အခန်း (၁၀၂၅-၁၀၂၈)
Vol. 52 Ch. 1025-1028
Space and Rebirth 1025
ဟော်ထျန်းရှန်းသည် အချိန်အတော်ကြာစဥ်းစားပြီးနောက် ပြောလိုက်၏။
“တကယ်တော့ ငါနဲ့ငါ့အမေကလည်း အန်တီတုန်းတရုတ်ပြည်ကို ပြန်လာမှ သူ့ကိုသေချာသိတာ၊ အန်တီတုန်းက အားနည်းတဲ့ပုံပေါက်ပေမယ့် တကယ်တမ်းတော့ အရမ်းစိတ်သန်မာပြီး မာနပြည့်ဝတယ်၊ ဒါကြောင့်မို့ ငွေကိစ္စနဲ့ပတ်သတ်လာရင် ဘယ်တော့မှ သူ့သူငယ်ချင်းတွေကို အကူအညီမတောင်းဘူးလေ၊ သူ့သားအကြောင်းနဲ့ နိုင်ငံခြားကစိတ်ဝင်စားစရာကောင်းတဲ့အရာတွေကိုပဲ ပြောတတ်တာ...”
“ရှန်ရှီနဲ့ပတ်သတ်တာဆိုရင်တော့...နည်းနည်းရှိတယ်...”
“သူပထမဆုံးတရုတ်ကိုပြန်လာတဲ့အချိန်တုန်းက ငါသူ့ဆိုင်ကို သွားလည်ခဲ့တယ်လေ၊ အဲ့တုန်းက သူရှန်ရှီကိုသွားလည်ချင်ပေမယ့် ကိစ္စအမျိုးမျိုးရှိနေလို့ မသွားနိုင်ခဲ့တဲ့အကြောင်း သူခဏခဏပြောခဲ့တယ်၊ နောက်ပိုင်းကျ ရှုမိသားစုထဲမှာ ရှန်ရှီရဲ့ဘဝက သိပ်မကောင်းဘူးတဲ့၊ သူ့ညီမကိုသာပေးမသိပေမယ့် ရှန်ရှီအတွက် အရမ်းစိတ်ပူနေခဲ့တာလေ၊ မြို့တော်ဝန်ရှုအကြောင်းကိုတောင် စုံစမ်းဖို့ကြိုးစားခဲ့သေးတယ်”
“ပြီးတော့ ရှုယုက အန်တီတုန်းရဲ့ အလှပြင်ဆိုင်ထဲကို မိန်းကလေးတစ်ယောက်ခေါ်လာခဲ့ဖူးသေးတယ်၊ ဒါပေမယ့် သူတို့နှစ်ယောက်က အချင်းချင်းမသိကြတဲ့ပုံပဲ၊ ငါကတော့ အဲ့တုန်းကမရှိဘူး၊ ငါ့အမေပြောပြလို့သိတာ၊ ဘယ်လိုပဲဖြစ်ဖြစ် အန်တီတုန်းက ရှုယုရဲ့အဒေါ်ပဲလေ သူတို့နှစ်ယောက်တစ်ခါမှမတွေ့ဖူးတာ ထူးဆန်းတယ်”
ဟော်ထျန်းရှန်းသည် သေချာစဥ်းစားကြည့်လိုက်သောအခါ ထူးဆန်းသောအရာမှာ တစ်ခုနှစ်ခုမကကြောင်း သိလိုက်ရ၏။
“အားကျင်း၊ နင့်ဦးလေးမှာ ထူးခြားချက်ဘာရှိလဲ? သူကအိမ်ထဲမှာ ရှန်ရှီကို အကြမ်းဖက်လား?”
ဟော်ထျန်းရှန်း ထပ်မေးလိုက်ပြန်၏။
ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွားတော့သည်။
“ငါ့ဦးလေးက လူကြီးလူကောင်းပါဟ၊ အရမ်းကိုယ်ကျင့်တရားကောင်းတာ”
“အဲဒါဆို သူကဘာလို့ ကိုယ့်ညီမတောင် ကိုယ်ပြန်တွေ့လို့မရအောင် ရှန်ရှီကို ပိတ်ပင်ထားတာလဲ? မြို့တော်ဝန်ရှုက သူ့ခယ်မဘယ်လိုပုံစံလဲဆိုတာတောင် မသိဘူးလို့ ငါပြောရဲတယ်!”
ဟော်ထျန်းရှန်းသည် ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်သည်။
“ဧကန္တ အန်တီတုန်းကလှလွန်းလို့...ရှန်ရှီက ကြောက်နေတာများလား?”
စူးချူသည် တိုးလျော့သောအသံလေးဖြင့် ဝင်ပြောလိုက်သည်။
ဟော်ထျန်းရှန်းသည် ၎င်းကိုကြားသောအခါ စကားတစ်ခွန်းမျှမပြောဘဲ လက်မထောင်ပြလိုက်သည်။
“ကောင်မလေး နင်က ရွှေဉာဏ်တော်စူးရောက်လှပါပေတယ်”
မြို့တော်ဝန်ရှုမှာ မည်သို့သောသူနည်း။ သူသည် မကြာခဏဆိုသလို လူများနှင့်ပြောဆိုဆက်ဆံရသဖြင့် သူတွေ့ဖူးသော မိန်းမလှများအရေအတွက်မှာ မြို့တစ်မြို့စာလောက်ရှိပေမည်။ ဖောက်ပြန်မည်စိုးသဖြင့် မိမိခင်ပွန်းအား အခြားမိန်းကလေးများနှင့်ပေးတွေ့ပြီး မိမိညီမနှင့်သာ ပေးမတွေ့ရခြင်းဆိုလျှင် ရှန်ရှီသည် အတော်ပင်စိတ်မမှန်သောသူဖြစ်ချေမည်။
“ငါဒီတိုင်းခန့်မှန်းကြည့်တာပါ၊ အန်တီတုန်းကလှလည်းလှပြီး ဇာတ်လမ်းတွဲတွေအများကြီးမှာလည်း သရုပ်ဆောင်ဖူးတယ်လေ၊ ဦးလေးရှုအရွယ် ဦးလေးကြီးအများစုဆို အန်တီတုန်းကို တဏှာအတွေးပဲတွေးကြတာ၊ ဟုတ်တယ်မလား အစ်မ?”
စူးချူသည် အပြစ်ကင်းစင်သောမျက်နှာဖြင့် သူမအတွေးများကို ထုတ်ဖော်လိုက်သည်။
“ဦးလေးရှုက အလှအပကိုပဲကြည့်တတ်တဲ့လူမဟုတ်မှန်း ရှန်ရှီလည်းသိတာပဲ”
ကျင်းယွင်ကျောင်းခေါင်းခါလိုက်၏။
ပထမဦးလေးရှုသည် မိမိသားအရင်း၏ခြေထောက်ကိုပင် ချိုးနိုင်ခဲ့သူဖြစ်ရာ သူ၏ဉာဏ်ပညာအမြော်အမြင်ရှိမှုမှာ ယုံမှားနိုင်စရာမရှိပေ။ သူသည် အခြားသူအားလုံးထက် သတိကြီးတတ်သူဖြစ်၏။ ထိုသို့သောလူက မိန်းမတစ်ဦး၏ဆွဲဆောင်မှုအောက်၌ အဘယ်သို့ကျရှုံးနိုင်မည်နည်း?
ထို့အပြင် ဤကမ္ဘာတွင် မိန်းမလှများစွာရှိ၏။ ရှန်တုန်းသည် အမှန်တကယ်ပင် လှပသော်လည်း မိန်းမလှဟူ၍ သူမတစ်ဦးတည်းရှိသည်မဟုတ်ပေ။ ယခု ရှန်တုန်းသည် အသက်လည်းအနည်းငယ်ရပြီဖြစ်၍ အပြင်လောကတွင် သူမထက် ပိုဆွဲဆောင်မှုရှိပြီးလှပနုပျိုသည့် မိန်းကလေးငယ်များစွာရှိနေလေပြီ။
သူတို့သည် စနောက်ပြောဆိုနေကြသော်လည်း စိတ်ထဲရှိ အပူလုံးကြီးမှာမူ ကျမသွားချေ။ သို့ရာတွင် သတင်းတစ်စုံတစ်ရာလည်းမရှိသဖြင့် စိတ်ရှည်ရှည်ဖြင့်သာ စောင့်နိုင်ကြတော့သည်။
ရှန်တုန်းပျောက်ဆုံးမှုမှာ တိုက်ဆိုင်မှုတစ်ခုသာဖြစ်ကြောင်း ကျင်းယွင်ကျောင်းသည်လည်း မျှော်လင့်မိသည်။
မွေးနေ့ပွဲအား အချိန်အတော်ကြာကျင်းပခဲ့၏။ ရှုမိသားစုဝင်များသည် နေရာအနှံ့တွင်ရှိနေကြပြီး သာယာနာပျော်ဖွယ် သီချင်းသံကလည်း ပျံ့လွင့်နေသည်။
ပွဲအပြီးတွင် လူတိုင်းပြန်ကြတော့၏။
ဧည့်သည်အများစုအိမ်ပြန်သွားသောအခါ ဟော်ထျန်းရှန်းသည် သူမအမေဆီမှဖုန်းဝင်လာတော့သည်။ ဖုန်းကိုင်လိုက်သောအခါ သူမမျက်နှာထားသည် ချက်ချင်းလေးနက်သွားတော့၏။
“အားကျင်း အန်တီတုန်းတကယ်တစ်ခုခုဖြစ်နေပြီ!”
ဟော်ထျန်းရှန်းသည် မျက်နှာပျက်ကာ ဟောဟဲလှိုက်၍ပြောလိုက်၏။
“သူဒီမနက်ကထွက်သွားတာတဲ့၊ မြောက်ပိုင်းက ဆင်ခြင်ဖုံးရပ်ကွက်စျေးမှာ တစ်ခုခုဝယ်ဖို့သွားပေမယ့် အရူးအမူးဖြစ်နေတဲ့ပရိသတ်တစ်ယောက်ကမြင်သွားပြီး သူ့နောက်ကိုတစ်လမ်းလုံး လိုက်ခဲ့တယ်၊ အန်တီတုန်းက ကိုယ့်ဘာသာကားမောင်းနေပြီး လမ်းလည်းပျောက်နေခဲ့တာမို့ အဆုံးမှာ ကားမတော်တဆမှုဖြစ်ပြီး မြောက်ပိုင်းကဆေးရုံအသေးစားတစ်ခုဆီ အပို့ခံလိုက်ရတာ၊ အချိန်မီကယ်လိုက်နိုင်ပေမယ့် မတော်တဆမှုကပြင်းတယ်ပြောတယ်၊ အခုချိန်မှာ မြို့တော်ထဲကဆေးရုံတစ်ခုဆီကို လွှဲထားတယ်တဲ့၊ သူ့ဦးနှောက်ကထိခိုက်သွားတာမို့ သူဘယ်အချိန်ပြန်နိုးလာမလဲမသိရဘူး”
Space and Rebirth 1026
ဟော်ထျန်းရှန်း၏မျက်နှာသည် ပုံမှန်နှင့်မတူစွာ ဆိုးဆိုးရွားရွားပျက်နေ၏။ သူမသည် နောက်ပြောင်နေခြင်း လုံးဝမဟုတ်ပေ။ လူတိုင်း ချက်ချင်းဆိုသလို ငြိမ်ကျသွားတော့သည်။
“ငါတို့သွားကြည့်ရအောင်”
ကျင်းယွင်ကျောင်းထတော့မည့်ဆဲဆဲတွင် ဟော်ထျန်းရှန်း ပြန်ဆွဲလိုက်၏။
“သွားစရာမလိုဘူး၊ သူအခုအသက်အန္တရာယ်မရှိတော့ဘူးဆိုပေမယ့် နိုးတော့မနိုးသေးဘူး၊ ငါ့အမေက သူငယ်ချင်းတချို့ခေါ်ပြီး သူ့ကိုကူညီဖို့ သွားနေပြီ၊ ငါတို့သွားလည်း အကျိုးရှိမှာမဟုတ်ဘူး၊ အနည်းဆုံးတော့ သူအသက်ရှင်သေးတာပေါ့၊ သိပ်စိတ်မပူပါနဲ့ သူ့အခြေအနေတည်ငြိမ်သွားရင် ငါတို့သွားကြည့်ကြမယ်”
ကျင်းယွင်ကျောင်းနှင့် အခြားသူများသည် တွေးကြည့်ပြီးနောက် အဆုံးတွင် ခေါင်းငြိမ့်သဘောတူလိုက်ကြသည်။
ဟော်ထျန်းရှန်း၏စကားများမှာ အဓိပ္ပာယ်ရှိပေသည်။ သူမအန္တရာယ်ဖြစ်ကြောင်းသိလျှင် သူမသူငယ်ချင်းများက သွားရောက်ကြည့်ရှုပေလိမ့်မည်။ လူနာဟူသည်မှာ တိတ်ဆိတ်ငြိမ်သက်စွာ အနားယူရန်လို၏။ သူမနှင့်ရင်းနှီးနေသောလူအချို့မှအပ အခြားသူများက သူမကိုတွေ့နိုင်မည်မဟုတ်ပေ။
“သူ့နောက်လိုက်တဲ့လူကိုရော? ဖမ်းမိကြလား?”
ချက်ချင်းဆိုသလို ကျင်းယွင်ကျောင်းမေးလိုက်၏။
‘ဟင့်အင်း၊ ငါ့အမေက လမ်းပေါ်က စီစီတီဗီကင်မရာတွေစစ်ဖို့ လူတစ်ယောက်လွှတ်ထားတယ်ကြားတယ်၊ အဲ့လူက အခိုးခံထားရတဲ့ကားတစ်စီးနဲ့ အန်တီတုန်းနောက်လိုက်နေခဲ့တာ၊ ပြီးတော့ မျက်နှာဖုံး၊ ဦးထုပ်၊ လက်အိတ်...ပစ္စည်းကိရိယာအစုံဝတ်ထားတာလေ၊ မြောက်ပိုင်းကလမ်းတွေက မြို့တော်ထဲကလောက်မရှုပ်တဲ့အပြင် အန်တီတုန်းကလည်း စောစောစီးစီးသွားတာမို့ လမ်းမှာလူမရှိသလောက်နီးပါးပဲ၊ အဲဒါကြောင့် အဲ့လူက အသာလေးထွက်ပြေးသွားပြီး ရှာမတွေ့နိုင်ဖြစ်နေတာ”
ဟော်ထျန်းရှန်းသည် ခေါင်းကိုခါယမ်းလိုက်၏။
ဤသည်မှာ ဒေါသဖြစ်ဖွယ်အကောင်းဆုံးအပိုင်းဖြစ်သည်။
ရှောင်ဟိုင်ချင်းနှင့် စူးချူလည်း ရှန်တုန်းကို ရင်းနှီးပေသည်။ အဆိပ်ခတ်ဝိုင်ပုလင်းကိစ္စကို ဘေးဖယ်လိုက်လျှင် သူမ၏သူငယ်ချင်းနှစ်ဖွဲ့လုံးသည် ရှန်တုန်းအား ချစ်ခင်ရင်းနှီးကြ၏။ ယခု ရှန်တုန်းအား ဤဖြစ်ရပ်မျိုးဖြစ်သွားကြောင်း ကြားလိုက်ရသောအခါ သူတို့စိတ်များ ဖရိုဖရဲဖြစ်ကုန်တော့သည်။
“အမှန်အတိုင်းပြောရရင် သူသတိမေ့နေပေမယ့် ငါတော့စိတ်အေးမိတယ်”
ကျင်းယွင်ကျောင်းအလေးအနက်ပြောလိုက်သည်။
ရှန်တုန်းအား တစ်ခုခုဖြစ်မည်ကို ကျင်းယွင်ကျောင်းစိတ်ပူနေခဲ့မိသည်။ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သောကိစ္စဖြစ်လျှင် အလွန်ပင်ဆိုးရွားချေမည်။ ရှန်ရှီသည် အမှန်တကယ်ပင် နှလုံးသားကင်းမဲ့သောလူမဟုတ်လော။ မိမိအကျိုးအတွက်ဆိုလျှင် ညီမဖြစ်သူ၏အသက်ကိုပင် အရေးမစိုက်ဘဲနေနိုင်သောလူဖြစ်၏။ ထို့ကြောင့် အန်တီတုန်းအား ပြန်တွေ့သည်ကို သူမဝမ်းသာမိသည်။ ယခုအချိန်မှစ၍ သူမသေချာပေါက်အသက်ရှင်နိုင်ပေမည်။
ရှန်ရှီအပေါ် ဦးတည်နေသော ကျင်းယွင်ကျောင်း၏သံသယစိတ်များကြောင့် ဟော်ထျန်းရှန်းလည်း အလေးအနက်တွေးမိတော့သည်။
သူမသည် ရှန်ရှီကို ကောင်းကောင်းမသိပါပေ။ ကျင်းယွင်ကျောင်းမှာမူ နေ့စဥ် ရှန်ရှီနဲ့အတူ တစ်မိုးအောက်တည်းနေရသောသူဖြစ်၏။ သို့ရာတွင် ရှန်ရှီသာ အမှန်တကယ်ပင် ကျင်းယွင်ကျောင်းပြောသလိုဖြစ်နေပါက အလွန်ယုတ်မာဆိုးရွားလွန်းသောသူဖြစ်နေမည်မဟုတ်လော။
ယနေ့မတိုင်ခင်က လူတိုင်းသည် ရှန်ရှီအား နူးညံ့သိမ်မွေ့သော ဣန္ဒြေရှင်အဖြစ် မြင်ခဲ့ကြသည်။ မြို့တော်ဝန်ရှုအောင်မြင်နေရခြင်းမှာ သူ၏နောက်ကွယ်၌ ဤအမျိုးသမီးရှိသောကြောင့်ဟုပင် အချို့လူများကပြောကြ၏။
သို့သော် ယနေ့အဖြစ်အပျက်များအရ ရှန်ရှီသည် လူအများထင်သလို သဘောထားကြီးပြီး စိတ်ထားမနူးညံ့ကြောင်း သက်သေပြနေ၏...
ဟော်ထျန်းရှန်းစဥ်းစားကြည့်လေလေ နေမထိထိုင်မသာဖြစ်လေလေပင်။ သူမသည် ရှန်ရှီအား အကောင်းမြင်နေခဲ့၏။ အဓိကအားဖြင့် အန်တီတုန်းက သူမရှေ့တွင် ရှန်ရှီအကြောင်း မကြာခဏပြောတတ်သောကြောင့်ဖြစ်သည်။ သို့သော် ယခုတွင် သူမစိတ်ထဲ၌ သံသယစိတ်များ ပေါက်ဖွားလာလေပြီ။
သတင်းကြားသည်ထက် မိမိမျက်လုံးဖြင့် ကိုယ်တိုင်ကိုယ်ကျမြင်တွေ့သည်က ကောင်းပေသည်။ ယနေ့ ရှန်ရှီပြင်ဆင်ခဲ့သော ပွဲကြီးပွဲကောင်းကိုလည်း သူမမြင်ခဲ့သည်မဟုတ်လော။ ကျင်းယွင်ကျောင်း၏ခန္ဓာကိုယ်ပေါ်ရှိ အကြမ်းဖက်မှုအရိပ်အယောင်များကိုသာ လူများက မတွေ့ခဲ့လျှင် သူမမည်သို့ပင်ရှင်းပြစေကာမူ အစာကျွေးသောလက်ကို ပြန်ကိုက်သောသူတစ်ဦးအဖြစ် ပြောစမှတ်တွင်စရာရှိ၏။
…
သူတို့အချင်းချင်းစကားပြောဆိုနေသောအချိန်တွင် ရုတ်ချည်းဆိုသလို အပြင်ဘက် ကောင်းကင်ယံမှ တဝီဝီအသံများကို ကြားလိုက်ရသည်။
အိမ်ထဲတွင် အလွန်ရင်းနှီးသောမိတ်ဆွေများမှအပ ဧည့်သည်အချို့သာကျန်တော့သည်။ ညကောင်းကင်မှာ မှောင်နေလေပြီ။ အစကတည်းကပင် ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေသောကြောင့် ယခုတွင် မဆိုစလောက်သော လှုပ်ရှားမှုကပင် ကျယ်လောင်နေမည်ဖြစ်သည်။
“မဟုတ်မှလွဲရော သခင်လေးလီရောက်လာတာလား?”
ဟော်ထျန်းရှန်းသည် အပြုံးတစ်ပွင့်ဖြင့် ကျီစယ်လိုက်၏။
ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွားသည်။ သူမသည် အပြင်သို့ ထွက်သွားကြည့်လိုက်၏။
“အားကျင်း နင်ပျော်နေမှန်းသိသာပါတယ်ဟယ် ဖုံးမထားပါနဲ့”
ဟော်ထျန်းရှန်းထပ်ပြောလိုက်ပြန်၏။
“မဟုတ်ပါဘူး”
ကျင်းယွင်ကျောင်းမဝန်ခံဘဲနေလိုက်သည်။
“မဟုတ်ဘူးလား? ဒီနေ့မှာဘယ်သူကအပြင်ကို ခဏခဏထွက်ကြည့်နေလဲမသိပါဘူး၊ ကိုယ့်မွေးနေ့မှာ ကိုယ့်ရည်းစားကို ပေါ်မလာစေချင်တဲ့လူများရှိလား? နင်ဘယ်လိုပြောပြော ငါမယုံဘူး”
ဟော်ထျန်းရှန်းသည် ခေါင်းကိုမော့ကာ သူမကိုယ်သူမဂုဏ်ယူဟန်အပြည့်ဖြစ်နေ၏။
Space and Rebirth 1027
ကျင်းယွင်ကျောင်းသည် တဒင်္ဂမျှ ကြောင်အမ်းနေ၏။ သူမသည် စိတ်လည်းလှုပ်ရှားကာ မျှော်လင့်ချက်လည်းပြည့်နေသည်။
ဟော်ထျန်းရှန်း၏စကားမှာ မှန်ပေ၏။ သူမသည် ဤအရာကို ဂရုမစိုက်ဟု မိမိကိုယ်ကိုထင်ခဲ့သော်လည်း တကယ်တမ်းတွင် ကောင်းကင်ပေါ်တွင် နေအလင်းရောင်တဖြည်းဖြည်းတောက်ပလာပြီး ညချမ်းအချိန်သို့ ရောက်လာသည်နှင့် ပို၍စိတ်ဂနာမငြိမ်ဖြစ်လာပြီး မကျေမနပ်ဖြင့် တီးတိုးရေရွတ်မိပေသည်။
လီရှောက်ယွင်မပေါ်လာသည်မှာ ကြာပေပြီ။ သူသာ ယနေ့ကို မေ့သွားခဲ့လျှင် ကျင်းယွင်ကျောင်းသည် ဒေါသလည်းထွက် စိတ်လည်းပျက်မိမည်ဖြစ်၏။
ဟော်ထျန်းရှန်း၊ ရှောင်ဟိုင်ချင်းနှင့် အခြားသူများသည် ကျင်းယွင်ကျောင်းအား ပွေ့ဖက်ကာ အရှေ့ခန်းမမှထွက်ပြီး အပြင်သို့သွားကြည့်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူမသည် အပြင်ဘက်၌ အပြေးအလွှားရောက်လာကြသော ကန်ကျင်းချန်၊ ထန်ကျစ်ဟွားတို့နှင့် တိုးလေသည်။ သူတို့မျက်နှာမှာ အနည်းငယ်စိတ်လှုပ်ရှားနေဟန်ရပြီး ကျင်းယွင်ကျောင်းကိုမြင်သောအခါ ပြောလိုက်ကြ၏။
“ယွင်ကျောင်း၊ အပြင်မှာ...အရမ်းလှတာပဲ...”
ကျင်းယွင်ကျောင်း၏မျက်နှာတွင် သံသယရိပ်များ ပြေးလွှားနေသည်။ သူမသည် အပြင်သို့ထွက်၍ လှမ်းကြည့်လိုက်သောအခါ ချက်ချင်းဆိုသလို ကြက်သေသေသွားတော့၏။
လေပေါ်တွင် တစ်ဒါဇင်မကသော ရဟတ်ယာဥ်များက ဝဲပျံနေကာ ကျယ်လောင်သောအသံများထွက်ပေါ် နေကြသည်။ သို့ရာတွင် ရဟတ်ယာဥ်တောင်ပံများမှ ဖန်တီးလိုက်သော လေအရှိန်အနောက်တွင် အနီရောင်အလင်းစက်များလည်း ဖြည်းဖြည်းချင်းသက်ဆင်းလာ၏။ ၎င်းတို့သည် နတ်သမီးများကဲ့သို့ ဆင်းသက်လာကာ ရှုမိသားစု၏ခြံတစ်ဝင်းလုံးကို ပြည့်နှက်သွားတော့သည်။ ကြွေဆင်းနေသောပန်းများမှ သင်းပျံ့သောမွှေးရနံ့များ ထွက်ပေါ်နေ၏။
ကျင်းယွင်ကျောင်းသည် ကြောင်အမ်းစွာဖြင့် အပြင်သို့လမ်းလျှောက်ထွက်လိုက်သည်။ သူမသည် စိတ်မထိန်းနိုင်သဖြင့် ထိုအရာတစ်ခုကို လက်ဖြင့်လှမ်းဖမ်းလိုက်၏။ သူမအနီးကပ်ကြည့်လိုက်သောအခါ ပန်းပွင့်ဖတ်အစစ်များဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းတို့သည် အလွန်ပင် လန်းဆန်းစွာဖူးပွင့်နေပြီး အရေအတွက်အားဖြင့် ထောင်ချီရှိကြ၏။
ပွင့်ဖတ်များပေါ်တွင် လင်းလက်နေသောဒြပ်ဝတ္ထုတစ်မျိုးမျိုးရှိပုံရသည်။ ၎င်းတို့သည် ညကောင်းကင်နှင့်လိုက်ဖက်သော အနီရောင်အလင်းများကို ထုတ်လွှတ်နေ၏။ ထိုမြင်ကွင်းမှာ လှလွန်းသဖြင့် အသက်ရှူပင်မှားမတတ်ဖြစ်သည်။ မရေမတွက်နိုင်သော လိပ်ပြာနီများက ကခုန်ဝဲပျံနေသလိုပင်။ သူမမသိလိုက်ခင်အတွင်း၌ ခြေထောက်အောက်တွင် ပွင့်ဖတ်နီများအလွှာတစ်ခုစာရှိနေလေပြီ။ အနီရောင်ပင်လယ်ကြီးတစ်ခုနှယ် စိတ်ကူးယဥ်အိပ်မက်ဆန်လှသည်။
အားလုံးအံ့အားသင့်နေကြ၏။ သူတို့ဘဝသက်တမ်းတစ်လျှောက်တွင် ဤသို့သောမြင်ကွင်းမျိုးကို နောက်တစ်ဖန် မမြင်ရလောက်ချေ။ စူးချူနှင့် ရှောင်ဟိုင်ချင်းသည် အလျင်အမြန်ပင် သူတို့၏ဖုန်းများကိုထုတ်ကာ ဓာတ်ပုံရိုက်လိုက်ကြသည်။ သို့ရာတွင် သူတို့ရိုက်လိုက်သောဓာတ်ပုံများမှာ မျက်လုံးဖြင့်မြင်နေရသောအလှမျိုးကို ဘယ်သောအခါမှ ယှဥ်နိုင်မည်မဟုတ်ချေ။
ကျင်းယွင်ကျောင်းသည် ယခင်က ဤသို့သောပန်းမျိုးအား တစ်ခါမှမမြင်ဖူးပေ။ ဝိညာဥ်ကျောက်စိမ်း၏မှတ်ဉာဏ်အတွင်းတွင်ပင် တရုတ်ပြည်နှင့် အိမ်နီးချင်းနိုင်ငံအချို့မှ ဆေးဖက်ဝင်အပင်များ၊ အရွက်များသာရှိ၏။
ဤပန်းရနံ့သည် အလွန်ပင်ထူးခြားလှသည်။ ပြည်တွင်း၌ပေါက်သောပန်းဆိုလျှင် သူမမသိစရာအကြောင်းမရှိပေ။ ထိုသို့ဆိုလျှင် လီရှောက်ယွင်သည် ဤပန်းများကို ပြင်ဆင်ရန် အခြားနေရာများသို့ သွားခဲ့သည်ဟူသော သဘောလော?
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို လည်ချောင်းထဲ၌တစ်ဆို့မိသွားသည်။ သူမသည် ကောင်းကင်သို့မော့ကြည့်လိုက်သောအခါ ရဟတ်ယာဥ်တစ်စီးထံမှ ကြိုးရှည်တစ်ချောင်းပြုတ်ကျလာသည်ကို မြင်လိုက်ရ၏။ ထိုကြိုးပေါ်၌ လီရှောက်ယွင်သည် ဖြည်းဖြည်းချင်းဆင်းလာပေသည်။
အနီရောင်အလင်းပွင့်ဖတ်များကြားတွင် သူသည် ကျင်းယွင်ကျောင်းထံသို့ ဖြည်းညင်းစွာ ချည်းကပ်လာ၏။ သူတို့နှစ်ဦးသား အကြည့်ချင်းဆုံသွားကြသည်။
ကျင်းယွင်ကျောင်းအနောက်တွင် ရှုယွမ်ထက်သည် အံ့အားသင့်နေသောမျက်နှာရှိနေ၏။ သူသည် အခြေအနေအား ရှင်းရှင်းလင်းလင်းမသိပါပေ။ ရှုဝမ်ချန်းမှာမူ သုန်မှုန်သောမျက်နှာဖြင့် အေးစက်စွာ ဟမ့်ခနဲအသံပြုလိုက်၏။ သို့သော် သူ၏မျက်လုံးများမှာ ပန်းပင်လယ်ရှုခင်းကို အံ့အားသင့်နေသောအရိပ်များဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။
ဤကောင်စုတ်လေးသည် ဤသို့သောလက်ဆောင်ခမ်းခမ်းနားနားကို ပြင်ဆင်ရန်ပင် စဥ်းစားဉာဏ်ရှိလေသည်။
ဤလင်းထိန်နေသောပန်းများနှင့်ယှဥ်လိုက်လျှင် ယနေ့ည သူတို့ပြင်ဆင်ထားသော မီးရှူးမီးပန်းများအားလုံးမှာ စာမဖွဲ့လောက်စရာပင်။
“အားကျောင်း ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ”
လီရှောက်ယွင်သည် မြေပြင်ပေါ်သို့ဆင်းသက်လာသည်နှင့် သူမထံလျှောက်လာလိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူသည် လက်ရာမြောက်လှသော ဘူးငယ်တစ်ဘူးအားထုတ်ကာ ပြောလိုက်သည်။
“အသက်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ လက်ဆောင်”
ကျင်းယွင်ကျောင်းသည် စိတ်လှုပ်ရှားစွာဖြင့် နှလုံးသားများခုန်သွားတော့၏။ သူမသည် ဘူးကိုယူလိုက်ကာ လီရှောက်ယွင်၏ အကဲခတ်နေသောအကြည့်များအောက်တွင် ၎င်းအားဖွင့်လိုက်သည်။
လီရှောက်ယွင်သည် ဤတစ်ခေါက်တွင် သူမငြင်းလည်းမငြင်းနိုင်၊ လက်လည်းမခံနိုင်သော လက်ဆောင်မျိုးအား ရုတ်တရတ်ပေးလိုက်မည်ကို စိတ်ပူနေခဲ့သည်။ ဥပမာပြရလျှင် လက်စွပ်ကဲ့သို့ပစ္စည်းမျိုးဖြစ်သည်။ သို့ရာတွင် သူမသည် ဘူးကိုဖွင့်လိုက်သောအခါ သက်မကြီးကိုချလိုက်နိုင်တော့၏။ ဘူးထဲတွင် အလွန်သေးငယ်သော အနီရောင်ပုတီးစေ့တစ်လုံးရှိပေသည်။ ထိုပုတီးစေ့အား ကနုတ်များဖြင့် ပုံဖော်ထွင်းထားပြီး ၎င်း၏ရနံ့မှာလည်း အပြင်ဘက်ရှိ ပန်းရနံ့နှင့်ဆင်ပေသည်။ ပြောရလျှင် အပြင်ဘက်ရှိပန်းများကဲ့သို့ပင် တောက်ပစွာ လင်းလက်နေတော့၏။ အလွန်တရာလှပသောပစ္စည်းဖြစ်ပေသည်။
“ဒီပန်းရဲ့နာမည်က ညဧကရာဇ်တဲ့၊ သူ့ပွင့်ဖတ်တွေက ဖော့စဖရပ်ဓာတ်ပါတယ်၊ ပွင့်ဖတ်တွေရဲ့အလင်းက အချိန်အတိုင်းအတာတစ်ခုရှိပေမယ့် ဒီပုတီးလုံးအလင်းကတော့ ပွင့်ဖတ်တွေကနေ အထူးဆွဲထုတ်ပြီး ခဲထားတာပဲ၊ မင်းနဲ့ငါအသက်ရှိနေသရွေ့ သူ့အလင်းနဲ့အနံ့က အချိန်အကြာကြီးခံနေလိမ့်မယ်”
လီရှောက်ယွင်၏အကြည့်သည် နူးညံ့နေ၏။ ကျင်းယွင်ကျောင်းထံမှ ချီးကျူးစကားကို ငံ့လင့်နေသကဲ့သို့ပင်။
ကျင်းယွင်ကျောင်း၏မျက်လုံးများသည် အနည်းငယ်စိုစွတ်နေ၏။
“ကျေးဇူးပါ...ဒါပေမယ့်...”
ကျင်းယွင်ကျောင်းသည် ကြယ်ရောင်ကဲ့သို့တောက်ပသောမျက်လုံးများဖြင့် ပြုံးကာ ခေါင်းကိုခါယမ်းလိုက်သည်။
“အခုချိန်ကစပြီး နှစ်တိုင်းဒီနေ့မှာ ရှင်ကျွန်မနဲ့အတူရှိပေးရင် လုံလောက်ပြီ”
Space and Rebirth 1028
ဤအရာကို ကြားလိုက်သောအခါ လီရှောက်ယွင်သည် ကိုယ်ကိုကိုင်း၍ သူမ၏နဖူးပြင်ကို နှုတ်ခမ်းဖြင့် ညင်သာစွာ ထိတွေ့လိုက်သည်။ သူ၏နှုတ်ခမ်းများမှာ အေးစက်နေသဖြင့် ကျင်းယွင်ကျောင်း၏မျက်နှာ အနည်းငယ်နွေးသလိုဖြစ်သွားသည်။
မလှမ်းမကမ်းတွင် ရှုယွမ်ထက်နှင့် ရှုဝမ်ချန်းသည် ဤမြင်ကွင်းကို မြင်လိုက်၏။ တစ်ဦးက မျက်မှောင်ကြုတ်ပြီး တစ်ဦးမှာ လူသတ်လိုသောပုံစံဖြင့် ဒေါသထွက်နေတော့သည်။
လီရှောက်ယွင်သည် သူတို့၏ရန်လိုမှုများကို မခံစားရသည့်အတိုင်း ခပ်ဟဟရယ်လိုက်သည်။
အစက သူသည်လည်း ဤအသက်ပြည့်မွေးနေ့ပွဲအတွက် လက်စွပ်တစ်ကွင်း စီစဥ်ပေးချင်ခဲ့သည်။ အဘိုးဖြစ်သူ၏ဆန္ဒအရ လီမိသားစုတွင် အမွေဆက်ခံသူတစ်ဦး အလျင်အမြန်ရှိလာစေရန် သူမအား လက်ထပ်ခွင့်တောင်းပြီး စေ့စပ်ထားချင်မိသည်။ သို့ရာတွင် သူ၏အမြင်အရ ထိုသို့လုပ်ရန် အချိန်မတန်သေးချေ။ အားကျောင်းမှာ သူမမိသားစုများနှင့် ပြန်ပေါင်းစည်းလက်စသာရှိသေးသည်။ ထို့ကြောင့် သူ၏ကိစ္စမှာ သူမလောက် အရေးမကြီးပါပေ။ သို့သော် သူ၏ရှေ့မှောက်တွင် ကြည်နူးပီတိဖြာနေသော အားကျောင်းကိုတွေ့လိုက်ရသောအခါ သူမအား လက်မထပ်ဘဲ ကြာကြာမနေနိုင်ကြောင်း သိလိုက်ရ၏။
“ဒါနဲ့ မင်းဒါကိုပါ သိမ်းထားလို့ရတယ်”
လီရှောက်ယွင်သည် လက်ကိုမြှောက်လိုက်သောအခါ ကောင်းကင်ပေါ်မှ ပူဖောင်းတစ်လုံးဆင်းသက်လာ၏။ ထိုပူဖောင်းအောက်တွင် အဝတ်အိပ်တစ်ခု တွဲလောင်းကျနေသည်။ သူသည် ထိုအရာကိုဖြုတ်ပြီးနောက် ကျင်းယွင်ကျောင်း၏လက်ထဲသို့ ထည့်ပေးလိုက်၏။
ကျင်းယွင်ကျောင်းဖွင့်ကြည့်လိုက်တော့သည်။
“ပန်း?”
“အင်း ဒီညဧကရာဇ်ပန်းမျိုးစိတ်က အရမ်းရှားတယ်၊ ဒီတစ်ခေါက်တော့ ဒီပန်းတွေကို မျိုးတုံးလောက်တဲ့ထိ ခူးခဲ့မိလားမသိဘူး ဟက်...”
လီရှောက်ယွင်သည် လိမ္မာပါးနပ်သောအပြုံးကို ပြုံးလိုက်သည်။
ကျင်းယွင်ကျောင်းသည် ထိတ်လန့်အံ့အားသင့်သောမျက်နှာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“ဒေသခံတွေက ရှင့်ကိုဘာမှမပြောခဲ့ဘူးလား?”
ကျင်းယွင်ကျောင်းသည် ဤစိတ်ကူးယဥ်ဆန်သောမြင်ကွင်းကိုကြည့်ပြီး ဘာဆက်ပြောရမည်ကို မသိတော့ချေ။
“ကိုယ်တို့ညီအစ်ကိုတွေအတွက် ဆုကြေးလေ၊ ဒီပန်းကလှတယ်ဆိုပေမယ့် စိုက်ပျိုးရခက်တာမို့ အရောင်းအဝယ်လုပ်ဖို့ မသင့်တော်ဘူး၊ ဒေသခံလူတွေကလည်း ဆင်းရဲကြပြီးတော့ မကောင်းဆိုးဝါးတွေကိုကိုးကွယ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ထိန်းချုပ်မှုကို ခံရကြတယ်၊ ကိုယ်တို့တာဝန်က အဲဒီအဖွဲ့အစည်းကို ရှင်းထုတ်ဖို့ပဲ၊ ကိုယ်တို့တာဝန်ပြီးတာနဲ့ သူတို့က ကိုယ်တို့ကို နတ်ဘုရားလို ကိုးကွယ်ကြတော့တယ်လေ၊ ကိုယ်တို့က အဲဒါကိုငြင်းပြီး သူတို့စိတ်သက်သာရာရအောင် ညဧကရာဇ်ကို ဆုကြေးအနေနဲ့ တောင်းလိုက်တာ”
“အဲဒီလိုကိုး ဒါကြောင့်မို့ တစ်ခါတည်းနဲ့ ရှားပါးပန်းမျိုးစိတ်ကို အများကြီးယူနိုင်ခဲ့တာ”
ကျင်းယွင်ကျောင်းသည် သူ့အားဝေ့ကြည့်ကာ တမင်ပြောလိုက်သည်။
“ဒါပေမယ့် သူတို့မျက်လုံးထဲမှာ ရှင်သာနတ်ဘုရားဖြစ်သွားရင် ဒီပန်းမျိုးစိတ်ထက် ပိုရနိုင်မှာမဟုတ်ဘူးလား”
“အဲဒီနေရာက အရမ်းဆင်းရဲတယ်၊ ဒေသခံတွေက အရှက်လုံအောင် သစ်ရွက်တွေနဲ့ ဖုံးကာကြရတာ၊ ကောင်းကင်ပေါ်မှာ ပျံနေတဲ့အရာတွေတွေ့ရင် ကြောက်လွန်းလို့ မြေပေါ်ဝပ်ကြတာပဲ၊ အစက အဲဒီမျိုးနွယ်စုက လူငယ်တွေကို ကမ္ဘာရဲ့တခြားနေရာတွေဆီခေါ်ပြီး အတွေ့အကြုံအသစ်တွေရအောင် လုပ်ပေးချင်ခဲ့ပေမယ့် သူတို့ငြင်းခဲ့တယ်၊ တကယ်ဦးနှောက်မရှိတဲ့လူတစ်စုပဲ”
လီရှောက်ယွင်သည် စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။ သူသည် တိုးဖွစွာဖြင့် ဟမ့်ခနဲအသံပြုပြီး အလွန်မော်ကြွားနေသည့်ဟန်ပေါက်လေသည်။
ကျင်းယွင်ကျောင်းဆွံ့အသွားသည်။
“ဒါဆို ဒီပန်းက ပိုတန်ဖိုးရှိလို့ ယူလာခဲ့တာပေါ့”
“ဒီပန်းကိုမြင်တာနဲ့ ကိုယ်မင်းကိုပေးချင်ခဲ့တာ၊ ကိုယ်ဒီအတိုင်းယူလာလို့ မရဘူးဆိုရင် အဲဒီတစ်နေရာလုံးကို အင်အားသုံးဖိနှိပ်ပြီး ရှင်းထုတ်ပစ်ဖို့အထိ စီစဥ်ထားတာပေါ့၊ အခုတော့ သူတို့အတွက် နည်းနည်းချန်ခဲ့ပါတယ်”
လီရှောက်ယွင်သည် တုံ့ဆိုင်းမှုမရှိ ပြောလိုက်သည်။
ကျင်းယွင်ကျောင်းသည် ရှက်သွေးဖြာသွားတော့၏။ သူသည် မည်မျှကိုပင် ခူးဆွတ်ခဲ့သနည်း။ ဤသို့ပြောရဲသည့်သတ္တိရှိသေးသလော။
သို့ရာတွင် ဤပန်းမှာ အမှန်တကယ်ပင် အသက်ရှူမှားလောက်အောင် လှပေသည်။ သူမအား အိပ်မက်ကမ္ဘာတစ်ခု ရောက်နေသကဲ့သို့ပင် အထင်မှားစေ၏။
နှစ်ဦးသားစကားပြောနေချိန်တွင် နောက်ထပ်လူခြောက်ယောက်လည်း ကြိုးပေါ်မှတဆင့် ဆင်းလာကြသည်။ သူတို့မှာ လီရှောက်ယွင်နှင့်အတူ အေးအတူပူအမျှ ဖြတ်သန်းလာခဲ့သော ညီအစ်ကိုခြောက်ဦးဖြစ်၏။
အလွန်ကြာမြင့်သောအခါ ကောင်းကင်ပေါ်မှ နောက်ဆုံးပွင့်ဖတ်ကြွေဆင်းလာတော့သည်။ သို့ရာတွင် ရှုမိသားစုအိမ်တစ်အိမ်လုံးမှာ နီမြန်းနေလေပြီ။ ရှောင်ဟိုင်ချင်းနှင့် အခြားသူများသည် နှင်းတောထဲ ခြေလှမ်းသကဲ့သို့ အနီရောင်ပွင့်ဖတ်များအပေါ် ခြေလှမ်းလိုက်ကြသည်။ သူတို့သည် အလွန်တရာပင် စိတ်လှုပ်ရှားနေကြလေသည်။
“မရီး! ပျော်ရွှင်စရာမွေးနေ့ပါ!”
ချီကျုံးနှင့် အခြားသူများက ယဥ်ကျေးစွာ နှုတ်ခွန်းဆက်လိုက်ကြသည်။
သူတို့အသံများသည် ကြည်လင်ပြတ်သားနေ၏။ ကျင်းယွင်ကျောင်း၏နှုတ်ခမ်းစွန်းများ တွန့်သွားသည်။ သူမသည် သူမဦးလေးနှစ်ဦးကို လှည့်ကြည့်လိုက်သည်။
ပထမဦးလေးသည် ခေါင်းကိုက်နေသည့်အလား မျက်ခုံးနှစ်ခုကြားမှနေရာကို ပွတ်လိုက်သည်။ ဒုတိယဦးလေးမှာ မှောင်ရိပ်သန်းသောမျက်နှာဖြင့် လီရှောက်ယွင်အား စူးစိုက်ကြည့်နေ၏။ ကျင်းယွင်ကျောင်းသာမရှိခဲ့လျှင် သူသည် လီရှောက်ယွင်အား သေချာပေါက် ထိုးမိပေမည်။
“ကျေးဇူးပါ”
ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကိုသပ်ပြီး အနည်းငယ်ရှက်ကိုးရှက်ကန်းဖြင့် ကျေးဇူးတင်လိုက်သည်။
သူမသည် သူတို့အား ယခင်ကမြင်ခဲ့ဖူးသော်လည်း သူတို့အား အနီးကပ်ကြည့်ရန် အခွင့်အရေးမရခဲ့ချေ။ ဤတစ်ခေါက်တွင် ကျင်းယွင်ကျောင်းသည် ဤအခွင့်အရေးအားအသုံးချ၍ သူတို့အား အနီးကပ်ကြည့်လိုက်သည်။