အခန်း (၁၀၈၁-၁၀၈၄)
Vol. 55 Ch. 1081-1084
Space and Rebirth 1081
နေရာလွတ်နယ်မြေထဲတွင် ဆေးဖက်ဝင်အင်းဆက်ကောင်များနှင့် အပင်များရှိသည်သာမက ကျင်းယွင်ကျောင်းမှလည်း ဆေးဖက်ဝင်သတ္တဝါများ၊ ခြံမွေးတိရစ္ဆာန်အချို့နှင့် မြွေများ၊ ကြွက်များ၊ ပုရွတ်ဆိတ်များကိုပါ ထည့်ထားသေးသည်။ နေရာလွတ်နယ်မြေသည် ကျယ်ဝန်းလွန်းသဖြင့် ကမ္ဘာအသစ်တစ်ခုနှယ်ဖြစ်နေလေသည်။
ဟယ့်ဒိသည် နေရာလွတ်နယ်မြေထဲသို့ ဝင်တိုင်း အဆိပ်ပြင်းမြွေများ၊ ဆေးဖက်ဝင်အကောင်များနှင့် အခြားအန္တရာယ်ရှိသတ္တဝါများနှင့်အတူ ပျံသန်းတိုက်ခိုက်တတ်၏။ အကြိမ်တိုင်းဆိုသလို သူသည် အောင်မြင်မှုကို ဆွတ်ခူးပြီး ပြန်လာစရမြဲဖြစ်သည်။
ကျင်းယွင်ကျောင်းမလာခင်တွင် ဟယ့်ဒိသည် ရှုယုအား မတိုက်ခိုက်ခဲ့ချေ။ သူသည် ရှုယုအား ရေလိုက်ငါးလိုက်သာ နေခဲ့သည်။ သူသာ လုပ်ချင်သောစိတ်ရှိခဲ့လျှင် ရှုယုအား နှုတ်သီးဖြင့် ပေါက်သတ်နှင့်လေပြီ။
ဤတစ်ခေါက်တွင် ရှုယုသည် ထပ်မံဒဏ်ရာရချေပြီ။ သူ၏လည်ပင်းမှ သွေးပူပူနွေးနွေးစီးဆင်းလာကြောင်း ခံစားမိလိုက်သောအခါ သူ၏မျက်နှာပြောင်းသွား၏။
“တိရစ္ဆာန်တစ်ကောင်နဲ့များ ငါ့ကိုကုတ်ခိုင်းရဲတယ်?!”
ရှုယုသည် ရူးမတတ်ဖြစ်နေပြီး သူ၏မျက်လုံးများမှာ ဒေါသဖြင့် ပြည့်နှက်နေသည်။
“ဒီမိသားစုထဲမှာ ငါကတိရစ္ဆာန်တစ်ကောင်နဲ့တောင် ယှဥ်လို့မရဘူးလား?! ကောင်းပြီလေ ကောင်းတယ် ဦးလေးငယ် ခုနက သူ့အကောင်ကိုသုံးပြီး ကျွန်တော့်ကိုသတ်ဖို့ လုပ်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေတာပေါ့လေ၊ ကျွန်တော်မသေမချင်း ဦးလေးတို့ မကျေနပ်ဘူးမှတ်လား?!”
ရှုဝမ်ချန်း မျက်မှောင်ကြုတ်လိုက်သည်။
“ဟယ့်ဒိက ရှောင်ကျောင်းရဲ့ အိမ်မွေးတိရစ္ဆာန်မှန်း သိရက်နဲ့တောင် မင်းက သူ့ကိုလေသေနတ်နဲ့ သတ်ဖို့လုပ်ခဲ့သေးတာပဲ မင်းအမှားကို မင်းဘာလို့ မသိတာလဲ?!”
သူသည် ရှုယုအား ကြည့်လေလေ အစ်ကိုကြီးဖြစ်သူ၏ သားမဟုတ်ကြောင်း ခံစားရလေလေဖြစ်သည်!
ယခင်က ရှုယုသည် အဘယ်ကြောင့် ဉာဥ်ဆိုးနေရကြောင်း သူသည် တွေးတောမိ၏။ ရှုမိသားစုသည် ကလေးများ၏ ပညာရေးနှင့်ပတ်သတ်လာလျှင် အမြဲတစေ အာရုံစိုက်တတ်ပြီး မျိုးဆက်တိုင်းတွင် ဤကဲ့သို့လူမျိုးတစ်ဦးမှ မရှိခဲ့ဖူးချေ။ မိမိအစ်ကိုကြီးဖြစ်သူနှင့် အဖေ၏ ပြင်းထန်သောဖိအားအောက်တွင် ဤကဲ့သို့လူမျိုးအား အဘယ်သို့ပျိုးထောင်ခဲ့သနည်း။ ယခုမှသာ သူသည် နားလည်သွားတော့သည်။
သူသည် ရှန်ရှီ၏ မကောင်းသောဉာဥ်ကို အမွေခံခဲ့ခြင်း ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် ရှုမိသားစု၏မျိုးဆက်မဟုတ်သောကြောင့်ပင်!
“ကျွန်တော်ဘာမှားလို့လဲ ဦးလေးတို့ကမှ မှားတာ! အမြဲတမ်း ကျွန်တော့်ကို အထင်သေးပြီး ငယ်ငယ်ကတည်းက အဲဒီအရေးမပါတာတွေ လေ့လာခိုင်းတယ် ဒီခေတ်က ဘယ်ခေတ်ရှိနေပြီလဲ? အခုချိန်ထိ တရားမျှတမှုတွေ အကျင့်စာရိတ္တအကြောင်းတွေ သြတ္တပတရားတွေအကြောင်း ပြောနေတုန်းလား? အမြဲတမ်း မိသားစုစည်းကမ်းတွေ၊ ဘိုးဘေးအဆုံးအမတွေဆိုတာကို သုံးပြီး ကျွန်တော့်ကိုဖိအားပေးတယ်၊ ကျမ်းစောင်တွေကိုပါ ဖတ်ခိုင်းခဲ့တယ်လေ ကျွန်တော်က ဘုန်းကြီးလား? ဘာလို့ ရှေးဟောင်းကျမ်းတွေကို ဖတ်ရမှာလဲ?!”
“ကျွန်တော်က ကြိုက်တာဆိုလို့ မိန်းမပဲရှိတာ၊ လူသတ်ခဲ့တာလည်းမဟုတ်ဘူး အဖေနဲ့ဦးလေးက ကျွန်တော့်ကို အမြဲရိုက်နှက်ဆူပူပြီး ဟေ့ကျိုးလိုနေရာမျိုးကို ပို့ခဲ့တယ်! အဲဒီမှာ ကျွန်တော်ဘယ်လိုဘဝမျိုးကို နေခဲ့ရလဲသိလား? ကျွန်တော်အချိန်မရွေး သေသွားနိုင်တယ်ဆိုတာ သိကြလား? ဟုတ်ပြီလေ ကျွန်တော်ကတော့ ခြေမကျိုးလက်မကျိုးနဲ့ ပြန်လာနိုင်ခဲ့ပေမယ့် ဦးလေးတို့ကတော့ ဘာလုပ်ခဲ့လဲ? ခွေးမတစ်ကောင်အတွက်နဲ့ အဖေက ကျွန်တော့်ခြေထောက်ချိုးနေတာကို လက်ပိုက်ကြည့်နေခဲ့တယ်! ကျွန်တော်အခု လမ်းမလျှောက်နိုင်တော့ဘူးလေ အခုကျေနပ်ပြီလား?”
“ကျင်းယွင်ကျောင်း မင်းက တကယ့်ဂြိုဟ်ဆိုးပဲ မင်းမလာခင်တုန်းက အားလုံးသာယာနေခဲ့တာ၊ ငါ့ကိုဒီလိုဖြစ်အောင်လုပ်တာ မင်းနဲ့မင်းသူငယ်ချင်းကောင်မတွေပဲ အဖေက အမေ့ကိုအနိုင်ကျင့်နေတာလည်း မင်းကြောင့်ပဲ မင်းလိုခွေးမမျိုးက အပြင်မှာ သေသွားခဲ့ရမှာ!”
ရှုယုသည် သူ၏သွေးစွန်းနေသောလက်အား ကျင်းယွင်ကျောင်းထံ ငေါက်ငေါက်ထိုးကာ တရစပ်အော်ဟစ်လိုက်သည်။
သူ၏နီမြန်းနေသော မျက်လုံးများမှာ ကြောက်စရာကောင်းလွန်းသဖြင့် အစေခံများဆိုလျှင် မော်ပင်မကြည့်ရဲချေ။ ရှန်ရှီသည် အိမ်တွင်ရှိဟန်မတူချေ။ မဟုတ်ပါက သူမသည် ယခုအချိန်၌ သူမ၏သားပေါက်အား ကာကွယ်ရန် အပြေးအလွှား ရောက်လာခဲ့ချေမည်။
ရှန်တုန်းနှင့် ရှန်ဟုန်သည် ရှိနေကြသော်လည်း အစေခံများမှ သူတို့အား ဆယ်မီတာအကွာတွင် တားထားခဲ့ကြ၏။ ရှုယုသည် သူ၏ငှက်အမဲလိုက်ခြင်းအား အနှောင့်အယှက်မပေးရန် အစေခံများအား မှာကြားထားခြင်းဖြစ်မည်။ နှစ်ဦးသားသည် ဧည့်သည်များဖြစ်ပြီး ရှုယုမှာ ရှုမိသားစု၏သခင်လေးဖြစ်နေသေးသဖြင့် အစေခံများမှာ ရှုယု၏စကားအား လွန်ဆန်နိုင်ခြင်းမရှိပေ။
“ဘယ်သူမှ မသေဘူးဆိုတိုင်း ဘာမှမဖြစ်တော့ဘူးလား? မိန်းကလေးတွေကို အရာဝတ္ထုလိုမျိုး ဆော့နေတာ မှန်တယ်လို့ထင်နေလား? အစ်ကိုကတကယ် ငါ့အမြင်တွေ ပွင့်လင်းအောင်လုပ်ပေးနေတာပဲ”
ကျင်းယွင်ကျောင်းခနဲ့သံပြုလိုက်သည်။
“အပြင်မှာ မသေဘဲ ပြန်လာနိုင်ခဲ့လို့ အရမ်းဝမ်းသာတာပဲ၊ ပြန်လာလက်စနဲ့ နင့်ရဲ့ လူယုတ်မာလုပ်ရပ်တွေကို ငါဆက်ခွင့်ပြုတော့မှာမဟုတ်ဘူး! ရှုမိသားစုရဲ့ ဂုဏ်သိက္ခာရော၊ အမွေအနှစ်တွေရော နင်လိုလူမျိုးရဲ့ လက်ထဲရောက်လို့မဖြစ်ဘူး!”
“ငါ့လက်ထဲမရောက်လို့ ဘယ်သူ့လက်ထဲရောက်မှာလဲ မင်းအမွေရမယ်ထင်နေလား? မင်းမျိုးရိုးနာမည်က ကျင်း ကွ၊ ဟက် မင်းရဲ့မျိုးရိုးနာမည်တောင် အတုဖြစ်ချင်ဖြစ်မှာ၊ မင်းက မင်းအမေနဲ့ ဘယ်ကလာမှန်းမသိတဲ့ သူစိမ်းယောက်ျားတစ်ယောက်ရဲ့ကလေးပဲ မင်းလိုမျိုး အဖေမပေါ်တဲ့ကလေးက ဘယ်လိုလုပ် ရှုမိသားစုနဲ့ ထိုက်တန်မှာလဲ?!”
Space and Rebirth 1082
ရှုယု၏မျက်လုံးများသည် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ သူသည် စကားကို မဆင်မခြင်ပြောလိုက်မိ၏။ ထိုအခိုက်အတန့်တွင် သူ၏ရှေ့မှောက်ရှိ ကျင်းယွင်ကျောင်းကိုသာ အပြီးတိုင် ပပျောက်စေချင်မိတော့သည်!
ဤမျှလောက် အားနည်းရသော သူ့ကိုယ်သူလည်း မုန်းတီးမိ၏။ သူသာ ဒုက္ခိတတစ်ဦးဖြစ်မနေလျှင် အဘိုးနှင့် အဖေက ကျင်းယွင်ကျောင်းဖက်တွင် ရှိနေသည့်တိုင် သူသည် ကျင်းယွင်ကျောင်းအား သေရသည်ထက် ဆိုးသောဘဝမျိုးကို ပေးစွမ်းနိုင်၏။ မဟုတ်ပေ...သူ၏ရှေ့မှောက်တွင် အမြဲတစေ မောက်မာနေခဲ့သော ဤအရိုင်းအစိုင်းမလေးအား သူ၏ခြေဖဝါးအောက်တွင် ငိုယိုတောင်းပန်ကာ တွားသွားစေချင်မိပေသည်!
သို့ရာတွင် လက်တွေ့မှာ စိတ်ကူးနှင့် တခြားစီပင်။
သူ၏နှုတ်မှ ကျင်းယွင်ကျောင်းအား အဖေမပေါ်သောကလေးဟု ခေါ်လိုက်သည်နှင့် သူမသည် သူ၏လည်တိုင်ကို လှမ်း၍ဖမ်းဆုပ်လိုက်၏။ ချက်ချင်းဆိုသလို သူမသည် အင်အားကိုသုံးလိုက်သည်။ သူ၏လည်ပင်းရိုးများ ကျိုးလုမတတ်ဆိုသလို ဖြောင်းခနဲအသံများထွက်ပေါ်လာသဖြင့် အခြားသူများအား ကြက်သီးမွေးညင်းများ ထစေ၏။
ရှုဝမ်ချန်းသည် တူမဖြစ်သူ၏ ဤမျှလောက် အညှာအတာကင်းမဲ့သည့်ပုံစံကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူမတစ်ကိုယ်လုံးမှ မှောင်ရိပ်သန်းသော အရှိန်အဝါများထွက်ပေါ်နေ၏။ မသိလျှင် ငရဲပြည်အနက်ဆုံးမှ ဝိညာဥ်ရိတ်သိမ်းသော သေမင်းတစ်ပါး တွားထွက်လာသလိုပင်။ ထိုအခိုက်အတန့်တွင် သူမ၏အကြည့်သည် ရှုယု၏အသက်ဝိညာဥ်အား သူ၏ခန္ဓာကိုယ်ထဲမှ နှုတ်ယူချင်သကဲ့သို့ဖြစ်နေ၏။ ရှုယု၏မျက်နှာ ခရမ်းရောင်သန်းသွားပြီး အောက်ဆီဂျင်မလုံလောက်မှုကြောင့် ခြေလက်များ တွန့်နေသည်ကို မြင်နေရသော်လည်း ရှုဝမ်ချန်းသည် အလျင်မီမတားနိုင်လိုက်ချေ။
သို့ရာတွင် ရှုယုအား လူတိုင်း၏မျက်မှောက်ရှေ့တွင် သတ်လောက်သည်ထိ ကျင်းယွင်ကျောင်းသည် စဥ်းစားဉာဏ်မရှိသောလူမဟုတ်ပေ။ ရှုယုသည် အချိန်တစ်ခုစာမျှ ရုန်းကန်ပြီး သတိလစ်သွားကြောင်း သူမမြင်လိုက်သောအခါ လက်ကိုလွှတ်လိုက်သည်။
နံဘေးတွင် အစေခံမိန်းကလေးတစ်ဦးသည် ကြောက်လွန်းသဖြင့် မေ့မျောသွားတော့သည်။
ထို “ဖြောင်း” ဟူသောအသံသည် နောက်ဆုံးတွင် ရပ်သွားချေပြီ။ ကျင်းယွင်ကျောင်းသည် အေးစက်သောမျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။
ထိုအခါ လူတိုင်းသည် သူမအား ကြောက်ရွံ့သောမျက်နှာများဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရ၏။ ရှုယုကိုယ်ပေါ်မှ တုံ့ပြန်မှုမရှိသဖြင့် သူမသည် သူမ၏ဝမ်းကွဲအား အမှန်တကယ်ပင် လည်ပင်းညှစ်သတ်လိုက်ပြီဟု ဤလူများ ထင်သွားကြဟန်ရသည်။
“ရှောင်ကျောင်း...”
ရှုဝမ်ချန်းသည်လည်း စကားစရှာမရဖြစ်နေသည်။ သူမ၏အရှိန်အဝါသည် ဤမျှကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ဘာမှမဖြစ်ပါဘူး သူသတိလစ်သွားရုံပါ”
ကျင်းယွင်ကျောင်းပြောလိုက်၏။
ရှုဝမ်ချန်းသည် ၎င်းကိုကြားလိုက်မှသာ သက်မချလိုက်နိုင်တော့သည်။
သူသည် သေသင့်သောလူဖြစ်နေသရွေ့ မည်သူကိုမဆို သတ်ရသည့်ကိစ္စအား ကြောက်မနေပါချေ။ သို့ရာတွင် ရှုယုမှာ ကျင်းယွင်ကျောင်း၏ဝမ်းကွဲအစ်ကိုဖြစ်၏။ သူမည်သို့ပင်လုပ်စေကာမူ ကျင်းယွင်ကျောင်းသည် လူများစွာရှေ့တွင် သူ့အား သတ်လိုက်၍မဖြစ်ပေ။ သတ်လိုက်ပါက အနာဂတ်တွင် မရေမတွက်နိုင်သော အန္တရာယ်များကိုသာ ဖိတ်ခေါ်ရာကျပေမည်။
“သူ့ကိုအခန်းထဲ ပြန်ပို့လိုက်ကြ”
ရှုဝမ်ချန်းပြောလိုက်၏။
“သူ့ကို အနောက်ခြံထဲက လွတ်နေတဲ့စတိုခန်းတစ်ခုထဲ ပို့ပြီး တံခါးသော့ခတ်ထားလိုက်”
ကျင်းယွင်ကျောင်းထပ်ပြောလိုက်သည်။
ရှန်ရှီသည် သူမအပေါ် သေကြောင်းကြံခဲ့သည်ဖြစ်ရာ ထိုကိစ္စအတွက် ပေးဆပ်မှုကို သူမသားဆီမှ အတိုးချယူရပေမည်။ ကျင်းယွင်ကျောင်းသည် ရှုယုကဲ့သို့လူမျိုးအား ညှာတာမည်မဟုတ်ချေ။
ဤအစေခံများအားလုံးသည် ကျင်းယွင်ကျောင်း၏စကားကို မလှုပ်မယှက်ဖြင့်ရှိနေပြီး အနည်းငယ်စိတ်ပူပန်နေကြဟန်ရ၏။ ကျင်းယွင်ကျောင်းသည် ခနဲ့သံပြုလိုက်သည်။
“ဦးလေးငယ် သမီးတို့အစေခံတော်တော်များများကို ခန့်ထားတာ နှစ်ချီနေပြီမှတ်လား? အစေခံတွေကို ပြောင်းဖို့ အချိန်တန်ပြီထင်တယ်”
သူမသည်လည်း ရုတ်ချည်းဆိုသလို တစ်စုံတစ်ရာကို မှတ်မိသွား၏။
သူမသည် ရှုမိသားစုထံသို့ ပြန်ရောက်သည့်အချိန်မှစ၍ အချို့အစေခံများဆီမှ ရန်လိုမှုအငွေ့အသက်များကို မကြာခဏဆိုသလို ခံစားခဲ့ရပေသည်။ သို့ရာတွင် သူမသည် ရုတ်ချည်းဆန်စွာ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခဲ့ရသောကြောင့် အချို့လူများတွင် အမြင်ကွဲလွဲနိုင်သည်ကို သူမနားလည်ပေးခဲ့ပေ၏။ သို့ရာတွင် ဤလူများမှာ ရှန်ရှီမတရားခံနေရသကဲ့သို့ သူမ၏ဦးလေးအကြီးကိုပင် တစ်ခါတစ်ရံတွင် အပြစ်တင်လိုဟန်များဖြင့် ကြည့်နေတတ်ခြင်းဖြစ်သည်။
သေချာစဥ်းစားကြည့်လိုက်သောအခါ ရှန်ရှီသည် ရှုမိသားစုအိမ်တွင် ရှိနေသည်မှ နှစ် ၂၀ ကျော်ချေပြီ။ သူမသည် အမြဲဆိုသလို နူးညံ့ကြင်နာတတ်သောကြောင့် အစေခံများစွာသည် သူမအား လေးစားကျေးဇူးတင်နေကြသည်မှာ သေချာ၏။ ဤကမ္ဘာပေါ်တွင် တရားမျှတမှုအား တန်ဖိုးထားသော လူများစွာရှိပေသည်။ သူတို့ထဲမှ တစ်ဦးဦးသည် ရှန်ရှီအတွက်ဆိုလျှင် တစ်စုံတစ်ရာကို လုပ်ပေးနိုင်လောက်ပေမည်။ ထို့ကြောင့် အစေခံများအား နှိုက်နှိုက်ချွတ်ချွတ် သုတ်သင်ရှင်းလင်းရန် လိုအပ်ပေ၏။
ကျင်းယွင်ကျောင်းသည် ၎င်းကိုပြောသောအခါ အားလုံး၏မျက်နှာ သွေးဆုပ်သွားကြတော့သည်။ သူမအား မိန်းကလေးငယ်တစ်ဦးအား ကြည့်နေသကဲ့သို့ မကြည့်ကြတော့ဘဲ ရက်စက်သော မကောင်းဆိုးဝါးတစ်ကောင်အလား ကြည့်လိုက်ကြ၏။
ယခုတွင် သူတို့သည် ရှုမိသားစုအိမ်မှ လစာယူနေကြသော ဝန်ထမ်းများဖြစ်နေသဖြင့် လုပ်စရာရှိသည်ကို လုပ်ရပေမည်။ ထို့ကြောင့် မကြာခင်တွင် ရှုယုအား အနောက်ခြံသို့ ပို့လိုက်ကြ၏။
ရှုမိသားစုအိမ်တစ်ခွင်လုံး အကြောက်တရားဖြင့် တိတ်ဆိတ်နေတော့သည်။
“ရှင်တို့က ရှုမိသားစုက ငှားရမ်းထားတဲ့ ဝန်ထမ်းတွေဖြစ်တာမို့ စာချုပ်မှာလည်း လက်မှတ်ထိုးထားခဲ့မှာပဲ၊ ရှုမိသားစုနဲ့ပတ်သတ်ပြီး အပြင်ကို ခိုးသတင်းဖြန့်ရင် နောက်ဆက်တွဲဘာဖြစ်မလဲဆိုတာ သိကြတယ်မှတ်လား? ရှင်တို့လုပ်ခဲ့တာတွေကို ရှုမိသားစုသိမှာမဟုတ်ဘူးလို့ မထင်လိုက်နဲ့....ပြီးတော့ အကြံတစ်ခုပေးလိုက်ဦးမယ် ရှင်တို့မျက်လုံးနဲ့ မြင်ရတိုင်း အမှန်တရားမဟုတ်ဘူး၊ ရှင်တို့က အားနည်းတယ်လို့ ထင်ထားတဲ့သူတွေက သားရဲကောင်တွေ ဖြစ်နေနိုင်တယ်၊ ရှင်တို့က တခြားသူတွေရဲ့ အသုံးချဖြစ်နေရင် ရှင်တို့က အမြော်အမြင်မရှိရုံမက အတော်ကို တုံးနေကြလို့ပဲ”
Space and Rebirth 1083
ကျင်းယွင်ကျောင်းလေသံသည် သတိပေးဟန်များဖြင့် အေးစက်နေသည်။ လူများအား ရင်တုန်စေပြီး ကျောချမ်းလာစေသော အသံမျိုးဖြစ်ပေ၏။
ထိုသို့ပြောပြီးနောက် ကျင်းယွင်ကျောင်းသည် အခြားသူများကို အာရုံမစိုက်တော့ဘဲ ပင်မအဆောင်သို့ ပြန်လိုက်သည်။ ထိုအချိန်တွင် ရှန်တုန်းနှင့် ရှန်ဟုန်မျက်လုံးများ ပြောင်းလဲသွားသည်ကို သူမမြင်လိုက်ရ၏။ ကျင်းယွင်ကျောင်းသည် ဤမျှလောက်ရက်စက်နိုင်လိမ့်မည်ဟု သူတို့ထင်ထားခဲ့ဟန်မရချေ။
ရှန်ဟုန်၏အကြည့်များမှာ အနည်းငယ်သုံးသပ်အကဲဖြတ်နေဟန်ရှိပြီး စူးစမ်းလိုသောအရိပ်အယောင်များ အတန်ငယ်ရှိနေ၏။
သူသည် သူသင်ယူခဲ့ရသောအရာများကို အနီးပတ်ဝန်းကျင်ရှိ လူများအပေါ် အသုံးချရသည်ကို မနှစ်သက်သော်လည်း အစောပိုင်းက ကျင်းယွင်ကျောင်း၏မျက်နှာထားကို မြင်လိုက်ရသောအခါ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်ရသည်။ အခြေအနေသာပေးလျှင် ကျင်းယွင်ကျောင်းသည် သေချာပေါက် လူသတ်မည်ဖြစ်ကြောင်း သူအသေအချာသိနေ၏။ သူမသည် ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးအလွန်ကောင်းသော လူသတ်သမား သေချာပေါက်ဖြစ်နိုင်သည်။
“အစ်ကို ဘာလို့ ညီမကို အဲ့လိုကြည့်နေတာလဲ? မဟုတ်မှလွဲရော ညီမကို ရဲစခန်းခေါ်သွားချင်လို့လား? ဒီနေ့ ရဲစခန်းကိုသွားဖို့ တစ်ခေါက်အခေါ်ခံရပြီးပြီဆိုတော့ နောက်တစ်ခေါက် မသွားချင်တော့ဘူး”
ကျင်းယွင်ကျောင်းပြုံးလိုက်၏။ သို့သော် ထိုအပြုံးမှာ အေးစက်အသက်မဲ့နေသည်။
ထိုအချိန်တွင် ရှန်ဟုန်၏မျိုးရိုးကို သိပြီးနောက် ကျင်းယွင်ကျောင်းသည် သူ့အား ရှန်ဟုန် သို့မဟုတ် အစ်ကိုဟုန်ဟု မခေါ်တော့ချေ။ နားထောင်ရသည်မှာ သူစိမ်းဆန်လှသောကြောင့်ဖြစ်သည်။
“မင်းဆီက မှုခင်းအငွေ့အသက်တွေရနေလို့”
ရှန်ဟုန်သည် သူ၏နှာခေါင်းကိုပွတ်ကာ လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
ကျင်းယွင်ကျောင်းပြုံးလိုက်၏။
“ရာဇဝတ်သားတွေမှာရော အနံ့ရှိတာလား? မွှေးလား နံလား ပြောကြည့်ပါဦး”
ရှန်ဟုန်သည် သူ၏ခေါင်းကို မခါယမ်းမိဘဲ မနေတော့ချေ။
“ညီမလေးက အရမ်းဆတ်ဆတ်ထိမခံဖြစ်လွန်းနေပြီ ညီမလေးက မေမေရဲ့ ကယ်တင်ရှင်ပဲလေ အစ်ကိုက ညီမလေးကို ဘယ်လိုဖမ်းနိုင်မှာလဲ?”
“အစ်ကိုက ရဲအရာရှိတစ်ယောက်ပဲကို၊ ဒီလိုပုံစံဆို ရဲတစ်ယောက်ဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ ပြောလို့ရသေးရဲ့လား?”
ကျင်းယွင်ကျောင်းပြောလိုက်၏။
ရှန်ဟုန်သည် ယနေ့တွင် ရဲစခန်းဆီသို့ အစီရင်ခံနှင့်ပြီးဖြစ်သော်လည်း သူ၏တရားဝင်အလုပ်မှာ မနက်ဖြန်မှသာ စတင်ပေမည်။ သူ၏အလုပ်မှာ ရာဇဝတ်သားများ၊ လူသတ်သမားများကို ဖမ်းဆီးရန်ဖြစ်၏။ ကျင်းယွင်ကျောင်းမှာ အနာဂတ်တွင်လည်း လူတစ်ဦးဦးကို သတ်နိုင်သဖြင့် ရှန်ဟုန်၏ ဆန့်ကျင်ဖက်အခြမ်းတွင် ရှိနေလေသည်။
“အစ်ကိုက ဒီတိုင်း အမှုဖြေရှင်းရတာကို ကြိုက်တဲ့လူပါ ယုတ်မာတဲ့လူတွေနဲ့ တွေ့ရင် သေချာပေါက်ညှာမှာမဟုတ်ဘူး၊ ဒါပေမယ့် ညီမလေးက ယုတ်မာတဲ့လူဟုတ်လို့လား? ညီမလေးက အရမ်းစိတ်တည်ငြိမ်တယ်လေ ဒေါသထွက်နေတာတောင် ဘာကိုမလုပ်သင့်ဘူးလဲဆိုတာ သိတယ်၊ အစ်ကို ဝင်ပြီးကိုင်တွယ်ဖြေရှင်းရမယ့်အလုပ်မျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး”
ရှန်ဟုန်သည် တည်ငြိမ်စွာ ပြောလိုက်၏။
ကျင်းယွင်ကျောင်းသည် သူ့အား ကြည့်လိုက်သည်။ ဤအစ်ကိုသည် လူများ၏နှလုံးသားအား ဖောက်ထွင်းမြင်နိုင်သကဲ့သို့ စက္ခုအမြင်အာရုံရှိကြောင်း သူမသတိထားမိလိုက်၏။ သို့တိုင်အောင် သူသည် အလွန်တည်ငြိမ်အေးဆေးပေသည်။ လိုရင်းတိုရှင်းပြောရလျှင် သူသည် အလွန်အမြော်အမြင်ရှိသူဖြစ်၏။ မည်သည့်အရာအား လုပ်ရမည်ကို ကောင်းကောင်းသိနေပြီး သူ မသိသောအခါတွင်မူ ရိုးသားချင်ယောင်ဆောင်တတ်သည်။ သူ၏အပြင်ပန်းအသွင်အပြင်မှာ ဣန္ဒြေသိက္ခာရှိသည့်ပုံ ပေါက်သော်လည်း လက်တွေ့တွင် သူသည် မြေခွေးတစ်ကောင်နှယ် စဥ်းလဲပေ၏။ ဦးလေးအကြီး၏သား ပီသပါပေသည်။ သူသည် အရာရှိတစ်ဦး မလုပ်ခဲ့သည်မှာ နှမြောစရာပင်။
သူမသည် ယနေ့တွင် လူတစ်ဦးကိုသတ်ခဲ့သဖြင့် ခန္ဓာကိုယ်သည် အနည်းငယ်ပိုသွေးဆူနေကြောင်း သိ၏။ ထို့ကြောင့်လည်း ရှုယုအား မေ့လဲသည်အထိ လည်ပင်းညှစ်သတ်ခဲ့ခြင်းဖြစ်သည်။
“အစ်ကိုက အနာဂတ်မှာ စုံထောက်တစ်ယောက်ဖြစ်လာရင်ကောင်းမယ်၊ ဥပဒေထက် လူသားခံစားချက်ကို ပိုနားလည်တဲ့ စုံထောက်မျိုးပေါ့”
ကျင်းယွင်ကျောင်းသည် လေတစ်ရှိုက်ကို ရှူထုတ်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။
“အစ်ကို့ကို အရမ်းမဖြောင့်မတ်နဲ့လို့ ညီမလေးပြောချင်တာမှတ်လား အဲဒီအတွက်တော့ စိတ်မပူပါနဲ့ အစ်ကိုက အရမ်းအစွန်းရောက်သွားရင် မကောင်းနိုင်ဘူးဆိုတာကို သိပြီးသားပါ”
ရှန်ဟုန်၏မျက်လုံးများသည် အေးချမ်းသောကြယ်ရောင်များကဲ့သို့ပင်။
သူသည် အလိုက်အထိုက်နေသည့်နေရာ၌ အတော်ဆုံးဖြစ်သည်။ သူမကျွမ်းကျင်သောအရာဟူ၍ ပြည်တွင်းရိုးရာဓလေ့များဖြစ်သည်။
သို့ရာတွင် သူ၏သင်ယူချင်စိတ်မှာ ပြင်းထန်နေဆဲဖြစ်သည်။ အနာဂတ်တွင် သူသည် သူမ၏ဦးလေးနှင့် တစ်ပုံစံတည်း ဖြစ်နိုင်ပေသည်။
ကျင်းယွင်ကျောင်းသည် သူမ၏စိတ်ခံစားချက်များကို မြိုသိပ်လိုက်သည်။ ထို့နောက် ရှန်ဟုန်အား ပြုံးပြကာ အပေါ်ထပ်သို့ တက်လိုက်၏။
အခန်းထဲသို့ဝင်ပြီးနောက် သူမသည် ချက်ချင်းဆိုသလို တံခါးပိတ်လိုက်ပြီး သူမစိတ်အား တည်ငြိမ်စေရန် နေရာလွတ်နယ်မြေထဲသို့ ဝင်တော့သည်။
ထင်ထားသည့်အတိုင်းပင် သူမသည် စိတ်ကူးထားသလောက် မသန်မာပါချေ။ သူမသည် မိမိအား အန္တရာယ်ပေးချင်သောလူအား သတ်ရုံသာဖြစ်ခဲ့သော်လည်း ထိုသို့လုပ်ပြီးနောက် သူမကိုယ်သူမရွံရှာနေမိသည်။ ယခင်ဘဝက သူမသည် သွေးစွန်းနေသောလက်နှစ်ဖက်ဖြင့် ဓားအား ကိုင်ထားသည်ကို ပြန်မြင်ယောင်နေမိသည်။ ထိုအချိန်က သူမခံစားခဲ့ရသော အကြောက်တရားများ၊ ထိတ်လန့်တုန်လှုပ်မှုများ၊ စိတ်အေးသက်သာရာရမှုများကို မှတ်မိသွားလေသည်။
သူမစိတ်အခြေအနေသည် မခိုင်မာသေးချေ။
သူမခန္ဓာကိုယ်ထဲတွင် အတွင်းအားများစီးဆင်းနေပြီး သူမ၏စိတ်အာရုံမှာလည်း ဝိညာဥ်ကျောက်စိမ်း၏ သိုင်းပညာဆီသို့ အာရုံပြုလိုက်သည်။ နည်းနည်းချင်းစီဖြင့် သူမသည် တဖြည်းဖြည်း စိတ်တည်ငြိမ်လာတော့သည်။ နေရာလွတ်နယ်မြေထဲရှိ ကျောက်သားစားပွဲဘေးတွင် မက်မွန်ပွင့်များသည် ကြွေကျစီးဆင်းပြီး လေနှင့်အတူ သူမလက်ဖဝါးပြင်ဆီသို့ ရွေ့လျားလာတော့သည်။ အလွန်လှပသော မြင်ကွင်းပင်။
Space and Rebirth 1084
ကျင်းယွင်ကျောင်းမှ အတွေးများကို ရပ်လိုက်သောအချိန်တွင် ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ဟယ့်ဒိနှင့် ရှောင်လန်သည် ထွက်ပေါ်လာပြီး ကျင်းယွင်ကျောင်းအား ကပ်ချွဲတော့သည်။
သူမအကြည့်များမှာ ခိုင်မာနေပြီး သူမတစ်ကိုယ်လုံး လန်းဆန်းနေသည်။
သူမသည် နေရာလွတ်နယ်မြေထဲတွင် ၁၀ နာရီကျော်ကြာနေခဲ့သော်လည်း အပြင်လောကတွင် နှစ်နာရီသာ ကုန်ဆုံးသေးသည်။ သူမထွက်လာသောအခါ ရှန်ရှီသည် အိမ်သို့ပြန်ရောက်နေပြီး အောက်ထပ်တွင် သောင်းကျန်းနေလေပြီ။
ထိုအချိန်တွင် သူမမှာမူ ဒေါသမထွက်တော့ဘဲ ယခင်ကထက် များစွာတည်ငြိမ်နေတော့သည်။ သူမသည် အင်္ကျီအဝတ်အစားများကို လဲပြီးနောက် အောက်ထပ်သို့ဆင်းကာ ရှန်ရှီ၏လူသတ်လုမတတ် အကြည့်များကို ရင်ဆိုင်လိုက်သည်။
ရှန်ရှီ၏မျက်နှာဖုံးသည် ဖြည်းဖြည်းချင်းစီ ကွာကျနေလေပြီ။
“ယွင်ကျောင်း နင့်ငှက်က အားယုရဲ့လည်ပင်းကို ကုတ်လိုက်တယ်ကြားတယ် အဲဒါအပြင် နင်က သူမေ့လဲသွားတဲ့အထိ လည်ပင်းညှစ်ခဲ့သေးတယ်ဆို?”
ရှန်ရှီသည် သူမကိုယ်သူမ မချုပ်တည်းတော့ဘဲ တစ်ခါတည်းမေးလိုက်၏။
“ဟုတ်တယ်”
ကျင်းယွင်ကျောင်းသည်လည်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“သမီးပြောထားသလိုပဲ ဒီအိမ်ထဲမှာ တခြားသူတွေထက် ပါးစပ်ဖွာနေတဲ့လူတွေရှိနေပုံပဲ၊ အန်တီရှန်ကို ဒီလောက်တောင် အသေးစိတ်ပြောပြထားတယ်ဆိုတော့ သမီးနဲ့ဦးလေးအငယ်ရဲ့စကားတွေကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ကြဘူးပေါ့”
“တခြားသူတွေကို အပြစ်မတင်နဲ့ ငါမေးတာကိုသာဖြေ!”
ရှန်ရှီသည် အံကိုကြိတ်ကာ ဆက်ပြောလိုက်သည်။
“ငှက်လေးတစ်ကောင်ကိုများ အားယုသတ်တော့လည်း ဘာဖြစ်လဲ၊ ပြီးတော့ သူက အဲ့ငှက်ရဲ့ အမွေးတစ်ခုကိုမှ ထိခိုက်ခဲ့တာမဟုတ်ဘူး ဒါတောင် အားယုအပေါ် ဒီလောက်အကျင့်ယုတ်စရာလိုလား၊ ယွင်ကျောင်း နင်ကအရမ်းယုတ်မာလွန်းတာမဟုတ်ဘူးလား?!”
“အစ်ကိုက ကျွန်မကို အဖေမပေါ်တဲ့ကလေးလို့ ပြောခဲ့တယ်၊ အဲ့စကားကို ကြားပြီး ဒေါသထွက်သွားတာပဲ အန်တီရှန်ရော အဲ့လိုအခေါ်ခံရရင် ဒေါသမထွက်ဘဲနေမလား?”
ရှန်ရှီ၏စိတ်များ မွန်းကြပ်တစ်ဆို့သွား၏။
“သူဒေါသထွက်ပြီး စကားမှားမိသွားတာလေ! ယွင်ကျောင်း ငါနင့်အပေါ်များ အမှားလုပ်မိလား? နင်ပြန်လာကတည်းက ငါနင့်ကို ကောင်းကောင်းဆက်ဆံခဲ့တယ် နင်ကငါ့ကို အဒေါ်လို့ မခေါ်ချင်တာကိုလည်း ငါသည်းခံခဲ့တယ်၊ နင်လုပ်ချင်သမျှကိုလည်း ငါနားထောင်ပေးခဲ့တယ် ဘာတွေများ မကျေနပ်စရာရှိနေတာလဲ?! နင်ငါ့ကိုမကြိုက်တာ ကိစ္စမရှိပေမယ့် ဘာလို့ အားယုကိုပါ အနိုင်ကျင့်နေတာလဲ? သူက နင့်လောက် မတော်ပေမယ့် ရှုမိသားစုရဲ့ တရားဝင်ဆက်ခံသူပဲ သူ့မိဘနှစ်ယောက်လုံးလည်း အသက်ရှိနေသေးတယ် ငါတို့ကို ဘာများမှတ်နေလဲ? ဒီတိုင်းလက်ပိုက်ကြည့်နေမယ်ထင်လား?!”
ရှန်ရှီဆက်မေးလိုက်သည်။
အိမ်ထဲရှိ အစေခံများသည် အသက်ပင်ကျယ်ကျယ်မရှူရဲချေ။
ရှုဝမ်ချန်းသည် ကျင်းယွင်ကျောင်းဖက်မှာ ကာကွယ်ပြောဆိုပေးချင်သော်လည်း ယောက်ျားတစ်ဦးအနေဖြင့် မိမိမရီးဖြစ်သူနှင့် စကားများရန် မသင့်တော်လှပေ။ ထို့အပြင် ကျင်းယွင်ကျောင်းသည်လည်း ရှန်ရှီပြောသမျှကို ငြိမ်ခံနေမည့်လူမဟုတ်ပေ။
“ရှန်ရှီ၊ ဘာမှဖုံးကွယ်စရာမရှိတဲ့လူက ပုဆိုးခြုံကြားက လက်သီးဆုပ်မပြဘူး၊ ဒီမနက် ကျွန်မကို ဆာလဖျူရစ်အက်ဆစ်နဲ့ ပက်ဖို့ ဟိုအရူးကို လွှတ်ခဲ့တဲ့လူက ရှင်ပဲမဟုတ်လား? သူဘယ်လိုသေသွားလဲ ရှင်သိချင်လား?”
ကျင်းယွင်ကျောင်းသည် သူမမေးခွန်းကိုမဖြေဘဲ ဆက်သာမေးလိုက်သည်။
“ရှင်သူ့ကို ဘာတွေနဲ့ မက်လုံးပေးထားလဲ ပြောပြရဦးမလား သူ့အကြွေးတွေ ချေပေးမှာမို့ ထောင်ထဲမှာ နှစ်နည်းနည်းလောက်နေလိုက်၊ ပြန်ထွက်လာတာနဲ့ သုံးဖို့စွဲဖို့ ငွေပေးမယ် ဟုတ်တယ်မလား? စိတ်မကောင်းစရာက သူ့မှာ အဲ့လိုကံကြမ္မာမျိုး ရှိမှာမဟုတ်ဘူးလို့ မသေခင်တုန်းက မသိလိုက်ရတာပဲ”
“ရှန်ရှီ ရှင်က သာမန်လူတစ်ယောက်ပဲ၊ ရှင့်အသက်က ကျွန်မကို အန္တရာယ်ပေးဖို့ လုပ်ခဲ့တဲ့လူရဲ့ အသက်ထက် အရေးကြီးမယ်လို့ ထင်နေတာမဟုတ်ပါဘူးနော် နောက်ဆုံးမှာ ဘယ်သူကပဲ ဘယ်သူ့ကိုသတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့!”
ကျင်းယွင်ကျောင်းသည် မျက်ခုံးများကိုပင့်ကာ ရုတ်ချည်းဆန်စွာ ပြောလိုက်၏။
“လွန်ခဲ့တဲ့ အနှစ် ၂၀ က ရှင်ဘာလို့ ကျွန်မဦးလေးကြီးကို လက်ထပ်နိုင်ခဲ့လဲဆိုတာ ကျွန်မထက်ကောင်းကောင်းသိနေမှာပေါ့ ဒါပေမယ့် ရှင်အဲဒီရာထူးကို ဖက်တွယ်နိုင်ပါ့မလား? ရှင့်မှာ ဂုဏ်သိက္ခာတစ်ခုရှိနေတာနဲ့ပဲ အရာအားလုံးကို ပိုင်ဆိုင်နေပြီလို့ထင်နေလား? တုံးလိုက်တာ! ရှင်သာ လူတွေကို မသိစေချင်ရင် မလုပ်ခဲ့ဘဲနေရမှာပေါ့ အခု အဲ့နေရာမှာ ထိုင်နေရမယ့်လူက...ရှင်မဟုတ်ဘူး အဲဒီနေရာကို ရှင်ဆက်ပြီး မဆုပ်ကိုင်ထားနိုင်ဘူး!”
ကျင်းယွင်ကျောင်းမှ နောက်ဆုံးစာကြောင်းကိုပြောပြီးနောက် ရှန်ရှီ၏မျက်နှာ သွေးဆုပ်သွားသည်။ သူမသည် ရုတ်ချည်းဆိုသလို လက်ကိုမြှောက်ကာ ကျင်းယွင်ကျောင်းအား ရိုက်ရန် အသင့်ပြင်လိုက်သည်။ သို့ရာတွင် ကျင်းယွင်ကျောင်းသည် သူမ၏လက်ကောက်ဝတ်အား ဖမ်းဆုပ်လိုက်၏။
“ဆက်သည်းမခံနိုင်တော့ဘူးလား? အန်တီရှန်က တစ်ဘဝလုံး သည်းခံနိုင်မယ်ထင်ခဲ့တာ”
ကျင်းယွင်ကျောင်းသည် အေးစက်မောက်မာစွာ ရယ်လိုက်၏။
“နင်လုပ်ချင်သလို ဆက်လုပ်ခွင့်မပြုနိုင်တော့ဘူး ကျင်းယွင်ကျောင်း၊ ငါနင့်ကိုစိတ်ကုန်နေပြီ ငါ့ကိုရန်လာစမှာတော့ နောက်မှ ငါ့အဆိုးမဆိုနဲ့”
ရှန်ရှီသည် အံကိုကြိတ်ကာ နောက်ဆုံးတွင် ခြိမ်းခြောက်စကားပြောလိုက်သည်။ သူမမျက်လုံးထဲရှိ ဒေါသရိပ်များမှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းကာ ကြမ်းကြုတ်နေလေသည်။