အခန်း (၁၀၇၇-၁၀၈၀)
Vol. 54 Ch. 1077-1080
Space and Rebirth 1077
စာရွက်စာတမ်းပေါ်တွင် ရေးထားသောနာမည်မှာ သူ၏အစ်ကိုကြီး ရှုယွမ်ထက်ဖြစ်ပြီး အခြားဒီအန်အေနမူနာပိုင်ရှင်မှာ ရှန်ဟုန်ဖြစ်ပေသည်!
ဤနှစ်ဦးသည် သွေးတော်သားစပ်သည်ဟု ကျင်းယွင်ကျောင်းသံသယဝင်နေခြင်းလော? မည်ကဲ့သို့ ဟာသမျိုးပေနည်း?
ရှုဝမ်ချန်းသည် တဒင်္ဂမျှ ကြက်သေသေသွား၏။ ထို့နောက် ဤအရာမှာ ရယ်စရာကောင်းလှသည်ဟု သူထင်မိသည်။ တိတ်တခိုးဖြင့် ခေါင်းကိုခါယမ်းပြီးနောက် နောက်ဆုံးရလဒ်အဖြေကို အကြည့်လွှဲပြောင်းလိုက်သည်။ ရုတ်ချည်းဆိုသလို သူ၏အကြည့်များ အေးခဲသွားပြီး လုံးဝဆွံ့အသွားတော့သည်။
အမှန်တကယ်ပင်....သွေးစပ်နေသည်လော?
သားအဖ?!
အဘယ်သို့ ဖြစ်နိုင်မည်နည်း...
ရှုဝမ်ချန်းသည် လုံးဝစကားစရှာမရဖြစ်နေ၏။ ခေတ္တမျှ စဥ်းစားကြည့်ပြီးနောက် သူသည် ရှုယွမ်ထက်အား ဖုန်းဆက်ကာ ပြောလိုက်သည်။
“အစ်ကိုကြီး၊ အရင်က အစ်ကို့ခယ်မကို တစ်ခါမှ မတွေ့ဖူးဘူးမှတ်လား?”
“ဟမ် မင်းဘာတွေပြောနေတာလဲ?”
ရှုယွမ်ထက်သည်လည်း ဇဝေဇဝါဖြစ်နေသည်။ သူ၏ညီလေး ဘာဖြစ်နေမှန်း သူမသိပါချေ။
ဆေးစစ်ချက်အဖြေအား ကိုင်ထားသော ရှုဝမ်ချန်း၏လက်များ တုန်ယင်နေသည်။
“ဒါဆို သူ့သားက ဘယ်ကရောက်လာတာလဲ? နှစ်ယောက်သား ကြိတ်ပြီး နောက်ကွယ်မှာ တစ်ခုခုဖြစ်ခဲ့ကြလား? ဒါကြောင့် မရီးက နှစ်ပေါင်းများစွာတစ်လျှောက် ရှန်တုန်းကို အိမ်ထဲ ပေးမဝင်ခဲ့တာလား၊ အစ်ကိုတို့နှစ်ယောက်က...”
သူ၏စကားမဆုံးခင်တွင် ရှုယွမ်ထက်သည် ဖုန်းကိုဂွပ်ခနဲချလိုက်၏။ တောင်ရောက်မြောက်ရောက်စကားများကို သူနားမထောင်နိုင်တော့ချေ။
ရှုယွမ်ထက်သည် သူ၏နားထင်ကို ဖိပွတ်လိုက်၏။ သူ၏ညီဖြစ်သူသည် တဖြည်းဖြည်း အဆင်အခြင်မဲ့လာသည်ဟု သူခံစားမိလိုက်သည်။ သူရှုယွမ်ထက်မှာ ထိုမျှလောက် တဏှာကြီးသောလူမဟုတ်ပါပေ။ ထို့အပြင် သူသည် အမျိုးသမီးတစ်ဦးနှင့် အိပ်ချင်လျှင်ပင် ရှန်မျိုးရိုးနာမည်ရှိသောလူကို ရှာမည်မဟုတ်ပေ။ ထိုအမျိုးသမီးနှင့် ကလေးမွေးရန်ဆိုလျှင် ပြောစရာပင်မလိုချေ...
သို့သော် စဥ်းစားကြည့်လိုက်ပါက ရှန်ဟုန်မှာ သူ၏သားဖြစ်လျှင် အမှန်တကယ် ကောင်းလှချေမည်။
ဖုန်းတစ်ဖက်ခြမ်းတွင် ရှုဝမ်ချန်းသည် ကြောင်တိကြောင်အဖြင့် ဖုန်းကို ခေတ္တမျှ ငေးကြည့်နေလေ၏။ သူသည် မျက်မှောင်ကိုကြုတ်၍ ဒီအန်အေစစ်ဆေးချက်စင်တာဘေးမှ စားသောက်ဆိုင်တစ်ဆိုင်သို့ လျှောက်သွားကာ ကျင်းယွင်ကျောင်းလာမည်ကို စောင့်နေလိုက်သည်။
အချိန်ကုန်ဆုံးလာလေလေ သူ၏ရင်ထဲမှ သံသယစိတ်များ တိုးပွားလာလေလေဖြစ်သည်။ ကျင်းယွင်ကျောင်းမှ ချက်ချင်းဆိုသလို သူ၏အရှေ့သို့ ရောက်လာပြီး အရာအားလုံးအား ရှင်းလင်းပြောဆိုမည်ကို မစောင့်ဆိုင်းနိုင်ဖြစ်မိသည်။ ထိုအချိန်တွင် မိမိအစ်ကိုကြီးဖြစ်သူနှင့် ရှန်ညီအစ်မများ၏ ရှုပ်ထွေးသောအရေးကို စဥ်းစားလိုက်သောအခါ သူသည် အမှန်တကယ်ပင် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေ၏။
ဤသတင်းသာပျံ့သွားလျှင် သူ၏အစ်ကိုကြီးဖြစ်သူသည် သိက္ခာညှိုးနွမ်းစရာဖြစ်ပြီး သူ၏အနာဂတ်ကိုပါ ထိခိုက်လာနိုင်သည်။
ရှန်ဟုန်သည် မည်မျှပင် လိမ္မာရေးခြားရှိသော သားငယ်တစ်ဦးဖြစ်စေကာမူ တရားမဝင်ကလေးတစ်ဦးဖြစ်နေလျှင် ရှုမိသားစုသည် လက်ခံမည်မဟုတ်ချေ။
အစ်ကိုကြီးမှ အပြင်လောကမှ မိန်းမနှင့်ကလေးများ ခေါ်လာသည်ကို သူဖြစ်စေ အကြီးအကဲရှုဖြစ်စေ လက်ခံခွင့်ပြုမည်မဟုတ်ပေ။ ဤလုပ်ရပ်သည် အထိန်းအကွပ်မဲ့လွန်းလှသည်မဟုတ်လော။ သူတို့သည် ရှန်ရှီအား မနှစ်မြို့လျှင်ပင် သူတို့နှစ်ဦးသည် လင်မယားဖြစ်နေပြီဖြစ်သောကြောင့် လိုက်နာစရာရှိသည်များကို လိုက်နာရပေမည်။ မည်သို့ပင်ဖြစ်စေ တရားမဝင်ကလေးတစ်ဦးကို လူထုရှေ့ချပြ၍မဖြစ်ပေ။ ဤကဲ့သို့ စာရိတ္တပြသာနာသည် မိမိတို့အဖေအား သေချာပေါက် ဒေါသပေါက်ကွဲစေလိမ့်မည်။ ထိုသို့ဆိုလျှင် အဖေသည် အစ်ကိုကြီးဖြစ်သူ၏နာမည်ကို ရှုမိသားစုသန်းခေါင်စာရင်းထဲမှ ထုတ်ပစ်နိုင်၏။
ရှုဝမ်ချန်းသည် စိတ်မရှည်စွာဖြင့် စောင့်ဆိုင်းရင်း လက်ဖက်ရည်တစ်ခွက်ပြီး တစ်ခွက် သောက်နေတော့သည်။ ကျင်းယွင်ကျောင်းရောက်လာသောအချိန်တွင် သူ၏ခေါင်းပေါ်၌ မငြိမ်းသတ်နိုင်သော မီးလျှံလေးတစ်ခုအား မြင်ရလုနီးနီးရှိနေလေပြီ။
“ရှောင်ကျောင်း ဒါဘာတွေဖြစ်နေတာလဲ? ဒီအန်အေနမူနာနှစ်ခုက တကယ်ပဲ...အစ်ကိုကြီးနဲ့ ရှန်ဟုန်တို့ဟာလား?”
ရှုဝမ်ချန်းသည် စိတ်ပူပန်စွာဖြင့် မေးလိုက်၏။ ကျင်းယွင်ကျောင်းသည် ထိုင်ချိန်ပင် မရလိုက်ချေ။
“အဖြေထွက်လာပြီလား? ဘာတဲ့လဲ?”
ကျင်းယွင်ကျောင်းသည် မေးရင်းဖြင့် သူမဦးလေးအငယ်ဆီမှ စာရွက်များကို ယူလိုက်သည်။
သူမဖွင့်ကြည့်လိုက်သောအခါ တစ်ချက်တည်းဖြင့် ရှင်းလင်းစွာသိသွား၏။ သူမတွင် အံ့သြရိပ်မရှိချေ။
ကျင်းယွင်ကျောင်း၏တုံ့ပြန်ပုံကို မြင်လိုက်ရသောအခါ တစ်ခုခုလွဲနေကြောင်း ရှုဝမ်ချန်း ခံစားမိလိုက်သည်။ သူသည် သုတ်သီးသုတ်ပြာဖြင့် မေးလိုက်၏။
“ရှောင်ကျောင်း၊ အစ်ကိုကြီးက အဲ့လိုလူစားမျိုးမဟုတ်ဘူး၊ ရှန်တုန်းက မရီးရဲ့ ညီမပဲ ဘယ်လိုကိစ္စမျိုးပဲရှိရှိ အစ်ကိုကြီးက သူနဲ့နီးစပ်တဲ့လူနဲ့ ဖောက်ပြန်မှာမဟုတ်ဘူး ပြီးတော့ ရှန်ဟုန်က ရှုယုနဲ့ အသက်အတူတူပဲ၊ ရှန်တုန်းက နိုင်ငံခြားထွက်သွားတာကြာပြီလေ ဒီကိစ္စသာမှန်တယ်ဆိုရင် အစ်ကိုကြီးက ရှန်ရှီကို လက်မထပ်ခင်ကတည်းက ရှန်တုန်းနဲ့ ဆက်ဆံရေးရှိခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေပြီ မဟုတ်ဘူးလား?”
ရှုဝမ်ချန်းသည် ဤအရာကို လက်ခံရခက်နေ၏။
သူသည် မိမိအစ်ကိုကြီးဖြစ်သူအပေါ် အမြဲတစေ ယဥ်ကျေးမှုမရှိသော်လည်း အစ်ကိုကြီး၏လက်ပေါ်တွင် ကြီးလာခဲ့သူဖြစ်သည်။ သူ့အတွက် ရှုယွမ်ထက်ဟူသည်မှာ အစ်ကိုကြီး အဖအရာဖြစ်၏။ အစ်ကိုကြီးဖြစ်သူက ဤသို့လုပ်ရပ်မျိုးလုပ်မည်ဟု သူဘယ်သောအခါမှ ယုံမည်မဟုတ်ချေ။
Space and Rebirth 1078
ရှုဝမ်ချန်းသည် အနည်းငယ်စိတ်ပူပန်သည့်ပုံ ပေါက်နေသည်။ အစောပိုင်းက အစ်ကိုကြီးနဲ့ ပြောခဲ့သောအချိန်ကို ပြန်စဥ်းစားကြည့်လိုက်သည်။ သူ၏အစ်ကိုကြီးအား ရှန်တုန်းနှင့် ဖောက်ပြန်ခဲ့သည်ဟု သူပြောခဲ့စဥ်က အစ်ကိုကြီးသည် အလွန်ပင် ဒေါသထွက်သွားခဲ့သည်။ အစ်ကိုကြီးသည် သူ့အပေါ် အထူးတလည် လိမ်လည်ဖုံးကွယ်စရာအကြောင်း မရှိပါပေ။
“ဦးလေးငယ်၊ ဒီဆေးစစ်ချက်ကို သူတို့ဆံပင်ကို နမူနာယူပြီးလုပ်တာမို့ အတုဖြစ်စရာလုံးဝမရှိဘူး”
ကျင်းယွင်ကျောင်းသည် အသက်ကိုပြင်းပြင်းရှူပြီး စာရွက်စာတမ်းကို သတိထားသိမ်းလိုက်သည်။
“ဆိုလိုတာက အစ်ကိုကြီးက ငါတို့ကိုလိမ်ခဲ့တာပေါ့ ရှန်တုန်းနဲ့ ဖောက်ပြန်ခဲ့တယ်ဆိုတဲ့ သဘောလား?! ဒါမဖြစ်နိုင်တဲ့ကိစ္စပဲ!”
ရှုဝမ်ချန်းမျက်နှာသည် သုန်မှုန်နေသည်။
“ဦးလေးအငယ် သေချာပေါက်အဲ့လို ဘယ်ဟုတ်ပါ့မလဲ!”
ကျင်းယွင်ကျောင်းပြာပြာသလဲရှင်းပြလိုက်၏။
“သမီးမနေ့ညက အန်တီရှန်တုန်းနဲ့ ခဏလောက်စကားပြောခဲ့တယ် သူအဓမ္မကျင့်ခံရပြီး ကိုယ်ဝန်ရသွားတဲ့ကိစ္စကို သမီးကို ကူပြီးစုံစမ်းခိုင်းခဲ့တယ်လေ၊ အဆုံးမှာ သမီးသိလိုက်ရတာက သူတတ်ခဲ့တဲ့ပါတီမှာ ဦးလေးအကြီးလည်း ရှိနေခဲ့တယ်ဆိုတာပဲ၊ ပြီးတော့ အဲဒီပါတီက ဦးလေးအကြီးနဲ့ ရှန်ရှီတို့ အတူအိပ်ခဲ့မိတဲ့ ပါတီဆိုလည်း မမှားဘူး၊ ရှန်ရှီကဘာလို့ အန်တီရှန်တုန်းကို ဒီနှစ်ပေါင်းများစွာတစ်လျှောက် အိမ်ထဲပေးမဝင်ခဲ့လဲဆိုတဲ့ အကြောင်းရင်းကို တွေးကြည့်လိုက်ပြီး ကိုယ့်ဘာသာ မှန်းတွက်ကြည့်လိုက်တာ...”
“သမီး တွက်ကြည့်လိုက်တာဘာလဲ? အစ်ကိုကြီးနဲ့ သူတို့နှစ်ယောက်က...”
ရှုဝမ်ချန်းမျက်နှာသည် အနည်းငယ်ဆိုသလို အသွေးအရောင်စုံသွား၏။ သူသည် ဤအချက်ကို လက်မခံနိုင်ဖြစ်နေပေသည်။
“အဲဒါတင်မကဘူး ရှန်ရှီက လူစားထိုးလိုက်တယ်လို့ သမီးသံသယရှိတယ်”
ကျင်းယွင်ကျောင်းသည် လေးနက်သောမျက်နှာဖြင့် ဆက်ပြောလိုက်သည်။
“အဲဒီအချိန်တုန်းက အန်တီရှန်တုန်းခမျာ ဗီရိုတစ်ခုထဲ အပိတ်ခံရပြီး နာရီပိုင်းလောက် အလင်းရောင်မမြင်ရဘဲ ဖြစ်သွားခဲ့တယ် သူ့ကိုရှာတွေ့တဲ့လူကလည်း ရှန်ရှီဖြစ်နေတော့ ဒါကို ထူးဆန်းလွန်းတယ်လို့ သမီးခံစားမိလိုက်တယ်...”
“ဦးလေးအကြီးက ဆေးခတ်ခံရလို့ ဘာကိုမှမမှတ်မိဘူးလေ၊ ရှန်ရှီနဲ့ ရှန်တုန်းဝတ်ထားတဲ့ အင်္ကျီတွေကလည်း တစ်ထေရာတည်းနီးပါးပဲ ဒီလိုဆိုရင် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဖို့ လွယ်သွားပြီ၊ အခု ရှန်ဟုန်က ဦးလေးရဲ့သားမှန်း သေချာသွားပြီဆိုတော့ ဖြစ်နိုင်ချေနှစ်ခုပဲရှိတယ်၊ ပထမတစ်ခုက ဦးလေးငယ်ပြောသလိုပဲ နှစ်ယောက်လုံးက ဦးလေးအကြီးနဲ့ တစ်ချိန်တည်းမှာပဲ အိပ်ခဲ့ပြီး....ကိုယ်ဝန်ရသွားခဲ့တာ ဒါပေမယ့် ရှန်ရှီက စောစောနိုးလာတာမို့ ရှန်တုန်းကို ဝှက်ထားပြီး နိုင်ငံခြားပို့ခဲ့တယ်၊ ဒုတိယတစ်ခုက အစကတည်းက ဦးလေးအကြီးနဲ့ ရှိခဲ့တဲ့လူက အန်တီရှန်တုန်းပဲ အဲဒါကို ရှန်ရှီသိသွားလို့ ဘယ်သူမှမသိအောင် လုပ်ပြီး သူအစားဝင်ခဲ့တာ”
“အဲဒီအချိန်တုန်းက ပါတီပွဲမှာ ဦးလေးအကြီး ရာထူးတက်တာကို လူတော်တော်များများက ဂုဏ်ပြုနေခဲ့ကြတာမို့ ရှန်ရှီ သတိထားမိမှာ သေချာတယ်၊ ဒါကြောင့်မို့ သူက မကောင်းတဲ့အတွေးတွေ တွေးမိသွားတာဖြစ်မယ်၊ ဒါပေမယ့် အမှန်တရားကို သက်သေပြဖို့ဆိုရင် ရှုယုရဲ့ ဒီအန်အေနမူနာကိုယူပြီး မျိုးရိုးစစ်ကြည့်မှဖြစ်မယ်၊ သူသာ ဦးလေးအကြီးရဲ့ သားမဟုတ်ဘူးဆိုရင် ရှန်ရှီက ရှုမိသားစုကို အနှစ် ၂၀ ကျော် လှည့်စားခဲ့တာပဲ”
ကျင်းယွင်ကျောင်းမျက်နှာသည် မှောင်ရိပ်သန်းနေ၏။ သူမစကားများကြောင့် ရှုဝမ်ချန်း၏နှလုံးသား ပြုတ်ကျလုမတတ်ဖြစ်သွားသည်။
သူမစကားများသာ မှန်ကန်နေလျှင် ရှန်ရှီသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
နှစ်နှစ်ဆယ်ကျော်တိုင်တိုင် သူမသည် အလွန်ကြာမြင့်စွာ သရုပ်ဆောင်နေခဲ့၏!
ရှုဝမ်ချန်းသည် သူ၏ရင်ထဲတွင် အစိုင်အခဲကြီးတစ်ခု ဖြစ်တည်သွားသလို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် ရှုယုသည် အမှန်တကယ်ပင် အစ်ကိုကြီးဖြစ်သူ၏ သားမဟုတ်စေရန် မျှော်လင့်မိသည်။
ဤသတင်းသာ ပျံ့သွားလျှင် ကြားကောင်းနိုင်စရာမရှိပေ။ အစ်ကိုကြီးသည် တစ်ချိန်တည်းတွင် ညီအစ်မများဖြစ်သော အမျိုးသမီးနှစ်ဦးနှင့် အိပ်ခဲ့ပြီး ကလေးနှစ်ဦးကို တစ်ပြိုင်နက်တည်း မွေးခဲ့ကြောင်း လူအများကသိသွားလျှင် အစ်ကိုကြီးတစ်ဘဝစာလုံး ကဲ့ရဲ့ခံရပေတော့မည်။
ရှုမိသားစုသည် အမြဲတစေ အပြောအဆိုကင်းလွတ်ခဲ့သော မိသားစုဖြစ်သည်။ သူတို့လုပ်သမျှထဲတွင် ရှက်စရာအကောင်းဆုံးအရာဟူ၍ ရှုယုအတွက် ပြသာနာများကို လိုက်လံဖြေရှင်းပေးပြီး သူတက္ကသိုလ်တက်ရန် အနောက်တံခါးမှဝင်နိုင်အောင် စီစဥ်ပေးခဲ့ခြင်းဖြစ်သည်...
အစ်ကိုကြီးသည် အမြဲတစေ သူ့ကိုယ်သူ အာရုံစိုက်ခဲ့၏။ သူ၏အပြုအမူနှင့် နာမည်ဂုဏ်သတင်းကို ထိန်းသိမ်းပြီး အလွန်စည်းကမ်းကြီးကာ တည်ကြည်ခဲ့သည်။ သို့သော် ဤတစ်ခေါက်တွင်မူ သူသည် ဆိုးဆိုးရွားရွားပင် ကျရှုံးသွားချေပြီ။ လူများသိသွားသည်နှင့် သူသည် မြစ်ဝါထဲသို့ ခုန်ဆင်းလျှင်ပင် မိမိနာမည်ကို အဖတ်ဆယ်နိုင်မည်မဟုတ်ချေ။
သို့သော်...
မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ဤကိစ္စမှာ နောက်ဆက်တွဲအကျိုးဆက်များအပေါ်သာ မူတည်ပေသည်။ သူသည် ရှန်ရှီအား နှစ်နှစ်ဆယ်ကျော် လက်ထပ်ပေါင်းသင်းခဲ့သည်မဟုတ်လော။ အဆုံးသတ်မှာ သွားနှင့်ပေပြီ...
Space and Rebirth 1079
ရှုဝမ်ချန်း ပူဆွေးမိသွားသည်။ သူသည် အကြိမ်အနည်းငယ်ခန့် သက်ပြင်းချပြီးမှသာ အသိစိတ်ကို ပြန်လည်ထိန်းချုပ်နိုင်တော့၏။
“ရှောင်ကျောင်း ဦးလေးတို့ ဘာဆက်လုပ်ကြမလဲ?”
ရှုဝမ်ချန်းသည် ခေတ္တမျှတွေးပြီးနောက် ဆက်ပြောလိုက်သည်။
“ရှုယုသာ အစ်ကိုကြီးရဲ့သားဖြစ်နေရင် ဒီကိစ္စကို....ဦးလေးတို့ ဘယ်လိုဖြေရှင်းကြမလဲ?”
ကျင်းယွင်ကျောင်း၏မျက်လုံးများ လက်သွားသည်။
“ဦးလေးငယ် သမီးပြောတာကို တကယ်နားထောင်ပေးမလား?”
ကျင်းယွင်ကျောင်းသည် အဓိပ္ပာယ်ဖော်ရခက်စွာဖြင့် မေးလိုက်၏။
“နားထောင်မှာပေါ့”
ရှုဝမ်ချန်း ချက်ချင်းပြောလိုက်သည်။
ကျင်းယွင်ကျောင်းပြုံးလိုက်၏။ သို့သော် ထိုအပြုံးတွင် ရက်စက်သောဟန်ပန်များ ရှိနေလေသည်။
“ရှန်ရှီကို အသက်ရှင်လျက်မထားနိုင်ဘူး၊ ရှုယုက ဦးလေးအကြီးရဲ့သားဖြစ်ဖြစ် မဖြစ်ဖြစ် ရှန်ရှီသေမှဖြစ်မယ်၊ ရှုယုဆိုတာ ဦးနှောက်မရှိတဲ့ကောင်ပဲ သူ့မျိုးရိုးနာမည်က ရှုဖြစ်နေသရွေ့ သူ့ကိုကိုင်တွယ်ဖြေရှင်းဖို့ လွယ်ပါတယ်၊ တစ်နေ့ကို ထမင်းသုံးနပ်ကျွေးရုံပဲလေ၊ သူကအခု ဒုက္ခိတလည်းဖြစ်နေပြီဆိုတော့ သူပြသာနာရှာမှာကို စိတ်ပူစရာမလိုဘူး၊ သူနေဖို့ နေရာတစ်နေရာရှာရင်ရပြီ၊ အန်တီတုန်းအတွက်ကတော့...ရှန်ဟုန်က ဦးလေးကြီးရဲ့ သားဆိုတာကို သူမသိသေးဘူး အန်တီတုန်းစရိုက်နဲ့ဆိုရင် မြို့ဝန်ကတော်နေရာကို သူစိတ်မဝင်စားလောက်ဘူး၊ ဦးလေးအကြီးနဲ့ အတူနေချင်လား မနေချင်ဘူးလားဆိုတာက သူ့သဘောပဲ”
ရှုဝမ်ချန်း လန့်ဖျပ်သွားသည်။ အမြဲတစေ လောကီရေးရာများနှင့် သီးသန့်နေတတ်သူ ကျင်းယွင်ကျောင်းသည် ဤစကားများကို ပြောလိမ့်မည်ဟု သူမထင်ခဲ့ချေ။
သူမမျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသဖြင့် သူမနောက်ပြောင်နေခြင်း မဟုတ်တန်ရာ။
“ရှောင်ကျောင်း၊ သမီးက...လူသတ်ဖူးတာလား?”
သူမသာ လူမသတ်ခဲ့ဖူးလျှင် ဤမျှလောက် တည်ငြိမ်အေးဆေးစွာဖြင့် မပြောနိုင်လောက်ပေ။
လူတစ်ဦး၏လက်တွင် သွေးစွန်းဖူးလျှင် ထိုလူသည် သတ်ဖြတ်လိုစိတ်များ အနည်းနှင့်အများဆိုသလို ရှိပေလိမ့်မည်။ သာမန်ခြိမ်းခြောက်မှုများနှင့် လုံးဝကွဲပြားနေပေသည်။
ဣန္ဒြေရှိပြီး တည်ငြိမ်ဟန်ရသော်လည်း လူများအား ကျောချမ်းစေနိုင်သော လီရှောက်ယွင်နှင့် သူမသည် တစ်ပုံစံတည်းဖြစ်၏။ လီရှောက်ယွင် ထိုသို့ဖြစ်နေရခြင်းမှာ လူများစွာကို သတ်ခဲ့ဖူးသောကြောင့်ဖြစ်သည်ဟု သူသေချာသိနေလေသည်။
သူသည် အခြားသူများကို သိပ်ဂရုမစိုက်သော်လည်း မကြာသေးမီကမှ လူကြီးဖြစ်ထားသော သူ၏အဖိုးတန်တူမလေးက လူတစ်ဦးဦးကို သတ်ခဲ့ဖူးသည်ဟု ကြားလိုက်ရသောအခါ အနည်းငယ်နေရခက်မိပေသည်။
သူတို့ရှိနေသော စားသောက်ဆိုင်သည် သိပ်ရောင်းမကောင်းသဖြင့် အနီးအနားတွင် လူတစ်ဦးမှ မရှိချေ။
ရှုဝမ်ချန်း၏စကားများကြောင့် လေထုပင် အနည်းငယ်သိပ်သည်းလေးလံသလို ဖြစ်သွား၏။
“ဦးလေးငယ် ဒီနေ့တင် သမီးလူတစ်ယောက်ကို ရှင်းခဲ့တယ်”
ကျင်းယွင်ကျောင်းသည် ခေါင်းကိုငုံ့ကာ သူမရှေ့မှောက်ရှိခွက်မှ ထွက်လာသော အခိုးငွေ့များကို ကြည့်နေလိုက်သည်။ ထို့နောက် သူမသည် တီးတိုးစွာ ပြောလိုက်၏။
“သမီးသာ တခြားလူတွေကို မသတ်ရင် သမီးအသတ်ခံရမယ့် အခြေအနေလေ သမီးက ဦးလေးထင်သလို အပြစ်ကင်းဖြူစင်နေတဲ့လူမဟုတ်ဘူး ဦးလေးငယ်၊ သက်တူရွယ်တူမိန်းကလေးတွေထက် ပိုကောက်ကျစ်ပါးနပ်တယ် အဲဒါအမှန်တရားပဲ သမီးတစ်ခါမှ မငြင်းဖူးဘူး လူတစ်ယောက်ကို သတ်တာဖြစ်ဖြစ် အကွက်ချချောက်တွန်းတာဖြစ်ဖြစ် သူတို့နဲ့ ထိုက်တန်တဲ့ဟာကို အမြဲလုပ်ခဲ့ဖူးတယ်”
ရှုဝမ်ချန်း နှလုံးတုန်သွားသည်။
သူ၏တူမလေးမှာ မှားသည်ဟု သူမထင်ပါပေ။ သို့သော် အသက်အရွယ်နှင့်မလိုက်အောင် အရာများစွာကို တွေ့ကြုံခဲ့ရသည်ဟု သူခံစားမိခြင်းသာဖြစ်၏။
“ဒီနေ့ဘာဖြစ်ခဲ့တာလဲ? သမီးကို တစ်ယောက်ယောက်က တိုက်ခိုက်ခဲ့တာလား?”
ရှုဝမ်ချန်းသည် နှလုံးသား၏နာကျင်မှုကို မြိုသိပ်ပြီး မေးလိုက်သည်။
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။
“အကြောင်းရင်းမရှိဘဲ ဖြစ်ခဲ့တာဆိုတော့ သေချာပေါက်ရှန်ရှီလက်ချက်ပဲ”
“တရားခံက သေသွားပါပြီ သူဘယ်သူလဲဆိုတာကိုလည်း စစ်ဆေးပြီးသွားပြီ၊ အဲဒီလူက အလောင်းအစားကြိုက်ပြီး လူမိုက်တွေဆီမှာ အကြွေးအများကြီးတင်နေခဲ့တယ်တဲ့၊ ရှန်ရှီက ဒီအချက်ကိုအသုံးချပြီး သမီးကို တိုက်ခိုက်ခိုင်းလိုက်တာြဖစ်မယ်၊ အဲဒီအချိန်တုန်းက သူသာ သမီးကို ဒဏ်ရာရအောင်လုပ်နိုင်ရင် အများဆုံးဖြစ်လှ ထောင်ပဲကျမှာ၊ ထောင်ထဲမှာ အစာရေပြည့်စုံသလို တခြားလူတွေ သူ့နောက်လိုက်မှာကိုလည်း စိတ်ပူစရာမလိုဘူး၊ သူသာ ထောင်ကလွတ်တာနဲ့ ငွေပမာဏတစ်ခုရမယ်လို့ တစ်ယောက်ယောက်က ကတိပေးထားခဲ့ရင် သူလည်း သေချာပေါက် သဘောတူခဲ့မှာပဲ၊ သမီးက သူ့ကိုအသက်ရှင်ခွင့်မပေးဘဲ နေလိမ့်မယ်လို့ သူမထင်ထားခဲ့လောက်ဘူး”
ကျင်းယွင်ကျောင်းခနဲ့သံ ပြုလိုက်သည်။
“ဦးလေးငယ် ရှန်ရှီရဲ့အနောက်မှာ တစ်ယောက်ယောက်ရှိနေတယ်လို့ သမီးထင်တယ် အဲဒီလူက အာဏာနည်းနည်းရှိပုံပဲ ဦးလေးကြီးရဲ့ ပထမဆုံးရန်သူဖြစ်ဖို့ များတယ်”
“ပြီးတော့ ရှုယုသာ ဦးလေးကြီးရဲ့ သားမဟုတ်ဘူးဆိုရင် သူက ပွဲက တခြားယောက်ျားတစ်ယောက်ရဲ့သားပဲ၊ ပြီးတော့ အဲဒီပွဲကို တက်နိုင်ခဲ့တဲ့သူတွေကလည်း...အထက်တန်းလွှာလူကုံထံနဲ့ သူဌေးသူကြွယ်တွေချည်းပဲ”
ကျင်းယွင်ကျောင်းထပ်မံ သုံးသပ်လိုက်ပြန်၏။
Space and Rebirth 1080
ရှုဝမ်ချန်းသည် ကျင်းယွင်ကျောင်း၏စကားများကို ကြားပြီးသောအခါ ခေါင်းငြိမ့်လိုက်သည်။
“သူ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတာ အစ်ကိုကြီးက သိပြီးနေလောက်ပြီ ဘယ်သူလဲဆိုတာပဲ သေချာမသိသေးတာဖြစ်မယ်”
ရှုဝမ်ချန်း ပြန်ဖြေလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အရင်ဆုံး ရှုယုမျိုးရိုးကို သိမှဖြစ်မယ်၊ ဒီကိစ္စမှာ သမီးဝင်ပတ်သတ်စရာမလိုဘူး၊ သမီးဦးလေးက ရှုမိသားစုဝင်တစ်ယောက်ပဲ ရှန်ဟုန်ဆီကတောင် ဆံပင်နှုတ်ရလွယ်တာဆိုတော့ ရှုယုဆီက ယူဖို့လည်း မလွယ်ဘူးလား? ရှုယုဆေးစစ်ချက်အဖြေသာ ထွက်ရင် အစ်ကိုကြီးရော မင်းအဘိုးကိုရော ငါတို့ပြောပြရမယ်”
ရှုဝမ်ချန်းသည် အလွန်တွေးခေါ်တတ်လေ၏။ အကြိမ်ပေါင်းများစွာ ဆက်တိုက်ခံစားရသည်ထက် အရာအားလုံးကို တစ်ပြိုင်နက်တည်းတွင် ခံယူလိုက်သည်က ပိုကောင်းသည်ဟု ဆုံးဖြတ်လိုက်သည်။
သူလို အပြင်လူတစ်ဦးပင် ထိတ်လန့်သွားသည်ဖြစ်ရာ ကိစ္စထဲ ပါဝင်ပတ်သတ်နေသော အစ်ကိုကြီးဆိုလျှင် ပြောစရာမလိုပေ။
ကျင်းယွင်ကျောင်းလည်း ဤအရာကို သဘောတူလိုက်သည်။
နှစ်ဦးသားသည် အတူတကွ အိမ်ပြန်လိုက်ကြ၏။ ဤအမှန်တရားကို သိရှိပြီးနောက် နှစ်ဦးသား၏မျက်လုံးထဲတွင် ရှန်ဟုန်သည် ပို၍ပင် အကောင်းမြင်စရာဖြစ်သွားတော့သည်။
ရှုယုမှာမူ ခြေထောက်အလုပ်မလုပ်တော့သည့် အချိန်မှစ၍ သူ၏ပုံစံမှာ များစွာသုန်မှုန်သွား၏။ နှစ်ဦးသားအိမ်ပြန်ရောက်လာသောအခါ ရှုယုသည် လေသေနတ်တစ်လက်အား ကိုင်ထားပြီး လေပေါ်သို့ တရစပ်ပစ်နေခဲ့လေသည်။ ကျင်းယွင်ကျောင်းသည် ၎င်းကိုမြင်သောအခါ သူမမျက်နှာ မှောင်ရိပ်သန်းသွားသည်။
တံခါးအရှေ့တွင် ဟယ့်ဒိသည် လေသေနတ်၏ ကျည်ဆန်များကို ရှောင်ရှားရင်း တစ်ပင်ပြီးတစ်ပင် ကူးလူးပျံသန်းနေသည်ကို သူမမြင်လိုက်ရသောကြောင့်ဖြစ်၏။ လေသေနတ်သာဖြစ်သော်လည်း သတ္တဝါငယ်များကို သေစေနိုင်ပေသည်။ သစ်ပင်ပေါ်တွင် သေနတ်ရာများ ကျန်နေခဲ့သဖြင့် ထိုကျည်ဆန်များသာ ဟယ့်ဒိကို ထိခဲ့လျှင် မည်သည့်ရလဒ်မျိုးထွက်မည်ကို ပြောစရာမလိုချေ။
ကျင်းယွင်ကျောင်းပေါ်လာသောအခါ ဟယ့်ဒိသည် လျင်မြန်စွာဖြင့် သူမပုခုံးပေါ်သို့ ပျံသန်းလာပြီး ဝမ်းနည်းသောဟန်ပန်ဖြင့် သူမလည်တိုင်အား ကုပ်ဖက်တွယ်လိုက်၏။
နောက်တစ်ခဏချင်းတွင် ရှုယုသည် လေသေနတ်အား ထပ်မံချိန်ရွယ်လိုက်ပြန်သည်။ သို့သော် ဤတစ်ခေါက်တွင် သူပစ်တော့မည့်သူမှာ ကျင်းယွင်ကျောင်းဖြစ်နေလေ၏။
“ဖြောင်း” ဟူသောအသံဖြင့် ကျည်ဆန်သည် သူမထံသို့တည့်တည့် ပျံသန်းလာခဲ့သည်။ အနီးအနားမှလူများသည် ၎င်းကိုမြင်သောအခါ ချက်ချင်းဆိုသလို ထိတ်လန့်သွားကြသည်။ ကျင်းယွင်ကျောင်းမျက်နှာမှာမူ အေးစက်နေ၏။ မျက်စိတစ်မှိတ်အတွင်း သူမသည် လက်ကိုမြှောက်ကာ သူမ၏ချီစွမ်းအင်ကို စုလိုက်သည်။ သူမသည် ထိုလေသေနတ်ကျည်ဆန်အား သူမလက်ဖဝါးထဲတွင် ဖမ်းဆုပ်လိုက်ကာ ရှုယုဆီသို့ ပြန်ပစ်လိုက်၏။
ချက်ချင်းဆိုသလို ကျည်ဆန်သည် ရှုယု၏လက်ကောက်ဝတ်ကို ထိသွားတော့သည်။ နာကျင်မှုကြောင့် ရှုယုလက်ထဲရှိ လေသေနတ်သည် မြေပြင်ပေါ်သို့ ကျသွားလေသည်။
ကျင်းယွင်ကျောင်းသည် သူ့ထံသို့ လျှောက်သွားလိုက်သည်။
“အစ်ကိုက ဒီလောက်အသက်ကြီးနေတာတောင် ဘာလို့ ဟယ့်ဒိကို အနိုင်ကျင့်နေတာလဲ?”
“ငါက ရှုမိသားစုရဲ့ သခင်လေးပဲ အရေးမပါတဲ့ ကျီးကန်းတစ်ကောင်နဲ့တောင် ဆော့လို့မရဘူးလား? ငါကလူ သူကတိရစ္ဆာန် ငါသူ့ကိုမသတ်နိုင်စရာ ဘာအကြောင်းရှိလဲ?!”
ရှုယုသည် သူ၏လက်မောင်းကို ဆုပ်ကိုင်ရင်း ကြိမ်းမောင်းအော်ဟစ်လိုက်၏။
“မင်းကတိရစ္ဆာန် မင်းကတိရစ္ဆာန်!”
ဟယ့်ဒိ ပြန်ပက်လိုက်၏။
ဤစကားများကြောင့် ရှုယု လန့်ဖျပ်သွားသည်။ ရှုဝမ်ချန်းပင်လျှင် အံ့အားသင့်သွား၏။
ကျင်းယွင်ကျောင်းသည် ကျောင်းပိတ်သည့်အချိန်မှစ၍ ဟယ့်ဒိအား ရှုမိသားစုအိမ်တွင် ထိန်းသိမ်းထားခဲ့သည်။ ပုံမှန်အားဖြင့် ၎င်းသည် ကျင်းယွင်ကျောင်းနှင့်အတူနေတတ်၏။ တစ်ခါတစ်ရံတွင် အပြင်ဘက်ရှိ ကျီးကန်းများကို ကြည့်သောအချိန်၌ သူသည် အလွန်မောက်မာသောအကြည့်ဖြင့် ကြည့်တတ်လေသည်။ သူ၏အတောင်များမှ ထွက်ပေါ်နေသော ရွှေခရမ်းရောင် အလင်းတန်းများသည် အလွန်ပင် အာဏာရှင်ဆန်လှသည်။ သို့ရာတွင် ဤငှက်တွင် ထူးဆန်းသောစရိုက်တစ်မျိုးရှိပေသည်။ သူသည် အများအားဖြင့် ကျင်းယွင်ကျောင်းနှင့်သာ ပွတ်သီးပွတ်သပ်နေပြီး အခြားသူများက ကျွေးသောအစာကို စားလေ့မရှိသလို အခြားသူများကခေါ်လျှင်လည်း မလာတတ်ချေ။
ထို့ကြောင့် ၎င်း၏နှုတ်မှ ရုတ်ချည်းဆိုသလို လူစကားထွက်လာသောအခါ အခြားသူများ မထိတ်လန့်မိဘဲ မနေပေ။
“တွေ့လား တိရစ္ဆာန်တစ်ကောင်တောင် လူတွေကို ပြန်ပြောတတ်နေတာပဲ၊ ကျင်းယွင်ကျောင်း မင်းငါ့ကိုဘာထင်နေလဲ? ငါကဒုက္ခိတဖြစ်နေပေမယ့် မင်းအစ်ကိုတစ်ယောက်ဖြစ်နေတုန်းပဲ၊ အနာဂတ်မှာ ရှုမိသားစုထဲက အရာအားလုံး ငါ့လက်ထဲ ရောက်လာမှာကွ မင်းကိုယ်မင်းဘာထင်နေလဲ?!”
ရှုယုသည် ကျင်းယွင်ကျောင်းနှင့်ပတ်သတ်လာလျှင် ယဥ်ကျေးမှုမျက်နှာဖုံးမှန်သမျှကို ခွာချနှင့်လေပြီ။ ရှုမိသားစုသည် သူ့အား ဘာမှလုပ်တော့မည်မဟုတ်ကြောင်း သိနေသဖြင့် စိတ္တဇဆန်ဆန်ဖြင့်သာ ပြုမူတော့၏။
ကျင်းယွင်ကျောင်းသည် သူ့အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဟယ့်ဒိသည် ကျင်းယွင်ကျောင်းအပေါ် ထားရှိသော ရှုယု၏မလိုမုန်းတီးမှုကို ခံစားရဟန်တူသည်။ သူသည် ချက်ချင်းဆိုသလို တောင်ပံများကိုခတ်ပြီး ရှုယုထံ တစ်ဟုန်ထိုး သွားလိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို သူ၏လက်သည်းများဖြင့် ရှုယု၏လည်တိုင်ကို ပြင်းထန်စွာ ကုပ်ဆွဲလိုက်ပြီး လေပေါ်သို့ ပျံတက်လိုက်သည်။ ရှုယုလည်ပင်းပေါ်တွင် ထိတ်လန့်စရာ သွေးသံတရဲရဲ ကုတ်ရာများ ပေါ်ပေါက်လာတော့သည်။ ချက်ချင်းဆိုသလို အနီရောင်သွေးများ စီးကျလာ၏။
ဟယ့်ဒိသည် မကြာခဏဆိုသလို လေ့ကျင့်ရန်အတွက် ကျင်းယွင်ကျောင်း၏နေရာလွတ်နယ်မြေထဲသို့ သွားရလေ့ရှိသည်။ သူသည် နေရာလွတ်နယ်မြေ၏ စမ်းရေပြာကို သောက်သုံးပြီး နေရာလွတ်နယ်မြေ၏ ဆေးဖက်ဝင်အစေ့များနှင့် အခြားသက်ရှိသတ္တဝါများကို စားသုံးခဲ့လေသည်။ သူသည် နေရာလွတ်နယ်မြေ၏ ရေကန်ထဲတွင်ပင် ငါးသွားဖမ်းစားတတ်သေး၏။ ထို့ကြောင့် သူ၏တိုက်ခိုက်ရေးအားမှာ မသေးလှချေ။