← Chapters

အခန်း (၁၀၂၉-၁၀၃၂)

Vol. 52 Ch. 1029-1032

အခန်း (၁၀၂၉-၁၀၃၂)

Vol. 52 Ch. 1029-1032

Space and Rebirth 1029

သူတို့အားလုံးသည် အသက်အရွယ် မတိမ်းမယိမ်းဖြစ်ကြပေသည်။ လီရှောက်ယွင်သည် အသက်အကြီးဆုံးဖြစ်သော်လည်း ဒုတိယအကြီးဆုံးဖြစ်သော ချီကျုံးမှာ သူ၏အသားအရေကြောင့် လီရှောက်ယွင်ထက် ပိုကြီးသယောင်ထင်ရ၏။

တတိတတစ်ယောက်မှာ မုတ်ဆိတ်မွေးရှိသောယောက်ျားတစ်ဦးဖြစ်သော်လည်း အသက်ကြီးသည့်ပုံမပေါက်ချေ။ ထို့အပြင် သူ၏အသွင်အပြင်မှာ အလွန်ပင်တည်ငြိမ်အေးဆေးသောစရိုက်ရှိဟန်ရသည်။ သို့ရာတွင် သူတို့အထဲ၌ ညီလေး ၃ မှာ အကောက်ကျစ်ဆုံးဖြစ်သည်ဟု လီရှောက်ယွင်ပြောဖူး၏။ သူ့တွင် အကြံအစည်မျိုးစုံရှိပြီး လိမ္မာပါးနပ်ကာ အမြဲတစေ အမြတ်မရှိလျှင် အလုပ်မလုပ်ချေ။ ထိုတင်မက နောက်တစ်ချက်ရှိသေးသည်။ သူသည် အတန်ငယ်ယုတ်မာခြင်းဖြစ်၏။ သို့ရာတွင် သူ၏ရန်သူများအပေါ်သာဖြစ်သည်။

စတုတ္ထတစ်ယောက်မှာ သူနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် မက်မွန်ဖူးသဏ္ဍာန်မျက်လုံးတစ်စုံကို ပိုင်ဆိုင်သော်လည်း သူ၏မျက်ဝန်းများထဲတွင် ပူဆွေးခြင်းအရိပ်အယောင်ရှိ၏။ သူ၏မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဆုပ်နေပြီး ကျောက်စိမ်းတစ်လုံးကဲ့သို့ နွေးနေတတ်သည်။ ယခင်က သူ့အကြောင်း လီရှောက်ယွင်ပြောရာ၌ သူသည် ရှေးဗုဒ္ခဘာသာဘုန်းတော်ကြီးများကဲ့သို့ လောကီရေးရာကို ဂရုမစိုက်တတ်သောစရိုက်ရှိသည်ဟု သုံးသပ်ခဲ့ဖူး၏။ သို့ရာတွင် သူသည် တည်ငြိမ်သောလူဖြစ်သော်လည်း အလုပ်လုပ်ရာ၌ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှ၏။ သူသည် ဓာတုပစ္စည်းမျိုးစုံကို ကိုင်တွယ်ရာ၌ ကျွမ်းကျင်ပြီး အမျိုးမျိုးသော ဗုံးများ၊ အဆိပ်များနှင့် အခြားပစ္စည်းများကို ဖန်တီးရာတွင် ဆရာတစ်ဆူဖြစ်ပေသည်။

ပဥ္စမတစ်ယောက်မှာ အမြင်အာရုံစူးရှပြီး လက်လျင်ခြေလျင်၏။ သူသည် ခိုးယူပုန်ခိုးခြင်းကို ကျွမ်းကျင်ပြီး ထွက်ပြေးတိမ်းရှောင်ရာတွင် ထူးချွန်သည်။ သူသည် အပါးနပ်ဆုံးဖြစ်ပြီး သတ္တိအနည်းဆုံးလည်းဖြစ်သည်။

ဆဌမတစ်ယောက်ကို ကြည့်လိုက်သောအခါတွင်မူ... ကျင်းယွင်ကျောင်းမျက်လုံးများ ထိတ်ခနဲဖြစ်သွားသည်။

ဤတစ်ယောက်သည် တဏှာစိတ်ပြင်းသောမျက်လုံးများကို ပိုင်ဆိုင်ပေသည်။ သူသည် အမျိုးသမီးတစ်ဦးကို ကြည့်နေချိန်၌ အကြည့်များဝင်းလက်သွားတတ်သည်။ ပုံမှန်အားဖြင့် သူသည် ညတိုင်းလိုလို ကြင်စဦးညကို ဖြတ်သန်းပေသည်။ သူသည် ချောမောခန့်ညားသော ယောက်ျားငယ်တစ်ဦး၏ အသွင်အပြင်မျိုးကို ပိုင်ဆိုင်ပြီး အမျိုးသမီးများအား မြှူဆွယ်ရာ၌ ကျွမ်းကျင်၏။ သူ၏သိုင်းပညာမှာ ကောင်းမွန်သော်လည်း အခြားလူများအား ညှို့ယူနိုင်စွမ်းမှာ ပို၍ပင်ကောင်းသေးသည်။ ရန်သူအမျိုးသမီးများအား နောက်ဆုံးအချိန်တွင် မိမိဘက်သို့ဆွယ်ခဲ့သောအကြိမ်ပေါင်းမနည်းပေ။ သူ၏နှုတ်မှ ချိုသာသောစကားများ ထွက်လာသောအခါတွင် မည်သူမှ ပြေးမလွတ်ပါချေ။

ဆဌမတစ်ယောက်က သူမအား စူးစိုက်ကြည့်နေသောအခါတွင် လီရှောက်ယွင်သည် သူ့နားသို့ ဓားမြှောင်တစ်ချောင်း ကောက်ပေါက်လိုက်သည်။ ချက်ချင်းဆိုသလို ညီလေး ၆ သည် ပြုံးစစဖြင့် ဝမ်းနည်းသွားသောအသွင်ကိုဆောင်ကာ ခေါင်းငုံ့လိုက်တော့သည်။

တစ်နေ့နေ့တစ်ချိန်ချိန်ရောက်လျှင် ညီလေး ၆ သည် သူ၏ကျန်းမာရေးပြသာနာအချို့ကို ကုသပေးရန် ကျင်းယွင်ကျောင်းထံသို့ ဆေးလာတောင်းလိမ့်မည်ဟု သူမအာရုံရနေမိ၏...

နောက်ဆုံးတွင် သတ္တမအကြီးဆုံးတစ်ယောက်ဖြစ်သည်။ သူသည် စက်ပစ္စည်းများနှင့်ဆိုင်လာလျှင် အလွန်အသိလွယ်သောသူဖြစ်၏။ မည်သည့် နည်းပညာဆိုင်ရာပြသာနာမဆို သူ့ရှေ့တွင် မပုန်းနိုင်ချေ။ မိနစ်ပိုင်းအတွင်း ဖြေရှင်းနိုင်၏။

လီရှောက်ယွင်သည် ငယ်စဥ်က အလွန်လျှို့ဝှက်သောနေရာတစ်ခုတွင် လေ့ကျင့်သင်ကြားခဲ့ပြီး ပညာပေါင်းမျိုးစုံကို သင်ယူခဲ့သည်။ ဤလူငယ်များမှာ တပ်ထဲရှိအခြားမိသားစုများ၏ မျိုးဆက်များဖြစ်သည်။ သူတို့သည် လီရှောက်ယွင်အနောက်လိုက်ကာ တစ်ဦးပြီးတစ်ဦး လေ့ကျင့်ခဲ့ကြလေသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းတွင် ကိုယ်ပိုင်စွမ်းရည်တစ်ခုစီ ရှိကြလေ၏။

သို့သော် အစက ဤအဖွဲ့ထဲတွင် လူ ၇ ယောက်မကပေ။ လူများစွာရှိခဲ့ဖူး၏။ သို့ရာတွင် သူတို့သည် ဖြည်းဖြည်းချင်း ပယ်ထုတ်ခံလိုက်ရပြီး အချို့မှာ လက်အောက်ငယ်သားများအဖြစ် ရာထူးကျသွားခဲ့၏။ သူတို့ ၇ ဦးသာ လူကြားထဲတွင် တစ်မူထူးခြားနေခဲ့လေသည်။ သူတို့သည် ပုံမှန်အားဖြင့် စစ်ဆင်ရေးမျိုးစုံကို ဦးဆောင်ရ၏။ နှစ်ပေါင်းများစွာကြာသည့်တိုင် သူတို့ကျရှုံးဖူးသော စစ်ဆင်ရေးအရေအတွက်မှာ ရှားလှပေသည်။

သို့သော် သေချာစဥ်းစားကြည့်လိုက်သောအခါ လီရှောက်ယွင်၏အားသာချက်သည် သူ၏ဦးဆောင်အမိန့်ပေးနိုင်စွမ်းသာဖြစ်ရပေမည်။ သူသည် အခြားဘက်ပေါင်းစုံတွင်လည်း နှံ့စပ်သိကျွမ်းနေ၏။

ပြီးပြည့်စုံသောယောက်ျားတစ်ဦးပင်။

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကိုစေ့ကာ ခပ်ဟဟရယ်လိုက်သည်။ သူမသည် လီရှောက်ယွင်၏လက်မောင်းကို ဆုပ်ကိုင်ကာ သူမဦးလေးနှစ်ဦးထံသို့ ဦးဆောင်ခေါ်သွားတော့၏။

“ပထမဦးလေး၊ ဒုတိယဦးလေး တရားဝင်မိတ်ဆက်ပေးပါရစေ၊ သူက သမီးရဲ့ကောင်လေး လီရှောက်ယွင်ပါ”

ကျင်းယွင်ကျောင်းသည် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

သူမလေသံတွင် ဂုဏ်ယူဟန်များ၊ ပျော်ရွှင်ဟန်များ ရောပြွန်းနေသည်။ သူမခန္ဓာကိုယ်မှာလည်း လီရှောက်ယွင်‌ဘေးတွင် သဘာဝဆန်ဆန်ပင် ခိုကပ်နေတော့၏။ အလွန်လိုက်ဖက်လှသော စုံတွဲတစ်တွဲပုံစံဖြစ်သည်။ ရှုယွမ်ထက်သည် အစက အနည်းငယ်ပူပန်နေခဲ့သော်လည်း ကျင်းယွင်ကျောင်းပျော်ရွှင်နေသည်ကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်းဆိုသလို စိတ်ငြိမ်သွားသည်။

သူသည် ရှောင်ကျောင်း၏ ဆုံးဖြတ်ပိုင်းခြားနိုင်စွမ်းကို ယုံကြည်လေသည်။

သူသည် လီရှောက်ယွင်ဟူသောနာမည်ကို သိ၏။ သူ၏မိသားစုနောက်ခံမှအစ အရည်အချင်းနှင့် စွမ်းဆောင်ရည်အဆုံး အားလုံးထူးချွန်ပြောင်မြောက်နေသည်။ ရှောင်ကျောင်းနှင့် အလွန်လိုက်ဖက်ပေသည်။ ယနေ့တွင် သူမ ဤမျှလောက်အာရုံစိုက်နေပုံကို မြင်လိုက်ရသောအခါ ရှုယွမ်ထက်ပို၍ပင် အံ့အားသင့်သွားတော့သည်။

“ကောင်မလေး ဘာလို့စောစောကမပြောခဲ့တာလဲ?”

ရှုယွမ်ထက်သည် ကူကယ်ရာမဲ့ဟန်ဖြင့် ပြုံးပြလိုက်သည်။

သူသည် စိတ်ထဲ၌ တူမလေးဖြစ်သူကို နားလည်ပေသည်။ သူတို့သည် သိကျွမ်းသည်မှာ မကြာသေးသည့်အပြင် ရှောင်ကျောင်းမှာလည်း မိန်းကလေးဖြစ်သဖြင့် ဤသို့သောကိုယ်ရေးကိုယ်တာကိစ္စများကို ထုတ်ပြောရန် မလွယ်ကူလှချေ။

Space and Rebirth 1030

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်၏။ ထို့နောက် သူမသည် ရှုဝမ်ချန်းကို ဝေ့ကြည့်လိုက်သည်။ သူမသည် လက်ကိုလှမ်း၍ ရှုဝမ်ချန်း၏အင်္ကျီစကိုဆွဲကာ တိုးဖွသောလေသံဖြင့် ခေါ်လိုက်သည်။

“ဦးလေးငယ်?”

ပုံမှန်အားဖြင့် ကျင်းယွင်ကျောင်းသည် ဘယ်သောအခါမှ ချွဲလေ့ချွဲထမရှိချေ။ လူကြီးတစ်ဦးကဲ့သို့ ယဥ်ကျေးကာ ဣန္ဒြေရှိရှိနေထိုင်တတ်၏။ ရှုဝမ်ချန်းသည် မိမိတူမအား သူနှင့်သက်တူရွယ်တူတစ်ဦးကဲ့သို့ ထင်မြင်မိသည့်အကြိမ်ပေါင်း မနည်းတော့ချေ။ သို့‌သော် ယခုတွင် မကြားစဖူး ကျင်းယွင်ကျောင်း၏နူးညံ့သောအသံကို ကြားလိုက်ရသဖြင့် သူ၏နှလုံးသားသည် ချက်ချင်းဆိုသလို ပျော့ပြောင်းသွားတော့သည်။ သူ၏တစ်ကိုယ်လုံး လေပေါ်မျောလွင့်နေသကဲ့သို့ ဖြစ်သွားပြီး သူ၏နှုတ်ခမ်းစွန်းများလည်း အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

“ရှောင်ကျောင်းက သူ့ကိုတကယ်သဘောကျတာလား?”

ရှုဝမ်ချန်းသည် ခြောက်ကပ်စွာ ချောင်းကိုဟန့်လိုက်ပြီး သူ၏စိတ်လှုပ်ရှားမှုကို လူမမြင်စေရန် ကြိုးစားလိုက်ကာ လေးနက်သောမျက်နှာထားဖြင့် မေးလိုက်၏။

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။

“သူကဘာတော်နေလို့လဲ?”

ရှုဝမ်ချန်းသည် လက်မလျှော့သေးဘဲ လီရှောက်ယွင်အား ရန်စသောအကြည့်ဖြင့် ကြည့်လိုက်၏။

“သူ့ကသမီးအပေါ် တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေမရှိဘူး”

သူမအမှန်အတိုင်းပြောလိုက်သည်။

သူမသည် အကြောင်းပြချက်မရှိဘဲ လူတစ်ဦးအား ချစ်မိသွားရန် မဖြစ်နိုင်ချေ။ သူမသည် ယခင်ကတည်းကပင် သံသယများပြီး အေးတိအေးစက်နိုင်ကာ အနည်းငယ်မာနကြီး၏။ သူမတွင် ယောက်ျားလေးသူငယ်ချင်းများ ရှိခဲ့သော်လည်း လီရှောက်ယွင်နှင့်မတူပါချေ။ ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားသာ သူမ၏ကောင်လေးနေရာတွင် ရှိနေပါက လီရှောက်ယွင် လုပ်ခဲ့သောအရာများကို လုပ်ပေးနိုင်လောက်မည်မဟုတ်ပေ။

သူမသည် သူမအား ကောင်းကောင်းဆက်ဆံသောလူတစ်ဦးကိုသာ လိုချင်မိသည်။ အနည်းငယ်တစ်ကိုယ်ကောင်းဆန်သော်ငြား သူမကိုယ်သူမ ပြောင်းလဲ၍မရချေ။

“ရှောင်ကျောင်း၊ ယောက်ျားတွေဆိုတာ လက်မထပ်ခင်နဲ့ လက်ထပ်ပြီး မတူကြဘူး၊ သမီးကဒီလောက်လှနေမှတော့ ဒီကောင်လည်း ရသမျှအကုန်ကြိုးစားပြီး သမီးကိုလိုက်မှာပေါ့၊ ဒါပေမယ့် သမီးကိုသာ တကယ်ရသွားရင်တော့ ‌ဘယ်လိုဆက်လုပ်မလဲဆိုတာ ပြောရခက်ပြီ!”

ရှုဝမ်ချန်းသည် အာပေါင်အာရင်းသန်သန်ဖြင့် ပြောချလိုက်သည်။

သူ၏အဖိုးတန်တူမလေးအား လီရှောက်ယွင်လက်ထဲထည့်ပေးရန် သူ၏စိတ်ထဲတွင် အနည်းငယ်မသက်မသာဖြစ်နေလေသည်။

“ဦးလေးငယ်၊ ကျွန်တော့်ကို သာမန်ယောက်ျားလေးတွေနဲ့ မယှဥ်ပါနဲ့ဗျ”

လီရှောက်ယွင်သည် မျက်ခုံးကိုပင့်ကာ ပက်ခနဲပြန်ပြောလိုက်သည်။

“ဟမ့် မင်းက ငါ့‌ရှောင်ကျောင်းရဲ့ ရုပ်ရည်ကို မကြိုက်ဘူးလို့ ပြောမလို့လား၊ ဟုတ်သားပဲ သူ့ကုမ္ပဏီလည်းရှိသေးတယ်! ဥစ္စာပေါ ရုပ်ချောပြီး အသက်ငယ်တဲ့ ရှောင်ကျောင်းက ဘယ်လိုယောက်ျားမျိုးမဆို ခေါင်းခေါက်ယူလို့ရတယ်ကွ”

ရှုဝမ်ချန်းသည် သူ့အားတည့်တည့်ပင် စိန်းစိန်းဝါးဝါးကြည့်လိုက်၏။

“ဦးလေးငယ် စိတ်မပူပါနဲ့၊ ကျွန်တော်က သူ့ပိုင်ဆိုင်မှုတွေကို တစ်ပြားတောင်ထိမှာမဟုတ်ပါဘူး၊ ပြီးတော့ မနက်ဖြန်ကျရင် ကျွန်တော့်ပိုင်ဆိုင်မှုတွေအားလုံးကို သူ့နာမည်အောက်ထားဖို့ ချက်ချင်း လူတစ်ယောက်ခေါ်ပြီး စာရွက်စာတမ်းပြင်ခိုင်းလို့ရတယ်၊ သူ့ကို ဘာကြောင့်ကြိုက်ရသလဲဆိုတာတော့...ဦးလေးငယ်၊ ကျွန်တော်အားကျောင်းကို တွေ့တုန်းက စင်ဒရဲလားလေးလို ရှိနေခဲ့တဲ့လူပါ၊ ဒီနေရာရောက်လာဖို့ သူဘယ်လိုတစ်လှမ်းချင်း လှမ်းလာခဲ့လဲဆိုတာကို ကျွန်‌တော်မျက်ဝါးထင်ထင်မြင်ခဲ့တယ်၊ အဲဒါနဲ့ဆို သက်သေပြစရာ လုံလောက်ပြီလို့ ထင်ပါတယ်”

လီရှောက်ယွင်၏မျက်လုံးများသည် ယုံကြည်ချက်ပြည့်ဝဟန်ဖြင့် လင်းလက်တောက်ပနေသည်။

မကြာသေးမီကပင် ကျင်းယွင်ကျောင်းအရှေ့၌ ဤအမျိုးသားသည် မယုံကြည်နိုင်စရာကောင်းလောက်အောင် နူးညံ့ညင်သာနေခဲ့၏။ ယခုတွင် ဆူးများဖြင့် ပြည့်နှက်နေလေပြီ။

ရှုဝမ်ချန်းသည် နင်သွားကာ စိတ်ထဲ၌ သွေးတစ်ဗွက်အန်မိတော့၏။ သူသည် အံကိုတင်းတင်းကြိတ်၍ ခေတ္တမျှတွေးကာ ပြောလိုက်သည်။

“မင်းလက်မခံနိုင်မယ့်တစ်ချက်တော့ရှိတယ်”

“ရှောင်ကျောင်းရဲ့ဖြစ်တည်မှုက နည်းနည်းထူးခြားတယ်၊ အနာဂတ်မှာ သူက သူ့ရဲ့ဆေးပညာစွမ်းရည်တွေကို အမွေဆက်ခံခိုင်းဖို့ သူ့သားသမီးတွေကို သူ့မျိုးရိုးနာမည်အဖြစ် ပြောင်းရလိမ့်မယ်၊ ဘယ်သူပြောနိုင်မလဲ ဆေးဝါးစွမ်းရည်တွေကို အမွေလက်ဆင့်ကမ်းဖို့ ရှုမျိုးနွယ်ကလေးတစ်ယောက်တောင် မွေးချင်မွေးဦးမှာ...”

ရှုဝမ်ချန်း အေးစက်စွာ ခနဲ့လိုက်သည်။ လီရှောက်ယွင်သည် ဤအရာကို လက်ခံနိုင်လောက်မည်ဟု သူမယုံကြည်ချေ။

မည်သည့်ယောက်ျားမဆို မိမိသားသမီးအား အခြားသူတစ်ဦး၏မျိုးရိုးနာမည်အား မယူခိုင်းစေလိုပါပေ။

“ဦးလေးငယ် အတွေးလွန်နေပါပြီ”

လီရှောက်ယွင်သည် ရုတ်ချည်းဆိုသလို ထရယ်ကာ အလွန်ပင်ဟိတ်ဟန်ကြီးသွားသည်။

“ကလေးနာမည်က ကျင်းမျိုးရိုးနာမည်ဖြစ်လည်း အားကျောင်းသဘောအတိုင်းပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်သားသမီးပဲလေ၊ ရှုမျိုးရိုးနာမည်ကတော့ ဘယ်လိုပါ့မလဲ၊ ဦးလေးငယ်ကလည်း ယောက်ျားတစ်ယောက်ပဲဆိုတော့ ရှုမျိုးနွယ်ကလေးတွေကို မွေးပေးနိုင်မှာပဲမဟုတ်ဘူးလား? အဲဒီအချိန်ရောက်လာရင် ကျွန်တော်က အားကျောင်းနဲ့အတူ လူကြီးတွေကို ခဏခဏလာလည်ပါ့မယ်၊ သူ့ရဲ့အနာဂတ်ဝမ်းကွဲလေးတွေကို ဆေးဝါးပညာသင်ပေးချင်တယ်ဆိုလည်း ပျော်ပျော်ကြီးလက်ခံပေးမှာပေါ့”

လီရှောက်ယွင်သည် ရှုဝမ်ချန်းမကြားလိုက်မည်စိုးသဖြင့် “အတူ” ဆိုသောစကားလုံးကို ဖိပြောလိုက်၏။

“မင်းသဘောတူတယ်ပေါ့? မင်းမှာကလေးတစ်ယောက်ပဲရှိပြီး မျိုးရိုးနာမည်က ကျင်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ?”

ရှုဝမ်ချန်းသည် အနည်းငယ်သံသယဖြစ်နေ၏။

“ဘာလို့မဖြစ်နိုင်ရမှာလဲ? ကျွန်တော့်အားကျောင်းရဲ့ ကလေးပဲဟာ၊ သူ့မျိုးရိုးနာမည်ဖြစ်ဖြစ် ကျွန်တော့်မျိုးရိုးနာမည်ဖြစ်ဖြစ် ဘာများထူးခြားသွားမှာတဲ့လဲ?’

လီရှောက်ယွင်သည် ခပ်ဟဟရယ်၍ပြောလိုက်သော်လည်း သူ၏မျက်နှာထားမှာ အလွန်ပင်လေးနက်နေသည်။

Space and Rebirth 1031

လီရှောက်ယွင်သည် ကျင်းမိသားစုအခြေအနေကို အနည်းနှင့်အများဆိုသလို နားလည်ထား၏။ နှစ်တစ်ထောင်ပညာအမွေရှိသော မိသားစုအား မဖြိုခွဲနိုင်သည်မှာ မဆန်းပါပေ။

လီမိသားစုအတွက်မူ အကြီးအကဲလီသည် အလွန်ပင်သဘောထားကြီးသောသူဖြစ်၏။ သူသည် သူ၏မြေးအား သားသမီးများမွေးဖွားစေလိုပြီး သွေးဆက်ကို လက်ဆင့်ကမ်းချင်သော်လည်း ဤကိစ္စမှာ မျိုးရိုးနာမည်နှင့် မသက်ဆိုင်ပါပေ။ ထို့အပြင် ကျင်းယွင်ကျောင်းမှ မိသားစုနှင့် ပြန်လည်ပေါင်းစည်းသည့်အချိန်မှစ၍ သူသည် ဤအရာကို တွေးနှင့်ပြီးကာ အကြီးအကဲလီအားလည်း ကြိုတင်ပြောကြားခဲ့လေသည်။ လီမိသားစုမှာ ကျင်းမိသားစု၏နှစ်တစ်ထောင်ပညာအမွေရှိသော အံ့ဖွယ်သမားတော်၏ မျိုးနွယ်စုထဲသို့ လီမိသားစုသွေးတစ်ဝက်နှောနိုင်သည်မှာ ကောင်းကြီးတစ်ပါးဖြစ်သည်ဟု ပြောခဲ့သည်။

ထိုတင်မက စစ်ပွဲအတွင်းတွင် ကျင်းမိသားစုမှ သမားတော်များနှင့် ရှုမိသားစုမှထောက်ပံ့သော များပြားလှသည့်ဆေးဝါးများသည် မရေမတွက်နိုင်သောစစ်သားများကို ကူညီပေးခဲ့သဖြင့် သူတို့သည် အမှန်တကယ်ပင် ထိုမိသားစုနှစ်စုအပေါ် ကျေးဇူးကြွေးတင်နေကြောင်း ပြောခဲ့၏။

လီရှောက်ယွင်၏စကားများကြောင့် ရှုဝမ်ချန်းလုံးဝဆွံ့အသွားတော့သည်။ သူသည် မျက်မှောင်ကြုတ်ကာ လီရှောက်ယွင်၏မျက်နှာကိုပင် ထိုးဖောက်နိုင်လောက်သောအကြည့်ဖြင့် ကြည့်လိုက်၏။

“ဘာလုပ်ဖို့ကြိုးစားနေတာလဲ?”

ခေတ္တအကြာတွင် သူသည် စကားတစ်ခွန်းကိုညှစ်ပြောလိုက်သည်။

“ဘာလုပ်ဖို့ကြိုးစားရမှာလဲ မိန်းမယူပြီး မိသားစုတည်ထောင်ချင်နေတာလေ”

လီရှောက်ယွင် တိုးဖျဖျပြန်ဖြေလိုက်သည်။

ကျင်းယွင်ကျောင်းမျက်နှာတစ်ပြင်လုံး နီမြန်းသွားသည်။ ရှောင်ဟိုင်ချင်းနှင့် အခြားသူများလည်း မရယ်မိဘဲမနေချေ။

“ဟုတ်ပြီ ဝမ်ချန်း မေးခွန်းတွေတော်လောက်ပြီ၊ ငါတို့ကဘာမှလည်းမသိဘဲနဲ့ ဘာလို့ လူငယ်တွေကိစ္စထဲ ဝင်ပါရမှာလဲ? အဖေတောင် ဂရုစိုက်တာမဟုတ်ဘူး၊ ပြီးတော့ မင်းစိတ်ထဲမှာ ဘာတွေတွေးနေလည်း ငါမသိဘူးမထင်နဲ့”

ရှုယွမ်ထက် ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။

လီရှောက်ယွင်မှ သူတို့ရှေ့မှောက်တွင် သူ၏ကလေးအား ကျင်းမိသားစုလုပ်ငန်းအား အမွေဆက်ခံခိုင်းမည်ဟု ရဲရဲအာမခံနေသဖြင့် သူ့တွင် ပြောစရာမရှိတော့ချေ။ ရှုဝမ်ချန်း တွေးနေသောအရာကိုမူ အစ်ကိုအကြီးဆုံးအနေဖြင့် သူရှင်းရှင်းလင်းလင်းသိနေ၏။

လီရှောက်ယွင်သည် ဝမ်ချန်းထက် ၄-၅ နှစ်သာငယ်လေသည်။ လီမိသားစုမှ ဤကောင်လေးသည် ဆယ်ကျော်သက်အရွယ်ကပင် လူများပါးစပ်ကြားပြောစမှတ်တွင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပြီး မိသားစုပေါင်းစုံမှ ကောင်လေးငယ်များအား အားကျမနာလိုဖြစ်ကာ မြင်ပြင်းကတ်စေခဲ့လေသည်။ လူတိုင်းနီးပါး သူ၏ထူးချွန်မှုများအကြောင်း ကြားဖူးလေသည်။ ထိုလူများထဲတွင် သူ၏ညီငယ်ပါ ပါဝင်ပေ၏။

ထိုသို့ပြောလိုက်သောအခါ ရှုဝမ်ချန်းသည် နေရခက်ဟန်ဖြင့် မျက်နှာကိုဘေးသို့ ချာခနဲလှည့်လိုက်သည်။

ဤကလေးသာ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူ၏တူသမက်ဖြစ်လိမ့်မည်ဟု ကြိုသိခဲ့လျှင် သူသည် ယခင်ကတည်းကပင် လီမိသားစုထံသွား၍ သူ့အား သင်ခန်းစာပေးမိခဲ့ပေမည်။

“ရှောင်ကျောင်းက သဘောကျမှတော့...မတတ်နိုင်ဘူးလေ သဘောတူရတော့မှာပေါ့၊ ဒါပေမယ့် မှတ်ထားနော် သူကရည်းစားသာသာပဲ၊ သမီးခင်ပွန်းဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူးဆိုရင် ပြောင်းလဲလို့ရသေးတယ်”

ရှုဝမ်ချန်းမှ မညှာမတာပြောလိုက်၏။ သို့ရာတွင် သူ၏စကားလုံးများမှာ အင်အားမဲ့နေပေသည်။

“ဦးလေးငယ်၊ ကျွန်တော်နဲ့ရှောင်ကျောင်းအတွက် စိတ်ပူမယ့်အစား အဒေါ်ငယ်တစ်ယောက်လောက် အရင်ရှာသင့်တယ်မထင်ဘူးလား? မဟုတ်ရင် ကျွန်တော်တို့ဝမ်းကွဲက ကျွန်တော့်သားထက် ပိုငယ်သွားလိမ့်မယ်”

လီရှောက်ယွင်စကားပြောပြီးနောက် အပြုံးတစ်ပွင့်ဖြင့် ကျင်းယွင်ကျောင်းအား ပွေ့ဖက်လိုက်သည်။

“အားကျောင်း၊ အဘိုးရှုကိုတောင် မတွေ့ရတာကြာပြီ၊ သူနဲ့စကားသွားပြောချင်သေးတယ်”

သူစကားပြောပြီးသည်နှင့် သူ၏ညီအစ်ကိုများအပါအဝင် ရှုယွမ်ထက်၊ ကျင်းယွင်ကျောင်းနှင့် အခြားသူများသည် အိမ်ထဲသို့ ပြန်ဝင်သွားကြတော့သည်။ သူ၏ညီအစ်ကိုများမှ ရှုဝမ်ချန်းကိုဖြတ်သွားချိန်တွင် အားလုံးသည် အပြုံးကိုယ်စီဖြင့် ပြောလိုက်ကြ၏။

“မင်္ဂလာပါ မရီးရဲ့ ဒုတိယဦးလေး”

“ဒုတိယဦးလေးက အလုပ်ကြိုးစားလိုက်တာ”

ရှုဝမ်ချန်းသည် ၎င်းကိုကြားသောအခါ မျက်နှာများ ပြာနှမ်းသွားတော့သည်။ သူသည် ထိုင်ငိုချင်သော်လည်း မျက်ရည်မထွက်ချေ။

လူတိုင်းနီးပါးထွက်သွားသောအခါ ပန်းပွင့်ဖတ်များထဲတွင် လူးလှိမ့်ဆော့ကစားနေသော မိန်းကလေးငယ်နှစ်ဦးသာ ကျန်ရစ်သည်။ ရှုဝမ်ချန်းမျက်လုံးထဲတွင် ကလေးဆန်လှပေသည်။

ရှုဝမ်ချန်း၏အကြည့်ကြောင့် ရှောင်ဟိုင်ချင်းနှင့်စူးချူ လန့်သွားသည်။ သူတို့သည် ခေါင်းကိုမော့ကာ ရှုဝမ်ချန်းအား ကြည့်လိုက်၏။

“ဦးလေးငယ် ပြောစရာများ ကျန်သေးလို့လားရှင့်”

ကောင်းကင်ယံတွင် ရဟတ်ယာဥ်များလည်း အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့ကုန်လေပြီ။ ရုတ်ချည်းဆိုသလို မီးရှူးမီးပန်းများ ပေါက်သွားပြီး မြေပြင်ပေါ်ရှိ အနီရောင်အလင်းများကို ရောင်ပြန်ဟပ်နေတော့သည်။ အလွန်ပင်လှပသောမြင်ကွင်းဖြစ်ပေသည်။

ရှုဝမ်ချန်းကြက်သေသေနေတော့၏။

“မင်းက သရုပ်ဆောင်လုပ်တာလား?”

စက္ကန့်ပိုင်းခန့်ကြာသောအခါ ရှုဝမ်ချန်းမှ သူတို့ဆီလျှောက်လာပြီး မေးလိုက်၏။ ရှောင်ဟိုင်ချင်း ခေါင်းငြိမ့်လိုက်သည်။

“ဘယ်ဇာတ်ကောင်တွေ သရုပ်ဆောင်ဖူးလဲ?”

ရှုဝမ်ချန်း ထပ်မေးလိုက်၏။

“ဇာတ်ကောင်အသေးစားလေးတွေပါပဲ၊ မပြောပလောက်ပါဘူး”

ရှောင်ဟိုင်ချင်း စကားစရှာမရဖြစ်သွား၏။ သခင်လေးလီကြောင့် ဒုတိယဦးလေးရှု စိတ်လွတ်သွားပြီလော? ကြည့်ပါလေ၊ သူ၏မျက်ဆန်များသည် အနည်းငယ်မျှပင် မရွေ့ပါချေ။

“လီရှောက်ယွင်က ဘာကောင်းတယ်လို့ မင်းထင်လဲ?”

ရှုဝမ်ချန်း မေးလိုက်ပြန်သည်။

စူးချူသည် သူ့အားကြည့်ရင်း ဒုတိယဦးလေးရှုမှာ အလွန်ထူးဆန်းလှသည်ဟု သူမခံစားမိလိုက်တော့သည်။ ခေတ္တမျှတွေးကြည့်ပြီးနောက် သူမသည် ထွက်ပြေးသွားတော့၏။

Space and Rebirth 1032

ရှောင်ဟိုင်ချင်းသည် ရှုဝမ်ချန်း၏စကားများကို ကြားလိုက်၏။ ဤစကားသည် သူမကို လီရှောက်ယွင်အား စိတ်ဝင်စားနေသောပုံစံ ပေါက်စေပေသည်။ သူမမျက်နှာချက်ချင်းဆိုသလို မှောင်ရိပ်သန်းသွားသည်။

“ဒုတိယဦးလေးရှု၊ သခင်လေးလီက ယွင်ကျောင်းကို ကောင်းကောင်းဆက်ဆံပါတယ်”

ရှောင်ဟိုင်ချင်းမျက်မှောင်ကြုတ်လိုက်၏။

သူမသည် အခြားအရာများကို ကပြက်ကချော်လုပ်နိုင်သော်လည်း အမျိုးသားကိစ္စနှင့်ပတ်သတ်လာလျှင်မူ ထိုသို့မလုပ်နိုင်ချေ။ အခိုင်မာဆုံးသော သူငယ်ချင်းဆက်ဆံရေးများပင်လျှင် နှလုံးသားရေးရာကြောင့် ပြိုကွဲတတ်သည်မဟုတ်လော။

သူမသည် ကျင်းယွင်ကျောင်းနှင့် စသိကျွမ်းချိန်မှစ၍ အထင်လွဲမှုများ တစ်ခါမှမရှိဖူးချေ။ ထို့ကြောင့် သူမခံစားချက်များကို ကျင်းယွင်ကျောင်းအထင်လွဲအောင် မည်သူ့ကိုမှ လုပ်ခွင့်မပေးနိုင်ပါပေ။ သူမရှေ့မှောက်ရှိ ဒုတိယဦးလေးရှုကိုပင် ခွင့်မပြုနိုင်ချေ။

ရှုဝမ်ချန်း မျက်မှောင်ကြုတ်လိုက်၏။ သူ၏မေးခွန်းတွင် မသင့်တော်မှု တစ်စုံတစ်ရာမရှိဟု အဟုတ်မှတ်နေသည်။

“ဒါပေမယ့် တူမလေးကို ကောင်းကောင်းဆက်ဆံတဲ့လူတွေက အများကြီးပဲလေ ပြီးတော့ သူကငယ်သေးတာကို...”

ရှောင်ဟိုင်ချင်းရယ်ရမည်လော ငိုရမည်လော မသေချာတော့ချေ။

ဧကန္တ သူသည် ကျင်းယွင်ကျောင်းကြောင့် စိတ်ထိခိုက်လွန်း၍ သူမထံသို့ပြေးလာကာ နှစ်သိမ့်မှုရှာဖွေနေသလော။

ယခင်တစ်ခေါက်က သူမအား လိုက်ပို့ခဲ့ဖူးသောကြောင့် သူမနှင့်ပိုရင်းနှီးသလို ခံစားရခြင်းလော။

ရှောင်ဟိုင်ချင်းသည် အတွေးများစွာဖြင့် ပြောလိုက်၏။

“ဒုတိယဦးလေးရှု၊ ကျွန်မက ဘယ်လိုကိစ္စပဲရှိရှိ ယွင်ကျောင်းဘက်ကပဲ၊ ယွင်ကျောင်းက ဒုတိယဦးလေးရှုကို သူ့ဦးလေးမို့လို့ စကားထိန်းထားခဲ့ပေမယ့် ဦးလေးရှုက လက်မလျှော့ဘဲပြောနေမှတော့ ကျွန်မလည်း အားမနာတမ်းပြောတော့မယ်”

ရှောင်ဟိုင်ချင်းသည် လက်ထဲတွင် ပွင့်ဖတ်အချို့ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ သူမသည် ထိုပွင့်ဖတ်များကို ဆိတ်ကာပြုံးလိုက်၏။

“ယွင်ကျောင်းနဲ့ ကျွန်မက အထက်တန်းပထမနှစ်ကစပြီး အတန်းဖော်တွေဖြစ်ခဲ့ပေမယ့် ပထမနှစ်တစ်ဝက်မှာ စကားသိပ်မပြောခဲ့ကြဘူး၊ အဲဒီအချိန်တုန်းက သူ့သတင်းတွေ မကောင်းတဲ့အပြင် အရမ်းလည်းစကားနည်းခဲ့တယ်လေ၊ ဘယ်သူက သူ့ကိုရန်စစ ခေါင်းငုံ့ခံနေတာမို့ ကျွန်မလည်း သူ့ကိုအထင်သေးခဲ့တယ်၊ ဒါပေမယ့် တစ်နေ့ကျ သူကရုတ်တရတ်ကြီး အလင်းပွင့်သွားရော၊ သူ့ကိုအနိုင်ကျင့်တဲ့လူမှန်သမျှအပေါ် အညှာအတာမရှိ လက်တုံ့ပြန်ခဲ့တယ်၊ သူ့ကြောင့် ကျွန်မအရမ်းအံ့သြသွားခဲ့ရတာပေါ့ အဲဒီလိုနဲ့ပဲ ကျွန်မတို့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်”

“သူကဘာလို့ ကျွန်မကို တခြားလူတွေနဲ့မတူဘဲ ဆက်ဆံနေသလဲဆိုတာ မသိပေမယ့် သူ့စိတ်ထဲကို လူတစ်ယောက်ဝင်ဖို့ဆိုတာ ခက်ခဲတဲ့အရာမှန်း ကျွန်မကောင်းကောင်းသိတယ်၊ သူ့အတွက် သူငယ်ချင်းဆိုတာ ရှာမှရှားတဲ့အရာပဲ၊ အဲဒါတောင် လီရှောက်ယွင်က သူ့ရဲ့ကောင်လေးဖြစ်လာတယ်ဆိုတော့ လီရှောက်ယွင်က သူ့ဘဝနဲ့ ခွဲခွာလို့မရတော့တဲ့အရာလို့ ပြောလို့ရတယ်၊ သူသာမရှိရင် ယွင်ကျောင်းက ပုံမှန်အတိုင်း ဆက်အသက်ရှင်နေနိုင်ရင်တောင် သူ့နှလုံးသားထဲမှာ ဘယ်သူမှအစားထိုးမရနိုင်မယ့် အပေါက်ကြီးတစ်ခုရှိသွားလိမ့်မယ်ဆိုတာ ကျွန်မရဲရဲပြောလို့ရတယ်”

“ရှင်က သူ့ဦးလေးဆိုပေမယ့် ရှင့်ကိုနောက်ကျမှတွေ့ခဲ့တာ၊ ရှင်တို့က သူ့ကိုနှစ်ပေါင်းများစွာ လျစ်လျူရှုထားပြီးမှ အခုမှရုတ်တရတ်ကြီးပေါ်လာပြီး သူ့နှလုံးသားရေးရာကို ဝင်စွက်ဖက်ချင်တယ်တဲ့လား၊ အဲဒါနည်းနည်းလွန်လွန်းတယ်လို့ ကျွန်မတော့ထင်တယ်”

ရှောင်ဟိုင်ချင်းသည် အစမှအဆုံးထိ ပြုံးနေဆဲဖြစ်သည်။ သူမအသွင်အပြင်မှာ ယဥ်ကျေးနေ၏။

လူကြီးတစ်ဦးအနေဖြင့် ကျင်းယွင်ကျောင်း၏ဘဝကို စွက်ဖက်သည်မှာ မဆန်းပါပေ။ သို့ရာတွင် တကယ်တမ်း၌ တစ်ဖက်လူ၏စရိုက်အနေအထားမှာ ကျင်းယွင်ကျောင်း၏အကြိုက်နှင့်တွေ့မတွေ့လည်း ရှိသေး၏။

ကျင်းယွင်ကျောင်းသည် ယခင်ကတည်းကပင် သံသယများသောသူဖြစ်သည်။ သူမမိသားစုများနှင့် သူငယ်ချင်းများအပေါ် အမြဲတစေ စိတ်ပူပေးတတ်၏။ သူမမိသားစုအနေဖြင့် သူမကို အားပေးထောက်မရုံသာရှိပေသည်။ ထိုမှသာ သူမသာ စိတ်ချမ်းချမ်းသာသာဖြင့် ပျော်ရွှင်နိုင်လိမ့်မည်။

ထို့ကြောင့် လိုရင်းတိုရှင်းပြောရလျှင် ရှုဝမ်ချန်းနှင့် ကျင်းယွင်ကျောင်းမှာ သွေးစပ်ကြသော်လည်း လီရှောက်ယွင်နှင့်ယှဥ်လိုက်လျှင်မူ လီရှောက်ယွင်မှာ ပို၍အရေးကြီးပေသည်။

ရှုဝမ်ချန်းသည် နှုတ်ခမ်းများကိုစေ့ရင်း နားထောင်နေ၏။ သူ၏မျက်လုံးများသည် အတွေးထဲနစ်မြုပ်နေသည်။

လီရှောက်ယွင်သည် အလွန်ထူးချွန်ပြောင်မြောက်သောသူ ဖြစ်၍သာ ရှောင်ကျောင်း၏ ခွင့်ပြုချက်ကို ရထားကြောင်း သူသိပေသည်။ သို့သော်...သူတုံ့ဆိုင်းနေဆဲဖြစ်သည်။

သူမသည် ၁၈ နှစ်သာရှိသေးပြီး လီရှောက်ယွင်မှာ အသက် ၂၇ ပြည့်လေပြီ။ ထိုမျှအသက်ကြီးသော ယောက်ျားတစ်ဦးသည် အိမ်ထောင်ပြုချင်ဇော ကြီးနေရမည်ဖြစ်သော်လည်း ရှောင်ကျောင်းအား နှစ်အနည်းငယ်ခန့် သူမမိသားစုအိမ်တွင် နေခိုင်းလိုက်သေး၏!

ရှုဝမ်ချန်း၏ မရေရာမသေချာသောမျက်နှာကို မြင်လိုက်ရသောအခါ ရှောင်ဟိုင်ချင်းနှလုံးခုန်မြန်သွားသည်။ ဤလူသည် မည်သည့်အရာကို တွေးနေလေသနည်း။ သူသာ ယွင်ကျောင်း၏ဦးလေးမဟုတ်ခဲ့လျှင် သူမသည် သူ့အား တစ်ခါတည်း အလဲထိုးပြီး ဤကိစ္စအား မေ့ပစ်လိုက်ချင်မိသည်။ သူ၏ချီတုံချတုံဖြစ်နေပုံကြောင့် ရှောင်ဟိုင်ချင်း အလွန်ပင်စိတ်ဂနာမငြိမ်ဖြစ်မိ၏။

မိမိတူမသည် အရွယ်ရောက်သဖြင့် ရည်းစားထားခြင်းသာမဟုတ်လော။ သူသည်လည်း ယောက်ျားတစ်ဦးဖြစ်သဖြင့် အနာဂတ်တွင် ဇနီးလောင်းတစ်ဦး ရှာပေလိမ့်မည်။ ထိုကိစ္စနှစ်ခုမှာ အတူတူသာမဟုတ်လော။

“အဲဒီကောင်က ရှောင်ကျောင်းကို ကောင်းကောင်းမဆက်ဆံရင် မင်းငါ့ကိုပြောပြရမယ်နော်”

ရှုဝမ်ချန်းသည် ခေတ္တအကြာတွင် ပြောလိုက်တော့၏။

ရှောင်ဟိုင်ချင်းသည် စိတ်ဆင်းရဲဟန်အား လျှိုဝှက်၍ အပြုံးတစ်ပွင့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သို့ရာတွင် သူမစိတ်ထဲ၌ ပွစိပွစိပြောမိပေသည်။ လီရှောက်ယွင်မှ ကျင်းယွင်ကျောင်းအား ကောင်းကောင်းမဆက်ဆံသည်ထက် အနာဂတ်တွင် ရှုဝမ်ချန်းမှ ကျင်းယွင်ကျောင်းအားလက်မခံနိုင်သော အဒေါ်တစ်ယောက်ရှာလာမည်ကသာ ပိုဖြစ်နိုင်ပေသည်။

All Chapters