အခန်း (၁၀၅၇-၁၀၆၀)
Vol. 53 Ch. 1057-1060
Space and Rebirth 1057
ကျင်းမိသားစုပိုင်ဆိုင်သော မည်သည့်အရာကိုမှ အပြင်လူတစ်ဦး၏ လက်ထဲသို့ သူမမထည့်ပေးနိုင်ပေ။ မဟုတ်လျှင် သူမဘိုးဘေးများကို အဘယ်သို့မျက်နှာပြနိုင်မည်နည်း။
သို့ရာတွင် အမတကြိုးကြာခန်းမတွင် လူနာအရေအတွက် တိုးလာသည်ထက် ယခုအချိန်၌ ကျင်းယွင်ကျောင်းသည် ရှန်တုန်း၏အခြေအနေကိုသာ ပိုမိုစိတ်ပူ၏။
ရှန်တုန်းသည် အချိန်တစ်ခုကြာလျှင် ကျန်းမာရေးပြန်ကောင်းသွားမည် ဆိုသော်လည်း အမှောင်ထုထဲမှ ထွက်ပေါ်လာမည့် မြားတစ်ချောင်းကို ကာကွယ်ရန် ခက်ခဲလှသည်။ တစ်စုံတစ်ဦးမှ နောက်တစ်ဖန် ကြိုးစားမည်မှာ မလွဲမသွေပင်။ ရှန်တုန်းသည် ဤတစ်ခေါက်တွင် အသက်အန္တရာယ် ရှောင်ရှားနိုင်ခဲ့သော်လည်း နောက်တစ်ခေါက်တွင် မည်သို့ဖြစ်မည်ကို မည်သူပြောနိုင်မည်နည်း။
ရှန်တုန်းသည် အမတကြိုးကြာခန်းမတွင်လည်း တစ်သက်လုံးမနေနိုင်သဖြင့် သေချာစဥ်းစားပြီးလိုက်သောအခါ...
“အန်တီတုန်း၊ အနည်းနဲ့အများ သက်သာသွားပြီဆိုရင် အစ်ကိုရှန်ဟုန်ဲနဲ့အတူ ရှုမိသားစုအိမ်မှာ လိုက်နေပါလား? ဖြစ်ချင်တော့ ဦးလေးရှုကလည်း ရှန်ဟုန်ကို သမီးဝမ်းကွဲ ရှုယုနဲ့ စကားပြောစေချင်နေတာလေ၊ ဘယ်သူပြောနိုင်မလဲ အစ်ကိုရှန်ဟုန်နဲ့တွေ့လို့ ရှုယုလည်း နည်းနည်းတိုးတက်သွားနိုင်တာပဲ၊ ဦးလေးကြီးက အန်တီတုန်းတို့ကို သေချာပေါက် ကြိုဆိုလိမ့်မယ်”
ရုတ်ချည်းဆိုသလို ကျင်းယွင်ကျောင်းမှ အကြံပြုလိုက်၏။
ထိုအရာကို ကြားလိုက်သောအခါ ရှန်တုန်း တုံ့ဆိုင်းသွားသည်။
အပြင်ပန်းတွင် သူမအား အပြည့်အဝဂရုစိုက်ဟန်ရသော သူမ၏အစ်မဖြစ်သူမှာ အခြားအကြံအစည်များရှိနေကြောင်း သူမသိထားသောကြောင့်ဖြစ်သည်။
ကျင်းယွင်ကျောင်း၏မွေးနေ့ပွဲမတိုင်ခင် တစ်ရက်အလိုတွင် သူမသည် ရှုမိသားစုအိမ်သို့သွားရန် စိတ်လက်မသက်မသာဖြစ်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် အမိနိုင်ငံကိုပြန်လာပြီး နှစ်ပေါင်းများစွာကြာသည့်တိုင် ရှန်ရှီသည် သူမအား တစ်ခါမှ မဖိတ်ခေါ်ဖူးသောကြောင့်ဖြစ်သည်။ ရှန်ရှီသည် သူမလာလည်မည်ကို တားဆီးရန် အကြောင်းပြချက်အမျိုးမျိုးပင် သုံးခဲ့သေး၏။ သူမသည် ကျင်းယွင်ကျောင်းကိုတွေ့ရန် သွားသည်ဆိုလျှင်ပင် ရှန်ရှီအား အသိမပေးဘဲ ဗြုန်းစားကြီးသွားလျှင် မကောင်းလှဟု ခံစားမိသဖြင့် ရှန်ရှီအား ကြိုတင်ဖုန်းဆက်ခဲ့သည်။
ထိုအချိန်က သူမသည် ရှန်ရှီအား စမ်းလည်း စမ်းသပ်ချင်ခဲ့မိသည်။
သို့သော် သူမကိုအံ့သြသွားစေသောအရာမှာ ရှန်ရှီသည် ထိုအချိန်က သဘောတူခဲ့ပြီး သူမရောက်လာသောအချိန်တွင် ခဲအိုဖြစ်သူနှင့် ရှုယုအား မိတ်ဆက်ပေးမည်ဟု ပြောခဲ့သည်။ သူတို့အချင်းချင်း နှစ်ပေါင်းများစွာ မသိကျွမ်းဘဲနေရသည်ကပင် အနည်းငယ်ယုတ္တိမဲ့လွန်းလှသည်ဟု ပြောခဲ့၏။
ထိုအချိန်က ရှန်တုန်း၏နှလုံးသားယိမ်းယိုင်သွားခဲ့သည်။
သူမအစ်မဖြစ်သော ရှန်ရှီသည် ကျင်းယွင်ကျောင်းနှင့်ရှောင်ဟိုင်ချင်းကို သတ်ပြီး သူမအပေါ် အပြစ်ပုံချရန် ကြိုးစားချင်ကြောင်း သူမသိနေသော်လည်း သူမစိတ်ထဲတွင် အနည်းငယ်မျှော်လင့်ချက်ထားမိ၏။ သူတို့နှစ်ဦးသည် ညီအစ်မအရင်းများမဟုတ်လော။ အမေတူညီအစ်မများ မဟုတ်လျှင်ပင် တစ်သွေးတည်း တစ်သားတည်းဖြစ်ကြပေသည်။
ထို့ကြောင့် သူမသည် မနက်ခင်းတွင် မြောက်ပိုင်းဆင်ခြေဖုံးရပ်ကွက်၌ စျေးဝယ်ထွက်မည်ဟု ရှန်ရှီအား ပြောပြခဲ့၏။ ထိုနေရာတွင် မှောင်ခိုစျေးတစ်ခုရှိပေသည်။ သူမသည် ထိုနေရာမှ အသိတစ်ဦးအား ပစ္စည်းတစ်ခုကို ချန်ထားခိုင်းခဲ့၏။ ထိုပစ္စည်းသည် အလွန်ပင်နွေးသော ဝိညာဥ်ကျောက်စိမ်းတစ်လုံးဖြစ်ပြီး ကာကွယ်ရေးအဆောင်အဖြစ် အသုံးပြုနိုင်သောကြောင့် ရှုယုအတွက် သူမဝယ်ပေးချင်ခဲ့သည်။
သူမယုံကြည်ရသော ဝန်ထမ်းတစ်ဦး-နှစ်ဦးမှအပ မနက်ခင်းတွင် သူမ မည်သည့်နေရာသို့သွားမည်ကို မည်သူမှမသိချေ။ နေရာကိုသိလျှင်ပင် သူမထွက်ခွာမည့်အချိန်ကို အတိအကျသိရန် မဖြစ်နိုင်သောအရာဖြစ်သည်။
ရှန်ရှီတစ်ဦးတည်းသာ ထိုအရာကို သိထားလေသည်။
မနက်ခင်းတွင် သူမအပြင်ထွက်ခါနီးအချိန်၌ ရှန်ရှီသည် သူမကိုဖုန်းဆက်ပြီး သတိထားသွားရန် ပြောခဲ့၏။ မြောက်ပိုင်းအရပ်၌ လူခြေတိတ်သဖြင့် မနက်ခင်းတွင် ကားအသွားအလာရှိမည်မဟုတ်ဟု သူမသတိပေးခဲ့သေးသည်။
ကံမကောင်းစွာဖြင့် သူမသည် စိတ္တဇပရိသတ်များကို တွေ့ပြန်လေသည်။
သူမသည် သရုပ်ဆောင်လောကမှ အငြိမ်းစားယူထားသည်မှာ ကြာမြင့်ချေပြီ။ အဘယ်သို့ ဤမျှလောက် ပရိသတ်များစွာ ရှိနိုင်မည်နည်း? ထိုသည်မှာလည်း သူမကိုသတ်ချင်ကြသော ပရိသတ်များသာဖြစ်၏!
ရှန်တုန်းသည် ခံစားချက်များ ရှုပ်ထွေးနေတော့သည်။ သူမသည် အနည်းငယ် မုန်းတီးမိကာ ရှန်ရှီဆီသို့ အပြေးသွား၍ အကြောင်းရင်းကို မေးကြည့်ချင်မိသည်။
အထူးသဖြင့် ယခု သူမသေချာစဥ်းစားကြည့်လိုက်သောအခါ နှစ်ပေါင်းများစွာတစ်လျှောက် သူမအစ်မဖြစ်သူသည် သူမအပေါ် မည်သို့လုပ်ခဲ့သနည်း? သူမအစ်မဖြစ်သူမှ သူမကောင်းကျိုးအတွက် လုပ်ခဲ့သည်ဟု ထင်ခဲ့သောအရာများမှာ ပြန်တွေးကြည့်လိုက်လျှင် မဟုတ်တော့ချေ!
သူမပထမဆုံးကိုယ်ဝန်ရသွားစဥ်က အလွန်ပင် ထိတ်ထိတ်ပျာပျာဖြစ်နေခဲ့သဖြင့် ကလေးအဖေမည်သူဖြစ်ကြောင်းကိုပင် သူမမသိခဲ့ချေ။ ထိုစဥ်က သူမမှတ်မိသောအရာဟူ၍ သူမသည် ကော့တေးပါတီတစ်ခုသို့ တက်ရောက်ခဲ့ပြီး သောက်ရင်းဖြင့် အသိစိတ်လွတ်သွားခဲ့သည်။ သူမနိုးလာသောအချိန်တွင် ဗီရိုတစ်ခုထဲ၌ ပိတ်မိနေခဲ့လေသည်။ သူမအင်္ကျီမှာလည်း ဖရိုဖရဲဖြစ်နေပြီး တစ်ခုခုဖြစ်သွားကြောင်း သူမသိလိုက်တော့၏။ သူမသည် ထိုနေရာတွင် အချိန်ကြာမြင့်စွာ စောင့်နေခဲ့သော်လည်း မည်သူမျှလာရောက်မကယ်တင်ခဲ့ပေ။ ရှန်ရှီတစ်ဦးတည်းသာ ပေါ်လာခဲ့၏။ ရှန်ရှီသည် ဟိုတယ်တစ်ခုလုံး မွှေနှောက်ရှာဖွေပြီးမှ သူမကိုတွေ့ခဲ့သည်ဟုပြောကာ သူမအား ဖက်ငိုခဲ့လေသည်။
ထိုအချိန်က သူမသည် ဝမ်းနည်းနေခဲ့သော်လည်း ရှန်ရှီမှ သူမအတွက် အလွန်ပင်စိတ်မကောင်းဖြစ်စွာ ငိုကြွေးနေကြောင်း မြင်လိုက်ရသောအခါ သူမသည် ထိုအရာကို မမြင်ရက်သဖြင့် သန်မာချင်ဟန်ဆောင်ခဲ့၏။
Space and Rebirth 1058
သူမသည် ထိုအချိန်က မိမိ၏အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရသော်လည်း တစ်ဖက်ယောက်ျားမှာ မည်သူဖြစ်ကြောင်း မသိလိုက်ရသဖြင့် ထိုလူအား ရှာဖွေရန်တွေ့ခြင်း၊ တရားစွဲခြင်းများလည်း မပြုလုပ်နိုင်ခဲ့ပေ။ ထို့အပြင် သူမသာ ရဲများကိုခေါ်လိုက်ပါက သူမကြုံတွေ့ခဲ့ရသောအရာများကို တစ်လောကလုံးသိသွားပြီး သူမဂုဏ်သတင်းကျဆင်းလိမ့်မည်ဟု ရှန်ရှီက အတန်တန်ပြောနေခဲ့၏။
ထို့ကြောင့် သူမသည် ရှန်ရှီ၏စကားကို နားထောင်ခဲ့ပေသည်။
သို့သော် များမကြာမီတွင် သူမသည် ရှန်ဟုန်အား ကိုယ်ဝန်လွယ်ထားရလေပြီ။ သူမသည် ကိုယ်ဝန်ကိုလွယ်ရင်းဖြင့် ကလေးအဖေမှာ မည်သူဖြစ်ကြောင်း သိချင်လာမိ၏။ မဟုတ်လျှင် အနာဂတ်၌ ဤကလေးအား သူ၏ဖခင်ကို မည်သို့ဖော်ပြညွှန်းဆိုရမည်နည်း? ထို့ကြောင့် သူမသည် ထိုနေ့က ပါတီတက်သောလူစာရင်းကို ရှာဖွေကြည့်ခဲ့သည်။ သို့သော် ဤအချိန်တွင် ရှန်ရှီသည် အထက်တန်းကျကျဖြင့် ရှုယွမ်ထက်နှင့် အိမ်ထောင်ပြုခဲ့လေသည်။ နှစ်ဦးသားသည် ပါတီပွဲတွင် မြင်မြင်ချင်း ချစ်ကျွမ်းဝင်သွားခဲ့ကြဟန်ရသည်။ နှစ်ဦးလုံး အရက်များသောက်ထားကြသဖြင့် အတူအိပ်ခဲ့ကြပေသည်။
ရှုယွမ်ထက်သည် ထိုအချိန်က အလားအလာကောင်းနေသောလူဖြစ်ပြီး ရှုမိသားစုမှာလည်း နာမည်ကြီးမိသားစုဖြစ်သည်။ သူမသာ ကလေးဖခင်ကို လိုက်လံရှာဖွေပါက ညီအစ်မနှစ်ဦးသည် လက်မထပ်ခင် အပျိုစင်ဘဝကို ဆုံးရှုံးထားကြောင်း ရှုမိသားစုက သေချာပေါက်သိသွားလိမ့်မည်ဟု ပြောခဲ့သည်။ သူမတို့အား မဖွယ်မရာအမျိုးသမီးများဟု ရှုမိသားစုထင်သွားပါက မစ္စတာရှုသည် ရှန်ရှီအား လက်ထပ်တော့မည်မဟုတ်ဘဲ ရှန်ရှီ၏ဗိုက်ထဲမှကလေးမှာ ဖခင်မဲ့သောဘဝသို့ ရောက်ရှိသွားမည်ဟု ရှန်ရှီပြောကြားခဲ့လေသည်။
ထို့ကြောင့် သူမသည် ရှန်ရှီအတွက် ဒုတိယတစ်ကြိမ် နောက်ဆုတ်ပေးခဲ့ရ၏။ ထို့နောက် သူမသည် အမိနိုင်ငံမှ ထွက်သွားရန် အလျင်စလို ဆုံးဖြတ်ချက်ချခဲ့လေသည်။
သူမသည် အနုပညာလောကထဲသို့ ဝင်စဥ်ကလည်း ငယ်ရွယ်သေးပြီး အငြိမ်းစားယူသောအချိန်ကလည်း ငယ်သေး၏။ သူမသည် အနုပညာအသိုင်းအဝိုင်းတွင် နှစ်အနည်းငယ်ခန့်သာ ကျင်လည်ခဲ့ပေသည်။ သူမသည် ဂန္တဝင်ရုပ်ရှင်များစွာ၌ သရုပ်ဆောင်ဖူးသော်လည်း အချိန်၏တိုက်စားမှုဒဏ်ကို ခံနိုင်သောအရာများကိုသာ ဂန္တဝင်ဆန်သည်ဟု ခေါ်ကြသည်။ ထိုအချိန်က သူမသည် ရေပန်းစားပြီး အတော်အတန်နာမည်ကျော်ကြားနေခဲ့ပေသည်။ သူမသည် သုံးစွဲရန် ငွေအလုံအလောက်ရှိသော်ငြား သူဌေးတစ်ဦးဟု သတ်မှတ်၍မရပေ။
ထိုတင်မက ရှန်ရှီသည် ရှုမိသားစုကဲ့သို့ ဂုဏ်သရေရှိမိသားစုထဲသို့ ဝင်သွားသောကြောင့် ရှန်ရှီမျက်နှာငယ်ရမည်စိုးသဖြင့် သူမငွေအတော်များများကို ရှန်ရှီထံသို့ ပေးခဲ့လေသည်။
သူမသည် ယခင်က နိုင်ငံခြားသို့ တစ်ခါမှမသွားဖူးသဖြင့် ဘာသာစကား အခက်အခဲရှိခဲ့သည်။ အပြင်လူများသည် တရုတ်လူမျိုးများအား ရွံမုန်းကာ စော်ကားတတ်ကြလေသည်။ ထို့ကြောင့် သူမနိုင်ငံခြားသို့ရောက်ပြီး မကြာခင်တွင် သူမအိမ်ရှင်၏လိမ်လည်ခြင်းကို ခံရတော့သည်။ သူမယူဆောင်လာသော ငွေများအားလုံး ဆုံးရှုံးလိုက်ရပြီး နေစရိတ်၊ စားစရိတ်ရှာဖွေရန်လည်း သူမသည် ဗိုက်ကြီးနေလေ၏။ မိမိသူငယ်ချင်းများကိုလည်း မဆက်သွယ်ရဲခဲ့ပေ။ ကံကောင်းစွာဖြင့် သူမသည် တရုတ်လူမျိုး အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ပြီး ထိုအမျိုးသမီးမှ သူမအား ကူညီခဲ့ကာ နေစရာပေးသနားခဲ့၏။
ယခု သူမသေချာစဥ်းစားကြည့်လိုက်သောအခါ သူမအတွက် အိမ်ရှင်ကို ဆက်သွယ်ပေးခဲ့သူမှာ ရှန်ရှီဖြစ်သည်။ မဒမ်ရှုအနေဖြင့် သူမသည် အဆက်အသွယ်များရှိကြောင်း ပြောခဲ့ပြီး အိမ်ကိစ္စအား ဖြေရှင်းပေးမည်ဟု သူမအား ပြောခဲ့လေသည်။ သူမလုပ်ရမည့်အရာဟူ၍ ငြိမ်းချမ်းစွာ နေထိုင်ရန်သာဖြစ်သည်ဟု ပြောခဲ့၏။ ထိုစကားကြောင့်သာမဟုတ်ခဲ့လျှင် သူမသည်လည်း ထိုအိမ်ရှင်အား ယုံကြည်ပုံအပ်လောက်သည်ထိ အတွေးတိမ်ခဲ့မည်မဟုတ်ပေ။
သူမဒုက္ခရောက်စဥ်က ရှန်ရှီကို မပြောပြခဲ့သော်လည်း ရှန်ရှီဘက်မှ သူမအခြေအနေကို စတင်မေးမြန်းခဲ့၏။ ထိုအချိန်က ညီအစ်မနှစ်ဦးလုံး မီးဖွားခါနီးဖြစ်သောကြောင့် ရှန်ရှီမီးဖွားရခက်မည်စိုးသဖြင့် သူမဘာမှမပြောခဲ့ချေ။
နှစ်ပေါင်းများစွာတိုင်အောင် ရှန်ရှီ၏အကူအညီသည် သူမအတွက် နွေးထွေးနှစ်သိမ့်ရာဖြစ်ပြီး စိတ်ခွန်အားတစ်ရပ်ဖြစ်စေခဲ့၏။ သူမသည် ရှန်ရှီ၏စိတ်အားပေးမှုများကို အတိုင်းမသိစွာ ပီတိဖြစ်ခဲ့၏။ ထိုအရာမှာ သူမအတွက် ငွေထက်များစွာအရေးကြီးသဖြင့် ရှန်ရှီအား တစ်ခါမှ သံသယမဝင်ခဲ့ဖူးချေ။
လွန်ခဲ့သော သုံးနှစ်ခွဲခန့်က သူမသည် တရုတ်ပြည်သို့ ပြန်လာရန် လုပ်နေဆဲတွင် ရှန်ရှီသည် သူမအား နိုင်ငံခြားတွင် ဆက်နေရန် စည်းရုံးဖျောင်းဖျခဲ့၏။ ထိုမှသာ သူမသည် ရှန်ဟုန်နံဘေးတွင် ရှိနိုင်မည်ဟုလည်း ပြောခဲ့သည်...
လိုရင်းတိုရှင်းပြောရလျှင် ရှန်ရှီမှ သူမကို ပြန်မလာစေလိုခြင်းဖြစ်ပေသည်။
သို့ရာတွင် သူမကမူ အမှန်တကယ်ပင် အမိနိုင်ငံကို ပြန်လာချင်နေခဲ့၏။ သူမမွေးရပ်မြေမှ တောက်ပရွှန်းစိုသောလကိုလည်း ပြန်မြင်ချင်မိသည်။ နိုင်ငံရပ်ခြားတွင် အဆင်ပြေနေ၍ ဘာလုပ်မည်နည်း? သူမသည် ထိုနိုင်ငံအတွက် နိုင်ငံခြားသားတစ်ဦးဖြစ်နေဆဲပင်။ ထို့အပြင် သူမသည် မိမိဘိုးဘေးများ၏ အုတ်ဂူကိုရှင်းလင်းခြင်း၊ ကန်တော့ခြင်း မလုပ်ရသည်မှာ နှစ်ချီပေပြီ။ သူမအား လူကြီးမိဘများအပေါ် မသိတတ်သူဟူ၍ သူမမိဘများက အပြစ်တင်နေသည်ကို မကြာခဏအိပ်မက်မက်လေ့ရှိသည်။ ထိုမျှမက နှစ်ပေါင်းများစွာကြာပြီဖြစ်၍ ကမ္ဘာကြီးသည်လည်း ပို၍အမြင်ကျယ်လာလေပြီ။ သူမအတိတ်မှာ အရေးမကြီးတော့ချေ။ ထို့ကြောင့် သူမသည် တရုတ်ပြည်သို့ ပြန်လာချင်နေခဲ့သည်။
ဤအရာကိုစဥ်းစားလိုက်သောအခါ ရှန်တုန်း၏နှလုံးသားများ အေးစက်သွားသည်။
သူမသည် ရှန်ရှီအား မိသားစုဝင်တစ်ဦးအဖြစ် ဆက်ဆံခဲ့သဖြင့် ရှန်ရှီသည်လည်း သူမ၏ကောင်းကျိုးအတွက် လုပ်ခဲ့၊ ပြောခဲ့သည်ဟုသာ ထင်မြင်ခဲ့သည်။
ရှန်ရှီ၏အယောင်ဆောင် နှစ်သိမ့်အားပေးမှုများသည် မိသားစုမေတ္တာအလွှာကို လွှမ်းခြုံ၍ သူမအတွက် မမေ့နိုင်စရာခွန်အားတစ်ရပ် ဖြစ်ခဲ့လေသည်။
နှစ်ဦးသားသည် တစ်ယောက်အပေါ် တစ်ယောက်မှီခိုအားထားကြသော ညီအစ်မများဟု သူမထင်ခဲ့သော်လည်း ရှန်ရှီမှာ သူမ၏ဘဝကိုသာ လိုချင်တပ်မက်နေခဲ့လေသည်!
“မေမေ ဘာဖြစ်လို့လဲ?”
ရှန်တုန်း၏မျက်နှာပြောင်းလဲသွားကြောင်း ရှန်ဟုန် မြင်လိုက်သောအခါ ချက်ချင်းဆိုသလို ပြာပြာသလဲဖြစ်သွားသည်။
“ရပါတယ် အရင်ကကိစ္စတွေအကြောင်း တွေးမိလို့”
ရှန်တုန်းသည် လက်ကိုဝှေ့ယမ်းကာ ကျင်းယွင်ကျောင်းကို မော့ကြည့်ပြီး ပြောလိုက်၏။
“ယွင်ကျောင်း၊ သမီးပြောသလိုလုပ်ပေးမယ်၊ အန်တီသက်သာလာရင် ရှုမိသားစုအိမ်မှာ ခဏလောက်နေတာပေါ့”
Space and Rebirth 1059
ရှန်တုန်းသာ အပြင်တွင်နေလျှင် ကားတိုက်လျှင်တိုက် မတိုက်လျှင် အရူးတစ်ယောက်၏ လိုက်ခြင်းကို ခံရဦးမည်ဟု သိနေ၏။ သူမတွင် အသက်ကိုးချောင်းရှိလျှင်ပင် လုံလောက်မည်မဟုတ်ချေ။ ထို့အပြင် သူမသာ တစ်ယောက်တည်းရှိနေလျှင် ကိစ္စမရှိသော်ငြား ယခုတွင် အားဟုန်ပါ နိုင်ငံခြားမှ ပြန်လာပေပြီ။
သို့ရာတွင် သူမသာ ရှုမိသားစုနှင့်နေလျှင် အခြေအနေများ ကွာခြားသွားလိမ့်မည်။ ရှုမိသားစုမှာ ရှန်ရှီ၏ပိုင်နက်ဖြစ်သော်လည်း ကျင်းယွင်ကျောင်းနှင့် အစ်ကိုရှုရှိနေသောကြောင့် ရှန်ရှီသည် လွယ်လွယ်အကွက်ရွှေ့ရဲမည်မဟုတ်ပေ။ ထို့အပြင် ဤတစ်ခေါက်တွင် သူမသည် ငြိမ်ခံနေတော့မည်မဟုတ်ပေ။
ရှန်ရှီသည် မိမိတို့ခင်မင်မှုကိုပင် ဂရုမစိုက်ဘဲ နေနိုင်သည်ဖြစ်ရာ ဤအစ်မကြီးမှာ အလွန်ကောင်းလှသည်ဟု သူမတစ်ဦးတည်း ဦးနှောက်မဲ့စွာ ဆက်လက်တွေးနေရဦးမည်လော?
ထို့အပြင် သူမသည် ယခင်က သိပ်မတွေးမိခဲ့သော်လည်း ယခုတွင် ရှန်ရှီမှာ သူမအပေါ် ကောင်းသောစိတ်မရှိကြောင်း သိလိုက်ရသောအခါ သူမသည် အရင်အကြောင်းများကို ပြန်တွေးမိသွား၏။ ထိုစဥ်က ရှန်ရှီသည် အဘယ်ကြောင့် သူမအား မှောင်မည်းနေသောဗီရိုထဲသို့ ထိုးထည့်ခဲ့သနည်း? သူမသည် ထိုအခန်းအား မှတ်မိနေ၏။ အလွန်ပင်ကျယ်ဝန်းပြီး ခမ်းနားသောအခန်းဖြစ်သည်။ ဟိုတယ်ထဲတွင် ရှားရှားပါးပါး ကောင်းသောအခန်းများထဲမှ တစ်ခန်းဖြစ်ပေသည်။ သူမသာ သေသေချာချာစုံစမ်းကြည့်လျှင် ထိုအချိန်က ထိုအခန်းတွင် မည်သူနေထိုင်ခဲ့သည်ကို သေချာပေါက် ရှာဖွေသိရှိနိုင်လိမ့်မည်။ ထိုမျှမက ရှန်ရှီသည် ထိုကိစ္စတွင် တစ်ခုခုပါဝင်ပတ်သတ်နေရမည်...
ရှန်ရှီသည် ပထမဆုံးပေါ်လာသောလူဖြစ်ပြီး ဟိုတယ်တစ်ခွင်လုံးကို နေ့တစ်ဝက်တည်းဖြင့် ရှာဖွေခဲ့လေ၏။ သူမသည် ယခုအချိန်တွင် ရှန်ရှီ၏စကားကို မယုံတော့ချေ။
သံသယမျိုးစေ့များမှာ နည်းနည်းချင်းစီ အပင်ပေါက်လာကြတော့၏။ အတိတ်က ထိုရှင်းပြရခက်သောကိစ္စများမှာ ရှန်ရှီ၏လက်ချက်များသာဖြစ်ရမည်။ ထို့ကြောင့် သူမသည် တွေးရင်း ကြက်သီးထမိ၏။
ရှန်ဟုန်မှာ ဒုံးဝေးသောသူမဟုတ်ပေ။ သူ၏မိခင်သည် တစ်ခုခုကိုတွေးနေကြောင်း သူပြောနိုင်လေ၏။
သို့ရာတွင် သူမက ဘာမှမပြောသောကြောင့် သူ့ကိုမသိစေချင်သောအဓိပ္ပာယ်ဖြစ်ပေသည်။ သူသည် လက်တလောတွင် မိခင်ဖြစ်သူအား စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။
ရှန်တုန်း၏ခန္ဓာကိုယ်သည် အလျင်အမြန်ပင် ပြန်ကောင်းလာခဲ့၏။ သူမသည် သတိမေ့နေခဲ့သည်မှာ မကြာလိုက်သဖြင့် သူမခန္ဓာကိုယ်လုပ်ငန်းစဥ်များမှာ အကောင်းပကတိအတိုင်းရှိနေသေးပြီး သူမခြေလက်များမှာလည်း အလွန်ပင်ဖျတ်လတ်နေသည်။ ထို့ကြောင့် သူမသည် အချိန်တိုအတွင်း ကြိုးကြာနီခန်းမမှ ထွက်ခွာရွှေ့ပြောင်းခဲ့လေသည်။
ကျင်းယွင်ကျောင်းသည် အကြီးဆုံးဦးလေးနှင့် ကျန်သောသူများကို ကြိုတင်အသိပေးထားပြီး သူတို့အားလုံးလည်း သဘောတူထားကြသည်။
ခြွင်းချက်တစ်ခုသာ ရှိပေသည်။
ကျင်းယွင်ကျောင်းသည် ဤကိစ္စအားလျှို့ဝှက်ပေးထားရန် သူမ၏ဦးလေးအကြီးအား အထူးတလည်တောင်းဆိုထားခဲ့၏။ ထို့ကြောင့် ရှန်တုန်းနှင့် ရှန်ဟုန် ပြောင်းရွှေ့လာသည်ကို သူသည် ရှန်ရှီအား မပြောခဲ့ချေ။ ထိုတင်မက ကြိုးကြာနီခန်းမတွင် ရှန်တုန်းရှိနေခဲ့သော ရက်ပိုင်းအတွင်း ရှန်ရှီအပါအဝင် မည်သူကိုမှ ဝင်ရောက်ခွင့်မပြုခဲ့ချေ။
ထို့ကြောင့် ယနေ့အချိန်ထိ ရှန်ရှီသည် ရှန်တုန်းနိုးလာကြောင်းသာ သိထားပြီး ရှန်တုန်း၏ လက်ရှိရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့် ပတ်သတ်၍ တစ်ခုမှမသိချေ။
အမတကြိုးကြာခန်းမရှိ လူများမှာ အကျင့်စာရိတ္တပိုင်းတွင် အာမခံနိုင်သောသူများဖြစ်သောကြောင့် သူတို့အား လာဘ်ထိုးရန် မဖြစ်နိုင်ပါပေ။ ဆေးဝါးအကူကလေးများပင်လျှင် စာရိတ္တတရား၊ ဖြောင့်မတ်မှန်ကန်မှု၊ သဘောထားကြီးမှု၊ အမြော်အမြင်ရှိမှု၊ သစ္စာတရားစသည့်တို့ကို ငယ်ရွယ်စဥ်ကတည်းက သင်ယူထားခဲ့သူများဖြစ်သည်။ အခြားလူများဆိုလျှင် ပြောစရာမလိုချေ။
ရှန်တုန်းမှ ရှုမိသားစုအိမ်သို့ ရွှေ့ပြောင်းသည့်နေ့တွင် ကျင်းယွင်ကျောင်းမှာ ကျောင်းသို့ပြန်ရောက်နေလေပြီ။ ထို့ကြောင့် ရှန်တုန်းအား ကားဖြင့်သွားကြိုရန် သူမဦးလေးအငယ်ကို တောင်းဆိုခဲ့၏။
ကုမ္ပဏီဥက္ကဌတစ်ဦးအနေဖြင့် သူမဦးလေးအငယ်သည် ယခုအချိန်၌ အလွန်ပင်လပ်လျားလပ်လျားရှိနေလေသည်။ ကုမ္ပဏီကိစ္စအဝဝကို အခြားသူများထံ အပ်ထားလေ၏။ သူမကဲ့သို့ပင်ဖြစ်သည်။
ရှုဝမ်ချန်းသည် အစက သာမန်ကဲ့သို့ပင် လူတစ်ဦးအား သွားကြိုရမည်ဟု ထင်ခဲ့ပြီး သိပ်အာရုံမထားခဲ့ချေ။ သို့သော် သူကြိုရမည့်လူမှာ ရှန်တုန်းဖြစ်ကြောင်း မြင်လိုက်ရသောအခါ ချက်ချင်းဆိုသလို အံ့အားသင့်သွားတော့၏။
သူ၏မရီးဖြစ်သူသည် ယနေ့ အိမ်တွင် ဧည့်သည်ရှိလိမ့်မည်ဟု မထင်ထားကြောင်း သူသိနေ၏။ တစ်နည်းပြောရလျှင် မရီးမသိဘဲ သူမညီမဖြစ်သူက အိမ်ထဲသို့ ဝင်လာမည်လော? ရှောင်ကျောင်း ဘာများကြံစည်နေသနည်း?
သူနှင့် သူ၏အစ်ကိုကြီးသည် မရီးဖြစ်သူ၏ နောက်ကြောင်းကိုစုံစမ်းနေသော်လည်း ဤအမျိုးသမီး၏ မျိုးရိုးနာမည်မှာလည်း ရှန် ဖြစ်သည်။ ထို့ကြောင့် သူမကိုပါ တစ်ပါတည်းစုံစမ်းရန် လုပ်နေခဲ့သော်လည်း ယခုတွင်မူ...
ရှုဝမ်ချန်း၏မျက်နှာထားသည် တစ်မျိုးဖြစ်နေပြီး တစ်လမ်းလုံး နေမထိထိုင်မသာဖြစ်နေတော့သည်။
ရှန်တုန်းသည် ရှုမိသားစုအိမ်သို့ ပြောင်းပြီးနောက် ပင်မအဆောင်တွင် နေလေသည်။ ရှန်ရှီသည် သူမမည်မျှ ဣန္ဒြေရှိကြောင်း နေ့တိုင်းလိုလို ပင်မအဆောင်သို့ လာပြတတ်သဖြင့် ကျင်းယွင်ကျောင်းသည် သူမမျက်စိစပါးမွေးစူးစေရန် အထူးစီမံထားခြင်းခြစ်၏။
ရှန်တုန်းသည် ရှုမိသားစုအိမ်ထဲသို့ဝင်လိုက်သည်နှင့် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်ပြီး နေပူစာလှုံနေသော ရှုယုအား တွန်းပေးနေသည့် ရှန်ရှီကို မြင်လိုက်ရတော့သည်။ ထိုမြင်ကွင်းမှာ အလွန်ပင်ငြိမ်းချမ်းလှချေသည်။
သို့ရာတွင် ညီအစ်မနှစ်ဦး မျက်လုံးချင်းဆုံလိုက်သည်နှင့် ရှန်တုန်းသည် ရှန်ရှီ၏မျက်ဝန်းများမှ တဖွားဖွားထွက်ပေါ်နေသော ဒေါသရန်ငြိုးများကို သေသေချာချာခံစားလိုက်ရ၏။
သူမသည် ယခင်က အမှန်တကယ်ပင် စဥ်းစားဉာဏ်မဲ့နေခဲ့လေသည်။ ရှန်ရှီသည် သူမအား အလွန်ပင်အဃာတများနေကြောင်း အဘယ်ကြောင့် ယနေ့မှ သိခဲ့ရသနည်း?!
Space and Rebirth 1060
သူတို့ချည်းကပ်လာသောအခါ ရှန်ရှီ၏လက်စွဲတော်အပြုံးသည် အထူးပင် အတုဆန်နေသည်။
ရှုယုသည် အနောက်သို့လှည့်ကြည့်လိုက်သောအခါ ဧည့်သည်များရောက်နေကြောင်း မြင်လိုက်ရ၏။ သူ၏မျက်နှာသည် ယခင်ကအတိုင်း စူပုပ်နေဆဲဖြစ်သည်။ သူသည် ခြေထောက်ကျိုးသွားသောအချိန်မှစ၍ အချိန်အတော်ကြာ အိမ်ထဲတွင် ငိုယိုဂျီကျနေခဲ့သော်လည်း ရှုမိသားစုထဲရှိ မည်သူမှ သူ့ကိုဂရုမစိုက်ချေ။
“အားတုန်း နင်ကဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ?”
ရှန်ရှီသည် အပြုံးတစ်ခုဖြင့် မေးလိုက်သော်လည်း သူမလေသံတွင် စစ်ကြောမေးမြန်းနေဟန် အချို့ရှိနေ၏။
ရှန်တုန်းသည် ကျင်းယွင်ကျောင်းနှင့် ကြိုတင်ဆွေးနွေးတိုင်ပင်ထားသဖြင့် ဤအရာကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖြေလိုက်သည်။ သူမသည် အံ့သြရိပ်အနည်းငယ်ပင် ပြလိုက်သေး၏။
“အစ်မမသိဘူးလား? ယွင်ကျောင်းက ညီမလေးကို ရှုမိသားစုနဲ့အတူ ရက်ပိုင်းလောက်နေဖို့ ဖိတ်ထားတာလေ၊ သိပ်မကြာသေးခင်ကမှ ကားအက်ဆီးဒင့်ဖြစ်ထားတဲ့အပြင် အရင်ကတည်းက နေရာတိုင်း အန္တရာယ်များသလို ခံစားနေရတာ၊ စဥ်းစားကြည့်လိုက်တော့ ခဲအိုအိမ်က အကောင်းဆုံးဖြစ်မယ်လို့ ထင်လိုက်တာလေ၊ တစ်ယောက်ယောက်က စိတ္တဇပရိသတ်တွေကို အိမ်ထဲတမင်ခေါ်သွင်းလာရင်တော့ မသိဘူးပေါ့၊ ဒါပေမယ့် အဲ့လိုကိစ္စမျိုး ထပ်မဖြစ်နိုင်လောက်တော့ပါဘူး”
ရှန်တုန်းသည် စိတ်ထဲတွင် အံကြိတ်နေမိ၏။ သူမသည် စိတ်လည်းပျက်ကာ ဒေါသထွက်နေပေသည်။
ဤကမ္ဘာပေါ်တွင် မိမိအယုံကြည်ရဆုံးနှင့် အချစ်ရဆုံးလူ၏ သစ္စာဖောက်ခြင်းကို ခံရသည်ထက် နာကျည်းစရာမရှိပေ။
သူမသည် အဆိပ်ဝိုင်အား မေ့ပျောက်ရန် အချိန်ယူကြိုးစားခဲ့သည့်တိုင် သူမအစ်မဖြစ်သူသည် သူမအား မလွှတ်ပေးသေးချေ။
မည်သို့သော အမုန်းတရားမျိုးကာ ရှန်ရှီအား နှစ်ပေါင်းများစွာတိုင်အောင် တွန်းအားပေးခဲ့သနည်း? ယခင်က သူမသည် ရှန်ရှီ၏ဘဝကို မလိုချင်ခဲ့သဖြင့် ကိစ္စမရှိသော်လည်း ယခုတွင်မူ...
“အားတုန်း၊ နင့်ခန္ဓာကိုယ်က ပြန်ကောင်းသွားတဲ့ပုံပဲ”
ရှန်ရှီသည် လူမမြင်ကွယ်ရာတွင် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
“အင်း အစ်မ၊ ညီမကံကောင်းတာပါ အခု လမ်းလည်းလျှောက် ခုန်လည်းခုန်နိုင်ပြီ”
ရှန်တုန်းသည် အေးအေးလူလူဖြင့် ပြန်ပြောလိုက်သည်။
သို့ရာတွင် “လမ်းလျှောက်နိုင်၊ ခုန်နိုင်” ဟူသောစကားများကို ရှုယုကြားသွားသောအခါ ချက်ချင်း ထပေါက်ကွဲတော့သည်။
“လခွမ်းလိုပဲ ဒါဘယ်သူတွေလဲ?!”
ရှုဝမ်ချန်း မျက်မှောင်ကြုတ်လိုက်ပြန်၏။ ရှုယုသည် မိမိအဒေါ်အရင်းနှင့် ဝမ်းကွဲကို မသိသလော?
“အားယု မေ့သွားပြီလား? သားသူ့ကို အလှပြင်ဆိုင်မှာ တစ်ခေါက်တွေ့ခဲ့ဖူးတယ်လေ၊ သားပြန်လာတုန်းကတောင် မေးလိုက်သေးတယ်၊ သူက သားအဒေါ်ပဲ သူ့ဘေးကကောင်လေးက သားရဲ့ဝမ်းကွဲပေါ့”
ရှန်ရှီရှင်းပြလိုက်သည်။
“သူတို့ကိုထွက်သွားခိုင်းလိုက်! မမြင်ချင်ဘူး!”
ရှုယုသည် သူ၏လက်ထဲမှဖုန်းကို ကောက်ပေါက်လိုက်သည်။
ရှန်ဟုန်သည် သူ့အား ဖုန်းဖြင့်ရိုက်မိတော့မည်ကို မြင်သောအခါ ချက်ချင်းလှမ်းဖမ်းလိုက်၏။ ထို့နောက် သူသည် အရှေ့သို့လျှောက်သွားပြီး ထိုဖုန်းအား ရှုယုပေါင်ပေါ်သို့ တင်လိုက်သည်။
“အစ်ကို၊ ညီလေးတို့ကို မမြင်ချင်ဘူးဆိုရင်လည်း ထွက်သွားပေးလို့ရပါတယ်၊ ညီလေးတို့နဲ့ သဘောမတူတိုင်း ပစ္စည်းတွေကောက်ပေါက်တာတော့ ကောင်းတဲ့အမူအကျင့်မဟုတ်ဘူးပေါ့”
“ထွက်သွားကွာ!”
ရှုယုသည် ရှန်ဟုန်အား စိန်းစိန်းဝါးဝါးကြည့်ကာ ထပ်မံကြိမ်းမောင်းအော်ဟစ်ပြန်၏။
သူသည် သူ၏ရှေ့မှောက်တွင်ရှိနေသော သက်တူရွယ်တူကောင်လေးအား မုန်းပေသည်။ ဤကောင်လေးသည် အလွန်ပင် ရုပ်ရည်သန့်ပြန့်ပြီး သူ၏အကြည့်များမှာလည်း မိမိအတွေးအား ထိုးဖောက်မြင်နေရသလို ရှိနေ၏။ ထို့အပြင် ယခင်က အိမ်သို့ မည်သည့်ဝမ်းကွဲမှ လာမလည်ဖူးချေ။ ယခု သူဒုက္ခိတဖြစ်သွားသောအခါတွင်မူ တစ်ယောက်ပြီးတစ်ယောက် လာကြလေသည်။ ဤသည်မှာ မည်သည့်အဓိပ္ပာယ်နည်း? သူ့အား လှောင်ပြောင်သရော်ကြရန်လော?
ရှန်ဟုန်သည် အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။ သူ၏မိခင်ဖြစ်သူမှ နေ့တိုင်းလိုလို အမွမ်းတင်နေသော သူ၏အဒေါ်တွင် အလွန်ပင်လိမ္မာရေးခြားရှိသော သားတစ်ဦးပိုင်ဆိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သူ့ထက် နာရီပိုင်းခန့်သာကြီးသော ဤဝမ်းကွဲကိုတွေ့ရန် အလွန်ပင်မျှော်လင့်နေခဲ့သော်လည်း သူထင်မှတ်ထားသလို မဟုတ်ခဲ့ချေ။
ရှန်တုန်းသည် ခြေလှမ်းအနည်းငယ်ခန့်တိုးလာပြီး ရှုယုကို ကြည့်လိုက်သည်။ သူမသည်လည်း အလွန်ပင် မကျေမနပ်ဖြစ်နေလေသည်။
သူမ၏တူအား ပထမဆုံးတွေ့ခဲ့သောအကြိမ်မှာ သူမ၏အလှပြင်ဆိုင်တွင်ဖြစ်၏။ ထိုအချိန်က ဤကောင်လေးသည် မိန်းကလေးတစ်ချို့ခေါ်လာခဲ့ပြီး ထိုမိန်းကလေးများမှာ သူ့အား သခင်လေးရှုဟု ခေါ်ခဲ့ကြသည်။ တစ်စုံတစ်ယောက်မှ သတိပေးမှသာ ဤတစ်ယောက်သည် ရှန်ရှီ၏သားဖြစ်ကြောင်း သူမသိခဲ့ရလေသည်။ ထိုအချိန်တွင် သူမသည် သွားရောက်နှုတ်ခွန်းဆက်ခဲ့သော်လည်း ရှုယုမှာ သူမအား အရှက်လုံးလုံးခွဲခဲ့၏။ သူမသည် သူ့အားကပ်၍ခွာစားချင်နေသော ပိုင်းလုံးမတစ်ဦးသာဖြစ်သည်ဟု အော်ကြီးဟစ်ကျယ်ပြောဆိုကာ သူမကဲ့သို့လူကြီးတစ်ဦးကို အရှက်ရစေခဲ့သည်။
ထိုတင်မက သူမ၏တူသည် လူများစွာရှေ့တွင်ပင် သူမအား ထိကပါးရိကပါးလုပ်ခဲ့သေး၏။ ထိုအချိန်က သူမသည် ရှန်ရှီအတွက် စိတ်ပူသောကြောင့် ဒေါသထွက်သော်လည်း ကြိတ်မှိတ်သာသည်းခံပြီး အခြားလူများကို ပြောပြရန် အလွန်ပင်ရှက်နေခဲ့မိသည်။
“အားယု၊ အဒေါ်က သားအဒေါ်ဖြစ်သလို သူကသားရဲ့ညီလေးပဲ၊ သူ့ကိုမကြိုက်ဘူးဆိုရင်တောင် အနည်းဆုံးနှုတ်ဆက်သင့်တယ်မဟုတ်ဘူးလား? ပြီးတော့ သားအပေါ် အဒေါ်တို့က ဘာအမှားမှမလုပ်ထားဘူး ဒါကြောင့်မို့ သားအပြောအဆိုကို အဒေါ်တို့က ခံစရာအကြောင်းမရှိဘူး၊ အဲဒါအပြင် အဒေါ်တို့က ယွင်ကျောင်းဖိတ်ထားတဲ့ ဧည့်သည်တွေပဲ၊ အဒေါ်တို့ထွက်သွားဖို့ မထွက်သွားဖို့ဆိုတာ သားမှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူး”