အခန်း (၁၀၂၁-၁၀၂၄)
Vol. 52 Ch. 1021-1024
Space and Rebirth 1021
ကျင်းယွင်ကျောင်း၏မျက်လုံးများသည် မထီမဲ့မြင်ပြုဟန်များဖြင့် ပြည့်နှက်နေသည်။ သူမသည် ရှန်ရှီအား ဝေ့ကြည့်လိုက်၏။ ရှန်ရှီ၏အတန်ငယ်တောင့်တင်းနေသောအကြည့်ကို မြင်လိုက်ရသောအခါ သူမသည် မထီတထီဖြင့် တည့်တည့်ပြန်စိုက်ကြည့်လိုက်သည်။
အပြင်ပန်းတွင် ရှိနေသော စည်းလုံးညီညွတ်ခြင်းပုံရိပ်ယောင်သည် တစ်စစပြိုကွဲနေလေပြီ။
ရှန်ရှီသည် ဤပွဲမျိုးတွင်ပင် သူမအား လာပြသာနာရှာရဲ၏။ ထို့ကြောင့် သူမသည် ရှန်ရှီကို သည်းခံလိုသောစိတ်မရှိသည့်အပြင် သည်းခံနိုင်စွမ်းလည်း ကုန်သွားချေပြီ။ ဤလုပ်ရပ်ကသာ မှန်ကန်ပေသည်။
စီနီယာအလှပညာရှင်တစ်ဦးသည် မိတ်ကပ်မှအစ ဆံပင်ဒီဇိုင်း၊ အင်္ကျီအဝတ်အစား၊ လက်ဝတ်ရတနာတွဲဖက်ပုံစသည်ဖြင့် အရာအားလုံးကို သိနေရလေမည်။ သူမ၏တောင်းဆိုချက်မှာ ကျိုးကြောင်းဆီလျော်ပေ၏။ အဘယ်ကြောင့်ဆိုသော ဤအသက်အရွယ်ဖြင့် အလှပညာရှင်ကြီးတစ်ဦး၏ လက်ထောက်ဖြစ်နေသူတစ်ယောက်က သာမန်မိတ်ကပ်ပညာရှင်များနှင့်ပင် မယှဥ်နိုင်ပါက ယုတ္တိမဲ့လွန်းပေမည်။
ထို့အပြင် သူမသည် လောင်းကြေးထပ်လိုက်ခြင်းဖြစ်သည်။
သူမသည် ဤစုန်ရှောင်ယုအား မျက်မှန်းတန်းမမိသော်လည်း သူမယခင်က စုန်ရှောင်ယုအား မြင်ခဲ့ဖူး၏။ သူမသေချာစဥ်းစားကြည့်လိုက်လျှင် သဲလွန်စများထွက်လာပေမည်။ စုန်ရှောင်ယုသည် အမှန်တကယ်ပင် မြို့တော်ထဲရှိ တက္ကသိုလ်တစ်ခုသို့ တက်ခွင့်ရခဲ့သော်လည်း သူမမှတ်မိသလောက်ဆိုလျှင် နာမည်ကြီးကျောင်းတစ်ကျောင်းမဟုတ်ပေ။ စုန်ရှောင်ယုသာ နောက်ပိုင်းတွင် အောင်မြင်လာလျှင် ယဲ့ချင်သည် သူမအကြောင်းကို ပြောနေမည်မဟုတ်လော။ သို့သော် လက်တွေ့မှာ သူမသည် အသက်နှစ်ဆယ်ကျော်ပြီးနောက် ဤဝမ်းကွဲဖြစ်သူအကြောင်းကို မကြားဖူးပါချေ။
ဤဝမ်းကွဲအကြောင်း သူမမှတ်မိသည့်အရာဟူ၍ စုန်ရှောင်ယုမှ တက္ကသိုလ်ဝင်ခွင့်ရချိန်၌ဖြစ်၏။ မြို့တော်ကဲ့သို့ အထက်တန်းကျသောမြို့ပြနေရာအား သွားနိုင်ခွင့်ရသည်မှာ သူမကဲ့သို့ နယ်မြို့သူလေးတစ်ဦးအတွက် အံ့သြစရာကောင်းသောအရာပင်မဟုတ်လော။
ဤအချိန်တွင် စုန်ရှောင်ယု၏မျက်နှာသည် အနည်းငယ်စိုးထိတ်နေ၏။
သို့သော် စဥ်းစားကြည့်ပြီးနောက် သူမသည် မိတ်ကပ်ဘူးအား ဖွင့်လိုက်တော့သည်။
တကယ်တမ်းတွင် သူမသည် မြို့တော်၌ ကောင်းကောင်းမနေခဲ့ရချေ။ သူမသည် မြို့တော်ထဲရှိ တက္ကသိုလ်သို့ ဝင်ခွင့်ရသောအချိန်တွင် မိမိဘိုးဘေးများအတွက် ဂုဏ်သရေကို ဆောင်ကျဥ်းပေးနိုင်ခဲ့၏။ သို့သော် လက်တွေ့တွင် သူမသည် တက္ကသိုလ်သို့ရောက်ချိန်၌ မြက်အသိုက်မှထွက်လာသော ရစ်ငှက်တစ်ကောင်သာဖြစ်သည်။ အခြားသူများရှေ့မှောက်တွင် သူမ၏ဂုဏ်ယူမှုများမှာ မပြောပလောက်ပေ။ သူမသည် မိသားစုနောက်ခံမကောင်းသည့်အပြင် မိမိအထူးပြုဘာသာ၌လည်း ထူးချွန်မှုမရှိချေ။ သူမသည် ဒီဇိုင်းပညာကို လေ့လာသင်ယူခဲ့သော်လည်း ကျောင်းဆင်းပြီးသောအခါ၌ အလုပ်ရှာမရဖြစ်ခဲ့၏။ နှစ်အနည်းငယ်ခန့် ဝမ်းရေးအတွက် ကြိုးစားကာ လုံးလည်ချာလည်လိုက်ပြီးနောက် သူမသည် အရှက်ကွဲမည်စိုးသဖြင့် အိမ်ပြန်သောအကြိမ်နှုန်း နည်းလာတော့သည်။
ယခုမူ သူမသည် အသက် ၃၀ ရှိပြီဖြစ်ကာ ရည်းစားတစ်ဦးရှိ၏။ သူမရည်းစား၏မိသားစုမှာလည်း မင်္ဂလာလက်ဖွဲ့ ပြည့်ပြည့်စုံစုံ ပေးနိုင်သည့်ပုံမပေါက်သော သူမအား မနှစ်မြို့ကြချေ။ ထို့ကြောင့် သူမ၏မင်္ဂလာပွဲမှာလည်း ပျက်လုနီးပါးဖြစ်နေလေပြီ။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူမသည် မကြာသေးမီက အလုပ်သစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ သူမသည် နာမည်ကြီးအလှပညာရှင်တစ်ဦး ပိုင်ဆိုင်သော သတို့သမီးပစ္စည်းဆိုင်တွင် တောက်တိုမယ်ရလုပ်ရခြင်းဖြစ်၏။ ထိုအချိန်တွင် သူမသည် အမှုမဲ့အမှတ်မဲ့ဖြင့် သူမသူဌေးဖြစ်သူမှ အလုပ်လက်ခံထားသောလူတစ်ဦး၏ ကိုယ်ရေးအချက်အလက်များကို မြင်လိုက်သည်။ ထိုသူမှ သူမ၏ဝမ်းကွဲတစ်ဦးနှင့်တူလှသည်ဟု စကားတစ်ခွန်းနှစ်ခွန်းမျှ ပြောပြီးနောက် အကြောင်းရင်းပင်မသိလိုက်ရဘဲ သူဌေးနောက်သို့ လိုက်ရမည့်လက်ထောက်မှာ သူမအဖြစ်သို့ ပြောင်းလဲသွားတော့၏။
မည်သို့ပင်ဖြစ်စေ ဤအရာမှာ ကောင်းသောအရာဖြစ်သောကြောင့် သူမမငြင်းခဲ့ပေ။ ထို့အပြင် ဤလူမှာ အမှန်တကယ်ပင် ကျင်းယွင်ကျောင်းဟုတ်မဟုတ် သိချင်နေမိသောကြောင့် လာရောက်ကြည့်ရှုခြင်းဖြစ်သည်။ သို့ရာတွင် အခြားလက်ထောက်တစ်ဦးကိုဆွဲပြီး ကျင်းယွင်ကျောင်းတံခါးဝနားတွင် လာရောက်မေးမြန်းစုံစမ်းချိန်၌ ကျင်းယွင်ကျောင်းဆီ၌ လူမိခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တံခါးကိုဖွင့်ပြီးနောက် အမှန်တကယ်ပင် ကျင်းယွင်ကျောင်းဖြစ်နေကြောင်း သူမသိလိုက်ရ၏။ ယခင်က ခိုကိုးရာမဲ့ဖြစ်နေခဲ့သော ထိုကလေးမသည် အမှန်တကယ်ပင် ဇာမဏီငှက်အသွင်ပြောင်းသွားလေပြီ။
ပေါင်ဒါတို့ဖတ်အား ကိုင်ထားသော စုန်ရှောင်ယု၏လက်များ အနည်းငယ်တုန်ယင်သွား၏။ သူမသေချာတွေးကြည့်လိုက်၏။ သူမသူဌေးဖြစ်သူမှ ဖောက်သည်များကို ပြင်ဆင်ပေးသည်ကို သူမတစ်ခါမှမမြင်ဖူးသော်လည်း အနည်းဆုံးအနေဖြင့် ဆိုင်ထဲရှိ မိတ်ကပ်ပညာရှင်များမှ အခြားသူများကို လိမ်းချယ်ပေးသည်ကို သူမမြင်ဖူးသည်။ မျက်နှာလိမ်းကျံခြင်းသာဖြစ်၍ သူမသည် လိုက်တုပနိုင်လောက်ပေမည်။ မည်သို့ပင်ဖြစ်စေ သူမသည် ယခင်က ဒီဇိုင်းပညာကို သင်ယူခဲ့ဖူးသောသူဖြစ်သဖြင့် ပုံဆွဲရာ၌ တော်ပေသည်။
ဤအတွေးဖြင့် သူမ၏လက်သည် များစွာတည်ငြိမ်သွားတော့သည်။
ထို့နောက် သူမသည် သူမရှေ့မှောက်ရှိအမျိုးသမီး အနီးတစ်ဝိုက်တွင် ပျားပန်းခတ်တမျှ လှုပ်ရှားတော့သည်။
သူမအရှေ့ရှိ ခရီးဆောင်မိတ်ကပ်စားပွဲပေါ်တွင် ပုလင်းများ၊ ဘူးများ အမျိုးစုံနေ၏။ နိုင်ငံခြားဘာသာစကားများစွာဖြင့်လည်း ရေးထားသေးသည်။ ပေါင်ဒါဘူးများမှာ ခန့်မှန်းရလွယ်ကူသော်လည်း ကျန်သောအရာများမှာ ခက်ခဲလှသည်။
ဤအရာများအားလုံးကို မျက်နှာပေါ်ရောလိမ်း၍မရပါပေ။ သူမသာ ထိုသို့လုပ်လိုက်လျှင် မျက်နှာပေါ်တွင် မိတ်ကပ်အလွှာထူသွားမည်မဟုတ်လော?
စိတ်ကူးအရလွယ်သော်လည်း လက်တွေ့မှာ အလွန်ပင်ခက်ခဲပေသည်။ ဆယ်မိနစ်ပင်မကြာသေးခင် သူမ၏အရည်အချင်းအစစ်အမှန်ပေါ်လာပြီး နေရာတွင်ရှိသော အမျိုးသမီးများအားလုံး၏ နှုတ်ခမ်းစွန်းများတွန့်သွားတော့သည်။
Space and Rebirth 1022
အမျိုးသမီးများသည် အခြားနေရာများ၌ မကျွမ်းကျင်လောက်သော်လည်း အလှကုန်ပစ္စည်းများနှင့် ပတ်သတ်လာလျှင်မူ...သေချာပေါက်ကောင်းစွာနားလည်ပေသည်။
နေ့စဥ်သုံးအသားအရေထိန်းသိမ်းရေးပစ္စည်းများသည် အမျိုးအမည်စုံလှ၏။ သို့ရာတွင် သူတို့သည် အခြားပစ္စည်းများကို မခွဲခြားနိုင်လျှင်ပင် ဤတန်ဖိုးကြီးအမွှေးအကြိုင်ဘူးများကို ဘယ်သောအခါမှ ပိုင်းခြားမသိနိုင်ဘဲ နေမည်မဟုတ်ပေ။
သို့ရာတွင် အလှဆရာမကြီးတစ်ဦး၏လက်ထောက်ဟု သူမကိုယ်သူမခေါ်နေသော သူတို့ရှေ့မှောက်ရှိ အမျိုးသမီးမှာ သုံးစွဲပုံချင်းတူပြီး တံဆိပ်သာကွဲပြားသွားသော ပစ္စည်းများကို ထိုအစေခံမလေးမျက်နှာပေါ်တွင် လိမ်းနေလေသည်။ အနံ့များမှာ ရောထွေးကုန်သဖြင့် အနည်းငယ်စူးရှပြင်းထန်လာတော့သည်။
ထိုတင်မက ဤအမျိုးသမီးသည် အလှကုန်တံဆိပ်ကို သိရန်မပြောနှင့် အမျိုးအစားပင် မခွဲခြားတတ်ချေ။ နံရံဆေးရေးပန်းချီဆွဲနေသကဲ့သို့ပင်။ မည်သို့လိမ်းကျံခြယ်သရမည်ကို မသိသည့်အပြင် ညီညီညာညာပင် မလိမ်းတတ်ဘဲ ရှိနေ၏။ ယခု ထိုအစေခံမလေး၏မျက်နှာမှာ အစက်စက်အပြောက်ပြောက်များ ထနေတော့သည်။ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှသည်!
သူတို့၏မိတ်ကပ်ပညာရှင်သာ ဤသို့အဆင့်မျိုးဖြစ်နေပါက သူတို့ကိုယ်တိုင်သာ မိတ်ကပ်လိမ်းလိုက်ပေတော့မည်!
“ကြည့်ရတာ အစ်မစုန်က မိတ်ကပ်လိမ်းရတာ သိပ်မကျွမ်းတဲ့ပုံပဲ၊ အင်္ကျီတွေ လက်ဝတ်ရတနာတွေတော့ ရွေးတတ်မှာပေါ့? လက်ထောက်ဖြစ်နေမှတော့ ကောင်းကောင်းမရွေးတတ်ဘဲ ဘယ်နေပါ့မလဲ”
ကျင်းယွင်ကျောင်းပြောလိုက်ပြန်၏။
ထိုအချိန်တွင် တစ်စုံတစ်ဦးသည် မိတ်ကပ်ပညာရှင်သုံးဖွဲ့လုံးကို ခေါ်ချလာတော့၏။ သူတို့ထဲမှတစ်ဦးသည် စုန်ရှောင်ယုကို မြင်လိုက်ရသောအခါ ထိုမိန်းကလေး၏မျက်နှာတွင် ပျာယာခတ်ဟန်များ ပေါ်ပေါက်လာသည်။
စုန်ရှောင်ယုသည် မည်သို့ပြောရမည်ကို မသိတော့ချေ။ ကျင်းယွင်ကျောင်း၏စကားများမှာ အချိန်ကွက်တိကိုက်ရွာသော မိုးကဲ့သို့ပင်။ သူမ အလျင်အမြန်ခေါင်းငြိမ့်လိုက်ပြန်၏။ မိတ်ကပ်မှာ ခက်ခဲလှသော်လည်း အင်္ကျီရွေးရသည်မှာ မခက်ပေ။ ထို့အပြင် ဤနေရာမှာ ရှုမိသားစုအိမ်ဖြစ်၏။ သူမအား တွဲဖက်ခိုင်းသောအဝတ်အစားအားလုံးမှာ သေချာပေါက် အလှပဆုံး၊ ရေပန်းအစားဆုံးများသာဖြစ်ရမည်။ ကျပန်းတွဲဖက်ပေးလျှင်ပင် အမှားမရှိနိုင်ရာ။
ထို့ကြောင့် မကြာမီတွင် ခေတ္တမျှ ဟန်ကိုယ်ဖို့ပြီးနောက် သူမသည် အင်္ကျီတန်းထဲမှ အင်္ကျီတစ်ထည်ကို ချက်ချင်းကောက်ရွေးလိုက်၏။ လက်ဝတ်ရတနာအတွက်မူ...ရွှေ၊ ကျောက်စိမ်းနှင့် ကျောက်မျက်များ တစ်ဆင်စာ ရွေးလိုက်သည်။ ကျောက်မျက်ရတနာများမှာ တောက်ပပြီး အထက်တန်းဆန်သည့်ပုံပေါက်နေသောကြောင့် အမှားမရှိနိုင်ဟု သူမတွက်နေ၏။
ခဏအကြာတွင် သူမရွေးချယ်ထားသောအရာများကို လူတိုင်း၏ရှေ့မှောက်တွင် ချပြလိုက်တော့သည်။
“ပြီးပြီ”
စုန်ရှောင်ယု သတိတကြီးဖြင့် ပြောလိုက်၏။
“ဘယ်လိုထင်ကြလဲ?”
ကျင်းယွင်ကျောင်းသည် ဖော်ရွေသောအပြုံးတစ်ပွင့်ဖြင့် သူမအနီးရှိ မိန်းကလေးငယ်များကို မေးလိုက်သည်။
ထိုမိန်းကလေးများသည် အစကတည်းက စိတ်ဝင်စား၍ ပြောချင်နေကြသူများဖြစ်သည်။ အစောပိုင်းက မည်သို့ပြောရမည်ကို မသိရုံသာရှိသည်။ ယခု ကျင်းယွင်ကျောင်းမှ စတင်ပြောလိုက်သဖြင့် သူတို့သည် ချက်ချင်းဆိုသလို မိမိတို့သဘောထားများကို ပြောကြတော့သည်။၊
“အင်္ကျီကလှတော့လှပေမယ့် အတုကြီးဖြစ်နေတယ်၊ အတုတောင်မှ တော်တော်ဆိုးဆိုးဝါးဝါးအမျိုးအစားထဲကပဲ၊ ပုခုံးပေါ်က ဒီတောင်ပံနှစ်ခုက ဘာကြီးတွေလဲ? မသိရင် တစ်ယောက်ယောက်က လက်နဲ့ဆွဲဖြတ်ထားသလိုပဲ”
သူတို့ထဲမှတစ်ဦးက ပြောလိုက်သည်။
“အဲဒါတင်ဘယ်ကမလဲ? ဒီမှာ အင်္ကျီတွေ၊ အိတ်တွေအများကြီးရှိတဲ့အထဲမှာ တချို့ဟာက အစစ်တွေဖြစ်ပြီး တချို့ကအတုတွေဖြစ်နေတယ်၊ ဒီနှစ်က အင်္ကျီဒီဇိုင်းတွေရှိသလို ခေတ်အောက်နေတဲ့စတိုင်တွေလည်း ရှိနေတယ်၊ ဒီမိန်းကလေးက အတုအစစ်မခွဲတတ်တဲ့အပြင် ဒီအင်္ကျီအတုနဲ့တွဲဆင်ဖို့ ခေတ်မရှိတော့တဲ့ ကျောက်တွေကိုတောင် သုံးခဲ့သေးတယ်၊ ကျွန်မသာ ဒီလိုအင်္ကျီမျိုးနဲ့ အပြင်ထွက်ရရင် ရှက်လွန်းလို့သေမလားပဲ!”
နောက်မိန်းကလေးတစ်ဦးမှ ချက်ချင်းဆိုသလို ခေါင်းကိုခါယမ်းလိုက်သည်။
“ကျွန်မကိုမေးရင်တော့ ကြောက်စရာအကောင်းဆုံးက ဒီမိတ်ကပ်ပဲ၊ ရေနဲ့ ဖျက်ဆေးကိုတောင် မခွဲတတ်မှတော့ မျက်နှာကို ဘယ်လိုသပ်သပ်ရပ်ရပ်ပြင်နိုင်မှာလဲ? ဘယ်လိုဦးနှောက်မရှိတဲ့ အလှပညာရှင်က ဒီလိုလက်ထောက်မျိုးကို သုံးရဲတာလဲ? ပြီးတော့ အခုခေတ်မှာ လက်ထောက်တွေက ဒီလောက်တောင် လူပါးဝနေပြီလား? မိန်းကလေးကျင်းက ဒီတိုင်းအခွင့်အရေးပဲပေးတာကို ဘယ်လောက်တောင်များ ကိုယ့်ကိုယ်ကိုအဟုတ်ကြီးထင်နေလို့ ဒီလိုအရည်အချင်းမျိုးနဲ့ လူရှေ့မှာ ကြိုးစားရဲတာလဲ? မိန်းကလေးကျင်း၊ ဒီမိန်းမက မိန်းကလေးကျင်းကို အရှက်ခွဲဖို့များ ရောက်လာတာလား?
သူတို့အားလုံးသည် လူငယ်များဖြစ်သဖြင့် စကားကို အနည်းငယ်ဘုဘောက်ဆန်စွာ ပြောချလိုက်လေသည်။ သို့ရာတွင် သူတို့၏ဆိုလိုရင်းမှာ ရှင်း၏။
စုန်ရှောင်ယုသည် မည်သူပင်ဖြစ်စေကာမူ ဤနေရာတွင် အလုပ်လုပ်ရန် အရည်အချင်းမရှိကြောင်း မျက်မမြင်တစ်ဦးပင် သိနိုင်၏။
ယခုတွင် စုန်ရှောင်ယု၏အရည်အချင်းကိုမြင်ပြီးနောက် လူတိုင်းသည် လေးလေးနက်နက်တွေးမိသွားကြတော့သည်။ ရှုမိသားစုတွင် အိမ်ကြီးရှင်မတစ်ဦးသာရှိသည်။ ထိုသူမှာ ရှန်ရှီဖြစ်၏။ ဤပွဲမျိုးအား ကျင်းယွင်ကျောင်းကဲ့သို့ကလေးတစ်ဦးက အသေးစိတ်စီစဥ်နိုင်မည်မဟုတ်ရာ။ ထို့ကြောင့် အရာအားလုံးကို ရှန်ရှီခွင့်ပြုမှသာ ရနိုင်ပေလိမ့်မည်။ အလှပညာရှင်တစ်ဦးမှာ အလွန်ပင်အရေးကြီးလှ၏။ သို့သော် ရုတ်ချည်းဆိုသလိုပင် ကျင်းယွင်ကျောင်း၏ဆွေမျိုးဝေးတစ်ဦးမှ ပေါ်လာပြီး အဓိပ္ပာယ်မရှိသောစကားများစွာကို ပြောခဲ့၏။ အရည်အချင်းမှာလည်း ဆိုးရွားလှပေသည်! ထိုသို့ဆိုလျှင် ဤအရာအားလုံးကို ရှန်ရှီမှ အကွက်ချစီစဥ်ခြင်းသာဖြစ်ပေမည်!
Space and Rebirth 1023
ဤကိစ္စမျိုးကို လူတိုင်းကြုံဖူးပေသည်။ အချို့မိသားစုများတွင် ရှုပ်ထွေးသောအတွင်းရေးကိစ္စများ ရှိတတ်၏။ ပုံမှန်အားဖြင့် တစ်ဦးနှင့်တစ်ဦးချောက်တွန်းခြင်း၊ အမွေလုခြင်းစသည်တို့နှင့် ရင်းနှီးကြသောလူများသာဖြစ်သည်။ ဤသို့သောနည်းလမ်းများသုံးရခြင်းကို သူတို့သည် အနည်းနှင့်အများဆိုသလို နားလည်ကြပေသည်။
သို့သော် ဤကိစ္စကိုမူ သူတို့သည် အထင်လွဲမှုတစ်ခုဟုသာ ထင်ခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ရှန်ရှီသည် ပုံမှန်အားဖြင့် အခြားသူများကို စိတ်သဘောထားကြီးကြီးဖြင့် ဆက်ဆံတတ်သောကြောင့်ဖြစ်၏။ ဒုတိယအချက်အနေဖြင့် ဤအရာကို တိုက်ဆိုင်မှုတစ်ခုဟု သူတို့တွေးလိုက်မိခြင်းဖြစ်သည်။
သို့သော် ယခုတွင် ဒုတိယအချက်မှာ မဖြစ်နိုင်လွန်းတော့ချေ။ ရှန်ရှီသည် သူမဟန်ဆောင်နေသည့်အတိုင်း ကြင်နာပြီး စိတ်ရှည်သည်းခံတတ်သူဟု ဆက်လက်ယုံကြည်ရန် မည်သူကမှ စဥ်းစားဉာဏ်မမဲ့ပေ။
ပုံမှန်အားဖြင့် ရှန်ရှီသည် ပြစ်ချက်တစ်ချက်မရှိဘဲ ကိစ္စအများစုအား သေသေဝပ်ဝပ်စီစဥ်နိုင်၏။ ယခုတွင်မူ ဤသို့သောအမှားကြီးသည် သူတို့မျက်စိအောက်တွင်ပင် ဖြစ်ပွားခဲ့ချေပြီ။ မည်သို့ပင်ကြည့်စေကာမူ တမင်ရည်ရွယ်ထားသောအမှားဖြစ်ဟန်တူ၏။
သူမ၏ကြင်နာမှုမှာ အပေါ်ယံသာဖြစ်ပေမည်။ မြို့တော်ဝန်ရှုသည် ဤတူမလေးအား အလွန်ချစ်မြတ်နိုးပြီး သခင်လေးရှုမှာ မြာပွေပျော်ပါးနေသူတစ်ဦးမဟုတ်လော။ ဤတူမလေးအတွက်ဆိုလျှင် မြို့တော်ဝန်ရှုသည် မိမိသားဖြစ်သူ၏အကျိုးစီးပွားကိုပင် ထိခိုက်ပေးနိုင်လောက်၏။ မိခင်တစ်ယောက်ဖြစ်သော ရှန်ရှီသည် ဤအရာကို အဘယ်သို့လက်ခံနိုင်မည်နည်း။ ထို့ကြောင့် သူမသည် ကျင်းယွင်ကျောင်း၏ဂုဏ်သိက္ခာအား စွန်းထင်းပျက်ပြားစေရန် နည်းလမ်းများအား တိတ်တခိုးကြံစည်ခဲ့ခြင်းဖြစ်မည်။
လူတိုင်းသည် စိတ်ထဲတွင် ချိန်ခွင်တစ်ခုဖြင့် စီရင်ဆုံးဖြတ်နေကာ အတွေးများနေတော့၏။ အပြင်ပန်းတွင်မူ တစ်ခွန်းမှမဟကြချေ။
အိမ်တော်ထိန်းသည် အလှပညာရှင်အချို့ကို ခေါ်လာခဲ့သည်။ ထိုအခါ ရှုယွမ်ထက်လည်း စတင်စစ်ဆေးမေးမြန်းတော့သည်။
“ဘယ်သူက စုန်ရှောင်ယုကို ဒီနေရာခေါ်လာတာလဲ?”
“ကျွန်တော်ပါ...”
ရုတ်ချည်းဆိုသလို အမျိုးသားတစ်ဦးက မတ်တပ်ရပ်လိုက်၏။ ထိုအမျိုးသားသည် ပါးလျပြီး အနည်းငယ်နွဲ့နှောင်းနေသည်။ ယောက်ျားပီသသောဟန်ပန်များ ပျောက်ဆုံးနေတော့၏။ ယခုတွင် သူသည် ချွေးစေးများပြန်နေလေပြီ။
“မင်းတို့ကဒီလိုပုံစံနဲ့ အလုပ်လုပ်တာလား?”
ရှုယွမ်ထက်သည် ဒေါသထွက်နေဟန်မရချေ။ သို့ရာတွင် သူ၏သုန်မှုန်နေသောလေသံကြောင့် အခြားသူများအား ကျောစိမ့်သွားစေ၏။
“တောင်းပန်ပါတယ် မြို့တော်ဝန်ရှု၊ ဒီနေ့ကျွန်တော်နဲ့လိုက်ရမယ့်လက်ထောက်က နေမကောင်းဖြစ်နေလို့ ယာယီအစားထိုးအနေနဲ့ ခေါ်လာခဲ့တာပါ...”
ထိုအမျိုးသားမှာ သုတ်သီးသုတ်ပြာ ပြောလိုက်သည်။
“လူပြောင်းတာကို ငါတို့ကိုကြိုမပြောဘူးလား?”
ရှုယွမ်ထက်ထပ်မေးလိုက်ပြန်၏။ သူမေးနေသော်လည်း မည်သို့သောအဖြေမျိုးထွက်ပါစေ သံသယမျိုးစေ့မှာ ပေါက်ဖွားနေလေပြီ။
“အဲ့လိုမဟုတ်ပါဘူး မဒမ်ရှုကအရမ်းအလုပ်ရှုပ်နေတာမို့ ဒီလိုကိစ္စအသေးစားလေးကို သတိထားမိမယ်မထင်တာနဲ့...”
ထိုအမျိုးသားသည် သတိတကြီးဖြင့်ပြောလိုက်၏။
“မြို့တော်ဝန်ရှု၊ မိန်းကလေးကျင်း ဖြစ်ခဲ့တာတွေအတွက် တကယ်တောင်းပန်ပါတယ်၊ သူဒီလိုလုပ်မယ်လို့ ကျွန်တော်တကယ်မထင်ခဲ့တာပါ ဒီတစ်ခေါက် ကျွန်တော်ငွေပြန်အမ်းပေးပါ့မယ်...”
ရှုယွမ်ထက်ခေါင်းသာငြိမ့်လိုက်၏။
ဤသည်မှာ အပေးအယူတစ်ခုသာဖြစ်ပြီး တစ်ဖက်လူကလည်း အမှားကိုဝန်ခံနေလေပြီ။ လူများစွာရှေ့တွင် ဤလူအား ဖိနှိပ်ရန် အကြမ်းဖက်နည်းလမ်းများ သုံး၍မရချေ။ မည်သို့ပင်ဖြစ်စေကာမူ ဤလူသည် အလှပညာရှင်တစ်ဦးအနေနှင့် အနာဂတ်မရှိတော့ပေ။
“သူတို့ကိုခေါ်သွားပြီး ရှုမိသားစုအိမ်ကထွက်သွားလိုက်”
ရှုယွမ်ထက် အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
မုန်းစရာကောင်းလှပေသည်။
ပထမဆုံးအနေဖြင့် ဖန်လီချင်းလာပြီး ယခုတွင် စုန်ရှောင်ယုရောက်နေပြန်သည်။ ရှောင်ကျောင်းအား ပိုစိတ်ဆင်းရဲအောင် လုပ်နေကြသလိုပင်!
ရှုယွမ်ထက် ဆက်မမေးတော့ပေ။ အစကတည်းက ရှန်ရှီသည် ကိစ္စတိုင်းကို ပြစ်ချက်မရှိလုပ်ဆောင်တတ်၏။ သူသည် တစ်ခုခုဖြစ်တိုင်း သက်သေရှာမရသလို ယခုတွင်လည်း ထိုနည်း၎င်းပင်။ သူဆက်မေးလျှင်ပင် ဤအလှပညာရှင်သည် ဘာကိုမှပြောမည်မဟုတ်ချေ။ ယခုထွက်သွားခိုင်းသည်ကသာ ပိုကောင်းပေမည်။ အတိုချုံးပြောရလျှင် ရှန်ရှီသည် အကွက်စေ့အောင်စီစဥ်ထားသဖြင့် အမှန်တရားမှာ အရေးမကြီးတော့ပေ။
အရှုပ်ထုပ်များရှင်းသွားသည်နှင့် ပွဲအခမ်းအနားသည် ယခင်ကထက် ပို၍တက်ကြွစည်ကားသွားတော့သည်။
ကျင်းယွင်ကျောင်းအား လာရောက်စတင်ချည်းကပ်ကြသော သက်တူရွယ်တူယောက်ျားလေး၊ မိန်းကလေးများစွာရှိနေ၏။ အိမ်ရှင်အနေဖြင့် ကျင်းယွင်ကျောင်းသည် ဧည့်သည်တိုင်းကို ယဥ်ကျေးပျူငှာစွာဆက်ဆံပြီး သူတို့နှင့် သင့်မြတ်သောဆက်ဆံရေးတစ်ခုကို ချန်ရစ်ခဲ့၏။
သို့သော် ပွဲကျင်းပသည်မှာ ကြာနေပြီဖြစ်သော်လည်း တစ်စုံတစ်ယောက်ရှိမနေကြောင်း ကျင်းယွင်ကျောင်းခံစားမိလိုက်သည်။
စဥ်းစားကြည့်လိုက်သောအခါ ထိုသူမှာ ရှန်တုန်းဖြစ်လေသည်။
သူမနှင့်ရှန်တုန်းမှာ စီးပွားဖက်များဖြစ်၏။ ယခင်က ရှန်တုန်းသည် ရှောင်ဟိုင်ချင်းအား လူရွေးပွဲဖြေနိုင်ရန် ကူညီပေးခဲ့သဖြင့် သူတို့၏ဆက်ဆံရေးမှာ ပို၍နီးကပ်လာခဲ့သည်။ ထို့ကြောင့် သူမသည် ရှန်တုန်းအား သူမ၏မွေးနေ့ပွဲသို့ မဖြစ်မနေဖိတ်ခေါ်ခဲ့၏။ ရှန်တုန်း၏ပုံစံဖြင့်ဆိုလျှင် ရောက်သင့်သည်မှာ ကြာပေပြီ။ သို့သော် အချိန်ကြာမြင့်နေသည့်တိုင် သူမအား မတွေ့ရသေးချေ။
“ဘယ်သူ့ကိုရှာနေတာလဲ? နင့်ကောင်လေးလား?”
ဟော်ထျန်းရှန်းသည် မျက်ခုံးကိုပင့်ကာ ရယ်လိုက်ပြီး သူမအား တမင်တကာကျီစယ်လိုက်၏။
“ဘယ်လိုဖြစ်လို့နင့်မွေးနေ့ပွဲမှာ ယောက်ျားလေးတစ်ယောက်မှ မရှိတာလဲ?”
Space and Rebirth 1024
ဟော်ထျန်းရှန်းပြောလိုက်သောအခါ ရှောင်ဟိုင်ချင်းနှင့် အခြားသူများလည်း မှတ်မိသွားတော့သည်။ ထို့ကြောင့် ဤမွေးနေ့ပွဲအား တစ်ခုခုလိုနေသည်ဟု သူတို့ခံစားနေရခြင်းဖြစ်သည်။ အရေးကြီးပုဂ္ဂိုလ်တစ်ဦး လိုအပ်နေခြင်းပင်။
“ယွင်ကျောင်း၊ လီရှောက်ယွင်ဘယ်မှာလဲ?”
ရှောင်ဟိုင်ချင်းသည် တစ်ပြိုင်နက်တည်းတွင် စိတ်လည်းပူကာ သိလည်းသိချင်နေ၏။
ကျင်းယွင်ကျောင်းသည် ချွေးမပြန်မိဘဲမနေချေ။
“ငါဘယ်လိုလုပ်သိမှာလဲ? ဒါပေမယ့် ငါရှာနေတဲ့လူက သူမဟုတ်ဘူး”
သူမသည် မွေးနေ့လက်ဆောင်များကို ဂရုမစိုက်ချေ။ လီရှောက်ယွင်သည် သူမအား ပုံမှန်အားဖြင့် အကောင်းဆုံးဆက်ဆံပြီး သူမအတွက် ဘက်ပေါင်းစုံမှ ဂရုစိုက်ပေး၏။ ထိုအရာဖြင့် လုံလောက်ချေပြီ။ ထို့အပြင် ယနေ့တွင် လူတိုင်းက သူမကိုအာရုံစိုက်နှင့်ပြီဖြစ်ရာ ဤအချိန်တွင် သူမရည်းစားဖြစ်သူသာပေါ်လာပါက ပွဲရှိဧည့်သည်တိုင်း ထိတ်လန့်အံ့အားသင့်ကုန်ပေမည်။
လီရှောက်ယွင်မှာ စစ်သူကြီးလီ၏မြေးဖြစ်ကြောင်း အခြားသူများက မသိလောက်သော်လည်း သူ၏ရုပ်ရည်ဖြင့်ဆိုလျှင်....မည်သည့်နေရာတွင် ပေါ်လာစေကာမူ လူများ၏အာရုံကိုဖမ်းစားနိုင်သော မကောင်းဆိုးဝါးတစ်ဦးဖြစ်ပေလိမ့်မည်။
“သူ့ကိုမစောင့်ရင် ဘယ်သူ့ကိုစောင့်စရာရှိလို့လဲ? မဟုတ်မှလွဲရော ဒီလောက်အကြာကြီးနေတော့ နင်စိတ်ပြောင်းသွားတာလား?”
ရှောင်ဟိုင်ချင်းကျီစယ်လိုက်၏။
ဤလောကတွင် ယွင်ကျောင်းအား ထိန်းကွပ်နိုင်သောအမျိုးသားအချို့သာရှိပေသည်။ ပုံမှန်အားဖြင့် သူမသည် ယောက်ျားများအား ကြည့်သောပုံမှာ ခေါင်းတွင်မျက်လုံးတက်ပေါက်သကဲ့သို့ဖြစ်နေသောကြောင့် စိတ်ပြောင်းရန်ဟူသည်မှာ မဖြစ်နိုင်ချေ။ ထိုလီရှောက်ယွင်မှာလည်း ထိုနည်း၎င်းပင်။ ကျင်းယွင်ကျောင်း၏သဘောထားအတိုင်း အချိန်ကြာမြင့်စွာ သည်းခံလိုက်လျောနိုင်ခဲ့သူဖြစ်သဖြင့် သာမန်လူများမလိုက်နိုင်သောအဆင့်တွင်ရှိနေ၏။
“ဟိုင်ချင်း ငါအန်တီတုန်းကိုရှာနေတာ၊ နင်သူ့ကိုမေ့သွားပြီလား?”
ကျင်းယွင်ကျောင်းသည် အံ့အားသင့်နေ၏။
ရှောင်ဟိုင်ချင်းမျက်မှောင်ကြုတ်ကာ ဘေးဘီဝဲယာပတ်ကြည့်လိုက်သည်။
“ခုနက ငါထွက်လာတော့ ရှာကြည့်သေးတယ်၊ သူ့ကိုမတွေ့ဘူး နင်ဒီနေ့သူ့ကိုဖိတ်လိုက်တာရော သေချာရဲ့လား? သူကလာမယ်တဲ့လား?”
“ငါဖိတ်ထားတယ်၊ သူမေ့မှာစိုးလို့ မနေ့ညကတောင် ငါသူ့ကိုဖုန်းဆက်ပြီး သတိပေးလိုက်သေးတယ်...”
ကျင်းယွင်ကျောင်းသက်ပြင်းချလိုက်၏။
“ဒါပေမယ့် အခုသူ့ဖုန်းကပိတ်ထားတယ်ဆိုတော့ ငါနည်းနည်းစိတ်ပူသွားပြီ”
ဟော်ထျန်းရှန်းသည်လည်း ရှန်တုန်းနှင့်ပတ်သတ်နေသောကြောင့် မျက်နှာထားလေးနက်သွား၏။
“အားကျင်း၊ အန်တီတုန်းတစ်ခုခုများဖြစ်တယ်ထင်လား? သူတစ်ခါမှဒီလိုမဖြစ်ဖူးဘူး၊ ငါ့အမေက သူနဲ့တွေ့ဖို့ချိန်းတိုင်း သူက အမြဲစောရောက်တတ်တယ်...မဖြစ်ဘူး၊ ငါ့အမေကိုဖုန်းဆက်ပြီး အန်တီတုန်းကိုရှာဖို့ လူတစ်ယောက်လွှတ်ခိုင်းရမယ်၊ အခု အန်တီတုန်းကို မျက်စိကျနေတဲ့ အောက်တန်းစားဦးလေးတွေအများကြီးရှိနေတာလေ၊ ဖြစ်တာလည်း တစ်ခါနှစ်ခါမကတော့ဘူးဆိုတော့ ဒီတစ်ခေါက်ထပ်ဖြစ်ရင် ကောင်းနိုင်စရာမရှိဘူး”
ဟော်ထျန်းရှန်းသည် စကားကိုအပြီးသတ်ပြီးသည်နှင့် အလျင်အမြန်ပင် ဖုန်းဆက်လိုက်သည်။
ယခင်ကကိစ္စအကြောင်းကို ပြောလိုက်သောအခါ ကျင်းယွင်ကျောင်း၏စိတ်ထဲ၌ အတွေးတစ်ခုသည် ဖျတ်ခနဲပေါ်လာ၏။
အခြားသူဌေးကတော်များနှင့် စကားပြောနေသော ရှန်ရှီကို သူမဝေ့ကြည့်လိုက်၏။ ဤတစ်ခေါက်လည်း သူမထပ်လုပ်မည်လော။
“နင်ဘာလို့သူ့ကိုကြည့်နေတာလဲ? ယွင်ကျောင်း၊ နင်က အစကတည်းက ရှန်ရှီနဲ့ပြသာနာတစ်ခုခုရှိထားပုံပဲ၊ ခုနကလည်း စုန်ရှောင်ယုနဲ့ပတ်သတ်ပြီး သူ့ကိုသံသယဝင်နေခဲ့တာ၊ အန်တီတုန်းကိစ္စအတွက်လည်း သူ့ကိုသံသယဝင်နေပြန်ပြီလား?”
ရှောင်ဟိုင်ချင်းသည် ခံစားရသည့်အတိုင်း ပြောလိုက်၏။
“အန်တီတုန်းအိမ်က အဆိပ်ခတ်ဝိုင်ကို မှတ်မိသေးလား? သူ့လက်ချက်ပဲ ဒါပေမယ့် သက်သေတော့မရှိဘူး၊ သူက လူများထင်သလို သူ့ညီမကို ကောင်းကောင်းမဆက်ဆံတာ သေချာတယ်...”
ကျင်းယွင်ကျောင်းတိုးဖွစွာ ပြောလိုက်၏။
“တကယ်ပြောနေတာလား အားကျင်း? အန်တီတုန်းက ရှန်ရှီကို တော်တော်လေးအထင်ကြီးလေးစားတာ၊ ငါအရင်တုန်းက သူနဲ့စကားပြောတုန်းက သူကရှန်ရှီလောက် ကံမကောင်းဘူးလို့ မကြာခဏပြောတတ်တယ်၊ ကလေးဘဝကအစ ကြီးလာတဲ့အထိ သူဘာပဲလုပ်လုပ် ရှန်ရှီက သူ့ထက်ပိုတည်ငြိမ်ရင့်ကျက်ခဲ့တယ်၊ ရှန်ရှီက သရုပ်ဆောင်တာဖြစ်ဖြစ် ပညာသင်တာဖြစ်ဖြစ် ဘယ်ဟာမဆို ဆုံးခန်းတိုင်အောင်မလုပ်ခဲ့တဲ့ သူ့လိုမဟုတ်ဘူးတဲ့...”
ဟော်ထျန်းရှန်းသဘောမတူချေ။ သူမသည် ဖုန်းချပြီးနောက် ရှန်တုန်းနှင့်ပြောခဲ့သောစကားများကို ဆက်ပြောလိုက်သည်။
“အန်တီတုန်း နိုင်ငံခြားရောက်တုန်းက သူငယ်ချင်းမရှိ၊ ဘဝလည်း ကောင်းကောင်းမနေခဲ့ရတဲ့အချိန်မှာ ရှန်ရှီက သူ့ကိုအများကြီးကူညီခဲ့တယ်ပြောတယ်၊ ရှန်ရှီကသဘောထားကြီးပြီး စိတ်ထားနူးညံ့တယ်တဲ့၊ သူများနဲ့မတူတဲ့ သူ့ရဲ့ဆွဲဆောင်မှုကြောင့်ပဲ မြို့တော်ဝန်ရှုကို လက်ထပ်နိုင်ခဲ့တာလို့ အန်တီတုန်းပြောတယ်”
“သူများနဲ့မတူတဲ့ ဆွဲဆောင်မှု?”
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို ရယ်ချင်မိသွား၏။
ထိုစဥ်က အမှန်တရားကို သိသောသူများရှိခဲ့သော်လည်း လက်တစ်ဆုပ်စာမျှသာဖြစ်သည်။ ထိုအချိန်က သူမဦးလေးဖြစ်သူသည် ရုတ်တရတ်ဆန်စွာ အိမ်ထောင်ပြုလိုက်သောကြောင့် လူတိုင်းက ထိုအရာကို ထူးဆန်းသည်ဟု ထင်ခဲ့ကြသည်။
“အန်တီတုန်းက တခြားဘာပြောသေးလဲ? သူနဲ့ရှန်ရှီကြားမှာ ထူးခြားတာများ တစ်ခုခုရှိလား?”
ကျင်းယွင်ကျောင်းထပ်မေးလိုက်ပြန်၏။ သူမသည် မည်သည့်အချက်အလက်ကိုမှ မလွတ်ရဲချေ။