အခန်း (၁၀၁၇-၁၀၂၀)
Vol. 51 Ch. 1017-1020
Space and Rebirth 1017
ရှုမိသားစုထဲတွင် မိသားစုဝင်အနည်းငယ်သာရှိလေသည်။ ရုတ်တရတ်ပေါ်လာသော ဤအမျိုးသမီးမှာ ကျင်းယွင်ကျောင်း၏ဝမ်းကွဲဟု မိမိကိုယ်မိမိပြောနေလေ၏။ သူမသည် ရှုယွမ်ထက်၏သမီးဟူသော အဓိပ္ပာယ်ရောက်သွားသည်မဟုတ်လော? သို့သော် သူမ၏အသက်အရွယ်အရ ရှုယွမ်ထက်၏သမီးဖြစ်ဟန်မတူချေ။ သူမသည် အသက်သုံးဆယ်ဝန်းကျင်ရှိနေလောက်သည်။ သူမဝတ်စားပုံမှအစ စကားပြောဆိုပုံအဆုံး ရှုမိသားစုနှင့် လားလားမျှမသက်ဆိုင်ချေ။
“မင်္ဂလာပါ ဥက္ကဌ...ကျ-ကျွန်မက ယွင်ကျောင်းရဲ့ ဝမ်းကွဲပါ၊ နာမည်ကတော့ စုန်ရှောင်ယုလို့ခေါ်ပါတယ်၊ ယွင်ကျောင်းနဲ့ တစ်မြို့တည်းနေခဲ့တာပါ၊ သူ့အဖေက ကျွန်မဦးလေးလေ! ကျွန်မတို့မိသားစုက အတော်လေးရင်းနှီးတယ်!”
စုန်ရှောင်ယု၏မျက်နှာသည် နီမြန်းနေ၏။ သူမသည် မိမိအင်္ကျီများအား လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ကာ ရှက်ကိုးရှက်ကန်းဖြစ်၍ နေရခက်နေဟန်ရှိသည်။
ကျင်းယွင်ကျောင်းသည် အလွန်လှပသားနားစွာ ဝတ်ဆင်ထား၏။ သို့သော် သူမဝမ်းကွဲမှာမူ ရိုးရှင်းသော လည်ပင်းရှည်ဆွယ်တာတစ်ထည်ကိုသာ ဝတ်ထားသည်။ စုန်ရှောင်ယုသည် ပူလွန်းသဖြင့် ဆွယ်တာအောက်တွင် ချွေးပြန်နေလေပြီ။ သူမပုံစံမှာ ပွဲနှင့်အပ်စပ်မှုမရှိဘဲ အခြားသူများအား အတွေးပေါင်းမျိုးစုံဝင်လာစေ၏။
ကျင်းယွင်ကျောင်း၏မျက်လုံးများသည် လက်ခနဲဖြစ်သွားပြီး မျက်လုံးတစ်လျှောက် ကြောက်မက်ဖွယ်အရိပ်တစ်ခုက ဖြတ်သန်းသွားတော့သည်။
ဤလူအား နှင်ထုတ်ရန် သူမကိုယ်တိုင်အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ သူမစကားများသည် ဤမိသားစုထဲတွင် ပေါ့ပေါ့သတ်မှတ်၍မရသောအရာဖြစ်၏။ သူမဦးလေးနှစ်ဦးသည်လည်း သူမ၏ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်မစွက်ဖက်ဖူးချေ။ ထို့ကြောင့် သူမဦးလေးများမှ ဤအမျိုးသမီးအား နေခိုင်းသည်မှာ ပို၍ပင်မဖြစ်နိုင်သောအရာဖြစ်သည်။
ဤအမျိုးသမီးကိုယ်တိုင်က ဆက်နေချင်လျှင်ပင် ဤသို့ပုံစံဖြင့် ကျင်းယွင်ကျောင်းအရှေ့၌ ပေါ်ထွက်လာရဲမည်မဟုတ်ပေ။
ဤသည်မှာ ရှန်ရှီ၏လက်ချက်သာဖြစ်နိုင်၏။
ထိုသို့ဆိုလျှင် ရှန်ရှီသည် ဤလူအား ရှုမိသားစုအိမ်ထဲသို့ တမင်စီစဥ်၍ ဝင်ခိုင်းခဲ့ခြင်းလော သို့မဟုတ် တိုက်ဆိုင်မှုတစ်ခုလော သူမမသိချေ။
ဟော်ထျန်းရှန်း၏ဖခင်သည် ရှုယွမ်ထက်အား နေရခက်ဟန်ဖြင့်ကြည့်ပြီး မေးခွန်းများဆက်မမေးတော့ပေ။ ရှုယွမ်ထက်မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မင်းကိုဘယ်သူလာခိုင်းလဲ?”
“ဘယ်သူမှမလာခိုင်းပါဘူး ကျွန်မက မိတ်ကပ်ပြင်တဲ့လူပါ၊ ဒီတိုင်းလမ်းကြုံလို့ သူ့ကိုတွေ့မိသွားတာ၊ ဒါပေမယ့် သူဘာလို့ ကျွန်မကိုလျစ်လျူရှုနေလဲမသိဘူး၊ စဥ်းစားကြည့်လိုက်တော့ သူ့ကိုတွေ့ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးလေ အဲဒါနဲ့ ကျွန်မပြောချင်တာကို ပြီးအောင်ပြောဖို့ဆုံးဖြတ်လိုက်တယ်၊ မဟုတ်ရင် ကျွန်မဦးလေးကို ဝမ်းနည်းအောင်လုပ်မိမှာ...”
စုန်ရှောင်ယုဆက်ပြောလိုက်သည်။
ယခုသူမပေါ်လာသောကြောင့် သူမအား ပါးစပ်ပိတ်ခိုင်းပြီး ထွက်သွားခိုင်းလျှင် အခြားသူများအား ရှင်းပြရခက်ချေတော့မည်။
ကျင်းယွင်ကျောင်းသည် အခြားသူများ၏အမြင်ကို အာရုံမစိုက်သော်လည်း သူမသည် ယခုတွင် ရှုမိသားစုဝင်တစ်ဦးဖြစ်နေချေပြီ။ အခြားသူများမှ သူမအား မကောင်းပြောသည်ကို ခွင့်မပြုနိုင်ပါပေ။
ရှုမိသားစုထဲတွင် တဏှာကြီးပြီး အပျော်အပါးလိုက်စားသော ရှုယုရှိနေပြီဖြစ်သောကြောင့် နောက်တစ်ဦးမှာလည်း ဂုဏ်သတင်းညှိုးနွမ်း၍မဖြစ်ပေ။
ထိုအရာကိုစဥ်းစားလိုက်သောအခါ ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို နွေဦးလေညင်းကဲ့သို့ ပြုံးလိုက်သည်။
“အစ်မက ကျွန်မကို ဘာများပြောချင်တာရှိလို့လဲ?”
ကျင်းယွင်ကျောင်း၏ပုံစံမှာ အလွန်ဖော်ရွေသောပုံစံဖြစ်သွားသောကြောင့် အနည်းငယ်အံ့အားသင့်စရာကောင်းပေသည်။
စုန်ရှောင်ယု စိတ်အေးသွားသည်။ သူမထင်သည်မှာ မှန်ပေသည်။ လူများစွာရှိနေသရွေ့ ကျင်းယွင်ကျောင်းသည် သူမစကားအား နားထောင်ရုံအပြင်မရှိချေ။
“ညီမလေး၊ မွေးနေ့ကို ကျင်းပနိုင်တာ အစ်မအရမ်းပျော်မိပေမယ့် ဦးလေးကို ခေါ်လာဖို့မစဥ်းစားတော့ဘူးလား? ဦးလေးက တကယ် စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ နေနေရရှာတာ! အစ်မတို့မိသားစုက အရင်တုန်းက ဝတ်နိုင်စားနိုင်ပေမယ့် ညီမလေးက သူနဲ့အဆက်အသွယ်ဖြတ်ပြီးကတည်းက သူ့ခများချူးတစ်ပြားမှ မရှိတော့ဘူး၊ အဒေါ်လည်းမရှိ ဝမ်းကွဲမောင်လေးလည်းမရှိတော့ဘူးဆိုတော့ ညီမလေးသာ သူ့ကိုဂရုမစိုက်ရင် သူတစ်နေ့နေ့တစ်ချိန်ချိန်မှာ ငတ်သေဖို့ပဲရှိလိမ့်မယ်!”
စုန်ရှောင်ယုသည် ပြာပြာသလဲဖြင့် ပြောလိုက်သည်။
“အစ်မမှာ ဝမ်းကွဲတွေရှိသေးတယ်မလား?”
ကျင်းယွင်ကျောင်းသည် အပြုံးမပျက်သေးသော်လည်း သူမအပြုံးမှာ ရေခဲတမျှအေးစက်မာကြောနေသည်။
“ဝမ်းကွဲမောင်လေးက ယောက်ျားလေးလေ၊ တခြားလူတွေကို ဘယ်လိုပြုစုတတ်မှာလဲ? ပြီးတော့ သူကကလေးပဲရှိသေးတယ်၊ အခု ညီမလေးလည်း မိသားစုကို ပြန်တွေ့ပြီဆိုတော့ သူလည်း ဘဝကို အေးအေးလူလူဖြတ်သန်းဖို့ အချိန်တန်ပြီ၊ ဒီနှစ်တွေတစ်လျှောက် ညီမလေးကို ပျိုးထောင်ခဲ့ရတာ သူ့အတွက်မလွယ်ခဲ့ဘူး”
စုန်ရှောင်ယု ပြောလိုက်၏။ ထို့နောက်တွင် ရှန်ရှီသည် အလျင်အမြန်ပင် အပြင်ထွက်လာကာ စုန်ရှောင်ယုအား ဆွဲလိုက်သည်။
“ဒီကိုမလာခဲ့နဲ့လို့ ပြောလိုက်တယ်မလား?”
“မဒမ်ရှုကတကယ်စိတ်ထားကောင်းပါတယ်၊ မဒမ်ရှုကူညီပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မဝမ်းကွဲညီမလေးနဲ့ စကားကိုရှင်းအောင်ပြောမှဖြစ်မယ်၊ မဟုတ်ရင် မြို့ထဲက တခြားဆွေမျိုးတွေက သူ့ကို မိဘကျေးဇူးမသိတတ်ဘူးလို့ ပြောကြမှာမို့ပါ!”
စုန်ရှောင်ယုရုန်းလိုက်၏။
ကျင်းယွင်ကျောင်း၏မျက်ပေါက်များ ကျဥ်းသွားသည်။ ထင်ထားသည့်အတိုင်းပင် ရှန်ရှီသည် သူမဘာသာ ထွက်လာလေသည်။
ရှန်ရှီသည် လူများ၏ရှေ့တွင် စိတ်ထားကောင်းချင်ဟန်ဆောင်ပြီး မထွက်လာဘဲ ဧည့်သည်များပြန်မှ ထွက်လာပါက သူမသည် ရှုယွမ်ထက်ဒေါသကို ရင်ဆိုင်ရပေမည်။ ထိုသို့ဆိုလျှင် မတန်ချေ။
ထို့ကြောင့် ယခုတွင် သူမသည် လူအများရှေ့မှောက်၌ သူမ၏အပြစ်ကင်းစင်မှုကို သက်သေပြပြီး သူတို့၏လေးစားမှုကို အရယူရပေမည်။
“ဘာဖြစ်နေတာလဲ?”
ရှုယွမ်ထက်သည် ရှန်ရှီအား စူးစိုက်ကြည့်ကာ မေးလိုက်၏။ လူတိုင်းလည်းကြည့်နေသောကြောင့် အလွန်အေးတိအေးစက်ဆန်လွန်းလျှင် မကောင်းနိုင်ရာ။
Space and Rebirth 1018
ရှန်ရှီသည် အနည်းငယ်ပျာယာခတ်နေပြီး အားနာနေသည့်ဟန်ပေါက်၏။ လူအုပ်ကြီး၏ သိချင်စိတ်ပြင်းပြသောအကြည့်များကို ခံစားလိုက်ရသောအခါ သူမအလျင်အမြန်ပင် တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ် ရှောင်ကျောင်း၊ သူ့ကိုတစ်ယောက်ယောက်က ဆွဲထုတ်လာတာမြင်တော့ အန်တီလည်း သိချင်စောနဲ့မေးလိုက်တာ၊ သူကသမီးဝမ်းကွဲမှန်းသိလိုက်ရတော့ အန်တီလည်း သူ့ကိုနေခိုင်းလိုက်တာ၊ သမီးရဲ့မွေးစားမိဘတွေကို ကျေးဇူးပြန်ဆပ်တဲ့ယဥ်ကျေးမှုအနေနဲ့ လူမမြင်တဲ့နေရာမှာ သူနဲ့အတူ ထမင်းစားခဲ့ပေမယ့် ရုတ်တရတ်ကြီး ဒီမှာပေါ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး...အခုအန်တီသူ့ကိုပြန်ခေါ်သွားလိုက်ပါမယ်...”
ရှန်ရှီသည် ကျင်းယွင်ကျောင်းအား မိမိဧည့်သည်များကို ဆိုးဆိုးဝါးဝါးဆက်ဆံနေသူအဖြစ် ပုံဖော်နေလေသည်။
“မလိုပါဘူး”
ကျင်းယွင်ကျောင်းပြုံးလိုက်သည်။
“အန်တီ့ကျေးဇူးနဲ့ ခွေးရူးကိုက်တာခံလိုက်ရပြီ၊ သမီးသာ သေချာမရှင်းပြရင် ကျင်းယွင်ကျောင်းက နှလုံးသားမရှိတဲ့လူဆိုးမလို့ လူတွေထင်ကုန်ကြတော့မှာပဲ၊ နောက်ကျရင် ဘယ်သူက သမီးနဲ့စကားပြောရဲတော့မှာလဲ?”
လူတိုင်း၏အကြည့်အောက်တွင် သူမသည် မိမိသိက္ခာကို အဖတ်ဆယ်ရပေမည်။
“ရှောင်ကျောင်း အန်တီတစ်ခုခုများ အမှားလုပ်မိလား?”
ရှန်ရှီ ပြာပြာသလဲဖြင့် မေးလိုက်သည်။ သူမသည် အနည်းငယ် ထိတ်ထိတ်ပျာပျာဖြစ်ဟန်ပေါက်နေလေသည်။ သူမ၏နူးညံ့ကြင်နာသောအသွင်အပြင်ကြောင့် အခြားသူများက သူမအတွက် စိတ်မပူမိဘဲ မနေချေ။
“အန်တီက လူကြီးဆိုတော့ အမှားလုပ်မိရင်တောင် သမီးကအပြစ်တင်လို့မရပါဘူး ဒါပေမယ့်...ဦးလေးကတော့ သမီးအတိတ်ကို ကောင်းကောင်းသိရက်နဲ့ အန်တီကဘာလို့မသိတာလဲ?”
ကျင်းယွင်ကျောင်း စကားခဏရပ်ကာ ပြောလိုက်၏။
“သမီးကို ရှုမျိုးနွယ်မှန်းသိပြီးတဲ့နောက်မှာ ဦးလေးတွေက သမီးနောက်ကြောင်းကို သူတို့ဘာသာစုံစမ်းခဲ့တယ်၊ အရင်တုန်းက သမီးမှာ အဖြစ်အပျက်တွေအများကြီးရှိခဲ့တာပေါ့၊ ဥပမာပြရရင် ငယ်ငယ်တုန်းက မွေးစားအဖေက သမီးကိုအနိုင်ကျင့်တာ၊ မွေးစားအမေရဲ့ လျစ်လျူရှုတာခံရပြီး သူ့သားသမီးတွေဆီက မကောင်းဆိုးဝါးတွေ နှင်ထုတ်ဖို့ အဆောင်အနေနဲ့ အသုံးချခံရတာ စတာတွေပေါ့၊ အန်တီက ဒါတွေကို မသိချင်ယောင်ဆောင်နေတာလား?”
ထိုအခါ ရှန်ရှီသည် ပြာပြာသလဲရှင်းပြလိုက်သည်။
“အန်တီက ဒီအကြောင်းတွေကို ကောင်းကောင်းမသိလို့ပါကွယ်၊ ပြီးတော့ သမီးလည်း ဒီလူကိုသိနေတာပဲ သူ့ကိုဒီလိုမျိုးမောင်းထုတ်လို့ ကောင်းပါ့မလား”
“ဘာလို့မကောင်းရမှာလဲ?”
ကျင်းယွင်ကျောင်းတစ်ခါတည်းငြင်းကာ ပြောလိုက်၏။
“သမီးငယ်ငယ်တုန်းက ဘယ်လိုဆင်းရဲဒုက္ခမျိုးကို ခံခဲ့ရလဲဆိုတာ အန်တီသိလား? မသိတာလား မသိချင်တာလား? အန်တီက သမီးအနားမှာ နေ့တိုင်းဝေ့လည်ကြောင်ပတ်လုပ်နေပြီး မေးခွန်းတွေအများကြီးမေးနေခဲ့တာလေ၊ သမီးနဲ့ပတ်သတ်တာမှန်သမျှကို သိချင်နေခဲ့တာမဟုတ်ဘူးလား၊ ဦးလေးကမပြောပြဘူးဆိုရင်တောင် အနည်းဆုံးအနေနဲ့ သမီးပြောတာတွေကို မှတ်မိနေရမှာပေါ့ မဟုတ်မှလွဲရော မေ့သွားတာများလား?”
ရှန်ရှီ၏မျက်နှာထားပြောင်းလဲသွားသည်။ ကျင်းယွင်ကျောင်းသည် ယခုအချိန်တွင် လိမ်နေကြောင်း သူမသိလေသည်။
လက်တလောပိုင်းတွင် သူတို့နှစ်ဦးသည် နေ့စဥ်တွေ့နေခဲ့သော်လည်း အမြဲတမ်းလိုလိုပင် သူမဖက်ကသာ ကျင်းယွင်ကျောင်းအား အစားအသောက်များပို့ပေးခြင်းဖြစ်သည်။ ကျင်းယွင်ကျောင်းလည်း စကားသိပ်မပြောသောကြောင့် အများစုအားဖြင့် သူမတွတ်ထိုးမေးမြန်းသောစကားများမှာ လိုရင်းမရောက်ချေ။
“သမီးက မွေးနေ့ရှင်ဆိုတော့ သမီးသဘောပါပဲ၊ လူခေါ်ပြီး သူ့ကိုနှင်လွှတ်လိုက်တာပေါ့”
ရှန်ရှီသည် နောက်ဆုတ်ရမည့်အစား ရှေ့သို့တစ်လှမ်းတိုးလိုက်၏။
“ညီမလေး...”
စုန်ရှောင်ယုခေါ်လိုက်ပြန်၏။ သူမသည် ရုန်းကန်နေဆဲဖြစ်သည်။ ရှန်ရှီ၏မျက်နှာအား လုံးဝမထောက်ချေ။
ကျင်းယွင်ကျောင်း၏မျက်နှာသည် ချက်ချင်းဆိုသလို မှောင်ရိပ်သန်းသွားသည်။
“ငါ့ကိုညီမလေးလို့ခေါ်ရတာ မရှက်ဘူးလား? ချောင်မိသားစုထဲမှာ ငါ့ကိုအနိုင်မကျင့်ဖူးတဲ့သူရှိလား? ရုတ်တရတ်ကြီး ငါ့ဆွေမျိုးအနေနဲ့လာပြီး ငါ့ကိုသိက္ခာချဖို့များ ကြိုးစားနေတာလား?”
“ငါ့မွေးစားအဖေကို ပြန်ကြည့်ဖို့ ပြောနေတာတဲ့လား၊ ဟာသပဲ! လွန်ခဲ့တဲ့နှစ်နှစ်-သုံးနှစ်လောက်က ငါ့မိဘအရင်းတွေပါဆိုပြီး လာဟန်ဆောင်ကြတဲ့လူတွေတောင်ရှိခဲ့တယ်၊ အဲ့အချိန်တုန်းက မွေးစားအဖေက ငါ့ကိုမကူညီရုံမက သူတို့နဲ့လက်ဝါးချင်းရိုက်ပြီး ငါ့ငယ်ဘဝနဲ့ပတ်သတ်တာမှန်သမျှကိုတောင် သူတို့ဆီရောင်းခဲ့သေးတယ်၊ သူ့ကျေးဇူးနဲ့ အဲ့လူတွေကို ငါ့မိဘအရင်းလို့ထင်မိတော့မလို့၊ အဲဒါတင်မကသေးဘူး ငါကကျေးဇူးမသိတတ်တဲ့လူလို့ သတင်းထောက်တွေငှားပြီး ပြောခိုင်းသေးတယ်...ဘယ်လိုပဲဖြစ်ဖြစ် အဲ့တုန်းက ငါ့လုပ်ရပ်တွေကို အကဲဖြတ်ပေးနိုင်တဲ့လူတွေရှိနေပြီ၊ ငါနှလုံးသားမဲ့လား မမဲ့လားဆိုတာကို စုံစမ်းစစ်ဆေးရေးပြီးရင် သိမှာပဲ၊ နင်ငါ့ကိုဒီအထိ လာဝေဖန်နေတာ ဘယ်လိုရည်ရွယ်ချက်နဲ့လဲဆိုတာ နင်ပဲသိတယ်”
“အတိတ်အကြောင်း မပြောချင်တော့ဘူး၊ အဲဒါကြောင့် နင့်ကိုထွက်သွားခိုင်းတာ၊ ငါသာဒီကိစ္စအကြောင်း အစဖော်ချင်ရင် မွေးစားအဖေကိုပြုစုဖို့မပြောနဲ့ သူ့ကိုတစ်ခါတည်း တရားစွဲပြီး ထောင်ထဲပို့လို့တောင်ရတယ်!”
Space and Rebirth 1019
ချောင်ဝေ့မင်ဟူသည်မှာ သူမယခင်ဘဝတွင် သူမအမုန်းဆုံးနှင့် အကြောက်ရဆုံးသော ယောက်ျားဖြစ်၏။ ထို့ကြောင့်လည်း သူ့အား ထောင်ထဲသို့ပေးမသွားခြင်းဖြစ်သည်။
ယခုတွင် သူသည် ဆန်ကုန်မြေလေးတစ်ဦးဖြစ်နေချေပြီ။ သူ၏သမီးဖြစ်သူမှာ ပျောက်ဆုံးနေပြီး သားဖြစ်သူမှာလည်း သူ့ကိုမုန်းတီးနေ၏။ သူ၏ဘဝမှာ ပြသာနာကြီးတစ်ခုဖြစ်ကာ ဘဝတစ်လျှောက်လုံး မျှော်လင့်ချက်မဲ့စွာဖြင့် ရှင်သန်ရတော့မည်။ ဤသို့သောဆင်းရဲဒုက္ခမျိုးသည် ထောင်ထဲရောက်သည်ထက် ပိုဆိုးရွားပေသည်။
“ရှောင်ကျောင်း?”
ရှုယွမ်ထက်သည် သူမအား စိတ်ပူပန်ဟန်ဖြင့် ကြည့်လိုက်သည်။
“အန်တီကိုယ်တိုင်ကြည့်လိုက်၊ သူ့ကိုနှင်ထုတ်တာက ကျေးဇူးကန်းတာလားဆိုတာ”
ကျင်းယွင်ကျောင်းသည် သူမအိတ်ထဲမှ တစ်ရှူးအစိုကိုထုတ်ကာ သူမလက်ကိုမြှောက်၍ သုတ်ပြလိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူမ၏ပြစ်မျိုးမှဲ့မထင်လက်မောင်းပေါ်၌ ထိတ်လန့်စရာအမာရွတ်အချို့ပေါ်လာတော့သည်။ ထိုအမာရွတ်များမှာ ဆေးလိပ်ဖင်ဆီခံမှ ဖြစ်ပေါ်သောဒဏ်ရာများဖြစ်ကြောင်း သိသာပေသည်။
ရှန်ရှီ၏သူငယ်အိမ်များကျဥ်းသွားသည်။ သူမသည် ထိုအမာရွတ်များကို ယခင်က အဘယ်ကြောင့်မမြင်ခဲ့သနည်း?!
“မွေးစားအဖေဆိုတဲ့ကောင်လုပ်တာလား?”
ရှုဝမ်ချန်းသည် ချက်ချင်းပင် အပြေးအလွှားရောက်လာပြီး သူမလက်မောင်းအား ဆုပ်ကိုင်ကာ အံကိုတင်းတင်းကြိတ်၍ ပြောလိုက်သည်။
ကျင်းယွင်ကျောင်း၏အသားအရေမှာ အလွန်ကောင်းပေသည်။ ၎င်းသည် အလွန်ညက်ညောအိစက်နေသဖြင့် သူမသည် ဒုက္ခသိပ်မခံခဲ့ရဟု လူအများကထင်ကြ၏။ သို့သော် ဤသည်မှာ တစ်နှစ်ပတ်လုံး နေရာလွတ်နယ်မြေမှ ဖြည့်ဆည်းပေးထားသော သစ်သီးများကို စားသုံးခြင်း၏အာနိသင်ဖြစ်သည်။ ထူးထူးခြားခြားပြန်မကောင်းလာသော နေရာနှစ်ခုသာရှိ၏။ တစ်ခုမှာ သူမလက်များဖြစ်ပြီး ကျန်တစ်နေရာမှာ သူမလက်မောင်းပေါ်ရှိ အမာရွတ်များဖြစ်သည်။
သူမသည် ငယ်စဥ်ကတည်းကပင် အလုပ်မျိုးစုံလုပ်ခဲ့ဖူးသည်။ သူမလက်များမှာ အအေးဒဏ်၊ အပူလောင်ဒဏ်၊ အသားမာများဖြင့် ကြမ်းတမ်းနေခဲ့၏။ နေရာလွတ်နယ်မြေ၏ပစ္စည်းများကြောင့် အမာရွတ်တော်တော်များများ ပျောက်သွားခဲ့သော်လည်း အချို့မှာ ကျန်နေသေးသည်။
သို့ရာတံင် သူမသည် ဆေးပညာနှင့် သိုင်းပညာကို တတ်မြောက်သောကြောင့် ထိုအမာရွတ်များမှာ အလုပ်မှရရှိသောဒဏ်ရာများဟု လူအများက စိတ်ထဲတွင် ထင်မိလိုက်ကြသည်။ ထို့ကြောင့် ထိုအမာရွတ်များနှင့်ပတ်သတ်၍ အခြားသူများသည် သူမကိုမေးလေ့မရှိချေ။ သူမလက်မောင်းပေါ်ရှိ ဆေးလိပ်မီးလောင်ရာများအတွက်မူ သူမလက်ရှည်မဝတ်သောအချိန်များ၌ လိမ်းဆေးများဖြင့် ဖုံးအုပ်ထားတတ်သည်။ အခြားသူများကို မပြချေ။
သူမသည် အမာရွတ်များ ပျောက်ကင်းသက်သာအောင် ကုသနိုင်သော်လည်း ထိုသို့မလုပ်ချင်ပေ။ သူမသည် ဤအမာရွတ်များကို မြင်တိုင်း သူမ၏လက်ရှိဘဝကို အလွန်ပင်နှစ်ထောင်းအားရရှိမိသည်။ ပင်ပန်းသည်ဟု မထင်ရဲတော့ပေ။
ဤအမာရွတ်ကြောင့် လူတိုင်းသည် အေးစက်သောလေတစ်ရှိုက်ကို ရှူသွင်းမိလိုက်ပြီး စာနာသောအကြည့်ဖြင့် သူမအား ကြည့်လိုက်ကြတော့သည်။
ဤအမာရွတ်များဖြင့်ဆိုလျှင် သူမ၏အတိတ်ဘဝမှ ဆင်းရဲမှုအား လွတ်မြောက်ရန် အခြားသူများအား မတရားစွပ်စွဲနေသည်ဟု ပြောနိုင်စရာအကြောင်းမရှိတော့ချေ။
ကျင်းယွင်ကျောင်းတွင် ဝှက်ဖဲရှိနေလိမ့်မည်ဟု ရှန်ရှီမထင်ထားခဲ့ချေ။ ကျင်းယွင်ကျောင်းသည် အတိတ်ဘဝနှင့်ပတ်သတ်လာလျှင် အလွန်တည်ငြိမ်ခဲ့သောကြောင့် အမှန်တကယ်ပင် အနိုင်ကျင့်ခံခဲ့ရလိမ့်မည်ဟု ရှန်ရှီမထင်ခဲ့ချေ!
“ရှောင်ကျောင်း အန်တီမထင်ထားဘူး...တစ်ချက်လောက်ပြကြည့်ပါလား?”
ရှန်ရှီသည် ချက်ချင်းဆိုသလိုပင် စိတ်မကောင်းဖြစ်သွားဟန်ပေါက်ပြီး အလျင်အမြန် ဖာပြောလိုက်၏။
ကျင်းယွင်ကျောင်းသာ သူမအမာရွတ်ကို မပြခဲ့လျှင် သူမမည်သို့ပြောစေကာမူ အကြောင်းပြချက်ပေးနေသည်ဟုသာ အများကမြင်ကြပေမည်။ သူမသည် သူမ၏မွေးစားမိဘများအပေါ် မသိတတ်သောသူဟုပင် ထင်သွားကြနိုင်သည်။ ယခုမူ ထိုသို့မဟုတ်တော့ချေ။ မွေးစားမိဘများဖြစ်နေလျှင် ဤမျှလောက် အောက်တန်းမကျသင့်ဟု လူအများက တွေးမိနေကြ၏။
ကလေးတစ်ဦးအား ရိုက်နှက်နှိပ်စက်ရုံမက ဤသို့သောမြင်မကောင်းရှုမကောင်းသောအမာရွတ်များ ချန်ရစ်ခဲ့ခြင်းမှာ အကြမ်းဖက်မှုတစ်မျိုးဖြစ်ပေသည်။
သူမအား မိမိ၏သမီးအရင်းကဲ့သို့ဆက်ဆံလျှင် ဤအမာရွတ်များကို ချန်ခဲ့မည်လော?
“အန်တီရှန် ဦးလေးကမှ သမီးနောက်ကြောင်းကို သိနေသေးတယ်၊ သမီးခန္ဓာကိုယ်ပေါ်က အမာရွတ်တွေအကြောင်းမသိရင်တောင် သမီးရဲ့အတိတ်ဘဝက ဆိုးရွားခဲ့တယ်ဆိုတာကိုတော့ သူသိမှာပဲ၊ သမီးအမာရွတ်တွေကိုတောင် ထုတ်ပြခိုင်းမှာမဟုတ်ဘူး”
ကျင်းယွင်ကျောင်းသည် စကားလုံးများကို ပြောင်းလဲလိုက်၏။ သူမပြောသည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။
သူမသည် ရှန်ရှီအား စိတ်ပျက်သွားသည်ဟုသာ ထင်နေကြပြီး ရှန်ရှီအား တမင်ရိုင်းပျနေသည်ဟု မထင်ကြပေ။
“အားလုံးအန်တီ့အပြစ်တွေပါ၊ အန်တီလှည့်စားခံလိုက်ရလို့ဖြစ်တာလေ၊ သမီးမိတ်ဆွေဟောင်းတွေကို တွေ့ရတာကောင်းလိမ့်မယ်လို့ ထင်ထားတာ...”
“အန်တီရှန်ရဲ့စကားတွေက တဖြည်းဖြည်းရယ်ချင်စရာကောင်းလာတာပဲ၊ သမီးမွေးစားအဘိုးရယ် သူငယ်ချင်းတွေရယ်က အိမ်ထဲမှာနေနေတာ ရက်ပိုင်းလောက်ရှိပြီလေ၊ သူတို့ကသမီးနဲ့ မိတ်ဆွေဖြစ်လာတာ နှစ်ချီနေပြီ၊ အန်တီ့စကားအရ သမီးက မိတ်ဆွေဟောင်းတွေကို ဂရုမစိုက်တဲ့လူဖြစ်နေတဲ့အတိုင်းပဲ၊ အန်တီက ဘာကိုပြောချင်နေတာလဲ?”
ကျင်းယွင်ကျောင်းသည် အညှာအတာကင်းမဲ့စွာ ပြန်ပြောလိုက်၏။
ချောင်မိသားစုဝင်များအား အသုံးချပြီး သူမအား အာရုံနောက်နေသည်လော? ချောင်ဝေ့မင်ကိုပင် ဒုက္ခိတဖြစ်စေရန် သူမကိုယ်တိုင်စီစဥ်ဆောင်ရွက်ခဲ့၏။ စုန်ရှောင်ယုတစ်ယောက်အား အဘယ်သို့ကြောက်စရာလိုမည်နည်း?
Space and Rebirth 1020
ကျင်းယွင်ကျောင်းသည် စိတ်ပျက်နေသောမျက်လုံးများဖြင့် ရှန်ရှီထံသို့ တစ်ရစ်ချင်း ဖိအားပေးလိုက်သည်။
သို့ရာတွင် ရှန်ရှီသည် အခြားသူများအား သူမ၏ကောင်းကွက်များကို ပြသခဲ့သည်မှာ နှစ်ပေါင်းများစွာရှိနေလေပြီ။ ရှန်ရှီအမှားလုပ်မိလျှင်ပင် ယာယီအမှားတစ်ခုသာဖြစ်မည်ဟု လူအများက ခံစားမိကြ၏။ ထို့ကြောင့် အချို့က ကျင်းယွင်ကျောင်းအား စာနာသောအကြည့်ဖြင့် ကြည့်ကြသော်လည်း အချို့ကသူမအား ရန်လိုလွန်းသည်ဟု မြင်ကြသည်။
ရှန်ရှီသည် နှစ်ပေါင်းများစွာတစ်လျှောက် အထက်တန်းလွှာအသိုင်းအဝိုင်းနှင့် ကောင်းမွန်စွာမိတ်ဖွဲ့ထားသဖြင့် လူများစွာရှေ့တွင် ရှင်းပြရန်မဖြစ်နိုင်ကြောင်း ကျင်းယွင်ကျောင်းသိ၏။ ထို့ကြောင့် သူမပြောဆိုပြီးနောက်တွင် စကားလမ်းကြောင်းလွှဲသည့်အနေဖြင့်ပြောလိုက်သည်။
“ဦးလေး၊ ခုနက သမီးခဏလောက်ဒေါသထွက်မိသွားလို့ နည်းနည်းရိုင်းမိသလိုဖြစ်သွားတယ်၊ သမီးကိုခွင့်လွှတ်ပေးပါ”
ဤစကားများအား ကျင်းယွင်ကျောင်းမှ ရှုယွမ်ထက်သို့ ပြောလိုက်ခြင်းဖြစ်သည်။ သူမသည် ကြီးမားသောဝမ်းနည်းမှုအား ခံစားရပြီးသည့်တိုင် ခွင့်လွှတ်နိုင်စွမ်းရှိသေးသောကြောင့် လူများက သူမအား စိတ်ထဲတွင် ချီးမွမ်းမိလိုက်ကြ၏။
သူမသည် ငယ်ရွယ်သော်လည်း မတုံးအပါချေ။ သူမ၏စကားလုံးတိုင်းသည် မိမိအကျိုးအမြတ်ကိုအာမခံနိုင်ပြီး မိမိအားအနိုင်ကျင့်သောသူများအား လျှို့ဝှက်နည်းဖြင့် အထိနာစေပေ၏။ သူမစိတ်သည် နယ်မြို့လေးတွင်ကြီးပြင်းလာသော ကလေးတစ်ဦးနှင့် လုံးဝမတူပါချေ။
“ဦးလေးအပြစ်တွေပါ၊ သမီးမွေးနေ့မှာ ကျက်သရေမရှိတဲ့လူတစ်ယောက်ပြီးတစ်ယောက် တွေ့နေရတယ်”
ရှုယွမ်ထက်သည် မလုံမလဲဖြစ်ဟန်ဖြင့် သူမအားကြည့်လိုက်သည်။ ကျင်းယွင်ကျောင်း၏လက်မောင်းဆီသို့ သူ၏အကြည့်များသက်ရောက်သောအခါ အလွန်ပင် စိတ်သောကရောက်မိသွား၏။
ဤကလေးသည် ဘက်စုံထူးချွန်ပေသည်။ အခြားလူများအား သူမဘက်တွင် ရပ်တည်လာစေရန် ဦးလေးဖြစ်သောမိမိအား အသုံးချခဲ့ပြီး မည်သည့်အရာကိုမှ မဖုံးကွယ်ထားချေ။ သူသည် ဖန်လီချင်းအကြောင်း သိနေခဲ့သော်လည်း ကျင်းယွင်ကျောင်းနှင့်ပတ်သတ်ရာ၌ သူမသိသေးသောအရာများရှိနေသေး၏။ ဤမျှလောက် ဆိုးရွားသောအမာရွတ်ကို ကြည့်သည်နှင့် သူမသည် ထိုဒဏ်ရာကိုရစဥ်က မည်မျှပင် ကြောက်ရွံ့ပြီး ကူကယ်ရာမဲ့ဖြစ်နေမည်ကို သူစိတ်ကူးကြည့်နိုင်ပေသည်။
“ဦးလေးအပြစ်မဟုတ်ပါဘူး”
ကျင်းယွင်ကျောင်းသည် ပြောပြီးနောက် စိတ်ရှုပ်ထွေးနေဟန်ရသော စုန်ရှောင်ယုကိုကြည့်ကာ အေးအေးလူလူဖြင့် ပြောလိုက်သည်။
“ဒီတစ်ခေါက် မိတ်ကပ်ပြင်တဲ့သူတွေကို အန်တီရှန်က ဖိတ်ထားတာပဲ၊ အန်တီရှန်က အစကတည်းက အရည်အသွေးမြင့်ပစ္စည်းတွေပဲသုံးတာဆိုတော့ နင်လည်း အခုချိန်မှာ ကောင်းကောင်းနေကောင်းကောင်းစားနိုင်တဲ့အဆင့်ရောက်နေပုံပဲ၊ အရင်တုန်းက ဘယ်သူ့ကိုပြင်ပေးဖူးလဲ?”
စုန်ရှောင်ယုသည် ၎င်းကိုကြားသောအခါ ရှန်ရှီအား ဂနာမငြိမ်စွာဖြင့်ကြည့်လိုက်သည်။
“ငါ...”
“အန်တီက ခုနကမေးထားတယ်၊ သူက နာမည်ကြီးအလှပညာရှင်တာအိုရဲ့ လက်ထောက်တဲ့၊ အလားအလာကောင်းတဲ့သူလို့ သူ့ကိုသတ်မှတ်ထားကြတယ်လေ”
ရှန်ရှီအလျင်အမြန်ဖာထေးပြောလိုက်၏။
ကျင်းယွင်ကျောင်းခပ်ဟဟရယ်လိုက်သည်။
“လက်ထောက်တဲ့လား? အစာငတ်နေတဲ့ကုလားအုပ်တောင် မြင်းထက်ကြီးတတ်တာ ပုံမှန်ပါပဲ၊ နာမည်ကြီးဒီဇိုင်နာရဲ့ လက်ထောက်ဆိုတော့ အဆင့်အတန်းတစ်ခုတော့ရှိမှာပေါ့၊ လူတစ်ယောက်ကို အဝတ်အစားဆင်ပေးတတ်တယ်မလား?”
ကျင်းယွင်ကျောင်းမည်သို့လုပ်မည်ကို စုန်ရှောင်ယုမသိချေ။ သူမပြောင်းလဲပုံမှာ မြန်ဆန်လွန်းလှသည်ဟုသာ တွေးနေမိ၏။
“စိတ်လှုပ်ရှားစရာမလိုပါဘူး၊ ခုနက ငါ့မွေးစားမိဘတွေကို ကျေးဇူးပြန်ဆပ်သင့်တယ်လို့ အန်တီရှန်က ပြောခဲ့တယ်လေ၊ အဲ့အကြံကို ငါသဘောမတူပေမယ့် စဥ်းစားကြည့်လိုက်တော့ နင်က သူတို့နဲ့ဆွေမျိုးနီးတာလည်းမဟုတ်ဘူး၊ လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်းလည်း တစ်ခေါက်နှစ်ခေါက်ပဲတွေ့ဖူးတယ်၊ ဒီလိုပြန်တွေ့ရတာလည်း ကံကြမ္မာပဲမို့ နင်သာတကယ်အရည်အချင်းရှိတယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့အလုပ်ကို မိတ်ဆက်ပေးမယ်”
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို ဖော်ရွေသောအသံဖြင့် ပြောလိုက်၏။ ဤစကားလုံးများမှာ ဘာမှမဟုတ်သောပုံစံပေါက်သော်ငြား လူများအား အတွေးများဝင်လာစေသည်။
သူတို့နှစ်ဦးသည် နှစ်ပေါင်းများစွာ မတွေ့ခဲ့သောဝမ်းကွဲများဖြစ်၏။ ထို့အပြင် သွေးတော်သားစပ်သည်လည်းမဟုတ်ပေ။ ထိုသို့သောလူအား ကျေးဇူးပြန်ဆပ်စရာလိုသလော?
ဤနေရာရှိလူအများစုသည် ပိုင်ဆိုင်မှုကိုယ်စီရှိကြလေသည်။ အထူးသဖြင့် ဆင်းရဲရာမှ ချမ်းသာလာသော မိသားစုများဆိုလျှင် ငွေအလကားလာတောင်းသော ဆွေမျိုးများစွာကို ကြုံတွေ့ဖူး၏။ ဤသို့သောအရှက်မရှိသည့်လူမျိုးကို သူတို့သည် အတော်အတန်ရွံရှာကြလေသည်။
ထို့အပြင် ကျင်းယွင်ကျောင်းပြောခဲ့သလိုပင် သူတို့မတွေ့သည်မှာ နှစ်ချီကြာချေပြီ။ ထိုသို့ဆိုလျှင် အသိမိတ်ဆွေအဆင့်တွင်ပင် မရှိတော့ချေ။ ထိုသို့သောလူက ဤပွဲမျိုးတွင် ရုတ်ချည်းဆိုသလို စိတ်အားထက်သန်နေသည်မှာ အခြားသောအကြံအစည်များရှိနေ၍သာ ဖြစ်နိုင်သည်။
မဒမ်ရှုသည် အလွန်ပင် ဆင်ခြင်တုံတရားမဲ့ကာ ရိုးအလွန်း၏။ သူမသည် ဤသို့သောလူမျိုး၏စကားကို ယုံကြည်ခဲ့လေသည်။ နှစ်ပေါင်းများစွာတိုင်အောင် မြို့ဝန်ကတော် လုပ်ခဲ့သည့်တိုင် ဤသို့သောအမှားမျိုးအားလုပ်သည်မှာ မဖြစ်သင့်ပါပေ။
ကျင်းယွင်ကျောင်းသည် စကားပြောပြီးနောက် စုန်ရှောင်ယု၏တုံ့ပြန်ချက်ကို စောင့်မနေချေ။ အစေခံများအား တစ်ခုခုခိုင်းစေလိုက်တော့၏။ စုန်ရှောင်ယုသည် ငေးတိငေးကြောင်ဖြင့် စောင့်နေလေသည်။ ခေတ္တအကြာတွင် လူတစ်ဦးသည် အင်္ကျီတန်းတစ်ခုကို တွန်းထုတ်လာတော့၏။ အစေခံတစ်ဦးသည် ချက်ချင်းဆိုသလို ခုံပုတစ်လုံးပေါ်တွင်ထိုင်ပြီး မိတ်ကပ်ဘူးအား စုန်ရှောင်ယုရှေ့တည့်တည့်တွင် ချလိုက်သည်။
“ဒါဘာအဓိပ်ပာယျလဲ?”
စုန်ရှောင်ယုမျက်မှောင်ကြုတ်လိုက်သည်။ သူမသည် မကောင်းသောအာရုံတစ်ခုကို ရနေလေသည်။
ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများ ကော့ညွှတ်သွားသည်။
“ကြက်လား နဂါးလားဆိုတာကို သက်သေပြရမှာပေါ့၊ နင့်မှာသာအရည်အချင်းရှိတယ်ဆိုရင် အနာဂတ်မှာ ငွေတွေအလုံးအရင်းနဲ့ဝင်လာအောင် ငါလုပ်ပေးမယ်၊ ဒါပေမယ့် ငါတစ်ယောက်တည်းနဲ့တော့ ဘယ်ဖြစ်မလဲ၊ တခြားလူတွေကိုလည်း နင့်အရည်အချင်းကို ပြပေးရမှာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ငါဒီနေ့လုပ်စရာမရှိတာနဲ့ အတော်ပဲ”