အခန်း (၁၀၇၃-၁၀၇၆)
Vol. 54 Ch. 1073-1076
Space and Rebirth 1073
လူအုပ်ကြီးသည် ဇဝေဇဝါဖြစ်သောအကြည့်များဖြင့် သူမအား စူးစိုက်ကြည့်ရင်း အလိုအလျောက်ဆိုသလို သူမအတွက် လမ်းဖယ်ပေးလိုက်ကြသည်။
ကျင်းယွင်ကျောင်းသည် မိုကျန်းယန်၏တပည့်ဖြစ်သော အချိန်မှစ၍ အမျိုးသားပညာဌာနတွင် သူမအား အားမကျသောသူဟူ၍ တစ်ယောက်မှမရှိပေ။ သူမသည် အသက်ငယ်သောကျောင်းသားများစွာ၏ စံပြပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာခဲ့၏။ ဘက်စုံထူးချွန်သော စာပေနတ်သမီးတစ်ပါးကဲ့သို့ သူမခန္ဓာကိုယ်သည် အပေါင်းလက္ခဏာဆောင်သော စွမ်းအင်အရှိန်အဝါဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ယခုတွင် ထိုစွမ်းအင်သည် လက်လှမ်းမမီနိုင်သောနေရာသို့ ရောက်သည်အထိ ပေါက်ကွဲထွက်သွားလေပြီ။
ယခင်က သူမသည် ချိုတဲ့သောမိသားစုမှ လာသည်ဟု သူတို့ထင်ခဲ့ကြသည်။ အနည်းဆုံးအနေဖြင့် ဤအပိုင်းတွင် သူမထက်သာသောလူများစွာ ရှိခဲ့၏။ သို့သော် ယခုတွင် သူမနှင့် အဘယ်သို့ယှဥ်နိုင်တော့မည်နည်း?
သူတို့၏ A တက္ကသိုလ်သည် ရှုမိသားစု၏သခင်လေးဖြစ်သော ရှုယု ရှိခဲ့သဖြင့် လူများစွာသည် မြို့တော်ဝန်ရှုအကြောင်း ကြားဖူးလေသည်။ သို့သော် သုံး-လေးနှစ်တိုင်တိုင် မြို့တော်ဝန်ရှုအကြောင်း ကြားခဲ့ကြဖူးသော်လည်း ရှုယုကြောင့် မြို့တော်ဝန်ရှုမှ ကျောင်းသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်သည်ကိုမူ တစ်ခါမှ မမြင်ဖူးကြချေ။ သို့သော် ကျင်းယွင်ကျောင်းဖုန်းတစ်ချက်ဆက်ရုံဖြင့် သူသည် လူကိုယ်တိုင် လာရောက်ခဲ့၏။ သူ၏တူမဖြစ်သူကို အလွန်ချစ်မြတ်နိုးဟန်ရပေသည်...
လူတိုင်းတွင် ခံစားချက်အသီးသီးရှိနေကြ၏။ သို့ရာတွင် ထိုခံစားချက်အများစုမှာ အားကျမှုဖြစ်သည်။
“ယွင်ကျောင်း၊ နင်ကကုမ္ပဏီနှစ်ခုကို ထောင်ခဲ့တယ်လို့ နင့်ဦးလေးပြောတယ်၊ ဒါဘာစကားလဲ?”
အတန်းသို့သွားရာလမ်းတွင် ဟော်ထျန်းရှန်း မနေနိုင်မထိုင်နိုင် မေးလိုက်တော့၏။
“ဟိုဟာ...အဲဒါက...ငါ့လက်အောက်မှာ ကုမ္ပဏီနှစ်ခုရှိတယ်၊ တစ်ခုက ဝိုင်နယ်ပယ်မှာ ရှိပြီးတော့ နောက်တစ်ခုက ဆေးဝါးနယ်ပယ်မှာ၊ ကုမ္ပဏီနှစ်ခုလုံး အဆင်ပြေနေတယ် ပြောရမှာပေါ့”
ကျင်းယွင်ကျောင်းသည် ခြောက်ကပ်စွာရယ်မောရင်း ပြောလိုက်သည်။
လွန်ခဲ့သောနှစ်ရက်အတွင်း ပိုင်ယွီအန်းနှင့် ချင်းရွှေတို့နှစ်ဦးလုံးသည် သူမမည်သူဖြစ်ကြောင်းကို မွေးနေ့ပွဲတွင် ကြေညာထုတ်ဖော်ချင်ကြောင်း ပြောခဲ့ကြသည်။ သို့သော် ထိုပွဲတွင် ကိစ္စပေါင်းများစွာ ဖြစ်ပွားလိမ့်မည်ဟု မထင်ခဲ့ကြသဖြင့် နောက်ဆုံးအချိန်ထိ ဘာမှမပြောရန်သာ ဆုံးဖြတ်လိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ ကုမ္ပဏီသည် ထွက်ပြေးနိုင်သောအရာမဟုတ်ပေ။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကျင်းယွင်ကျောင်းစိတ်ကြည်လင်သောအချိန်၌ မီဒီယာများအား ထုတ်ပြောရန် နှစ်ဦးသားစီစဥ်လိုက်ကြ၏။
ဤအရာမှာ သိပ်မကြာလောက်ချေ။ မကြာသေးမီက ပိုင်ယွီအန်းသည် ကုမ္ပဏီလွှဲပြောင်းရေး လုပ်ငန်းစဥ်များအတွက် စတင်စီစဥ်နေခဲ့သည်။ ဤမျှလောက် ကြီးမားသောလှုပ်ရှားမှုကြောင့် အခြားသူများမသိရန် ခက်ခဲပေသည်။ ဆေးဝါးကုမ္ပဏီမှာ အစကတည်းက စစ်တပ်လက်အောက်တွင် ရှိနေသော်လည်း ကုမ္ပဏီပိုင်ဆိုင်သောသူမှာ သူမဖြစ်သည်။ ၎င်းကိုမူ ပြောင်းလဲစရာမလိုပေ။
ဟော်ထျန်းရှန်း ကြက်သေသေသွား၏။ သူမသည် ချက်ချင်းဆိုသလို ကျင်းယွင်ကျောင်း၏အင်္ကျီစကို ဆွဲလိုက်သည်။
“ယွင်ကျောင်း နင်ပြန်ပြောပေးလို့ရလား?”
“ကုမ္ပဏီတွေလို့၊ ငါ့အောက်မှာ လုပ်ငန်းနှစ်ခုရှိတယ်...”
ဟော်ထျန်းရှန်း၏ တုံ့ပြန်ပုံမှာ ကြီးမားလွန်းသဖြင့် ကျင်းယွင်ကျောင်းသည်လည်း အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
ယခုအချိန်တွင် အမြဲတစေ မော်ကြွားနေခဲ့သော ဟော်ထျန်းရှန်း၏မျက်နှာသည် အတန်ငယ်ပုံပျက်နေ၏။ သူမ၏မျက်နှာအား အဓိပ္ပာယ်ဖော်ရခက်နေလေသည်။ သူမသည် ကျင်းယွင်ကျောင်း၏လက်မောင်းအား ဖမ်းဆုပ်ကာ ခေါင်းအစခြေအဆုံးကြည့်လိုက်သည်။
“နင့်ကုမ္ပဏီနာမည်ကဘာလဲ? အဲ့အထဲက တစ်ခုက ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီများလား?”
ထိုနေ့က မွေးနေ့ပွဲတွင် ကျင်းယွင်ကျောင်းနှင့် ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီဥက္ကဌသည် ပရဟိတပွဲသို့ လာရောက်ခဲ့ပြီး ယွမ်သန်း ၈၀ လှူသွားကြောင်း သူမဖခင်မှပြောခဲ့သည်။ ထို့ကြောင့် ဆေးဝါးကုမ္ပဏီဟု ကြားလိုက်သောအခါ သူမခေါင်းထဲတွင် ပေါ်လာသောအရာမှာ အလားအလာအရှိဆုံးကုမ္ပဏီဖြစ်ပေသည်။
တက်သစ်စကုမ္ပဏီဖြစ်သော်လည်း စစ်တပ်၏ကာကွယ်မှုကို ရထားလေသည်။ စီးပွားရေးလောကတွင် မည်သည့်ကုမ္ပဏီကမှ သူတို့အား ရန်မစရဲလောက်ချေ။ အနာဂတ်၌ စစ်တပ်မှလိုအပ်မည့် ဆေးဝါးအများစုအား နောက်ကွယ်တွင် ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီက ထောက်ပံ့နေမည်ဟု ပြောကြ၏။ ဤကုမ္ပဏီသည် အနာဂတ်တွင် ဟော်ရတနာလုပ်ငန်းထက်ပင် ပို၍ အင်အားတောင့်တင်းလာပေမည်။
သို့သော် ဝိုင်နယ်ပယ်နှင့် ပတ်သတ်လာလျှင်မူ...
ဟော်ထျန်းရှန်း ခေတ္တမျှတွေးလိုက်၏။ သူမမွေးနေ့ပွဲတွင် ထိုဦးနှောက်မရှိသော ဥက္ကဌဖန်သည် ကျင်းယွင်ကျောင်းအား ပိုင်ယွီအန်းနှင့် ဖောက်ပြန်နေသည်ဟု စွပ်စွဲခဲ့၏။ ဤပိုင်ယွီအန်းမှာ ဝိုင်ကုမ္ပဏီတစ်ခု၏ သူဌေးဖြစ်ဟန်ရပေသည်...
စက္ကန့်အနည်းငယ်ကြာသောအခါ ဟော်ထျန်းရှန်းသည် မျက်လုံးများကိုမှေးပြီး အစမ်းသဘောဖြင့် မေးလိုက်သည်။
“နောက်တစ်ခုက...ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီလား?”
ဟော်ထျန်းရှန်း၊ ဘေဘီယောင်နှင့် ယန်ရှင်းယွဲ့သည် သူမနှုတ်မှအဖြေကို စောင့်ဆိုင်းနေကြတော့၏။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။
“အင်း”
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်၏။
သူမဝန်ခံလိုက်သည်နှင့် ဟော်ထျန်းရှန်းနှင့် ကျန်နှစ်ဦးသည် နှလုံးခုန်သံမှားလုမတတ်ဖြစ်သွားပြီး နှုတ်ခမ်းစွန်းများ တွန့်သွားကြ၏။
“ကျင်းယွင်ကျောင်း၊ နင်တကယ်ပဲ...ငါတို့ကိုလျှိုထားပါလား!”
“ငါယုံသွားပြီ ဒီတစ်ခေါက်တော့ ငါတကယ်ယုံသွားပြီ၊ နင့်သိုင်းပညာ၊ မိသားစုနောက်ခံ၊ ပညာအရည်အချင်း၊ အစွမ်းအစကအစ နင့်ရုပ်ရည်၊ နင့်အရှိန်အဝါအထိ ငါတစ်ခုကိုမှ မယှဥ်နိုင်ဘူးပဲ!”
ဟော်ထျန်းရှန်းသည် အချိန်အတော်ကြာ မြိုသိပ်ထားသောစကားများကို အရှိအတိုင်း ပြောလိုက်တော့၏။
Space and Rebirth 1074
ဟော်ထျန်းရှန်း၏မျက်လုံးများတွင် အံ့သြရိပ်များ၊ လေးစားမှုများ သန်းနေသည်။ သူမသည် ကျင်းယွင်ကျောင်း၏ခေါင်းခွံကို ဆွဲဖွင့်ကြည့်ပြီး သူတို့နှစ်ဦးကြားတွင် ဦးနှောက်ဖွဲ့စည်းပုံ ကွာခြားချက်ရှိသလော ကြည့်ချင်မိသည်။
ဟော်ထျန်းရှန်းသည် အမြဲတစေ အခြားသူများ၏ လေးစားအထင်ကြီးမှုကိုသာ ခံခဲ့ရသူဖြစ်သည်။ သို့သော် ဤတစ်ခေါက်တွင် ကျင်းယွင်ကျောင်းကြောင့် သူမအမှန်တကယ် ထိတ်လန့်အံ့အားသင့်သွားပေသည်။
သူမသည် ဟော်မိသားစု၏ သိက္ခာရှိသခင်မလေးတစ်ဦးဖြစ်ပြီး ဟော်လုပ်ငန်း၏ တစ်ဦးတည်းသောအမွေခံဖြစ်၏။ သူမသည် လွန်ခဲ့သောကြာမြင့်စွာကတည်းကပင် သူမမိဘများဆီမှ စီမံခန့်ခွဲရေးပညာကို သင်ယူခဲ့လေသည်။ ကုမ္ပဏီတစ်ခုအား စီမံအုပ်ချုပ်ရသည်မှာ မခက်ခဲသော်လည်း ထိုကုမ္ပဏီအား သူမမည်မျှ ချဲ့ထွင်ချင်သည့် အတိုင်းအတာပေါ်တွင် မူတည်သည်။ သူမ၏လက်ရှိအရည်အချင်းဖြင့်ဆိုလျှင် ဟော်မိသားစု၏လက်ရှိ အခြေအနေကိုသာ ထိန်းသိမ်းနိုင်လိမ့်မည်။ သူမလက်ထက်တွင် အနည်းငယ်ပင် ဆုတ်ယုတ်သွားနိုင်သည်။ ထို့အပြင် သူမလက်အောက်ငယ်သားများက မဟုတ်မမှန် ပြုမူပြောဆိုလျှင် သူမခြေမကိုင်မိလက်မကိုင်မိ ဖြစ်နိုင်၏။
သူမဘိုးဘေးများလက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့သော ဟော်လုပ်ငန်းအား ထိန်းချုပ်ရန်ပက် ခက်ခဲနေလေပြီ။ တစ်ဖက်တွင်မူ ကျင်းယွင်ကျောင်းမှာ လက်ထဲ၌ လုပ်ငန်းနှစ်ခုကို ဦးစီးနေပြီဖြစ်သည်။
“ဘယ်အချိန်တုန်းက ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကို ထောင်ခဲ့တာလဲ?”
ဟော်ထျန်းရှန်းမေးလိုက်သည်။
“ငါအထက်တန်းကျောင်းတုန်းကပဲ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပေါ့”
ကျင်းယွင်ကျောင်းအမှန်အတိုင်းဖြေလိုက်သည်။
ဟော်ထျန်းရှန်းသည် ချက်ချင်းဆိုသလို ငြိမ်ကျသွားသည်။ သူမ၏ဉာဏ်ရည်ကို ပြင်းပြင်းထန်ထန် စော်ကားခံလိုက်ရသလို ခံစားလိုက်ရ၏။
“နင်ကတကယ် လူထူးလူဆန်းပဲ”
ဟော်ထျန်းရှန်းသည် နှုတ်ခမ်းများကိုစေ့ကာ ပြောလိုက်၏။
“ဒါဆို ဒီကုမ္ပဏီနှစ်ခုအပြင် တခြားလုပ်ငန်းတွေရောရှိလား?”
“ငါနင့်ကို အကုန်လုံးပြောပြရမှာလား?”
ကျင်းယွင်ကျောင်းသည် မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ဤစကားကြောင့် ဟော်ထျန်းရှန်း၏နှုတ်ခမ်းစွန်းများ ပြင်းထန်စွာ တွန့်သွားသည်။ ကျင်းယွင်ကျောင်း၏လေသံအရ သူမတွင် လုပ်ငန်းများစွာရှိနေသလိုပင်။ သို့သော် ထိုသို့ဆိုလျှင် သူမသည် လူဟုတ်သေးသလော။ လူတစ်ဦးတွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းပါလျှင်ပင် ဤအရာကို အဘယ်သို့လုပ်နိုင်မည်နည်း။ ထို့အပြင်...သူမကုမ္ပဏီများအားလုံးကိုလည်း အခြားသူတစ်ဦးဦးက စီမံဦးစီးပေးနေ၏။ ကျင်းယွင်ကျောင်းသည် အရာအားလုံးကို အခြားသူလက်ထဲအပ်နိုင်သည်မှာ အမှန်တကယ်ပင် အေးအေးဆေးဆေးနိုင်လှသည်။ ဤကမ္ဘာပေါ်တွင် သူမလောက် သဘောထားကြီးသောမိန်းမရှိတော့မည် မဟုတ်ချေ။
“ငါတို့ကိုသူငယ်ချင်းလို့ သတ်မှတ်ရင် တစ်ခါတည်းနဲ့ အားလုံးပြောပြဟာ!”
ဟော်ထျန်းရှန်းပြောလိုက်၏။ ဘေဘီယောင်နှင့် ယန်ရှင်းယွဲ့လည်း အလျင်အမြန် ခေါင်းငြိမ့်လိုက်ကြသည်။
“ငါက လက်ဖက်ရည်ဆိုင်တစ်ဆိုင်လည်း ဖွင့်ထားတယ်၊ ဒါပေမယ့် အခုတော့ အဲဒီဆိုင်ကို ကုမ္ပဏီစာရင်းသွင်းလိုက်ပြီ၊ အရွယ်အစားကလည်း တခြားလုပ်ငန်းတွေထက်စာရင် သေးတယ်၊ ပြီးတော့ ပိုးသတ်ဆေးမပါဘဲ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ စိုက်ဖို့ မြေတစ်ချို့လည်း ကန်ထရိုက်ယူထားသေးတယ်၊ ဆိုင်ခွဲအများကြီးရှိတဲ့ စားသောက်ဆိုင်တံဆိပ်တစ်ခုအတွက် ပါဝင်ပစ္စည်းတွေ ထောက်ပံ့ပေးတာပေါ့၊ အဲဒီစားသောက်ဆိုင်က အရမ်းအရသာရှိပြီးတော့ မြို့တော်ထဲမှာလည်း ဆိုင်ခွဲရှိတယ်၊ ဒါပေမယ့် ငါဒီကိုရောက်တာမကြာသေးတော့ နာမည်အရမ်းမကြီးသေးဘူး၊ အရသာကတော့ သေချာပေါက် မဆိုးဘူးပြောရမယ်၊ ဆိုင်ပိုင်ရှင်က တော်ဝင်စားဖိုမှူးရဲ့ မျိုးဆက်လေ”
“ထပ်ရှိသေးတာလား?”
ဘေဘီယောင်၏မျက်လုံးများသည် ကြောင်အမ်းသွားတော့သည်။
“နောက်ဆုံးတစ်ခုက အန်တီတုန်းရဲ့ အလှပြင်ဆိုင်”
ကျင်းယွင်ကျောင်းသည် သူမအား အပြုံးတစ်ပွင့်ဖြင့် ရင်ဆိုင်လိုက်သည်။
ဟော်ထျန်းရှန်း အနည်းငယ်မူးဝေသွား၏။ ကျင်းယွင်ကျောင်းသည် သူမဘာသာ ဤမျှလောက် လုပ်ဆောင်ခဲ့သည်ကို မယုံကြည်နိုင်ချေ။
“နင်ကဆရာဝန်လည်း လုပ်သေးတယ်...”
ဟော်ထျန်းရှန်း တီးတိုးရေရွတ်လိုက်၏။ မွေးနေ့ပွဲအပြီးတွင် ကျင်းယွင်ကျောင်းသည် ယန်ရှင်းယွဲ့၏ဦးလေးအား ဆေးညွှန်းရေးပေးခဲ့သည်ကို သူမမှတ်မိသွားသည်...
“အင်း”
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။
“အန်တီတုန်းရောဂါကို ပျောက်အောင်လုပ်ပေးခဲ့တယ်လို့ မီဒီယာတွေက ပြောနေကြတဲ့ သမားတော်ကျင်းဆိုတာ နင်ကိုး...”
ဟော်ထျန်းရှန်း ရေရွတ်လိုက်ပြန်၏။
ထိုအခိုက်အတန့်တွင် သူမအနီးရှိ သူဌေးသမီးအရှိန်အဝါများသည် ညှိုးနွမ်းသွားတော့သည်။ သူမသည် ခါးသီးမှုများကို ဖုံးဝှက်ထားသော ရှုံ့တွနေသည့် ခရမ်းသီးတစ်လုံးနှယ်ဖြစ်နေ၏။
ကျင်းယွင်ကျောင်းသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူမပိုင်ဆိုင်သောအရာများအားလုံးသည် နေရာလွတ်နယ်မြေကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤအရာများကို သူမပြောပြစဥ်အခါတွင် မိမိကိုယ်ကိုယုံကြည်မှု သိပ်မရှိခဲ့ချေ။ နေရာလွတ်နယ်မြေအား သူမဘိုးဘေးများက လက်ဆင့်ကမ်းခဲ့သဖြင့် သူမသည် အခြားသူများထက် စမှတ်ပိုမြင့်ခဲ့ပေသည်။
ဤအရာကြောင့် သူမသည် ဆေးဝါးကုမ္ပဏီ၏ဝင်ငွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားခဲ့သည်။ ဆေးဝါးများ၏စျေးနှုန်းကို မြင့်မားအောင် မသတ်မှတ်ထားချေ။ သူမသည် ကောင်းမှုကုသိုလ်တစ်ခုအနေဖြင့် နှစ်စဥ်နှစ်တိုင်း ပရဟိတအဖွဲ့များသို့ လှူရန် ငွေကြေးစရိတ်အား သီးသန့်ဖယ်ထားရန် ချင်းရွှေနှင့်လည်း ဆွေးနွေးထားခဲ့၏။
ကျင်းယွင်ကျောင်းဆက်ခေါင်းငြိမ့်လိုက်သည်။
ဘေဘီယောင်သည် ၎င်းကိုကြားသောအခါ ချက်ချင်းဆိုသလို အပြေးအလွှားရောက်လာပြီး အော်တော့သည်။
“ကျင်းကျင်း! နင်ကတော့ ငါ့အိုင်ဒေါပဲ! နင့်ကိုအရမ်းလေးစားသွားပြီ!”
Space and Rebirth 1075
ဘေဘီယောင်သည် သူမတစ်ကိုယ်လုံးဖြင့် ကျင်းယွင်ကျောင်းအား ခုန်အုပ်တော့သည်။ ကျင်းယွင်ကျောင်းသည် သူမရင်ဘတ်ပေါ်ရှိ အလုံးကြီးနှစ်လုံး၏ ဖိညှစ်မှုကို ခံလိုက်ရသဖြင့် မျက်နှာများ အနည်းငယ်နီမြန်းသွားတော့သည်။
ဘေဘီယောင်မှာ ချစ်စရာညီမလေးပုံစံမျိုး ဖြစ်သော်လည်း သူမခန္ဓာကိုယ်အချိုးအစားမှာ ညို့ဓာတ်ပြင်းလှသည်။ သူမသည် အခြားသူများထက်သာ အရပ်အနည်းငယ် ပုမနေလျှင် အမှန်တကယ်ပင် ထိတ်လန့်အံ့အားသင့်စရာ အရွယ်အစားဖြစ်ပေမည်။
“ငါ့မိဘတွေက ငါ့ကိုအရမ်းအလိုလိုက်ပေမယ့် အနာဂတ်မှာ မိသားစုလုပ်ငန်းကို အစ်ကိုကြီးသုံးယောက်ကပဲ ဆက်ခံမှာလို့ ငါ့ကိုပြောပြီးပြီ၊ ငါက အိမ်ထောင်ကောင်းကောင်းပြုပြီး ပန်းလေးလို လှလှပပနေရင် ရပြီတဲ့လေ၊ အချိန်တန်လာရင် ငါ့ဘဝတစ်လျှောက်လုံး ငါ့ကိုအလိုလိုက်ချစ်ပေးမယ့် ယောက်ျားကောင်းတစ်ယောက်ကို ရှာပေးကြမယ်တဲ့၊ တစ်သက်လုံး မိသားစုလုပ်စာခိုစားဖို့ စိတ်ကူးထားခဲ့ပေမယ့် အခုကျင်းကျင်းက ဒီလောက်မိုက်နေတာကို မြင်လိုက်ရတော့ ငါအရမ်းရှက်မိသွားပြီ၊ နားထောင်ကြည့် ငါ့နှလုံးခုန်သံကို- တဒုတ်ဒုတ်နဲ့...”
ဘေဘီယောင်၏မျက်လုံးများသည် အနီရောင်နှလုံးသားပုံစံများဖြင့် ပြည့်နေတော့သည်။
သူမသည် ကျင်းယွင်ကျောင်းကဲ့သို့ အခြားသူများအပေါ် မှီခိုခြင်းမရှိဘဲ မိမိခြေထောက်ပေါ် မိမိရပ်တည်သော အမျိုးသမီးများအား ဘုရားကဲ့သို့ ကိုးကွယ်၏။
သို့ရာတွင် သူမတွင် ထိုသို့လုပ်နိုင်သော ကံကြမ္မာမပါလာခဲ့ပေ။ သူမသည် စီးပွားရေးစီမံခန့်ခွဲမှုပညာကို သင်ယူနေသော်လည်း လက်တွေ့တွင် သူမမိဘများသည် သူမအား လုပ်ချင်ရာပေးလုပ်ထားခြင်းဖြစ်သည်။ အနာဂတ်တွင် သူမသည် ကုမ္ပဏီထဲသို့ဝင်လျှင် သူမသည် သက်တောင့်သက်သာဖြင့် ရာထူးတစ်ခုရကာ မိဘဆီမှာ မင်္ဂလာလက်ဖွဲ့စရိတ်ကို လက်ဖြန့်တောင်း၍ မိမိဘဝတစ်လျှောက်လုံး အနာဂတ်ခင်ပွန်းလောင်းအပေါ် မှီခိုနေထိုင်ရပေမည်။
ဤသည်မှာ သူမအမြဲတွေးထားခဲ့သော အနာဂတ်ဖြစ်၏။ သို့သော် ယခုတွင် သူမသည် ပြောင်းလဲမှုအချို့ကို မြင်ချင်သွားလေသည်။
ကျင်းယွင်ကျောင်းကဲ့သို့ မိမိကိုယ်ပိုင်ကုမ္ပဏီအား မတည်ထောင်နိုင်လျှင်ပင် အနာဂတ်တွင် မိဘ၏အသိအမှတ်ပြုမှုကို ရရှိရန် ကြိုးစားအားထုတ်နိုင်သည်မဟုတ်လော။
သူမသည် ချွဲနွဲ့ပြီး ဂျီကျရုံသာလုပ်တတ်သော အစွမ်းအစမဲ့ မိန်းကလေးငယ်တစ်ဦးမဟုတ်ကြောင်း သက်သေပြရပေမည်...
ထိုအချိန်တွင် ဘေဘီယောင်သည် စိတ်လွတ်ကိုယ်လွတ် စိတ်ကူးယဥ်နေလေသည်။ သို့သော် ကျင်းယွင်ကျောင်း၏လက်မောင်းကို တင်းတင်းဆွဲကိုင်ထားပြီး မလွှတ်တော့ချေ။
လေးဦးသားသည် အဆောင်အောက်ထပ်သို့ ရောက်လာလေပြီ။ အနီးအနားရှိလူများသည် ဘေဘီယောင်၏ပုံစံကို ကြည့်ပြီး မရယ်မိဘဲမနေနိုင်ကြပေ။ ကျင်းယွင်ကျောင်း၏မျက်နှာမှာ နီမြန်းလွန်းသဖြင့် ဟော်ထျန်းရှန်း အနည်းငယ်စိတ်သက်သာရာရသွားသည်။
မိန်းကလေးတစ်ဦး၏ စနောက်ခြင်းကို ခံရတိုင်း ရှက်သွေးဖြာတတ်သော ကျင်းယွင်ကျောင်းမှာ ဤအရာမျိုးကိုလုပ်နိုင်သည်ဟု သူမမယုံကြည်နိုင်ဖြစ်နေဆဲပင်။ နောက်လာမည့်နှစ်ပေါင်းများစွာတွင်လည်း ထိတ်လန့်အံ့အားသင့်စရာများစွာ ရှိနေလောက်ဦးမည်။
ဟော်ထျန်းရှန်းသည် အသက်ကိုပြင်းပြင်းရှူထုတ်ပြီး ကျင်းယွင်ကျောင်း၏ပုခုံးကို ပုတ်လိုက်သည်။၏
“ယွင်ကျောင်း၊ နင့်ကုမ္ပဏီရဲ့ဝိုင်က အရမ်းကောင်းတယ်လို့ ကြားတယ်၊ နောက်ကျရင် ပိတ်ရက်တွေမှာ ငါလည်း ပုံးလိုက်ဝယ်ရမယ်”
ဤနှစ်တွင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ဝိုင်မှာ အလွန်ရေပန်းစားနေကြောင်း၊ ရောင်းအားမှာ ဝယ်လိုအားကိုပင် မမီတော့ကြောင်း သူမကြားထားခဲ့သည်မှာ ကြာပေပြီ။
ကျင်းယွင်ကျောင်းခေါင်းငြိမ့်ကာ ပြုံးလိုက်၏။ သူမသည် ဤမျှလောက် အသေးအဖွဲကိစ္စအား လုပ်ဆောင်ပေးနိုင်ပေသည်။
သို့ရာတွင် ဘေဘီယောင်၏တုံ့ပြန်ပုံကို ကြည့်ပြီးနောက် သူမဒီညအိမ်ပြန်လျှင် ရှောင်ဟိုင်ချင်းနှင့် အခြားသူများအား ကိစ္စအသေးစိတ်ကို ပြောပြရန် ဆုံးဖြတ်လိုက်၏။ ဤကိစ္စအား ကြာရှည်စွာ ဆွဲ့ဆန့်ထားလျှင် အမှန်တရားကို တမင်ဖုံးကွယ်ထားသလို သံသယဝင်ခံရပေတော့မည်။ ကံကောင်းစွာဖြင့် ရှောင်ဟိုင်ချင်းနှင့် ချူချူသည် သူမအား သိကျွမ်းလာသည်မှာ ကြာပြီဖြစ်၍ စိတ်ထဲတွင် အရိပ်အကဲဖမ်းမိကြပေလိမ့်မည်။ သူတို့အား အမှန်တရားကို ပြောပြလျှင်ပင် ဘေဘီယောင်လောက် ထိတ်လန့်သွားကြမည်မဟုတ်ပေ။ အနည်းငယ် တုန်လှုပ်သွားရုံသာရှိမည်။
သူတို့လေးဦးသည် ဖြည်းဖြည်းချင်း လမ်းလျှောက်သွားကြသည်။ အတန်းထဲသို့ရောက်သောအခါ တစ်တန်းလုံး တိတ်ဆိတ်နေကြ၏။ အားလုံးသည် ကျင်းယွင်ကျောင်းဆီသို့လှည့်၍ အာရုံစိုက်ကြည့်လိုက်သည်။ သတင်းပျံ့သွားသည်မှာ မြန်ဆန်ပေ၏။
“ကျင်းယွင်ကျောင်း၊ နင့်ဦးလေးက မြို့တော်ဝန်ရှုဆိုတာ တကယ်ပဲလား?”
ခေတ္တအကြာတွင် လူတစ်ဦးက မေးလိုက်သည်။
ကျင်းယွင်ကျောင်းယဥ်ကျေးစွာဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
“ဒါဆို သခင်လေးရှုက နင့်ဝမ်းကွဲအစ်ကိုပေါ့? အဲဒါဆို နင်ဘာလို့သူ့ကို ထိုးလိုက်တာလဲ?”
နောက်တစ်ဦးမှ မေးလိုက်သည်။
ထိုအချိန်တွင် ရှုယုသည် လူတိုင်းအရှေ့တွင် ကျင်းယွင်ကျောင်းအား နမ်းချင်နေခဲ့သော်လည်း လူပုံစံမပေါက်သည်ထိ ကျင်းယွင်ကျောင်း၏ထိုးနှက်ခြင်းကို ခံလိုက်ရလေသည်။ အမှန်တကယ်ပင် သနားစရာကောင်းလှသည်။
“အဲဒီတုန်းက သူဘယ်သူလဲ ငါမသိခဲ့လို့လေ”
ကျင်းယွင်ကျောင်းယဥ်ကျေးစွာ ပြန်ဖြေပြီးနောက် ဆက်ပြောလိုက်သည်။
“အတန်းစတော့မယ် ကိုယ့်ခုံကို ပြန်ထိုင်ကြရအောင်”
“အတန်းဖော်တို့ အရင်ဆုံး ကိုယ့်စားပွဲကို ပြန်ကြတာပေါ့၊ မေးခွန်းတွေရှိရင် နောက်မှ မေးလို့ရတယ်”
ဟန်နန်မှ ပြောလိုက်သည်။
ကျင်းယွင်ကျောင်းသည် ဘေးသို့ ဝေ့ကြည့်လိုက်သည်။ ဟန်နန်၏ ရဲရဲတောက်အကြည့်များကို မြင်လိုက်ရသောအခါ သူမမျက်မှောင်ကြုတ်ပြီး အကြည့်လွှဲလိုက်၏။
Space and Rebirth 1076
ကျောင်းပိတ်သည့်နေ့တွင် လီရှောက်ယွင်မှ သူမအား လာရောက်ကြိုခဲ့သည်ကို ဟန်နန်သည် သူ၏မျက်လုံးများဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့၏။ ယုတ္တိကျကျပြောရလျှင် သူသည် မိမိစိတ်ကို မြိုသိပ်ထားရတော့မည်။ သို့သော် ယခုတိုင်အောင် သူသည် လက်မလျှော့သေးဟန်ထောက်၏။ ထိုတင်မက သူ၏အကြည့်များမှာ ယခင်ကထက်ပင် ပို၍ ပူလောင်ပြင်းပြနေလေသည်။
သို့သော် ဟန်နန်မှ သူမအား အကြိမ်အနည်းငယ်ခန့် ကြည့်သည်ဆိုတိုင်း ကျင်းယွင်ကျောင်းသည် ဟန်နန်အား သွားရောက်ပြသာနာရှာ၍မရပါချေ။ မဟုတ်လျှင် အခြားသူများ၏မျက်လုံးထဲ၌ သူမတစ်ဦးတည်း ထင်ယောင်ထင်မှားဖြစ်နေဟန် ပေါက်ပေမည်။
ကျင်းယွင်ကျောင်းမည်သူဖြစ်ကြောင်း ထုတ်ဖော်လိုက်ပြီဖြစ်သဖြင့် သူမအပေါ် ယဥ်ကျေးပျူငှာသောလူများ ပိုများလာတော့သည်။ သို့သော် ရှုယုနှင့် မတူသည်မှာ ကျင်းယွင်ကျောင်းသည် လူတိုင်းနှင့် လွယ်ကူချောမွေ့စွာ ပေါင်းသင်းတတ်၏။ သူမသည် ပုံမှန်အားဖြင့် အေးစက်ပြီး ချည်းကပ်ရခက်ခဲသောပုံစံ ပေါက်သော်လည်း သူမ၏ရာထူးကို အခွင့်ကောင်းယူပြီး အခြားသူများအား အနိုင်မကျင့်ဖူးချေ။ အတန်းထဲရှိ အခြားသူဌေးသမီးများထက်ပင် သူမသည် ပို၍ နှိမ့်ချတတ်၏။
ထို့အပြင် ဟော်ထျန်းရှန်းကဲ့သို့သော သူဌေးသမီးများ အနား၌သာ ကျင်လည်ပေါင်းသင်းတတ်သော အတန်းဖော်များသည် ရုတ်ချည်းဆိုသလို သူမအပေါ် ဖော်ရွေလာကြပြီး သူမနှင့်စကားပြောဆိုရန် အခွင့်အရေးများ ရှာလာကြသည်။ စိတ်မကောင်းစွာဖြင့် ကျင်းယွင်ကျောင်းသည် သူမအနီးသို့ သူစိမ်းများချည်းကပ်လာသည်ကို မနှစ်မြို့သဖြင့် သူတို့အားလုံးသည် အကွာအဝေးတစ်ခု၌သာ နေရကြလေသည်။ ကံကောင်းသည်မှာ ဤလူများသည် သူမအား ချည်းကပ်ချင်ကြသော်လည်း တစ်ချိန်တည်းတွင် သူမအား မတော်တဆစိတ်ကွက်စေမည်ကိုလည်း စိုးရိမ်ကြသေးသဖြင့် သူမမနှစ်မြို့သောအရာတစ်စုံတစ်ခုကိုမျှ မလုပ်ကြချေ။
ကျောင်းပြင်ပရှိ တရားခံကိုမူ ရဲသားများက ခေါ်ဆောင်သွားလေပြီ။ ကျင်းယွင်ကျောင်းသည် သူ့အား သတ်ခဲ့သော်လည်း မည်သူမှ အဖြေဖော်၍မရအောင် တိတ်တခိုးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုတင်မက ကျင်းယွင်ကျောင်းသည် အလွန်တရာပင် ကံကောင်းလှသည်ဟု အချို့လူများက ခံစားမိလေသည်။ သူမသည် ထိုအက်ဆစ်ပြင်းပုလင်းများကို တစ်ပုလင်းပြီးတစ်ပုလင်းဆိုသလို ရှောင်ရှားနိုင်ခဲ့၏။ သူမ၏ကံကောင်းမှုမှာ မယုံနိုင်စရာကောင်းလွန်းလှသည်။
ထို့အပြင် သာမန်မိန်းကလေးတစ်ဦးသာ ထိုအခြေအနေမျိုးကို ကြုံတွေ့ရလျှင် ကြောက်လွန်းသဖြင့် တုန်နေပေလောက်မည်။ သူမကဲ့သို့ မည်သူက တည်ငြိမ်နိုင်မည်နည်း။ ထို့ကြောင့် လူတိုင်းအတန်းထဲသို့ ပြန်ရောက်သောအခါ ဆရာ၊ ဆရာမများစွာသည် ကျင်းယွင်ကျောင်းအား စံထား၍ အန္တရာယ်ရောက်လျှင် အခြေအနေအား တည်ငြိမ်စွာ သုံးသပ်ရမည်ဖြစ်ကြောင်း၊ ထိုမှသာ လူဆိုးများ အောင်မြင်နိုင်ချေ နည်းမည်ဖြစ်ကြောင်း သင်ပြပေးကြတော့၏...
အစက ဤကိစ္စသည် ရေးကြီးခွင်ကျယ်မဟုတ်လှချေ။ မနက်တွင် ကျောင်းဂိတ်ပေါက်၌ လူများများစားစား မရှိတတ်သောကြောင့်ဖြစ်သည်။ သို့သော် ဤဆရာ၊ ဆရာမများကြောင့် ကျင်းယွင်ကျောင်းနှင့် ပတ်သတ်သော သတင်းသည် ပျံ့နှံ့သွားပြီး ခဏတာမျှ ကျောင်းတစ်ကျောင်းလုံး ရုတ်ရုတ်သဲသဲဖြစ်သွား၏။
ကျင်းယွင်ကျောင်း၏နေ့ရက်များသည် အလွန်တရာပင် အသက်ဝင်သွားတော့သည်။ သူမသည် နိုင်ငံ့ရတနာတစ်ပါးဖြစ်သွားသကဲ့သို့ လူများစွာက သူမအား လာရောက်ဂါရဝပြုကြလေသည်။
လူများစွာရှေ့တွင် ရှုယွမ်ထက်ပြောခဲ့သောစကားများကို လိုင်းပေါ်တင်ကြသောလူများလည်းရှိ၏။ အင်တာနက်ပေါ်တွင် အားလုံးသည် ရှုယွမ်ထက်စကားမှန်မမှန် ငြင်းခုံဆွေးနွေးကြတော့သည်။
လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သောအရာမှာ ကျင်းယွင်ကျောင်းလက်အောက်တွင် ကုမ္ပဏီနှစ်ခုရှိနေခြင်းဖြစ်သည်။
ဤစကားများသည် မြို့တော်ဝန်ရှု၏နှုတ်မှ လာခဲ့သော်လည်း မြို့တော်ဝန်ရှုသည် မိမိတူမဖြစ်သူ ကျင်းယွင်ကျောင်းအား မျက်နှာပန်းလှစေရန်သာ ပြောခြင်းဖြစ်သည်ဟု အများစုက ထင်ကြသည်။ သို့မဟုတ် သူမတွင် အမှန်တကယ် ကုမ္ပဏီတစ်ခုရှိနေလျှင်လည်း ရှုမိသားစုက လက်ဆောင်ပေးခြင်းသာဖြစ်ရပေမည်။
သို့ရာတွင် ကျင်းယွင်ကျောင်းသည် ဤစကားများကို ဂရုမစိုက်ချေ။ သူမသည် ဒီအန်အေစစ်ဆေးချက်အပေါ်သာ အာရုံအပြည့်အဝရှိလေသည်။
နေ့လယ်ခင်းအတန်းဆင်းသောအခါ ကျင်းယွင်ကျောင်းသည် မိုကျန်းယန်ဆီမှ ခွင့်ယူပြီး ဒီအန်အေးစစ်ဆေးရေး စင်တာသို့ တန်းသွားလိုက်၏။
ယနေ့ဖြစ်ပျက်ခဲ့သောကိစ္စများအရ ရှန်ရှီသည် သူမဦးလေးအကြီးနှင့် ဆက်ဆံရေးတစ်ခုခုရှိခဲ့ရမည်။ မဟုတ်လျှင် ကျင်းယွင်ကျောင်းမှာ သိုင်းတတ်ကြောင်း သိထားလျက်ဖြင့်ပင် သူမသည် အခြားသူများအား တိုက်ခိုက်ရန် မစေခိုင်းခဲ့လောက်ချေ။ အက်ဆစ်ပြင်းကြောင့် သူမအသတ်မသေနိုင်သော်ငြား သူမသိက္ခာကို ညှိုးနွမ်းစေနိုင်ပေသည်။ လက်တလောအတွင်း ကျင်းယွင်ကျောင်းကို မသတ်နိုင်သောကြောင့် ဤနည်းလမ်းကိုသာ သုံးနိုင်ပေလိမ့်မည်။
ရှန်တုန်းသာ ရှုမိသားစုအိမ်တွင် ရှိမနေခဲ့လျှင် ယနေ့ခံရမည့်သူမှာ ရှန်တုန်းနှင့် သူမသားဖြစ်နေမည်မှာ သေချာ၏။
ကျင်းယွင်ကျောင်းရောက်လာစဥ်တွင် စစ်ဆေးချက်အဖြေထွက်သည်မှာ မိနစ်ပိုင်းလောက်သာရှိသေး၏။
ရှုဝမ်ချန်းသည် အစက အနည်းငယ်သိချင်စိတ်ပြင်းပြမိသည်။ ကျင်းယွင်ကျောင်း၏လေးနက်တည်ကြည်သော မျက်နှာထားကြောင့် သူသည် ပို၍ပင် သံသယဝင်မိသည်။ ထို့ကြောင့် ဘေးဘီဝဲယာ ကြည့်ရှုပြီးနောက် စာရွက်စာတမ်းဖိုင်အား ဖွင့်ကြည့်လိုက်သည်။ သူမြင်လိုက်ရသောအရာကြောင့် အလွန်ပင် စကားစရှာမရဖြစ်သွား၏။