အခန်း (၁၀၆၅-၁၀၆၈)
Vol. 54 Ch. 1065-1068
Space and Rebirth 1065
အတိတ်ကို ပြန်တွေးမိသောအခါ ရှန်တုန်းသည် ခါးသက်စွာပြုံးမိ၏။ သူမသည် ဤအရာအား ရှင်းရှင်းလင်းလင်း အမှတ်ရနေသော အကြောင်းရင်းမှာ အခြားလက်ထောက်တစ်ဦးသည် မကျေမနပ်ဖြစ်သွားသောကြောင့် ဖြစ်သည်။ ထိုလက်ထောက်သည် ရှန်ရှီမှ ပွဲတက်အနေဖြင့် သူမစိန်နားကပ်များ ဝတ်သွားသည်ကို မသင့်တော်လှဟု ခံစားမိသဖြင့် ရှန်ရှီနှင့် ရန်ဖြစ်ခဲ့လေသည်။ ထိုအရာကြောင့် ရှန်ရှီသည် အလွန်ပင်ဝမ်းနည်းသွားခဲ့၏။ ရှန်ရှီသည် မျက်ရည်စက်လက်ဖြင့် ငိုယိုကာ သူမနှင့်အတူ ပွဲမတက်ချင်တော့ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် သူမသည် သနားမိသွားပြီး သူမ၏စိန်တစ်ဆင်စာအား ပေးဝတ်ခဲ့လေသည်။
အခြားလက်ထောက်ကောင်မလေးကိုလည်း ပွဲသို့ ပေးမလိုက်တော့ချေ။
လွန်ခဲ့သောနှစ်ပေါင်းများစွာက သူမဘဝကို ပြန်တွေးကြည့်လိုက်သောအခါ ထိုလက်ထောက်လေးသည် မမှားပါချေ။ သူမကသာ အလွန်ရိုးအလွန်းခြင်းဖြစ်သည်။ သူမခံရသည်မှာ နည်းပင်နည်းသေးသည်။
ကျင်းယွင်ကျောင်းသည် အင်္ကျီစတိုင်များ ဆင်တူကြောင်း ကြားရသောအခါ ပို၍သေချာသွားသည်။
ရှန်တုန်းကိုသာ ဦးလေးက အခန်းထဲသို့ပြန်ခေါ်သွားသည်ဆိုပါက သူမသည် ဗီရိုထဲတွင် ပိတ်မိနေရသောအကြောင်းရင်းမှာ ရှန်ရှီလက်ချက်ဖြစ်မည်။ ဦးလေးသည် မည်မျှပင်အေးစက်စေကာမူ မိမိနှင့်အတူအိပ်ထားသော အမျိုးသမီးတစ်ဦးကို ထိုသို့လုပ်မည်မဟုတ်ချေ။ သို့သော် ထိုသို့ဆိုလျှင် ရှန်ရှီ၏ကလေးမှာ မည်သူ့ကလေးနည်း?
ရှန်ရှီနှင့်အတူ ရယ်မောစကားပြောခဲ့သောလူ၏ ကလေးလော? သို့မဟုတ်...သူမဦးလေး၏ကလေးလော?
ဦးလေးအကြီးသည် ညီအစ်မနှစ်ဦးလုံးနဲ့အတူ အိပ်နိုင်လောက်သည်အထိ အင်အားမရှိလောက်ချေ...
ကျင်းယွင်ကျောင်းသည် တွေးရင်း ရှက်လာတော့သည်။ သူမသည် စိတ်ထဲတွင် အနည်းငယ် နေရခက်နေလေသည်။
သူသာ ဤကဲ့သို့ ထပ်မံလှည့်စားခံရကြောင်း ဦးလေးသာသိလျှင် ယင်ကောင်တစ်ကောင်ကို စားမိသကဲ့သို့ တစ်သက်လုံးစက်ဆုပ်ရွံရှာနေပေတော့မည်။ နှစ်ဦးသားကြားရှိ အရှိန်ပင် မသေသေးခင် တစ်ဦးထွက်သွားပြီး တစ်ဦးရောက်လာလျှင် အမှန်တကယ်ပင်...
သို့သော် ကံကောင်းစွာဖြင့် ပျော်ရွှင်စရာတစ်ခုရှိ၏။ ရှန်ဟုန်သည် ဦးလေးအကြီး၏သားဖြစ်နိုင်ချေ များလေသည်။ ထိုသို့ဆိုလျှင် သူမနှင့် အမှန်တကယ်ပင် ဝမ်းကွဲတော်စပ်တော့မည်။
ထိုအခန်းအား သေချာစုံစမ်းနိုင်သည်ဖြစ်စေ မစုံစမ်းနိုင်သည်ဖြစ်စေ ကာယကံရှင်နှစ်ဦးလုံးရောက်နေသည်ဖြစ်ရာ မျိုးရိုးဗီဇစစ်ဆေးလိုက်လျှင် ပိုလွယ်ကူမည်မဟုတ်လော? သူမသည် ရှန်ဟုန်ကို နောက်ပိုင်းတွေ့လျှင် သူ၏ခေါင်းပေါ်မှ ဆံချည်မျှင်တစ်မျှင်ကို ယူရပေမည်။ ဦးလေးအကြီးကိုမူ ပို၍ပင်လွယ်ကူသေး၏။
ဤအရာကို စဥ်းစားလိုက်သောအခါ ကျင်းယွင်ကျောင်းသက်မချလိုက်သည်။
ရှန်ဟုန်သာ အမှန်တကယ်ပင် သူမဝမ်းကွဲဖြစ်လျှင် ရှုမိသားစုတွင် မျှော်လင့်ချက်ရှိပေပြီ။ ထိုသို့ဆိုလျှင် ရှုယုသည် အသုံးမဝင်တော့ချေ။ ရှန်ဟုန်မှာ ရှုယုနှင့် ကွာခြားလှ၏။ သူသည် ဆေးဝါးပညာကို မသင်ယူထားသော်လည်း အမျိုးကောင်းသားတစ်ဦးဖြစ်သည်။ သူ၏စရိုက်သဘာဝအရ အနာဂတ်တွင် တာဝန်သိစိတ်ရှိမည့်သူ ဖြစ်လာမည်မှာ သေချာ၏။
“ယွင်ကျောင်း?”
ကျင်းယွင်ကျောင်း၏ မရေရာမသေချာသော မျက်နှာထားကို မြင်လိုက်ရသောအခါ ရှန်တုန်းသည် ဇဝေဇဝါဖြစ်ဟန်ဖြင့် ခေါ်လိုက်၏။
ကျင်းယွင်ကျောင်းသည် ခေတ္တမျှ ကြက်သေသေသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလိုက်သည်။
“အန်တီတုန်း စိတ်မပူပါနဲ့၊ သမီးတတ်နိုင်သမျှအမြန်ဆုံး စစ်ပေးမယ်၊ သမီးလည်း အဲ့ဟိုတယ်ကိုသိတယ်၊ မကြာခင်မှာ သတင်းကြားရမှာပါ”
“ဒါပေမယ့် အစ်ကိုဟုန်ရဲ့ အဖေအရင်းကိုတွေ့ရင် အန်တီဘာလုပ်မှာလဲ?”
ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလိုပင် ယဥ်ကျေးသောအသုံးအနှုန်းကို သုံးလိုက်သည်။
ရှန်တုန်း၏မျက်နှာ သွေးဆုပ်သွား၏။ သို့သော် သူမပြောလိုက်သေးသည်။
“လူတစ်ယောက် အသိစိတ်လွတ်နေတာကို အခွင့်ကောင်းယူတဲ့ကောင်ဆိုတော့ အောက်တန်းစားကောင်ပဲဖြစ်ရမယ် ဟုတ်တယ်မလား? သူနဲ့အတူအိပ်ခဲ့ဖူးတာ မှန်ပေမယ့် အခု သူနဲ့ဘာမှပတ်သတ်မှာမဟုတ်ဘူး၊ အားဟုန်ကို လွတ်လပ်ပြီး ကိုယ့်အားကိုယ်ကိုးတဲ့ ယောက်ျားလေးတစ်ယောက်ဖြစ်စေရမယ်၊ သူ့မိသားစုဝင်အနေနဲ့ အသိအမှတ်ပြုချင်လား မပြုချင်လားဆိုတာ သူ့သဘောပဲ၊ သူကလူကြီးဖြစ်နေပြီလေ”
သူမသည် ထိုနှစ်က နိုင်ငံရပ်ခြားမှ ပြန်လာရခြင်းမှာ ရှန်ဟုန်သည် လူကြီးဖြစ်လာသောကြောင့်ပင်။
ရှန်ဟုန်အား မိဘကိုသာပြန်ကြည့်တတ်သော မားမားဘွိုင်းမဖြစ်စေလိုပေ။ ထိုသို့ဆိုလျှင် အဘယ်အသုံးကျမည်နည်း? မိဘကျေးဇူးသိတတ်လျှင်ပင် အလွန်ရိုးအရာကျပေမည်။ သူမသားသည် အမှန်အမှားကို မိမိဘာသာပိုင်းခြားနိုင်သောလူဖြစ်လာပြီး သူမအတွက် အဆောင်အယောင်ပစ္စည်းတစ်ခုသဖွယ် မဖြစ်လာရန် မျှော်လင့်မိ၏။
“သူက လူကောင်းဆို ဘယ်လိုလုပ်မလဲ? အရက်အမူးလွန်သွားတာတို့ ဒါမှမဟုတ် အန်တီ့လိုမျိုး ဆေးခတ်ခံရပြီး စိတ်လွတ်သွားတာတို့ဆိုရင်ရော?”
ကျင်းယွင်ကျောင်းထပ်မေးလိုက်၏။
“ယွင်ကျောင်း အန်တီတောင် ဒီအသက်အရွယ်ရောက်နေပြီ၊ သူ့မှာလည်း မိန်းမတွေ ကလေးတွေရှိနေမှာပဲ၊ သူ့မိသားစုကို ဘယ်လိုလုပ်ဒုက္ခပေးနိုင်မှာလဲ၊ အန်တီက အားဟုန်နဲ့ အန်တီကိုယ်တိုင်အတွက် ရှင်းပြချက်တစ်ခုရဖို့ အမှန်တရားကိုဖော်ထုတ်ချင်ရုံပဲ၊ ယောက်ျားတစ်ယောက်လိုချင်လို့မဟုတ်ဘူး”
ရှန်တုန်းတစ်ခါတည်းဖြေလိုက်၏။
Space and Rebirth 1066
ရှန်တုန်း၏စိတ်မှာ ခိုင်မာပြတ်သားနေသဖြင့် ကျင်းယွင်ကျောင်းဘာမှဆက်မပြောနိုင်တော့ချေ။ အရာအားလုံးကိုလည်း မစုံစမ်းရသေးသောကြောင့် တစ်ခုခုပြောရန် စောသေးပေ၏။
ရှန်တုန်းသည် သူမအား အချက်အလက်အချို့ပြောပြပြီးနောက် သူမအခန်းသို့ပြန်ကာ အနားယူလိုက်သည်။ သို့ရာတွင် ကျင်းယွင်ကျောင်းမှာမူ မအိပ်နိုင်တော့ချေ။ ထို့ကြောင့် သူမသည် စာပေဖတ်ရှုလေ့လာရန် နေရာလွတ်နယ်မြေထဲသို့ သွားတော့၏။
နောက်တစ်နေ့မနက်တွင် ကျင်းယွင်ကျောင်းသည် ရှန်ဟုန်အောက်ဆင်းနေတုန်း သူ၏အခန်းထဲဝင်လိုက်သည်။ တစ်ခန်းလုံး အလွန်သပ်ရပ်သန့်ရှင်းနေပေသည်။ ကျင်းယွင်ကျောင်းသည် ကုတင်ပေါ်တွင် ဆံပင်နှစ်ချောင်းကို ရှာတွေ့ပြီး ပလတ်စတစ်အိတ်ထဲသို့ ပိတ်သိမ်းလိုက်၏။
အောက်ထပ်ရှိ ခြံဝင်းထဲတွင် ရှန်ဟုန်သည် ရှုယွမ်ထက်ဆီမှ တိုင်ချိပညာကို သင်ယူနေ၏။ နှစ်ဦးသားသည် စကားပြောရင်း ရယ်မောနေကြသည်။ ကျင်းယွင်ကျောင်းမှ လက်ဖက်ရည်နှစ်ခွက် ယူလာသောအခါ နှစ်ဦးသားရပ်လိုက်ကြသည်။
“ဦးလေး၊ ဒီတစ်ခေါက် တိုင်ချိက မဆိုးဘူးပဲ ဟုတ်တယ်မလား?”
ကျင်းယွင်ကျောင်းအပြုံးတစ်ခုဖြင့် ပြောလိုက်၏။
သူမသည် ဦးလေးအကြီးအား တိုင်ချိသင်ပေးခဲ့သောလူဖြစ်ပြီး သူမအဘိုးသည် တိုင်ချိလေ့ကျင့်တတ်ပေသည်။ မိသားစုထဲတွင် တိုင်ချိမကျင့်သောသူဟူ၍ သူမဦးလေးအငယ် ရှုဝမ်ချန်းသာရှိသည်။ သူ၏စကားအရ သူသည် ငယ်ရွယ်သေးသောကြောင့် အဘိုးကြီးလေ့ကျင့်ခန်းများကို လုပ်စရာမလိုသေးပေ...
“မဆိုးပါဘူး ရက်နည်းနည်းလောက် လေ့ကျင့်လိုက်တာနဲ့ ဦးလေးခန္ဓာကိုယ်က အများကြီးပိုသန်မာလာသလိုပဲ အစားလည်းအများကြီးဝင်လာတယ်”
ရှုယွမ်ထက် အလွန်ပင်ကျေနပ်အားရနေ၏။
အလုပ်ကြောင့် သူသည် အချိန်အများစုအား ထိုင်ရင်းဖြင့်သာ ကုန်ဆုံးတတ်သည်။ သူသည် ငယ်လည်းမငယ်တော့သောကြောင့် တိုင်ချိအား များများလေ့ကျင့်ရန် လိုအပ်ပေသည်။
ကျင်းယွင်ကျောင်းပြုံးလိုက်၏။ သူမဦးလေးခန္ဓာကိုယ် သန်မာလာရသောအကြောင်းရင်းမှာ တိုင်ချိတစ်ခုတည်းကြောင့်မဟုတ်ပေ။ ပိတ်ရက်အတွင်း အစားအသောက်၏ ပါဝင်ပစ္စည်းများကို တိတ်တခိုးပြောင်းလဲလိုက်ခြင်းကြောင့်လည်း ဖြစ်၏။ သူ၏ခန္ဓာကိုယ်အချိုးအစားအလိုက် သင့်တော်မည့် ဆေးဖက်ဝင်လက်ဖက်ရည်မျိုးစုံကိုလည်း ဖျော်တိုက်ခဲ့သေးသည်။
“ဦးလေးဆံပင်ကဖြူနေပြီပဲ သမီးဆွဲနှုတ်ပေးရမလား?”
ကျင်းယွင်ကျောင်းသည် အခွင့်အရေးကိုအသုံးချကာ သူ၏ခေါင်းကိုတမင်ကြည့်၍ ပြောလိုက်သည်။
သူမဦးလေးမှာ အသက် ၄၈ နှစ်ရှိပြီဖြစ်သော်လည်း အသက်လေးဆယ်ဝန်းကျင်ခန့်သာ ထင်ရသည်။ သူ၏ဆံပင်သည် အလွန်ပင် မည်းနက်သန်စွမ်းနေဆဲဖြစ်သည်။ သို့သော် ကျင်းယွင်ကျောင်း၏စကားများကို ကြားလိုက်ရသောအခါ သူသည် မျက်မှောင်ကြုတ်ပြီး ချက်ချင်းခေါင်းငုံ့ပေးလိုက်သည်။
ကျင်းယွင်ကျောင်းသည် ဆံပင်ဖြူနှစ်ပင်ကို ဆွဲနှုတ်ချင်ယောင်ဆောင်လိုက်၏။
“ဒါပေမယ့် အလင်းပြန်နေလို့ မှားမြင်ပြီး ဆံပင်မည်းနှစ်ပင်ကို ဆွဲနှုတ်မိလိုက်တယ်”
ကျင်းယွင်ကျောင်း တခစ်ခစ်ရယ်ပြီး သူမလက်ထဲရှိ ဆံပင်နှစ်ချောင်းကို ကိုင်ပြလိုက်၏။
“ဒီကောင်မလေးတော့”
ရှုယွမ်ထက်သည် သူမခေါင်းအား ခေါက်မိတော့သည်။
သူ၏ဆံပင်သည် အဖိုးတန်လှ၏။ နေ့တိုင်း သူသည် အလုပ်သွားချိန်တိုင်းတွင် ရုံးအဆောက်အဦးရှိမှန်ကို ကြည့်ရင်း သူ၏ဆံပင်မှာ အနည်းငယ်အန္တရာယ်များနေကြောင်း ခံစားမိခဲ့၏။ သို့ရာတွင် ရှုမိသားစုမှာ ဆေးဆရာမျိုးနွယ်ဖြစ်ပြီး ဆေးပညာဗဟုသုတလည်း နှံ့စပ်သည်။ ထို့ကြောင့် သူသည် လူမသိသူမသိဖြင့် သူ၏ခေါင်းတွင်လိမ်းရန် ဆေးဝါးတချို့ကိုဖော်စပ်ထားခဲ့၏။
ကျင်းယွင်ကျောင်းနှာခေါင်းသည် အလွန်ပင် အနံ့ခံကောင်းပေသည်။ ဦးလေးအကြီးမှ သူမအနားသို့ ရောက်လာသောအခါ ဆေးဖက်ဝင်အရွက်ပေါင်းများစွာ၏အနံ့ကို သူ့ဆီမှရလိုက်သဖြင့် သူမသည် ရယ်ချင်စိတ်ကို ထိန်းမရတော့ချေ။
ဦးလေးအကြီးသည် အပြင်ပန်းတွင်သာ တည်ကြည်လေးနက်သည့်ဟန်ပန်ရှိ၏။ သူသည် သက်လတ်ပိုင်းယောက်ျားတစ်ဦးဖြစ်သော်လည်း အောင်မြင်သောလူတစ်ဦး၏ ရင့်ကျက်တည်ကြည်ပြီး အထက်တန်းဆန်သောအရှိန်အဝါများ တစ်ကိုယ်လုံးမှထွက်ပေါ်နေသည်။ ထိုသို့သောသူက မိမိဆံပင်ကို ထိုမျှလောက်ဂရုစိုက်မည်ဟု စိတ်ကူး၍မရပါပေ။
ကျင်းယွင်ကျောင်း၏ကျီစယ်သံကို ခံလိုက်ရသောအခါ ရှုယွမ်ထက်မျက်နှာသည် အနည်းငယ်မဲ့သွား၏။
“ရှောင်ကျောင်း ထမင်းမစားသေးဘူးလား? ခဏနေ ကျောင်းမသွားတော့ဘူးပေါ့?”
“သွားစားပါပြီရှင့်...”
ကျင်းယွင်ကျောင်းသည် အပြုံးတစ်ခုဖြင့် နောက်လှည့်ထွက်သွားတော့သည်။ သူမမထွက်သွားခင်တွင် ခေတ္တမျှ ခြေလှမ်းကိုတန့်လိုက်သေး၏။
“ဦးလေးအကြီး သမီးက သမီးရဲ့ ကုသရေးအစွမ်းအပေါ် ယုံကြည်ချက်အပြည့်ရှိတယ်၊ ဆံပင်တစ်ခုခုဖြစ်ရင် သမီးကိုလာအကူအညီတောင်းလို့ ရတယ်နော်၊ ဆေးတွေကိုစွတ်သုံးနေတာထက်စာရင် ပိုကောင်းလိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူမသည် အခိုးငွေ့ကဲ့သို့ လျင်မြန်စွာ လှစ်ခနဲပြေးထွက်သွားတော့သည်။
ရှုယွမ်ထက် နှုတ်ခမ်းစွန်းများတွန့်သွား၏။ ရှန်ဟုန်သည် ဇဝေဇဝါဖြစ်ဟန်ဖြင့် သူ၏ဆံပင်ကို ကြည့်လိုက်သဖြင့် ရှုယွမ်ထက် ပို၍ပင် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူသည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်တော့၏။
“ဆက်လေ့ကျင့်ရအောင် အဲ့ကောင်မလေးကို ဂရုစိုက်မနေနဲ့...”
“မဟုတ်ဘူး ဦးလေး၊ ယွင်ကျောင်းရဲ့ ဆေးပညာအစွမ်းက တကယ်ကောင်းတာ၊ ဦးလေးအသက်နဲ့ဆို ဆံပင်ကျွတ်ရင် နောက်ကျရင် ပိုဆိုးလာလိမ့်မယ်၊ သူရှိတော့ ဦးလေးကို ကုပေးလို့ရတာပေါ့”
ရှန်ဟုန်သည် အခြေအနေကို အကဲမခတ်မိဘဲ ပြောလိုက်၏။
ရုတ်ချည်းဆိုသလို ရှုယွမ်ထက်သည် အနည်းငယ်ထိတ်လန့်သွားသည်။
“ငါ့အသက်အရွယ်နဲ့ ဘာဖြစ်လို့လဲကွ? ငါအရမ်းအိုနေပြီမို့လား? မင်းကငယ်သေးတာမို့ မသိသေးဘူး၊ နောက်ကျရင် ယောက်ျားတစ်ယောက်က အသက်လေးဆယ်ကျ ဘာကိုတန်ဖိုးအထားဆုံးလဲဆိုတာ သိလာလိမ့်မယ်...”
Space and Rebirth 1067
မလှမ်းမကမ်းမှနေ၍ ရှုယွမ်ထက်နှင့် ရှန်ဟုန်သည် လေးနက်သောမျက်နှာထားဖြင့် စကားအချေအတင်ပြောနေကြသည်ကို ကျင်းယွင်ကျောင်းမြင်လိုက်ရ၏။ သူတို့သည် စကားပြောရင်းဖြင့် အတူတကွ တိုင်ချိလေ့ကျင့်နေကြသည်။ သူတို့၏လှုပ်ရှားမှုများနှင့် မျက်နှာထားများသည် ဆင်တူနေကြလေသည်။
ကျင်းယွင်ကျောင်းသည် အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဘေးအဆောင်သို့ ဝေ့ကြည့်လိုက်၏။ သူမအကြည့်များသည် ဒုတိယထပ်ပြတင်းပေါက်သို့ သက်ရောက်သွားသည်။ ရှန်ရှီသည် ထိုနေရာတွင် ရပ်နေပြီး သူမဦးလေးအကြီးနှင့် ရှန်ဟုန်ကို စူးစိုက်ကြည့်နေလေ၏။ ရှန်ရှီ၏မျက်နှာထားကို မြင်ရန် အလွန်ဝေးကွာနေသော်လည်း သူမမျက်နှာမှာ အလွန်ရုပ်ဆိုးနေကြောင်း ကျင်းယွင်ကျောင်းခံစားမိသည်။
ကျင်းယွင်ကျောင်းသည် ခေါင်းကိုငုံ့ကာ သူမလက်ထဲရှိ ဦးလေးအကြီး၏ဆံပင်များကို ကြည့်လိုက်သည်။ ထို့နောက် သူမသည် ၎င်းတို့ကို သေချာသိမ်းလိုက်ပေသည်။
သူမသည် ဘေးအဆောင်သို့ မကြာခဏသွား၍မရသည်မှာ စိတ်မကောင်းစရာပင်။ ရှန်ရှီ ရှိနေသောကြောင့်ဖြစ်သည်။ မဟုတ်လျှင် သူမသည် ရှုယု၏ဆံပင်ကိုပါနှုတ်၍ တစ်ခါတည်း စစ်ဆေးကြည့်ပေမည်။
ကျောင်းမသွားခင်တွင် သူမသည် ဦးလေးအငယ်အား ဒီအန်အေစစ်ဆေးရေးစင်တာသို့ ခေါ်သွားပေးရန် ပြောကြားလိုက်၏။
“ဦးလေးငယ် အခုတလော အရေးတကြီးလုပ်စရာရှိလား?”
ကျင်းယွင်ကျောင်းမျက်နှာသည် လေးနက်နေ၏။
“ဘာဖြစ်လို့လဲ?”
ကျင်းယွင်ကျောင်း၏မျက်နှာမှာ အနည်းငယ်လျှို့ဝှက်လွန်းလှသည်ဟု ရှုဝမ်ချန်း ခံစားမိလိုက်သည်။
“လုပ်စရာမရှိဘူးဆိုရင် သမီးအတွက် ဆေးစစ်ချက်အဖြေကို ဒီမှာစောင့်ပေးပါလား? သူတို့ကိုမြန်မြန်လုပ်ထားခိုင်းတာမို့ နာရီပိုင်းအတွင်း ပြီးလိမ့်မယ်၊ အဲ့အချိန်အတွင်း ဆေးစစ်တဲ့ဝန်ထမ်းတွေကလွဲပြီး တခြားလူတွေက ဆေးစစ်ချက်အဖြေကို သိသွားမှာ မလိုချင်ဘူး၊ ဦးလေးငယ် သမီးကိုကူညီပေးပါနော်? ညကျရင် ဦးလေးကိုဆုချဖို့ အထူးညစာချက်ကျွေးမယ်လေ၊ နော်လို့?”
ကျင်းယွင်ကျောင်းသည် အသနားခံ၍ အကူအညီတောင်းလိုက်၏။
ရှုဝမ်ချန်း မျက်မှောင်ကြုတ်လိုက်သည်။ ဤမိန်းကလေးသည် အဘယ်ကြောင့် ဒီအန်အေစစ်ချင်နေရသနည်း? သူမ ဒီအန်အေစစ်ချင်သောသူများမှာလည်း မည်သူနည်း?
“ဟုတ်ပြီလေ အတန်းသွားတက်တော့၊ ဒီမှာစောင့်နေပေးမယ်၊ ဘယ်သူမှ ဆေးစစ်ချက်အဖြေကို မထိစေရဘူးလို့ ဦးလေးကတိပေးတယ်၊ သမီးပြန်လာတာနဲ့ ဦးလေးကိုယ်တိုင် သမီးကိုပေးမှာ”
ရှုဝမ်ချန်း ကတိပေးလိုက်၏။
ကျင်းယွင်ကျောင်းလည်း အလျင်အမြန် ခေါင်းငြိမ့်လိုက်သည်။
ရှုဝမ်ချန်းသည် ကျင်းယွင်ကျောင်းအား ကိုယ်တိုင်ကိုယ်ကျ ကျောင်းသို့လိုက်ပို့ချင်ခဲ့သော်လည်း သူ့အား ဆေးစစ်ချက်အဖြေစောင့်ခိုင်းထားပြီး ထွက်မသွားခိုင်းခဲ့ချေ။ သူသည် ဒရိုင်ဘာငှားရမ်းပြီး ကားမောင်းခိုင်းရသည်ကိုလည်း မကြိုက်သဖြင့် ကျင်းယွင်ကျောင်းအား ကျောင်းသို့ တက္ကစီဖြင့်သာ လွှတ်လိုက်တော့သည်။
တက္ကစီမှ ကျောင်းသို့ရောက်ရှိပြီး ကျင်းယွင်ကျောင်းလည်း ကားထဲမှထွက်လာသောအခါ လူတစ်ဦးသည် ချက်ချင်းဆိုသလို ပုလင်းတစ်လုံးဖြင့် ပြေးထွက်လာ၏။ ထိုပုလင်းထဲမှ အရည်သည် ကျင်းယွင်ကျောင်းထံသို့ တည့်တည့်စင်သွားတော့သည်။
သူမနံဘေးရှိ ကျောင်းသားများမှာ လန့်ဖျပ်သွားကြသည်။ သူတို့သည် ဘေးဘီဝဲယာသို့ အလျင်အမြန်တိမ်းရှောင်ကာ အော်ဟစ်လိုက်ကြ၏။ ကျင်းယွင်ကျောင်းအချိန်မီ ရှောင်လိုက်နိုင်သဖြင့် ထိုပုလင်းထဲမှအရည်သည် သူမခန္ဓာကိုယ်ကို ထိပင်မထိလိုက်ချေ။
ထိုအရည်များ မြေပြင်ပေါ် မှောက်သွားသောအချိန်တွင် လူများအား ခေါင်းကျိန်းစေနိုင်သော ရှဲခနဲအသံထွက်လာ၏။ ဆိုးရွားပြင်းထန်သောအနံ့အသက်တစ်ခုက ကျောင်းသားများ၏နှာခေါင်းဝသို့ ရောက်လာတော့သည်။ ဤအရာမှာ အက်ဆစ်ဓာတ်ပါသောအရည်တစ်ခုဖြစ်ကြောင်း သိနိုင်ရန် မခက်ခဲချေ။ တစ်ပုလင်းနှင့်မလုံလောက်ကြောင်း သိသောအခါ ထိုလူသည် သူ၏လွယ်အိတ်ထဲမှ နောက်တစ်ပုလင်းထုတ်ပြီး သူမထံသို့ ပြေးလာခဲ့ပြန်၏။
ဂိတ်တံခါးဝရှိ အစောင့်များသည် တစ်ခုခုဖြစ်နေကြောင်း သတိထားမိသဖြင့် ချက်ချင်းကူညီရန် လာရောက်ခဲ့ကြသော်လည်း အနားကပ်ရန် မလွယ်ကူပေ။ သူတို့အားလုံးသည် သေနတ်ကိုင်ဆောင်ခွင့်မရှိသောကြောင့် မိမိတို့၏လက်ကိုင်တုတ်ဖြင့် အက်ဆစ်ပြင်းကိုင်ထားသူကို အဘယ်သို့တိုက်ခိုက်နိုင်မည်နည်း?
“နင်ဘယ်သူလဲ? ဘာလို့ငါ့ကိုဒီလိုတွေလုပ်နေတာလဲ? ရှန်ရှီရဲ့လက်ချက်လား?”
ကျင်းယွင်ကျောင်းသည် ထိုလူအား စူးစိုက်ကြည့်ကာ မေးလိုက်၏။
သူမသည် ရှန်တုန်းနှင့် ရှန်တုန်း၏သားကို ရှုမိသားစုအိမ်သို့ ခေါ်လာခဲ့သဖြင့် ရှန်ရှီအား မခံမရပ်ဖြစ်နိုင်လောက်သည်ထိ ရန်ဆွမိမည်ကို စိုးရိမ်နေခဲ့သည်။
သူမရှေ့မှောက်ရှိလူမှာ အနည်းငယ်ပြာပြာသလဲဖြစ်နေသော်လည်း အညှာအတာကင်းမဲ့ကြောင်း သိသာလှ၏။ သူသည် ရှန်ရှီ၏နာမည်ကို ကြားလိုက်သောအခါ သူ၏အကြည့်များသည် အနည်းငယ်ကြောင်အမ်းသွားသည်။ ရှန်ရှီသည် အရာအားလုံးကို နောက်တွင်ကြိုးကိုင်နေပြီး သက်သေအထောက်အထားအားလုံး ဖျက်ဆီးခဲ့သည်မှာ သိသာနေ၏။
ထိုအချိန်တွင် အခြေအနေများ တင်းမာလာကြောင်း ထိုလူခံစားမိလိုက်တော့သည်။ သူတို့သည် ဒေါသအရိပ်အယောင်မပြဘဲ ပို၍စိတ္တဇဆန်သွားသည်။
“ကျင်းယွင်ကျောင်း ဒီခွေးမတော့၊ အခုငါ့ကို ကစားလို့ဝပြီဆိုတော့ ထားခဲ့ပြီပေါ့လေ၊ ဒီနေ့တော့ မင်းမျက်နှာကို ငါဖျက်ဆီးပစ်မှဖြစ်မယ်!”
ကျင်းယွင်ကျောင်းမျက်လုံးများ မှောင်ရိပ်သန်းသွားသည်။ ထိုသို့ပြောပြီးနောက် ထိုလူသည် သူ၏လက်ထဲရှိ သေနတ်အား ကျင်းယွင်ကျောင်းထံသို့ရွယ်ပြီး ခြိမ်းခြောက်လိုက်ပြန်၏။
ကျင်းယွင်ကျောင်းသည် မသိစိတ်၏စေ့ဆော်မှုအရ ရှောင်သာရှောင်လိုက်ပြီး မတိုက်ခိုက်ခဲ့ချေ။ သို့ရာတွင် ဤတစ်ခေါက်၌ ဤလူအား အသက်ရှင်လျက် ထား၍မရကြောင်း သူမသိနေ၏။
ဤလူ၏အပြုအမူကို ကြည့်လိုက်လျှင် သူမ၏မျက်နှာနှင့် ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိဟန်ရသည်။ သူ့ကိုသာ အသက်ရှင်လျက်ဖြင့် ရဲစခန်းသို့ခေါ်သွားလျှင် အဆုံးတွင် အခြားသူများ၏မျက်လုံး၌ အချစ်ရေးကိစ္စတစ်ခုသာ ဖြစ်ပေလိမ့်မည်။
Space and Rebirth 1068
ထိုအတွေးဖြင့် ကျင်းယွင်ကျောင်း၏မျက်လုံးများထဲတွင် အညှာအတာကင်းမဲ့ဟန်များ ဖြတ်ပြေးသွားသည်။ သူမသည် နောက်တစ်ဖန် အက်ဆစ်ပြင်းကို ရှောင်လိုက်ပြန်၏။ မျက်စိတစ်မှိတ်အတွင်း သူမသည် ထိုလူ၏အရှေ့တွင်ပေါ်လာပြီး ဝမ်းဗိုက်ကို ကန်ထည့်လိုက်သည်။ ချက်ချင်းဆိုသလို ထိုလူ၏လက်ထဲမှ ပုလင်းများ မြေပြင်ပေါ်သို့ လွတ်ကျသွားပြီး လူတိုင်း၏အာရုံကို ဆွဲငင်လိုက်၏။ ဤအခိုက်အတန့်တွင် ကျင်းယွင်ကျောင်းသည် အလွန်လျင်မြန်သောနှုန်းဖြင့် ထိုလူ၏ပျော့ကွက်နေရာများကို နာနာရိုက်ချလိုက်သည်။ သို့သော် အပြင်ပန်းတွင်မူ သာမန်ခုခံတိုက်ခိုက်ရုံသာရှိသည်။
များမကြာမီတွင် ကျင်းယွင်ကျောင်းသည် သူ၏လက်ကိုလွှတ်လိုက်တော့သည်။ ထိုလူသည် မိမိတစ်ကိုယ်လုံး တစ်ခုခုလွဲနေကြောင်း ခံစားလိုက်ရ၏။ သူသည် ခြေနှစ်လှမ်းစာမျှ ဒယီးဒယိုင်ဖြစ်သွားပြီး ရုတ်ချည်းဆိုသလို မြေပြင်ပေါ်မှ ဖန်ပုလင်းတစ်လုံးကို တက်နင်းမိလိုက်သည်။ ချက်ချင်းဆိုသလို သူ၏တစ်ကိုယ်လုံး ရှေ့သို့လဲကျသွားပြီး မြေပြင်ပေါ်တွင် မှောက်ကျနေသော အက်ဆစ်ပြင်းပေါ်သို့ မျက်နှာအပ်လျက် ကျသွားလေ၏။ အက်ကွဲနေသော ဖန်ပုလင်းထဲတွင် အက်ဆစ်ရည်များစွာ ကျန်နေသေး၏။ သူလဲကျစဥ်တွင် ထိုဖန်ပုလင်းသည် သူ၏အသားအရေများကို ထိုးဖောက်သွားပြီး မျက်နှာတစ်ခွင်လုံး အက်ဆစ်ရည်များ စင်ကုန်တော့သည်။
ဤအရာကြောင့် သူသည် အာခေါင်ခြစ်၍ အော်ဟစ်လိုက်၏။ သို့ရာတွင် အကြိမ်အနည်းငယ်ခန့်အော်ပြီးနောက် ထိုလူသည် ရုတ်ချည်းဆိုသလို လှုပ်ရှားမှုရပ်သွားလေသည်။
လူတိုင်းသည် အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြ၏။ ခဏအကြာတွင် ရဲများရောက်လာသောအခါ တစ်စုံတစ်ဦးမှာ သွားရောက်စစ်ဆေးလိုက်သည်။ ထိုလူမှာ အမှန်တကယ်ပင် သေဆုံးသွားကြောင်း သူတို့သိလိုက်ရလေသည်။
သေဆုံးရခြင်းအကြောင်းရင်းမှာမူ...မိမိပြင်ဆင်ထားသော အက်ဆစ်ပုလင်းထဲသို့ ကျဆင်းသေဆုံးသွားခြင်းလော...?
ကျင်းယွင်ကျောင်းမျက်နှာထားမှာ မပြောင်းလဲချေ။
“ကျင်းယွင်ကျောင်းပဲလား...အရင်စာသင်နှစ်ကတည်းက သူက...တော်တော်နာမည်ကြီးတယ်...”
အချို့ကျောင်းသားများသည် စိတ်ထဲတွင် တိတ်တခိုးကျွတ်စုပ်မိသွား၏။ လူတိုင်းသည် စကားဖြင့်ပြောစရာမလိုဘဲ အချင်းချင်းနားလည်လိုက်ကြသည်။
ကျောင်းစသည်မှာ ကြာပင်မကြာသေးသော်လည်း ဤကဲ့သို့ ဆိုးရွားပြင်းထန်သောအမှုကြီးဖြစ်နေလေပြီ။ ထို့အပြင် အစောပိုင်းက လူသတ်သမားပြောခဲ့သောစကားမှာ အဘယ်နည်း? “ကစားလို့ဝပြီးမှ ငါ့ကိုထားခဲ့တယ်”? ဧကန္တ ကျင်းယွင်ကျောင်းနှင့် ဤလူကြားထဲတွင် တစ်ခုခုများရှိနေသလော...
ကျင်းယွင်ကျောင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုလူအား ကြည့်လိုက်ပြီး ဘာမှမပြောချေ။
“ဘာလို့ဒီလူက မင်းကို တိုက်ခိုက်ခဲ့တာလဲ?”
ရဲမှူးတစ်ဦးသည် ခေါင်းအစခြေအဆုံး ကျင်းယွင်ကျောင်းကို အကဲခတ်လိုက်သည်။ သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် ပြောင်ပျက်သောအရိပ်အယောင်များ ရှိနေလေသည်။ သူသည် ဘုဘောက်ဖြင့် မေးလိုက်၏။
ဤမိန်းကလေးမှာ အလွန်လှပပြီး အနီးအနားရှိကျောင်းသားများမှာလည်း သူမနှင့်ပတ်သတ်၍ မကောင်းသောအရာများကို တီးတိုးပြောနေ၏။ ကြည့်ရသလောက် ဤသည်မှာ အလှတရားကြောင့် ဖြစ်သောအမှု ဖြစ်နိုင်ပေသည်။
“ကျွန်မက တိုက်ခိုက်ခံရတာပါ၊ လူမှားမေးနေတာလို့ မထင်ဘူးလား? ပြီးတော့ သူ့ကို ကျွန်မဒီနေ့ပထမဆုံးတွေ့ဖူးတာပဲ”
တစ်ဖက်လူ၏အကြည့်မှာ မရိုးသားကြောင်း ကျင်းယွင်ကျောင်းခံစားမိနေသဖြင့် အေးတိအေးစက်သာပြောလိုက်၏။
“ဒါပေမယ့် မင်းနာမည်ကို သူခေါ်လိုက်တယ်မဟုတ်ဘူးလား? လူတိုင်းကြားလိုက်တယ်တဲ့”
ရဲမှူး၏မျက်နှာသည် မကျေမချမ်းဖြစ်သွားသည်။ သူသည် ရာထူးတိုးထားသည်မှာ မကြာသေးသောကြောင့် လူတိုင်းသည် သူ့အပေါ် ယဥ်ကျေးကြလေသည်။ သူ၏ရှေ့မှောက်ရှိ မိန်းကလေးမှာမူ အရိပ်အကဲမသိချေ။
ကျင်းယွင်ကျောင်းသည် အသက်ကိုပြင်းပြင်းရှူလိုက်၏။
“ရှင့်နာမည်ကိုခေါ်တိုင်း ရှင့်ကို သိသွားရောလား? နာမည်ဆိုတာ လူမသိနိုင်တဲ့အရာမှမဟုတ်တာ၊ သိတော့ဘာဆန်းလဲ? ပြီးတော့ ကျွန်မမျက်နှာရော နာမည်ရောက ကျောင်းမှာ တော်တော်နာမည်ကြီးတယ်၊ အနီးအနားကလူတွေကို မေးကြည့်လိုက်၊ ကျွန်မကိုမျက်မှန်းတန်းမိတဲ့လူတွေ အများကြီးပဲ”
တစ်ဖက်လူ၏ ပြုမူပြောဆိုပုံမှာ အချိုးမပြေသဖြင့် သူမလည်း ယဥ်ကျေးမနေပေ။
“ဒီကျောင်းသူလေးကများ! မင်းကိုယ်မင်း ဘယ်သူနဲ့စကားပြောနေတယ်ထင်လဲ? သူလိုကောင်လေးမျိုးက ဘယ်လောက်တောင် ဒေါသထွက်နိုင်မှာမို့လို့လဲ? အခု သူသေပြီ ဒါကလေးကစားစရာမဟုတ်ဘူး!”
“သူသေပြီဆိုလည်း သေပြီပေါ့...ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ကျွန်မသိသမျှ ပြောပြီးပြီ၊ ကျန်တဲ့စုံစမ်းရေးတွေကို ရှင်တို့ပဲ ဆက်လုပ်လိုက်၊ ပြီးတော့ ကျွန်မက ခံရတဲ့သူဆိုတော့ ကျွန်မကို ရှင်းပြချက်တစ်ခုပေးနိုင်မယ်လို့ မျှော်လင့်တယ်၊ ဒီလူကို ဘယ်သူလွှတ်လိုက်လဲဆိုတာ မြန်မြန်သိအောင်လုပ်ခဲ့ကြ”
ကျင်းယွင်ကျောင်းသည် အေးစက်မာကြောစွာပြောပြီး လှည့်ထွက်လာခဲ့သည်။
“ရပ်လိုက်!”
သို့သော် သူမစကားများကြောင့် ရဲမှူးသည် မကျေမချမ်းဖြစ်သွား၏။
“ငါတို့နဲ့အတူ စစ်ဆေးရေးကိုကူညီပေးနိုင်အောင် စခန်းကိုလိုက်ခဲ့၊ ဒီလူသေသွားတဲ့ပုံက ထူးဆန်းတယ်၊ မင်း ခုခံကာကွယ်တဲ့နေရာမှာ အလွန်အကျူးဖြစ်သွားတယ်လို့ သံသယရှိတယ်”
ဤစကားများသည် သူ၏ရှေ့မှောက်ရှိ မိန်းကလေးလန့်သွားအောင် လုပ်ခြင်းသာဖြစ်သည်။ ထိုမှသာ သူမသည် ထပ်မံ၍ မာန်တက်နိုင်မည်မဟုတ်ပေ။
ကျင်းယွင်ကျောင်း၏မျက်လုံးများသည် ချက်ချင်းဆိုသလို ရေခဲတမျှအေးစက်သွားသည်။ သူမ၏မည်းနက်နေသောမျက်လုံးများဖြင့် သူ့အား စူးစိုက်ကြည့်လိုက်၏။
“ကျွန်မက ခံရတဲ့လူပဲ ဒါတောင် ရှင်တို့က ကျွန်မကို ဖမ်းချင်ကြသေးတာလား? စိတ်ကူးနေလိုက်!”
“မင်းကငါတို့ကို အခက်တွေ့အောင် လုပ်နေတာပဲ၊ ကောင်မလေး ငါတို့နဲ့အတူ စခန်းလိုက်ခဲ့ရင် မေးစရာရှိတာမေးပြီး ပြန်လွှတ်ပေးမှာ”
ရဲမှူးမှ ထပ်ပြောလိုက်၏။
ကျင်းယွင်ကျောင်းမှာ တုံးအသောသူမဟုတ်ပါပေ။ လူများစွာရှေ့တွင် ရဲမှူးသည် ဒေါသကို ထိန်းနိုင်သော်လည်း သူနှင့်အတူ စခန်းလိုက်သွားလျှင် ထိုသို့ဖြစ်ချင်မှဖြစ်ပေမည်။