← Chapters

အခန်း (၁၀၃၇-၁၀၄၀)

Vol. 52 Ch. 1037-1040

အခန်း (၁၀၃၇-၁၀၄၀)

Vol. 52 Ch. 1037-1040

Space and Rebirth 1037

ထျန်းရှီ၏မိဘများနှင့် ယှဥ်လိုက်လျှင် မိမိသားများအပေါ်ထားရှိသော ထျန်းရှီ၏စိတ်ထားမှာ ပို၍ကောင်းပေ၏။ သူမသည် ဤရက်ပိုင်းအတွင်း စိတ်လွတ်ကာ ရူးကြောင်ကြောင်ဖြစ်နေခဲ့သော်လည်း သူမသားများကြောက်ရွံ့တုန်လှုပ်နေပုံကို မြင်လိုက်ရသောအခါ လူရုပ်ပင်မထွက်တော့သည်ထိ ငိုချလိုက်တော့သည်။

သူမသည် တစ်ကိုယ်ကောင်းဆန်ပြီး ငွေကိုချစ်မြတ်နိုးသော်လည်း ချစ်ခြင်းမေတ္တာနှင့် မိသားစု၏နွေးထွေးမှုကို တောင့်တသောအချိန်များလည်းရှိခဲ့၏။ ဤနှစ်ပိုင်းအတွင်း သူမလုပ်ခဲ့သောအမှားများကြောင့် သူမသည် မိမိသိက္ခာနှင့် အဆင့်အတန်းကို ဆုံးရှုံးခဲ့ရသည်။ သူမသည် မခံမရပ်နိုင်လောက်အောင် ရွံရှာဖွယ်ကောင်းသော မိမိခန္ဓာကိုယ်ကိုပင် မနှစ်မြို့တော့ချေ။ သူမကလေးများမှာ ငယ်သေးသော်လည်း မိခင်အတွက် တွေးပေးရကောင်းမှန်းသိကြ၏။ အမြဲတစေ သူမအား ရန်စကားပြောပြီး ငွေရပေါက်တစ်ခုအဖြစ် ထိန်းချုပ်ရန် ကြိုးစားသော သူမမိဘများကဲ့သို့ မဟုတ်ပေ။

ဖန်လီချင်း၏ပြစ်မှုသတင်းများ လှည့်ပတ်စီးဆင်းနေသည်မှာ ရက်ပိုင်းလောက်ရှိချေပြီ။ ဖန်အိမ်တော် ပြိုကွဲမည့်အရိပ်အယောင်များကိုလည်း မြင်နေရတော့၏။

သို့ရာတွင် ယခုအချိန်၌ ဖန်လီချင်းသည် မတူညီသောလူအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

အခြားကုမ္ပဏီများ၏ ဖိနှိပ်မှုဒဏ်ကို စတင်ခံစားရပြီးကတည်းက ဤစည်ကားသိုက်မြိုက်သော နှစ်သစ်ကူးအချိန်သည်လည်း သူ့အား ပျော်ရွှင်မှု မြူမှုန်တစ်မှုန်စာမျှ မပေးနိုင်တော့ချေ။ အတိုင်းမသိသော စိတ်ဆင်းရဲမှု၊ နာကျင်မှုများကိသာ ခံစားနေရ၏။

သေးငယ်လှသော ဖန်လီချင်းမိသားစုသည် ကုမ္ပဏီကြီးများစွာ၏ တိုက်ခိုက်မှုကို ရင်မဆိုင်နိုင်ပါပေ။ များမကြာမီတွင်ပင် သူတို့သည် လုံးဝပြိုလဲသွားတော့၏။ ဖန်လီချင်းရှယ်ယာဝင်ထားသော မီဒီယာကုမ္ပဏီမှ တာဝန်ရှိသူမှာလည်း အခြားသူများ၏ သိက္ခာကို စွန်းထင်းစေမှု၊ လူသေစေမှု၊ မဟုတ်မမှန်သော သတင်းများလွှင့်မှုဖြင့် ဖမ်းဆီးခံလိုက်ရသည်။ သူတို့၏ ရှယ်ယာစျေးများ ထိုးကျသွားပြီး အကြွေးများလည်းပုံလာကာ လင်မယားနှစ်ဦးသည်လည်း ကွာရှင်းလိုက်တော့သည်။ သူ၏ချစ်လှစွာသော သားများပင်လျှင် သူယခင်က အထင်သေးခဲ့သောအမျိုးသမီး၏ လက်ထဲသို့ကျရောက်သွားချေပြီ။ သူသည် တစ်နေ့တည်းဖြင့် နတ်ပြည်မှ ငရဲပြည်သို့ ထိုးဆင်းကျသွားတော့၏။

ဖန်လီချင်း အမုန်းဆုံးသူမှာ မည်သူနည်းဟုမေးလျှင် ကျင်းယွင်ကျောင်းနှင့် ပိုင်ယွီအန်းဟု ဖြေပေမည်။

ဖန်လီချင်း၏မိသားစုပိုင်ဆိုင်မှုများ လက်ဝါးကြီးအုပ်ခံရပြီး သူလမ်းဘေးရောက်သည့်အခိုက်အတန့်၌ ပိုင်ယွီအန်းသည် ပလွှားသောမျက်နှာထားဖြင့် သူ၏ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။ ယခင်ကဆိုလျှင် ဤသည်မှာ မဖြစ်နိုင်ပါချေ။

ပိုင်ယွီအန်းသည် လူကြီးလူကောင်းပီသသောလူဖြစ်၏။ ကျင်းယွင်ကျောင်းသာ မြေပြင်ပေါ်လဲနေသောသူကို ထပ်ဆင့်ရိုက်နိုင်သော်လည်း သူသည် ထိုသို့သောလူမဟုတ်ပါပေ။

ကျင်းယွင်ကျောင်းသည် အခြားသူများမှ သူမအား မချေမငံဆက်ဆံသည်ကို ဂရုမစိုက်ချေ။ အခြားသူများမှ သူမအား အထင်လွဲပြီး သဘောမကျဘဲနေသည်ကိုလည်း ဂရုမစိုက်ချေ။ သို့သော် သူမအား စော်ကားအနိုင်ကျင့်သောလုပ်ရပ်ကိုမူ သည်းမခံနိုင်သူဖြစ်၏။ ဖန်လီချင်းသည် သူမအား စော်ကားမော်ကား ပြောခဲ့သည်ဖြစ်၍ မသေမချင်း အနှိပ်စက်ခံရန် အသင့်ပြင်ထားသင့်ပေသည်။

သူမသည် ထိုသို့အငြိုးကြီးသူဖြစ်၏။ အဘယ်သို့တတ်နိုင်မည်နည်း။

ပြိုလဲသွားပြီဖြစ်သော ဇာမဏီငှက်မှာ ကြက်တစ်ကောင်ထက်ပင် နိမ့်ကျသေး၏။ ငွေကြေးနှင့် အာဏာမရှိတော့သဖြင့် ဖန်လီချင်းသည် ဘဝကို လွယ်လွယ်ကူကူမဖြတ်သန်းနိုင်တော့ပေ။

သူယခင်က အထင်သေးဖိနှိပ်ခဲ့သော အမျိုးသမီးများဖြင့်ပင် သူသေချင်စော်နံနေလောက်ပေပြီ။

ဖန်လီချင်းကဲ့သို့လူမျိုးသည် မိမိမုန်းသောလူက မိမိအပေါ်တွင်ရပ်နေကြောင်း၊ ထိုလူအား ဤဘဝတွင် ကျော်လွန်နိုင်စွမ်း မရှိကြောင်း သိမှသာ ငြိမ်ကျသွားပေမည်။

ထျန်းမိသားစုအတွက်မူ ကလေးနှစ်ဦး ထပ်မံရောက်ရှိလာပေပြီ။ ရက်ပိုင်းခန့် ပျော်ရွှင်ကြပြီးနောက် ထျန်းလင်မယားသည် လက်တွေ့ဆန်သောပြသာနာတစ်ခုကို စဥ်းစားမိလိုက်ကြသည်။

နှစ်ဦးသားသည် အသက်ကြီးပြီဖြစ်ကာ သူတို့၏ပင်စင်လစာမှာလည်း သနားစရာကောင်းလောက်အောင် နည်းပေသည်။ နောက်ထပ်မြေးနှစ်ဦး ပြုစုပျိုးထောင်ရန် အလွန်ပင်ခက်ခဲသောအရာဖြစ်၏။

“အားရှီ နင်ကငယ်သေးတာပဲ၊ တစ်ယောက်ယောက်ရှာပြီး မြန်မြန်လက်ထပ်လိုက်၊ ငါနင့်ကိုအစကတည်းက ဘာလို့မွေးခဲ့မိမှန်း မသိပါဘူးအေ...”

မိခင်ထျန်းမှ မကျေမနပ်ဖြင့် ရေရွတ်လိုက်၏။

သူမသည် သူမသမီးကို အလိုလိုက်သေးသော်လည်း အချိန်ကြာမြင့်စွာ ထျန်းရှီကိုကြည့်ပြီးနောက် အာရုံနောက်လာတော့၏။

အထူးသဖြင့် ပိုင်ယွီအန်းမှ အလွန်ကောင်းစားနေသော ယခုအချိန်တွင် သူမသမီးမှာ သတင်းများကြောင့် မိမိဆွေမျိုးများ၊ သူငယ်ချင်းများကိုပင် မတွေ့နိုင်ချေ။ သူမသည် မိသားစုတစ်စုလုံးကို ဆုံးရှုံးလိုက်ရချေပြီ။ ထျန်းရှီသာ ဘဝကို အသစ်တစ်ဖန်ပြန်စနိုင်လျှင် ကောင်းမည်ဟု သူမစိတ်ထဲတွင် တွေးနေမိ၏။ သူမတွေးကြည့်လေလေ စိတ်ဆင်းရဲလေလေဖြစ်သည်။

ထျန်းရှီသည် ၎င်းကိုကြားသောအခါ အသက်မဲ့သောမျက်နှာဖြင့် သူမမိဘများကိုကြည့်ပြီး သူတို့ထံလျှောက်သွားလိုက်သည်။

“အမေ သမီးပိုက်ဆံလိုချင်တယ်”

“ဘာလို့ပိုက်ဆံထပ်လိုချင်ပြန်တာလဲ?!”

မိခင်ထျန်းသည် ၎င်းကိုကြားသောအခါ ချက်ချင်းဒေါသပုန်ထသွားတော့သည်။

“ပေးမှာလား မပေးဘူးလား? မပေးရင် ဒီကလေးတွေရဲ့ မျိုးရိုးနာမည်ကို ပြောင်းပစ်မယ်”

ထျန်းရှီသည် သူမမိဘများ၏ပျော့ကွက်ကို နင်းမိနေလေပြီ။

“ဒီတစ်ခေါက်ရော ဘယ်လောက်လိုချင်တာလဲ?”

မိခင်ထျန်းသည် အနည်းငယ်မကျေမနပ်ဖြစ်နေ၏။

သို့သော် သူမသည် ဤဘဝတွင် သားတစ်ဦးမမွေးပေးနိုင်ခဲ့သည်ကို သူမယောက်ျားဖြစ်သူမှ မကျေနပ်ဆုံးဖြစ်ကြောင်း သိထားလေသည်။ ကံကောင်းစွာဖြင့် သူမမြေးများမှာ ယောက်ျားလေးနှစ်ဦးဖြစ်သောကြောင့် ထျန်းမိသားစုသည် အနာဂတ်တွင် အမွေဆက်ခံသူရှိနိုင်လေပြီ။ ထို့ကြောင့် ထျန်းမျိုးရိုးနာမည်အဖြစ် ပြောင်းလဲထားလေ၏။

“ယွမ်သုံးသောင်း”

ထျန်းရှီ တဲ့တိုးပြောချလိုက်သည်။

Space and Rebirth 1038

ယွမ်သုံးသောင်းဟူသည်မှာ ထျန်းမိသားစုအတွက် သေးငယ်သောငွေပမာဏမဟုတ်ပေ။ ထို့အပြင် ထျန်းရှီမှာ ဤရက်ပိုင်းအတွင်း အကြောင်းပြချက်မျိုးစုံဖြင့် ငွေကိုတောင်းနေခဲ့လေသည်။ အစက သူမသည် သူမကလေးများအား အုပ်ထိန်းခွင့်ရရှိိရန် ဖန်လီချင်းအား တရားစွဲမည်ဟု ပြောခဲ့၏။ ထို့ကြောင့် ထျန်းမိဘများသည် သူမကို ငြင်းဆန်မနေဘဲ ယွမ်တစ်သိန်းအား တစ်ခါတည်းထုတ်ပေးခဲ့သည်။ မကြာမီတွင် သူမကလေးများအား တစ်ကိုယ်လုံးကျန်းမာရေး စစ်ဆေးချက်ပြုလုပ်ချင်သည်ဟု ပြောခဲ့သည်။ ဤအရာမှာလည်း ကျိုးကြောင်းဆီလျော်သည်ဟု သူတို့တွေးမိသဖြင့် သူမအား နောက်ထပ် ယွမ်တစ်သိန်းထပ်ပေးခဲ့သည်။

နေ့တိုင်းဆိုသလို သူတို့သဘောမတူချင်ဘဲတူရသော အကြောင်းပြချက်များစွာ ရှိခဲ့၏။ စုစုပေါင်းအနေဖြင့် သူတို့သည် သူတို့သမီးအား ယွမ်နှစ်သိန်းခန့် ပေးထားနှင့်လေပြီ။

ယခုမူ ထျန်းရှီသည် သူတို့ဆီမှ ငွေထပ်တောင်းနေပြန်၏။ တစ်ခုခုမှားနေကြောင်း ထျန်းလင်မယားခံစားလိုက်ရတော့သည်။

“မင်းငွေကုန်သွားပြန်ပြီလား အားရှီ၊ ရှေ့နေစရိတ်နဲ့ အားလုံးကုန်သွားတာလား? ယုံတောင်မယုံနိုင်ဘူး၊ စာရင်းဇယားပြန်ပြစမ်း!”

ဦးလေးထျန်းမှ ချက်ချင်းဆိုသလို ပြောလိုက်၏။

ထျန်းရှီသည် ၎င်းကိုကြားသောအခါ အေးတိအေးစက်ဖြင့် ခနဲ့သံပြုလိုက်သည်။

“ဟင့်အင်း!”

ဦးလေးထျန်းသည် သူမအား ရိုက်တော့မည့်ဟန်ပြင်လိုက်၏။ ထျန်းရှီသည် ၎င်းကိုမြင်သောအခါ သူမသားနှစ်ဦးအား တံခါးအပြင်ဘက်သို့ ဆွဲထုတ်သွားတော့သည်။

“သမီးရဲ့ကလေးတွေကို စျေးဝယ်ထွက်ခေါ်သွားဦးမယ်၊ သမီးကို ရိုက်ချင်ရင်တောင် နောက်မှပြောကြတာပေါ့!”

ဦးလေးထျန်း၏ဒေါသသည် ရင်ဘတ်တွင် တစ်ဆို့သွားပြီး အပြင်သို့မအန်ထွက်လိုက်ရချေ။

ထျန်းရှီ ထွက်သွားပြီးနောက် သူတို့သည် သူမသတင်းကို မကြားရတော့ဘဲ ဖြစ်ကုန်၏။ သူတို့လက်ထဲမှ မြေးယောက်ျားလေးများလည်း ပျောက်ဆုံးသွားပြီး စိတ်ပူပန်လွန်း၍ ရူးမတတ်ဖြစ်သွားကြသည်။ အရေးအကြီးဆုံးအချက်မှာ သူတို့အိုနာသေလျှင် မည်သူက သူတို့ကို စောင့်ရှောက်ပေးမည်နည်း? သို့ရာတွင် သူတို့မည်မျှပင် ဒေါသထွက်စေကာမူ သူမကိုရှာမတွေ့ချေ။ မသိလျှင် ထျန်းရှီသည် ဤကမ္ဘာမြေပြင်ပေါ်မှ ပျောက်ကွယ်သွားသကဲ့သို့ပင်။

ထျန်းရှီသည် မထွက်သွားခင်တွင် ပိုင်ယွီအန်းကို မက်ဆေ့ချ်တစ်စောင် ပို့ခဲ့၏။ “ကျွန်မတောင်းပန်ပါတယ်” ဟူသော စကားတစ်ခွန်းကိုသာ ရေးထားသည်။

သို့ရာတွင် မက်ဆေ့ချ်ဖြစ်စေ ဖုန်းဖြစ်စေ ပိုင်ယွီအန်းမှာ ထျန်းရှီ၏နာမည်ကို လုံးစုံ ဘလော့ထားလေသည်။ ထို့ကြောင့် သူသည် မည်သည့်စာကိုမှ မရရှိလိုက်ချေ။ သူသည် ဤလူနှင့် ရေစက်ကုန်ခမ်းသွားပြီဖြစ်၏။

နှစ်သစ်ကူးပွဲအပြီးတွင် အရာအားလုံးသည် ဖြည်းဖြည်းချင်းငြိမ်ကျသွားတော့သည်။ ကျင်းယွင်ကျောင်းသည် စာအုပ်များကိုဖတ်ခြင်း၊ ဆေးပညာလေ့လာခြင်း၊ ချစ်ခြင်းမေတ္တာများကို ခံယူခြင်းဖြင့် ဘဝကိုဖြတ်သန်းနေ၏။ သူမနေ့ရက်များသည် အလွန်ပင် အားရပီတိဖြစ်ဖွယ်ကောင်းလှသည်။

ကျောင်းပြန်မစခင်တွင် သူမသည် ရှောင်ဟိုင်ချင်းအလုပ်မရှုပ်မည့်တစ်ရက်ကို ချိန်းချက်ကာ ရှန်တုန်းရှိရာဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့၏။ သူမအကြီးဆုံးဦးလေးဖြစ်သူမှ သူမအား ဆေးရုံသို့ ကားမောင်းပို့ခဲ့လေသည်။

မကြာသေးမီကပင် လူနာဆောင်တွင် ပြည့်နှက်နေခဲ့သော ရှန်တုန်းသူငယ်ချင်းအရေအတွက်မှာ လျော့နည်းသွားလေပြီ။ နှစ်သစ်ကူးအပြီးတွင် လူတိုင်းက ပိုမိုအလုပ်ရှုပ်ကြသောကြောင့်ဖြစ်သည်။ ရှန်တုန်း၏ဝန်ထမ်းများသည် သူမအား ပြုစုဂရုစိုက်ရန် ကျွမ်းကျင်သူနာပြုတစ်ဦးအား ငှားရမ်းခဲ့၏။ ထိုမျှမက သူမသားသည်လည်း နိုင်ငံခြားမှ ပြန်ရောက်လာပြီဖြစ်သောကြောင့် လူတိုင်းစိတ်အေးလက်အေးရှိနိုင်ပေပြီ။

ရှန်တုန်းသည် သတိမေ့မျောနေဆဲဖြစ်သည်။ ကျင်းယွင်ကျောင်းရောက်လာသောအချိန်တွင် သူမသည် လူနာကုတင်ပေါ်၌ လှဲလျောင်းနေလေသည်။ သူမမျက်နှာမှာ သွေးဆုပ်နေပြီး အလွန်တရာပင် သနားဖွယ်ကောင်းလှသည်။ IV Drip ချိတ်ထားသောကြောင့်သာ အသက်ဆက်နေနိုင်ခြင်းဖြစ်၏။ သူမနံဘေးတွင် အသားဖြူလျသောကောင်လေးတစ်ဦး ထိုင်နိုင်သည်။ သူ၏ပုံစံမှာ စိုးရိမ်ပူပန်နေကာ ပင်ပန်းနေဟန်ရ၏။

ဤကောင်လေးမှာ အန်တီတုန်း၏သားဖြစ်သူ ရှန်ဟုန်သာဖြစ်ရမည်။

ယခင်က ဟော်ထျန်းရှန်းပါးစပ်မှ ဤကောင်လေး၏နာမည်ကို သူမမကြာခဏကြားဖူး၏။ သူသည် နိုင်ငံခြားတွင် အလွန်အဆင်ပြေနေကြောင်း၊ အသက် ၂၁-၂၂ ခန့်ရှိကာ နိုင်ငံရပ်ခြားရှိ နာမည်ကြီးတက္ကသိုလ်တစ်ခုတွင် ကျောင်းတက်နေကြောင်း စသည်တို့ဖြစ်၏။ သူသည် မကြာမီတွင် ဘွဲ့ရတော့မည်ဖြစ်ကာ ပြိုင်ပွဲပေါင်းများစွာတွင်လည်း ယှဥ်ပြိုင်ခဲ့ဖူး၏။ သူသည် ဆယ်ကျော်သက်အရွယ်ကတည်းကပင် ဆုများစွာကို ဆွတ်ခူးခဲ့ဖူးသည်။ ရှန်တုန်း ဂုဏ်အယူရဆုံးသားပင် ဖြစ်ပေသည်။

သို့ရာတွင် ကျင်းယွင်ကျောင်းသည် သူ့အား ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

ရှန်ဟုန်သည် တစ်စုံတစ်ယောက်လာနေကြောင်း မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလိုထကာ နှုတ်ခွန်းဆက်လိုက်သည်။

ရှုယွမ်ထက်သည် လူကြီးတစ်ဦးဖြစ်သည်မဟုတ်လော။ သူသည် ကုတင်ပေါ်တွင်ရှိသောလူနှင့် ရင်းနှီးမှုမရှိသည့်အပြင် ရှေ့မှောက်ရှိကောင်လေးကိုလည်း မသိသော်ငြား သူ၏ဦးလေးဖြစ်နေသေးသည့်အတွက် သူ့ဖက်မှပင် စတင်မေးမြန်းလိုက်သည်။

“မင်း...မင်းအမေဘယ်လိုလဲ?”

“သူ့အခြေအနေက တည်ငြိမ်သွားပြီလို့တော့ ဆရာဝန်ကပြောပေမယ့် သူနိုးလာမှသေချာသိရမှာပဲ၊ ဆယ်ရက်လည်းဖြစ်နိုင်သလို လဝက်လောက်လည်း ကြာနိုင်တယ်၊ တစ်နှစ်လည်းဖြစ်နိုင်သလို ဘယ်တော့မှ မနိုးလာနိုင်တာလည်း ဖြစ်နိုင်တယ်တဲ့လေ”

ရှန်ဟုန် ခါးသက်စွာ ပြုံးလိုက်၏။

သူသည် ငယ်စဥ်ကတည်းကပင် နိုင်ငံရပ်ခြားတွင် နေခဲ့သော်လည်း တရုတ်စကားကို ပီသရှင်းလင်းစွာ ပြောနိုင်သည်။

“ဒါပေမယ့် ရပါတယ်၊ မေမေက အရင်ကတည်းက ကံကောင်းတတ်တဲ့လူဆိုတော့ သူပြန်နိုးလာမယ်လို့ ကျွန်တော်ယုံကြည်တယ်”

“ဒါနဲ့ ဦးလေးတို့က ဘယ်သူများလဲဗျ...’

ရှန်ဟုန်သည် သူ၏ဝမ်းနည်းစိတ်ကို ထိန်းချုပ်မြိုသိပ်ကာ ယဥ်ကျေးသမှုဖြင့် မေးလိုက်သည်။

Space and Rebirth 1039

ရှုယွမ်ထက် အနည်းငယ်နေရခက်သွား၏။ သူတို့သည် ဆွေမျိုးရင်းချာများဖြစ်သော်လည်း ယခုတွင် အချင်းချင်း နာမည်ပင်မသိကြချေ။ အလွန်ပင်ရှက်စရာကောင်းလှသည်။

“သားရဲ့ဦးလေးပါ၊ ဒီလိုပုံစံနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ခဲ့ဘူး”

ရှုယွမ်ထက်သည် ရှန်ဟုန်၏ပုခုံးကို ပုတ်လိုက်၏။

“မင်းကငယ်သေးတာတောင် ဒီလိုတာဝန်ကြီးတစ်ခုကို ထမ်းနေပြီဆိုတော့ တကယ်လေးစားစရာကောင်းတာပဲ၊ တစ်ခုခုလိုတာနဲ့ ဦးလေးကိုသာပြော၊ တတ်နိုင်သလောက် ကူညီပေးမယ်”

ရှန်ဟုန်သည် ဤအရာကို ကြားလိုက်သောအခါ စကားစရှာမရဖြစ်သွားသည်။

ဦးလေး?

ဤကဲ့သို့သောလူ...မဟုတ်ပေ ဤကဲ့သို့သော နာမည်မျိုးအား ပထမဆုံးကြားဖူးခြင်းမဟုတ်သော်လည်း သူနှင့်အလွန်ပင် သူစိမ်းဆန်နေတော့၏။

သူ့တွင် အဒေါ်တစ်ဦးရှိကြောင်း သိထားသော်လည်း သူသည် ထိုအဒေါ်ကို တစ်ခါမှမမြင်ဖူးပေ။ သူ၏မိခင်မှ ပို့ပေးထားသောဓာတ်ပုံကိုသာ ကြည့်ဖူး၏။ သူမသည် ဓာတ်ပုံထဲ၌ အလွန်ပင်နူးညံ့သိမ်မွေ့ကာ ကြင်နာတတ်သည့်ပုံပေါ်ပေသည်။ မြို့တော်ထဲ၌ သူ၏အဒေါ်သည် သူ၏မိခင်ဖြစ်သူကို ကောင်းကောင်းစောင့်‌ရှောက်ပေးသည်ဟုလည်း ကြားထား၏။ ကံမကောင်းစွာဖြင့် သူ၏မိခင် မတော်တဆဖြစ်စဥ်က သူ၏အဒေါ်သည် လာရောက်နှင့်လေပြီ။ သူသည် ပြန်ရောက်သည်မှာ နှစ်ရက်-သုံးရက်လောက်သာ ရှိသေးသဖြင့် သူမအား မတွေ့လိုက်ရချေ။

“ကျေးဇူးပါ ဦးလေး”

ရှန်ဟုန်သည် လျင်မြန်စွာဖြင့် သူ၏ကျေးဇူးတင်သောစိတ်ကို ထုတ်ဖော်ပြသလိုက်သည်။ ထို့နောက် သူသည် အနောက်မှ မိန်းကလေးနှစ်ဦးကို ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် အံ့သြရိပ်များ၊ မေတ္တာရိပ်များ လွှမ်းသွားသည်။

“ဒါက ဦးလေးတူမလေ၊ ဦးလေးအတွက်တော့ သမီးအရင်းနဲ့မခြားပါဘူး မင်းဝမ်းကွဲဆိုလည်း မမှားဘူးပေါ့၊ သူ့နာမည်က ကျင်းယွင်ကျောင်းတဲ့၊ သူ့ဘေးက မိန်းကလေးကတော့ ရှောင်ကျောင်းရဲ့အတန်းဖော် ရှောင်ဟိုင်ချင်းပါ၊ နှစ်ယောက်လုံးက မင်းအမေနဲ့ အရမ်းရင်းနှီးကြတယ်၊ ဒီတစ်ခေါက် မင်းအမေကိုလာကြည့်ဖို့ အထူးတလည်လာခဲ့ကြတာ”

ရှုယွမ်ထက် မိတ်ဆက်ပေးလိုက်သည်။

သူသည် ရှန်ဟုန်အား မြင်မြင်ချင်း အကောင်းစိတ်မမြင်မိဘဲ မနေနိုင်ချေ။

ဤကောင်လေးသည် အလွန်ပင်အရည်အချင်းရှိကာ ချောမောခန့်ညားလှ၏။ သူသည် လူနာကုတင်ပေါ်တွင်ရှိသော ရှန်တုန်းနှင့် အတန်ငယ်ရုပ်ဆင်သလိုရှိသော်လည်း သူကပို၍ယောက်ျားပီသသော ကြန်အင်လက္ခဏာများရှိနေသည်။ ဓားသဖွယ်မျက်ခုံးများ၏အောက်တွင် ရှိနေသော ကြယ်ရောင်အလား လင်းလက်နေသည့် မျက်လုံးများမှာ အထူးပင်လှပနေသည်။ အရပ်အမောင်းမှာလည်း ရှည်လှကာ ၁.၈၅ မီတာခန့်ရှိသည်။ သူ၏ခန္ဓာကိုယ်မှာ မပိန်လွန်း မဝလွန်းဘဲ အလွန်သန်မာသောပုံပေါက်၏။ သူ၏လှုပ်ရှားမှုတိုင်းမှာ အဆင့်အတန်းရှိသောလူတစ်ဦးသဖွယ်ပင်။ ရှုယွမ်ထက်သည် ဤကောင်လေးအား အနည်းငယ်သဘောကျမိ၏။

အစက ဤရှန်တုန်းမှာ လူကောင်းမဟုတ်လောက်ဟု သူထင်ခဲ့သည်။ သို့ရာတွင် သူမ၏သားဖြစ်သူမှာ ဤမျှလောက် ယဥ်ကျေးမှုရှိနေသဖြင့် သူ၏စိတ်ထဲတွင် သံသယအနည်းငယ်ဝင်လာမိတော့သည်။

မိဘဟူသည်မှာ သားသမီးအပေါ် လွှမ်းမိုးမှုကြီးလေသည်။ ရှန်တုန်းသည် သူမတစ်ဦးတည်းအင်အားဖြင့် မိမိသားဖြစ်သူကို ပြုစုပျိုးထောင်ခဲ့၏။ ဤကဲ့သို့သော သားလိမ္မာမျိုးအား ပျိုးထောင်နိုင်ခဲ့သည်မှာ သူမလိုလူမျိုးအတွက် ရှားပါးဖြစ်ရပ်ပင်။

ထိုအချိန်တွင် ရှန်ဟုန်သည် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့နှစ်ဦးအား တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်သည်။ သူသည် ခွက်အသန့်သုံးခွက်အား ယူဆောင်လာပြီးနောက် ရေလောင်းထည့်ပေးလိုက်သည်။

ကျင်းယွင်ကျောင်းသည် ရှန်တုန်း၏ကုတင်နံဘေးတွင် ထိုင်လိုက်သည်။ ရှောင်ဟိုင်ချင်းသည် သူမအား စူးစိုက်ကြည့်လိုက်၏။

“ယွင်ကျောင်း၊ အန်တီတုန်း ဘယ်အချိန်နိုးလာမလဲဆိုတာ တစ်ချက်ကြည့်ပေးပါလား...”

ကျင်းယွင်ကျောင်း ခေါင်းငြိမ့်သဘောတူလိုက်သော်လည်း အခန်းထဲသို့ဝင်လာသော သူနာပြုတစ်ဦးအား ရိပ်ခနဲတွေ့လိုက်ရသည်။

“ခဏစောင့်ရအောင်”

ဤသည်မှာ ဆေးရုံဖြစ်နေသောကြောင့် သူမသည် ရောဂါကိုကုသနိုင်လျှင်ပင် ရှန်ဟုန်၏ခွင့်ပြုချက်မရှိပါက လုပ်ရန်မလွယ်ကူသောအရာဖြစ်၏။ ထို့အပြင် ဆေးရုံကလူများသိသွားလျှင်လည်း ကျေနပ်ကြမည်မဟုတ်ပေ။

ရှောင်ဟိုင်ချင်းသည် အလိုလိုနားလည်လိုက်ပြီး ဆက်မမေးတော့ချေ။

သို့ရာတွင် ရှန်ဟုန်သည် ဆေးရုံ၏စည်းကမ်းများကို အသေအချာမသိသဖြင့် သံသယဖြစ်စွာဖြင့်‌ မေးလိုက်သည်။

“ညီမလေးက ဆေးကုတတ်တာလား?”

“သူကဆေးကုတဲ့နေရာမှာ အရည်အချင်းနည်းနည်းရှိတယ်၊ မင်းအမေကို ကြည့်ခိုင်းလိုက်လေ၊ စောစောနိုးလာအောင် လုပ်ရင်လုပ်နိုင်မှာပေါ့”

ရှုယွမ်ထက်သည် သူမတူမဖြစ်သူအား ခိုးကြောင်ခိုးဝှက်မထားချေ။

ဆေးရုံသိက္ခာအတွက် မခံမရပ်နိုင်စရာကိစ္စဖြစ်သော်ငြား ရှန်ဟုန်သည် ၎င်းကိုကြားသောအခါ ပို၍ပင် တက်ကြွအသက်ဝင်သွားသည်။

“ညီမလေးက တိုင်းရင်းသမားတော်လား? အစ်ကိုက နိုင်ငံခြားမှာကြီးခဲ့ပေမယ့် တိုင်းရင်းဆေးပညာကို အရမ်းစိတ်ဝင်စားတာလေ၊ နိုင်ငံခြားက တိုင်းရင်းဆေးဆရာတွေကတော့ လူလိမ်တွေပဲဖြစ်ဖို့ များကြတာ စိတ်မကောင်းစရာပဲ၊ ကျွမ်းကျင်တဲ့လူ သိပ်မရှိကြဘူး၊ ညီမလေးသာ ဆေးကုတတ်မယ်ဆိုရင် မေမေ့ကို တစ်ချက်ကြည့်ပေးပါလား”

လူအများစုသည် ကျင်းယွင်ကျောင်း၏အသက်အရွယ်ကြောင့် သူမ၏အရည်အချင်းအား အနည်းနှင့်အများဆိုသလို သံသယစိတ်များရှိတတ်၏။ သို့သော် ရှန်ဟုန်၏စိတ်ထဲတွင် အစွမ်းအစဟူသည်မှာ အသက်အရွယ်နှင့်မဆိုင်ချေ။

အန်တီတုန်း၏သားဖြစ်သူမှ ခွင့်ပြုချက်ပေးလိုက်သဖြင့် ကျင်းယွင်ကျောင်း မငြင်းတော့ချေ။ သူမသည် အန်တီတုန်း၏သွေးခုန်နှုန်းကိုတိုင်းရန် သူမလက်အား လှမ်းယူလိုက်ပြီး အန်တီတုန်း၏လျှာနှင့် သူငယ်အိမ်ကို စစ်ဆေးလိုက်သည်။

ခေတ္တအကြာတွင် ကျင်းယွင်ကျောင်းသည် တွေးကြည့်ပြီးနောက် ပြောလိုက်၏။

“ကုလို့ရပေမယ့် အပ်စိုက်ကုမှရမယ်၊ တစ်နေ့ကို တစ်ကြိမ်နှုန်းနဲ့ သုံးရက်လောက်ပေါ့၊ ဒါပေမယ့် ဒီသုံးရက်အတွင်းမှာ သူ့ကို အာဟာရဖြည့်စွက်ရည်ကလွဲလို့ ဘာဆေးမတိုက်ရဘူး”

Space and Rebirth 1040

အန်တီတုန်းအား ကုသနိုင်ကြောင်း ရှောင်ဟိုင်ချင်းကြားလိုက်သောအခါ သူမသည် ချက်ချင်းဆိုသလို သက်မချလိုက်တော့၏။ သို့ရာတွင် ဆေးဝါးများရပ်တန့်ရမည်ဖြစ်ကြောင်း ကြားလိုက်သောအခါတွင်မူ စိတ်ပူသွားတော့သည်။ ဤရှန်ဟုန်သည် ဤမျှလောက် စွန့်စားရဲမည်လော? ထို့အပြင် သူတို့သည် တစ်ဖက်သတ် ဆေးဝါးများရပ်တန့်လိုက်ကြောင်း ဆေးရုံဘက်မှ သိသွားလျှင် ကျေနပ်ကြမည်မဟုတ်ပေ။

“သမီးသေချာလား?”

ရှုယွမ်ထက်သည် လေးနက်သောလေသံဖြင့် မေးလိုက်၏။

ကျင်းယွင်ကျောင်းမှ လူနာများအား ကုသနေသည့်ပုံကို သူမမြင်ဖူးသော်ငြား သူ၏ဖခင်ဖြစ်သူထံမှ နည်းနည်းပါးပါးကြားဖူးသည်။ အကြီးအကဲကန်ပင်လျှင် သူမအား ချီးမွမ်းသံများဖြင့် ပြည့်နှက်နေသည်ဖြစ်ရာ သူမတွင် အရည်အချင်းအစစ်အမှန်ရှိကြောင်း သိသာလှသည်။

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။

“သမီးပြောသလိုလုပ်သရွေ့ ဘာပြသာနာမှရှိမှာမဟုတ်ဘူး”

ရှုယွမ်ထက်သည် ၎င်းကိုကြားသောအခါ ရှန်ဟုန်ကိုကြည့်လိုက်၏။ ရှန်ဟုန်သည် မျက်မှောင်ကြုတ်ကာ အတွေးထဲနစ်မြောနေလေသည်။ သူ၏ပုံစံမှာ အနည်းငယ်လေးနက်နေ၏။ အချိန်အတော်ကြာစဥ်းစားပြီးနောက် သူပြောလိုက်သည်။

“ညီမလေး အရင်တုန်းကရော လူနာတွေကို ကုဖူးလား? လူနာဘယ်နှစ်ယောက်ကိုကုဖူးလဲ ပြီးတော့ အောင်မြင်မှုနှုန်းကရော ဘယ်လောက်လဲ?”

“ကျွန်မကုပေးထားတဲ့လူတွေ ရာချီလောက်ရှိပါတယ်၊ တခြားဆရာဝန်တွေ ကုပေးတာကို ကူညီပေးခဲ့တဲ့ လူနာတွေလည်းရှိတယ်၊ အောင်မြင်မှုနှုန်းကတော့ လက်ရှိမှာ ၉၀% ပါ”

ကျင်းယွင်ကျောင်းပြန်ဖြေလိုက်၏။

သူမသည် ဟွားနင်ခရိုင်တွင်ရှိစဥ်က သူမအဘိုးဖြစ်သူသည် သူမဆီသို့ လူနာပေါင်းများစွာ တွန်းပို့ခဲ့ဖူး၏။ ထိုလူနာများသည် သူမအား အခြားလူနာများဖြင့် မိတ်ဆက်ပေးခဲ့သည်။ သို့ရာတွင် အရေအတွက်မှာ မများလှချေ။ သူသည် အဘိုးကန်နှင့်လည်းအတူ လူနာများကို သွားကြည့်ခဲ့ဖူး၏။ သူမအဘိုးဖြစ်သူတွင် လူနာများမရှိလျှင် အဘိုးကန်၏ဆေးခန်းသို့ သွားရောက်ကူညီလေ့ရှိသည်။ မြို့တော်သို့ရောက်ပြီးနောက်တွင် သူမသည် အမတကြိုးကြာခန်းမသို့ သွားခဲ့၏။ သူမသည် ထိုနေရာသို့ အကြိမ်အနည်းငယ်ခန့်သာ သွားဖူးသော်လည်း သူမတစ်ရက်တစ်ရက် ကြည့်ပေးခဲ့သော လူနာအရေအတွက်မှာ မသေးချေ။

သူမသည် သမားတော်တစ်ဦးသာဖြစ်သည်။ နတ်ဘုရားတစ်ပါးမဟုတ်ပေ။ သူမသည် ရောဂါအလုံးစုံကို မကုသပေးနိုင်သောကြောင့် လက်ရှိတွင် ၉၀% ခန့်သာရှိသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဤနှုန်းထားသည် အနာဂတ်တွင် အတက်အကျရှိနိုင်သော်လည်း ယခုအချိန်တွင် အရေးကြီးဆုံးသောအရာမဟုတ်ပါပေ။

သို့ရာတွင် ကျင်းယွင်ကျောင်းမှ “စကားကြီးစကားကျယ်” ပြောနေချိန်တွင် ဝင်လာသော အရပ်အမောင်းကောင်းကောင်းဖြင့် သူနာပြုသည် သူမနှုတ်ခမ်းများကိုကွေးညွှတ်ကာ ပြောလိုက်၏။

“ဆေးကိုရပ်လို့မရပါဘူး၊ မဟုတ်ရင် ကိုယ်တွင်းအင်္ဂါတွေအတွက် ပြသာနာဖြစ်နိုင်ပါတယ်”

“ညီမလေးကုတဲ့ပုံက အန္တရာယ်များလား?”

ရှန်ဟုန်သည် ခေတ္တမျှစဥ်းစားပြီးနောက် မေးလိုက်၏။

“အန္တရာယ်မများဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့၊ လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိတတ်ကြတာပဲ ပြီးတော့ အပ်စိုက်ကုနေရင်း နည်းနည်းလေးလွဲသွားတာနဲ့ သူ့ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်၊ ဒါပေမယ့် သူ့ကိုသာအပ်စိုက်မကုရင် ကြာလာလေ သူနိုးလာနိုင်ချေ နည်းသွားလေလေပဲ၊ သူမနိုးလာနိုင်တာမဟုတ်ဘူး ကံကြမ္မာရဲ့လက်ပေါ် မူတည်လိမ့်မယ်ပြောတာ၊ ဒါပေမယ့် ဒီကမ္ဘာပေါ်မှာ အဲဒီလိုအံ့သြစရာကိစ္စမျိုး ဘယ်နှစ်ခုရှိတယ်ထင်လဲ? ပြီးတော့ သူနိုးလာတာ အရမ်းနောက်ကျသွားရင် သူ့ခန္ဓာကိုယ်လုပ်ငန်းစဥ်တွေက သေချာပေါက်ဆိုးရွားကုန်ပြီး အနာဂတ်မှာ သူ့ဘဝကို ဒုက္ခ‌ပေးလိမ့်မယ်”

ကျင်းယွင်ကျောင်းအမှန်အတိုင်းသာပြောလိုက်သည်။

ရှန်တုန်း၏လက်ရှိအခြေအနေတွင် ယခုမနိုးလာလျှင်ပင် တစ်နေ့နေ့တစ်ချိန်ချိန်တွင် နိုးလာပေမည်။ အချိန်ကြာမြင့်စွာ အိပ်ရာပေါ်တွင် လဲနေရသဖြင့် သူမကြွက်သားများသည် ချည့်နဲ့လာလိမ့်မည်။ ရှန်ဟုန်မှ သူမအား ကောင်းကောင်းဂရုစိုက်ပေးပြီး သူမ၏သွေးလည်ပတ်အားကောင်းရန် ပုံမှန်ဆိုသလို ကိုယ်လက်နှိပ်နယ်ပေးလျှင်ပင် နေ့စဥ်လေ့ကျင့်ခန်းလုပ်သည်နှင့် ယှဥ်နိုင်မည်မဟုတ်ချေ။

ဤအရာကိုကြားလိုက်သောအခါ ရှန်ဟုန်မျက်နှာပျက်သွားသည်။

“ရှန်ဟုန် စိတ်မပူပါနဲ့၊ ယွင်ကျောင်းရဲ့ ဆေးပညာလက်စွမ်းက တကယ်ကောင်းတယ်၊ ငါတို့က အန်တီတုန်းနဲ့လည်း ရင်းနှီးတာမို့ အန်တီတုန်းကို အန္တရာယ်ပေးမှာမဟုတ်ပါဘူး”

ရှောင်ဟိုင်ချင်းပြောလိုက်သည်။

“စိတ်ပူစရာမလိုပါဘူး၊၊ စဥ်းစားကြည့်ပြီး ကျွန်မကို ဖုန်းဆက်လိုက်ပေါ့ အရမ်းမနောက်ကျရင်တော့ကောင်းမယ်၊ မဟုတ်ရင် အပ်စိုက်ကုသရေးအတွက် ခက်ခဲမှုအဆင့်က အများကြီးမြင့်တက်သွားမှာမို့”

ရှန်ဟုန်စိတ်ပူသည်မှာလည်း ဖြစ်သင့်ပေသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သူ့အား နှစ်သိမ့်လိုက်၏။

“ဖြစ်နိုင်မယ်ဆိုရင်...အကူအညီယူရမလား မယူရမလား မဆုံးဖြတ်ခင် သူ့ကိုကုနေတဲ့ပုံစံကို ကျွန်တော့်မျက်လုံးနဲ့ ကိုယ်တိုင်ကြည့်ချင်တယ်”

ရှန်ဟုန်သည် အားနာဟန်ဖြင့် ပြောလိုက်သည်။

ကျင်းယွင်ကျောင်းသည် ခေတ္တမျှတွေးပြီးနောက် သဘောတူလိုက်သည်။

“ကိစ္စမရှိဘူးလေ မနက်ဖြန်လုပ်ပေးလို့ရတယ်”

နှစ်သစ်ကူးအပြီးတွင် သူမသည် အမတကြိုးကြာခန်းမသို့ မသွားရသေးချေ။ ထိုသမားတော်အိုတစ်စုသည် သူမအား အပျင်းကြီးသူတစ်ဦးဟု ပြောနေလောက်ပေပြီ။

သူမသည် အပျင်းကြီးနေခြင်းမဟုတ်ပေ။ သူမသည် လူနာများစွာကို ပထမဆုံးအနေဖြင့် ကုသပေးပြီးနောက် ထိုသမားတော်အိုများသည် သူမအား တဖြည်းဖြည်းဖြင့် ပိုမိုစိတ်ဝင်စားလာကြ၏။ သူမသွားရောက်တိုင်းတွင် ရေသောက်စရာအချိန်မရှိလောက်အောင် အလုပ်များရတော့သည်။ ထို့ကြောင့် ထိုသမားတော်အိုများနှင့် တဖြည်းဖြည်းအံကိုက်ဖြစ်လာစေရန် သူမသည် အချိန်ကို ပိုင်းခြားလိုက်ရခြင်းဖြစ်သည်။

All Chapters