိုတစ်ယောက်လောက် သွားခေါ်လိုက်”

ကျင်းယွင်ကျောင်းသည် အနောက်လှည့်၍ နံဘေးရှိအစေခံအား ရိုးရှင်းစွာ အမိန့်ပေးလိုက်သည်။

အစက သူသည် ဖန်လီချင်းမှ လူထုအား ဒေါသထွက်စေနိုင်သောအရာတစ်ခုကို လုပ်စေချင်မိသည်။ ယခုတွင် အချိန်ကွက်တိကိုက်ဖြစ်ပေသည်။

သူမသည် ဖန်လီချင်းအား ရိုက်နှက်ခဲ့သည်ဆိုသော်လည်း တစ်ချက်နှစ်ချက်မျှသာဖြစ်သည်။ ထိုအရာအတွက် ဦးနှောက်မရှိသော သူ့ကိုယ်သူသာ အပြစ်တင်စရာရှိလေ၏။ ထို့အပြင် သူမသည် ဖန်လီချင်းပြောသမျှအား ဖုန်းဖြင့် မှတ်တမ်းတင်ထားသည်။ ထို့ကြောင့်လည်း သူ့အား အချိန်ကြာမြင့်စွာ ကရားရေလွှတ်ပေးပြောထားခြင်းဖြစ်၏။

ဖန်လီချင်းသည် ‌ရေမကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ရေအိုင်ထဲမှ တွားထွက်လာသည်။ သူ၏တစ်ကိုယ်လုံး နာကျင်နေလေပြီ။ ဤအရာကိုမြင်လိုက်သောအခါ ရှောင်ဟိုင်ချင်း ဟမ့်ခနဲအသံပြုလိုက်သည်။ ထို့နောက် သူမသည် ဖန်လီချင်းအား ရေအိုင်ထဲသို့ ပြန်ကန်ထည့်လိုက်လေသည်။

ဖန်လီချင်းသည် ဒေါသထွက်လွန်းသဖြင့် သူ၏ခြေထောက်များမှာ ချိနဲ့နေလေပြီ။ စိတ်ထဲတွင် အလွန်ပင်ဒေါသပုန်ထနေတော့၏။ မြို့တော်ဝန်ရှုအိမ်တွင် မည်သို့ဖြစ်ပွားနေသည်ကို သူမသိတော့ချေ။ အချိန်ကြာမြင့်နေသည့်တိုင် သူ့အား လာရောက်ကူညီသောသူ တစ်ယောက်မျှမရှိသောကြောင့်ဖြစ်သည်!

ဒေါသအလိပ်လိပ်တက်နေသော ဝမ်းခေါင်းဖြင့် သူသည် ရေအိုင်ထဲတွင်ရပ်ကာ ထွက်မလာချေ။ မြို့တော်ဝန်ရှု၏လူများ လာရောက်ကြည့်ရှုမည်ကို စောင့်နေခြင်းဖြစ်သည်။ ထိုအချိန်ရောက်လာလျှင် မြို့တော်ဝန်ရှုနှင့် မြို့တော်ဝန်ရှု၏တူမဖြစ်သူအတွက် ဤသို့သောမိန်းကလေးအား မြို့တော်ဝန်ရှု၏တူမနံဘေးတွင် မထားရန် သူသည် အခိုင်အမာပြောကြားပေမည်!

ပိုင်ယွီအန်းလည်း ထိုနည်း၎င်းပင်။ ဤထင်ရာစိုင်းသောမိန်းကလေး၏ဘေးနားတွင် ရှိနေလျှင် သူသည်လည်း မြို့တော်ဝန်ရှု၏ မျက်နှာသာပေးခံရ‌တော့မည်မဟုတ်ပေ! ထို့အပြင် မီဒီယာကုမ္ပဏီများအား မည်သူကဖုန်းဆက်ခဲ့သည်ကိုလည်း စုံစမ်းရှာဖွေရပေမည်!

ဖန်လီချင်း၏ပုံစံမှာ စုတ်ပြတ်နေသော်လည်း ကျင်းယွင်ကျောင်းသည် တည်ငြိမ်သောမျက်နှာထားဖြင့် ဘေးတွင်ရပ်နေ၏။ သူမသည် စကားတစ်ခွန်းမှမပြောချေ။ ထိုအစား သူမ၏ပုံစံမှာ တစ်ကိုယ်တည်းသန်မာနေသောပုံပေါက်နေ၏။

ဤမိန်းကလေးသည် ဒေါသကြီးပြီး ခေါင်းမာလွန်းသည်ဟု ဖန်လီချင်းခံစားမိသည်။ သူလုပ်ခိုင်းသလိုလုပ်မည့်မိန်းကလေးမျိုး မဟုတ်ပေ။

မကြာမီတွင် ရှုယွမ်ထက်နှင့် ရှုဝမ်ချန်း ရောက်လာတော့သည်။

အစက ရှုယွမ်ထက်သည် ကျင်းယွင်ကျောင်းအားရှာဖွေရန် လူတစ်ယောက်ကို လွှတ်လုဆဲဆဲဖြစ်နေခဲ့သည်။ သူမအား မိတ်ဆက်ပေးရမည့်အချိန် ရောက်လာတော့မည်မဟုတ်လော။

သို့ရာတွင် ညီအစ်ကိုနှစ်ဦးရောက်ရှိလာပြီး အခြေအနေကိုမြင်လိုက်ရသောအခါ အတန်ငယ်အံ့အားသင့်သွားကြ၏။

“ဦးလေး ၁၊ ဦးလေး ၂”

ကျင်းယွင်ကျောင်းသည် သူတို့ထံလျှောက်သွားကာ နှုတ်ဆက်လိုက်သည်။

သူမ၏ပြတ်သားထင်ရှားသောအသံသည် လူတိုင်း၏နားအဖျားသို့ ရောက်သွားတော့၏။ ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သောလူများ၏ မျက်နှာများ ဝင်းလက်သွားသည်။ သူတို့၏သူငယ်အိမ်များ ကျယ်လာပြီး စကားပင်ဆွံ့အလောက်သည်ထိ အံ့အားသင့်သွားကြ၏။

ရှုမိသားစုတွင် လူငယ်တစ်ဦးသာရှိသည်။ ထိုသူမှာ ရှုယုဖြစ်၏။ ရှုယွမ်ထက်နှင့် ရှုဝမ်ချန်းအား ဦးလေးဟုခေါ်နိုင်သောသူမှာ မကြာသေးမီကမှ ပြန်လည်တွေ့ရှိထားသော သခင်မလေးသာဖြစ်သည်။ ထိုသို့ဆိုလျှင်...ကျင်းမျိုးရိုးနာမည်နှင့် မိန်းကလေးမှာ ထိုသခင်မလေးလော?

ဖန်လီချင်း၏နားများသည် ရေပန်းရှိ စီးဆင်းမပြတ်ဖြစ်နေသောရေများနှင့် ပိတ်ဆို့နေ၏။ ထို့အပြင် သူသည် လဲကျထားသဖြင့် မူးဝေနေလေသည်။ သူ၏ခေါင်းထဲတွင် အသံမျိုးစုံမြည်ဟည်းနေသဖြင့် ကျင်းယွင်ကျောင်းမှ ရှုယွမ်ထက်တို့အား ခေါ်လိုက်သောပုံကို မကြားလိုက်ချေ။ ထို့ကြောင့် သူသည် လူတိုင်း၏အဓိပ္ပာယ်ဖော်ရခက်သောအကြည့်များကို လျစ်လျူရှုပြီး ရှုယွမ်ထက်အား မိမိ၏ အသက်ကယ်ကြိုးအဖြစ် သတ်မှတ်လိုက်၏။ သူသည် မကျေမချမ်းဖြင့် ရေရွတ်တော့သည်။

“မြို့တော်ဝန်ရှု! ကျွန်တော့်ဘက်က ရပ်တည်ပေးပါဦး၊ ဒီအရိုင်းအစိုင်းမလေးသုံးယောက်က ကျွန်တော့်ကို ရာရာစစ အကြမ်းဖက်နေပါတယ် ကျွန်တော့်အင်္ကျီတွေကိုကြည့်ပါဦး...”

လူတိုင်း၏နှုတ်ခမ်းစွန်းများတွန့်သွားတော့သည်။ သူတို့သည် ဖန်လီချင်း၏စိတ်ပျက်ဖွယ်ပုံစံကို မမြင်ချင်တော့ချေ။

ထိုမိန်းကလေးမှာ မြို့တော်ဝန်ရှုအား ဦးလေးဟု ခေါ်နေပြီဖြစ်သည်ကို သူမကြားလိုက်သလော?

ရှုယွမ်ထက်စကားမပြောခင်တွင် ဤအရာကို အထင်လွဲမှုဟုပြောကာ မိမိဘက်မှ စတင်တောင်းပန်လျှင်ပင် ဤကိစ္စသည် ကြီးလေးလိမ့်မည်မဟုတ်ပေ။ ယခုတွင်မူ သူသည် နှုတ်ကိုဖွင့်၍ မြို့တော်ဝန်ရှု၏တူမမှာ အရိုင်းအစိုင်းမလေးဖြစ်သည်ဟု ပြောခဲ့လေပြီ။ သူသည် အမှန်တကယ်ပင်...မိမိသေတွင်း မိမိတူးနေပေ၏

All Chapters