အခန်း (၁၀၈၅-၁၀၈၈)
Vol. 55 Ch. 1085-1088
Space and Rebirth 1085
ကျင်းယွင်ကျောင်းသည် ရှန်ရှီ၏လက်အားဆွဲ၍ ဘေးသို့ ပစ်ပေါက်လိုက်သည်။ ရှန်ရှီသည် ဒယီးဒယိုင်ဖြင့် မြေပြင်ပေါ် လဲကျသွားတော့၏။
“အန်တီရှန် ရှင်က ခွင့်မလွှတ်နိုင်တဲ့ကိစ္စတွေကို လုပ်ခဲ့တာ တစ်ခုနှစ်ခုမကတော့ဘူး ကျွန်မကြောက်နေမယ်လို့ ထင်နေတာလား?”
ကျင်းယွင်ကျောင်း၏မျက်လုံးများတွင် အကြောက်တရားများမရှိချေ။
သူမသည် အစောပိုင်းက ရှုယုအား ရင်ဆိုင်နေစဥ်က သူ၏မျိုးရိုးအား စစ်ဆေးနိုင်သော ဒီအန်အေနမူနာကို သူမလက်ထဲအရယူနိုင်ခဲ့သည်။ ယနေ့ညအပြီးတွင် အမှန်တရားကို ထုတ်ဖော်နိုင်ပေမည်။
ရှန်ရှီသည် မြေပြင်ပေါ်မှထကာ သူမအင်္ကျီများကိုဖုန်ခါလိုက်ပြီး အပြင်သို့ထွက်သွားသည်။
ကျင်းယွင်ကျောင်းသည် သူမလျှို့ဝှက်ချက်ကို သိသွားဟန်ရလေသည်...
ထို့ကြောင့်လည်း ကျင်းယွင်ကျောင်းသည် သူမအား အကြောက်အလန့်မရှိဘဲ ထိုစကားများ ပြောနေခြင်းဖြစ်မည်...
ကောင်းပေပြီ။ သူမသည် မြို့ဝန်ကတော်ရာထူးအား မယူနိုင်တော့သဖြင့် ဆက်မလိုချင်တော့ပေ။ သို့သော် သူမမယူနိုင်သောရာထူးအား ရှန်တုန်းအားလည်း ပေးပစ်မည်မဟုတ်ချေ!
သူတို့နှစ်ဦးငယ်စဥ်ကတည်းက ရှန်တုန်းသည် ဘက်ပေါင်းစုံတွင် သူမထက် ပြီးပြည့်စုံကြွယ်ဝခဲ့သည်။ သူမထက် အရာအားလုံးတွင် အရည်အချင်းပိုရှိနေခဲ့၏။ သူတို့နှစ်ဦးသည် ရုပ်ဆင်သော်လည်း ညီမဖြစ်သူက ပိုလှကြောင်း လူတိုင်းကပြောခဲ့ကြလေသည်။ သူမသည် သူမညီမနှင့်ယှဥ်လျှင် ပန်းအားအဖော်ပြုသော သစ်ရွက်စိမ်းတစ်ခုကဲ့သို့ပင်။ အဘယ်ကြောင့်နည်း? သူမရှန်ရှီသည် အဘယ်ကြောင့် ရှန်တုန်းထက် နိမ့်ကျနေရသနည်း?
လွန်ခဲ့သောနှစ်ပေါင်းများစွာက သူမတွေ့ခဲ့သော ယောက်ျားသည်လည်း ထိုနည်း၎င်းပင်။
သူမသည် အထက်တန်းစားပါတီပွဲသို့ တစ်ခါမှ မတက်ရောက်ခဲ့ဖူးပေ။ သို့ရာတွင် သူမသည် ရှန်တုန်း၏လက်ထောက်အဖြစ်သာ တက်ခဲ့ရသည်။ သူတို့နှစ်ဦးသည် တူညီသောအဝတ်အစားဒီဇိုင်းများကို ဝတ်ဆင်ပြီး တောက်ပသော စိန်လည်ဆွဲများကို ဝတ်ဆင်ထားသည့်တိုင် ရှန်တုန်းကို မယှဥ်နိုင်ဆဲဖြစ်ခဲ့ပေသည်။ သူမကိုယ်သူမ ရှန်တုန်းနှင့်တူနိုင်သမျှတူအောင် တတ်နိုင်သမျှကြိုးစားခဲ့ပြီး ရှန်တုန်းကဲ့သို့ ပြုမူပြောဆိုခဲ့၏။ သူမကိုမြင်လိုက်လျှင် လူအများက သူမကို ရှန်တုန်းထက် ပိုသာသောလူတစ်ဦးအဖြစ်မြင်ရန် မျှော်လင့်ခဲ့မိသည်။
သို့ရာတွင် သူတို့သည် ပါတီသို့ရောက်လာချိန်မှစ၍ လူတိုင်း၏အာရုံသည် ရှန်တုန်းအပေါ်သာ ရှိနေခဲ့လေသည်။
အချို့လူများသည် သူမ၏မျက်နှာကို အချိန်အတော်ကြာ စိုက်ကြည့်ခဲ့သော်လည်း သူမနံဘေးတွင် ရှန်တုန်းပေါ်လာသည်နှင့် ချက်ချင်းဆိုသလို သူမမှာ အတုအယောင်တစ်ဦးဖြစ်ကြောင်း သိသွားကြသည်။ ထိုအခါတွင် သူမအား အထင်အမြင်သေးဟန်များဖြင့် ကြည့်ကြပြန်သည်။
သူမသည် ထိုအကြည့်များကို ရင်ဆိုင်ရသောအခါ ထပ်ခါတလဲလဲ ခြေလက်များအဖြတ်ခံရသလို ခံစားရပေသည်။ အလွန်ဆိုးရွားလှ၏။
ထို့ကြောင့် သူမသည် မတော်တဆဖြစ်ဟန်ဖြင့် ရှန်တုန်းအား တွန်း၍ ရှန်တုန်းအင်္ကျီပေါ်တွင် ဝိုင်များကိုမှောက်ခဲ့သည်။ ရှန်တုန်းသည် မတ်တပ်ရပ်လိုက်သည်နှင့် အစွန်းကွက်ထင်းနေတော့မည်။ ထိုမှသာ ရှန်တုန်းသည် နံဘေးတွင် ငြိမ်ငြိမ်ထိုင်ပြီး ပရိသတ်အာရုံကို သူမဆီမှ မလုယူဘဲနေမည်ဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် သူမစိတ်ကူးထားသကဲ့သို့ ဖြစ်ခဲ့လေ၏။
ရှန်တုန်းသည် လူမမြင်ကွယ်ရာထောင့်တစ်ခုတွင် ပုန်းနေတော့သည်။ ထိုအခါ သူမအပေါ်ထားရှိသော လူများ၏အမြင်သည်လည်း ပြောင်းလဲသွား၏။
များမကြာမီတွင် သူမသည် ယောက်ျားတစ်ဦးနှင့် သိကျွမ်းမိသွားတော့သည်။ ထိုနေရာတွင် ပေါ်လာနိုင်သောယောက်ျားမှာ ရာထူးမြင့်လူတစ်ဦးသာဖြစ်ရမည်။ သူတို့သည် ပျော်ရွှင်စွာဖြင့် စကားပြောဆိုရယ်မောကာ အရက်သောက်ပြီးနောက် အခန်းတစ်ခန်းထဲသို့ အတူတကွဝင်သွားကြ၏။
သို့ရာတွင် သူမမထင်ထားခဲ့သည်မှာ အပျိုရည်ပျက်ပြီးနောက် ထိုလူ၏မျက်နှာသည် ချက်ချင်းဆိုသလို အေးစက်သွားပြီး သူမအား အလွန်လွယ်ကူသောကြောင့် အထင်သေးခဲ့လေသည်။
သူမသည် ရှန်တုန်းမဟုတ်ကြောင်း ထိုလူသိနေသည်မှာ ကြာချေပြီ။ သူမသည် သနားစရာကောင်းသောပုံပေါက်နေသောကြောင့်သာ သူမအား လှည့်ပတ်ဆော့ကစားလိုက်ခြင်းဖြစ်သည်။ သူမသည် ဒေါသတကြီးဖြင့် အခန်းထဲမှ ပြေးထွက်သွားခဲ့သော်လည်း ရှန်တုန်းဝတ်ဆင်နေခဲ့သော သာမန်အဆောင်အယောင်ပစ္စည်းတစ်ခုမှာ ဆန့်ကျင်ဖက်တံခါးတွင် ချိတ်နေသည်ကို မြင်လိုက်ရ၏။ သူမသည် အရဲစွန့်ပြီး ခိုးနားထောင်ရန် ထိုတံခါးကိုမှီလိုက်သော်လည်း တံခါးကို သော့မခတ်ထားချေ။
ထိုအခန်းထဲသို့ ဝင်လိုက်သောအခါ ရှန်တုန်းသည် အခြားယောက်ျားတစ်ဦးနှင့်အတူ ကုတင်ပေါ်တွင် လှဲလျောင်းနေသည်ကို မြင်လိုက်ရ၏။ နှစ်ဦးလုံး သတိလစ်မေ့မြောနေလေသည်။ ရှန်တုန်းကိုယ်ပေါ်မှ သေရည်အနံ့ လုံးဝမရချေ။ ထိုယောက်ျားဖြစ်သူမှာလည်း ဆေးခတ်ထားခံရဟန်ရှိ၏။
သူမသည် မကြာသေးမီက ရာထူးတိုးခံထားရသော ရှုယွမ်ထက်ကို သိလေသည်။ သူသည် အလွန်ပင် အမြင်အာရုံဖမ်းစားဖွယ်ကောင်းပြီး လူတိုင်းနီးပါး သူ့ကိုသိကြ၏။
ရှန်တုန်းမှာလည်း တွေ့ရာလူနှင့် အိပ်မည့်လူမဟုတ်ကြောင်း သူမသိထားသည်။ မတော်တဆတစ်ခုခုရှိခဲ့ရပေမည်။ သူမသည် ရှန်တုန်းနှင့် အလွန်ရုပ်ဆင်ပြီး ဤယောက်ျားမှာလည်း အိပ်မောကျနေသဖြင့်...သူမအကြံအစည်သည် အောင်မြင်နိုင်လောက်မည်မဟုတ်လော?
ထိုအချိန်တွင် သူမသည် အလွန်တရာပင် အသိအမှတ်ပြုချင်ခံပြီး ယောက်ျားတစ်ဦးကို ရူးမတတ်လိုနေကြောင်းကိုသာ သူမမှတ်မိ၏။ ထို့ကြောင့် သူမသည် ရှန်တုန်းအား ဗီရိုတစ်ခုထဲသို့ ထိုးသိပ်ထည့်လိုက်သည်။ ရှန်တုန်းနိုးလာမည်ကို စိုးသောကြောင့်ဖြစ်သည်။ ထို့နောက် ကုတင်ပေါ်သို့ပြန်တက်ကာ ရှုယွမ်ထက်အား နှိုးရန် ကြိုးစားလိုက်သည်။
မကြာမီတွင် သူမသည် ရှုယွမ်ထက်အား ကြိုတင်နှိုးခဲ့သဖြင့် ရှုယွမ်ထက်အား အန္တရာယ်ပေးချင်ခဲ့သောလူများသည် မအောင်မြင်လိုက်ကြောင်း သူမသိလိုက်ရ၏။ ထိုသို့ဖြင့် ရှုယွမ်ထက်သည် သူမအပေါ် ကျေးဇူးကြွေးတင်သွားခဲ့လေသည်။
Space and Rebirth 1086
အတိတ်ကို ပြန်တွေးကြည့်လိုက်သောအခါ ရှန်ရှီ၏မျက်နှာတောင့်တင်းသွားသည်။
ယခင်က ရှုယွမ်ထက်မှ သူမအပေါ် ကျေးဇူးကြွေးတင်သွားကြောင်း သူမသိနေခဲ့သော်လည်း သူမ၏လှည့်စားမှု ဘူးပေါ်သလိုပေါ်သွားမည်ကိုလည်း ကြောက်ရွံ့နေခဲ့ရသည်။ ထို့ကြောင့် ထိုနေ့က ရှုယွမ်ထက်မှ သူမအား တာဝန်ယူပေးရန် လိုသလောဟု မေးစဥ်အခါက သူမငြင်းဆန်ခဲ့၏။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ သူမတွင် ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရလေသည်။ သူမသာမက ရှန်တုန်းမှာလည်း ကိုယ်ဝန်ရနေခဲ့၏။
ရှုယွမ်ထက်မှာ လုံးဝသတိမထားမိချေ။ ထိုညက သူနှင့်အိပ်ခဲ့သောအမျိုးသမီးမှာ မည်သူဖြစ်မှန်း မသိသဖြင့် ရှန်ရှီပေါ်လာသောအခါ အိမ်ထောင်ပြုရန် လွယ်လင့်တကူပင် လက်ခံလိုက်၏။
သူမသည် ရှုယွမ်ထက်၏ဇနီးတစ်ဦးဖြစ်ရန်၊ မိခင်တစ်ဦးဖြစ်ရန် ရွေးချယ်ခဲ့သည်။ အဆင့်အတန်းတစ်ခုနှင့် ပိုမိုကောင်းမွန်သောဘဝကို လိုချင်ခဲ့သော်လည်း ဘယ်သောအခါမှ ရှုယွမ်ထက်၏အချစ်ကို တောင်းဆိုမည်မဟုတ်ချေ။
ထိုစဥ်က သူမပြောခဲ့သောစကားကို ရှင်းရှင်းလင်းလင်းမှတ်မိနေ၏။
“မဒမ် နေလို့မကောင်းတဲ့ပုံပေါက်နေတယ် အဆင်ပြေရဲ့လား?”
သူမနံဘေးမှ အစေခံသည် သူမတစ်လှမ်းချင်းလျှောက်နေသည်ကို ကပ်လိုက်ရင်း ရုတ်ချည်းဆန်စွာ မေးလိုက်သည်။ သူမခြေလှမ်းများသည် အနည်းငယ်အားပျော့နေပေသည်။
ရှန်ရှီသည် ထိုအစေခံအား ရွံရှာမှုဖြင့် ကြည့်လိုက်၏။ အစေခံမိန်းကလေး၏ အံ့အားသင့်မှုအရိပ်အယောင်ကို ခံစားရပြီးနောက် သူမစိတ်ထိန်းလိုက်သည်။
“ပြေပါတယ်...ဆန်ပြုတ် အဆင်သင့်ဖြစ်ပြီမှတ်လား? ယွင်ကျောင်းက ခဏနေကျရင် ဆေးခန်းထဲကို သွားလိမ့်မယ်၊ သူထွက်သွားတာနဲ့ ဝမ်ချန်းဆီယူသွားပေးလိုက်”
“သခင်မလေးအတွက် မချန်ပေးတော့ဘူးလားရှင့်”
အစေခံ နားမလည်နိုင်ချေ။
“မလိုဘူး ငါချက်ထားတာမှန်းသိရင် သူလွှင့်ပစ်လိုက်နိုင်တယ်၊ ဝမ်ချန်းဆီယူသွားပေးရင် အမှန်အတိုင်းမပြောနဲ့၊ ယွင်ကျောင်း ပို့ခိုင်းတာလို့သာပြောလိုက်”
ရှန်ရှီထပ်ပြောလိုက်၏။ အစေခံမိန်းကလေးလည်း လျင်မြန်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ရှန်ရှီသည် အချို့အရာများကို ထပ်မံညွှန်ကြားစေခိုင်းပြီး ဣန္ဒြေရရဖြင့် သူမအခန်းထဲပြန်သွား၏။ သူမသည် မီးခံသေတ္တာထဲမှ တန်ဖိုးကြီးပစ္စည်းများကို သူမအိတ်ထဲ ထိုးထည့်ပြီး ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
မကြာခင်တွင် သူမနှင့်ပတ်သတ်သော အမှန်တရားသည် ပေါ်ထွက်လာတော့ပေမည်။ ရှန်ရှီအား ဝင်ထွက်ခွင့်မပြုရန် ရှုဝမ်ချန်းမှ လုံခြုံရေးအစောင့်အား အထူးမှာကြားထားခဲ့၏။ သို့ရာတွင် ရှန်ရှီသည် မျက်ရည်စက်လက်ဖြင့် တံခါးဝသို့ လျှောက်လာပြီး ရှုယွမ်ထက်ကို ရှာချင်ကြောင်း ပြောလိုက်သောအခါ လုံခြုံရေးအစောင့်မှ သူမကို လွှတ်ပေးလိုက်လေသည်။ သူမသယ်ဆောင်လာသော ဖြန်းဆေးဘူးကိုပင် မသုံးလိုက်ရချေ။
ရှန်တုန်းရောက်လာသောအချိန်မှစ၍ သူမသည် ယနေ့အတွက် ပြင်ဆင်နေခဲ့သည်။ ရှုမိသားစုမှ ထွက်ခွာလိုက်လျှင် သူမအတွက် အကျိုးယုတ်စရာမရှိတော့ချေ။
သူမသည် ရှုမိသားစုအိမ်တွင် နှစ်နှစ်ဆယ်ကျော် နေခဲ့သဖြင့် ဤအိမ်၏အတွင်းအပြင်ကို အခြားသူများထက် ကောင်းကောင်းသိ၏။ ရှုယွမ်ထက်သည် သူ၏စာကြည့်ခန်းအား အစေခံများကို ဘယ်သောအခါမှ သန့်ရှင်းရေးလုပ်ခွင့်မပြုသော်လည်း ဝင်ခွင့်ပိတ်ထားသည်တော့မဟုတ်ပါပေ။ ရှုဝမ်ချန်း၏အိပ်ခန်းမှာမူ ရှုယွမ်ထက်၏အိပ်ခန်းနီးနီး ဝင်ခွင့်တင်းကြပ်ထားခြင်းမရှိသဖြင့် အစေခံများ အနည်းငယ်ကြိုးစားရုံဖြင့် နှစ်ဦးလုံး ခေါင်းကိုက်စေနိုင်သောအရာကို သူမအရယူနိုင်ပေသည်။
သူမကောင်းကောင်းမနေနိုင်လျှင် အခြားသူများလည်း ကောင်းကောင်းမနေစေရ!
ရှန်ရှီသည် ရှုမိသားစုအိမ်မှ တစ်ခါတည်း ကားမောင်းထွက်ပြေးသွားသည်။ သူမသားဖြစ်သူကို မေ့လျော့နေသကဲ့သို့ပင်။
ထိုအချိန်တွင် ရှုယွမ်ထက်သည် အိမ်ပြန်မရောက်သေးပေ။ ရှုဝမ်ချန်းနှင့် ရှန်ဟုန်သည် အချိန်အတော်ကြာမျှ စကားပြောနေပြီး ရှန်တုန်းမှာမူ နံဘေးတွင်ထိုင်ကာ နားထောင်နေ၏။ အိမ်၏အငွေ့အသက်မှာ သာယာနာပျော်ဖွယ်ကောင်းလှသည်။
ခေတ္တအကြာတွင် အစေခံတစ်ဦးသည် ဆန်ပြုတ်နှစ်ပန်းကန်အား ရှန်တုန်းနှင့် ရှုဝမ်ချန်းအရှေ့တွင် ချလိုက်၏။ ထို့နောက် သူမပြောလိုက်သည်။
“သခင်လေးနဲ့ မဒမ်ရှန် ဒါက သခင်မလေးကျင်း ပြင်ပေးထားတဲ့ ဆန်ပြုတ်ပါ၊ ခန္ဓာကိုယ်အင်အားဖြည့်တင်းဖို့အတွက် ကောင်းတဲ့အရာမို့ သောက်ကြည့်ကြပါလို့ ပြောလိုက်ပါတယ်”
“နှစ်ပန်းကန်ပဲလား? ရှန်ဟုန်အတွက်ရော?”
ရှုယွမ်ထက် မျက်မှောင်ကြုတ်လိုက်သည်။
“သခင်လေးဟုန်ကို သခင်ကြီးပြန်လာရင် သခင်ကြီးနဲ့ အတူစားခိုင်းဖို့ ပြင်ထားတယ်လို့ ပြောပါတယ်၊ ပြီးတော့ သခင်ကြီးဒီမနက် မထွက်သွားခင်မှာ သခင်လေးဟုန် အလုပ်ဆင်းတာနဲ့ လေ့လာဖို့ စစ်တုရင်ကစားပွဲတစ်ခု ချန်ခဲ့ပါတယ်”
ထိုအစေခံမှ ပြောလိုက်၏။
ရှန်ဟုန်သည် ၎င်းကိုကြားလိုက်သောအခါ စိတ်ဝင်စားသွား၏။
မနက်ခင်းတွင် သူသည် ဦးလေးရှုနှင့် စစ်တုရင်ပွဲတစ်ခု ကစားခဲ့သည်။ သို့ရာတွင် ထိုစဥ်က အချိန်သိပ်မရှိသဖြင့် အလျင်စလို အပြီးသတ်လိုက်ရလေသည်။ နှမြောစရာပင်။ သူ၏ဦးလေးရှုပြန်လာလျှင် ကစားပွဲကောင်းကောင်းတစ်ခုကို ကစားရပေမည်။
ရှန်ဟုန်သည် တံခါးအပြင်သို့ထွက်ကာ ဘေးအဆောင်သို့ ဦးတည်သွားလိုက်သည်။
သူအလွန်စိတ်လှုပ်ရှားနေပုံကို မြင်သောအခါ ရှန်တုန်းသည် မရယ်မိဘဲမနေချေ။ သူမသည် ရှုဝမ်ချန်းနှင့်အတူ အကြည့်ချင်းဖလှယ်ပြီး ဆန်ပြုတ်အား စားသုံးရန် ပန်းကန်ခွက်ကို ကောက်ယူလိုက်၏။
Space and Rebirth 1087
ဆန်ပြုတ်၏အပူချိန်သည် မပူမအေးဖြင့် နွေးနွေးလေးရှိနေပြီး အလွန်ပင် ရနံ့သင်းထုံလှသည်။ ဆန်ပြုတ်ရည်မှာလည်း စေးပျစ်နေသဖြင့် နှစ်ဦးသားသည် လျင်မြန်စွာ ကုန်အောင်စားလိုက်ကြ၏။
အစောပိုင်းက အစေခံသည် အခြားအလုပ်သမားနှစ်ဦးနှင့်အတူ လုပ်စရာတစ်ခုရှိသည်ဟု ပြောကာ အိမ်မှထွက်သွားသဖြင့် အိမ်ထဲတွင် နှစ်ဦးသားသာ ကျန်ခဲ့လေသည်။ တစ်အိမ်လုံး ဟာလာဟင်းလင်းဖြစ်သွားတော့သည်။
သို့ရာတွင် ထိုဆန်ပြုတ်မှ သူတို့ဝမ်းထဲသို့ရောက်ပြီး မကြာခင်တွင် တစ်ခုခုလွဲနေကြောင်း ရှုဝမ်ချန်းခံစားလိုက်မိ၏။
သူသည် သူ၏အစ်ကိုကြီးဖြစ်သူနှင့် မတူချေ။ သူဆယ်ကျော်သက်ဘဝက သူ၏ဖခင်သည် မိသားစုရေးရာကို ဂရုမစိုက်သည့်အပြင် သူ့အား ဆေးဝါးပညာကို မသင်ကြားပေးခဲ့သဖြင့် သူသည် ဆေးဖက်ဝင်အပင်များနှင့် ပတ်သတ်လာလျှင် သိပ်မနှံ့စပ်သော်လည်း သူငယ်စဥ်က လူမသိသူမသိဖြင့် ဆေးလုံးများစွာကို သောက်ခဲ့ဖူးသောကြောင့် ဆေးခတ်ခံရခြင်းနှင့် နေမကောင်းဖြစ်ခြင်းတို့ကြားမှ ကွာခြားချက်ကို ကောင်းကောင်းသိလေသည်။
ရုတ်ချည်းဆိုသလို သူသည် ထိတ်လန့်သွားပြီး အံ့အားသင့်မှုအပြည့်ဖြင့် သူ၏ရှေ့မှောက်မှ ဆန်ပြုတ်ပန်းကန်ကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ရှန်တုန်းအား လျင်မြန်စွာ ဝေ့ကြည့်လိုက်၏။ ရှန်တုန်း၏မျက်နှာမှာ နီမြန်းနေပြီး သူမမျက်လုံးများမှာ ညှို့ယူမှုပြင်းအားကောင်းနေကာ မျက်နှာထားမှာလည်း တုံဏှိဘာဝေဖြစ်နေလေသည်။
ဤဆန်ပြုတ်မှာ ကျင်းယွင်ကျောင်း ပြင်ဆင်ပေးထားခြင်းမဟုတ်ကြောင်း ရှုဝမ်ချန်း ချက်ချင်းဆိုသလို နားလည်သဘောပေါက်လိုက်၏။
ရှန်တုန်းသည် သူ၏အစ်ကိုကြီးဖြစ်သူနှင့် အိပ်ခဲ့ဖူးသော အမျိုးသမီးဖြစ်ကြောင်း၊ ရှန်ဟုန်မှာ အစ်ကိုကြီး၏သားဖြစ်ကြောင်း ရှောင်ကျောင်း ကောင်းကောင်းသိနေပေသည်။ သူမသည် ဤကိစ္စနှင့်ပတ်သတ်လာလျှင် တစ်ခုခုလုပ်ရန်မပြောနှင့် ဟာသအနေဖြင့်ပင် စကားမဟမည့်လူမျိုးဖြစ်၏။
သူမသာ မဟုတ်လျှင် တရားခံမှာ ရှန်ရှီဖြစ်ရမည်။ သူမသည် အတင့်ရဲစွာဖြင့် ကျင်းယွင်ကျောင်း၏နာမည်ကို အလွဲသုံးစားပြုခဲ့လေသည်...
“အား...”
ရှုဝမ်ချန်းသည် သူ၏ရင်ဘတ်ကိုဆုပ်ကိုင်ကာ အမြင်အာရုံဝေဝါးလာသည်ကို ခံစားမိလိုက်သည်။ သူ၏ခေါင်းထဲတွင် ပုံရိပ်ယောင်များပေါ်လာပြီး တစ်ခုခုမှားနေပြီဖြစ်ကြောင်း ချက်ချင်းဆိုသလို သိလိုက်ရ၏။ သူသည် ရှန်တုန်းအား နောက်တစ်ဖန်ကြည့်လိုက်သောအခါ သူမသည် လုံးဝအသိစိတ်လွတ်နေပြီး သူမအင်္ကျီများမှာလည်း အနည်းငယ်ဖရိုဖရဲဖြစ်နေချေပြီ။
“ခွမ်း!”
ရှုဝမ်ချန်းသည် ချက်ချင်းဆိုသလို သူ၏ရှေ့မှောက်ရှိ ကြွေပန်းကန်ကို ခွဲချလိုက်ကာ ကြွေပန်းကန်မှ အကွဲစတစ်ခုကို လှမ်း၍ ကောက်ယူလိုက်သည်။ ရုတ်ချည်းဆိုသလို သူ၏လက်ပေါ်မှ သွေးများစီးဆင်းလာပြီး နာကျင်မှုလှိုင်းလုံးများကို တသိမ့်သိမ့်ခံစားလိုက်ရတော့သည်။ သူသည် အသိစိတ်ရှိနေဆဲအချိန်တွင် တံခါးဝဆီသို့ လျှောက်သွားလိုက်၏။
သို့ရာတွင် သူသည် အလွန်အရှက်ရနေသဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ထားရသည်။ နောက်ဆုံးတွင် တံခါးဝဆီသို့ ရောက်သောအခါ တံခါးသော့ပိတ်ထားကြောင်း သိလိုက်ရလေသည်။ ဤအိမ်ထဲတွင် အမှန်တကယ်ပင် သူလျှိုတစ်ဦးရှိနေပေသည်။
ရှန်ရှီသည် အစေခံတစ်ဦးအား ဤသို့လုပ်ရပ်မျိုး ခိုင်းစေရန် တတ်စွမ်းနိုင်လေသည်!
သူ၏မျက်လုံးများသည် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ ငေးကြောင်စွာဖြင့်ကြည့်ရင်း သူ၏အရှေ့တွင် အနီရောင်ပင်လယ်တစ်ခုကိုသာ မြင်နေသယောင်ရှိနေပေသည်။ ထိုအချိန်တွင် ရုတ်ချည်းဆိုသလို သူ၏ရှေ့မှောက်ရှိ လူပုံရိပ်တစ်ခုသည် အနောက်သို့လှည့်လာပြီး...
“ဟင်း...”
ဤအချိန်တွင် ရုတ်တရတ်ဆန်စွာ ရှန်တုန်းသည် ညည်းသံပြုလိုက်၏။
ရှုဝမ်ချန်းသည် ၎င်းကိုကြားသောအခါ ကြက်သီးမွေးညင်းများထသွားသည်။ သူသည် ဆင်ခြင်တုံတရားမဲ့စွာဖြင့် စိတ်အလိုလိုက်၍မဖြစ်ပါပေ။ မဟုတ်ပါက သူတို့နှစ်ဦးလုံး၏ဘဝသည် အဆုံးသတ်သွားချေမည်။
ရှန်တုန်းသည် အစ်ကိုကြီး၏ဇနီး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရှန်ဟုန်ကို မွေးဖွားခဲ့သောကြောင့် သူ၏မရီးဆိုလျှင် တစ်ဝက်မှန်ပေသည်။ သူတို့နှစ်ဦးကြားတွင် တစ်ခုခုဖြစ်ပွားပါက ထိခိုက်မည့်သူမှာ တစ်ဦးမကပေ။
သူ ရှုဝမ်ချန်းသာ ဤကဲ့သို့အောက်တန်းကျသော လှည့်ကွက်တစ်ခုတွင် ကျရှုံးသွားပါက ယခုအချိန်ထိ နေထိုင်လာခဲ့သော သူ၏ဘဝသည် သဲထဲရေသွန်ဖြစ်သွားချေမည်။
ရှုဝမ်ချန်းသည် အံကိုတင်းတင်းကြိတ်ကာ ကြွေပန်းကန်စကိုယူပြီး သူ၏လက်ကောက်ဝတ်ကို နာနာလှီးလိုက်သည်။ နာကျင်မှုသည် ပို၍ စူးရှလာတော့၏။ ထို့နောက် သူသည် တစ်လှမ်းချင်းလှမ်း၍ ဒုတိယထပ်သို့ တက်သွားလိုက်သည်။ ဒုတိယထပ်၏ ဝရံတာဆီသို့ ရောက်သည်နှင့် သူသည် ခုန်ချလိုက်တော့၏!
“ဒုတိယသခင်လေး!”
ချက်ချင်းဆိုသလို အပြင်ဘက်တွင် တာဝန်ကျနေသော အစေခံများက အော်ဟစ်လိုက်သည်။
အချို့လူများက လျင်မြန်စွာ သူ့ကိုဝန်းရံလိုက်ကြပြီ အချို့လူများက အနောက်ခြံထဲရှိ ဆေးခန်းသို့သွားကာ ကျင်းယွင်ကျောင်းကို အစီရင်ခံကြ၏။
ယခုအိမ်တွင် ရှုယွမ်ထက်နှင့် ရှန်ရှီတို့မရှိသဖြင့် ဒုတိယသခင်လေး ဒုက္ခရောက်နေစဥ်တွင် ဆုံးဖြတ်ချက်ချနိုင်သည့် တစ်ဦးတည်းသောသူမှာ ကျင်းယွင်ကျောင်းဖြစ်သည်။ အကြီးအကဲရှုမှာမူ အသက်ကြီးပြီဖြစ်ကာ ပထမသခင်ကြီးရှုနှင့် ဒုတိယသခင်လေးရှုမှ ကိစ္စသေးသေးကြီးကြီး သူ့အားမနှောင့်ယှက်ရန် ညွှန်ကြားထားလေသည်။
ကျင်းယွင်ကျောင်းသည် ရာသီဆေးဖက်ဝင်အပင်များကို အပုံလိုက်စစ်ဆေးနေခဲ့သည်။ ဦးလေးအငယ်မှ တစ်ခုခုဖြစ်နေကြောင်း ကြားလိုက်သည်နှင့် သူမမျက်နှာထားသည် ကြီးမားစွာ ပြောင်းလဲသွားတော့သည်။
သူမသည် အပြေးအလွှား လာရောက်ကြည့်ရှုလိုက်သောအခါ ရှုဝမ်ချန်းသည် မြေပြင်ပေါ်တွင် လဲနေဆဲဖြစ်ကြောင်း မြင်လိုက်ရ၏။ သူ၏လက်သည် သွေးများစီးနေပြီး သူ၏လက်မှာလည်း ထူးဆန်းသောအနေအထားဖြစ်နေသည်။ ကြည့်လိုက်သည်နှင့် လက်ကျိုးသွားမှန်း သိသာ၏။ ထိုတင်မက သူ၏မျက်နှာတစ်ခုလုံးမှာလည်း နီမြန်းနေသဖြင့် အနည်းငယ်ထူးဆန်းလှသည်...
သူသည် ဒုတိယထပ်မှ ပြုတ်ကျလာခြင်းဖြစ်ပြီး ပထမထပ်ရှိ တံခါးမှာ တင်းတင်းပိတ်ထား၏...
“လမ်းဖယ်ကြစမ်း!”
ကျင်းယွင်ကျောင်းသုတ်သီးသုတ်ပြာဖြင့် သွားလိုက်သည်။
Space and Rebirth 1088
ကျင်းယွင်ကျောင်းသည် အလျင်အမြန်ဖြင့် သူမဦးလေး၏အခြေအနေကို စစ်ဆေးလိုက်သည်။ သူ၏သွေးခုန်နှုန်းကို ခံစားမိလိုက်သောအခါ သူမသက်မချလိုက်၏။ ထို့နောက် ရှည်ရှည်ဝေးဝေးတွေးမနေဘဲ သူမဦးလေး၏ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံးကို ထိုးသွင်းထည့်လိုက်လေသည်။
“သခင်မလေး တံခါးဖွင့်ပြီး အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ကြမလား?”
အစေခံတစ်ဦးမှ မေးလိုက်သည်။
ရှန်ဟုန်သည်လည်း သတင်းကြားသည်နှင့် အပြေးအလွှားရောက်ချလာပြီး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်အံ့အားသင့်သွားသည်။ ဘေးအဆောင်မှ ရှန်ဟုန်ထွက်လာသည်ကို မြင်လိုက်သောအခါ ကျင်းယွင်ကျောင်း၏မျက်နှာထားပြောင်းလဲသွား၏။
“သော့ပေးလိုက် အစ်ကိုလိုက်စရာမလိုဘူး”
ကျင်းယွင်ကျောင်းသည် အသံကိုနှိမ့်ပြောကာ သူမဘာသာ ဝင်သွားလိုက်သည်။ ရှန်ဟုန်ဝင်မည်ကိုပင် တားဆီးလိုက်ပြီး သူမဦးလေးအား အခန်းထဲသို့ပြန်ပို့ရန်သာ ရှန်ဟုန်ကို စီစဥ်ခိုင်းလိုက်၏။
သူမဦးလေးသည် စိတ်အလိုရမ္မက်များကို လှုံ့ဆော်နှိုးထပြီး ထင်ယောင်ထင်မှားဖြစ်စေသော ဆေးတစ်မျိုးဖြင့် အခတ်ခံထားရသည်။ လိုရင်းတိုရှင်းပြောရလျှင် ကာမအားတိုးဆေးဖြစ်သည်။ သူသည် သံသယအဝင်မခံရစေရန် ဒုတိယထပ်မှ ခုန်ချခဲ့ခြင်းဖြစ်မည်။ ရှန်တုန်းသည်လည်း မလွတ်လောက်ချေ။ ဤအချိန်တွင် မည်သူကိုမှ အနားမကပ်ခိုင်းသည်က ကောင်းပေမည်။
ကျင်းယွင်ကျောင်းတံခါးဖွင့်ပြီး ဝင်သွားသောအခါ အင်္ကျီများ ဖရိုဖရဲဖြင့် ဆိုဖာပေါ်တွင် လှဲလျောင်းနေသော ရှန်တုန်းကို မြင်လိုက်ရသည်။ သူမပုံစံမှာ နည်းနည်း...
ကျင်းယွင်ကျောင်းသည် ရှက်နေစရာ အချိန်မရှိချေ။ သူမနေရာလွတ်နယ်မြေထဲမှ ငွေအပ်များကိုသာ ထုတ်ကာ ရှန်တုန်း၏အကြောမှတ်များဆီသို့ လျင်မြန်စွာ ထိုးသွင်းလိုက်၏။ ရှန်တုန်းအား စိတ်တည်ငြိမ်အောင်လုပ်ပြီးသောအခါ ဆေးလုံးတစ်လုံးအား မြိုချခိုင်းလိုက်သည်။
ဤဆေးလုံးသည် လူတစ်ဦး၏ စိတ်အား ကြည်လင်ရှင်းလင်းစေနိုင်သော အာနိသင်ရှိပေသည်။ ဤဆေးလုံးနှင့် အပ်စိုက်ကုသရေးဖြင့်ဆိုလျှင် ရှန်တုန်းသည် အပြည့်အဝ သတိပြန်လည်လာနိုင်ပေသည်။ သူမဦးလေးမှာမူ...ယခုအချိန်တွင် အပြင်ဖက်တွင် ရှိနေရန် မသင့်တော်လှချေ။ သူ့အားလည်း နောက်ပိုင်းတွင် ဤသို့ကုသပါက ပျောက်ကင်းနိုင်ပေမည်။ ထို့အပြင် သူ့ခန္ဓာကိုယ်ပေါ်၌ အခြားဒဏ်ရာများလည်း ရှိနေသေးသည်။
မိနစ်ပိုင်းခန့်ကြာသောအခါ ရှန်တုန်းသည် သူမခေါင်းကိုပွတ်ကာ တဖြည်းဖြည်းချင်း သတိလည်လာ၏။
“ယွင်ကျောင်? သမီး....ခုနက အန်တီလေ...အရမ်း နေရခက်သွားတာပဲ၊ အန်တီ့ ရင်ဘတ်တစ်ခုလုံး မွန်းကြပ်နေခဲ့တာ...”
ရှန်တုန်းသည် မျက်မှောင်ကြုတ်ပြီး တစ်ကိုယ်လုံး ချိနဲ့နေကြောင်း သိလိုက်ရ၏။ ဤခံစားချက်မှာ....လွန်ခဲ့သော အနှစ် ၂၀ ကကဲ့သို့...
ရုတ်ချည်းဆိုသလို ရှန်တုန်းသည် အချို့ကိစ္စများကို မှတ်မိသွားသည်။ ထိုစဥ်က ခံစားချက်သည် ယခုကဲ့သို့ တူညီသော်လည်း ယခင်ကလောက် မလေးနက်ပေ။ ထိုအချိန်က သူမသည် ဝိုင်နည်းနည်းသောက်မိပြီး တစ်ခုခုလွဲနေကြောင်း ခံစားမိခဲ့သည်။ သို့ရာတွင် သူမသည် ချက်ချင်းဆိုသလို ထိုခံစားချက်ကို သတိမထားမိခဲ့ချေ။ ထို့ကြောင့် နောက်ပိုင်းတွင် သူမသည် အခြားသူများကို မငြင်းဆန်နိုင်တော့ခြင်း ဖြစ်သည်....
“ဘာမှမဖြစ်ဘူး အန်တီနဲ့ ဦးလေးက တစ်ခုခုအစားမှားသွားတာ”
ကျင်းယွင်ကျောင်းမှ သူမကို နှစ်သိမ့်လိုက်သည်။
“ဟင်? ခုနက ဆန်ပြုတ်လား? သမီးချက်ထားတာမဟုတ်ဘူးလား? ဘယ်လိုလုပ် အစားမှားစရာရှိမှာလဲ?”
ရှန်တုန်း ဇဝေဇဝါဖြစ်သွားသည်။
အခြားအရာများကို သူမမစားထားချေ။
ကျင်းယွင်ကျောင်းသည် ၎င်းကို ကြားလိုက်သောအခါ ချက်ချင်းမေးလိုက်၏။
“သမီးချက်ထားတာလို့ ဘယ်သူပြောလဲ?”
“ဟိုအစေခံလေ....မဟုတ်ဘူးလား?”
ရှန်တုန်းသည် အသက်ကိုပြင်းပြင်းရှူလိုက်၏။
“ဒါရှန်ရှီလက်ချက်လား? သူက ဆန်ပြုတ်ကို ဆေးခတ်လိုက်တာများလား? ဒါဆိုဘာလို့ အန်တီက အခုချိန်ထိ...”
(အသက်ရှင်နေသေးသည်လော?)
သူတို့အား ဆေးခတ်နိုင်သောကြောင့် တစ်ခါတည်း သတ်ပစ်နိုင်သည်မဟုတ်လော။ ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့သည် ရှုမိသားစုအိမ်ထဲတွင် ရှိနေသည့်တိုင် ရှန်ရှီသည် လူမြင်ကွင်းရှေ့တွင် ဤသို့သောအမှုမျိုးကို အတင့်ရဲစွာ လုပ်ရဲသေး၏။
“တစ်ယောက်ယောက်သေရင် ဒီကိစ္စက ပိုကြီးလေးသွားလိမ့်မယ်”
ကျင်းယွင်ကျောင်းရိုးရှင်းစွာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဆေးအာနိသင်တွေ မရှိတော့ဘူး အန်တီကောင်းကောင်းနားလိုက်တော့”
ရှန်တုန်းသည် ယခုအချိန်တွင် အင်အားသိပ်မရှိလောက်ချေ။ ထို့ကြောင့် သူမကို ဆက်စကားပြောနေလျှင် ပိုပင်ပန်းရုံသာရှိလိမ့်မည်။
ကျင်းယွင်ကျောင်းမှ ဤသို့ပြောလိုက်သဖြင့် ရှန်တုန်းသိချင်လျှင်ပင် မေးခွန်းများ ထပ်မမေးနိုင်တော့ချေ။ သူမသည် ခေါင်းငြိမ့်ရင်းဖြင့် မတ်တပ်ထကာ သူမအခန်းသို့ ပြန်လိုက်သည်။ သို့သော် သူမမတ်တပ်ရပ်လိုက်သည်နှင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားသည်။ မြေပြင်ပေါ်ရှိ ကြွေပန်းကန်အကွဲနှင့် ရဲရဲတောက်နေသော သွေးစွန်းကွက်များကို မြင်လိုက်ရသောအခါ သူမခန့်မှန်းနိုင်သွားတော့သည်။ ချက်ချင်းဆိုသလို သူမမျက်နှာ သွေးဆုပ်သွား၏။
လှေကားထစ်များဆီသို့...တစ်လှမ်းပြီးတစ်လှမ်းဖြင့် သွေးစက်များသည် ဒုတိယထပ်ဆီသို့ ဦးဆောင်သွားနေသည်။
အခန်းထဲတွင် သူမနှင့်အတူရှိခဲ့သောလူဟူ၍ ရှုဝမ်ချန်းသာရှိသည်။ ဆိုလိုသည်မှာ ဤသွေးစက်များသည် သူ၏သွေးစက်များဖြစ်သည်။ ဤကိစ္စသည် ထင်သလောက် မရိုးရှင်းလောက်ချေ....သူမသည်လည်း ရိုးအသောသူမဟုတ်ပါပေ။ ရုတ်ချည်းဆိုသလို အကြောက်တရားအငွေ့အသက်များကို ခံစားမိလိုက်၏။
ကံကောင်းစွာဖြင့် ရှုဝမ်ချန်းသည် အမျိုးကောင်းသားတစ်ဦးဖြစ်၍ သူ၏စိတ်သည် တည်ကြည်ခိုင်မာပေသည်။ သူမကဲ့သို့ စိတ်အားနည်းသူတစ်ဦးသာ ဖြစ်ခဲ့လျှင်...