← Chapters

အခန်း (၁၀၁၃-၁၀၁၆)

Vol. 51 Ch. 1013-1016

အခန်း (၁၀၁၃-၁၀၁၆)

Vol. 51 Ch. 1013-1016

Space and Rebirth 1013

ဖန်လီချင်းမျက်နှာသည် မုန်းတီးမှုတစ်ဝက် မျှော်လင့်ဟန်တစ်ဝက်ဖြစ်နေ၏။ ရှုယွမ်ထက်မှ ဒေါသမာန်ဖြင့် အမိန့်ထုတ်ပြီး ဤအရိုင်းအစိုင်းမလေးသုံးဦးအား နှင်ထုတ်မည်ကို သူသည် အားကိုးတကြီးစောင့်နေလေသည်။

“ဘာပြောလိုက်တယ်?”

ရှုယွမ်ထက်သည် အေးစက်သောမျက်နှာဖြင့် မေးလိုက်၏။

“မြို့တော်ဝန်ရှု...ကျွန်တော်ကလည်း မြို့တော်ဝန်ကိုယ်တိုင် ဖိတ်ထားတဲ့ ဧည့်သည်ပါ၊ ဘုန်းကြီးမျက်နှာမထောက်ရင်တောင် ဗုဒ္ဓမျက်နှာကို ထောက်ရမယ်ဆိုတဲ့ ဆိုရိုးစကားတောင်ရှိတယ်မလား၊ ဒီမိန်းကလေးက ကျွန်တော့်ကို လုံးဝသိက္ခာချခဲ့တယ်၊ ကျွန်တော်က သူ့ကိုစကားတစ်ခွန်းနှစ်ခွန်းပဲပြောရသေးတယ် ကျွန်တော့်ကို ရိုက်နှက်ခဲ့တယ်လေ!”

ဖန်လီချင်းထပ်ပြောလိုက်၏။

“မင်းသူ့ကိုဘာပြောခဲ့တာလဲ?”

ရှုဝမ်ချန်း၏အကြည့်များသည် မှုန်မှိုင်းနေပြီး စစ်ဆေးအကဲဖြတ်ဟန်များ ပြည့်နှက်နေသည်။

ရှုညီအစ်ကိုနှစ်ဦး၏ တုံ့ပြန်ပုံမှာ အနည်းငယ်ထူးဆန်းလှသည်ဟု ဖန်လီချင်းခံစားမိသည်။ အရင်ဆုံး သူ့အား ဆွဲထူရန် လူခေါ်ပေးသင့်သည်မဟုတ်လော? အခြေအနေအတိမ်အနက်ကို မသိဘဲ အဘယ်ကြောင့် သူပြောသောစကားကို မေးနေရသနည်း?

သို့ရာတွင် သူသည် အလွန်ပင်သံသယဝင်နေသည့်တိုင် မြို့တော်ရှုကိုယ်တိုင် မေးမြန်းလိုက်သဖြင့် ဤအရာအားဖုံးဖိရန် အကြောင်းပြချက်တစ်ခုခုရှာရတော့မည်။

သို့ရာတွင် သူစကားပြောအံ့ဆဲဆဲ၌ ကျင်းယွင်ကျောင်းသည် ဟော်ထျန်းရှန်းလက်ထဲရှိ အိတ်ငယ်လေးမှ သူမဖုန်းကိုထုတ်လိုက်သည်။ ခလုတ်တစ်ခုကို နှိပ်လိုက်သည်နှင့် ကြည်လင်ပြတ်သားသောအသံသည် ရုတ်ချည်းဆိုသလို လေပေါ်တွင် ထွက်ပေါ်လာသည်။

“ဖန်လီချင်း သတ္တိရှိရင် ပြန်ပြောကြည့်လိုက်”

“ဘာကိုပြန်ပြောရမှာလဲ? ငါဆယ်ခါလောက်ပြောရင်ရော ဘာဖြစ်မှာလဲ? နယ်ကတက်လာတဲ့ ကောင်မ‌လေးတစ်အုပ်ကများ ဘယ်လိုမုန်တိုင်းမျိုးကို တိုက်နိုင်မှာတဲ့လဲ? ခဏနေကျရင် မင်းလိုညစ်ပတ်အောက်တန်းကျတဲ့လူက ရှုမိသားစုသခင်မလေးကို လမ်းလွဲအောင် မလုပ်နိုင်ဖို့ မြို့တော်ဝန်ရှုကို သတိပေးမှဖြစ်မယ်!”

…

“မင်းကိုယ်မင်း သန်းဆယ်ဂဏန်းချီတဲ့ လက်ကောက်မျိုးကို ဝတ်ဖို့တန်တယ်ထင်နေလား? ဒီလိုဟာမျိုးကိုရဖို့ မင်းဘယ်နှစ်ယောက်နဲ့တောင် အိပ်ခဲ့ရလဲဆိုတာ ဘယ်သူပြောနိုင်မှာလဲ? ယောက်ျားတွေဆီက ချူစားဖို့ပဲတတ်တဲ့ မင်းလိုမိန်းကလေးမျိုးကို ငါအများကြီးတွေ့ဖူးတယ်၊ ဒီလိုနေရာမျိုးမှာ မင်းသမီးဖြစ်ချင်သေးတာလား? မင်းလို မြှူဆွယ်နေတဲ့ရုပ်မျိုးက ဘယ်သူ့ကိုမှ အလေးအနက်မထားတတ်ဘူးဆိုတာ လူတိုင်းပြောနိုင်တယ် မင်းတစ်ယောက်ပဲ ဦးနှောက်မရှိတာ!”

…

ဖန်လီချင်း၏အသံသည် ထူးခြားသောကြန်အင်လက္ခဏာများမရှိသော်လည်း သူ၏အသံဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိနိုင်ပေသည်။ ငြင်းစရာမလိုပေ။

ရှုယွမ်ထက်သည် ၎င်းကိုကြားလိုက်သောအခါ အလွန်ပင်ဒေါသထွက်လွန်းသဖြင့် မျက်နှာများ စိမ်းတက်လာတော့သည်။

“ကျွန်တော် ရှုယွမ်ထက်ရဲ့ တူမက ခင်ဗျားမျက်လုံးထဲမှာ မိန်းမပျက်တစ်ယောက်ပေါ့လေ? ဥက္ကဌဖန် ခင်ဗျားက တကယ်လေကြီးမိုးကြီးပြောနေတာပဲ!”

ရှုယွမ်ထက်သည် ခနဲ့သံအပြည့်ဖြင့် ပြောလိုက်သည်။

ရှုဝမ်ချန်းမျက်နှာမှာလည်း ရေခဲတမျှ အေးစက်မာကြောနေ၏။ သူ၏မျက်လုံးများမှာ ဒေါသမီးတောက်လောင်နေပြီး စိတ်ထဲတွင် သူ့အားဖျက်ဆီးရန် နည်းလမ်းပေါင်းသောင်းခြောက်ထောင်ကို စဥ်းစားနှင့်လေပြီ။

သူသည် ယခင်က ဥက္ကဌဖန်ကို တစ်ခါမှမမြင်ဖူးသောကြောင့် သူသာစိတ်ရှိလျှင် ဤလူအား အချိန်မရွေးသတ်ပစ်နိုင်ပေသည်!

“တူမ? ဘယ်သူကလဲ? သူလား?!”

ဖန်လီချင်းသည် ကြောင်အမ်းစွာဖြင့် ကျင်းယွင်ကျောင်းအား လက်ညှိုးထိုးလိုက်သည်။

“ဟုတ်တယ် သူပဲ၊ မင်းက တန်ဖိုးမရှိတဲ့အမှိုက်လို အော်ငေါက်နေတဲ့ အရိုင်းအစိုင်းမလေးလေ!”

ရှုယွမ်ထက်၏လေသံသည် ကြက်သီးမွေးညင်းများပင် ထချင်စရာဖြစ်သည်။

“ဥက္ကဌဖန်ကို တစ်ခါမှ မဖိတ်ဖူးပါဘူး ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ?”

ဖန်လီချင်း၏နှုတ်ခမ်းစွန်းများ တွန့်သွားသည်။ အဘယ်သို့ ဖြစ်နိုင်မည်နည်း? ဤအရိုင်းအစိုင်းမသည် မြို့တော်ဝန်ရှု၏တူမဖြစ်နေသည်လော? ထို့ကြောင့်လည်း သူမသည် ဤနေရာတွင် ရောက်နေပြီး ဤမျှလောက် မာနကြီးနေခြင်းလော?

ဖန်လီချင်းသည် လုံးဝဆွံ့အနေလေ၏။ သူ၏စိတ်တစ်ခွင် ရှုပ်ထွေးနေတော့သည်။ သူ၏အနီးရှိလူများသည်လည်း မျက်နှာများ တစ်မျိုးဖြစ်သွားကြသည်။ သူ့အား သနားနေသည်လော ကျေနပ်အားရဖြစ်နေသည်လော မသဲကွဲပေ။

“မဟုတ်ဘူး...မြို့တော်ဝန်ရှု ကျွန်တော်ရှင်းပြပါရစေ၊ သူကတကယ်ပဲ မြို့တော်ဝန်ရဲ့တူမမှန်း ကျွန်တော်မသိတာပါ...သူ-သူ့ကို ကျွန်တော်က ရတနာဆိုင်မှာ တစ်ခေါက်တွေ့ဖူးပါတယ်၊ အဲ့တုန်းက သူများဝယ်ပေးထားတဲ့ လက်ကောက်ကို ဝတ်ထားတာမို့ ကျွန်တော်အထင်လွဲသွားတာပါ...မြို့တော်ဝန်ရှု...”

ခေတ္တအကြာတွင် ဖန်လီချင်းသည် ပြာပြာသလဲဖြင့် ပြောလိုက်၏။

ပွဲလာဧည့်သည်များအားလုံးသည် အလားအလာကောင်းပြီး နာမည်ကြီးပုဂ္ဂိုလ်များဖြစ်သည်။

ရှုယွမ်ထက်သည် ယခုတွင် မြို့တော်ဝန်တစ်ဦးသာဖြစ်သော်လည်း လက်တွေ့တွင်မူ သူသာစိတ်ပါလျှင် ဤထက်မြင့်မားသော အစိုးရအရာရှိရာထူးကို ဆွတ်ခူးနိုင်သူဖြစ်၏။ သူ၏အာဏာသည် အလွန်ပင်နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသည်။ စီးပွားရေးလောကအတွင်းတွင် ပြောစရာပင်မလိုချေ။ သူ့ထံမှ အကူအညီရယူဖူးသောသူများစွာရှိနေ၏။

အကြောင်းရင်းတိတိပပမသိသော်ငြား လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာကတည်းကပင် ရှုမိသားစုအား လေးစားရိုသေခဲ့သူများစွာရှိသည်။ အကြီးအကဲရှုကြောင့် ဖြစ်ဖို့များ၏။ အတိုချုံးပြောရလျှင် သူတို့အား သွားမရှုပ်သင့်ပေ!

Space and Rebirth 1014

သူသည် လူများစွာရှေ့မှောက်တွင် မြို့တော်ဝန်ရှု၏တူမကို စော်ကားခဲ့၏...

“လက်ကောက်? ခရမ်းစွဲကျောက်စိမ်းလက်ကောက်ကို ပြောနေတာလား? ငါကိုယ်တိုင် ဥက္ကဌဟော်ဆီသွားပြီး အဲ့လက်ကောက်ကိုဝယ်ထားတာ၊ ပြေစာပါယူလာပြီး မင်းကိုသက်သေပြရဦးလား?”

ရှုယွမ်ထက်သည် အသံသြသြဖြင့် အေးတိအေးစက်နိုင်စွာ နှာရှုံ့လိုက်သည်။ နွေးထွေးသော ဖန်လုံဆောင်ထဲတွင် ကျောချမ်းဖွယ်အငွေ့အသက်များကို ရုတ်ချည်းဆိုသလို ခံစားလိုက်ရ၏။

(ဘာ? ဒါဆို ခရမ်းစွဲကျောက်စိမ်းလက်ကောက်ကလည်း...)

ဖန်လီချင်း၏ဦးနှောက်သည် ချက်ချင်းဆိုသလို ရပ်လုမတတ်ဖြစ်သွားသည်။

သေချာစဥ်းစားကြည့်လိုက်သောအခါ မှန်နေပေသည်။ ကျင်းယွင်ကျောင်းနှင့် ပိုင်ယွီအန်းသည် သူ့အရှေ့တွင် ဘာမှမဝယ်ခဲ့ချေ။ သူကသာ မသိစိတ်ထဲမှ ခန့်မှန်းလိုက်ခြင်းဖြစ်၏...

“ငါထပ်မေးမယ် မင်းဘယ်လိုဝင်လာတာလဲ?”

ရှုယွမ်ထက်သည် နောက်တစ်ဖန် သုန်မှုန်စွာဖြင့် မေးလိုက်၏။

ဖန်လီချင်းတုန်ယင်သွားသည်။

“မြို့တော်ဝန်ရှု၊ ကျွန်တော်ဖိတ်စာရ...”

“အဲ့ဖိတ်စာဘယ်မှာလဲ? ငါ့ကိုလာပြစမ်း”

ရှုယွမ်ထက်သည် အေးစက်စွာ ပြောလိုက်၏။

ဖန်လီချင်းတစ်ကိုယ်လုံးတောင့်တင်းသွားသည်။ သူ၏သမီးဖြစ်သူသည် ထိုအရာကိုကြားသောအခါ ပြာပြာသလဲဖြင့် သူမအိတ်ထဲမှ ရွှေရောင်ဖိတ်စာကို ထုတ်လိုက်သည်။ ရှုယွမ်ထက် ယူကြည့်ကာ ချက်ချင်းဆိုသလို ပြောလိုက်၏။

“ဥက္ကဌဖန် ခင်ဗျားက တကယ်အတင့်ရဲတာပဲ၊ ဖိတ်စာအတုတောင် လုပ်ရဲတယ်ဆိုတော့ တကယ်အံ့သြစရာကောင်းတယ်! ရှုမိသားစုအိမ်ကို ဘယ်လိုနေရာမျိုးထင်နေလဲ? ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ရတဲ့နေရာမှတ်နေလား? ရှုယွမ်ထက် ဖူးဖူးမှုတ်ထားရတဲ့ တူမလေးကိုရော ဘာထင်နေလဲ? မင်းအော်ချင်တိုင်းအော်လို့ရတဲ့လူမှတ်နေလား?!”

“အတု? မဖြစ်နိုင်တာ!”

ဖန်လီချင်းချက်ချင်းဆိုသလို ပြန်ပက်လိုက်၏။

“အတုလား အစစ်လားဆိုတာကို တခြားသူတွေရဲ့ ဖိတ်စာနဲ့ယှဥ်ကြည့်လိုက်ရင် သိမှာပဲလေ၊ ငါ ရှုယွမ်ထက်က လူတွေကို မတရားစွပ်စွဲတဲ့လူမဟုတ်ဘူး!”

ရှုယွမ်ထက်သည် အေးစက်စွာ ပြောလိုက်၏။

ဤသည်မှာ အနှစ်နှစ်ဆယ်အတွင်း ရှုမိသားစုမှ ဧည့်သည်ပေါင်းများစွာကို ဖိတ်ခေါ်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် အလွန်သတိထားရပေသည်။ ဖိတ်စာတိုင်းကို သူကိုယ်တိုင်လက်မှတ်ထိုးထား၏။ ဆင်တူရိုးမှား လုံးဝမရှိနိုင်ပေ။ သို့ရာတွင် ဖိတ်စာပေါ်တွင် ရေးသားထားသော ဖန်လီချင်းနာမည်မှာ သူ၏လက်ရေးနှင့် အလွန်ဆင်သော်ငြား သေးငယ်သောကွာခြားချက်များစွာရှိနေ၏။ ဤသို့သောအရာမျိုးမှာ အခြားသူတစ်ဦး၏ဖိတ်စာနှင့် ယှဥ်ကြည့်လိုက်လျှင် သိနိုင်သောအရာပင်!

“ဥက္ကဌဖန်၊ ခင်ဗျားဖိတ်စာကတကယ်ပဲ ကျွန်တော်တို့နဲ့ကွာနေပါလား”

ဟော်ထျန်းရှန်း၏ဖခင်သည် မီးလောင်ရာလေပင့်လုပ်သည့်အနေဖြင့် အပြုံးတစ်ပွင့်ဖြင့်ပြောကာ ခေါင်းကိုခါယမ်းလိုက်သည်။

ဖန်လီချင်းသည် ၎င်းကိုကြားလိုက်ရသောအခါ တစ်စုံတစ်ယောက်မှ သူ၏ခေါင်းကိုတူနှင့်ထုလိုက်သလိုဖြစ်သွားတော့၏။ သူ၏တစ်ကိုယ်လုံး ခြေကုန်လက်ပမ်းကျကာ ပေါက်ကွဲလုမတတ်ဖြစ်သွားသည်။

သူသည် တုန်ယင်နေသောလက်များဖြင့် အနီးတစ်ဝိုက်မှ အထင်အမြင်သေးသောအကြည့်များကို ခံစားလိုက်ရ၏။ ဒေါသ၊ အမုန်းတရား၊ မထီလေးစားမှုများ...

“ဒါမင်းလက်ချက်မှတ်လား?”

ဖန်လီချင်းသည် ကျင်းယွင်ကျောင်းအား စူးစိုက်ကြည့်ကာ ပြောလိုက်၏။

“မြို့တော်ဝန်ရှု၊ စုံစမ်းကြည့်လိုက်တာနဲ့ ဒီဟာကို ကျွန်တော် အတုလုပ်ထားတာမဟုတ်မှန်း သိပါလိမ့်မယ်၊ ကျွန်တော်လုပ်ထားတာ လုံးဝမဟုတ်ပါဘူး!”

မြို့တော်ဝန်ရှု၏လက်မှတ်အား တုပရေးထိုးခြင်း...ဤအချက်ဖြင့်ပင် မြို့တော်ဝန်ရှ၏ ငြိုငြင်ခြင်းကို ခံရနိုင်လေသည်။

“ကျွန်မလက်ချက်တဲ့လား? ဥက္ကဌဖန် ရှင်ပြောနေတာက ကျွန်မကိုအအော်ခံချင်လို့ ရှင့်ကို ဒီနေရာတမင်ဖိတ်တယ်ပေါ့လေ? ရှင့်ဘာသာ ကျွန်မ‌ရှေ့ပေါ်လာပြီး ပြသာနာလာရှာတာမဟုတ်ဘူးလား? ကျွန်မကိုဒီလိုမျိုး စွပ်စွဲလို့မရဘူးလေ”

ကျင်းယွင်ကျောင်းပြောချလိုက်၏။ ထိုစကားတစ်ခွန်းတည်းဖြင့် ဖန်လီချင်း၏နှလုံးသား တစ်ဆို့သွားတော့သည်။ ပြင်ပဒဏ်ရာအပြီးတွင် သူ၏နှလုံးသားပါ စတင်နာကျင်လာတော့၏။

မှန်ပေသည်။ အစကတည်းကပင် သူကစတင်၍ ဤမိန်းကလေးအား လာရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။ လူများစွာက ၎င်းကိုမြင်ခဲ့ပေသည်!

ယနေ့တွင် သူသည် လုံးဝအဆုံးသတ်ချေပြီ။

ရှုယွမ်ထက်၏ အဆက်အသွယ်ထဲတွင်ပင်လျှင် သူ့အား မသေမချင်း နှိပ်စက်ညှင်းပန်းဆော့ကစားမည့်လူများစွာရှိ၏။ ထိုထက်အရေးကြီးသည်မှာ ရှုဝမ်ချန်းလည်း ရှိနေပေသည်။

ဤနေရာတွင် သူ၏သိက္ခာကို လုံးဝအဖတ်ဆယ်မရတော့ချေ။ ယနေ့အပြီးတွင် သူ၏အားနည်းချက်ကိုဆုပ်ကိုင်ကာ သူ့အားမြေကြီးထဲနင်းချေမည့် လူများမရေမတွက်နိုင်အောင် ရှိသွားပေပြီ။

သူ၏အေးစက်သောနှုတ်ခမ်းများသည် တုန်ယင်နေ၏။ ဤအခိုက်အတန့်တွင် သူ၏ဖုန်းသည် အသံမြည်လာသည်။ သူ၏ဖုန်းမှာ ရေများစိုနေသော်လည်း အင်္ကျီအိတ်ထဲတွင် ထည့်ထားသောကြောင့် စိုသာစိုသော်လည်း မကွဲပေ။ ဖုန်းခေါ်သူကို ကြည့်လိုက်ပြီးနောက် သူသည် အံကိုကြိတ်ကာ ဖုန်းကိုင်လိုက်သည်။

သူသည် မြို့တော်ဝန်ရှုကိုလည်း စော်ကားပြီးဖြစ်သဖြင့် မထူးတော့ချေ...

“ဥက္ကဌဖန်...ပြသာနာတက်နေပါပြီ! လွန်ခဲ့တဲ့နှစ်ဝက်လောက်က ကျောင်းသူလေးကိစ္စကို ခုနလေးတင် တစ်ယောက်ယောက်က ဖော်လိုက်ပါတယ်!”

ဖုန်းတစ်ဖက်ခြမ်းမှ ပျာယာခတ်နေသောအသံတစ်သံ ထွက်ပေါ်လာ၏။

ထိုသတင်းမှာ အင်တာနက်ပေါ်တွင် လျင်မြန်စွာ ထွက်ပေါ်လာပြီး ထိုထက်လျင်မြန်သောအရှိန်အဟုန်ဖြင့် ပြန့်ပွားနေတော့သည်။

“ဘ...ဘယ်ကျောင်းသူလဲ?”

ဥက္ကဌဖန် နားမလည်ချေ။

Space and Rebirth 1015

ဖန်လီချင်းသည် ရူးချင်ဟန်ဆောင်နေခြင်းမဟုတ်ပေ။ သူသည် အမှန်တကယ်ပင် ထိုကျောင်းသူလေးအား မမှတ်မိခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်ဝက်ခန့်က သူသည် အလွန်ပင်သာမန်ဆန်သော မိသားစုတစ်စုကို ချောက်တွန်းရန် အမိန့်ပေးခဲ့သော်လည်း သူ့အတွက် ထိုအရာမှာ အသေးအဖွဲကိစ္စသာဖြစ်၏။ ထိုကိစ္စပြီးဆုံးသွားသောအခါ အလိုလိုပင် သူသည် ၎င်းအား မေ့လျော့သွားတော့သည်။

“စျေးကြီးတဲ့အီလက်ထရောနစ်ပစ္စည်းတွေကို သူ့အမေကို အတင်းဝယ်ခိုင်းပြီး အမေကိုဒေါသထွက်သေအောင် လုပ်ခဲ့တဲ့ ကျောင်းသူလေးတစ်ယောက်ရဲ့သတင်းလေ၊ ဥက္ကဌဖန်ပဲ ကျွန်တော့်ကို အဲ့သတင်းဖြန့်ခိုင်းတာမဟုတ်ဘူးလား...ဥက္ကဌဖန်၊ ကျွန်တော်တို့အခုဘာလုပ်ကြမလဲ? ဒီသတင်းက မှားနေပြီး ဒီသတင်းကြောင့် လူနှစ်ယောက်သေသွားပြီလို့ ထွက်လာကုန်ပြီ၊ တခြားမီဒီယာဌာနတွေသာ ဆက်ဖြန့်နေရင် ကျွန်တော်တို့လို သတင်းဌာနအသေးစားလေးက ခံနိုင်ရည်ရှိမှာမဟုတ်ဘူး၊ ခင်ဗျားလည်း ရှယ်ယာရှင်တစ်ယောက်ပဲ‌ဗျာ၊ နည်းလမ်းတစ်ခုခု အမြန်စဥ်းစားပါဦး!”

တစ်ဖက်လူမှ သုတ်သီးသုတ်ပြာဖြင့် ပြောနေ၏။

နံဘေးတွင်ရပ်နေသော ကျင်းယွင်ကျောင်းသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်၏။ ဤကိစ္စအား ဤမျှလျင်မြန်စွာ ဖြေရှင်းနိုင်မည်ဟု သူမမထင်ခဲ့ချေ။

သူမသည် ချက်ချင်းဆိုသလိုပင် ပိုင်ယွီအန်းအား ခေါင်းငြိမ့်ပြလိုက်သည်။

ဖုန်းတစ်ဖက်ခြမ်းမှလူက သတိပေးပြီးနောက် ဖန်လီချင်းအမှတ်ရသွားတော့သည်။ ထိုသို့ကိစ္စမျိုး အမှန်တကယ်ပင် ရှိခဲ့ပေသည်...

သို့ရာတွင် ထိုအချိန်က ထိုကိစ္စအား ပိရိစွာကိုင်တွယ်ဖြေရှင်းခဲ့သည်မဟုတ်လော။ ကျောင်းသူမိန်းကလေးမှာ သေဆုံးသွားပြီး သူမဖခင်ကိုလည်း ငွေဖြင့်နှုတ်ပိတ်နိုင်ခဲ့သည်။ သက်သောတစ်စုံတစ်ရာရှိလျှင်ပင် ယခုမှ ပြန်ပေါ်ထွက်လာစရာအကြောင်းမရှိပေ။ အဘယ်ကြောင့် ရုတ်ချည်းဆိုသလို သတင်းမီဒီယာများက ဤသတင်းအား လိုက်နေရသနည်း...

သူ၏မျက်လုံးများသည် ချက်ချင်းဆိုသလို ပြူးကျယ်သွားပြီး ပိုင်ယွီအန်းအား ကြည့်လိုက်သည်။ သူ၏အကြည့်များသည် ပိုင်ယွီအန်းမှ မခွာတော့ချေ။

ပိုင်ယွီအန်း၏လက်ချက်လော ထိုမိန်းကလေးလက်ချက်လော?!

“ဥက္ကဌဖန် မျက်နှာသိပ်မကောင်းဘူးပဲ၊ မကောင်းတဲ့ကိစ္စတစ်ခုခုများလုပ်မိလို့လား? ကျွန်မအကြံတစ်ခုပေးလိုက်မယ်၊ ဝဋ်ဆိုတာ ကြောက်စရာကောင်းတယ်တဲ့၊ လူတစ်ယောက်သေသွားရင်တောင် သူ့ကောင်းမှုကုသိုလ်ကံက နောက်ဘဝထိ လိုက်နေဦးမှာပဲ!”

ကျင်းယွင်ကျောင်းသည် ကျောစိမ့်ဖွယ်ကောင်းအောင် ပြောလိုက်သည်။

ဖန်လီချင်း တုန်ယင်သွားသည်။ သူမထိုသို့ပြောလိုက်သောအခါ သူမေ့လုမေ့ခင်ဖြစ်နေသော ကျောင်းသူလေး၏မျက်နှာကို ရုတ်ချည်းဆိုသလို မှတ်မိသွား၏။

သူ၏စိတ်ထဲတွင် ဝမ်းနည်းမှုများ၊ ဒေါသများ၊ အမုန်းတရားများ ရောပြွန်းနေတော့သည်။

“မင်းကိုး”

ဤစကားလုံးနှစ်လုံးသည် အံကိုတင်းတင်းကြိတ်ထားသော ဖန်လီချင်း၏ပါးစပ်မှ ညှစ်ထွက်လာတော့၏။

နို့နံ့ပင်မစင်သေးသည့် ကလေးမလေးတစ်ဦးက ဤသို့သောအကြံအစည်မျိုးအား ရေးဆွဲခဲ့လေသည်။

သေချာစဥ်းစားကြည့်လိုက်သောအခါ သူမသည် ဤသို့ကြံစည်နေသည်မှာ ကြာလောက်ပေပြီ။ သူ၏ဇာတ်ကြောင်းအား ဤမျှလောက် အသေးစိတ်ကျအောင် စုံစမ်းနိုင်သောသူကို သူမသည် ရှာနိုင်ခဲ့လေသည်။ ထျန်းရှီ၏သတင်းထွက်လာကတည်းကပင် သူမအစီအစဥ်ဆွဲခဲ့ခြင်းဖြစ်မည်။

သူမသည် ဖန်လီချင်းအကြောင်းမေ့နေသကဲ့သို့ပင် အရာအားလုံးကို တိတ်တခိုးစီစဥ်ခဲ့လေသည်။ ဖန်လီချင်းအား သတိတစ်ချက်မျှ မပေးခဲ့ချေ။ သူမသည် မြို့တော်ရှု၏တူမဖြစ်နေလျက်ပင် သူ၏အရှေ့တွင် ထိုအချက်အား တမင်မဖော်ထုတ်ခဲ့ပေ။ သူ့ထံသို့ လူလွှတ်၍ ဖိတ်စာအတုကိုပင် ပေးခဲ့သေး၏။

ထိုဖိတ်စာကိုတွေ့လိုက်သည်နှင့် သူသည် ပွဲသေချာပေါက်တက်မည်ဖြစ်ကြောင်း သူမသိနေခဲ့သည်...ဧည့်ကြိုဝန်ထမ်းများအား ကြိုတင်အသိပေးထားသရွေ့ မည်သူကမှ ဖိတ်စာအတုလော အစစ်လော စစ်ဆေးမည်မဟုတ်ချေ။ ထိုအခါ သူသည် ဖိတ်စာအစစ်ကို ကိုင်ထားသည်ဟု မိမိကိုယ်ကိုထင်သွားလိမ့်မည်။ ထို့နောက်တွင်...သူ့ဘက်မှ ပြသာနာလာရှာရန် ကျင်းယွင်ကျောင်းကရန်စမည်မဟုတ်လော?

ဤသို့သော အရေးကြီးဧည့်သည်များစွာရှိသောပွဲမျိုးတွင် ဤမိန်းကလေးငယ်အား အော်ငေါက်ရန်မပြောနှင့် သူမအတွက် ပြသာနာအသေးစားတစ်ခုမျှ ရှာလျှင်ပင် ရှုယွမ်ထက်သည် သူ့အား ပြင်းပြင်းထန်ထန် အပြစ်ပေးလျှင်ပေး မဟုတ်လျှင် သူ၏တူမမျက်နှာကိုထောက်၍ သူ့အား နှင်ထုတ်ပစ်ပေမည်။

ထို့အပြင် အရင်ကသတင်းအား ဖော်ထုတ်ရန် သူမသည် ယနေ့ကို ရွေးချယ်ခဲ့၏!

ထိုအချိန်တွင် ဖန်လီချင်းသည် ကျောသာစိမ့်မိသွားပြီး အကြောက်တရားနှင့် နောင်တများ ရောပြွန်းနေသည်။ ဤအခိုက်အတန့်တွင် သူ၏ပိုင်ဆိုင်မှုများ၊ ကျော်ကြားမှုများအားလုံး ရပ်တန့်သွားသလိုပင်။

“ဘာတွေကြည့်နေကြတာလဲ? ဥက္ကဌဖန်ကို အခုချက်ချင်းဆွဲထုတ်သွားကြစမ်း!”

ခေတ္တအကြာတွင် ဖန်လီချင်းသည် ရှုယွမ်ထက်၏အေးစက်သောအသံကို ကြားလိုက်ရသည်။ ထို့နောက်တွင် လူတစ်ဦးသည် သူ့အားဆွဲလိုက်၏။ သူ၏တစ်ကိုယ်လုံးသည် ရေအိုင်ထဲမှ ဆွဲထုတ်ခံလိုက်ရသဖြင့် မြေပြင်ပေါ်တွင် ရေကွက်ရှည်ကြီးတစ်ခု ကျန်ခဲ့တော့သည်။

“မိန်းမပျက်မလေး၊ နှစ်ပေါင်းများစွာ နန်းကျနေခဲ့တဲ့မင်းသမီးက ယောက်ျားတွေနဲ့ အိပ်ဖူးရင်အိပ်ဖူးမှာပဲ! မင်းနဲ့ပိုင်ယွီအန်းကြားမှာ ဘာမှမရှိဘူးဆိုတာကို ငါမယုံဘူး! ဘာသခင်မလေးလဲ မင်းနဲ့မတန်ဘူး!”

သူသည် ဒေါသပုန်ထနေသဖြင့် ဆွဲထုတ်ခံရသောအခါတွင် ရုတ်ချည်းဆိုသလို ဒေါသပေါက်ကွဲတော့သည်။

မည်သို့ပင်ဖြစ်စေ သူသည် ရှုမိသားစုတစ်စုလုံးအား စော်ကားနှင့်ပြီးဖြစ်ရာ အကြိမ်အနည်းငယ်ခန့် ထပ်ဆဲဆိုလျှင်ပင် ဤထက်ပိုမထူးနိုင်တော့ပေ!

Space and Rebirth 1016

ဖန်လီချင်း၏ကြိမ်းမောင်းသံကြောင့် လူတိုင်း ခေါင်းကျိန်းသွားတော့၏။ သူတို့အားလုံးသည် သတိတကြီးဖြင့် ကျင်းယွင်ကျောင်းအား ဝေ့ကြည့်လိုက်ကြသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းသည် အနည်းငယ်မှပင် ဟန်မပျက်ချေ။ ဆဲဆိုခံရ၍ စိတ်ထိခိုက်နေသည့်ပုံလည်းမရှိပေ။

“တောင်းပန်ပါတယ်...”

ဖန်လီချင်း၏သမီးသည် အလျင်အမြန်ပင် ဦးညွှတ်တောင်းပန်ပြောဆိုလိုက်၏။ ထို့နောက် သူမသည် အနောက်သို့လှည့်ကာ ပြေးထွက်သွားတော့သည်။

ထိုမှသာ ရှုယွမ်ထက်၏မျက်နှာထားတင်းမာမှု အနည်းငယ်ပြေလျော့သွား၏။

“ရှောင်ကျောင်း သမီးအတွက် ဦးလေးသူ့ကိုဖြေရှင်းပေးမယ်”

ရှုယွမ်ထက်သည် ကျင်းယွင်ကျောင်းပုခုံးအားပုတ်ကာ ပြောလိုက်သည်။

ပုံမှန်အားဖြင့် အိမ်ထဲတွင် သူမဦးလေးနှစ်ဦးသည် ကျင်းယွင်ကျောင်း၏ခေါင်းအား ထိချင်သလိုထိကြပြီး အခွင့်အရေးရသည်နှင့် သူမဆံပင်ကိုပွတ်သပ်ကြလေသည်။ သို့သော် ယနေ့တွင် ကျင်းယွင်ကျောင်းသည် ဆံပင်ပုံသွင်းထားသဖြင့် ရှုယွမ်ထက်သည် စိတ်ထိန်းလိုက်ပြီး ပုခုံးဖြင့်သာ ကျေနပ်လိုက်တော့၏။

ဤရိုးရှင်းသောစကား၏အဓိပ္ပာယ်ကို လူအများကနားလည်လိုက်ကြသည်။

ရှုယွမ်ထက်၏အာဏာပင် ပြောစရာမလိုလောက်အောင် ကြီးမားပေသည်။ ဤနေရာတွင် ရောက်နေကြသော လူအများစုသည်လည်း အကြီးအကဲရှုထံမှ အကူအညီများစွာရဖူး၏။

ရှုမိသားစု၏ဆေးဘက်ဆိုင်ရာ အဆက်အသွယ်များသည် တစ်ကမ္ဘာလုံးအနှံ့ရှိနေ၏။ သူတို့သည် မည်သည့်ဆေးဝါးမျိုးကိုမဆို အရယူနိုင်သည်။ လူတိုင်းနေမကောင်းဖြစ်ဖူးသည်မဟုတ်လော? ရောဂါအသေးစားများမှာ ကိစ္စမရှိသော်ငြား နာတာရှည်ရောဂါများ ခံစားနေရသော မိသားစုဝင်များရှိလျှင် ပြသာနာဖြစ်ချေပြီ။ ကျင်းမိသားစုမပြိုလဲခင်က ဤအရာမှာ ပြသာနာမဟုတ်ချေ။ ကျင်းမိသားစုသည် ရောဂါများကိုကုသပြီး ရှုမိသားစုမှာ ဆေးဝါးများကိုရောင်းချ၏။ မည်သည့်ရှားပါးဆေးမျိုးဖြစ်စေကာမူ ရှုမိသားစုသည် ရှာဖွေနိုင်ပေသည်။ မိသားစုနှစ်စုမှာ သစ်တစ်ပင်တည်းမှ အကိုင်းနှစ်ခက်ကဲ့သို့ပင်။ ကျင်းမိသားစုတွင် အမွေဆက်ခံသူမရှိတော့သော်ငြား ဤတာဝန်သည် ရှုမိသားစုခေါင်းပေါ်သို့ ကျနေသေး၏။

ဤလွှမ်းမိုးနိုင်စွမ်းမှာ မသေးလှချေ။

ထို့အပြင် ကျင်းမိသားစုအား ဆေးရုံကြီးများ ကူညီတည်‌ထောင်ပေးခဲ့သော လီမိသားစုမှာလည်း ကျင်းမိသားစု၏ဆေးကုသရေးပညာအမွေအနှစ်ကို မသင်ယူလိုက်ရကြောင်း လူအများကသိထားကြ၏။ သူတို့သည် သာမန်ရောဂါများကို ကုသပေးနိုင်သော်ငြား ပြင်းထန်သောရောဂါမျိုးနှင့် ကြုံတွေ့ရလျှင် အကြီးအကဲရှုကိုသာ လာရှာရစမြဲဖြစ်သည်။

အကြီးအကဲရှု၏ ဆေးပညာစွမ်းရည်မှာ ယခင်က ကျင်းမိသားစုနှင့် မယှဥ်နိုင်သော်ငြား သူသည် အလွန်ပင်ထူးချွန်လှသောသမားတော်တစ်ဦးဖြစ်ပေသည်။

ထို့ကြောင့် ဤအချိန်တွင် ရှုယွမ်ထက်မှ ဘာမှမပြောလျှင်ပင် ဖန်လီချင်းအား တစ်ယောက်ယောက်မှ ကိုင်တွယ်ဖြေရှင်းပေလိမ့်မည်။

“အားလုံးပဲ”

ကျင်းယွင်ကျောင်းစိတ်အေးသက်သာရာရပြီးနောက် ရှုယွမ်ထက်သည် သူမပုခုံးအားဖက်ကာ လူအုပ်ဘက်သို့ လှည့်ပြောလိုက်သည်။

“ရှောင်ကျောင်းက မိသားစုနဲ့အတူမကြီးလာခဲ့ပေမယ့် သူမထူးချွန်တာမရှိဘူး၊ ဦးလေးတစ်ယောက်အနေနဲ့ သူ့အတွက် ကျွန်တော်အရမ်းဂုဏ်ယူမိတယ်၊ ဒီနေ့တော့ ရှောင်ကျောင်း လူကြီးဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ လူတိုင်းကိုဖိတ်ခေါ်ခဲ့တာပါ၊ သူတစ်ယောက်တည်းမဟုတ်တော့ဘူးဆိုတာကိုလည်း မျက်မြင်သက်သေဖြစ်ပေးကြဖို့ပေါ့၊ ရှုမိသားစုမှာ အစကတည်းက သားသမီးများများစားစားမရှိပါဘူး၊ သူ့မျိုးရိုးနာမည်က ရှုမဟုတ်ပေမယ့် သူ့ခန္ဓာကိုယ်ထဲမှာ ရှုမိသားစုရဲ့သွေးစီးဆင်းနေတာမို့ အနာဂတ်မှာ ရှုမိသားစုရဲ့ အမွေတွေအားလုံးကို သူရမှာပါ၊ အားလုံးပဲ သူ့ကိုအနာဂတ်မှာ ကောင်းကောင်းဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်...’

ရှုယွမ်ထက်သည် စိတ်တည်ငြိမ်အောင်လုပ်ပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်သည်။ သူ၏အသံသည် အခြားလူများ၏အာရုံကို ဆွဲငင်နိုင်သောသြဇာရှိပေသည်။

“သုံးယောက်လုံးကိုဂုဏ်ပြုပါတယ်၊ မိန်းကလေးကျင်းကအရမ်းပါးနပ်ပြီး အမြော်အမြင်ရှိတာပဲ၊ အနာဂတ်တောက်ပမယ်ဆိုတာ သေချာတယ်...”

ဟော်ထျန်းရှန်း၏ဖခင်မှ ဤအခွင့်အရေးကိုယူကာ အရင်စကားပြောလိုက်သည်။

သူသည် စည်းအနည်းငယ်ကျော်မိသွားခဲ့သော်လည်း သူ၏သမီးသည် ကျင်းယွင်ကျောင်းနှင့် သူငယ်ချင်းဖြစ်နေသောကြောင့် သူအရင်စကားပြောသည်မှာ သဘာဝကျပေသည်။

“မိန်းကလေးကျင်းကို ဆုမွန်ကောင်း‌တောင်းလိုက်ပါတယ်၊ အနာဂတ်မှာ အကောင်းဆုံးတွေပဲရပါစေ”

ကျိုးမင်ဟိုင့်မှ ထပ်လောင်းပြောလိုက်၏။

ထို့နောက် အခြားသူများမှ ပြာပြာသလဲဖြင့် သူမအား ဆုမွန်ကောင်းချွေလိုက်ကြသည်။ ၎င်းတို့မှာ ချီးကျူးစကားများနှင့် ဆုတောင်းသံများသာဖြစ်၏။ လက်ဆောင်များကိုမူ ပေးပြီးလေပြီ။ ဝင်ပေါက်ရှေ့တွင် လူတစ်ဦးက လက်ဆောင်များကို လက်ခံမှတ်တမ်းတင်နေလေ၏။

စိတ်ရင်းထဲမှလာသောစကားများ မဟုတ်သော်ငြား ယနေ့လိုနေ့မျိုးတွင် ထိုသို့သောစကားများအား ကြားရသည်မှာ ကောင်းလှလေသည်။

ကျင်းယွင်ကျောင်းသည် ယဥ်ကျေးစွာဖြင့် လူတိုင်းကိုကျေးဇူးတင်လိုက်၏။ သူမသည် အလွန်ပင်ဣန္ဒြေရှိပြီး ပျူငှာနေသည်။ ဖန်လီချင်းအား ရိုက်နှက်ထားသူမှာ သူမမဟုတ်သလိုပင်။ ထိုတင်မက စူးချူနှင့် ရှောင်ဟိုင်ချင်းမှာလည်း သူမကဲ့သို့ပြုမူပြောဆိုနေ၏။ နှစ်ဦးသားသည် မိန်းကလေးဆန်သောအဝတ်အစားများ ဝတ်ထားသောကြောင့် မိမိတို့ကိုယ်မိမိ ထိန်းချုပ်ထားကြသည်။ အစောပိုင်းက သူတို့မဟုတ်သည့်အတိုင်းပင်။

“ဝမ်းကွဲ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ!”

ဆုတောင်းစကားများအကြားတွင် ရုတ်ချည်းဆန်သောအသံတစ်သံက ဟိန်းထွက်လာသည်။

အားလုံးသည် ၎င်းကိုကြားသောအခါ ကြက်သေသေသွားကြပြီး အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။

“ဒါက...”

ဟော်ထျန်းရှန်းသည် အသံပိုင်ရှင်အမျိုးသမီးကို ကြည့်လိုက်၏။ ခဏမျှစဥ်းစားကြည့်ပြီးနောက် သူမအား “မိန်းကလေး” ဟုခေါ်ရန် ဆုံးဖြတ်လိုက်သည်။

“မိန်းကလေး၊ မင်း...ခုနကဘာပြောလိုက်တာလဲ?”

All Chapters