← Chapters

အခန်း (၁၀၄၉-၁၀၅၂)

Vol. 53 Ch. 1049-1052

အခန်း (၁၀၄၉-၁၀၅၂)

Vol. 53 Ch. 1049-1052

Space and Rebirth 1049

ရှန်ဟုန်၏အသွင်အပြင်မှာ ချောမောခန့်ညားလှပြီး ယဥ်ကျေးကျိုးနွံစွာ လူများကို ဆက်ဆံလေ၏။ သူသည် ဤဆေးရုံတွင်ရှိစဥ်အတွင်း သူနာပြုများနှင့် အမျိုးသမီးဒေါက်တာအချို့၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်။ ယခု သူသည် ကျင်းယွင်ကျောင်းစကားနားထောင်ကာ သူ၏မိခင်ကို ခေါ်သွားပြီဖြစ်သောကြောင့် လူများစွာသည် စိတ်ပျက်ဝမ်းနည်းကြတော့၏။

ထို့အပြင် ရှန်တုန်းဆေးရုံတက်သည့်အချိန်မှစ၍ အချို့သတင်းထောက်များသည် သတင်းအချို့ရရှိရန် မျှော်လင့်ချက်နှင့် လူနာဆောင်နားတွင် ရစ်သီရစ်သီလုပ်နေခဲ့ကြလေသည်။

ထိုအချိန်တွင် အချို့ဒေါက်တာများမှာ ဒေါသထွက်နေကြပြီး အချို့မှာ သိက္ခာပင်မငဲ့နိုင်တော့ဘဲ သတင်းထောက်များရှေ့တွင် တစ်ခါတည်း ကြိမ်းမောင်းနေခဲ့ကြ၏။

“ရှန်တုန်းက တကယ်သနားစရာကောင်းတာပဲ၊ မတော်တဆဖြစ်ပြီး သတိလစ်နေခဲ့တုန်းက သူ့အသက်ကိုမနည်းကယ်ခဲ့ရတာ၊ ဒါပေမယ့် သူ့သားကတော့ သူ့ကောင်မလေးလိမ်တာခံနေရတော့တာပဲ၊ ငါကြားတာတော့ ဆေးရုံက ဆေးဖိုးဝါးခက အရမ်းများပြီး တိုင်းရင်းဆေးက ပိုစျေးပေါတယ်တဲ့လေ၊ အဲဒါနဲ့ပဲ လူတွေကိုလိမ်ဖို့ပဲသိတဲ့ ရမ်းကုဆေးခန်းတွေဆီ ရှန်တုန်းကို ပို့လိုက်တာပဲ”

ထိုစကားကိုကြားလိုက်သောအခါ သတင်းထောက်များသည် ချက်ချင်းဆိုသလို ရတနာတွင်းကို ရှာတွေ့သလို ဖြစ်သွားကြသည်။

ရှန်တုန်းသည် အနုပညာအသိုင်းအဝိုင်းတွင် မရှိတော့သည်မှာ ကြာပြီဖြစ်သော်လည်း ဂန္တဝင်ကားပေါင်းများစွာတွင် သရုပ်ဆောင်ခဲ့ဖူးသောသူ ဖြစ်နေသေး၏။ သူမတွင် လွှမ်းမိုးမှုအတိုင်းအတာတစ်ခုထိ ရှိနေသေးပေသည်။ ဤသတင်းကိုသာ ထုတ်လွှင့်လိုက်ပါက သူတို့သတင်းအား လူစိတ်မဝင်စားမည်ကို စိတ်ပူစရာမလိုပေ!

ရှန်တုန်း၏ ဆရာဝန်သည် ဤမျှလောက် အတွေးခေါင်ပြီး သဘောထားသေးသိမ်လိမ့်မည်ဟု ကျင်းယွင်ကျောင်းမထင်ထားခဲ့ချေ။

ထိုအချိန်တွင် သူမသည် လူနာအား ကြိုးကြာနီခန်းမသို့ ပို့ပြီးနောက် အပ်စိုက်ကုသရေး ပထမအချီကို စတင်လိုက်သည်။

ကြိုးကြာနီခန်းမသည် အလွန်ပင်ကျယ်ဝန်းပြီး လူနာများအတွက် သီးသန့်ခန်းများစွာ ရှိလေသည်။ နေ့တိုင်းလိုလို ထိုအခန်းများကို ပိုးသတ်သန့်ရှင်းသော ဆေးဝါးအလုပ်သင်ကလေးတစ်ဦးရှိ၏။ ပတ်ဝန်းကျင်အနေအထားအရပြောလျှင် ထိုဆေးရုံကြီးများထက် များစွာသာလေသည်။ ရှန်ဟုန်သည် အစက သူ၏မိခင်အား ဂရုစိုက်ပေးမည့်သူ မရှိမည်ကို စိတ်ပူနေခဲ့သော်လည်း လက်တွေ့တွင် သူသည် ဝင်လုပ်ဆောင်ပေးစရာ တစ်ခုမျှမလိုအပ်ချေ။ ထိုဆေးအလုပ်သင်ကလေးများသည် အလွန်ပင်ရင့်ကျက်ပြီး သေဝပ်၏။ လူနာများအား မည်သို့ပြုစုစောင့်ရှောက်ရမည်ကို သူ့ထက်ပင်သိနေလေသည်။

ကျင်းယွင်ကျောင်းမှ အပ်စိုက်ကုသတိုင်း သမားတော်အိုကြီးများသည် သူမ၏ကုသရေးလုပ်ငန်းစဥ်အား ပထမဆုံးလေ့လာကြည့်ရှုရန် အချင်းချင်းရန်ဖြစ်ပြိုင်ဆိုင်တတ်ကြ၏။ ကျင်းယွင်ကျောင်းသည် ငယ်ရွယ်သေးသော်လည်း သူမကုသနေပုံမှာ အပ်စိုက်ကုသခြင်းနှင့် အပူထိုးကုသခြင်း၌ ဆယ်စုနှစ်ကြာ အတွေ့အကြုံရှိနေသောလူကဲ့သို့ပင်။ ဤတစ်ကြိမ်တွင်လည်း ထိုနည်း၎င်းပင်။

ထိုသမားတော်အိုကြီးများသည် ကျင်းယွင်ကျောင်းအား ချီးမွမ်းနေကြသဖြင့် ရှန်ဟုန်သည် ပို၍စိတ်အေးသက်သာရာရသွားသည်။

အပ်စိုက်ကုသရေးသည် သိပ်မကြာလိုက်ချေ။ ကုသရေးပြီးဆုံးသွားသောအခါ ကျင်းယွင်ကျောင်းသည် နောက်ဆေးညွှန်းစာတစ်ရွက်ကို ရေးလိုက်သည်။ ထိုအချိန်တွင် ရှန်တုန်းသည် အနည်းငယ်သတိပြန်လည်လာချေပြီ။ ဆေးအချို့အား ဝါးခြင်း၊ သောက်ခြင်းအရာ၌ ကိစ္စမရှိသော်လည်း သူမအပြည့်အဝနိုးထဖို့ဆိုလျှင် အပ်စိုက်ကုသရေးတတိယအချီပြီးမည်ကို စောင့်ရပေမည်။

ထိုနေ့က ရှန်ဟုန်သည်လည်း ကြိုးကြာနီခန်းမ၌ နေခဲ့၏။ ကျင်းယွင်ကျောင်းသည် ကြိုးကြာနီခန်းမသို့ သုံးရက်ဆက်တိုက် လာတတ်သည်မှာ ရှားပါးလွန်းလှသဖြင့် သမားတော်အိုကြီးများမှာ အပျော်လွန်နေတော့သည်။

သို့သော် တတိယမြောက်နေ့တွင် အမတကြိုးကြာခန်းမထဲရှိ အငွေ့အသက်မှာ ခါတိုင်းနှင့်မတူဖြစ်နေ၏။

“သမားတော်လေးကျင်း၊ ရောက်ပြီလား၊ ဒီမှာကြည့်ပါဦး ဒီမနက်က နေမကောင်းချင်ယောင်ဆောင်ပြီး အချိန်လာဖြုန်းကြတဲ့လူတွေ များလွန်းလို့ တကယ့်လူနာအစစ်တွေက အနောက်မှာတန်းစီနေရတုန်းပဲ!”

သမားတော်အိုကြီးများသည် အလွန်တရာပင် ဒေါသထွက်နေကြ၏။

ဤအောက်တန်းစားများ ဘယ်ကလာမှန်း သမားတော်အိုကြီးများမသိပါချေ။ သူတို့သည် ညသန်းခေါင်တွင် လာရောက်ကြပြီး အရှေ့ဆုံးမှ တန်းကြိုစီထားကြ၏။ သူတို့သည် သမားတော်များနှင့် စကားပြောရန် ကြိုးစားကြပြီး စကားပြောသည်နှင့် သူတို့ကင်မရာများကိုထုတ်ကာ ရိုက်ကူးကြတော့သည်။ သမားတော်အိုများသည် ဒေါသထွက်လွန်းသဖြင့် သူတို့အားလုံးကို ရိုက်ထုတ်ပစ်ချင်နေလေပြီ။

ကျင်းယွင်ကျောင်းသည် လူအုပ်ကြီးအား အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်၏။ သူတို့အများစုမှာ ကင်မရာများ၊ ရိုက်ကူးရေးပစ္စည်းအသေးစားများကို ကိုင်တွယ်ထားကြလေသည်။ သူမသည် ချက်ချင်းဆိုသလို ရွံရှာစက်ဆုပ်သည့်မျက်နှာထား ဖြစ်သွားသည်။

“မင်းက ရှန်ဟုန်ရဲ့ ကောင်မလေးလား? ဒီသမားတော်ကြီးတွေနဲ့ အရမ်းရင်းနှီးနေတဲ့ပုံပဲ ဒါကြောင့်မို့ ရှန်တုန်းကို ဒီနေရာ ပြောင်းလိုက်တာလား?”

သို့ရာတွင် ဤသတင်းထောက်များသည် ကျင်းယွင်ကျောင်းဖြစ်သွားပုံကို ဘယ်လိုမှမနေချေ။ သူတို့ထဲမှတစ်ဦးပင်လျှင် ကျင်းယွင်ကျောင်းအား သွားမေးလိုက်သေး၏။

ကျင်းယွင်ကျောင်းမျက်ခုံးများကို ပင့်လိုက်သည်။

“ဆရာဝန်လာပြတာလား ပြသာနာလာရှာတာလား?”

“ဆရာဝန်လာပြတာပေါ့ ဒါပေမယ့် မေးခွန်းနည်းနည်းမေးလို့ ဘာမှမဖြစ်ဘူးမှတ်လား?”

တစ်ဖက်လူမှပြောလိုက်သည်။

ကျင်းယွင်ကျောင်းခပ်ဟဟရယ်လိုက်သည်။

“ဘာမှမဖြစ်ဘူးတဲ့လား? ဒါဆို အနောက်မှာ တန်းစီနေရတဲ့ လူနာတွေကို ကောင်းကောင်းကြည့်လိုက်ပါဦး၊ သူတို့က စောစောလာခဲ့ပေမယ့် ရှင်တို့ကြောင့် ဆရာဝန်ပြဖို့ကြာနေပြီ၊ ရှင်တို့လုပ်ရပ်က သူတို့အတွက် ဘာမှမဖြစ်ဘူးလို့ထင်လား? ကြည့်ရတာ ရှင်တို့သတ်မှတ်ချက်က နည်းနည်းနိမ့်နေတဲ့ပုံပဲ”

Space and Rebirth 1050

ကျင်းယွင်ကျောင်းကဲ့သို့ မိန်းကလေးတစ်ဦး၏ မေးခွန်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် တစ်ဖက်လူသည် အနည်းငယ်အရှက်ရသွား၏။ သို့သော် စဥ်းစားကြည့်လိုက်ပြီးနောက် သူသည် မခံနိုင်စွာ ပြန်ပြောလိုက်သည်။

“ငါတို့လည်း အလုပ်လုပ်နေတာပဲ၊ မင်းနားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်၊ ပြီးတော့ ရှန်တုန်းက တစ်ခေတ်တစ်ခါက ပြည်သူ့အချစ်တော်မင်းသမီးပဲလေ၊ သူသတိလစ်နေတုန်း ဆေးရုံကနေခေါ်သွားတာ အရမ်းအန္တရာယ်များတယ်မဟုတ်ဘူးလား? အားလုံးက အမှန်တရားကို သိချင်နေရုံပါ”

အမှန်တရား?

ကျင်းယွင်ကျောင်းသည် လှောင်ရယ်သံစွတ်ကာ ရယ်မောလိုက်သည်။

အမြဲတစေ မိမိကိုယ်ကိုအဟုတ်ကြီးထင်ပြီး အမှန်တရားကို ရှာဖွေရန်အတွက် မိမိသိပင်မသိသော၊ နားပင်နားမလည်သော လူတစ်ဦးအား ထိခိုက်နာကျင်အောင်လုပ်နိုင်သည့် လူများစွာရှိပေသည်။

“အမှန်တရားကိုသိချင်တာလား? ဟုတ်ပြီလေ ကိစ္စမရှိဘူး ဒါပေမယ့် အခုတော့မရဘူး ကျွန်မတို့က လူနာတွေကို ကုသရဦးမှာမို့၊ ရှင်ခုနက အလုပ်လုပ်နေတာလို့ ပြောလိုက်တယ်မလား ကျွန်မတို့လည်း အလုပ်လုပ်ရဦးမယ်၊ ဒါကအလုပ်ကိစ္စတင်မဟုတ်ဘူး တခြားသူတွေရဲ့ ကျန်းမာရေးနဲ့လည်း သက်ဆိုင်တဲ့ကိစ္စပဲ၊ ဒီမှာရှိတဲ့လူနာတွေအားလုံးကို ကြည့်ပြီးလို့ အချိန်ရှိသေးရင် ကျွန်မကို ရှင်တို့ကြိုက်တာမေးလို့ရတယ်”

ကျင်းယွင်ကျောင်းသည် အစက အနည်းငယ်‌ဒေါသထွက်သွားသော်လည်း သေချာစဥ်းစားကြည့်ပြီးနောက် ဒေါသထွက်ရန်မတန်လှဟု တွေးလိုက်သည်။

“ရှင်က ဆရာဝန်မို့လို့လား?”

ထိုအမျိုးသမီးသတင်းထောက်သည် သူမအား လုံးဝအယုံအကြည်မရှိချေ။

“ကျွန်မဆရာဝန်ဟုတ်လား မဟုတ်လားဆိုတာ ခဏနေကျသိလိမ့်မယ်၊ လောလောဆယ် အနောက်ကိုခြေနှစ်လှမ်းလောက်ဆုတ်ပြီး ဘေးမှာရပ်ပေးပါ၊ လူတန်းကို မပိတ်ကြနဲ့ ဟုတ်ပြီလား?”

ကျင်းယွင်ကျောင်းသည် သူမအား အာရုံမထားဟန်ဖြင့် ဝေ့ကြည့်ပြီး သူမခုံတွင် ပြန်ထိုင်လိုက်သည်။

ဤသတင်းထောက်များကြောင့် ယနေ့တွင် လူနာများစွာ နောက်ကျကုန်သဖြင့် သူမသည် အရင်ကူညီမှဖြစ်ပေမည်။

အမတကြိုးကြာခန်းမသည် တစ်နေ့ ၂၄ နာရီ ဖွင့်လှစ်သော်လည်း ညဖက်တွင်မူ အလုပ်သင်သမားတော်များသာ တာဝန်ကျ၏။ အရေးပေါ်ကိစ္စရှိလျှင် သူတို့သည် အနောက်ခြံဝင်းသို့သွားကာ ဝါရင့်သမားတော်များကို အသိပေးရသည်။

အမတကြိုးကြာခန်းမ၏ အလုပ်သင်သမားတော်များပင်လျှင် အခြားနေရာရှိ သာမန်ဆရာဝန်များထက် ကျွမ်းကျင်ကြပေသည်။ စည်းကမ်းတင်းကြပ်မှုကြောင့် သူတို့သည် ပညာများစွာကို လေ့လာခဲ့ရသည်။ ပို၍အရေးကြီးသောအချက်မှာ သူတို့အားလုံးသည် ငယ်စဥ်ကတည်းကပင် ဆေးဖက်ဝင်အပင်မျိုးစုံကို ကိုင်ခဲ့ဖူးပြီး မိမိတို့ဆရာများက မိမိမျက်စိရှေ့တွင်ပင် ရောဂါများကုသနေသည်ကိုကြည့်ပြီး ကြီးလာကြသူများဖြစ်သည်။

ယမန်နေ့ကလည်း သူမအား တပည့်သားအချို့ခေါ်၍ သင်ကြားပေးချင်သလောဟု သမားတော်အိုကြီးများက ကျင်းယွင်ကျောင်းကို မေးခဲ့ကြသည်။

ထိုကလေးများသည် ရိုးရှင်းသောဘဝကို ဖြတ်သန်းလာကြသူများဖြစ်သည်။ ထိုကလေးအချို့မှာ ကျင်းမိသားစုခွဲများမှ သားသမီးများ၊ အချို့မှာ သမားတော်အိုကြီးများ၏ ဆွေမျိုးမိသားစုများမှ လူငယ်များဖြစ်ပြီး အချို့မှာ ငွေကြေးချို့တဲ့သော်လည်း ပါရမီပါသော မိဘမဲ့များဖြစ်သည်။

အနောက်ခြံတွင် ဆေးကုသနိုင်စွမ်း မရှိတော့သော သမားတော်အိုကြီးအချို့ရှိသည်။ သူတို့သည် ပုံမှန်အားဖြင့် ဤကလေးများအား စာရေးစာဖတ်သင်ပေးပြီး ငယ်ရွယ်စဥ်ကတည်းက ဆေးကျမ်းများစွာကို အလွတ်ကျက်ခိုင်းတတ်၏။ ထိုကလေးများမှာ သည်းခံစိတ်ရှည်မှုမရှိလျှင်ဖြစ်ဖြစ် ဉာဥ်မကောင်းလျှင်ဖြစ်ဖြစ် ကြိုးကြာနီခန်းမတွင် ဆက်မထားတော့ချေ။ အဘယ်ကြောင့်ဆိုသော် အနာဂတ်လူနာများအတွက် ဆရာဝန်တစ်ဦး၏ အကျင့်စာရိတ္တမှာ အလွန်အရေးကြီးသောကြောင့်ဖြစ်သည်။

ကျင်းယွင်ကျောင်းထိုင်ချပြီးနောက် သတင်းထောက်သည် နှုတ်ခမ်းကိုစေ့လိုက်တော့သည်။ သူမသည် မလုံမလဲဖြစ်သွားသဖြင့် ဆက်၍ ပြန်မပြောရဲတော့ချေ။ ခဏတာမျှစဥ်းစားပြီးနောက် သူမအလုပ်ကတ်ပြားကို ကျင်းယွင်ကျောင်းအရှေ့တွင် ဝှေ့ပြကာ ပြောလိုက်သည်။

“ကျွန်မနာမည်က မီမီတဲ့၊ နာမည်ကိုမှတ်ထားပေးနော် ပြန်လာရင် ကျွန်မမေးခွန်းတွေကို ရှင်ဖြေမှဖြစ်မယ်”

ထိုသို့ပြောပြီးနောက် သူမသည် အနောက်သို့ဆုတ်၍ စောင့်နေလိုက်သည်။

သို့ရာတွင် သတင်းထောက်မလေးမီမီမှာ နောက်ဆုတ်ရန် ‌ရွေးချယ်လိုက်သော်ငြား ရှင်းပြချက်တောင်းခံရန်အတွက် ပညာရှင်မဆန်ဘဲ ရှေ့သို့အတင်းကာရော တက်လာသူများရှိနေသေး၏။ သူတို့သည် လူနာဖြစ်ချင်ယောင်ဆောင်ကာ မေးခွန်းမျိုးစုံကို မေးနေတော့သည်။

“မင်းကဆရာဝန်လား? ဆေးကျမ်းတွေကို ဖတ်ဖူးတာ ဘယ်နှစ်နှစ်ရှိပြီလဲ? သွေးခုန်နှုန်းတိုင်းတတ်လား? ငါသိထားသလောက်ဆိုရင် ဆေးကုဖို့ ဆရာဝန်လိုင်စင်လိုတယ်မလား မင်းမှာရှိလား?”

သူမအရှေ့မှ ယောက်ျားကြီးတစ်ဦးသည် လက်ကိုလှမ်း၍ တရစပ်မေးနေ၏။

ကျင်းယွင်ကျောင်းသည် စကားတစ်ခွန်းမျှမပြောဘဲ ထိုလူ၏လက်ကောက်ဝတ်ကို ဖိတိုင်းလိုက်ပြီး နှုတ်ခမ်းများကို ကွေးညွှတ်လိုက်သည်။ သူမသည် အလျင်လိုမနေချေ။ ခေတ္တအကြာတွင် ဆေးညွှန်းတစ်ခုကို ဖြည်းညင်းစွာရေးပြီး ထိုလူအား ပေးလိုက်၏။

“အာပုပ်နံ့ပျောက်သည့် ဆေးညွှန်း- မိမိဘာသာဝယ်ရန်”

ထိုအရာကို ဖတ်လိုက်သောအခါ ထိုလူ၏မျက်နှာတွင် ဒေါသရိပ်များသန်းသွားတော့၏။ မီမီဟုခေါ်သော သတင်းထောက်မှာလည်း မပြုံးမိဘဲ မနေတော့ချေ။

နယ်ပယ်တူလူများမှာ မိမိပြိုင်ဘက်များသာဖြစ်သဖြင့် သူမသည် လက်ပိုက်သာကြည့်နေ၏။ အခြားသူများအောင်မြင်မည်ကို သူမ မလိုလားပေ။

ကျင်းယွင်ကျောင်းအရှေ့ရှိ အမျိုးသားသတင်းထောက်သည် သူ့အား ကျင်းယွင်ကျောင်းမှ လျစ်လျူရှုလိုက်ကြောင်း မြင်ရသောအခါ အလွန်ပင်ဒေါသထွက်သွားသည်။ သူသည် အနောက်မှ အခန်းငယ်များစွာကိုကြည့်ပြီးနောက် စဥ်းစားမနေဘဲ ကမူးရှူးထိုးဝင်ရန် ကြိုးစားတော့သည်။

Space and Rebirth 1051

ကျင်းယွင်ကျောင်းသည် မျက်ထောင့်စွန်းမှ သူ့အားဝေ့ကြည့်ပြီးနောက် စားပွဲပေါ်ရှိ ဘောပင်တစ်ချောင်းအား အေးအေးလူလူကောက်ယူကာ ပစ်လိုက်သည်။ ဤတိုက်ခိုက်မှုမျိုးသည် နတ်ဘုရားများ၏ လက်နက်ပုန်းတစ်ခုနှင့်ပင် တင်စား၍ရချေမည်။ ထိုပစ်ချက်ကြောင့် ဘောပင်သည် ထိုလူ၏ကျောအောက်ပိုင်းကို တစ်ခါတည်း ထိမှန်သွား၏။ သူသည် ချက်ချင်းဆိုသလို စူးရှသောနာကျင်မှုကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ဘိုင်းခနဲလဲသွားတော့သည်။ လူတိုင်း ထိတ်အားလန့်အားဖြစ်သွားကြ၏။

တစ်ဖက်လူသည် မြေပြင်ပေါ်တွင် နှစ်ကြိမ်မျှကုန်းရုန်းထပြီးနောက် ကျင်းယွင်ကျောင်းဖက်သို့လှည့်ပြီး စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

“မင်းသောက်လက်က ပစ်လိုက်တာလား?!”

“ဘောပင်လေးတစ်ချောင်းနဲ့ လဲသွားတာလား၊ ရှင်သတင်းရေးကြည့်လိုက်လေ ဘယ်သူ့ကိုယုံမလဲ ကြည့်ကြတာပေါ့”

ကျင်းယွင်ကျောင်းသည အပြုံးတစ်ပွင့်ဖြင့် သူ့အား အဖတ်လုံးဝမလုပ်ချေ။

“ပြီးတော့ အခန်းတွေထဲကို ဒုန်းစိုင်းဝင်သွားတာ ရှင့်အတွက် မကောင်းနိုင်ဘူးနော်၊ တခြားလူတွေက ရှင့်ကိုခွင့်လွှတ်ပေးမှာမဟုတ်ဘူး”

“ကဲ နောက်တစ်ယောက်”

ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလို အေးအေးလူလူဖြင့် စားပွဲပေါ်ရှိ အဆင်တန်ဆာပုံစံ ခေါင်းလောင်းအား ခေါက်တီးလိုက်သည်။ ထိုအခါ အလုပ်သင်ကောင်လေးသည် ချက်ချင်းဆိုသလို နောက်လူနာတစ်ဦးကို အရှေ့သို့ခေါ်လာ၏။

အစောပိုင်းက အမျိုးသားသတင်းထောက်မှာ မကျေနပ်သေးဘဲ ‌ရှေ့သို့ထပ်သွားချင်နေသေးသည်။ ရုတ်ချည်းဆိုသလို သူ၏တစ်ကိုယ်လုံး တောင့်တင်းနေကြောင်း ခံစားလိုက်ရ၏။ သူ၏ခါးမှာ ကျိုးလုမတတ်ဖြစ်နေလေပြီ။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် တစ်လက်မပင် မရွေ့နိုင်တော့ချေ!

“ငါ့-ငါ့ခါး...”

သူသည် သုတ်သီးသုတ်ပြာဖြင့် အော်လိုက်သည်။ နံဘေးရှိ သူ၏အဖော်ဖြစ်သူမှာလည်း သူသည် ဟန်ဆောင်နေခြင်းသာဖြစ်သည်ဟု ထင်လိုက်သည်။ ထိုအခါ သူသည် ရင်တုန်ပမ်းတုန်ဖြစ်ကာ ချွေးစေးများပြန်လာတော့၏။

“အရေးပေါ်ကားခေါ်ပေးပါဦး! တကယ်နာတယ်လို့!”

ဆေးခန်းထဲတွင် အရေးပေါ်ကားခေါ်ရမည်လော? အလွန်ထူးဆန်းသောစကားပင်။

ကျင်းယွင်ကျောင်းသည် သူ့အား အနည်းငယ်မျှပင် ဂရုမစိုက်ချေ။ ထိုအချိန်တွင် သူမအရှေ့၌ နောက်သတင်းထောက်တစ်ဦးပေါ်လာ၏။ သူသည် နှုတ်ကိုဖွင့်ကာ စကားပြောတော့မည်ဆဲဆဲတွင် ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို လှောင်ပြောင်ရယ်မောလိုက်၏။

“ရှင်ကသူများကိစ္စကို ဂရုစိုက်ပေးဖို့ အချိန်ရှိတယ်ထင်လား? အစ်ကိုကြီး ရှင့်ရောဂါကလည်းမသေးဘူး၊ ပုံမှန်အားဖြင့် ဆေးလိပ်အများကြီးသောက်တတ်တယ်မလား? တကယ်စိတ်မကောင်းစရာပဲ”

ဤစကားကြောင့် သတင်းထောက်ဖြစ်သူလည်း ဆွံ့အသွားသည်။

“မင်း...ဒါဘာဓိပ္ပာယ်လဲ...”

ယခုတလောတွင် သူသည် အနည်းငယ် နေမထိထိုင်မသာဖြစ်နေခဲ့သည်။ တစ်ခါတစ်ရံတွင် သူသည် အသက်ရှူရခက်ခဲပြီး သူ၏လည်ချောင်းမှာလည်း အနည်းငယ်မသက်မသာဖြစ်နေသည်။ သူသည် အလုပ်ကိစ္စဖြင့် မကြာခဏဆိုသလို ညဆိုင်းဆင်းရတတ်၏။ သတင်းထောက်တစ်ဦးဖြစ်သဖြင့် အနုပညာရှင်များ၏သတင်းကို အမီလိုက်ရန် ညလုံးပေါက်အလုပ်လုပ်ရသည်မှာ မထူးဆန်းပေ။ ညဖက် လုပ်စရာမရှိသည့်အချိန်များတွင် သူသည် ဆေးလိပ်သောက်တတ်၏။

ထို့ကြောင့် သိပ်မကြာသေးခင်က သူသည် အဆုတ်ဆေးစစ်ချက်လုပ်ဆောင်ရန် ဆေးရုံသို့ သွားခဲ့ဖူးသည်။ ဆေးစစ်ချက်အဖြေမှာ စိတ်ပူစရာလုံးဝမရှိပေ။ သတိထားရမည့်အရာအချို့မှအပ အန္တရာယ်များသော ပြောင်းလဲမှုတစ်စုံတစ်ရာမရှိသည့်အပြင် ယခုတလောတွင်လည်း သူသည် ဆေးလိပ်အား လျှော့သောက်ထားသောကြောင့် အခြားပြသာနာများ ထပ်မရှိနိုင်ရာ။

သို့သော် အကြောင်းရင်းသေချာမသိသော်ငြား သူသည် လက်တလောပိုင်းတွင် မွန်းကြပ်သလို ခံစားနေခဲ့ရသည်။

“ရှင်းရှင်းပြောရရင် ရှင့်ရဲ့လက်ရှိအခြေအနေက အရမ်းပြင်းထန်တယ်၊ ရှင်ကိုယ်တိုင်လည်း ခံစားရမှာပဲ၊ အသံအိုးက အသက်ရှူတဲ့လုပ်ငန်းစဥ်ကို ထိန်းချုပ်ပြီး အဆုတ်၊ အသည်းနဲ့ ကျောက်ကပ်တို့ရဲ့ စွမ်းအင်ကြောလည်ပတ်မှုမှာ အခရာကျတဲ့အရာဖြစ်တယ်၊ ဒါပေမယ့် ရှင်က အဆုတ်နဲ့ သရက်ရွက်နေရာမှာ အတွင်းဒဏ်ရာတွေ ရထားတာမို့ သရက်ရွက်က ကောင်းကောင်းမွန်မွန် မလည်ပတ်နိုင်တော့ဘူး၊ ဒါကြောင့် အဆုတ်ကလည်း သူ့ရဲ့အကြည်ဓာတ်ဆုံးရှုံးသွားပြီး အသံအိုးထဲမှာ စိုစွတ်ထိုင်းမှိုင်းမှုတွေက အစိုင်အခဲဖြစ်လာတော့တယ်၊ ဒါကြောင့်မို့ ရောဂါဖြစ်နေတာ၊ အသံအိုးထဲက ပုံမှန်မဟုတ်တဲ့အရာကြောင့် ရှင့်အသံက ပြသာနာဖြစ်နေပြီး အသက်ရှူတဲ့နေရာမှာပါ ဒုက္ခပေးနေတယ်၊ ရှင်နားမလည်သေးဘူးဆိုရင် နောက်အသုံးအနှုန်းတစ်ခုနဲ့ ပြောပြပေးမယ် ဒါက လည်ချောင်းကင်ဆာပဲ”

ကျင်းယွင်ကျောင်း၏လေသံမှာ လေးနက်နေသည်။

သူသည် အမှန်တကယ်ပင် လူနာတစ်ဦးဖြစ်နေသောကြောင့် သူမလေသံသည် ယခင်ကထက် မဆိုစလောက် ယဥ်ကျေးသွား၏။

တစ်ဖက်လူသည် ၎င်းကိုကြားလိုက်သောအခါ နှုတ်ကိုဖွင့်ပြီး တစ်ခုခုပြောရန် ဟန်ပြင်လိုက်သော်လည်း ရုတ်ချည်းဆိုသလို ဘာပြန်ပြောရမှန်း မသိတော့ချေ။

ယခုတလောပိုင်းတွင် သူ၏လည်ချောင်းသည် အမှန်တကယ်ပင် မသက်မသာဖြစ်နေခဲ့၏...

သူ...သေတော့မည်လော?

“ကု-ကုလို့ရလား?”

သူ၏အာရုံထဲမှ အသက်ရှင်လိုစိတ်များသည် သူ့အားတွန်းထိုးစေ့ဆော်လိုက်၏။

“ကုလို့ရပါတယ် ဒါပေမယ့် ရှင်ဒီမှာ ကုချင်တာသေချာလား?”

ကျင်းယွင်ကျောင်းခပ်ဟဟရယ်လိုက်သည်။ သူမရယ်သံထဲတွင် လှောင်ရိပ်များ စွတ်နေလေသည်။

ဤရောဂါသည် ကျွမ်းနေသောအဆင့်မဟုတ်ပေ။ သူမရှေ့မှောက်ရှိလူ၏ ရောဂါအခြေအနေမှာ သိပ်မပြင်းထန်လှဟု ပြောနိုင်၏။ အနောက်တိုင်းဆေးပညာဖြင့်ဆိုလျှင် ခွဲစိတ်လျှင် ရောဂါပျောက်နိုင်ပေသည်။ ခွဲစိတ်မည်ဆိုပါက အသံအိုး၏အချို့အစိတ်အပိုင်းများကို ဖယ်ရှားရပေမည်။ သူမသည် အသေးစိတ်အချက်အလက်ကို မသိသော်ငြား အမှန်တကယ်ပင် ခွဲစိတ်မှုပြုလုပ်ပါက ဤလူသည် ရေရှည်တွင် စကားပြောနိုင်တော့မည်မဟုတ်ပေ။ အသက်ရှင်နိုင်ချေမှာ မြင့်မားသော်လည်း ရောဂါပြန်ထနိုင်ချေ၊ ကင်ဆာဆဲလ်များ ပြန့်ပွားနိုင်ချေ ရှိသေး၏။

Space and Rebirth 1052

သူမရှေ့မှောက်ရှိလူမှာ စကားမပြောလျှင်မဖြစ်သော အလုပ်ကို ပိုင်ဆိုင်ထား၏။ ခွဲစိတ်မှုပြီးသည်နှင့် သူသည် အလုပ်ပြောင်းရချေတော့မည်။ သူလိုလူမျိုးက မိုက်ခရိုဖုန်းတစ်လုံးကိုင်ပြီး နေရာတိုင်းတွင် အင်တာဗျူးလိုက်လုပ်ရန် မဖြစ်နိုင်တော့ချေ။

ကျင်းယွင်ကျောင်းပြုံးလိုက်သည်။ ထိုလူ၏နှလုံးသားသည် ပြင်းထန်စွာတုန်ခါသွားပြီး အနည်းငယ်မလုံမလဲဖြစ်သွား၏။ သူသည် ယနေ့တွင် အင်တာဗျူးတစ်ခုမေးရန်သာ လာခဲ့ခြင်းဖြစ်ပြီး သူ့အတွက် အခြေအနေမဟန်ခဲ့ချေ။ ယခုတွင် ဤမိန်းကလေးကပါ သူ့အား ရောဂါစစ်ဆေးနေပေပြီ။ အမှန်တရားလော မုသားလော သူမသိသော်လည်း ဤစကားမှာ...လိမ်ညာမှုမဟုတ်ကြောင်း သူခံစားနေရ၏။

သူ့ခန္ဓာကိုယ်အခြေအနေကို ဤမိန်းကလေး ကောင်းကောင်းသိနေလေသည်။

“အရင်သွားစစ်ကြည့်ဦးမယ်...”

သူသည် တုံဏှိဘာဝေဖြင့် ပြောလိုက်၏။ ထို့နောက် သူသည် အင်တာဗျူးဆက်မလုပ်လိုတော့သဖြင့် သူ၏ပစ္စည်းများကိုယူကာ ဆေးခန်းမှထွက်သွားတော့သည်။

ကျင်းယွင်ကျောင်းသည် မျက်ခုံးကိုပင့်ကာ သူ့ကိုမတားချေ။ အခြားသတင်းထောက်များသည်လည်း အနည်းငယ်စိတ်လှုပ်ရှားမိတော့၏။

ဤမိန်းကလေးသည် အနည်းငယ်ထူးဆန်းလွန်းလှသည်မဟုတ်လော။ သူမအား လူနှစ်ယောက် သွားပြသာနာရှာခဲ့သော်လည်း တစ်ဦးမှာ သရဲဝင်ပူးသကဲ့သို့ ခါးနာသည်ဟု အော်နေပြီး ကျန်တစ်ဦးမှာ စိတ်ဓာတ်ကျလွန်းသဖြင့် အလုပ်ပင်ဆက်မလုပ်ချင်တော့ချေ။

ထိုအခိုက်အတန့်တွင် လူတိုင်းသည် မီမီဟူသော သတင်းထောက်၏ခြေရာအတိုင်းလိုက်တော့သည်။ ဤမိန်းကလေးအား စောင့်ကြည့်သည်က ပိုကောင်းပေမည်။ သူတို့သည် အနောက်သို့ဆုတ်ကာ လူနာအစစ်များကို အရှေ့သို့နေရာပေးလိုက်၏။

ကျင်းယွင်ကျောင်းသည် အလွန်ပင်စိတ်ရှည်လေသည်။ သူမသည် ကြည့်ရှုနားထောင်မေးမြန်းပြီး သွေးခုန်နှုန်းများကို တိုင်းနေတော့၏။ သူမပြောသောအရာမှာ အဓိပ္ပာယ်ရှိသောကြောင့် လူနာများသည် ခေါင်းငြိမ့်ပြီး သဘောတူရတော့သည်။ ဤအခြေအနေကြောင့် သတင်းထောက်များသည် လွယ်ကူစွာ နစ်မြောသွားပြီး ဦးနှောက်ဆေးခံလိုက်ရသကဲ့သို့ မသိလိုက်ဘာသာဖြင့် နှစ်နာရီ-သုံးနာရီမျှ လိမ္မာကျိုးနွံစွာဖြင့် စောင့်ဆိုင်းနေကြတော့၏။

ကျင်းယွင်ကျောင်းသည် လူနာများကိုကြည့်ပြီးနောက် နောက်ဆုံးအနေဖြင့် ရှန်တုန်းအား အပ်စိုက်ကုသလိုက်သည်။ အပ်စိုက်ကုသပြီးနောက် ရှန်တုန်းသည် ဖြည်းဖြည်းချင်းထလာတော့သည်။ အခန်းစောင့်နေသော ရှန်ဟုန်မှာ ဤအရာကိုမြင်လိုက်သည်နှင့် အပျော်လွန်သွားပေတော့သည်။ ကျင်းယွင်ကျောင်းအပေါ်ထားရှိသော သူ၏ကျေးဇူးတင်သောစိတ်နှင့် လေးစားမှုများမှာလည်း မြင့်တက်သွားတော့၏။

ရှန်တုန်းသည် ပထမအကြိမ်အပ်စိုက်ကုသရေး စတင်ကတည်းကပင် သတိပြန်လည်နေလေပြီ။ သို့သော် တစ်ချက်တစ်ချက်သာ သတိဝင်ခြင်းဖြစ်၏။ ယခုတွင် သူမအပြည့်အဝသတိလည်လာသောကြောင့် သူမရောက်ရှိနေသောနေရာကို မအံ့သြပေ။

“ယွင်-ယွင်ကျောင်း...ကျေးဇူးတင်ပါတယ်ကွယ်”

ကျင်းယွင်ကျောင်းပြုံးကာ ခေါင်းကိုခါယမ်းလိုက်သည်။

“အန်တီအဆင်ပြေရင် ပြီးတာပါပဲ”

“ညီမလေး၊ မေမေ့မှာ နောက်ဆက်တွဲဒဏ်တွေများ ရှိသေးလား? မတော်တဆမှုက ပြင်းတာမို့ အစ်ကိုနည်းနည်းစိတ်ပူနေသေးတယ်”

ရှန်ဟုန်သည် ယဥ်ကျေးစွာ မေးလိုက်၏။

“ဘာမှမဖြစ်တော့ပါဘူး အန်တီတုန်းက တော်တော်ကံကောင်းတယ်၊ သူအနားယူလိုက်ရင်ရပြီ၊ အန်တီတုန်းကို လက်တလော ဒီမှာပဲနေခိုင်းလို့ရတယ်၊ သူ့အတွက် ဆေးယူပေးဖို့ ပိုလွယ်တာပေါ့”

ကျင်းယွင်ကျောင်းပြန်ဖြေလိုက်သည်။

မိမိသားဖြစ်သူ၏ပါးစပ်မှ ကျင်းယွင်ကျောင်းအား “ညီမလေး” ဟုခေါ်နေသည်ကို ရှန်တုန်းကြားလိုက်ရသောအခါ သူမသည် ခေတ္တမျှကြောင်အမ်းသွား၏။ သို့ရာတွင် ကျင်းယွင်ကျောင်းသည် မိမိ၏မိသားစုဝင်များနှင့် ပြန်ပေါင်းစည်းထားကြောင်း၊ အကြီးအကဲရှုမှာ သူမအဘိုးအရင်းဖြစ်ကြောင်း ပြောပြထားဖူးသဖြင့် သူမသည် ချက်ချင်းနားလည်သဘောပေါက်သွားတော့သည်။

“ခုနက အပြင်မှာ ဆူညံသံတွေကြားလိုက်တယ် တစ်ခုခုများဖြစ်လား?”

ရှန်ဟုန်သည် သက်မကိုချပြီး သိချင်သောစိတ်ဖြင့် မေးလိုက်သည်။

ကျင်းယွင်ကျောင်းသည် သူ့အား ဝေ့ကြည့်လိုက်ပြီး ရှန်တုန်းအား တစ်ဖန်ပြန်ကြည့်ကာ ပြောလိုက်သည်။

“အန်တီတုန်း ဆေးရုံပြောင်းတဲ့သတင်းက သတင်းထောက်တွေဆီပျံ့ကုန်လို့ အခုသူတို့ ကြိုးကြာခန်းမထိ လာနေကြပြီလေ၊ အန်တီတုန်းကို ဒီလို‌တော့ မလုပ်ချင်ပေမယ့် ဒီကိစ္စမှာ သမီးကို ကူညီပေးလို့ရမလား”

သူမမည်မျှပင် စကားအရာ၌ကြွယ်ဝပါစေ၊ မည်သည့်စကားမျိုးကို ပြောပါစေ အပြင်ဖက်ရှိလူအုပ်အတွက် အကျိုးမရှိချေ။ ရှန်တုန်းကိုယ်တိုင်ဝင်ပါမှသာ ပြီးဆုံးပေမည်။ သူမနိုးလာပြီဖြစ်ကြောင်း အပြင်ဖက်ရှိလူများ မြင်သည်နှင့် ပါးစပ်များပိတ်သွားကြလေမည်။

ဆေးရုံပြောင်းခြင်းကြောင့် လူများပြသာနာလာရှာကြကြောင်း ရှန်တုန်းနှင့် ရှန်ဟုန်ကြားလိုက်သောအခါ ချက်ချင်းဆိုသလို အားနာသွားကြသည်။

“အားဟုန် တံခါးကိုဖွင့်ပြီး သတင်းထောက်တွေကို ပေးဝင်လိုက်၊ သူတို့ကို အမေရှင်းပြလိုက်မယ်”

ရှန်တုန်း စေခိုင်းလိုက်သည်။

“မေမေ၊ ခန္ဓာကိုယ်က...အဆင်ပြေလို့လား?”

ရှန်ဟုန် မျက်မှောင်ကြုတ်လိုက်သည်။

“ရပါတယ်၊ သားက အမေ့ကို တစ်ချိန်လုံး ထမင်းကျွေးပေး၊ နှိပ်ပေးရုံမက ဆေးတွေလည်းသွင်းပေးနေတယ်ဆိုတာ အမေသိတယ်၊ အခုတော့ အမေ့မှာ အားနည်းနည်းရှိလာပြီလေ တစ်ခုခုတော့ လုပ်ပေးရမှာပေါ့”

ရှန်တုန်းသည် ခေါင်းကိုငြိမ့်ကာ ရှန်ဟုန်၏လက်ကိုနှစ်ကြိမ်မျှပုတ်ပြီး သူ့အားနှစ်သိမ့်လိုက်သည်။

All Chapters