အခန်း (၁၀၆၁-၁၀၆၄)
Vol. 54 Ch. 1061-1064
Space and Rebirth 1061
ယခင်က ရှန်တုန်းသည် ရှန်ရှီအပေါ် အမြဲတစေ လေးစားယဥ်ကျေးခဲ့၏။ ရှန်ရှီအရှေ့တွင် ဤစကားမျိုးအား ဘယ်သောအခါမှ ပြောမည်မဟုတ်သည့်အပြင် အသံပင်ကျယ်ကျယ်မပြောတတ်ချေ။ သို့ရာတွင် ဤအခိုက်အတန့်၌ ရှန်တုန်း၏အမူအရာသည် ယခင်ကနှင့် များစွာကွာခြားနေ၏။ ဤတစ်ခေါက်တွင် ရှန်တုန်းသိရှိသွားပြီဖြစ်ကြောင်း ရှန်ရှီချက်ချင်းဆိုသလို နားလည်သဘောပေါက်လိုက်သည်။
ဤတစ်ခေါက်တွင် သူမသည် ရှန်တုန်းအား သေစေလိုသောရည်ရွယ်ချက်ဖြင့် လုပ်ခဲ့ပေသည်။ ထို့ကြောင့်လည်း မတော်တဆမဖြစ်ခင် တစ်ရက်အလိုက သူမသွားမည့်လမ်းကြောင်းကို မေးခဲ့ခြင်းဖြစ်သည်။ သို့သော် ရှန်တုန်းမှာ အသက်ရှိနေသေးဦးမည်ဟု မထင်ခဲ့ချေ။
သူမသာ ကြိုတင်သိခဲ့လျှင် ယခင်က စိတ်ပျော့နေခဲ့မည်မဟုတ်ဘဲ တစ်ခါတည်းသတ်ခဲ့ပေမည်။ မိမိသည် သူမအား နှစ်ပေါင်းများစွာ လွှတ်ထားပေးခဲ့သည့်တိုင် အိမ်ထဲထိလာ၍ အနှောင့်အယှက်ပေးနေသေး၏။
ရှန်တုန်း၏စကားများက ရှုယုအား အပြင်းအထန်ပင် ရန်စသလိုဖြစ်သွားသည်။ သူ၏အတန်ငယ်ချောမောသောရုပ်ရည်သည် ချက်ချင်းဆိုသလို ကြမ်းကြုတ်သွားပြီး သားရဲတစ်ကောင်ကဲ့သို့ ရှန်တုန်းနှင့် သူမသားကို စူးစိုက်ကြည့်လိုက်၏။ သူ၏ရှေ့မှောက်ရှိလူနှစ်ဦးကို အပိုင်းပိုင်းအစစဖြစ်အောင် ဆုတ်ဖြဲပစ်ချင်နေသလိုပင်။
“မင်းကများ အဲ့ကောင်မနာမည်သုံးပြီး ငါ့ကို ပြန်ပြောရဲသေးတယ်? ငါ့က ရှုမိသားစုသခင်လေးပဲ! အဲဒီခွေးမက အပြင်ဖက်က လွင့်လာတဲ့ အမှိုက်စသာသာရှိတာ! ခွေးတိုးပေါက်က ဝင်လာတဲ့ကောင်မကများ ငါ့ခေါင်းပေါ် ချီးတက်ပါချင်သေးတယ်? သိပ်မကြာခင်မှာ ငါသူ့ကိုသတ်ပစ်မှာ! မသေမချင်း ညှင်းသတ်ပစ်မယ်!”
ရှုယုသည် ဒေါသတကြီးဖြင့် ဆဲဆိုကြိမ်းမောင်းနေ၏။
သူ၏ခြေထောက်များမှာ ကျိုးပြီဖြစ်သော်လည်း သူ၏ဖခင်သည် သူ၏အကြောနှင့်အရွတ်များကို ဓားတစ်ချောင်းဖြင့် ကိုယ်တိုင်လှီးဖြတ်ခဲ့သည်။ ပြန်ကောင်းလာနိုင်ချေ လုံးဝမရှိစေရန်ပင် လွန်ကဲမှုခုနစ်ပါးလိမ်းဆေးအား လိမ်းခိုင်းခဲ့သေးသည်။
သူသည် ရှုမိသားစု၏အမွေခံ၊ ရှုမိသားစု၏တစ်ဦးတည်းသောသားနှင့် သခင်လေးဖြစ်ပေ၏။ ဤအရိုင်းအစိုင်းမမှာ မည်သူနည်း? ၁၈ နှစ်တိုင်တိုင် နိမ့်ပါးသောလောကတွင် ကြီးပြင်းလာခဲ့သူဖြစ်၏။ သူမတွင် မည်သို့သောလုပ်ပိုင်ခွင့်ရှိနေသဖြင့် သူပြန်ရောက်လာသည်နှင့် သူပိုင်ဆိုင်သမျှကို လုယူနေရသနည်း?
ယခုတွင် သူ၏မိခင်ဖြစ်သူဘက်မှ ဆွေမျိုးများပင်လျှင် သူ့ကိုအလေးမထားဘဲ ထိုကျင်းယွင်ကျောင်းဘက်မှ ကာပြောပေးနေလေပြီ။ သူတို့သည် အဘယ်ကြောင့် ဤမျှအတင့်ရဲနေရသနည်း?!
ရှုယုသည် အနည်းငယ်ရူးသွပ်နေ၏။ ဤအခိုက်အတန့်တွင် ရှုဝမ်ချန်းမှ ဤစကားကိုကြားသောအခါ ဒေါသမထိန်းနိုင်တော့ချေ။ သူသည် ချက်ချင်းဆိုသလို ရှုယုထံလျှောက်သွားပြီး သူ့ကိုပြင်းထန်စွာ ကန်ထည့်လိုက်၏။ ရှုယုသည် ချက်ချင်းဆိုသလို သူ၏ကုလားထိုင်ပေါ်မှ မြေပြင်ဆီသို့ လဲကျသွားတော့သည်။
“ရှောင်ကျောင်းက ဘယ်လိုနေရာမျိုးမှာ ကြီးလာပြီး မင်းကရော ဘယ်လိုနေရာမျိုးမှာ ကြီးလာတာလဲ?! စကားကောင်းကောင်းမပြောနိုင်ရင် တစ်သက်လုံးသာ ပါးစပ်ပိတ်ထားတော့!”
ရှုဝမ်ချန်းသည် အေးစက်စွာဖြင့် မျက်စောင်းထိုးကြည့်လိုက်သည်။ သူ၏အသံသည် ရင်ဝကိုပင် ထိုးခွင်းနိုင်လောက်သည်ထိ ရေခဲတမျှ အေးစက်နေလေသည်။
ရှန်ရှီ၏လက်များ တုန်ယင်သွားသည်။
“ဝမ်ချန်း ဘယ်လိုပဲဖြစ်ဖြစ် အားယုက ရှင့်တူလေးပါ၊ သူကအခု ဒုက္ခိတဖြစ်နေတာတောင် မလုံလောက်လို့ သူ့ကိုပါ ကန်ကျောက်နေပြီလား? ရှင်ကျွန်မကို သဘောမကျတာသိပါတယ်ရှင် ဒါပေမယ့် ကျွန်မတို့ကို မျက်စိစပါးမွေးစူးနေတယ်ဆိုလည်း ရှင့်အစ်ကိုကြီးဆီသွားပြီး ကျွန်မတို့ကို အိမ်ကနေနှင်ထုတ်ဖို့ ပြောလိုက်ပါလား?”
သူမလေသံသည် တည်ငြိမ်နေသော်လည်း ခြိမ်းခြောက်သောအရိပ်အယောင်များရှိနေ၏။
ရှန်ရှီသည် ဤနှစ်ပေါင်းများစွာအတွင်း မဒမ်ရှုရာထူးကို အသုံးမချဘဲ နေခဲ့ခြင်းမဟုတ်ပေ။ ရှုဝမ်ချန်း သတိလျော့သွားသည်နှင့် တစ်စုံတစ်ယောက်သည် ရက်ပိုင်းအတွင်း ရှုဝမ်ချန်းကို ချောက်တွန်းနိုင်ပေသည်။
အမျိုးသမီးတစ်ဦး၏ အင်အားမှာ အထင်သေး၍မရချေ။ ရှန်ရှီသူငယ်ချင်းများ၏ ခင်ပွန်းများမှာ သာမန်လူများမဟုတ်သောကြောင့်ဖြစ်သည်။ သူမတို့သည် မိမိတို့ခင်ပွန်းများအား ချိုသာသောစကားလုံးအချို့ဖြင့် စေလိုရာခိုင်းနိုင်၏။ ရှုဝမ်ချန်းအား အပြည့်အဝအနိုင်ယူရန် မဖြစ်နိုင်သော်လည်း သူ့အား လူမမြင်ကွယ်ရာတွင် ဒုက္ခပေးနိုင်သေး၏။
ရှုဝမ်ချန်းသည် အေးတိအေးစက်ဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။ သူသည် ဤသူတော်ကြောင်အမျိုးသမီးအား ရှုမိသားစုထဲမှ မြန်မြန်ထွက်စေချင်နေလေပြီ။
သူနှင့်အစ်ကိုကြီးသည် စုံစမ်းရင်းဖြင့် အကြောင်းအရာအချို့ ရှာဖွေတွေ့ရှိခဲ့၏။ ရှန်ရှီသည် နောက်ကွယ်တွင် လူများစွာကို လာဘ်ထိုးခဲ့လေသည်။ ထိုလူများအချို့မှာ သူမ၏ကြေးစားလူသတ်သမားများဖြစ်ပြီး အချို့မှာ သူမအတွက် နောက်ကြောင်းရှင်းပေးလေသည်။ သူတို့ဂရုအစိုက်ဆုံးအရာများကို သူမသည် အလွန်သိုသိပ်စွာ ဝှက်ထားလေသည်။ သူနှင့်အစ်ကိုကြီးသည် ခေါင်းချင်းဆိုင်ကြည့်ကြသော်လည်း သူမဝှက်ထားခဲ့သောနေရာကို မရှာတွေ့သေးချေ။
သူမ၏အပြင်ပန်းပုံစံနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်၏။ ကံမကောင်းစွာဖြင့် မည်သည့်သက်သေအထောက်အထားမှ မရှိချေ။
ရှန်ရှီသည် ရှုမိသားစုထဲမှ ထွက်သွားနိုင်သော်လည်း ဂုဏ်သိက္ခာကျဆင်းပြီး ထွက်သွားရလိမ့်မည်။ ထိုသို့ဆိုလျှင် အစ်ကိုကြီးဖြစ်သူ၏ သမိုင်းကြောင်းတွင် အမည်းစက်ဖြစ်ကာ သူ၏အနာဂတ် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် ခလုတ်ကန်သင်းတစ်ခု ဖြစ်ချေတော့မည်။
“မရီး၊ သူဘာလို့ဒုက္ခိတဖြစ်ရလဲဆိုတာ မရီးလည်းကောင်းကောင်းသိတာပဲ၊ အရင်တစ်ခေါက်ဖြစ်တာက သင်ခန်းစာဆိုရင် အခုတစ်ခေါက်က သင်ခန်းစာအသစ်ပေါ့၊ ကိုယ့်တူကို သင်ခန်းစာပေးတာ ဘာမှားနေလို့လဲ? မရီးမကျေနပ်ရင်သာ အစ်ကိုကြီးကို သွားပြောလိုက်၊ ကျွန်တော် သင်ခန်းစာပေးတာ မှားတယ်လို့ အစ်ကိုကြီးထင်ရင် ဒီအိမ်ကနေချက်ချင်းထွက်သွားပေးမယ်!”
Space and Rebirth 1062
ရှုဝမ်ချန်းသည် မာန်အပြည့်ဖြင့် ရှန်ရှီ၏စကားများကို ပြန်သုံးကာ သူမကိုတိုက်ခိုက်လိုက်သည်။ ရှန်ရှီ၏မျက်လုံးများ မှောင်ရိပ်သန်းသွား၏။
“ကျွန်မတို့နှစ်ယောက်က ဘယ်လိုလုပ် ဒုတိယသခင်လေးကို မောင်းထုတ်နိုင်မှာလဲ”
“အားယု ဦးလေးအငယ်ကို တောင်းပန်စမ်း”
ရှန်ရှီသည် ရှုယုအား တွဲထူမကာ ပြောလိုက်သည်။
“ဒါပေမယ့် ဝမ်ချန်း၊ ကျွန်မလည်း ရှုမိသားစုဝင်ပါပဲ၊ အခုအပြင်လူတွေလည်း ရှိနေတာမို့ ရှင့်လုပ်ရပ်သာ အပြင်ကိုသတင်းပျံ့သွားရင် ရှုမိသားစုရဲ့သိက္ခာအတွက် မျက်နှာပန်းလှနိုင်စရာမရှိဘူး”
ရှုမိသားစုအစေခံများသည်လည်း အနီးအနားတွင် ရှိနေကြသည်။
ရှန်ရှီ၏စကားများမှာ သတိပေးချက်တစ်ခုဖြစ်ကြောင်း သိသာပေသည်။
ဤတစ်ခေါက်တွင် ရှန်ရှီ၏စကားများသည် ဆူးများဖြင့် ပြည့်နှက်နေသည်ဟု ရှုဝမ်ချန်းခံစားမိလိုက်သည်။ ယခင်ကဆိုလျှင် သူမသည် သူပြောသမျှကို အရုပ်တစ်ရုပ်ကဲ့သို့ အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်နားထောင်ပေးတတ်သည်။ သို့သော် အဘယ်ကြောင့် ရုတ်ချည်းဆန်စွာ ပြောင်းလဲသွားရသနည်း? ရှန်တုန်းနှင့် သူမ၏သားကြောင့်လော။
သူတို့ရုတ်တရတ်ပေါ်လာသောကြောင့် ရှန်ရှီသည် ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်းလော? အဘယ်ကြောင့်နည်း?
ရှုဝမ်ချန်းသည် စိတ်ထဲ၌ မိမိဘာသာတွေးမိလိုက်၏။ သို့ရာတွင် ရှန်ရှီသည် အဆုံးထိ သူ့အား မတောင်းပန်ဘဲ ခံပြောနေတော့သည်။ သို့သော် ရှန်ရှီသည် အနောက်လှည့်ကြည့်ပြီး ရုတ်ချည်းဆိုသလို ရှန်တုန်းအား ပြောလိုက်သည်။
“ညီမလေး ရောက်လာလက်စနဲ့ ရှုမိသားစုအိမ်မှာ နေသွားပေါ့၊ ဝမ်ချန်းလည်း ဒီမှာရှိလိမ့်မယ်၊ သူ့ကိုမကြာမကြာ အပြင်ခေါ်သွားခိုင်း၊ အချိန်အကြာကြီး တစ်ယောက်တည်းနေတာ ဘယ်လွယ်ပါ့မလဲ၊ ဝမ်ချန်းက ညီမအတွက် နည်းနည်းငယ်တယ်ဆိုပေမယ့် ညီမလေးက လှတုန်းပါ၊ သူ့ထက်ဆယ်နှစ်ကြီးလည်း ပြသာနာဖြစ်မှာမဟုတ်ဘူး”
ဤစကားများကို ပြောပြီးနောက် ချာခနဲလှည့်ထွက်သွားတော့သည်။
ရှုဝမ်ချန်းသည် ဒေါသထွက်လွန်းသဖြင့် နှုတ်ခမ်းစွန်းများတွန့်နေလေပြီ။
ဤရှန်ရှီမှာ အဆိပ်ပြင်းလှ၏!
“သိပ်မကြာခင်မှာ နင့်ရဲ့သိပ်လှတဲ့အရေခွံကို ဆုတ်ပစ်မယ်!”
ရှုဝမ်ချန်းသည် တီးတိုးရေရွတ်လိုက်၏။ ထို့နောက် သူသည် အသက်ကိုပြင်းပြင်းရှူကာ အနောက်သို့လှည့်၍ ရှန်တုန်းနှင့်သူမသားကို ပင်မအဆောင်သို့ ဦးဆောင်ခေါ်သွားလိုက်သည်။
ရှန်တုန်း၏မျက်လုံးတွင် ခိုင်မာနေသော အညှာအတာကင်းမဲ့မှုအရိပ်အယောင်တစ်ခု ရှိနေလေသည်။ သူမသည် ပုံမှန်အားဖြင့် အခြားသူများအပေါ် စိတ်ကောင်းရှိသော်လည်း အနိုင်ကျင့်ခံရလောက်သည်ထိ ဒုံးမဝေးပါပေ။
“ဒုတိယသခင်လေးရှု၊ ဒီည ယွင်ကျောင်းက အိမ်မှာရှိမှာလား?”
ရှန်တုန်းသည် ပင်မဆောင်ထဲဝင်ပြီးနောက် မေးလိုက်၏။
“ရှောင်ကျောင်းက ပုံမှန်အားဖြင့် သူ့အဆောင်မှာနေတတ်တယ် ဒါပေမယ့် ဒီနေ့ အစ်မရှန်တုန်း အိမ်ပြောင်းလာတာဆိုတော့ ညဖက် ပြန်လာအိပ်မယ်ထင်တယ်”
ရှုဝမ်ချန်းသည် သူ၏နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားချေပြီ။
ရှန်တုန်းခေါင်းငြိမ့်လိုက်၏။
အမှန်တကယ်တွင် သူမသည် ရှုမိသားစုအိမ်သို့ ဗြုန်းစားကြီးလာရောက်ရန် မစီစဥ်ထားခဲ့ချေ။ ဤနေရာတွင် ရှန်ရှီမှလွဲ၍ အခြားဆွေမျိုးများမရှိသောကြောင့်ဖြစ်သည်။ သို့ရာတွင် ကျင်းယွင်ကျောင်းပြောသည်မှာ မှန်ပေသည်။ သူမသည် အခြားနေရာများတွင် အန္တရာယ်ကင်းမည်မဟုတ်ချေ။
ထို့အပြင် နှစ်ပေါင်းများစွာတိုင်အောင် သူမသည် ရှန်ရှီကို နားမလည်ခဲ့ချေ။ သူမယခင်ကသိခဲ့သောလူမှာ ရှန်ရှီဖန်တီးထားသော ဇာတ်ရုပ်တစ်ခုသာဖြစ်၏။ သူမသာ ရှုမိသားစုနှင့် နီးနီးကပ်ကပ်မနေဘဲ ရှန်ရှီအား သေချာအကဲမခတ်မိခဲ့လျှင် ရှန်ရှီသည် သူမအား အဘယ်ကြောင့်ပစ်မှတ်ထားနေသည်ကို တစ်သက်လုံးနားလည်လိမ့်မည်မဟုတ်ပေ။
ပင်မအဆောင်ထဲတွင် အဘိုးရှုနှင့် ကျင်းယွင်ကျောင်းတို့အပြင် ရှုရှင်းယွမ်သည်လည်း မကြာသေးမီက ပြောင်းလာခဲ့၏။ သို့သော် ဤဆရာတပည့်နှစ်ဦးသည် တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်သက်သူများဖြစ်ပြီး ဆေးဝါးပညာကို စွဲလမ်းကြလေသည်။ အများအားဖြင့် သူတို့သည် အနောက်ခြံဝင်းထဲရှိ ဆေးခန်းထဲတွင် ဝိုင်တစ်ခွက်နှစ်ခွက်ခန့်သောက်ရင်း နေတတ်၏။ ထို့ကြောင့် အိမ်ကြီးသည် ယာယီအနေဖြင့် အလွန်တိတ်ဆိတ်နေလေသည်။
ညနေခင်းတွင် ကျင်းယွင်ကျောင်းသည် ကျောင်းကပြန်လာပြီး ရှန်တုန်းနှင့် ခေတ္တမျှစကားစမြည်ပြောလိုက်၏။ မနက်က ရှန်ရှီ၏တုံ့ပြန်ပုံကို ကြားလိုက်ရသောအခါ သူမသည် အနည်းငယ်အံ့အားသင့်မိသွားသည်။
ထင်ထားသည့်အတိုင်းပင် ရှန်တုန်းသည် ရှန်ရှီ၏ပျော့ကွက်တစ်ခုဖြစ်ပေသည်။ ရှန်တုန်းမှ ရှုမိသားစုနှင့် ရင်းနှီးလေလေ ရှန်ရှီသည် စိတ်ပူပန်လာလေလေဖြစ်၏။
ညဘက်တွင် ရှန်ဟုန်အနားယူနေချိန်၌ ရှန်တုန်းသည် ကျင်းယွင်ကျောင်းအခန်းထဲသို့ဝင်ကာ ပြောလိုက်၏။
“ယွင်ကျောင်း၊ ယုတ္တိကျကျပြောရရင် အန်တီက ဒီမှာနေရတာကိုတောင် တော်တော်မျက်နှာပူနေပြီ ဒါပေမယ့်လည်း အကူအညီတစ်ခုလောက် ထပ်တောင်းချင်တယ်”
“အန်တီတုန်း ပြောသာပြောလိုက်ပါ”
ကျင်းယွင်ကျောင်းအနည်းငယ်အံ့အားသင့်သွား၏။
ရှန်တုန်းသည် ယခင်ကတည်းက ပွင့်လင်းပြတ်သားသောသူတစ်ဦးဖြစ်သဖြင့် အကူအညီတစ်ခုကို လွယ်လွယ်မတောင်းတတ်ချေ။
“ဒီလိုပါ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က ဖြစ်ခဲ့တဲ့ကိစ္စကို အန်တီစုံစမ်းချင်လို့”
ရှန်တုန်းသည် အသက်ကိုပြင်းပြင်းရှူကာ ဆက်ပြောလိုက်သည်။
“သမီးကို မဖုံးဘဲနဲ့ ပြောပြပါမယ်၊ အန်တီသိချင်တာက အန်တီကိုယ်ဝန်ရသွားတဲ့ကိစ္စနောက်ကွယ်က အမှန်တရားကိုပါ”
Space and Rebirth 1063
ရှန်တုန်းသည် ခေတ္တမျှစကားရပ်လိုက်ပြီး သူ၏မျက်လုံးများ လှုပ်ခါသွားသည်။ သူမသည် ထိုနေ့ကအဖြစ်အပျက်များကို ကြောက်ရွံ့နေသေးဟန်ရ၏။
“အဲဒီနှစ်က အန်တီ ကော့တေးပါတီတစ်ခုကိုတက်ပြီး ဒီလိုပဲ ဝိုင်တစ်ခွက်သောက်ခဲ့တယ်၊ အဲ့ကြားထဲ ဘာဖြစ်လဲမသိပေမယ့် နိုးလာတဲ့အချိန်မှာ ဗီရိုတစ်ခုထဲ ပိတ်မိနေတော့တာပဲ၊ အန်တီ့တစ်ကိုယ်လုံး...အရမ်းနာကျင်နေခဲ့တယ်၊ အင်္ကျီအဝတ်အစားတွေကလည်း ဖရိုဖရဲဖြစ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေတာပဲ၊ အန်တီ အဲဒီနေရာမှာ နာရီပိုင်းလောက်နေခဲ့ရပြီး ညဘက်ရောက်တော့ ရှန်ရှီလာကယ်ခဲ့တယ်”
“အဲ့အခန်းကို အန်တီမှတ်မိတယ်၊ အဲ့တုန်းက ဟိုတယ်ထဲက အကြီးဆုံးအခန်းတစ်ခုဖြစ်မယ်ထင်တယ်၊ အဲ့အထပ်မှာ အခန်းနှစ်ခန်းပဲရှိတာလေ၊ အဲ့အချိန်တုန်းက အဲ့အခန်းပိုင်ရှင်ဘယ်သူလဲဆိုတာ သေချာပေါက်ပြန်ရှာနိုင်တယ်၊ အဲ့လို မတော်တဆဖြစ်တုန်းက အန်တီက အရင်ဆုံးရဲခေါ်ခဲ့ချင်ပေမယ့် တစ်ဖက်မှာ ရှန်ရှီက အန်တီသိက္ခာကျမှာကို စိုးရိမ်နေခဲ့သလို အာဏာရှိတဲ့လူတစ်ယောက်ယောက်ကို အန်တီရန်စမိမှာစိုးလို့ဆိုပြီး အန်တီ့ကိုတားခဲ့တာပေါ့၊ ဒါပေမယ့် ဒီကိစ္စက အန်တီ့ခေါင်းထဲက မထွက်နိုင်ခဲ့တာ နှစ် ၂၀ ကျော်ပြီ၊ ဒီနေ့တောင် အမှောင်ထဲမှာပိတ်မိနေတဲ့ခံစားချက်ကို မှတ်မိနေတုန်းပဲ ဒါကြောင့်မို့ စုံစမ်းချင်တာပါ...”
“ဒါပေမယ့် အန်တီကိုယ်တိုင်လုပ်ဖို့ မလွယ်ဘူး၊ ယွင်ကျောင်း အဲ့ယောက်ျားကဘယ်သူလဲဆိုတာ ရှန်ရှီသိတယ်ထင်တယ်၊ ဒါကြောင့်မို့ အန်တီ့ကို အကြိမ်ကြိမ်တားနေခဲ့တာ၊ အန်တီက မြို့တော်ထဲမှာ အသိများတယ်ဆိုပေမယ့် လူအများစုက ရှန်ရှီနဲ့ အဆက်အသွယ်ရှိကြတယ်၊ အန်တီဘက်က အကူအညီတောင်းတာနဲ့ ရှန်ရှီလည်း သေချာပေါက်နှောင့်ယှက်လိမ့်မယ်၊ ဒါဆိုရင် အန်တီ အမှန်တရားကို ရှာဖွေနိုင်တော့မှာမဟုတ်ဘူး”
သူမသည် ကျင်းယွင်ကျောင်းအား အကူအညီတောင်းရန် စဥ်းစားနေသည်မှာ ကြာပေပြီ။
သူမသည် အခြားမည်သူကိုမှ မယုံကြည်ချေ။ ကျင်းယွင်ကျောင်းကိုသာ ယုံကြည်နိုင်၏။ ကျင်းယွင်ကျောင်းသည် ငယ်ရွယ်သော်လည်း လုပ်နိုင်စွမ်းရှိသည်ဟု သူမခံစားရသည်။
ရှန်တုန်းသည် မိမိအား ကိုယ်ဝန်ရစေခဲ့သူမှာ မည်သူဖြစ်ကြောင်း မသိဘဲနေလိမ့်မည်ဟု ကျင်းယွင်ကျောင်းမထင်ထားခဲ့ချေ။ သူမအနည်းငယ်အံ့အားသင့်သွား၏။ ခဏတာစဥ်းစားကြည့်ပြီးနောက် သူမပြောလိုက်သည်။
“အန်တီတုန်း အဲဒီပါတီပွဲမှာ ဘယ်သူတွေရှိခဲ့လဲဆိုတာ အသေးစိတ်ပြောပြပေးလို့ရလား? အဲ့လိုဆိုရင် သမီးစုံစမ်းရလွယ်တာပေါ့”
ရှန်တုန်းခေါင်းငြိမ့်လိုက်သည်။
“အဲ့တုန်းက အန်တီက တိတ်ဆိတ်တဲ့နေရာမှာ နေချင်ခဲ့တာ၊ ရှန်ရှီက အန်တီ့လက်ထောက်ဆိုတော့ သူလည်း ပွဲကိုတက်ခဲ့တာပေါ့၊ အန်တီနားနေတဲ့အချိန်မှာ သူကလူတစ်ယောက်နဲ့ ရယ်ရယ်မောမောစကားတွေပြောနေခဲ့တယ်၊ အဲ့လူက ဘယ်သူလဲ မမှတ်မိပေမယ့် သမီးဦးလေးနဲ့လက်ထပ်ခဲ့တော့ အဲ့လူက သမီးဦးလေးလို့ပဲ ထင်တာပဲ...အဲဒီလူနဲ့ ရှန်ရှီက ဝိုင်တစ်ခွက်ပြီးတစ်ခွက် သောက်နေခဲ့တာလေ၊ သူမူးမှာစိုးလို့ အန်တီကသွားပြီး သတိပေးချင်ခဲ့ပေမယ့် လမ်းမှာ လူတွေက တစ်ယောက်ပြီးတစ်ယောက် လာစကားပြောကြလို့ မသွားဖြစ်လိုက်ဘူး”
“အန်တီ့ဆီကို ယောက်ျားတွေရော မိန်းမတွေရောလာပြီး အရမ်းယဥ်ကျေးတဲ့လေသံနဲ့ အန်တီ့ရုပ်ရှင်ကို အရမ်းသဘောကျကြတယ်လို့ ပြောနေခဲ့တယ်၊ အန်တီကတော့ ရှန်ရှီကိုပဲ စိတ်ပူနေလို့ သူတို့ကိုအာရုံမထားဘဲ ဝိုင်ကိုပဲဖိသောက်နေခဲ့တယ် အဲ့နောက်ပိုင်းမှာ...ဘာကြောင့်မှန်းမသိ ဝိုင်တွေတရစပ်သောက်မိတော့တာပဲ၊ ပြီးတော့ လူတစ်ယောက်နဲ့အတူ အခန်းတစ်ခန်းထဲ တွန်းပို့ခံလိုက်ရတာကို ဝိုးတဝါးမှတ်မိလိုက်တယ်၊ ဘာတွေဖြစ်ခဲ့လဲဆိုတာ သေချာတော့မမှတ်မိဘူး...”
ကျင်းယွင်ကျောင်းနားထောင်ပြီးနောက် တိတ်တခိုး ကျွတ်စုပ်လိုက်သည်။
ရှန်တုန်းသည် ထိုအချိန်က အလွန်ပင်ရိုးအခဲ့ကြောင်း သူမပြောနိုင်လေသည်။ သူစိမ်းတစ်ဦးမှ ကမ်းပေးထားသော ဝိုင်ကို သောက်ခဲ့လေ၏။ သို့သော် သူမဦးလေးသည်လည်း ရှန်တုန်းပြောသောပါတီပွဲတွင် ရှိနေလိမ့်မည်ဟု မထင်ခဲ့ချေ။
သို့ရာတွင် သူမဦးလေးသည် ငယ်ရွယ်စဥ်အခါကဖြစ်လျှင်ပင် မိန်းကလေးတစ်ယောက်နှင့် ရယ်မောစကားပြောမည့်လူမဟုတ်ပါချေ။
“ရှန်ရှီက အဲ့လူနဲ့ ပျော်ပျော်ရွှင်ရွှင်စကားပြောနေခဲ့တယ်ဆိုတာ သေချာလား?”
ကျင်းယွင်ကျောင်း သိချင်စိတ်ကိုမထိန်းနိုင်သဖြင့် မေးလိုက်၏။
“သေချာတယ် အန်တီရှင်းရှင်းလင်းလင်းမှတ်မိနေတာ၊ အဲ့အချိန်တုန်းက အဲ့လူက ရှန်ရှီရဲ့ခါးကိုတောင် ဖက်လိုက်သေးတယ်၊ အန်တီကတော့ အဲဒါကိုမသင့်တော်ဘူးလို့မြင်လို့ သူ့ကိုသွားရှာဖို့ စိတ်လောနေခဲ့တာပေါ့”
ရှန်တုန်းခေါင်းငြိမ့်ပြလိုက်သည်။
ထိုနေ့မှာ သူမဘဝအား တစ်ဆစ်ချိုးပြောင်းလဲစေခဲ့သော နေ့ရက်ဖြစ်ပေသည်။ သူမအဘယ်သို့မေ့နိုင်မည်နည်း?
Space and Rebirth 1064
ရှန်တုန်းသည် မိမိကိုယ်ကို အလွန်သေချာနေသည့်ပုံပေါက်ပြီး လိမ်နေဟန်မရချေ။ ကျင်းယွင်ကျောင်းစဥ်းစားကြည့်လိုက်သောအခါ ဤလူသည် သူမဦးလေးအကြီး၏ စရိုက်နှင့် မကိုက်ညီလှဟု တွေးမိ၏။
“အန်တီတုန်း သမီးသိသလောက်ဆိုရင် ဦးလေးအကြီးနဲ့ ရှန်ရှီက ချစ်လို့ လက်ထပ်ခဲ့ကြတာမဟုတ်ဘူး၊ အဲ့ဆန့်ကျင်ဘက်ပဲ နှစ်ဦးနှစ်ဖက်အကျိုးအတွက် အိမ်ထောင်ပြုခဲ့ကြတာ”
ကျင်းယွင်ကျောင်းစဥ်းစားကြည့်ကာ ပြောလိုက်၏။
“တစ်ယောက်ယောက်က သမီးကိုကူစုံစမ်းပေးခဲ့တာလေ၊ ရှန်ရှီက ရှုမိသားစုထဲဝင်နိုင်ခဲ့တဲ့အကြောင်းရင်းက ဦးလေးအကြီးရဲ့ကလေးကို လွယ်ထားခဲ့လို့ပဲ၊ ဗိုက်တစ်လုံးကိုဖုံးဖို့ လက်ထပ်ခဲ့ရတာပေါ့၊ ဒီမင်္ဂလာပွဲရဲ့ အဓိကအကြောင်းရင်းကလည်း ဟိုတယ်တစ်ခုမှာ ဖြစ်ခဲ့တာ၊ အဲ့အချိန်မှာ ဦးလေးအကြီးက သူများချောက်ချတာခံရပြီး ဆေးခတ်ခံခဲ့ရတယ်၊ ရလဒ်အနေနဲ့ သူက သူနဲ့လုံးဝမသိတဲ့ ရှန်ရှီနဲ့ အတူအိပ်ခဲ့မိတာပဲ”
“အဲ့လို့လား?”
ရှန်တုန်း မယုံနိုင်ခဲ့ပေ။
“သူပြောတော့...မဟုတ်ဘူး ငါဘယ်လိုလုပ် သူ့စကားကို မျက်စိမှိတ်ယုံလိုက်တာလဲ? သူပြောသမျှမှန်တယ်လို့ထင်တဲ့ငါပဲ တုံးတာပါလေ”
ရှန်ရှီသည် သူမအား မြင်မြင်ချင်း ချစ်ကျွမ်းဝင်သွားခြင်းဟု ပြောခဲ့သည်။ လက်တွေ့တွင်...မမှန်သောအရာဖြစ်၏။
“ဒါဆို သူတို့ကိုအန်တီတွေ့တုန်းက သမီးဦးလေးရဲ့ ဆေးအရှိန်စနေပြီထင်ပါရဲ့”
ရှန်ရှီပြောလိုက်သည်။
ရှုယွမ်ထက်မှာ အလွန်ပင်ဆွဲဆောင်မှုရှိသော ယောက်ျားတစ်ဦးဖြစ်ကြောင်း သူမသားဖြစ်သူက ပြောခဲ့၏။ နှစ်ဦးသားသည် အလွန်ပင် ခင်မင်နေကြလေသည်။ သူမသားဖြစ်သူက အထင်ကြီးလေးစားသူဖြစ်သောကြောင့် ရှုယွမ်ထက်မှာ ဣန္ဒြေသိက္ခာမဲ့သောလူမဟုတ်လောက်ပေ။ သူသည် ဆေးအရှိန်ကြောင့်သာ ထိုသို့ဖြစ်နေခြင်းဖြစ်မည်...
သို့သော် ဤအချိန်တွင် ကျင်းယွင်ကျောင်းသည် စိတ်ထဲ၌ တဖြည်းဖြည်းထူးဆန်းလာတော့၏။
အဘယ်ကြောင့်ဆိုသော် သူမသေချာစဥ်းစားကြည့်လိုက်သောအခါ တစ်ခုခုလွဲနေကြောင်း သိလိုက်ရသောကြောင့်ဖြစ်သည်။ ရှန်တုန်းနှင့် ရှန်ရှီသည် ပါတီပွဲတစ်ခုတည်းတွင် အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ကြ၏။ နှစ်ပေါင်းများစွာတိုင်အောင် ရှန်ရှီသည် ရှန်တုန်းအား ရှုမိသားစုထဲသို့ အဝင်မခံခဲ့ပေ။ သူမသည် ရှန်တုန်းအား သူမခင်ပွန်းနှင့် သားဖြစ်သူရှုယုကိုပင် ပေးမတွေ့ချေ။ ရှန်တုန်းသည် မိမိနှင့်အတူအိပ်ခဲ့သူမှာ မည်သူဖြစ်ကြောင်း မသိခဲ့ဘဲ ထိုအချိန်က ဗီရိုတစ်ခုထဲတွင်ပင် ပိတ်မိခံခဲ့ရ၏....ထိုသို့ဆိုလျှင်...သူတို့နှစ်ဦးသည်....နေရာလဲလိုက်ခံရခြင်းလော?
ဤအတွေးဝင်ရောက်လာသည်နှင့် ရုတ်ချည်းဆိုသလို ရပ်တန့်၍မရတော့ပေ!
ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလို ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရ၏။
ရှန်ဟုန်၏မျက်နှာကို သေချာမြင်ယောင်ကြည့်လိုက်သောအခါ အချို့အစိတ်အပိုင်းများသည် ရှန်တုန်း၏မျက်နှာနှင့် ဆင်တူသော်ငြား ယေဘုယျကောက်ကြောင်းသည် သူမဦးလေးအကြီးနှင့် ဆင်တူလှသည်။ သူမဦးလေးအကြီး၏မျက်နှာပေါ်တွင် သေးငယ်သော မုတ်ဆိတ်မွေးရှိနေ၍သာ မသိသာခြင်းဖြစ်သည်။
ကျင်းယွင်ကျောင်းသည် ခေါင်းပေါက်ကွဲလုမတတ် ဖြစ်နေသလို ခံစားလိုက်ရသည်။ အကြောင်းအရာများကို ဆက်စပ်ကြည့်ပြီးသည်နှင့် တစ်ခုခုလွဲနေကြောင်း သူမသိလိုက်ရခြင်းဖြစ်သည်။
သို့သော် ကျင်းယွင်ကျောင်းသည် ရှန်တုန်းအား ချက်ချင်းမပြောပြလိုက်ပေ။ သူမကြောက်ရွံ့ပြီး ထွက်ပြေးသွားလျှင် မည်သို့လုပ်မည်နည်း? ရှန်ရှီသာ ထိုအခွင့်အရေးအား အသုံးချပြီး အကွက်ရွှေ့လျှင် ဆိုးရွားချေမည်။
ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကိုစေ့ကာ လေးလေးနက်နက်တွေးလိုက်သည်။
ရှန်ရှီနှင့် စကားပြောရင်း ပလူးနေသူမှာ အခြားအမည်မသိလူတစ်ဦး ဖြစ်နေလျှင် ရှန်တုန်းသည် အခြားသူများ၏တားဆီးစကားပြောခြင်းကို ခံရစဥ်က သူမဦးလေးအကြီးသည် ထိုလူအုပ်ထဲတွင် ပါနေရမည်။ သူမဦးလေးသည် ထိုစဥ်က ရာထူးတိုးစဖြစ်သောကြောင့် ရှန်တုန်းအား မိမိနှင့်အတူ ဝိုင်တစ်ခွက်သောက်ရန် ကမ်းလှမ်းခဲ့ပေမည်။ သို့ရာတွင် သူမဦးလေးသာ ဆေးခတ်ထားသောဝိုင်အား သောက်မိပြီး စိတ်လွတ်သွားလျှင် ညီအစ်မနှစ်ဦးကို မှားနိုင်ချေများပေသည်...
ရှန်တုန်းနှင့် ရှန်ရှီမှာ အမှန်တကယ်ပင် ရုပ်ဆင်လှ၏။
သူတို့၏ခန္ဓာကိုယ်အချိုးအစားနှင့် အရပ်အမောင်းမှာ တူညီပေသည်။ နှစ်ဦးလုံး အလွန်လှပပြီး အပြုံးမှာလည်း နူးညံ့ကြ၏။ သူတို့အား မရင်းနှီးသောလူများသာ နှစ်ဦးလုံးကို ဘေးချင်းယှဥ်ကြည့်မိလျှင် ဇဝေဇဝါဖြစ်နိုင်ချေများပေသည်။ သူမဦးလေးအကြီးမှာ အနုပညာသတင်းများကို ဂရုမစိုက်သောကြောင့် ရှန်တုန်းအား မသိသည်မှာ ဖြစ်နိုင်ပေ၏။
“အန်တီတုန်း၊ အဲဒီနှစ်က ပါတီပွဲမှာ အန်တီနဲ့ ရှန်ရှီရဲ့ အင်္ကျီအရောင်တွေကဘာလဲ?”
ကျင်းယွင်ကျောင်းထပ်မေးလိုက်ပြန်၏။ သူမမှတ်မိသေးသလော ကျင်းယွင်ကျောင်းမသေချာချေ။
“နှစ်ယောက်လုံး အဖြူဝတ်ထားကြတာ၊ ဒီဇိုင်နာကတော့ တစ်ယောက်တည်းဆိုပေမယ့် စတိုင်ကတော့မတူဘူး၊ တစ်ယောက်က ကြိုးတစ်လုံးဝတ်ပြီး နောက်တစ်ယောက်က ကြိုးပျောက်ဝတ်တာလေ၊ အဲ့အချိန်တုန်းက အန်တီက ပစ္စည်းတွေကို ရှန်ရှီနဲ့အတူတူသုံးခဲ့တာ၊ အန်တီတို့က ညီအစ်မတွေမို့ ငါ့ဟာသူ့ဟာ ခွဲမထားဘူး၊ အဲ့အချိန်တုန်းက ကြီးကြီးမားမား ကွာခြားချက်ဆိုလို့ အန်တီက ရိုးရိုးရှင်းရှင်း လက်ဝတ်ရတနာဝတ်ထားပြီး ရှန်ရှီက အန်တီ့ရဲ့ စိန်တစ်ဆင်စာကို ဝတ်ထားခဲ့တာပဲ”