အခန်း (၁၀၅၃-၁၀၅၆)
Vol. 53 Ch. 1053-1056
Space and Rebirth 1053
ရှန်တုန်းက ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သဖြင့် ရှန်ဟုန်သည်လည်း သူမအား တားရန်မကြိုးစားတော့ပေ။ ထို့အပြင် ကျင်းယွင်ကျောင်းနှင့် ကြိုးကြာခန်းမကြောင့်သာမဟုတ်ခဲ့လျှင် သူ၏မိခင်သည်လည်း မြန်မြန်ဆန်ဆန်နိုးလာကာ ဤမျှလောက် အားအင်ပြည့်ဝနေမည်မဟုတ်မှာ သေချာ၏။
ရှန်ဟုန်နှင့် ကျင်းယွင်ကျောင်းအတူထွက်သွားလိုက်သည်။ သတင်းထောက်များသည် သူတို့အားမြင်သောအခါ ချက်ချင်းဆိုသလို စုပြုံလာကြပြီး ရှန်ဟုန်ကို မေးလိုက်၏။
“ရှင်က ရှန်ဟုန်မှတ်လား? ဘာလို့ ရှန်တုန်းကို ဒီနေရာပြောင်းလိုက်တာလဲ? အခုသူ့ရောဂါအခြေအနေဘယ်လိုလဲ?”
ရှန်ဟုန်သည် သတင်းထောက်များ၏ အရူးအမူးဖြစ်နေသောပုံစံကိုမြင်ပြီး ထိတ်လန့်သွား၏။ သူသည် ကျင်းယွင်ကျောင်းဆီသို့ ဝေ့ကြည့်မိတော့သည်။
ကျင်းယွင်ကျောင်းသည် လူအုပ်ကြီးကို အကဲခတ်ပြီး အနောက်ဖက်တွင် ပိတ်မိနေသော မီမီဟူသည့်သတင်းထောက်မလေးအား လက်ညှိုးထိုးလိုက်သည်။
“သူ့ကို ကျွန်မ မေးခွန်းနည်းနည်းမေးခွင့်ပြုထားတယ်၊ သူ့ကိုဖြေလို့ရတယ်၊ တခြားလူတွေကိုတော့ မဖြေနဲ့”
လူအုပ်ကြီးသည် ထိုအရာကိုကြားသောအခါ အနည်းငယ်မကျေမချမ်းဖြစ်သွားသည်။ သို့ရာတွင် သူတို့အားလုံး ဤနေရာတွင်ရှိနေသဖြင့် မည်သူကမေးမေး ရလဒ်မှာ အတူတူသာဖြစ်ပေ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းအား မတားကြတော့ချေ။ မီမီသည်လည်း ကျင်းယွင်ကျောင်းမှ သူမအား အင်တာဗျူးခွင့် အမှန်တကယ်ပေးမည်ဟု မထင်ခဲ့ပေ။ သူမသည် ကျင်းယွင်ကျောင်းအပေါ် အနည်းငယ်အားနာသလို ခံစားလိုက်ရ၏။
ရှန်တုန်း၏ လက်ရှိရောဂါအခြေအနေသတင်းအား တူးဖော်ရန်အတွက် သူမသည် ညလယ်ခေါင်ကြီး လာရောက်ခဲ့သည်။ သူမနှင့်အတူ အခြားသတင်းထောက်များ၊ ဝန်ထမ်းများလည်း ရှိနေခဲ့ပေသည်။ သူတို့သည် အမှန်တကယ်ပင် ရှန်တုန်း၏ ကုသရေးလုပ်ငန်းစဥ်ကို နှောင့်နှေးကြန့်ကြာစေခဲ့၏။ အစက သူမသည် ဤအရာကို မှားသည်ဟု မထင်ခဲ့ပေ။ သူမသည် လွန်ခဲ့သောနှစ်ပိုင်းအတွင်း ဤသို့သော လုပ်ခဲ့သောကြောင့်ဖြစ်သည်။ သတင်းနယ်ပယ်အတွင်း ပြိုင်ဆိုင်မှုမှာ ပြင်းထန်သောကြောင့် သူမသာရှင်သန်လိုလျှင် နည်းလမ်းမျိုးစုံကို သုံးရပေမည်ဟု မှတ်ယူထားခဲ့၏။ သို့ရာတွင် ဤနာရီပိုင်းအတွင်း ဤမိန်းကလေးမှ လူနာများအား ကုသနေပုံကို မြင်လိုက်ရသောအခါ ချက်ချင်းဆိုသလို သိမ်ငယ်မှုကို ခံစားလိုက်ရတော့သည်။
သူမကျောင်းဆင်းဘွဲ့ရစဥ်ကအချိန်အား ပြန်တွေးကြည့်လိုက်သောအခါ သူမသည်လည်း အနာဂတ်တွင် အမှန်တရားဘက်တော်သား သတင်းထောက်တစ်ဦး ဖြစ်ချင်ခဲ့မိသည်။ သနားစရာကောင်းသောလူများဖက်မှ ရပ်တည်ပေးပြီး အမှန်တရားကို ထုတ်ဖော်ချင်ခဲ့ပေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ မူလရည်ရွယ်ချက်မှာလည်း တဖြည်းဖြည်းပြောင်းလဲသွားခဲ့၏။ သူမသည် အလိုလိုဖြင့် အနုပညာသတင်းထောက်တစ်ဦးဖြစ်လာခဲ့လေသည်။
ဆေးခန်းထဲတွင် ဆရာဝန်များ၊ အလုပ်သင်များ၊ ဆေးဝါးအကူများအားလုံးသည် တာဝန်ကိုယ်စီရှိနေကြ၏။ သူတို့သတင်းထောက်များ ရောက်မလာခင်တွင် အရာအားလုံးသည် အေးချမ်းတိတ်ဆိတ်နေပြီး လူများအား စိတ်ငြိမ်သက်မှုတစ်မျိုးကို ပေးစွမ်းနေခဲ့သည်။ သို့သော် ယခုတွင် အခြေအနေများ ပြောင်းလဲကုန်လေပြီ။ ဤနေရာတွင် ရပ်နေသည်ကပင် လေထုအား ညစ်ညမ်းစေသလို ခံစားနေရ၏။
“ကျေးဇူးပါ”
မီမီသည် ခံစားချက်များပြည့်နှက်နေကာ အရှေ့သို့လျှောက်လာလိုက်သည်။
ခေတ္တမျှစဥ်းစားကြည့်ပြီးနောက် သူမသည် ရှန်ဟုန်ကို မေးလိုက်သည်။
“စိတ်မရှိပါနဲ့ ရှင်ကတကယ်ပဲ ရှန်ဟုန်မှတ်လား?”
“ဟုတ်ပါတယ်”
ရှန်ဟုန် ခေါင်းငြိမ့်လိုက်သည်။
“ဒါက ရှင့်ကောင်မလေးလား?”
မီမီမေးလိုက်ပြန်၏။
ရှန်ဟုန်သည် ထိတ်လန့်အံ့အားသင့်ဟန်ဖြင့် ကျင်းယွင်ကျောင်းအားကြည့်ကာ ပြုံးလိုက်သည်။
“စိတ်မကောင်းပေမယ့် အဲ့လိုမဟုတ်ပါဘူး၊ သူနဲ့ ကျွန်တော့်အမေက မိတ်ဆွေတွေဖြစ်သလို ကျွန်တော့်ဝမ်းကွဲညီမလေးဆိုလည်း မမှားပါဘူး၊ တစ်ချိန်တည်းမှာပဲ သူကဆရာဝန်တစ်ယောက်ဖြစ်နေတာမို့ ကျွန်တော်သူ့ကိုယုံကြည်လိုက်တာပါ”
“ဒါဆို လက်ရှိ မဒမ်ရှန်တုန်းရဲ့ ရောဂါအခြေအနေကို သိခွင့်ရှိမလား? သူသတိမေ့နေတယ် ကြားပါတယ်”
မီမီထပ်လောင်းပြောလိုက်သည်။
ထိုသို့ပြောပြီးသောအခါ လူတိုင်းသည် ရှန်ဟုန်အား မျှော်လင့်အားကြီးစွာဖြင့် ကြည့်လိုက်ကြသည်။
“ရပါတယ် ဒါပေမယ့် ကျွန်တော့်အမေက ခုနမှနိုးလာတာမို့ ခင်ဗျားတို့မေးခွန်းတွေအများကြီးကို ဖြေနိုင်မှာမဟုတ်ပါဘူး၊ ဒါကြောင့် နည်းနည်းထောက်ထားပေးမယ်လို့ မျှော်လင့်ပါတယ်”
ရှန်ဟုန်အသံသည် နူးညံ့ယဥ်ကျေးနေသောကြောင့် လူတိုင်းအား အကောင်းမြင်စေ၏။ သူတို့အလုပ်မျိုးတွင် သတင်းထောက်များသည် စိတ်ထဲကမပါသော ဆက်ဆံမှုမျိုးကို မကြာခဏ ခံရလေ့ရှိပေသည်။ အနုပညာရှင်များသည်လည်း သူတို့အား ပြုံးပြကြသော်ငြား ရှန်ဟုန်၏အပြုံးနှင့် လုံးဝကွာခြားနေတော့၏။
စိတ်ရင်းမှန်ခြင်းပင်ဖြစ်သည်။ ဤကဲ့သို့သော ယဥ်ကျေးမှုမျိုး၊ အဆင့်အတန်းရှိမှုမျိုးသည် မွေးကတည်းကပါလာသောအရာဖြစ်သဖြင့် လူများသည် အားနာစိတ်ဖြင့် မိမိကိုယ်မိမိ ထိန်းချုပ်လာကြတော့၏။
စက္ကန့်ပိုင်းခန့်ကြာသောအခါ ဤလူများသည် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
ရှန်တုန်းမှာ...သတိမေ့နေသည်မဟုတ်လော?
ထို့အပြင် သူမ၏လက်ရှိအခြေအနေမှာလည်း အန္တရာယ်များလှသည်ဟု ဆေးရုံမှလူများက ပြောခဲ့သေးသည်။ သူမသာ ဆေးအသွင်းရပ်ပြီး အခြားဆေးရုံဆီ ပြောင်းပါက သူမခန္ဓာကိုယ်ကို အကြီးအကျယ်ထိခိုက်နိုင်ပြီး ပြန်မနိုးထဖို့များသည်ဟု ပြောခဲ့ကြ၏။ သို့သော် ယခုတွင် သူမနိုးလာသည်မှာ မကြာသေးကြောင်း ရှန်ဟုန်က ပြောနေလေပြီ။
“မဒမ်ရှန်တုန်းနိုးလာပြီလား? ဒါအမှန်ပဲလားရှင့်?! အဲ့တော့ ကျွန်မတို့...ရှန်တုန်းကို ကိုယ်တိုင် အင်တာဗျူးလို့ရပြီလို့ ပြောနေတာပေါ့?”
မီမီသည် အံ့အားသင့်မှုအပြည့်ဖြင့် မေးလိုက်သည်။
Space and Rebirth 1054
မီမီသာမက အခြားလူများလည်း မယုံကြည်နိုင်ဖြစ်သွားကြသည်။ သူတို့သည် ပြေးဝင်ကြည့်ချင်သောစိတ်ကို မနည်းထိန်းထားကြရ၏။
“မေမေ့ကို နိုးလာအောင်လုပ်ပေးလို့ ညီမလေးကိုပဲ ကျေးဇူးတင်ရမှာပဲ၊ သူကနေ့တိုင်းမေမေ့ကို အပ်စိုက်ကုပေးနေခဲ့တာလေ”
ရှန်ဟုန်သည် ကျေးဇူးတင်သောစိတ်ဖြင့် ကျင်းယွင်ကျောင်းအား ခေါင်းငြိမ့်ပြလိုက်သည်။
“ကိုယ်တိုင်မြင်ရမှ ယုံနိုင်ကြမှာပဲ၊ ခင်ဗျားတို့ အထဲဝင်လို့ရပါတယ် ဒါပေမယ့် တအားတော့ မဆူကြပါနဲ့နော်”
မီမီနှင့်အခြားသူများသည် ရှန်ဟုန်မှ လူနာအား ပေးတွေ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူတို့သည် ချက်ချင်းဆိုသလို ခေါင်းငြိမ့်လိုက်၏။ ရှန်ဟုန်သည် သူတို့အား ရှန်တုန်းယာယီနေထိုင်လျက်ရှိသော အခန်းငယ်တစ်ခုထဲသို့ဝင်ရန် ခြေဟန်လက်ဟန်ပြလိုက်သည်။
သို့ရာတွင် ဤလူအုပ်ထဲတွင် ကျင်းယွင်ကျောင်းတို့၏ အကြံပြုချက်ကို နားမထောင်ဘဲ အတင်းတိုးဝင်လိုသော ယောက်ျားကြီးတစ်အုပ်ရှိသေး၏။ ကျင်းယွင်ကျောင်းသည် ဘာမှဆက်မပြောဘဲ သူတို့အား ချက်ချင်းတားဆီးလိုက်၏။ သူတို့အား နှင်ထုတ်ပစ်ရန် ဆေးအလုပ်သင်အချို့ကို သူမခိုင်းစေလိုက်သည်။
ယခင်ကဆိုလျှင် ဤအရာကို သတင်းထောက်များအားလုံး မကျေမနပ်ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ယခုထိုသို့မဟုတ်တော့ပေ။ ကျင်းယွင်ကျောင်းသည် လူနာ၏အချိန်ကိုဖြုန်းသော သတင်းထောက်များကိုသာ ပစ်မှတ်ထားနေလေသည်။ ဤအရာမှာ သင့်လျော်မှန်ကန်သည်ဟု လူတိုင်းကခံစားမိကြပြီး အခြားသူများနှင်ထုတ်ခံရသည်ကို ပျော်ကြသည့်သူများပင် ရှိသေးသည်။
ရှန်တုန်းသည် ခုတင်ခေါင်းရင်းကို မှီထိုင်နေလေ၏။ သူမသည် မျက်မှောင်ကြုတ်ကာ ဆေးဝါးအကူတစ်ဦး ယူဆောင်လာသော ဆေးရည်ကို သောက်နေသည်။ တစ်စုံတစ်ဦးဝင်လာကြောင်း မြင်လိုက်ရသောအခါ သူမသည် ဆေးပန်းကန်လုံးအား ခဏမျှဘေးသို့ဖယ်လိုက်၏။
အခန်းမှာ မကျယ်လှချေ။ ကုတင်တစ်လုံးနှင့် စားပွဲတစ်လုံးသာရှိသော လူနာခန်းငယ်တစ်ခုဖြစ်သည်။ သို့ရာတွင် လေကောင်းလေသန့်အပြည့်အဝရပြီး နေရောင်ခြည်မှာလည်း ဖြာထွက်ဝင်ရောက်နေလေသည်။ အခန်းထဲတွင် လူနာအနံ့အသက်များ မရှိချေ။ ထိုအစား တစ်ခန်းလုံး၏လေထုအား အထူးလတ်ဆတ်သန့်ရှင်းပြီး သက်တောင့်သက်သာဖြစ်စေသော မြက်သင်းနံ့တစ်မျိုးရှိနေ၏။
မီမီနှင့် အခြားသူများသည် ရှန်တုန်းကို မြင်လိုက်ရသောအခါ ပို၍ပင် ထိတ်လန့်သွားကြသည်။ ရှန်ဟုန် လိမ်နေခြင်း မဟုတ်ပါပေ!
“မဒမ်ရှန်တုန်း မေးခွန်းနည်းနည်းလောက် မေးလို့ရမလား?”
မီမီသည် သတိတကြီးဖြင့် မေးလိုက်၏။
ရှန်တုန်းသည် အနုပညာလောကမှ အငြိမ်းစားယူထားသည်မှာ ကြာပြီဖြစ်ကြောင်း သူမသိလေသည်။ တရုတ်ပြည်သို့ ပြန်လာပြီးနောက်ပိုင်း ရှန်တုန်းအား အင်တာဗျူးချင်ကြသော သတင်းထောက်များစွာရှိသော်လည်း မည်သူမှ မအောင်မြင်ခဲ့ချေ။ လူထုအရှေ့တွင် သူမပြန်ပေါ်လာခဲ့သော ဗီဒီယိုတစ်ခုသာရှိသည်။ ထိုဗီဒီယိုမှာလည်း ရှောင်ဟိုင်ချင်းနှင့်ပတ်သတ်သော ကောလဟာလများကို ဖယ်ရှားရန် သူမကိုယ်တိုင်ရိုက်ကူးထားသော ဗီဒီယိုဖြစ်သည်။
မီမီသည် သတင်းထောက်ဖြစ်သောအချိန်မှစ၍ ရှန်တုန်းအား ပထမဆုံးအနေဖြင့် အနီးကပ်မြင်ဖူးခြင်းဖြစ်သည်။ သူမသည် ဆယ်ကျော်သက်ဘဝက ရှန်တုန်းအား တီဗီတွင်သာ မြင်ဖူးခဲ့သည်။
အနုပညာလောကထဲရှိ လူများစွာနှင့် ပရိသတ်များသည် အဘယ်ကြောင့် သူမအား မမေ့နိုင်ကြကြောင်း ချက်ချင်းဆိုသလို မီမီနားလည်သွားတော့၏။ ရှန်တုန်းတွင် ထူးခြားသောအရှိန်အဝါတစ်ခု ရှိနေခြင်းကြောင့်ပင်။ သူမသည် အချိန်၏တိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိသော လှပသည့်ကျောက်စိမ်းတုံးတစ်တုံးကဲ့သို့ ဖြစ်၏။ အချိန်ကုန်ဆုံးသွားလေလေ သူမသည် ပို၍ဆွဲဆောင်မှုရှိလာလေလေဖြစ်သည်။
ထို့အပြင် သူမသားဖြစ်သူပင် လူကြီးဖြစ်နေသော်လည်း ရှန်တုန်း၏အသားအရေမှာ အလွန်ကောင်းမွန်နေသေး၏။ အနုပညာအသိုင်းအဝိုင်းတွင် ဆေးများထိုးပြီး နုပျိုအောင်လုပ်ကြသော လူများနှင့်မတူဘဲ သူမအသားအရေမှာ အလွန်ပင်သဘာဝဆန်လှသည်။ သူမရုပ်ရည်အသွင်အပြင်ပင်လျှင် သိပ်ပြောင်းလဲမှုမရှိချေ။
“မေးလေ၊ အကောင်းဆုံးဖြေပေးပါမယ်”
ရှန်တုန်းသည် ယဥ်ကျေးစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
မီမီသည် ၎င်းကိုကြားသောအခါ မျက်နှာနီမြန်းသွားသည်။
ဤနတ်ဘုရားမသည် အသက်လေးဆယ်ဝန်းကျင်ရှိနေသော်လည်း အမူအရာနှင့် စရိုက်မှာ ညှို့ဓာတ်ပြင်းနေသေး၏!
“ဟုတ်ကဲ့...”
မီမီသည် အသက်ကိုပြင်းပြင်းရှူကာ မေးလိုက်သည်။
“ဘယ်အချိန်က မဒမ်ရှန်တုန်း နိုးလာတာပါလဲ?”
“မိန်းကလေးကျင်းက ကျွန်မကို အပ်စိုက်ကုသပြီးတဲ့အချိန်မှာပါ”
ရှန်တုန်းပြောလိုက်သည်။
“ဒါဆို အစက သာမန်ဆေးရုံလူနာဆောင်တစ်ခုမှာ ရှိခဲ့တာကို မှတ်မိရဲ့လားရှင့်? ဒီလိုပါ မဒမ်ရဲ့သားက ဆေးဖိုးဝါးခချွေတာချင်ပြီး သူ့ကောင်မလေးစိတ်ကျေနပ်အောင် လုပ်ပေးချင်လို့ မဒမ်ကို ဒီနေရာခေါ်လာခဲ့တယ်လို့ သတင်းတွေထွက်နေပါတယ်...”
မီမီသည် သတိတကြီးဖြင့် ပြောလိုက်၏။
ရှန်တုန်းသည် ဤအရာကိုကြားလိုက်သောအခါ အနည်းငယ်အံ့အားသင့်သွားသည်။
“ကျွန်မသားက မိဘအပေါ် အရမ်းသိတတ်တဲ့ကလေးပါ၊ ပြီးတော့ မိန်းကလေးကျင်းကလည်း ကျွန်မရဲ့အနာဂတ်ချွေးမလောင်း မဟုတ်ပါဘူး၊ သူက မကြာသေးခင်ကပဲ မိသားစုကို ပြန်ရှာတွေ့ခဲ့တာမို့ ကျွန်မနဲ့ ကျွန်မသားရဲ့ ဆွေမျိုးတစ်ယောက်လို့ ပြောလို့ရပါတယ်၊ ဒီနေရာအတွက်ကတော့...ကျွန်မလည်း ခုမှနိုးလာတာမို့ ဘယ်နေရာမှန်းမသိပေမယ့် မိန်းကလေးကျင်း ကျွန်မကို ပထမဆုံးအပ်စိုက်ကုသတဲ့နေ့ကတည်းက သိနေခဲ့တာမို့ ဒီနေရာကို အရမ်းကျေနပ်အားရမှုရှိပါတယ်၊ အနာဂတ်မှာ နေမကောင်းဖြစ်ရင်လည်း ဒီနေရာက သမားတော်တွေဆီကိုပဲ သေချာပေါက်လာမှာပါ၊ ကျွန်မကို ကောင်းကောင်းပြုစုစောင့်ရှောက်ပေးခဲ့ကြတယ်လေ”
Space and Rebirth 1055
ရှန်တုန်း၏စကားများကို ကြားလိုက်သောအခါ မီမီနှင့် အခြားသူများသည် ခေါင်းမငြိမ့်မိဘဲ မနေချေ။ သူတို့သည် ဤနေရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသဖြင့် ဤနေရာသို့လာခဲ့ကြသောလူနာများသည် ဆေးရုံကြီးများသို့သွားသော လူနာများနှင့် အမှန်တကယ်ပင် ရလဒ်ကွာခြားကြောင်း သူတို့ခံစားခဲ့ရသောကြောင့်ဖြစ်သည်။
ဤကြိုးကြာနီခန်းမမှာ အလွန်ကျယ်ဝန်းကြီးမားသော်လည်း လူနာများကို အလွန်ယဥ်ကျေးစွာ ဆက်ဆံဆဲဖြစ်သည်။ လူနာများ ဝင်ရောက်သည်နှင့် ဆေးဝါးအကူကောင်လေးမှ စတင်ကာ သူတို့အား ဆေးဝါးဝယ်ချင်သလော၊ သမားတော်နှင့်ပြချင်သလော မေးမြန်းပေသည်။ ထို့နောက် လူနာအခြေအနေမှာ အရေးပေါ်ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် အလုပ်သင်ဆရာဝန်များဆီ ခေါ်သွားပြီး အခြေအနေကို မေးမြန်းလေသည်။ သာမန်အအေးမိခြင်း၊ ချောင်းဆိုးနှာစေးခြင်းများဆိုလျှင် အလုပ်သင်ဆရာဝန်များက တစ်ခါတည်းကုသပေးပြီး ပို၍ပြင်းထန်သောရောဂါများကိုမူ ဝါရင့်သမားတော်များဆီ လက်လွှဲပေးကြသည်။ ခန်းမတစ်ခုလုံး အလွန်ဆိတ်ငြိမ်ပြီး သန့်ရှင်းလှသည်။ လူနာများ စောင့်နေသောအချိန်တွင် ဆေးဝါးအကူကောင်လေးများသည် သူတို့၏အခြေအနေကို လာရောက်မေးမြန်းကြ၏။ ဝင်လာသောအချိန်မှစ၍ ပြန်သည့်အချိန်ထိ လူနာများ မျက်နှာတစ်ချက်မပျက်စေရပေ။ အလွန်စိတ်အေးလက်အေးဖြင့် နေနိုင်ကြပေသည်။
ထိုဆေးရုံကြီးများမှာမူ...
မီမီသည် ခေတ္တမျှ အချိန်ယူတွေးကြည့်လိုက်သည်။ သူမသည် သူမ၏အဘွားဖြစ်သူအား ဆေးရုံကြီးသို့ တစ်ခေါက်ခေါ်သွားဖူးသည်ကို မှတ်မိသွားလေသည်။ ဆေးရုံသို့ဝင်သောအချိန်မှစ၍ သူတို့သည် အကြိမ်အနည်းငယ်ခန့် အပေါ်တက်အောက်ဆင်း လုပ်လိုက်ရ၏။ အခန်းပေါင်းများစွာသို့သွားကာ သူမအဘွားခန္ဓာကိုယ်အား စစ်ဆေးရန် ကိရိယာတန်ဆာပလာမျိုးစုံ သုံးခဲ့ရသည်။ ဆရာဝန်နှင့် စကားအနည်းငယ်ပြောနိုင်ရန်အတွက် သူမသည် ငွေကို ဒလဟောသုံးလိုက်ရလေသည်။
တစ်ဖက်သား၏ဝန်ဆောင်မှုမှာ အလွန်ကောင်းပြီး ဆရာဝန်များမှာ အလွန်အလုပ်ရှုပ်တတ်ကြောင်း သူမသိထားသော်လည်း အတော်အတန်စိတ်ပျက်မိပေသည်။ ငွေကိုဖြုန်းတီးရန် ဆေးရုံသို့ သွားလိုက်ရသလို ခံစားရပြီး အဆုံးတွင် မိမိခန္ဓာကိုယ်နှင့်ပတ်သတ်၍ သေချာနားမလည်လိုက်ရချေ။
ထိုအချိန်တွင် လူတိုင်းလည်း မီမီကဲ့သို့ တွေးနေကြ၏။
ယခု ရှန်တုန်းကိုယ်တိုင် ကောလဟာလများကို ငြင်းဆန်ရန် ထွက်လာသောကြောင့် အပြင်လောကမှလူများသည်လည်း ပြောစရာမရှိတော့ချေ။ သို့ရာတွင် လူတိုင်းသည် ဤအရာကို အခွင့်ကောင်းယူပြီး စကားတစ်ခွန်းနှစ်ခွန်းခန့် ပြောချင်ကြသေးပေသည်။ ထို့ကြောင့် လူတိုင်း၏အကြည့်အောက်တွင် မီမီသည် နှုတ်ကိုဖွင့်ကာ မေးလိုက်တော့၏။
“မဒမ်ရှန်တုန်း အနုပညာလောကထဲ ပြန်ဝင်ဖို့ စိတ်ကူးရှိလားရှင့်? ဒါရိုက်တာကြီး တော်တော်များများက မဒမ်ရှန်တုန်းကို မင်းသမီးအနေနဲ့ သရုပ်ဆောင်ပေးဖို့ ဖိတ်ခေါ်ထားကြတယ်လို့ ကြားပါတယ်...”
“အဲ့လိုစိတ်ကူးမျိုး တစ်ခါမှမရှိပါဘူး၊ အခုလောလောဆယ် မင်းသား၊ မင်းသမီးလက်သစ်တွေလည်း အများကြီးရှိနေတာမို့ ကျွန်မထက် ပိုသင့်တော်တဲ့လူတွေ ပိုများမယ်ထင်ပါတယ်”
ရှန်တုန်းသည် နှိမ့်ချကျိုးနွံစွာဖြင့် ပြောလိုက်သည်။
မီမီသည် လေးစားမှုဖြင့် စိတ်ထဲတွင်ကြိတ်၍ အာမေဋိတ်ပြုမိလိုက်သည်။
“ရှောင်ရှောင်အတွက် ဗီဒီယိုရိုက်ဖူးတာကို မှတ်မိသေးလားရှင့်? သူနဲ့များ အမျိုးတော်လားမသိဘူး”
မီမီထပ်မေးလိုက်ပြန်သည်။
‘ရှောင်ရှောင်’ ဟူသော စကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ ရှန်တုန်းခေတ္တမျှကြောင်အမ်းသွား၏။ ထို့နောက် တစ်ဖက်လူသည် ရှောင်ဟိုင်ချင်းကို ဆိုလိုကြောင်း သိသွားတော့သည်။ သူမသည် ချက်ချင်းဆိုသလို ပြုံးကာ ပြောလိုက်သည်။
“ကျွန်မသူ့ကို လူရွေးပွဲဝင်နိုင်အောင် ကူညီပေးတုန်းက တစ်ခါပဲ သူ့ကိုမြင်ဖူးတာပါ၊ သူက ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ ကောင်မလေးတစ်ယောက်လို့ ပြောရမယ်၊ သူ့မှာသာ အခွင့်အရေးတွေရရင် သေချာပေါက် တိုးတက်နိုင်မယ့်ကလေးပါပဲ၊ သူ့ကိုကောင်းကောင်းဂရုစိုက်ပေးကြမယ်လို့ မျှော်လင့်ပါတယ်”
ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းသည် ဆက်ဆံရေးကောင်းကြောင်း ရှန်တုန်းသိနေ၏။ ထို့ကြောင့် သူမသည် ချီးမွမ်းရာတွင် တွန့်တိုမနေချေ။ ထို့အပြင် သူမအမြင်အရ ရှောင်ဟိုင်ချင်းသည် အမှန်တကယ်ပင် ဆွဲဆောင်မှုရှိ၏။
မီမီသည် ခေါင်းကိုငြိမ့်ကာ မေးခွန်းများအနည်းငယ်ထပ်မေးရန် ဟန်ပြင်လိုက်ချိန်တွင် ရှန်ဟုန်မှ သူမကိုတားလိုက်သည်။
“စိတ်မရှိပါနဲ့ သူအခုနားရတော့မှာမို့ပါ”
သူတို့သည် အနည်းငယ်စိတ်ပျက်သွားသော်လည်း စဥ်းစားကြည့်လိုက်ပြီးနောက် ရှန်တုန်းသည် ဤမျှလောက်ကြီးမားသော မတော်တဆမှုအပြီးတွင် နိုးထလာရသည်ကပင် ကံကောင်းနေလေပြီ။ ထို့ကြောင့် သူမသည် ယခုတွင် အမှန်တကယ် အနားယူသင့်၏။
ထိုမှသာ သူတို့အားလုံး သုတ်သီးသုတ်ပြာဖြင့် ထွက်သွားကြတော့သည်။
မထွက်သွားခင်တွင် မီမီသည် ရုတ်ချည်းဆန်စွာ ကျင်းယွင်ကျောင်းကို မေးလိုက်၏။
“ဟုတ်သားပဲ မိန်းကလေးကျင်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ ဆေးပညာစွမ်းရည်က အရမ်းကောင်းနေတာလဲ?”
“ကျွန်မဆရာက သေချာသင်ပေးခဲ့လို့ပါ၊ ဒါပေမယ့် ကျွန်မဆရာဘယ်သူလဲလို့မေးရင်တော့ ဖြေဖို့အဆင်မပြေပါဘူး”
ကျင်းယွင်ကျောင်းခပ်ဟဟရယ်လိုက်သည်။ သူမ၏ရယ်သံသည် အေးစက်ပြီး ဂရုမစိုက်ဟန်ရှိသော်လည်း လူများအား အလွန်ပင် သက်တောင့်သက်သာဖြစ်စေ၏။
မိမိမျက်လုံးများဖြင့် ကျင်းယွင်ကျောင်းမှ လူနာများကုသနေသည်ကို မျက်မြင်ကိုယ်ကျ မြင်ခဲ့သောကြောင့် မီမီသည် ကျင်းယွင်ကျောင်းကိုယ်ပေါ်မှ ထူးခြားသောအရှိန်အဝါတစ်ခု ထွက်နေသည်ဟု ခံစားလိုက်ရပြီး သူမအား စံထားမိပေသည်။
“ကျေးဇူးပါ၊ ပြီးတော့..အရင်တုန်းက ကျွန်မတို့လုပ်ရပ်ကို စိတ်မရှိပါနဲ့၊ အလုပ်ကိစ္စအတွက်ဖြစ်ပေမယ့် နောက်ပိုင်းမှာ ပိုသတိထားပေးပါမယ်”
မီမီပြောလိုက်သည်။
Space and Rebirth 1056
ကျင်းယွင်ကျောင်းအနည်းငယ်အံ့အားသင့်သွား၏။ အမှန်အတိုင်းပြောရလျှင် သူမသည် သတင်းထောက်များကို အကောင်းမမြင်ချေ။ အဓိကအားဖြင့် သူမသည် ယခင်က သတင်းထောက်များ လိုက်ခြင်းခံရသော အမှတ်တရဆိုးကြီး ရှိနေခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ယခုတွင် သတင်းထောက်များအားလုံးမှာ အောက်တန်းစားများမဟုတ်ကြောင်း ခံစားလိုက်ရပေပြီ။
သူမသည် ယခင်ကတည်းကပင် မိမိအပေါ် လေးစားသမှုရှိပါက မိမိဖက်က ဆယ်ဆမက ပြန်လေးစားပေးသော လူစားမျိုးဖြစ်သည်။ မီမီသည် သူမအား ဤကဲ့သို့ဆက်ဆံနေသဖြင့် သူမ၏ဆက်ဆံပုံမှာလည်း များစွာဖော်ရွေသွားတော့သည်။
“မိန်းကလေးကျင်း၊ အနုပညာရှင်တစ်ယောက်နဲ့ သင့်တော်တဲ့မျက်နှာမျိုးပဲ၊ မင်းသမီးရှုံးအောင် လှတယ်”
မီမီမှ ချီးမွမ်းလိုက်သည်။
ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်၏။
“ကျွန်မစရိုက်နဲ့တော့ မသင့်တော်ပါဘူး”
မီမီရယ်မိလိုက်သည်။ အမှန်တကယ်ပင် မိန်းကလေးကျင်း၏စရိုက်သည် အေးစက်လှပေသည်။ သူမသာ အနုပညာရှင်တစ်ဦးဖြစ်လျှင် ပရိသတ်အရေအတွက်ထက် အမြင်ကတ်သူက ပိုများပေလိမ့်မည်။
သို့သော် သူမသည် အလွန်လှပလွန်းလှသည်။ မွေးရာပါအလှမှန်း သိသာပေ၏။ အမှန်တကယ် နှမြောစရာပင်။ ယခုခေတ်တွင် အလှအပအတုအယောင်များ ပေါများလှသည်။ အနုပညာလောကထဲတွင် မိမိရုပ်ရည်ကို အကြောင်းမပြုဘဲ အသက်မွေးဝမ်းကျောင်းပြုသူဟူ၍ လက်တစ်ဆုပ်စာသာရှိသည်မဟုတ်လော။
“အခွင့်အရေးရမယ်ဆိုရင် ကျွန်မအိုင်ဒေါ ရှောင်ဟိုင်ချင်းကို ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်၊ အနာဂတ်မှာ နေမကောင်းမကျန်းမာတာရှိရင် ကျွန်မကိုဖုန်းဆက်လိုက်ပါ၊ ကျွန်မက အိမ်တက်လူနာကြည့်ပါတယ်၊ ဆရာဝန်တိုင်ပင်ဆွေးနွေးခကလည်း ဆေးရုံကြီးတွေထက် အများကြီးသက်သာမှာပါ”
ကျင်းယွင်ကျောင်းသည် စားပွဲပေါ်ရှိ စာရွက်တစ်ရွက်ကိုကောက်ယူကာ နံပါတ်တန်းတစ်ခုကို ရေးပြီးနောက် မီမီကို ကမ်းပေးလိုက်သည်။
မီမီသည် ကြောင်အမ်းစွာဖြင့် ၎င်းကိုယူလိုက်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။ သူမသည် ထီပေါက်သလို ခံစားလိုက်ရ၏။
မိန်းကလေးကျင်း၏ဆေးပညာစွမ်းရည်သည် အလွန်ပင် ကျွမ်းကျင်လှပေသည်။ သူမသည် သတိမေ့မြောနေသော ရှန်တုန်းကိုပင် ကယ်တင်နိုင်ခဲ့၏။ ထို့အပြင် အခြားသမားတော်အိုကြီးများကလည်း သူမထံမှ အကြံဉာဏ်တောင်းခံရသည်။ သူမသည် အမှန်တကယ်ပင် နတ်ဘုရားသဖွယ် သမားတော်တစ်ဦးဖြစ်လေသည်။
သူမသည် အတန်ငယ် ငယ်ရွယ်ပြီး ထူးဆန်းသောစရိုက်ရှိသော်ငြား တီဗီတွင်ပြသသည့် ဆွေးနွေးပွဲများတွင် ပင့်ဖိတ်သော ကျွမ်းကျင်ပညာရှင်များလည်း အခြေခံအားဖြင့် ဤပုံစံအတိုင်းသာဖြစ်သည်။
“အင်း အင်း! ဟုတ်ပြီ”
မီမီသည် ပြာပြာသလဲဖြင့် ပြန်ဖြေလိုက်၏။
သူမသည် မိမိအိုင်ဒေါ၏ အသိအမှတ်ပြုခြင်းကို ခံလိုက်ရတော့သည်။ မဆိုးလှပါပေ။
ကျင်းယွင်ကျောင်းသည် အပြုံးတစ်ပွင့်ဖြင့် တုံ့ပြန်လိုက်သည်။
ထိုအချိန်တွင် သူမသည် စိတ်ကြည်လင်နေပြီး မည်သည့်အရာမဆို အေးအေးလူလူဖြင့် လက်ခံလုပ်ဆောင်လိုက်လိုက်၏။ သို့ရာတွင် သူမမသိလိုက်သောအရာမှာ အနာဂတ်တွင် ရှောင်ဟိုင်ချင်းသည် သူမနံဘေး၌ သစ္စာရှိသတင်းထောက်လေးတစ်ဦး ရရှိသွားခြင်းပင်။ နေ့တိုင်းလိုလို ရှောင်ဟိုင်ချင်းအား မေးခွန်းများမေးပြီး မိမိ၏သတင်းဌာနတွင်လည်း ရှောင်ဟိုင်ချင်းဖက်မှ ကာကွယ်ပြောဆိုပေးလိမ့်မည်။
များမကြာမီတွင် မီမီနှင့်အခြားသူများ ထွက်သွားတော့သည်။ တစ်နေ့တည်းတွင်ပင် ရှန်တုန်းနိုးလာသောသတင်းမှာ ထွက်ပေါ်လာပြီး ရှန်ဟုန်နှင့်ပတ်သတ်သော မကောင်းသတင်းများအားလုံး အစအနမရှိ ပျောက်ကုန်၏။
သို့ရာတွင် မကျေမနပ်အဖြစ်ဆုံးလူမှာ ဒေါက်တာဖန်နှင့် ရှန်ဟုန်အား ဆေးအသွင်းမရပ်တန့်ရန် တားခဲ့ကြသောလူများဖြစ်သည်။ ဤလူများသည် ရှန်တုန်းမှာ ဤမျှလောက် မြန်မြန်နိုးလာနိုင်ခဲ့မည်ဟု မထင်ထားခဲ့ကြပေ။ ကျင်းမျိုးရိုးနာမည်ရှိသော ဆရာဝန်တစ်ဦးမှ သူမအား ကုသလိုက်ပြီဟု သတင်းဌာနများက လွှင့်သည်ကိုပင် မယုံကြည်နိုင်ဖြစ်ခဲ့ကြ၏။ သို့ရာတွင် သူတို့မှာ အမှန်တရားကို လက်မခံနိုင်သော်လည်း အပြင်လူများက ယုံကြည်လက်ခံနေလေပြီ။
သတင်းဌာနများစွာက တစ်ပြိုင်နက်တည်း ဝန်ခံအတည်ပြုကြသည့်အပြင် ရှန်တုန်းကိုယ်တိုင်ကလည်း သက်သေထွက်ဆိုထားသဖြင့် ဤသတင်းအား အတုဖြစ်သည်ဟု မည်သူမှမထင်ကြပေ။
ထို့အပြင် မီဒီယာများက အင်တာဗျူးစဥ်တွင် အမတကြိုးကြာခန်းမ၌ လူနာများရှိနေ၏။ မီဒီယာဖက်မှ သတင်းအတုလွှင့်ခြင်းဆိုလျှင် ထိုလူများထဲမှ တစ်ဦးက အမှန်တရားကိုဖော်ထုတ်ရန် ရှေ့ထွက်လာရမည်မဟုတ်လော...
ချက်ချင်းဆိုသလိုပင် အမတကြိုးကြာခန်းမသည် ရေပန်းစားသွားတော့၏။
အမတကြိုးကြာခန်းမ၏နာမည်သည် နေရာအနှံ့တွင် ပျံ့နေတော့သည်။
အမတကြိုးကြာခန်းမမှာ ပြတိုက်ထဲရှိ ရှေးဟောင်းအမွေအနှစ်ထက်ပင် သက်တမ်းရင့်နေပြီဖြစ်သော အဖွဲ့အစည်းတစ်ခုဖြစ်၏။ ၎င်းသည် အမြဲတစေ စည်ကားသိုက်မြိုက်သောမြို့တော်ထဲတွင် ပုန်းကွယ်နေပြီး မိမိ၏ဖြစ်တည်မှုအတွက် ရှေ့တန်းတက် တိုက်ပွဲမဝင်ခဲ့ချေ။ စစ်ပွဲဖြစ်စဥ်ကလည်း အမတကြိုးကြာခန်းမမှာ ဆရာဝန်၊ သူနာပြုများစွာကို စစ်မြေပြင်အား စေတနာ့ဝန်ထမ်းအဖြစ် ဦးဆောင်လွှတ်ပေးခဲ့၏။ မကြာမီတွင် တိုင်းရင်းသမားတော်များ ဂုဏ်သတင်းကျဆင်းလာသောအခါ အမတကြိုးကြာခန်းမသည်လည်း တဖြည်းဖြည်းမှေးမှိန်လာခဲ့သည်။ သို့ရာတွင် ကြိုးကြာခန်းမရှိ ဆရာဝန်များ၏စွမ်းရည်ကိုမူ မေးခွန်းထုတ်စရာမရှိပေ။ အခြားနယ်များတွင်လည်း ဌာနခွဲများရှိသေး၏။
ဤသတင်းထွက်လာပြီး နောက်တစ်နေ့တွင် ကြိုးကြာခန်းမ၌ လူနာအရေအတွက်သည် အဆပေါင်းများစွာ မြင့်တက်သွားတော့သည်။
အမတကြိုးကြာခန်းမသည် ယခင်က သမားတော်အရေအတွက်များခဲ့သော်လည်း ယခုမူ ထိုအရေအတွက်မှာ ကျဆင်းသွားချေပြီ။ ကျင်းယွင်ကျောင်းသည် ဤအခွင့်အရေးကိုယူ၍ ကျင်းမိသားစု၏ တပည့်သားဟောင်းများကို ရှာဖွေရန် အဘွားယုဖူကို ပြောရပေမည်။ ထိုမှသာ သူတို့သည် အနာဂတ်တွင် အလုပ်မရှုပ်လွန်းမည်ဖြစ်၏။
ထိုမျှမက သူမသည် မိမိတို့ထံမှ လီမိသားစုလုယူသွားသော အရာများကိုလည်း ပြန်ယူရန် နည်းလမ်းများရှာဖွေရဦးမည်။