← Chapters

အခန်း (၁၀၃၃-၁၀၃၆)

Vol. 52 Ch. 1033-1036

အခန်း (၁၀၃၃-၁၀၃၆)

Vol. 52 Ch. 1033-1036

Space and Rebirth 1033

ရှုဝမ်ချန်းအရှေ့တွင် ပြော၍မရသောအရာများ ရှိနေသောကြောင့် ရှောင်ဟိုင်ချင်းသည် စကားတုံ့ပြန်ပြီးသည်နှင့် လျင်မြန်စွာပင် ဧည့်ခန်းထဲသို့ပြန်လိုက်သည်။ စူးချူကိုစဥ်းစားလိုက်သောအခါ ရှောင်ဟိုင်ချင်းသည် သူမ၏သစ္စာမဲ့မှုကို စိတ်ထဲ၌တိတ်တခိုး ကျိန်ဆဲမိလိုက်တော့၏။

ရှုဝမ်ချန်းသည် သူမ၏ကျောပြင်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူမရှိနေခဲ့သောနေရာကို ကြည့်လိုက်ပြီးနောက် သူသည် ခေါင်းကိုခါယမ်းလိုက်၏။ ထိုနေရာမှာ ရှုပ်ပွနေလေသည်။ သူမသည် အသက်ကြီးနေပြီဖြစ်သည့်တိုင် ပန်းများကိုနှစ်သက်နေသေးသည်။ အနည်းငယ်လင်းလက်နေရုံသာ မဟုတ်လော။ ကြည့်စရာ ဘာရှိမည်နည်း...

သို့ရာတွင် သူမခန္ဓာကိုယ်အချိုးအစားမှာ မဆိုးလှဘဲ သူမရုပ်ရည်မှာလည်း ကြည့်ပျော်ရှုပျော်ရှိ၏။ သို့သော် စိတ်ကြီးလှကာ အလွန်ပင်တဲ့တိုးဆန်ပေသည်။ ထိုသို့စိတ်မျိုးဖြင့်ဆိုလျှင် အပြင်လောက၌ ကျင်လည်ရန် ခက်ခဲမည်မဟုတ်လော။

ရှုဝမ်ချန်းသည် အပြင်ဘက်တွင် အချိန်အတော်ကြာနေလိုက်၏။ သူသည် လှပသောရှုခင်းကိုကြည့်ရင်း တစ်ဦးတည်းတီးတိုးရေရွတ်နေလေသည်။ သူ၏မျက်နှာသည် မနှစ်မြို့သောဟန်များဖြင့် ပြည့်နှက်နေသော်လည်း သူ၏စိတ်ထဲတွင်မူ အနည်းငယ်ပြောင်းလဲလာသယောင်ရှိ၏။ လီရှောက်ယွင်မှာ အမှန်တကယ်ပင် ရှောင်ကျောင်းအား အာရုံစိုက်ပေးပြီး ပုံစံမှာ မဆိုးလှချေ...

ရှုယွမ်ထက်နှင့် အခြားသူများသည် သူ၏စိတ်ရောဂါကို လျစ်လျူရှုထားပြီး သူ့အား စည်းရုံးရန် လုံးဝမကြိုးစားခဲ့ချေ။

ရှုဝမ်ချန်း၏အစ်ကိုကြီးအနေဖြင့် ရှုယွမ်ထက်သည် သေချာသိနေခဲ့၏။ သူ၏ညီငယ်မှာ လီရှောက်ယွင်အလွန်ကောင်းကြောင်း စိတ်ထဲ၌သိနေသော်လည်း သူ့အား အတိုက်အခံလုပ်ချင်နေရုံသာဖြစ်သည်။ ကမ္ဘာပေါ်ရှိ ယောက္ခထီးတိုင်းလိုပင် မည်မျှပင်ကြည့်စေကာမူ မိမိ၏သားမက်အား သဘောကျလာမည်မဟုတ်သောသူဖြစ်၏။ နတ်တစ်ပါးက ကမ္ဘာမြေပေါ် ဆင်းသက်လာလျှင်ပင် မိမိသမီးနှင့် မထိုက်တန်လှဟု ခံစားနေရဦးပေမည်။

စည်ကားသိုက်မြိုက်လှသောနေ့သည် ရင်သပ်ရှု‌မောလောက်အောင် လှပသောမီးပန်းများဖြင့် အဆုံးသတ်သွား၏။ ညရောက်သောအခါ ကျင်းယွင်ကျောင်းသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။ သူမအိပ်မက်ထဲတွင် သူမအား အနီရောင်ပန်းပင်လယ်ကြီးက ဝန်းရံထားပြီး သူမနှလုံးသားအား ရင်ခုန်သံမြန်စေသော ယောက်ျားသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာ၏။

နောက်တစ်နေ့တွင် အိမ်ကြီးတစ်ခုလုံး၌ ယမန်နေ့က သေရည်နံ့များဖြင့် ပြည့်နှက်နေဆဲဖြစ်ကာ လေထုသည် အလွန်ပင်နူးညံ့နေသည်။

သို့ရာတွင် ကျင်းယွင်ကျောင်းအောက်မဆင်းခင်တွင် ဧည့်ခန်းထဲ၌ လေးနက်သောဆွေးနွေးမှုတစ်ခုကို ပြုနေကြ၏။

“အစ်ကို၊ မနေ့ကကိစ္စကို တိုက်ဆိုင်တာလို့ထင်လား? စုန်ရှောင်ယုက တကယ်ပဲ မရီးနဲ့ ဘာမှမဆိုင်ဘူးလား”

ရှုဝမ်ချန်းသည် အေးစက်သောမျက်နှာဖြင့် စာရင်း‌ဟောင်းများကို ရှင်းနေ၏။

ရှုယွမ်ထက်သည် သက်ပြင်းကိုချကာ အနောက်သို့မှီလိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် လေးနက်သောအဓိပ္ပာယ်ရသည့် အကြည့်များ ရိပ်ခနဲဖြစ်သွား၏။

တစ်ခုခုလွဲနေပြီဖြစ်ကြောင်း သူခံစားရသည်မှာ ကြာချေပြီ။

ရှောင်ကျောင်းသည် ရှုမိသားစုထဲတွင် ရှုယုနှင့် ရှန်ရှီမှအပ ကျန်သောသူအားလုံးအပေါ် ယဥ်ကျေးပျူငှာ၏။ အိမ်တော်ထိန်းနှင့် အိမ်စေများအပေါ်ပါ သူမကောင်းကောင်းဆက်ဆံသည်။

ထို့အပြင် ရှန်ရှီနှင့်ပထမဆုံး တွေ့ဆုံသည့်နေ့မှစ၍ သူမသည် ရှန်ရှီနှင့် စီးချင်းထိုးနေသလိုပင်။ ဤအခြေအနေမှာ အတန်ငယ်မူမမှန်လှပေ။ ရှောင်ကျောင်းမှ ရှန်ရှီအား မိမိအဒေါ်အဖြင့် သဘောမကျသည်မှာလည်း မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ရှန်ရှီမှာ လူတိုင်းအပေါ် စိတ်ထားကြင်နာတတ်သောသူ ဖြစ်သောကြောင့်ပင်။ ရှန်ရှီသည် လူတစ်ယောက်အား မနှစ်မြို့လျှင်ပင် အပြုံးပန်းဆင်တတ်သူဖြစ်၏။

သူတို့နှစ်ယောက်ကြားထဲတွင် သူတို့မသိလိုက်သောအရာတစ်ခုခု ဖြစ်ပွားခဲ့ခြင်းသာဖြစ်မည်။

“မနေ့က မရီးရဲ့ညီမလေး ဆေးရုံတက်လိုက်ရတယ်လို့ ကြားတယ်၊ ရှောင်ကျောင်းက သူ့အတွက် အရမ်းစိတ်ပူနေတဲ့ပုံပဲ...အစ်ကိုကြီး၊ မဟုတ်မှလွဲရော အဲဒီအမျိုးသမီးနဲ့ သက်ဆိုင်နေတာများလာ?”

ရှုဝမ်ချန်းသည် နှုတ်ကိုဖွင့်ကာ ဆက်ပြောလိုက်သည်။

“ညီအစ်မနှစ်ယောက်ရှိတာကို အကြီးကိုမကြိုက်ဘဲ အငယ်ကိုပဲ ကြိုက်လို့မရဘူးလေ ဟုတ်တယ်မလား? မဟုတ်မှလွဲရော ဒီညီမဆိုတဲ့သူက ရှောင်ကျောင်းရှေ့မှာ တစ်ခုခုပြောလိုက်တာလား?”

“ရှန်ရှီရဲ့ညီမနာမည်က...ရှန်တုန်းမှတ်လား?”

ရှုယွမ်ထက်သည် ခေတ္တမျှစဥ်းစားပြီးမှ မေးလိုက်၏။

“အစ်ကိုကြီး သူ့ကိုအရင်ကမမြင်ဖူးဘူးလား?”

ရှုယွမ်ထက်ဖြစ်သွားပုံကိုကြည့်ပြီး တစ်ခုခုလွဲနေကြောင်း ရှုဝမ်ချန်း ခံစားမိလိုက်သည်။

“မင်းမရီးရဲ့ ဆွေမျိုးတွေကို ငါတစ်ယောက်မှမမြင်ဖူးဘူး”

ရှုယွမ်ထက် ခေါင်းခါလိုက်သည်။

“ငါအိမ်ထောင်စကျတုန်းက သူ့ညီမကိုတွေ့ချင်တယ်လို့ ငါပြောခဲ့ဖူးပေမယ့် အဲဒီအချိန်တုန်းက မင်းမရီးရဲ့ မိဘတွေက ဆုံးသွားပြီး သူ့ညီမကလည်း နိုင်ငံခြားထွက်သွားတာမို့ အခုချိန်ထိ မတွေ့ဖူးဘဲဖြစ်နေတာပဲ၊ နည်းနည်းတော့ကြာပြီဆိုပေမယ့် ငါ့ခယ်မလေး နိုင်ငံခြားကပြန်လာပြီလို့ တစ်ယောက်ယောက်ပြောလိုက်သေးတယ်၊ အဲဒီအချိန်တုန်းက ငါရှန်ရှီကို ထပ်မေးခဲ့သေးတယ်၊ သူ့ညီမကို အိမ်ထဲဖိတ်ချင်လားလို့ပေါ့၊ ဒါပေမယ့် ရှန်ရှီက ငြင်းခဲ့တယ်လေ”

ထိုအချိန်က ရှန်ရှီသည် ရှန်တုန်းမှာ အလုပ်များနေကြောင်း၊ အချိန်ရှာရခက်ကြောင်း၊ အထူးတလည်ပြင်ဆင်ပေးစရာမလိုကြောင်း ပြောခဲ့၏။ သူ၏အတွေးတွင်လည်း ဤသည်မှာ အပေါ်ယံလက်ထပ်မှုသာဖြစ်သောကြောင့် ရှန်ရှီမှ ဂရုမစိုက်သောအရာကို သူလည်း ဆက်အာရုံမထားတော့ချေ။

Space and Rebirth 1034

ရှုဝမ်ချန်း ထိတ်လန့်တုန်လှုပ်သွားတော့၏။ သူ၏အစ်ကိုနှင့် မရီးသည် နှစ်နှစ်ဆယ်ကျော် အိမ်ထောင်ကျနေခဲ့သော်လည်း သူ၏အစ်ကိုကြီးဖြစ်သူမှာ မိမိခယ်မဖြစ်သူကိုပင် တစ်ခါမှမမြင်ဖူးချေ။ ဤသည်မှာ မယုံနိုင်စရာကောင်းလွန်းလှ၏။

လင်မယားကြားဆက်ဆံရေးမှာ မကောင်းလျှင်ပင် မိသားစုဝင်အချင်းချင်း ဆက်ဆံရေးတစ်ခုခုရှိရမည်မဟုတ်လော။

“ဒါဆို အခုလောလောဆယ် မရီးရဲ့ညီမက ဘာလုပ်နေလဲ၊ ဘယ်သူ့ကို လက်ထပ်ထားလဲဆိုတာ အစ်ကိုမသိဘူးပေါ့? ရှောင်ကျောင်းက သူနဲ့တော်တော်ရင်းနှီးတဲ့ပုံပဲ၊ ဒီကိစ္စကို စုံစမ်းဖို့လိုတယ် မထင်ဘူးလား?”

ရှုဝမ်ချန်းသည် အိမ်စေ၏လက်ထဲမှ လက်ဖက်ရည်ခွက်ကိုယူကာ ပြောလိုက်၏။

“ငါ နည်းနည်းတော့သိထားတယ်၊ မင်းမရီးတစ်ခေါက်ပြောဖူးတယ် သူ့ညီမက မင်းသမီးတဲ့၊ အရင်တုန်းက အရမ်းနာမည်ကြီးခဲ့ပေမယ့် အနုပညာလောကထဲက လူတွေရဲ့ အနိုင်ကျင့်တာခံရပြီး ကိုယ်ဝန်ရသွားတယ်ကြားတယ်၊ အဲဒီအချိန်တုန်းက မင်းမရီးက အရမ်းနောင်တတွေရပြီး သူ့ညီမလေးကို အနုပညာလောကထဲ ခြေမချခိုင်းဘဲ နေလိုက်ရမှာလို့ ပြောနေခဲ့တာ၊ သူသာ ဆုံးဖြတ်ချက်မှန်ခဲ့ရင် သူ့ညီမလေးလည်း အဲဒီလို မဖြစ်လောက်ဘူးပေါ့...ဒါကြောင့် ငါ့ခယ်မက အကျင့်ပျက်နေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ရမယ်လို့ ငါထင်လိုက်တာ၊ ဒါကြောင့်မို့ ရှန်ရှီက သူ့ကို ငါနဲ့မတွေ့ခိုင်းစေချင်တာ မဆန်းဘူးလို့ ထင်လိုက်တာပေါ့”

ရှုယွမ်ထက်သည် မှတ်ဉာဏ်ထဲမှအပိုင်းအစများကို တူးဖော်ပြီး ရှန်ရှီပြောခဲ့သောအရာများကို ပြန်တွေးလိုက်သည်။

နောက်သရုပ်ဆောင်တစ်ဦး? ရှုဝမ်ချန်းသည် ကြိုးထုံးသဖွယ် မျက်မှောင်ကြုတ်လိုက်၏။

ရှောင်ကျောင်း၏သူငယ်ချင်းကို ပြန်စဥ်းစားလိုက်သောအခါ သူသည် စိတ်မချမ်းမသာဖြစ်သွားတော့သည်။

“အစ်ကို၊ ရှောင်ကျောင်းက အစ်ကို့ခယ်မကိုသွားကြည့်ဖို့ နောက်နှစ်ရက်အတွင်းမှာ ဆေးရုံကိုသွားလိမ့်မယ်၊ သူလုံးလား ပြားလားဆိုတာ သိရဖို့ အစ်ကိုလည်း ရှောင်ကျောင်းနဲ့အတူလိုက်သွားပါလား? သူ့အကျင့်စာရိတ္တက မကောင်းဘူးဆိုရင် ရှောင်ကျောင်း သူနဲ့မဆက်သွယ်နိုင်တော့အောင် နည်းလမ်းတစ်ခုခုရှာကြတာပေါ့၊ သူသာ အကျင့်စာရိတ္တမဆိုးဘူးဆိုရင်တော့ မရီးက...တစ်ခုခုမှားနေတာပဲဖြစ်မယ်”

ရှုဝမ်ချန်း သတိပေးလိုက်၏။

ရှုယွမ်ထက် ခေါင်းငြိမ့်လိုက်သည်။ လုပ်စရာကိစ္စများ များလှပေသည်။

ယမန်နေ့က လူများစွာရှေ့တွင် သူသည် ထိုမိတ်ကပ်ပညာရှင်အား ခြိမ်းခြောက်၍ စစ်မမေးနိုင်ခဲ့ချေ။ သို့သော် ယခုတွင်မူ ထိုအရာကို သိပ်စိတ်ပူစရာမလိုတော့ပေ။

ကျင်းယွင်ကျောင်းအောက်ထပ်ဆင်းလာသောအခါ ဦးလေးနှစ်ယောက်သည် စကားပြောစရာမလိုဘဲ အကြည့်ချင်းဖလှယ်ကာ နားလည်သဘောပေါက်လိုက်ကြပြီး လေးနက်သောမျက်နှာထားမှ ချိုသာသောမျက်နှာအဖြစ် ပြောင်းလဲသွားကြသည်။

မွေးနေ့ပွဲပြီးဆုံးပြီဖြစ်၍ ကျင်းယွင်ကျောင်းသည် အဘိုးကန်နှင့် အခြားလူများကို ရှုမိသားစုအိမ်၌ ကြာကြာထားစရာမလိုတော့ချေ။ နှစ်သစ်ကူးလည်းရောက်ပြီဖြစ်သောကြောင့် ကန်မိသားစုသည် မိသားစုညစာစားပွဲကို ကျင်းပစရာရှိပေသည်။

မနက်စာစာပြီးနောက် ထန်မိသားစုကားရောက်လာကာ ထန်ကျစ်ဟွားကို ခေါ်သွား၏။ ရှုဝမ်ချန်းသည် အိမ်ဒရိုင်ဘာအနေဖြင့် တာဝန်ယူကာ အဘိုးကန်နှင့် အခြားဧည့်သည်များကို လိုက်ပို့ပေးလိုက်သည်။

ရှုမိသားစုအိမ်သည် ချက်ချင်းဆိုသလို အသက်မဲ့ကာ အေးစက်သွားတော့၏။

ရှောင်ဟိုင်ချင်း၏ တစ်ရက်တည်းသောပိတ်ရက်မှာ ကုန်ဆုံးသွားပေပြီ။ သူမသည် ရှုတင်ရှိရာသို့ ထွက်သွားနှင့်ပြီဖြစ်၏။ ရိုက်ကူးရေး လွယ်ကူချောမွေ့စေရန်အတွက် သူမသည် ညဘက်တွင်လည်း ပြန်မလာလောက်ချေ။ ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို တစ်ခုခုလစ်ဟင်းနေသလို ခံစားလိုက်ရ၏။

သို့ရာတွင် အပြင်ဘက်၌ ကျင်းယွင်ကျောင်းအား အာရုံပြောင်းစေနိုင်သောအရာတစ်ခုရှိပေသည်။

တစ်ညတည်းနှင့် ဖန်လီချင်းလက်ချက်ကြောင့် ကျောင်းသူတစ်ဦးသေဆုံးသွားရသောသတင်းမှာ ပြန်အသက်ဝင်လာပြီး တောမီးနှယ်ပျံ့နှံ့နေတော့၏။

ယခင်က မိမိအမေအား ဒေါသထွက်သေစေခဲ့ပြီး ကျေးဇူးမသိတတ်သောသမီးအဖြစ် ထိုကျောင်းသူလေးအား မရေမတွက်နိုင်သောလူများက ကျိန်ဆဲခဲ့ကြသည်။ ယခုတွင် ဆုံးရှုံးသွားသောအသက်များအတွက် နောင်တရဝမ်းနည်းနေသောသူက ပိုများနေလေပြီ။ လူအများကို လှည့်စားခဲ့သောလုပ်ရပ်နှင့် အသက်တစ်ချောင်းအား လျစ်လျူရှုနိုင်သော ဖန်လီချင်း၏စရိုက်ကြောင့် လူများစွာက ဒေါသပုန်ထနေကြတော့သည်။

ဤတစ်ခေါက်တွင် ဖန်လီချင်းသည် လမ်းဖြတ်ကူးချင်နေသော ကြွက်ငယ်တစ်ကောင်ကဲ့သို့ပင် နေရာပေါင်းစုံမှ သူ့အား ဆော်ပလော်တီးချင်နေကြ၏။

ဖန်လီချင်း၏ အီလက်ထရောနစ်ပစ္စည်းဆိုင်သည် ချက်ချင်းဆိုသလိုပင် လူထုဝေဖန်မှု၏ပစ်မှတ် ဖြစ်သွားတော့သည်။ ဝေဖန်မှုမှာ အလွန်ပင်ပြင်းထန်လှပြီး ကိုယ်စားလှယ်ဆိုင်ခွဲများအားလုံးကိုပါ သိမ်းကျုံး၍ ဆဲဆိုဝေဖန်ခံနေရသည်။ ဆိုင်ဝင်ပေါ်မှာ အုန်းအုန်းကျက်ကျက်ဖြစ်နေပြီး လူထုဖိအားကြောင့် တံခါးများကိုပင် မဖွင့်နိုင်တော့ချေ။

ဤကိစ္စမတိုင်ခင်တွင် ကျင်းယွင်ကျောင်းသည် ဖန်လီချင်း၏ထုတ်ကုန်များ၌ ပြစ်ချက်ရှိမရှိ ပိုင်ယွီအန်းအား စစ်ဆေးခိုင်းခဲ့သည်။ သူမသည် ဤအခွင့်အရေးကိုယူပြီး ထိုပြစ်ချက်များကို ကြေညာလိုက်လေသည်။ သို့ရာတွင် ဖန်လီချင်း၏လက်ရှိအခြေအနေအရ ဤသတင်းမှာ အပူပေါ်အပူဆင့်ရုံသာရှိတော့သည်။ အဘယ်ကြောင့်ဆိုသော် အခြားမီဒီယာသတင်းဌာနများကလည်း ဤအရာကို အခွင့်ကောင်းယူပြီး အညှာအတာကင်းမဲ့စွာ မီးလောင်ရာလေပင့်လုပ်နေကြသောကြောင့် ဖြစ်၏။

ဖန်လီချင်းပင်လျှင် သတင်းများကိုချဲ့ကားပြောဆိုပြီး ကျောင်းသူတစ်ဦးကို သေစေခဲ့သည်ဖြစ်ရာ အခြားလူများလည်း ထိုသို့လုပ်ပေမည်။ ထို့ကြောင့် ယနေ့တွင် နေရာတိုင်း၌ ဖန်လီချင်း၏ ဆိုးရွားသောလုပ်ရပ်များအကြောင်း ပျံ့နှံ့နေတော့၏။

Space and Rebirth 1035

ဖန်လီချင်းသည် တဏှာကျသောသူဖြစ်ကြောင်း လူအများကသိထားကြ၏။ ထို့ကြောင့် ထိုအချက်ကို အထူးပစ်မှတ်ထားပြီး ပြင်းထန်စွာသတင်းလွှင့်ကြသူများ ရှိလာတော့သည်။ ဖန်လီချင်းမှာ ကျောင်းသူများအား အတင်းအဓမ္မ အိပ်ခိုင်းခဲ့ပြီး မယားငယ်များစွာလည်းရှိကြောင်း ပြောလာကြ၏။ ထိုမျှမက သူ့ကုမ္ပဏီထုတ်ကုန်များ၏ နောက်ဆက်တွဲဆိုးကျိုးနှင့် အန္တရာယ်များကို သတင်းရေးကြသောလူများလည်းရှိကြသည်။ အမှန်တရားနှင့် မုသားများ ရောယှက်ကုန်ပြီး ပြည်သူလူထု၏မျက်လုံးထဲတွင် ဖန်လီချင်း၏ဆိုးကွက်များသည် ကွက်ကွက်ကွင်းကွင်း ရုပ်လုံးပေါ်လာတော့၏။ တစ်စုံတစ်ဦးက သူ့ဖက်မှကာပြောပေးရန် ကြိုးစားလျှင်ပင် မဖြစ်နိုင်တော့ချေ။

ထုတ်ကုန်ပေါင်းများစွာရှိခဲ့သော ကုမ္ပဏီကြီးတစ်ခုသည် ရုတ်ချည်းဆိုသလို ကုန်တိုက်ပေါင်းများစွာ၏ စင်ပေါ်မှ ဖယ်ရှားခံလိုက်ရတော့သည်။ ဖန်လီချင်း၏ကိုယ်ပိုင်ဆိုင်များပင်လျှင် မဖွင့်နိုင်တော့သည်ဖြစ်ရာ အရှုံးမှာ မသေးလှချေ။

ဖန်လီချင်းသည် မိမိကိုယ်ကို ဆိုးရွားသောအခြေအနေထဲ ရောက်နေပြီဖြစ်ကြောင်း ခံစားမိလိုက်၏။

သို့ရာတွင် ပြည်သူလူထုဆိုသည်မှာ အမြဲတစေ မေ့လွယ်ပျောက်လွယ်ကြပေသည်။ သူသည် ဤအချိန်ကာလအား တင်းခံနိုင်သရွေ့ အနာဂတ်တွင် ပြန်လည်ထူထောင်နိုင်သေး၏။ အစာငတ်နေသော ကုလားအုပ်ပင်လျှင် မြင်းတစ်‌ကောင်ထက် ကြီးနေသေးသည်မဟုတ်လော။ သို့ရာတွင် ပြသာနာမှာ သူသည် ရှုမိသားစုအား စော်ကားခဲ့ကြောင်း လူတိုင်းကသိသွားပြီဖြစ်၏။ ရှုယွမ်ထက်ပါးစပ်မှ စကားတစ်ခွန်းမဟလျှင်ပင် သူ့ကုမ္ပဏီ၏စာရင်းများကို စုံစမ်းစစ်ဆေးမည့်လူများ ရှိနေလေပြီ။ အတွင်းရေးပြသာနာများပါမက အပြင်ပြသာနာများပါ ဖြေရှင်းနေရသဖြင့် သူသည် ခံနိုင်ရည်မရှိတော့ပါချေ။

ကျင်းယွင်ကျောင်းသည် မိမိကိုယ်တိုင် ဘာမှလုပ်စရာမလိုကြောင်း သိထား၏။ ဖန်လီချင်းသည် သူ၏သေတွင်းထဲသို့ တစ်လှမ်းချင်းစီ လျှောက်သွားနေလေပြီ။

ပြည်သူလူထုအမုန်းဆုံးအရာမှာ မည်သည့်အရာဖြစ်သနည်း။ လှည့်စားမှုဖြစ်ပေသည်။ လူ့အသက်တစ်ချောင်း ပါဝင်ပတ်သတ်နေသည့် ထိတ်လန့်စရာမုသားတစ်ခုဆိုလျှင် ပို၍ပင်ဆိုးသေး၏။

ဖန်လီချင်းသာ လျော်ကြေးအတွက်နှင့် ထိုကျောင်းသူလေးအား ချောက်မတွန်းခဲ့လျှင် သူမသည်လည်း မိမိကိုယ်ကိုအဆုံးစီရင်ဖြစ်မည်မဟုတ်ပေ။ သူမသည် လူထုဝေဖန်မှုကြောင့် သေဆုံးခဲ့ရ၏။ သူမအား လိုင်းပေါ်မှတိုက်ခိုက်သူများ၊ အပြင်လောက၌ ကျိန်ဆဲခဲ့သူများအားလုံးမှာ သူမကိုသတ်ခဲ့သော လူသတ်သမားများဟု ပြောနိုင်လျှင် ထိုလူသတ်သမားများအား တွန်းအားပေးခဲ့သောသူမှာ ဟိတ်ဟန်ကြီးလှသော ဥက္ကဌဖန်ဖြစ်ပေ၏။

ဖန်မိသားစုအိမ်တွင် အစေခံများအားလုံးနီးပါး ထွက်သွားလေပြီ။

ယခင်က ဖန်မိသားစုကဲ့သို့ ကြီးကျယ်ခမ်းနားသောမိသားစုတစ်စုတွင် ကလေးထိန်းရသည်မှာ လစာမြင့်မားရုံမက ဂုဏ်လည်းရှိပေသည်။ သို့သော် ယခုတွင် “ဖန်လီချင်း” ဟူသောစကားလုံးသုံးလုံးကို ကြားသည်နှင့် လူများသည် ချက်ချင်းဆိုသလို နှာရှုံ့သွားကြ၏။ မိမိအတွက် မည်သည့်ခံစားချက်မျိုးမှမရှိသော သူဌေးတစ်ဦးအတွက် အစေခံများသည်လည်း ဒုက္ခမခံလိုချေ။ တစ်ဦးပြီးတစ်ဦးဆိုသလို မဒမ်ဖန်ဆီမှ လစာကိုယူကာ သုတ်သီးသုတ်ပြာ ထွက်ကုန်ကြ၏။

“ဖင်ခေါင်းကျယ်နေတဲ့ကောင်တွေချည်းပဲ! ထွက်သွားချင်ရင် ထွက်သွားကြလေ၊ ဘာလို့သူတို့ကို လစာပေးနေသေးတာလဲ? အသုံးမကျတဲ့မိန်းမ!”

ဖန်လီချင်းသည် ဆိုဖာပေါ်တွင်ထိုင်ကာ ဒေါသထွက်လွန်းသဖြင့် သူ၏ခွက်ကို ပေါက်ခွဲလိုက်၏။

သူ၏အမွှာသားနှစ်ဦးသည် အကြောက်တရားဖြင့် ကုပ်သွားကာ မဒမ်ဖန်အနောက်တွင် ပြေးပုန်းကြတော့သည်။

မဒမ်ဖန်သည် ရိုးရှင်းစွာ ဝတ်စားထား၏။ သူမသည် ငယ်ရွယ်သည့်ပုံမ‌ပေါက်တော့ဘဲ အနည်းငယ်ကြောက်တတ်သည့်ဟန်ရှိသည်။ သူမသည် သူမရှေ့မှောက်ရှိအမျိုးသားအား စက်ဆုပ်မုန်းတီးနေကာ ဖန်မိသားစု၏ အိမ်ကြီးရှင်မ မဖြစ်လိုတော့ချေ။ မိမိကလေးများမဟုတ်သော အမွှာကောင်လေးနှစ်ဦးအပေါ်ပင် သူမသည် မနာလိုခြင်း၊ မကျေနပ်ခြင်းများ အလျဥ်းမရှိပေ။

“ရှင်လုပ်လို့ ကလေးတွေလန့်ကုန်ပြီ”

မဒမ်ဖန်၏အသံသည် အက်ရှရှဖြင့် အားပျော့နေ၏။ သူမသမီးဖြစ်သူမှ အမွှာကောင်လေးနှစ်ဦးကို ခေါ်သွားပြီးနောက် သူမဆက်ပြောလိုက်သည်။

“ရှင်းနင်းနဲ့ ရှင်း‌ဟောင်ကို သူတို့အမေဆီပို့လိုက်ပါလား”

“ဘာတွေပြောနေတာလဲ? ငါ့သားတွေလေ! ဘာလို့ အဲဒီခွေးမဆီ ပေးပစ်လိုက်ရမှာလဲ! မင်းအိမ်မှာ တစ်နေ့လုံး ဘာတွေစဥ်းစားပြီးနေနေတာလဲ? အခုချိန်မှာ ငါ့ကိုဒုက္ခတွေ ထပ်မပေးလို့ မရဘူးလား?!”

ဖန်လီချင်းငေါက်လိုက်၏။

မဒမ်ဖန်၏ခန္ဓာကိုယ်သည် မသိစိတ်ကြောင့် တောင့်တင်းသွားသော်လည်း အလျင်အမြန်ပင် ဖြေလျှော့လိုက်သည်။ သူမသည် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။

“ဖန်လီချင်း စိတ်ကူးယဥ်မနေနဲ့တော့၊ အချိန်ရှိတုန်း ကလေးနှစ်ယောက်ကို ပို့လိုက်! ကျွန်မဆက်သည်းမခံနိုင်တော့ဘူး၊ ဒီနှစ်တွေတစ်လျှောက်လုံး ရှင့်မယားငယ်တွေ၊ ရှင့်တရားမဝင်ကလေးတွေကို သည်းခံခဲ့ရရုံမက အခု တခြားမိန်းမကမွေးတဲ့ သားတွေကိုပါ ပြုစုပေးနေရပြီ၊ ကျွန်မက ဒီမိသားစုထဲမှာ ကလေးထိန်းလောက်တောင် လူရာမဝင်ဘူး၊ ကွက်တိပဲ အခုချိန်မှာ ကွာရှင်းလိုက်ရအောင်၊ အခုကစပြီး ရှင်လည်း ရှင့်လမ်းရှင်သွား ကျွန်မလည်း ကျွန်မလမ်းကျွန်မသွားမယ်၊ ကျွန်မတို့ နောက်ထပ်တွေ့စရာ အကြောင်းမရှိဘူး၊ ကျွန်မသမီးလည်း ကြီးလာပြီဆိုတော့ ကျွန်မလည်း သိက္ခာတွေ ငဲ့မနေတော့ဘူး”

“ဖြန်း!”

မဒမ်ဖန်စကားပြောပြီးသည်နှင့် ဖန်လီချင်းသည် သူမထံဝုန်းဒိုင်းကြဲလာကာ ကြမ်းတမ်းစွာ ပါးကိုရိုက်ချလိုက်၏။

“မင်းသေချင်နေပြီထင်တယ်! မင်းကိုယ်မင်း မှန်ထဲပြန်ကြည့်ပြီး အသိတရားဝင်အောင်လုပ်စမ်း! ငါတောင် မင်းကိုမငြီးငွေ့သေးတာကို မင်းကများ ငါ့ကိုကွာရှင်းမယ်တဲ့လား! ထွက်သွားစမ်း! မင်းဆက်စကားပြောနေရင် မင်းကိုရိုက်သတ်ပစ်မယ်!”

Space and Rebirth 1036

ယခင်ကအတိုင်းဆိုလျှင် မဒမ်ဖန်သည် စကားတစ်ခွန်းမျှ ဆက်ဟရဲမည်မဟုတ်ပေ။ သို့သော် ယခုတွင် သူမသည် သတ္တိရှိနေလေပြီ။

ယခင်က ဖန်လီချင်းသည် လူတိုင်းလေးစားရသော သူဌေးတစ်ဦးဖြစ်၏။ ထိုအချိန်က သူမသမီးဖြစ်သူလည်း ငယ်ရွယ်သေးသည်။ ကွာရှင်း၍တရားရင်ဆိုင်ရလျှင် သူမသည် သူမသမီးဖြစ်သူအား အုပ်ထိန်းပိုင်ခွင့်လျှောက်ရန် ငွေအင်အားရော အာဏာပါမရှိသဖြင့် သူမသည် ကြိတ်မှိတ်သည်းခံနေခဲ့ရသည်။ သူမခင်ပွန်းအပေါ် ခံစားရသော ရွံရှာစက်ဆုပ်မှုများကို အောင့်အည်းနေခဲ့ရလေသည်။ သို့သော် ယခုတွင် ထိုသို့မဟုတ်တော့ချေ။ သူမသမီးမှာလည်း လူကြီးဖြစ်နေပြီး ဖန်လီချင်းသည်လည်း မကြာခင်တွင် နန်းကျပေတော့မည်။

ရှုမိသားစုအိမ်တွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို သူမသမီးဖြစ်သူမှ သူမအား ပြောပြီးလေပြီ။

ထိုအချိန်က ဖန်လီချင်းသည် အာဏာရှိလူကုံထံမိသားစုအား စော်ကားလိုက်ပြီဖြစ်ကြောင်း သူမသိလိုက်၏။ ဖန်လီချင်းသည် ခေါင်းသုံးလုံးနှင့် လက်ခြောက်စုံအပိုပါနေလျှင်ပင် ဤကိစ္စအား ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ကွာရှင်းပြီးသောအခါ၌ သူမသမီးဖြစ်သူနှင့် သူမကိုယ်တိုင် ဖန်လီချင်း၏ခြိမ်းခြောက်မှုအား ခံရမည်ကိုလည်း စိတ်ပူစရာမလိုတော့ချေ။ အရာအားလုံးသည် ကောင်းသောနေရာတစ်ခုသို့ ဦးတည်သွားနေ၏။

သူမ၏အလိုဆန္ဒသည် ရုတ်ချည်းဆိုသလို ပြည့်ဝသွားလိမ့်မည်ဟု သူမစိတ်ပင်မကူးရဲခဲ့ချေ။ ဤဘဝသက်တမ်းတွင် ဖန်မိသားစုအား လွတ်မြောက်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ဤယောက်ျားသေအောင် စောင့်ရန်သာဖြစ်သည်ဟု သူမထင်ခဲ့ဖူး၏။

“ဖန်လီချင်း ရှင်ကျွန်မကိုရိုက်သတ်ရင်တောင် ကျွန်မတော့ ရှင့်ကိုကွာရှင်းမှာပဲ၊ ဒါမပြောခင်ကတည်းက ကျွန်မကြိုတင်ပြင်ဆင်ပြီးပြီ၊ ကျွန်မရှေ့နေလည်း အခုဒီကိုလာနေပြီ၊ ပြီးတော့ ရှင့်တရားမဝင်ကလေးတွေနဲ့ ကျွန်မကိုပါးရိုက်တာအတွက်လည်း ကျေးဇူးတင်ရဦးမယ်၊ ဒီအရာတွေကြောင့် ကျွန်မသမီးနဲ့ထိုက်တန်တဲ့အရာကို ပြန်ယူပိုင်ခွင့် ကျွန်မမှာ ရှိသွားပြီ”

မဒမ်ဖန်သည် သူမမျက်နှာကို ဆုပ်ကိုင်ကာ နှုတ်ခမ်းစွန်းမှ သွေးစသွေးနများ ထွက်လာသည်ကို ခံစားမိလိုက်သည်။

ဖန်မိသားစု၏ ဘဏ္ဍာများ ပျက်စီးကုန်ဆုံးမည်မှာ မကြာတော့ကြောင်း သူမသိနေသော်လည်း သူမသမီး၏သိက္ခာသည် အရာအားလုံးထက် အရေးကြီးပေသည်။

ဤသက်သေအထောက်အထားဖြင့်ဆိုလျှင် သူမနှင့် သူမသမီးသည် အကြမ်းဖက်ခံရသူများဖြစ်ပြီး သိပ်မထိခိုက်လောက်ချေ။ သူမသမီးသည် ကျောင်းတွင် ပညာထူးချွန်သူဖြစ်ကာ ပညာသင်ဆုလည်းရရှိထား၏။ အနာဂတ်တွင် နိုင်ငံခြားသို့ပင် ပညာတော်သင်ပို့နိုင်သည်။ သူမ၏အနာဂတ်မှာ ကန့်သတ်ချက်များမရှိတော့ချေ။

ဖန်လီချင်းသည် ၎င်းကိုကြားသောအခါ သူမပြောသောစကား၏အဓိပ္ပာယ်ကို ချက်ချင်းဆိုသလို နားလည်သွား၏။ သူသည် အမျက်ချောင်းချောင်းထွက်ကာ အတန်ငယ်မယုံကြည်နိုင်ဖြစ်နေသည်။

ဤအမျိုးသမီးမှာ သူ၏ဖခင်မှ သူ့အားပေးစားထားသောသူဖြစ်၏။ သူ၏ဖခင်စကားအရ ဤမိန်းမသည် ချွေတာစုဆောင်းတတ်ပြီး စာရိတ္တကောင်းမွန်ပေသည်။ သူသည် သူမအား သိပ်သ‌ဘောမကျလျှင်ပင် အမျိုးသမီးတစ်ဦးဖြစ်နေဆဲဖြစ်သဖြင့် လက်ခံလိုက်ပေသည်။ သူမ၏စရိုက်မှာ မဒမ်ဖန်ဖြစ်ရန် အလွန်ပင်သင့်တော်လှပြီး သူ့အား ပြန်အာခံနိုင်စွမ်းလည်းမရှိချေ။ တစ်နေ့တွင် ရုတ်ချည်းဆိုသလို သူ့အား ဤသို့ထပြောလိမ့်မည်ဟု သူမထင်ခဲ့ပါပေ။ ထိုအချိန်မှာလည်း သူဒုက္ခအရောက်ဆုံးအချိန်ဖြစ်၏။

သူသည် ချက်ချင်းဆိုသလို လက်ကိုလှမ်း၍ သူ၏ဇနီးကို ဖမ်းဆုပ်ပြီး ရိုက်ရန်ဟန်ပြင်လိုက်သည်။ မလှမ်းမကမ်းတွင် ရှိနေသော ဖန်ဝေဝေသည် ဤအရာကိုမြင်ပြီး သူမအမေအား ကူညီရန် အပြေးအလွှားရောက်လာ၏။

“ကောင်မစုတ်လေး၊ မင်းကများ ကိုယ့်အဖေကို အာခံရဲတယ်၊ ဒီနေ့ မင်းကို သင်ခန်းစာကောင်းကောင်းပေးမှဖြစ်မယ်!”

ဖန်လီချင်း ပို၍ပင်ဒေါသထွက်သွား၏။ နှစ်ယောက်လုံးကို တစ်ပါတည်းရိုက်နှက်ရန် ကြိုးစားတော့သည်။

ဖန်မိသားစုထဲတွင် လူများစွာမကျန်တော့သော်လည်း လစာများသော လုံခြုံရေးအစောင့်များ အနည်းငယ်ရှိနေသေး၏။ လုံခြုံရေးများသည် ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကြားသောအခါ လာရောက်ကြည့်ရှုကြတော့သည်။ ထိုအခါ သူတို့သည် ထိတ်လန့်သွားကြ၏။သူတို့သည် အချင်းချင်းကြည့်လိုက်ကြပြီး မည်သို့လုပ်ရမည်ကို မသိတော့ပေ။ ခေတ္တအကြာတွင် သူတို့ထဲမှတစ်ဦးသည် ဆက်မကြည့်ရက်တော့သဖြင့် အလျင်အမြန်ပင် သားအမိနှစ်ဦးအား သွားရောက်ကူညီကာ ဖန်လီချင်းအား ဆွဲဖယ်လိုက်သည်။

လုံခြုံရေးအစောင့်မှာ အရပ်ရှည်ပြီးသန်မာသောကြောင့် ဖန်လီချင်းမှာ သူ့ကိုအားချင်းမယှဥ်နိုင်ချေ။

ဖန်လီချင်းပါးစပ်မှ ဆဲဆိုသံများ နောက်တစ်ဖန် တရစပ်ထွက်လာတော့၏။

ဖန်လီချင်းအိမ်အား သတင်းထောက် တော်တော်များများက ဝန်းရံနေလေသည်။ လုံခြုံရေးအစောင့်များသည်လည်း ခွင့်ပြုချက်မရဘဲ မိမိတို့နေရာမှ ထွက်သွားသောကြောင့် ထိုသတင်းထောက်များအား တားမည့်သူမရှိတော့ချေ။ ရလဒ်အနေဖြင့် ဖန်လီချင်း၏ကြမ်းကြုတ်သောစရိုက်သည် ကင်မရာထဲတွင် အတိုင်းသားပေါ်သွားတော့သည်။

သားအမိနှစ်ဦးသည် တစ်ဦးကိုတစ်ဦးဖက်ပြီး ခါးသက်စွာ ငိုကြွေးကြ၏။ သူတို့၏ဖူးယောင်ကိုင်းနေသော မျက်နှာများမှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းနေလေသည်။ အမွှာကောင်လေးနှစ်ဦးမှာလည်း အိပ်ရာပေါ်တွင် ကြောက်လွန်းသဖြင့် ခွေနေကြပြီး သနားစရာကောင်းသည့်ပုံပေါက်နေ၏။

ဤသတင်းထောက်များသည် ဖန်လီချင်းနှင့်ပတ်သတ်ပြီး သတင်းအသစ်မရရှိမည်ကို စိတ်ပူနေခဲ့သော်လည်း ယခု အခွင့်အရေးရပြီဖြစ်သောကြောင့် ၎င်းအား အသုံးမချလျှင် နှမြောစရာကောင်းပေတော့မည်။

မကြာမီတွင် ဖန်လီချင်းသည် မိမိဇနီးနှင့် သမီးကို အကြမ်းဖက်နေကြောင်း နောက်ထပ်ပြစ်မှုတစ်ခုကို လူထုက သိရှိသွားတော့၏။

မဒမ်ဖန်သည် ချက်ချင်းဆိုသလိုပင် ကွာရှင်းရန် တရားခွင်၌ လျှောက်ခဲ့သည်။ ထိုအရာပြီးဆုံးရန် အချိန်တစ်ခုကြာမည်ဆိုသော်လည်း သူမအနာဂတ်မှာ တောက်ပနေဆဲဖြစ်၏။

တစ်ချိန်တည်းတွင်ပင် ထျန်းလင်မယားသည် ဤသတင်းကို တွေ့လိုက်ရသည်။ မိမိတို့ မြေးများက ချောင်တစ်နေရာတွင် ငိုကြွေးနေသည့်ပုံအား မြင်လိုက်ရသောအခါ သူတို့သည် အလွန်တရာပင် စိတ်ဆင်းရဲသွားကြ၏။ စဥ်းစားကြည့်လိုက်သောအခါ သူတို့အား ယခုအချိန်တွင် ကလေးများကို ပြန်တောင်းဆိုလိုက်လျှင် ဖန်လီချင်းထံမှ ကလေးထောက်ပံ့စရိတ်ကြီးကြီးမားမား ရနိုင်လောက်ပေမည်။ ထို့ကြောင့် သူတို့သည်လည်း ပါဝင်ပတ်သတ်ရတော့၏။ ဤမိဘများသည် အချို့ကိစ္စများအား ကောင်းကောင်းနားမလည်သည်မှာ စိတ်ကောင်းစရာပင်။

ဖန်လီချင်းသည် အမှန်တကယ်ပင် ချမ်းသာကြွယ်ဝခဲ့သော်လည်း ယာယီသာဖြစ်ခဲ့၏။

All Chapters