အခန်း (၁၀၄၁-၁၀၄၄)
Vol. 53 Ch. 1041-1044
Space and Rebirth 1041
ကျင်းယွင်ကျောင်းမှ လွယ်လင့်တကူဖြင့် လက်ခံလိုက်သည်ကို ရှန်ဟုန်မြင်လိုက်သောအခါ သူသည် ကျင်းယွင်ကျောင်းအား အနည်းငယ်ယုံကြည်မိသွားသည်။
သူ၏နံဘေးရှိ သူနာပြုမှာ တဖြည်းဖြည်းဖြင့် ကျင်းယွင်ကျောင်းအား မြင်ပြင်းကတ်လာလေသည်။ ရုပ်ချောချောအစ်ကိုကြီးရှန်သည် လူလိမ်မတစ်ဦးနှင့် တွေ့လေပြီဟု သူမထင်နေ၏။
ဤဆေးရုံမှာ မြို့တော်ထဲတွင် အလွန်နာမည်ကြီးလှသည်။ အကောင်းဆုံးသော ဆေးဝါး၊ ကိရိယာများစွာနှင့် ဘက်ပေါင်းစုံမှ ကောင်းမွန်သော ကုသရေးကျင့်စဥ်များကို ပိုင်ဆိုင်၏။ ဤတစ်ခေါက်တွင် လူနာဖြစ်သူမှာ သရုပ်ဆောင်မင်းသမီးရှန်တုန်းဖြစ်သဖြင့် ဆေးရုံရှိသူနာပြုများသည် သူမအား အထူးအာရုံစိုက်ပေးကြလေသည်။ ရှန်တုန်း၏သားဖြစ်သူ ရှန်ဟုန်မှာလည်း အချိန်တိုအတွင်း ရေပန်းအစားဆုံး လူနာမိသားစုဝင် ဖြစ်လာတော့၏။ သူနာပြုငယ်များအားလုံးနီးပါးသည် ဤအခွင့်အရေးအား အသုံးချကာ ရှန်ဟုန်နှင့် စကားစမြည်ပြောကြသည်။ သူမရောက်လာချိန်တွင် အစ်ကိုချောချောရှန်မှာ လှည့်စားခံနေရလိမ့်မည်ဟု မထင်ခဲ့ချေ။
ဤသုံးဦးထွက်သွားသောအခါ သူမသည် ရှန်ဟုန်အား သေသေချာချာအကြံပြုရပေမည်။
သူနာပြုသည် ရှန်ဟုန်အား စိတ်ပူပန်ဟန်ဖြင့် တစ်ချက်ကြည့်ပြီးနောက် လူနာဆောင်ထဲမှ မထွက်ချင်ထွက်ချင်ဖြင့် ထွက်သွားတော့သည်။
သူတို့သည် အနည်းငယ်ထပ်၍ စကားစမြည်ပြောလိုက်ကြသေး၏။ ရှုယွမ်ထက်သည်လည်း ရှန်တုန်း၏အတိတ်အကြောင်း စုံစမ်းလိုသဖြင့် မေးခွန်းများ ဆက်တိုက်မေးနေခဲ့သည်။ သို့သော် သူမေးလေလေ ရှန်တုန်းမှာ လေးစားစရာကောင်းသည်ဟု ခံစားရလေလေဖြစ်သည်။
အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ကိုယ်ဝန်လွယ်၍ နိုင်ငံရပ်ခြား၌ တစ်ယောက်တည်းနေထိုင်ပြီး ဤသို့ကလေးတစ်ယောက်အား ပြုစုပျိုးထောင်နိုင်သည်မှာ အံ့သြဖွယ်ကောင်းလှပေသည်။
ထို့အပြင် ရှန်ဟုန်သည် ငယ်ရွယ်သော်လည်း အမှန်တရားများစွာကို သိနေလေပြီ။ နိုင်ငံပေါင်းများစွာနှင့်ပတ်သတ်၍ ဗဟုသုတနှံ့စပ်၏။ သူ၏စကားများမှာ ရှင်းလင်းပြတ်သားပြီး ယုတ္တိကျသည်။ ထို့အပြင် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သူသည် စိတ်ပညာစာတမ်းများစွာ ထုတ်ဝေဖူးပြီး ဆုပေါင်းများစွာလည်း ရထား၏။ ထိုမျှမက သူသည် မှုခင်းစိတ်ပညာနှင့် မှုခင်းထောက်လှမ်းရေးပညာအား နိုင်ငံရပ်ခြားတွင် သင်ယူလေ့လာခဲ့သေးသည်။ ဤအရာအကြောင့် ရှုယွမ်ထက်သည် အနည်းငယ်အံ့အားသင့်သွား၏။
ရှုယွမ်ထက်သာ အံ့အားသင့်သွားရုံမက ကျင်းယွင်ကျောင်းပင်လျှင် ဤနူးညံ့သိမ်မွေ့ပုံပေါက်သော ရှန်ဟုန်မှာ ထိုမျှလောက် မာရေကြောရေရှိသည့် နယ်ပယ်အား ရွေးချယ်လေ့လာလိမ့်မည်ဟု မထင်ခဲ့ပေ။
“အနာဂတ်မှာ ရဲအရာရှိဖြစ်ချင်တာလား? မင်းတိုက်ရည်ခိုက်ရည် နည်းနည်းရှိမှဖြစ်မယ်...”
ရှုယွမ်ထက်သည် စိတ်ကြည်လင်နေပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
“ဦးလေး စိတ်မပူပါနဲ့၊ ကျွန်တော် နိုင်ငံခြားမှာတုန်းက ဂျူဒို၊ တိုက်ကွမ်ဒိုနဲ့ တခြားကိုယ်ခံပညာတွေကို သင်ယူခဲ့ပါတယ်၊ ဓားတွေ၊ သေနတ်တွေနဲ့ပတ်သတ်ပြီးတော့လည်း နည်းနည်းလေ့လာထားတယ်၊ အဲဒီအရာတွေက ကျွန်တော့်ကိုမတားနိုင်ပါဘူး၊ သိုင်းပညာရှင်တစ်ယောက်ကို မတွေ့သရွေ့ ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်နိုင်တယ်”
ရှန်ဟုန်သည်လည်း ရှုယွမ်ထက်နှင့် စကားပြောရသည်က သူ၏အတွေးအမြင်များကို ချဲ့ထွင်ရာကျသည်ဟု ခံစားမိသဖြင့် သူ၏အဖြေမှာ ရှင်းလင်းပြတ်သားနေလေသည်။
ဤအရာကို ကြားလိုက်သောအခါ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်း အာမေဋိတ်ပြုမိလိုက်သည်။ သူတို့မထင်ထားခဲ့ပေ...
သူတို့သည် ရှန်ဟုန်အား ပထမဆုံးစတွေ့စဥ်က သူ့အား လူငယ်ကျောင်းသားတစ်ဦးဟုသာ ထင်ခဲ့ကြသည်။
ရှုယွမ်ထက်သည် သဘောတွေ့ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
“လေးစားစရာပဲ၊ အဲဒါအပြင် မင်းဝါသနာက ဘာတွေရှိလဲ?”
“ထူးထူးခြားခြားတော့မဟုတ်ပါဘူး၊ ကျွန်တော်အားရင် တောင်တက်တယ်၊ ပြေးတယ်၊ ရေကူးတယ် ဒါမှမဟုတ် စိတ်ဖိစီးမှုတွေပျောက်အောင် ကြယ်တွေသွားကြည့်လိုက်တာပဲ၊ ဒါပေမယ့် မေမေ့ကို ဒီလိုပုံနဲ့မြင်ရတော့ နည်းနည်းနောင်တရမိတယ်၊ ကျွန်တော်သာ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ရင် မေမေ့အခြေအနေကို နားလည်နိုင်ဖို့ ကိုယ်ပိုင်ပညာကို အသုံးပြုနိုင်ခဲ့မှာ၊ ကျွန်တော်သိတဲ့ဆရာတွေအားလုံးကလည်း မှုခင်းဆေးပညာရှင်တွေဖြစ်နေတာ စိတ်မကောင်းစရာပဲ...”
ရှန်ဟုန်သည် နောင်တရဟန်ဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။
“မင်းကိုယ်မင်းအပြစ်တင်စရာမလိုပါဘူး၊ ဒီလိုအချိန်မှာ ဒီလိုဖြစ်မယ်လို့ ဘယ်လိုသိနိုင်မှာလဲ၊ ဒါပေမယ့် မင်းက မှုခင်းဆေးပညာရှင်တွေသိတယ်လို့ပြောတယ်၊ ကြည့်ရတာ မင်းက မှုခင်းဆေးပညာနယ်ပယ်မှာ သုတေသနလုပ်ဖူးပုံပဲ ဟုတ်လား?”
ရှုယွမ်ထက်သည် အလွန်တရာပင် စိတ်ဝင်စားသွား၏။
“အခြေခံပညာကိုတော့ အကြမ်းဖျင်းသိပါတယ်၊ တချို့အမှုတွေကိုလည်း ဖြေရှင်းခဲ့ဖူးတယ်”
ရှန်ဟုန်သည် နှိမ့်ချရိုကျိုးစွာ ပြောလိုက်သော်လည်း သူ၏မျက်ဝန်းထဲရှိ ယုံကြည်ချက်ပြည့်ဝဟန်များကို ကွယ်ဝှက်မထားချေ။
ယခင်က သူသည် အမှန်တကယ်ပင် ဆရာဝန်တစ်ဦးဖြစ်ချင်ခဲ့၏။ သို့သော် နောက်ပိုင်းတွင် သူသည် နိုင်ငံရပ်ခြား၌ စုံထောက်ကစားပွဲများစွာကို ပါဝင်ဆော့ကစားကာ မှုခင်းဝတ္ထုများကို ဖတ်ပြီးနောက် တဖြည်းဖြည်းဖြင့် အမှုဖြေရှင်းရခြင်း၊ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရခြင်းတို့အား စိတ်ဝင်စားလာခဲ့သည်။ မိခင်၏စကားများအရ မည်သည့်အရာကိုလုပ်သည်ဖြစ်စေ မိမိနှစ်သက်၍သာလုပ်ခြင်း ဖြစ်ရမည်။ ပညာကို ထပ်မံလေ့လာဆည်းပူး၍ မကောင်းစရာ ဘာရှိမည်နည်း။ ပညာရှင်အဆင့်အရာများအပြင် သူစိတ်ဝင်စားသောအရာ အများစုအားလည်း နည်းနည်းစီလေ့လာခဲ့ဖူး၏။
Space and Rebirth 1042
ရှုယွမ်ထက်သည် ရှန်ဟုန်အား ချီးမွမ်းသံများ မရပ်တော့ချေ။
“ဘွဲ့ရပြီးရင် တရုတ်ကိုပြန်လာဖို့ စိတ်ကူးရှိလား? အဲဒီအပိုင်းမှာတော့ ဦးလေးက မင်းကိုကူညီပေးနိုင်တယ်၊ မင်းမှာ အရည်အချင်းရှိသရွေ့ မင်းသွားချင်တဲ့ဌာနကို တန်းပြီးလွှဲပေးနိုင်တယ်လေ”
ရှုယွမ်ထက်တစ်ခါတည်းပြောလိုက်၏။
“ဦးလေးကိုဒုက္ခပေးစရာမလိုပါဘူး၊ တကယ်တော့ ကျွန်တော် တရုတ်ကိုပြန်မလာခင်ကတည်းက ဒီကိုအလုပ်လျှောက်လွှာတင်ပြီးပြီ၊ ကျွန်တော်ကျောင်းဆင်းတာနဲ့ ဒီမှာတစ်ခါတည်း လာအလုပ်လုပ်လို့ရပြီလေ”
ရှန်ဟုန်ငြင်းဆန်လိုက်၏။
သူနှင့် သူ၏မိခင်သည် နှစ်ပေါင်းများစွာ နိုင်ငံခြားတွင်နေထိုင်ခဲ့သော်လည်း ရွေးချယ်စရာမရှိသောကြောင့်သာ ထိုသို့နေထိုင်ခဲ့ခြင်းဖြစ်သည်။ သူတို့သာ တရုတ်ပြည်တွင်ရှိနေခဲ့လျှင် သားအမိနှစ်ဦးသည် ငြိမ်းငြိမ်းချမ်းချမ်း နေခဲ့ရလောက်မည်မဟုတ်ချေ။ ထို့အပြင် သူတို့သည် နိုင်ငံခြားတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သဖြင့် ငြီးငွေ့ဖွယ်ကောင်းနေလေပြီ။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် မိမိ၏မိခင်နိုင်ငံကို ပြန်လာသင့်သည်မဟုတ်လော။
ကျင်းယွင်ကျောင်းသည် အာပေါင်အာရင်းသန်သန်ဖြင့် စကားပြောနေကြသော နှစ်ဦးသားကိုကြည့်ပြီး အနည်းငယ်ခံစားချက်ပြင်းထန်လာမိ၏။
သူမဦးလေးသည် အိမ်တွင်ရှိသော သူ၏သားအရင်းဖြင့်ပင် ဤမျှလောက် ပျော်ပျော်ရွှင်ရွှင် စကားပြောနိုင်မည်မဟုတ်ပေ။ ရှုယု၏စရိုက်နှင့် အရည်အချင်းမှာ ရှန်ဟုန်၏လက်ချောင်းတစ်ချောင်းကိုပင် မမီချေ။
“အာ ဟုတ်သားပဲ၊ မင်းဝမ်းကွဲ...”
ရှုယွမ်ထက်သည် ရှုယုအား မိတ်ဆက်ပေးချင်သော်လည်း သေချာစဥ်းစားကြည့်လိုက်ပြီးနောက် ဝမ်းကွဲနှစ်ဦးတွင် မည်သူကအကြီးဖြစ်သည်ကို မသိပေ။ ထို့ကြောင့် သူမေးလိုက်သည်။
“အားဟုန်၊ မင်းအခု နှစ်ဆယ့်တစ်နှစ်ရှိပြီမှတ်လား? ဘယ်လမှာ မွေးတာလဲ?”
သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆုပေါင်းများစွာ ရရှိထားပြီး စောစောစီးစီး ဘွဲ့ရတော့ပေမည်။ ဉာဏ်ကြီးရှင်တစ်ဦးဟု ခေါ်လျှင်ပင် ခေါ်ထိုက်၏။
“စက်တင်ဘာလပါ”
ရှန်ဟုန်တစ်ခါတည်း ဖြေလိုက်သည်။
“စက်တင်ဘာ?”
ရှုယွမ်ထက် အနည်းငယ်အံ့အားသင့်သွား၏။ သူတို့နှစ်ဦးသည် တစ်လတည်းမွေးသော ဝမ်းကွဲညီအစ်ကိုများ ဖြစ်နေလိမ့်မည်ဟု သူမထင်ခဲ့ချေ။ သူသည် စိတ်ထဲ၌ ချက်ချင်းဆိုသလို အော်ချင်မိသွားသည်။
“စက်တင်ဘာ ဘယ်နေ့လဲ?”
“ဝမ်းကွဲအစ်ကိုထက် တစ်ရက်ငယ်ပါတယ်၊ ၁၆ ရက်နေ့ မနက်စောစောမှာ မွေးခဲ့တာပါ၊ တကယ်တော့ သူနဲ့ နာရီပိုင်းလောက်ပဲ ကွာလောက်မယ်”
ရှန်ဟုန်သည်လည်း ရှုယုအကြောင်း သိနေလေသည်။
ရှုယွမ်ထက်သည် ၎င်းကိုကြားသောအခါ ပို၍ပင် ထိတ်လန့်အံ့အားသင့်သွားသည်။
ရှုယုသည် ၁၅ ရက်နေ့ည ၈ နာရီ ဝန်းကျင်လောက်တွင် မွေးခဲ့ပေသည်။ သူသည် ရှုယု၏အဖေဖြစ်သောကြောင့် ဤအချက်အား ရှင်းရှင်းလင်းလင်းမှတ်မိနေ၏။ သို့ရာတွင် ရှန်ဟုန်နှင့် ရှုယုမှာ ဤမျှလောက် အချိန်ပိုင်းမျှသာခြား၍ မွေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် ရင့်ကျက်မှုအတိုင်းအတာအရကြည့်လျှင် သူ၏ရှေ့မှောက်ရှိကောင်လေးမှာ အစ်ကိုကြီးနှင့်ပိုတူပေ၏။
သို့ရာတွင် နာရီပိုင်းခန့်ဖြင့် လူနှစ်ဦး၏စရိုက်မှာ အလွန်ကွာခြားလှပေသည်။
အားယုသည် ငယ်စဥ်ကတည်းကပင် ပညာညံ့ဖျင်းလေသည်။ ဤတက္ကသိုလ်သို့တက်နိုင်ရန် ရှုယွမ်ထက်သည် အလွန်ပင်အောက်ကျို့ခဲ့ရ၏။ ဤရှန်ဟုန်မှာမူ ကောင်းကင်မှမြေကြီးအဆုံး အရာအားလုံးကို သိနေလေသည်။ အားယုမှာ စားသောက်ခြင်း၊ ပျော်ပါးခြင်း၊ မိန်းမလိုက်စားခြင်း၊ အလောင်းအစားလုပ်ခြင်းတို့ကိုသာ ကျွမ်းကျင်နေချိန်၌ ရှန်ဟုန်မှာ....
ဤအရာကို စဥ်းစားလိုက်သောအခါ သူသည် သူ၏သားကို အမေဗိုက်ထဲသို့ထည့်ကာ ပြန်ပြုပြင်ချင်မိသည်!
“မင်းတို့အချင်းချင်းမတွေ့ဖူးဘူးမှတ်လား ? မင်းအမေနေပြန်ကောင်းရင် ရှုမိသားစုအိမ်ဆီ မကြာမကြာလာခဲ့ကြပေါ့၊ မင်းညီလေးက အသုံးလည်းမကျ၊ စဥ်းစားဉာဏ်လည်းမရှိတာမို့ မင်းလိုလူမျိုးသာဆိုရင် သူ့ကိုကောင်းကောင်းလမ်းညွှန်ပေးနိုင်တာပေါ့”
ရှုယွမ်ထက်ပြောလိုက်၏။
“ဟုတ်ကဲ့ ကျွန်တော်လည်း နောက်ပိုင်းကျ ဦးလေးနဲ့ အဒေါ်ကို ခဏခဏလာလည်ချင်နေတာပါ၊ ပြီးတော့ ကျွန်တော့်အမေကိုယ်စား ကျေးဇူးတင်ပါတယ်”
ရှန်ဟုန် အလျင်အမြန်ပင် ပြောလိုက်၏။
“ငယ်ငယ်ကတည်းက အားလုံးအဒေါ့်ကျေးဇူးတွေပဲလို့ မေမေကပြောနေခဲ့တာ၊ ဦးလေးနဲ့ အဒေါ်က ကျွန်တော်တို့အပေါ် အရမ်းကောင်းခဲ့တာကို ကျွန်တော်အားလုံးမှတ်မိပါတယ်”
ရှန်ဟုန်သည် အလွန်ပင်လေးနက်သောလေသံဖြင့် ပြောနေ၏။
ရှုယွမ်ထက်မျက်လုံးများတွင် အံ့အားသင့်သောအရိပ်များ ဖြတ်ပြေးသွားသည်။ သူသည် ကုတင်ပေါ်တွင်လှဲနေသော အမျိုးသမီးကို လှည့်ကြည့်လိုက်၏။ ရှန်တုန်းမှာ မင်းသမီးဖြစ်နေ၍လော မသိသော်လည်း ရှုယွမ်ထက်သည် သူ့အားကြည့်လိုက်သောအခါ ရင်းနှီးနေသလို ခံစားရသည်။ ထူးဆန်းလှပေသည်။
ရှန်တုန်းနှင့် ရှန်ရှီမှာ ညီအစ်မများဖြစ်သောကြောင့် သူတို့နှစ်ဦးရုပ်ဆင်ခြင်းသာ ဖြစ်ပေမည်။
သူတို့စကားပြောနေချိန်တွင် လူနာဆောင်တံခါးပွင့်သွားပြီး အမျိုးသမီးတစ်ဦးသည် လက်ထဲတွင် သစ်သီးပန်းကန်ကိုကိုင်ဆောင်ရင်း ဝင်လာ၏။
အခန်းထဲရှိလူများသည် လှည့်ကြည့်လိုက်ကြသောအခါ အံ့အားသင့်ဟန်ရနေသော ရှန်ရှီ၏အကြည့်များကို ရင်ဆိုင်လိုက်ရကြသည်။
ရှုယွမ်ထက်သည် စိတ်ထဲတွင် တိတ်တခိုးမျက်မှောင်ကြုတ်မိ၏။ သူသည် အနည်းငယ်နေရခက်နေလေသည်။ ရှန်ရှီသည် ဝင်လာသောအခါတွင် အနည်းငယ်မူမမှန်သည့်ပုံ ပေါက်နေဟန်ရသည်။
ရှန်ရှီ၏အပြုံးမှာ သာမန်ထက် အနည်းငယ်မတူညီကြောင်း ကျင်းယွင်ကျောင်းသတိထားမိလိုက်သည်။ ပုံမှန်အားဖြင့် ရှန်ရှီသည် သူမအားမနှစ်မြို့လျှင်ပင် မိမိသမီးအရင်းကို ကြည့်နေသည့်အတိုင်း ပြုမူဆက်ဆံတတ်သည်။ သို့ရာတွင် ယခု၌ ရှန်ရှီ၏အပြုံးမှာ အနည်းငယ်တောင့်တင်းနေ၏။ သူမ၏အပြုံးအား ပလတ်စတစ်ဆာဂျရီ လုပ်ထားသလိုပင်။
Space and Rebirth 1043
ရှန်ရှီသည် သူမပစ္စည်းများဖြင့် ဝင်လာ၏။ ရှန်ဟုန်သည် တရုတ်ပြည်သို့ ပြန်လာချိန်မှစ၍ ဤအဒေါ်ဖြစ်သူကို မမြင်ဖူးသော်လည်း သူမဓာတ်ပုံကိုမူ မြင်ဖူးလေသည်။ ထို့ကြောင့် အနည်းငယ်သူစိမ်းဆန်နေသော်ငြား အလျင်အမြန်ပင် နှုတ်ခွန်းဆက်လိုက်၏။
သူ၏အဒေါ်နှင့် ဦးလေးသည် လင်မယားဖြစ်လျက်ပင် အဘယ်ကြောင့် သက်သက်စီလာကြသနည်း? ထို့အပြင် သူ၏အဒေါ်မှာ ဦးလေးလာမည်ဖြစ်ကြောင်း မထင်မှတ်ထားသည့်အတိုင်းပင်။
“အဒေါ်ရောက်ပြီလား? ကျွန်တော်က ဦးလေးနဲ့ စကားတွေပြောနေတာ!”
ရှန်ဟုန်ပြုံးလိုက်သည်။
“ဪ...ဟုတ်လား? ဘာအကြောင်းတွေ ပြောနေကြတာလဲ?”
ရှန်ရှီပြုံးလိုက်သော်လည်း သူမမျက်လုံးထဲတွင် စူးစမ်းစစ်ဆေးလိုသော အရိပ်အယောင်များရှိနေသည်။ သူမလက်များသည် လူမသိအောင် ကျစ်ကျစ်ဆုပ်လျက်ရှိပြီး သူမနှလုံးသားထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။
ရှန်ရှီ၏ဘဝသည် အလွန်ပင်ကြီးမားလွန်းလှသည်။ ယခင်က သူမသည် မိမိညီမဖြစ်သူကို ရှင်းထုတ်ပစ်ချင်ခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ သွေးတော်သားစပ်သော ညီအစ်မများဖြစ်သဖြင့် ဘယ်သောအခါမှ ရှန်တုန်းအား အသေသတ်ရန် မတွေးခဲ့ဖူးပေ။ ရှန်တုန်းသည် မိမိဘဝအား ငြိမ်းချမ်းစွာနေထိုင်ပြီး သူမရှန်ရှီ၏ဂုဏ်အသရေနှင့် သူမပိုင်ဆိုင်သောအရာအားလုံးကို မလုယူသရွေ့ အရာအားလုံးအဆင်ပြေပေမည်။ သို့ရာတွင် ရှန်တုန်းမှာ နားမထောင်ဘဲ နိုင်ငံခြားမှသာ ပြန်လာချင်တကဲကဲဖြစ်နေခဲ့သည်။ သူမသည် မိမိမျက်နှာကို လူရှေ့တွင်ထုတ်ပြကာ အလှပြင်ဆိုင်တစ်ဆိုင်ကို ဖွင့်ခဲ့၏။ ထို့အပြင် အလုပ်တွဲလုပ်စရာလူရှား၍ ကျင်းယွင်ကျောင်းကိုမှ ရွေးခဲ့လေသည်!
ထိုမျှမက ရှုမိသားစုအိမ်သို့လာရန်ပင် စီစဥ်ခဲ့သေး၏!
သူမသည် ရှန်တုန်းအား အရိပ်အယောင်ပြနေခဲ့သည်မှာ ကြာပေပြီ။ ရှန်တုန်းအား သုံးနှစ်ကျော်ကြာသည့်တိုင် ရှုမိသားစုအိမ်ထဲသို့ ခြေမချခိုင်းဘဲ နေနေသည်ဆိုလျှင် သူမသည် အရိပ်အကဲသိသင့်နေပြီ မဟုတ်လော။
ထို့ကြောင့် ဤတစ်ခေါက်တွင် သူမသည် ရှန်တုန်းအား သေစေချင်ခဲ့သည်။ သို့ရာတွင် ဤမျှလောက်ကြီးမားသော မတော်တဆမှုပြီးသည့်တိုင် သူမသည် သတိမေ့ရုံသာရှိပြီး ရှန်ဟုန်ကိုပါ ပြန်ခေါ်လာနိုင်ခဲ့၏။
“များများစားစားတော့မဟုတ်ပါဘူး၊ ကျွန်တော်နိုင်ငံခြားမှာ ဘယ်လိုနေခဲ့လဲဆိုတာ ဦးလေးကမေးနေတာ၊ အမေပြန်နိုးလာရင် အဒေါ်နဲ့ အဒေါ့်သားကိုလည်း မကြာမကြာလာလည်ဖို့ ပြောနေတာလေ”
ရှန်ဟုန်၏လေသံသည် မေတ္တာရိပ်စွတ်နေ၏။
သူနှင့်သူ၏မိခင်တွင် အခြားဆွေမျိုးများမရှိချေ။ ထိုမျှမက သူ၏မိခင်မှာလည်း ဤနှစ်ပေါင်းများစွာတစ်လျှောက် သူ၏အဒေါ်အကြောင်းကိုသာ သူ့ရှေ့မှောက်တွင် ပြောနေခဲ့ပေသည်။ ထို့ကြောင့် သူသည် စိတ်ထဲတွင် ဤအဒေါ်ဖြစ်သူကို အလွန်ပင်လေးစားနေ၏။
ရှန်ရှီသည် အံကိုကြိတ်ကာ ပြုံးလိုက်သည်။
“ဟုတ်ပြီလေ သားအမေကောင်းလာတဲ့အထိ စောင့်ကြတာပေါ့”
ရှန်ဟုန် ပြန်ပြုံးပြလိုက်သည်။
ရှန်ရှီဝင်လာချိန်တွင် ရှုယွမ်ထက်သည် ပြောစရာစကားသိပ်မရှိတော့ချေ။ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းလည်း ထိုနည်း၎င်းပင်။ တစ်ခန်းလုံးသည် ရှောင်လွှဲ၍မရစွာဖြင့် အနည်းငယ်နေရခက်သွား၏။ ထို့ကြောင့် ခဏအကြာတွင် သုံးဦးသားသည် ထွက်သွားရန် အသင့်ဖြစ်နေတော့သည်။ အခန်းပတ်ပတ်လည် စီစီတီဗီကင်မရာများ တပ်ထားသဖြင့် လူရှေ့တွင် ရှန်ရှီမှ ရှန်တုန်းအား တစ်ခုခုလုပ်မည်ကို စိုးရိမ်စရာမလိုပေ။
“ရှောင်ကျောင်း၊ သမီးဘာလို့ ရှန်တုန်းကို သဘောကျတာလဲ?”
ရှုယွမ်ထက်သည် အပြန်လမ်းတွင် မေးလိုက်၏။
“အန်တီတုန်းက လူတွေကို ကောင်းကောင်းဆက်ဆံပြီး ပိုစိတ်ရင်းမှန်တယ်၊ သူကလူတစ်ယောက်ကိုကြည့်ရင် ကိုယ့်စကားကို သေချာနားထောင်နေတာပဲလို့ ခံစားရစေတယ်၊ သူကတခြားလူတွေရဲ့ သဘောထားကို ငဲ့ပေးပေမယ့် တစ်ချိန်တည်းမှာပဲ ကိုယ်ပိုင်အတွေးအခေါ်ရှိတယ်၊ အပြင်ပန်းမှာ အားပျော့တယ်လို့ထင်ရမယ့် တကယ်တော့ အရမ်းကိုသန်မာတဲ့ အမျိုးသမီးတစ်ယောက်ပေါ့”
ကျင်းယွင်ကျောင်းသည် စဥ်းစားကြည့်လိုက်ပြီးနောက် လေးနက်သောသုံးသပ်ချက်တစ်ခုကို ပေးလိုက်သည်။
“ရှန်ရှီကရော? ဘာလို့သူ့ကိုမကြိုက်တာလဲ?”
ရှုယွမ်ထက်မေးလိုက်ပြန်သည်။
ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကိုစေ့ကာ တုံ့ဆိုင်းသွားသည်။ ခဏအကြာတွင် သူမပြောလိုက်၏။
“တချို့အရာတွေကိုတော့ ဦးလေးကို သမီးမပြောချင်ဘူး၊ ဦးလေးတို့က လင်မယားတွေပဲလေ ဒါပေမယ့်...ဦးလေးကို သတိပေးဖို့ လိုတယ်လို့တော့ ထင်တယ်”
ယခင်က သူမဦးလေးနှင့် ရှန်ရှီသည် အလွန်ပင်သံယောဇဥ်ကြီးလိမ့်မည်ဟု စိုးရိမ်နေခဲ့သည်။ သူမသည် သူမနှင့်ရှန်ရှီကြားက အသေးအဖွဲအငြင်းပွားမှုများကို ဖြေရှင်းနိုင်သော်လည်း အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သောရန်ပွဲ ဖြစ်လျှင်မူ သူမဦးလေးသာ စိတ်မကောင်းဖြစ်ရလိမ့်မည်။ ထို့အပြင် သူမသည် သက်သေမရှိသောကြောင့် ဦးလေးရှုအား တစ်ခါတည်းမပြောရဲခဲ့ခြင်းဖြစ်သည်။
ထိုမျှမက သူမသည် မိမိဘာသာ ပြသာနာဖြေရှင်းရသည်ကို အကျင့်ဖြစ်နေလေပြီ။ တစ်စုံတစ်ယောက်၏ အကူအညီကို ငှားရမ်းရလျှင်ပင် ထိုလူအား မိမိ၏ကိစ္စအလုံးစုံကို ယုံကြည်ပုံအပ်မည့်သူ မဟုတ်ပေ။ ထို့ကြောင့် သူမသည် မသိလိုက်ဘာသာဖြင့် လျှို့ဝှက်ထားခဲ့၏။
“သမီး မြို့တော်ထဲကိုလာပြီး မကြာခင်ကတည်းက ရှန်ရှီကို သိနေခဲ့တယ်၊ သမီး အန်တီတုန်းရဲ့အလှပြင်ဆိုင်ကို သွားတုန်းက အန်တီတုန်းကို တိုက်ခိုက်နေတဲ့ စိတ္တဇပရိသတ်တစ်ယောက်ကို တွေ့ခဲ့ရတယ်၊ ဒါပထမဆုံးမဟုတ်ဘူးလို့လည်း အန်တီတုန်းပြောခဲ့တယ်၊ သိပ်မကြာခင်မှာ ကားနဲ့သမီးပြန်တုန်း ဒရိုင်ဘာကို အဆိပ်ပြွန်နဲ့ထိုးလိုက်တဲ့လူကို တွေ့ပြန်ရော၊ ကားထဲကလူတိုင်း သေမလိုဖြစ်သွားခဲ့ပေမယ့် ရှန်ရှီရဲ့ လက်ချက်ဟုတ်မဟုတ် သက်သေပြဖို့ သက်သေမရှိဘူး၊ အဲဒီအချိန်တုန်းကတော့ သမီးသိပ်အာရုံမထားခဲ့မိဘူး...”
Space and Rebirth 1044
“ရှန်ရှီကိုသိရတဲ့အကြောင်းရင်းက အန်တီတုန်းကြောင့်ပဲ၊ အဲ့အချိန်တုန်းက အဘိုးနဲ့သမီးက ကုန်တိုက်သွားနေတုန်း သူတို့ညီအစ်မတွေ သမီးကိုမြင်ခဲ့ကြတယ်လေ၊ ရှန်ရှီက သမီးတို့ကိုမြင်လိုက်တဲ့အခါမှာ မျက်နှာတစ်မျိုးဖြစ်သွားတယ်လို့ အန်တီတုန်းခံစားရတာနဲ့ သူ့အစ်မကိုသိလားလို့ သမီးကိုမေးခဲ့တယ်၊ အဲ့အချိန်တုန်းက သမီးလည်း တစ်မျိုးဖြစ်သွားတယ်၊ ချွေးမတစ်ယောက်အနေနဲ့ ကိုယ့်ယောက္ခထီးကို သဘောမကျဘူးဆိုရင်တောင် ပြေးနှုတ်ဆက်ရမယ်မဟုတ်လား...ဒါပေမယ့် မဟုတ်ဘူးလို့ ရှန်ရှီကတော့ ငြင်းတယ်၊ အဲ့တုန်းက သူနေမကောင်းလို့ပါဆိုပြီး တွင်တွင်ပြောနေတာ...”
“ဒါပေမယ့် အဲ့ကိစ္စအပြီးမှာ ရှောင်ဟိုင်ချင်းနဲ့ သမီးတို့က အန်တီတုန်းအိမ်မှာ အဆိပ်ခတ်ထားတဲ့ဝိုင်ကို သောက်မိမလိုဖြစ်သွားခဲ့တယ်”
ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် အေးစက်သောမျက်လုံးများဖြင့် ခပ်ဟဟရယ်လိုက်သည်။
“ဒါဆို ရှန်တုန်းကို သံသယဝင်ရမှာမဟုတ်ဘူးလား?”
ရှုယွမ်ထက် မျက်မှောင်ကြုတ်လိုက်၏။
“ဦးလေး၊ ရှန်တုန်းနဲ့သမီးက စီးပွားဖက်တွေပဲ၊ သမီးသေလို့ အန်တီတုန်းရစရာ ဘာအကျိုးအမြတ်မှမရှိဘူး၊ ပြီးတော့ အန်တီတုန်းနဲ့သမီးက အဲ့အချိန်တုန်းက တစ်ခါနှစ်ခါလောက်ပဲတွေ့ဖူးပေမယ့် အရမ်းခင်နေခဲ့ကြတာ၊ နောက်တစ်ချက်က အန်တီတုန်းသာ အရမ်းစဥ်းစားဉာဏ်ရှိရင် အဲ့လိုနည်းလမ်းကိုသုံးမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သမီးနဲ့ ရှောင်ဟိုင်ချင်းသာသေသွားရင် နောက်ဆက်တွဲကိစ္စတွေကို သူပဲရင်ဆိုင်ရမှာလေ၊ သူက အရင်တုန်းက လူသိများခဲ့တဲ့လူဖြစ်တာမို့ သူနဲ့ပတ်သတ်ပြီး မကောင်းတဲ့သတင်းတွေ သေချာပေါက် ပြန့်သွားလိမ့်မယ်၊ အိမ်ထောင်မပြုဘဲ ကလေးမွေးလိုက်တဲ့သတင်းကလည်း လူရှေ့ပေါ်လာလိမ့်မယ်၊ ပြီးတော့ အဲဒီဝိုင်ကို ရှန်ရှီက လက်ဆောင်ပေးထားတာ၊ ရှန်ရှီက အန်တီတုန်းကို လက်ဆောင်ပေးတုန်းက အဘိုးကိုဂရုစိုက်ပေးတဲ့အတွက် သမီးကိုကျေးဇူးတင်ချင်လို့ တိုက်လိုက်တဲ့ဝိုင်ပါဆိုပြီး မှာလိုက်တာလေ၊ အဲဒီသစ်သီးဝိုင်ကို အက်ကိုနိုက်အဆိပ်နဲ့ ဖျော်ထားခဲ့ပေမယ့် ကံကောင်းလို့ သမီးက အနံ့ရှူနိုင်ခဲ့တာ”
“အဲဒါတင်မဟုတ်သေးဘူး၊ အဲ့ကိစ္စအပြီး သမီးဝိုင်မသောက်လိုက်တဲ့အကြောင်း ရှန်ရှီသိသွားတာနဲ့ အဲ့ဝိုင်ကို သူကိုယ်တိုင် ချက်ချင်းပြန်ယူသွားခဲ့တယ်”
ကျင်းယွင်ကျောင်း စကားပြောပြီးသောအခါ ရှောင်ဟိုင်ချင်းသည်လည်း ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
ရှုယွမ်ထက်သည် အသက်ကိုပြင်းပြင်းရှူလိုက်၏။ သူ၏အကြည့်များမှာ နက်ရှိုင်းနေပြီး ပျော်နေသည်လော ဒေါသထွက်နေသည်လော ဝေခွဲရခက်နေသည်။
ရှန်ရှီသည် ယခင်က ရှောင်ကျောင်းကို တစ်ခုခုလုပ်ရန် ကြိုးစားခဲ့သည်လော။ သို့သော် ထိုအချိန်က ရှန်ရှီသည် သူမကို မသိလောက်ခဲ့သေးချေ။ ကျောထောက်နောက်ခံမရှိဘဲ မြို့တော်သို့ရောက်လာသည်မှာ မကြာသေးသော ကောင်မလေးတစ်ဦးအား အဘယ်ကြောင့် ပစ်မှတ်ထားစရာအကြောင်းရှိသနည်း။
သို့သော် သူမအပြစ်ကင်းစင်သည်ဟု...တပ်အပ်မပြောနိုင်ပါချေ။
ရှုမိသားစုအိမ်တွင် ဆေးဖက်ဝင်အပင်မျိုးစုံနှင့် ဆေးကျမ်းများစွာရှိ၏။ ရှန်ရှီသည် စာအုပ်ဖတ်ရသည်ကို နှစ်သက်ပြီး ဆေးအစာများနှင့်ပတ်သတ်၍ သုတေသနများစွာ လုပ်ခဲ့ဖူးသည်။ သူမသည် အမှန်တကယ်ပင် လူများအား အဆိပ်ခတ်နိုင်စွမ်းရှိပေသည်...
“ဦးလေးသိပြီ သူ့ကိုသေသေချာချာစုံစမ်းလိုက်မယ်”
ရှုယွမ်ထက်သည် ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် အနည်းငယ်ဒေါသထွက်နေလေ၏။
သူသည် ဤအမျိုးသမီးနှင့် တစ်ကုတင်တည်း အတူမအိပ်သော်ငြား မည်သို့ပင်ဖြစ်စေ ဤအမျိုးသမီးမှာ သူ၏ဇနီးဖြစ်ပြီး သူ၏နံဘေးတွင်ရှိသောလူဖြစ်သည်။ နှစ်ပေါင်းများစွာ အတူတကွလက်တွဲလာသောကြောင့် တစ်နေ့တစ်ချိန်တွင် သူတို့နှစ်ဦးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အတူတကွအိုသေကြမည်ဟုပင် သူတွေးထားခဲ့၏။ သို့ရာတွင် အပေါ်ယံ၌ နူးညံ့သိမ်မွေ့ကာ စိတ်ထားကောင်းသည့်ပုံပေါက်နေသော ဤမိန်းမသည် သိုးရေခြုံသောဝံပုလွေဖြစ်နေလေသည်။
“အရင်က သမီးလူတွေလွှတ်ပြီး သူ့ကိုစုံစမ်းခိုင်းထားတယ်၊ သူတို့ရှာတွေ့တာက သူကလူတချို့ကို တစ်ခါထက်မနည်း ဖုန်းဆက်ထားတယ်တဲ့ အဲ့လူတွေကလည်း အန်တီတုန်းကို တိုက်ခိုက်ခဲ့တဲ့ ပရိသတ်တွေချည်းပဲ၊ အခု အဲ့လူတွေက သေတဲ့လူကသေ၊ ထောင်ထဲရောက်တဲ့သူကရောက် စိတ်ကျန်းမာရေးဆေးရုံတက်တဲ့လူက တက်နေပြီ၊ ဦးလေး အဲဒီကနေ စစုံစမ်းကြည့်၊ သူကသမီးကို တစ်ခုခုလုပ်ဖို့ ကြိုးစားတယ်ဆိုတာ သက်သေမပြနိုင်ပေမယ့် အနည်းဆုံးတော့ သူ့ညီမအပေါ်ရက်စက်ထားတယ်ဆိုတာ သေချာတယ်”
ကျင်းယွင်ကျောင်းပြောလိုက်၏။
ရှုယွမ်ထက်သည် အံ့အားသင့်နေကာ ခေါင်းငြိမ့်ပြလိုက်သည်။
“သမီးပြောစကားအရဆို ဒီမတော်တဆမှုကလည်း...သူ့လက်ချက်ဖြစ်နိုင်တယ်ပေါ့?”
ရှုယွမ်ထက်သည် အနည်းငယ်ထိတ်လန့်တုန်လှုပ်နေ၏။
“ဖြစ်နိုင်တာမဟုတ်ဘူး သူ့လက်ချက်မှန်းသေချာနေတာ”
ကျင်းယွင်ကျောင်းသည် ဖုံးကွယ်ရန် မကြိုးစားဘဲ ဆက်ပြောလိုက်သည်။
“သုံးနှစ်အတွင်းမှာ အန်တီတုန်းက မတော်တဆဖြစ်တာ ၅ ကြိမ်ရှိသွားပြီ၊ လူတစ်ယောက်က ဘယ်လောက်များကံမကောင်းလို့ ဒီလောက်တောင် မတော်တဆခဏခဏဖြစ်ရတာလဲ? ပြီးတော့ ဒီတစ်ခေါက် အခြေအနေက ပိုပြင်းထန်နေတာ အရမ်းထူးဆန်းတယ်၊ ကြည့်ရတာ အန်တီတုန်းကို တမင်သတ်ဖို့ ကြိုးစားနေသလိုပဲ၊ သမီးအမြင်အရတော့ အရင်က ရှန်ရှီက သူ့ညီမကို လူမြင်ကွင်းကပျောက်အောင်လုပ်ပြီး ဖိနှိပ်ချင်ရုံပဲဆိုပေမယ့် အခုတော့ သူ့ကိုသတ်ပါသတ်ချင်နေပြီထင်တယ်၊ သူ့ကိုသတ်ချင်တဲ့အကြောင်းရင်းက.....ဦးလေး၊ မတော်တဆဖြစ်တဲ့နေ့မှာ အန်တီတုန်းက အရင်စျေးဝယ်ထွက်ပြီး သမီးမွေးနေ့ပွဲကို လာဖို့ကြိုးစားခဲ့တာ”