အခန်း (၁၀၉၇-၁၁၀၀)
Vol. 55 Ch. 1097-1100
Space and Rebirth 1097
ရှန်ရှီ၏ယောက်ျားမှာ သူ၏ရန်သူဖြစ်နိုင်ချေ များသည်။ သို့သော် မည်သူပင်ဖြစ်စေကာမူ မကြာခင်တွင် ရအောင်ဖော်ထုတ်ပေမည်။
“မင်းတို့စကားကို နားထောင်ကြည့်ရသလောက် ဒီကိစ္စကို ရှန်တုန်းနဲ့ အားဟုန်က မသိသေးတဲ့ပုံပဲ”
ရှုယွမ်ထက်သည် သက်မကိုချလိုက်သည်။ ရှန်ဟုန်ကို စဥ်းစားလိုက်သောအခါ သူ၏မျက်နှာသည် အနည်းငယ်ပြေလျော့သွား၏။
သူ၏နံဘေးရှိ အကြီးအကဲရှုမှာလည်း ဤနှစ်ရက်အတွင်း အခွင့်အခါကြုံ၍တွေ့ခဲ့ရသော လူငယ်လေးအား တွေးမိလိုက်သည်။ သူ၏နောက်ကျိနေသော မျက်လုံးတစ်စုံ ကျဥ်းမြောင်းသွား၏။ သူသည် အသေးစား ဝိုင်ခရားတစ်ခုကိုယူကာ နှစ်ငုံမျှ သောက်လိုက်သည်။
“ဟုတ်ကဲ့ ပြောပြချင်လား မပြောဘဲနေမလားဆိုတာ ဦးလေးသဘောပါပဲ၊ သမီးကတော့ အန်တီတုန်းကို သမီးအဒေါ်အဖြစ် အရမ်းသဘောတူတာပေါ့ ဦးလေးကြိုးစားရမယ်နော်”
ကျင်းယွင်ကျောင်းကျီစယ်လိုက်သည်။
သို့ရာတွင် “အန်တီ” ဟုသူမပြောလိုက်သည်နှင့် ကျင်းယွင်ကျောင်းမျက်လုံးထဲတွင် အေးစက်သောအလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူမဆက်ပြောလိုက်၏။
“ဦးလေး၊ ရှန်ရှီက လူတွေရဲ့ ခံစားချက်ကို ဆွတဲ့နေရာမှာ အတော်ဆုံးပဲ ဦးလေးအရင်ဆုံး အကွက်ရွှေ့တာ ကောင်းမယ်လို့ သမီးထင်တယ်၊ မဟုတ်လို့ကတော့ သူအရင် အပြင်လောကမှာ ပေါက်ကရတွေထပြောနေရင် သမီးတို့ တစ်ပန်းရှုံးလိမ့်မယ် မနေ့ညကလိုမျိုးပေါ့”
ရှုယွမ်ထက် ခေါင်းငြိမ့်လိုက်သည်။
“ဒါပေမယ့် ရှုယု ပျောက်နေတယ်ကြားတယ် ဘာတွေဖြစ်နေတာလဲ? သူ့ဘာသာထွက်ပြေးသွားတာလား?”
ရှုယွမ်ထက် သတိရသွားပြီး မေးလိုက်သည်။
ရှန်ရှီအတွက်မူ ရှုယုဟူသည်မှာ သူမအား ကောင်းကောင်းထိန်းချုပ်နိုင်သောအရာဖြစ်သည်။ ရှုယုအား မိမိတို့လက်ထဲတွင်ထားရှိသည်က ပိုကောင်းပေမည်။ ရှုယွမ်ထက်၏ရန်သူဖြစ်လာသောကြောင့် သူသည် အနည်းငယ်မျှပင် ညှာနေမည်မဟုတ်ချေ။
“သမီး သူ့ကိုဝှက်ထားတာပါ၊ ဦးလေးစိတ်မပူပါနဲ့ သူ့ကိုဝှက်ထားတဲ့နေရာက လျှို့ဝှက်လွန်းလို့ ဘယ်သူမှ သူ့ကိုရှာနိုင်မှာမဟုတ်ဘူး”
ကျင်းယွင်ကျောင်းပြောလိုက်သည်။
ရှုယွမ်ထက်သည် ကျင်းယွင်ကျောင်းအပေါ် ယုံကြည်ချက်ပြည့်ဝနေ၏။
ဤအရာများကိုပြောပြီးနောက် ကျင်းယွင်ကျောင်းသည် သူမဦးလေး၏ကားဖြင့် ကျောင်းသို့သွားလိုက်သည်။ သို့သော် သူမသည် အချိန်ကြာမြင့်စွာ စကားပြောလိုက်ရသဖြင့် ကျောင်းနောက်ကျနေလေပြီ။ သို့သော် ဆရာများသည် သူမနှင့်ပတ်သတ်လာလျှင် အမြဲတစေ ကျေနပ်အားရပြီး လူရည်ချွန်ကျောင်းသားများကို အလျှော့ပေးစမြဲရှိသောကြောင့် မည်သူကမှ သူမကို သိပ်မမေးမြန်းကြချေ။
ကျင်းယွင်ကျောင်းကျောင်းသွားနေစဥ်တွင် ရှုယွမ်ထက်သည် စတင်လှုပ်ရှားရန် အဆင်သင့်ပြင်လိုက်သည်။
အိမ်ထောင်တစ်ခုသည် နိုင်ငံရေးအလုပ်အား အကျိုးသက်ရောက်နိုင်သော်လည်း ရာနှုန်းပြည့်တော့ မဟုတ်ချေ။ အနည်းဆုံးအနေဖြင့် ရှုယွမ်ထက်အား ထိုမျှလောက် အကျိုးသက်ရောက်နိုင်မည်မဟုတ်ချေ။
ထို့ကြောင့် ပထမနေ့တွင် ရှုယွမ်ထက်သည် ရှန်ရှီ၏တည်နေရာကို စတင်ခြေရာခံတော့၏။ ရှန်ရှီသည် အပြင်ဘက်ရှိ အိမ်တစ်အိမ်တွင် နေထိုင်လျက်ရှိပြီး ထိုအိမ်မှာလည်း သူမအပိုင်ဖြစ်ပေသည်။ ထိုနေ့တွင် ရှန်ရှီသည် သူမအိမ်သို့ သူဌေးကတော်အချို့ကိုဖိတ်ခေါ်ထားကြောင်း စုံစမ်းသိရှိလိုက်ရသဖြင့် ကိစ္စတစ်ခုခုရှိနေလောက်မည်။
ရှုယွမ်ထက်သည် အလျင်လိုမနေချေ။ သူသည် ရှုယု၏ပြစ်မှုများကို သက်သေများနှင့်တကွ အကျယ်တဝင့် တိုင်ကြားလိုက်သည်။ ချက်ချင်းဆိုသလို ရှုယုသည် သိက္ခာရှိသခင်လေးဘဝမှ ဝရမ်းပြေးတစ်ဦးဖြစ်သွားတော့သည်။
ရှုယွမ်ထက်သည် လူထုရှေ့တွင် လျင်မြန်စွာဖြင့် တောင်းပန်စကားဆိုလိုက်၏။ သူသည် နှစ်ပေါင်းများစွာ ရှုယုအပေါ် ကြိုးစားအားထုတ်သွန်သင်ခဲ့ကြောင်း၊ သို့ရာတွင် ရလဒ်မတွေ့ကြောင်း စသည်တို့ဖြစ်သည်။
သူသည် ရှုယုအား ကြိမ်ဖန်များစွာ ဆုံးမခဲ့ပြီး ရှုယုမှာလည်း သူဌေးမိသားစု၏ ဗိုလ်ကျသောသခင်လေးတစ်ဦးဖြစ်ကြောင်း လူတိုင်းသိထားလေသည်။
ထို့နောက် ရှုယွမ်ထက်သည် သူနှင့် သူ၏ဇနီးသည်မှာ သားဖြစ်သူ၏ ပညာရေးနှင့်ပတ်သတ်၍ အငြင်းပွားမှုကြီးတစ်ခုရှိခဲ့ကြောင်း ပြောကြားပြန်သည်။ ယခုမူ သူ၏သားမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူ၏ဇနီးမှာ သားကို ကာကွယ်မြဲ ကာကွယ်ဆဲဖြစ်ကြောင်း ပြောလိုက်၏။ မိမိခင်ပွန်းဖြစ်သော သူ့ကိုပင် မမှန်မကန် တိုင်ကြားခဲ့သေးသည်။ သူမသည် နှလုံးသားကင်းမဲ့ကာ သူ့အား ကွာရှင်းရန် လျှောက်လွှာတင်ခဲ့လေသည်...
ဤသည်မှာ ပထမဆုံးအဆင့်ဖြစ်သည်။
ရှုယွမ်ထက်၏ သြဇာမှာ မဒမ်ရှု ယှဥ်တုနိုင်သောအရာမဟုတ်ပေ။ အထူးသဖြင့် သူသည် သားအဖဆက်ဆံရေးကို ဘေးဖယ်ပြီး မိမိသားဖြစ်သူ၏ ပြစ်မှုများကို လူရှေ့ထုတ်ဖော်လိုက်သောအခါ လူများစွာက အံ့အားသင့်လေးစားသွားကြ၏။
ရက်စက်မှုအရပြောရလျှင် ရှုယွမ်ထက်မှာ မိမိနှင့်ပြတ်တောက်သွားသောဆက်ဆံရေးများကို ငဲ့မကြည့်တတ်သောသူဖြစ်၏။ ထို့ကြောင့် သူ၏စကားများသည် ညှိနှိုင်းဆွေးနွေးရန် နေရာမရှိချေ။ သူသည် ရှန်ရှီနှင့် သူ၏သားကို လူမှုတန်ဖိုးနားမလည်သူများအဖြစ် ဝေဖန်သည့်အပြင် သူ၏ဇနီးသည်မှာ အဆင်းသာရှိပြီး အမှန်အမှားကို ပိုင်းခြားနားလည်နိုင်သော အရည်အချင်းမရှိကြောင်း ပြောခဲ့လေသည်...
သာမန်လူတစ်ဦးသာ ဤသို့ဆုံးဖြတ်ချက်ခိုင်မာနေလျှင် လူများစွာသည် မကျေမနပ်ဖြစ်၍ သူ၏ဇနီးနှင့်သားဖြစ်သူအတွက် စိတ်မကောင်းဖြစ်ကြပေမည်။ သို့သော် ရှုယွမ်ထက်မှာ မိသားစုကို ဦးစားပေးသင့်သော သာမန်ယောက်ျားတစ်ဦးမဟုတ်ပါပေ။
သူ၏စစ်မှန်သော ဦးစားပေးမှာ ပြည်သူလူထုဖြစ်၏။ ယခုမူ သူ၏ဖြောင့်မတ်တည်ကြည်မှုကို မြင်လိုက်ရသဖြင့် လူထုက သူ့ကိုချီးမွမ်းမဆုံးဖြစ်နေတော့သည်။
Space and Rebirth 1098
ရှန်ရှီသည် သူမနှင့်ခင်မင်သော သူဌေးကတော်များကို ရှာဖွေပြီး စကားရှည်ကြာစွာပြောကာ သူမ၏ဝမ်းနည်းမှုများကို ထုတ်ဖော်လိုက်ပြီဖြစ်သည်။ သူတို့၏မျက်နှာပေါ်ရှိ ဒေါသနှင့် သနားရိပ်များကို မြင်လိုက်ရသောအခါ သူမသည် စိတ်ထဲ၌ သက်မချလိုက်တော့၏။ ထိုသူဌေးကတော်များသည် မိမိတို့ ခင်ပွန်းသည်များကို သေချာပေါက် အကူအညီတောင်းကြပေလိမ့်မည်။
သူသည် လူထုဝေဖန်မှုကို အသုံးချပြီး ရှုယွမ်ထက်အား ဖိအားပေးရန်လည်း ပြင်ဆင်ထား၏။
သို့ရာတွင် ထိုအမျိုးသမီးများထွက်သွားသောအခါ အပြင်တွင် မုန်တိုင်းတစ်ခု ရိုက်ခတ်နေသည်ကို သူမသတိထားမိလိုက်တော့သည်။ ဤလူ ရှုယွမ်ထက်သည် သူမထက် ခြေတစ်လှမ်းသာနေလေသည်။
သူမသည် ချက်ချင်းဆိုသလို စိတ်ဓာတ်ကျသွားသည်။
သူမသည် အနည်းဆုံးအနေဖြင့် ရက်ပိုင်းလောက် အချိန်ရဦးမည်ဟု ထင်ခဲ့သည်။ ရှုယွမ်ထက်သည် သူမအား အတုဖြစ်ကြောင်း မသိသရွေ့ ထိုနှစ်ကက သူမအား ပေးထားသောကတိကိုတည်ပြီး သူမအား ညှာပေလိမ့်မည်။ သို့သော် ယခု သူစတင်လှုပ်ရှားလိုက်ပြီဖြစ်၍ အမှန်တရားကို သိသွားဟန်ရလေသည်။
ထို့အပြင် သူသည် ရှုယု၏ပြစ်မှုများကို သက်သေနှင့်တကွ အထူးတလည် ထုတ်လွှင့်ခဲ့၏။ ရှုယုအား အသုံးချ၍ သူမကိုခြိမ်းခြောက်နေသည်မှာ သိသာပေသည်။
သူမသာ ဆန့်ကျင်လျှင် ရှုယုသည် သေချာပေါက်ဖမ်းဆီးခံရလိမ့်မည်။ ရှုယုသာ ထောင်ထဲသွားရုံဆိုလျှင် ကိစ္စမရှိသော်လည်း ပြသာနာမှာ ရှုယွမ်ထက်သည် ရှုယု၏မျိုးရိုးကို သိသွားလေပြီ။ ထို့ကြောင့် သူ့အား အသက်ပေးမရှင်လောက်ပေ!
ချက်ချင်းဆိုသလို သူမထိတ်ထိတ်ပျာပျာဖြစ်သွားတော့သည်။ ဤသည်မှာ အနည်းငယ်ရယ်စရာကောင်းလှသည်ဟုပင် သူမခံစားမိလိုက်၏။
သူမသည် အပင်ပန်းခံ၍ သူဌေးကတော်များကိုပင် ဖိတ်ခေါ်စကားပြောခဲ့လေသည်။ ရှုယွမ်ထက်မှ ဘာစကားမှမပြောလျှင် အကျိုးရှိမည်ဆိုသော်လည်း ယခုမူ ထိုလူကြောင့် လူထု၏အမြင်သည် သူမဘက်သို့ မတိမ်းစောင်းတော့ချေ။ ထိုအမျိုးသမီးများသည် သူမအား အဘယ်သို့ကူညီတော့မည်နည်း?
ရက်ပိုင်းလောက်ကြာသောအခါ ရှုယွမ်ထက်သည် ဝုန်းခနဲ ဒိုင်းခနဲ ကွာရှင်းလိုက်၏။
ရှန်ရှီ၏ဂုဏ်သတင်းမှာ ဆိုးရွားနေပြီဖြစ်ကာ ရှုယွမ်ထက်၏ဂုဏ်သတင်းမှာ ကောင်းမွန်နေလေပြီ။ သို့သော် ကွာရှင်းပြီး နှစ်ရက်ပင်မကြာလိုက်သောအချိန်တွင် ရုတ်ချည်းဆိုသလို အထက်တန်းလွှာအသိုင်းအဝိုင်း၌ ကောလဟာလတစ်ခု ထွက်လာတော့၏။
ရှုယွမ်ထက်မှ ရှန်ရှီအား လက်ထပ်လိုက်ရသောအကြောင်းရင်းမှာ ရှုယွမ်ထက်သည် ချောက်တွန်းခံရပြီး ရှန်ရှီအား အပျိုရည်ပျက်အောင် လုပ်ခဲ့သောကြောင့်ဖြစ်သည်ဟု လူအချို့က ပြောကြတော့သည်။ အစက ရှန်ရှီသည် ကံကောင်းသောကြောင့် မဒမ်ရှုဖြစ်ရသည်ဟု ထင်ခဲ့ကြသော်လည်း အနှစ် ၂၀ ကြာသောအခါ အခြေအနေမှာ ပြောင်းပြန်လှန်သွားတော့သည်။ ရှန်ရှီမှာ ဤဖြစ်ရပ်တစ်ခုလုံးကို စီစဥ်အကွက်ချပြီး လူစားလဲခဲ့ခြင်းဖြစ်သည်ဟု သိလိုက်ကြရ၏။
ရှုယုကဲ့သို့ လူတစ်ဦးသည် သေချာပေါက် ရှုယွမ်ထက်၏သားအရင်းမဖြစ်နိုင်ချေ။ မဟုတ်လျှင် ဤကဲ့သို့အောက်တန်းစားတစ်ဦး အဘယ်သို့ဖြစ်မည်နည်း?
ပြည်သူလူထုမှာ ရှုယွမ်ထက်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို စိတ်မဝင်စားအားချေ။ သူသည် အထက်တန်းလွှာလူတစ်ဦးဖြစ်သဖြင့် သူတို့နှင့် မသက်ဆိုင်သောကြောင့်ဖြစ်သည်။ သို့ရာတွင် အထက်တန်းလွှာအသိုင်းအဝိုင်းမှ လူများမှာမူ ထိုသို့မတွေးချေ။ ဤဖြစ်ရပ်ကိုသိပြီးနောက် လူတိုင်းသည် ချက်ချင်းဆိုသလို ရှန်ရှီအား ရွံရှာမုန်းတီးသွားကြသည်။
နှစ်ပေါင်းများစွာတစ်လျှောက် ရှန်ရှီ၏အပြုအမူကို စဥ်းစားလိုက်သောအခါ သူမနှင့် ဆက်ဆံစကားပြောမိသောလူများသည် ချက်ချင်းဆိုသလို ကျောချမ်းသွားကြ၏။
သို့ရာတွင် မဒမ်ရှုဖြစ်ခဲ့ရမည့် အမျိုးသမီးမှာ မည်သူဖြစ်ကြောင်း တစ်ယောက်မှ မသိကြချေ။
ရှုယွမ်ထက်သည် လူထုအမြင်ကို ထိန်းချုပ်နေစဥ် ရှန်ရှီအား အနီးကပ်စောင့်ကြည့်ရန်လည်း လူလွှတ်ထားခဲ့၏။ သူမနောက်ကွယ်ရှိ လျှို့ဝှက်ကြိုးကိုင်သူအား ဆက်သွယ်မည်လော သိချင်သောကြောင့်ဖြစ်သည်။
ကံမကောင်းစွာဖြင့် လတစ်ဝက်ကျော်သည့်တိုင် ဘာကိုမှ မတွေ့ရသေးချေ။
ရှုမိသားစုထဲတွင်မူ လက်တလောပိုင်းအတွင်း ပြောင်းလဲမှုများစွာရှိခဲ့၏။
ရှန်ဟုန်သည် ရှုမိသားစုမှ သူ့အပေါ် ပုံမှန်ထက် ကောင်းမွန်စွာ ဆက်ဆံနေကြောင်း ခံစားမိလိုက်သည်။ လူရှေ့ပေါ်လာလေ့မရှိသော အကြီးအကဲရှုပင်လျှင် သူ့အားခေါ်၍ ရံဖန်ရံခါဆိုသလို သေရည်အတူသောက်တတ်၏။ အမြဲတစေ အကြီးအကဲရှုနံဘေးတွင်ရှိသော ဦးလေးရှုသည်လည်း သူ့အပေါ် အလွန်လေးစားသမှုရှိနေလေသည်...
“မေမေ အခုတလော တစ်ခုခုလွဲနေတယ်လို့ မခံစားမိဘူးလား?”
ဤမိသားစုသည် သူတို့အပေါ် ကောင်းသထက် ကောင်းလာကြောင်း မြင်ရသောအခါ ရှန်ဟုန်သည် အနည်းငယ်နေရခက်ဟန်ဖြင့် မေးလိုက်သည်။
ရှန်တုန်းသည်လည်း ခေါင်းငြိမ့်လိုက်၏။
“ယုတ္တိရှိရှိပြောရမယ်ဆိုရင် ရှန်ရှီနဲ့ မင်းဦးလေးက ကွာရှင်းလိုက်ပြီဆိုတော့ မေမေတို့အပေါ်လည်း မုန်းနေရမယ်ဆိုပေမယ့် အခုကြည့်ရတာ အဲဒါနဲ့ ဆန့်ကျင်ဘက်ပဲ၊ အာ ဟုတ်သားပဲ လွန်ခဲ့တဲ့နှစ်ရက်လောက်က အစေခံကောင်မလေးအသစ်က မေမေ့ကို မဒမ်ရှုလို့ မှားခေါ်ခဲ့တယ်လေ....အားဟုန်တော့ မေမေတို့တော့ ရှုမိသားစုထဲမှာ ဆက်နေလို့မဖြစ်တော့ဘူးထင်တယ်”
“ဒါပေမယ့် အဒေါ်က...”
ရှန်ဟုန်သည် မကြာသေးမီကမှ မိခင်ဖြစ်သူ၏ မတော်တဆမှုနောက်ကွယ်ရှိ လက်သည်တရားခံကို သိထားသဖြင့် အနည်းငယ်စိတ်ပူနေလေသည်။
“အပြင်မထွက်ဖြစ်အောင် သတိထားတာပေါ့ကွယ်၊ လုံးဝမဖြစ်တော့ဘူးဆိုရင်လည်း သက်တော်စောင့်တချို့ငှားရုံပေါ့၊ ရှန်ရှီက သူလုပ်ချင်သလိုလုပ်ဖို့ ခက်ခဲသွားလောက်ပါပြီ”
ရှန်တုန်းမှ အလေးအနက်ပြောလိုက်၏။
ယခု ရှန်ရှီ မရှိတော့သောကြောင့် သူမသည် ဤအိမ်တွင် ဆက်နေနေလျှင် ဝေဖန်ခံရချေတော့မည်။ သူမတွင် အခြားအကြံအစည်များရှိနေသည်ဟု အခြားသူများမြင်သွားမည်ကို မခံလိုချေ။
Space and Rebirth 1099
ရှန်ဟုန်သည် ရှန်တုန်း၏အတွေးနှင့် ထပ်တူကျသော်လည်း ရှုမိသားစုထံမှ မခွဲရက်ချေ။
ရှုမိသားစုသည် သူနှင့် သူ၏မိခင်ကို အလွန်ကောင်းမွန်စွာ ဆက်ဆံ၏။ ကျင်းယွင်ကျောင်းသည်လည်း သူ့အား အစ်ကိုရင်းတစ်ဦးနှယ် ဆက်ဆံရုံသာမက အကြီးအကဲရှုနှင့် ဦးလေးအငယ်ရှုကလည်း သူ့အပေါ် အလွန်ဖော်ရွေကြသည်။ မိသားစုကြီးတစ်ခုကဲသို့ သင့်မြတ်စည်းလုံးနေလေသည်။ ရှုယွမ်ထက်အားဆိုလျှင် ပို၍ပင် သံယောဇဥ်တွယ်မိသေးသည်။ နှစ်ဦးသားသည် ပုံမှန်အားဖြင့် အတူတကွ စစ်တုရင်ကစားကာ သိုင်းပညာလေ့ကျင့်ကြသဖြင့် အလွန်ပင်ခင်မင်ကြလေသည်။ မိမိတို့သာ အိမ်ပြောင်းလိုက်လျှင် သူ့ကဲ့သို့ ပျော်ရွှင်စွာ စကားပြောနိုင်မည့်သူ ဤနိုင်ငံတွင် ရှိတော့မည်မထင်ချေ။
ရှန်ဟုန်သည် အနည်းငယ်စိတ်မကောင်းဖြစ်မိသော်လည်း မိခင်၏ဆန္ဒအတိုင်း လိုက်နာကာ မြို့တော်ဝန်ရှုအား ဤကိစ္စနှင့်ပတ်သတ်၍ စကားပြောရန် ပြင်ထားလိုက်သည်။
ညစာအပြီးတွင် ရှန်ဟုန်သည် မည်သို့ပြောရမည်ကို တွေးနေမိ၏။ သေချာတွေးတောကြည့်ပြီးနောက် သူသည် နှုတ်ကိုဖွင့်ကာ ပြောလိုက်သည်။
“အကြီးအကဲရှု၊ ဦးလေးကြီး၊ ဦးလေးငယ်....မေမေနဲ့ ကျွန်တော်က ရှုမိသားစုအိမ်မှာနေတာ နည်းနည်းကြာနေပြီမို့....နောက်နှစ်ရက်လောက်ဆို အိမ်ပြန်ပါတော့မယ် အဲဒီကိစ္စကို ဦးလေးတို့နဲ့ ဆွေးနွေးချင်လို့ပါ...”
သူစကားပြောပြီးသည်နှင့် အကြီးအကဲရှု၏ မျက်နှာအိုသည် တွန့်သွားပြီး ရှုယွမ်ထက်အား ကြမ်းကြုတ်စွာ စူးစိုက်ကြည့်လိုက်၏။
ဤအသက်အရွယ်တွင် သူသည် ရည်ရည်မွန်မွန်ရှိလှသော မြေးယောက်ျားလေးတစ်ဦးကို မြင်ရပြီဖြစ်သော်လည်း အဆုံးတွင် ဤ “အသုံးမကျသော” သားဖြစ်သူက သူ၏မြေးလေးအား အသိအမှတ်ပင်မပြုရဲဖြစ်နေ၏။
ရှုယွမ်ထက် တစ်ကိုယ်လုံးတောင့်တင်းသွားပြီး သူ၏မျက်နှာထားသည် ထူးဆန်းသွားတော့သည်။
လေထုတစ်ခုလုံး ရေခဲမှတ်သို့ ကျဆင်းသွားသည့်အတိုင်း ဖြစ်သွားတော့၏။ ကျင်းယွင်ကျောင်းသည် သူမ၏နေရာလွတ်နယ်မြေမှ ပန်းသီးတစ်လုံးကို ကိုက်လိုက်ပြီး အသံတစ်ချက်မထွက်ဘဲ ဆိုဖာပေါ်တွင် လှဲထိုင်လိုက်သည်။ ရှုဝမ်ချန်းသည်လည်း ရှုယွမ်ထက်ကို လုပ်လေဟူသောအကြည့်ဖြင့် ကြည့်လိုက်၏။ သူ၏မျက်နှာမှာ အလွန်အမြင်ကတ်စရာပင်။
“ရှုမိသားစုက သားတို့ကို ကောင်းကောင်းဂရုမစိုက်ခဲ့မိလို့လား?”
ရှုယွမ်ထက်သည် ခေတ္တမျှတွေးပြီး မေးလိုက်၏။
“မဟုတ်ပါဘူး ရှုမိသားစုက ကျွန်တော်နဲ့ မေမေကို မိသားစုဝင်လို့ ဆက်ဆံတာမို့ ကျွန်တော်အရမ်းကို ကြည်နူးမိခဲ့ရတာပါ၊ ဒါပေမယ့် အချိန်လည်း ကြာနေတဲ့အပြင် အန်တီနဲ့ ဦးလေးကလည်း ကွာရှင်းလိုက်ပြီမို့ ကျွန်တော်တို့ဒီမှာဆက်နေဖို့ မသင့်တော်ဘူးထင်ပါတယ်”
ရှန်ဟုန်ဆက်ပြောလိုက်သည်။
ရှုယွမ်ထက် ခေတ္တမျှတွေးလိုက်၏။ သူပြောသည်မှာ အဓိပ္ပာယ်ရှိပေသည်။
သို့သော်...
“မသင့်တော်စရာဘာမှမရှိပါဘူး ရှောင်ကျောင်းက ဖိတ်ထားတဲ့ မိတ်ဆွေတွေပဲ ရှန်ရှီနဲ့ ဘာဆိုင်မှာလဲ? ဒီမှာပဲ ဆက်နေကြပါ ရှန်ရှီကလည်း အပြင်ကိုရောက်သွားတာ မကြာသေးဘူးဆိုတော့ သားတို့အပြင်ထွက်လိုက်ရင် ကျားဂူထဲဝင်တဲ့ သိုးတွေလို ဖြစ်သွားမယ်မဟုတ်ဘူးလား?”
ရှုယွမ်ထက်သည် လက်တလောတွင် ရှန်ရှီအား ကိုင်တွယ်ဖြေရှင်းခြင်း မရှိသည်က ကောင်းလှသည်ဟု တွေးမိသွားသည်။
“ဦးလေးရှု ကျွန်တော်က ကိုယ့်ကိုယ်ကို ကာကွယ်တတ်ပါတယ်၊ ကျွန်တော်ရှိနေသရွေ့ မေမေက နောက်တစ်ခါ အန္တရာယ်ရောက်မှာမဟုတ်ပါဘူး...”
“အသေအချာပြောလို့ရတာမဟုတ်ဘူးလေ သားက အလုပ်လည်းသွားရဦးမယ်၊ သားအမေကို တစ်နေ့ ၂၄ နာရီလုံးလုံး ဘယ်လိုလိုက်ကြည့်နိုင်မှာလဲ သူ့ခမျာ သားကိုပျိုးထောင်ဖို့အတွက် နှစ်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့ရတာ၊ သားက အပြင်ထွက်လိုက်လို့ သူအပြင်မှာ အန္တရာယ်တစ်ခုခုကြုံမိရင် သားဘယ်လိုစိတ်အေးနိုင်မှာလဲ?”
ရှုယွမ်ထက်၏စကားများသည် ရင်တွင်းဖြစ်စကားများဖြစ်၏။
သူသည် ရှန်ရှီအပေါ် မုန်းတီးရွံရှာမိသော်လည်း ရှန်တုန်းအပေါ်မူ အားနာစိတ် အလွန်ကြီးမား၏။
ဤအမျိုးသမီးသည် သူ့အတွက် သားတစ်ဦးကို မွေးဖွားခဲ့ပေးပြီး သူ့အကူအညီမပါဘဲ ထိုသားကို အောင်မြင်အောင် ပျိုးထောင်သွန်သင်ပေးနိုင်ခဲ့၏...
ယခင်က သူ့ကြောင့် ရှန်တုန်းသည် နာမည်ကြီးအနုပညာရှင်တစ်ဦး၏ အနာဂတ်ကို ဆုံးရှုံးခဲ့ရသည်။ နှစ်ပေါင်းကြာမြင့်သောအခါ သူသည် ထိပ်ဆုံးသို့ရောက်နေပြီဖြစ်သော်လည်း ဤအမျိုးသမီးမှာမူ ဝမ်းနည်းစရာဖြစ်ရပ်မျိုးစုံကိုသာ ခံစားခဲ့ရသည်။
ရှုယွမ်ထက်၏စကားများကြောင့် ရှန်ဟုန် တစ်မျိုးဖြစ်သွားသည်။ ရှန်တုန်းလည်း မရှိသဖြင့် ရှန်ဟုန်သည် ခေတ္တမျှတွေးပြီး အရဲစွန့်မေးလိုက်သည်။
“ဦးလေးရှု....ဦးလေးရှုက မေမေ့အပေါ်...ခံစားချက်များ ရှိနေတာလား?”
ရှုယွမ်ထက် နှုတ်ခမ်းစွန်းများ တွန့်သွားသည်။ အကြီးအကဲရှုသည် သူ့အား မျက်စောင်းခဲလိုက်၏။
ဤအချိန်တွင်မူ သူဝန်မခံ၍မဖြစ်တော့ချေ။ သူတို့၏လက်ရှိခင်မင်မှုအရ ရှန်ဟုန်သည် မကူညီနိုင်ဘဲ အဘယ်သို့နေမည်နည်း? သူတို့အိမ်မပြောင်းဘဲ နေနိုင်သည်မဟုတ်လော?
ရှုဝမ်ချန်းလည်း ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် ဇာတ်လမ်းအသွားအလာကို မမှိတ်မသုန် ထိုင်ကြည့်နေလေ၏။
ကျင်းယွင်ကျောင်းသည် သူ၏အစ်ကိုဖြစ်သူမှ ဤမျှလောက် တဲ့တိုးဆန်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမစိတ်ထဲတွင်လည်း ဦးလေး၏အဖြေကို အနည်းငယ်မျှော်လင့်မိသည်။
“အမှန်အတိုင်းပြောရရင် ဦးက သားအမေကို တကယ်လေးစားမိတယ် သူက ဦးလေးရဲ့လေးစားအထင်ကြီးမှုနဲ့ ထိုက်တန်တဲ့ အမျိုးသမီးကောင်းတစ်ယောက်ပဲ”
ရှုယွမ်ထက်သည် နောက်ဆုံးတွင် နှုတ်ကိုဖွင့်ကာ ပြောလိုက်တော့သည်။
“ပြီးတော့ သားတို့ကို ဒီအိမ်ထဲမှာ ထားချင်ရတဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းရင်းတစ်ခုလည်း ရှိသေးတယ်...”
Space and Rebirth 1100
ရှုယွမ်ထက် စကားမဆုံးခင်တွင် ကျင်းယွင်ကျောင်းနှင့် ရှုဝမ်ချန်းတို့၏ နှလုံးသားသည် ရင်ခုန်သံမှားလုမတတ်ဖြစ်သွားတော့သည်။ ရှုယွမ်ထက်သည် အမှန်အတိုင်းပြောတော့မည်ဟု သူတို့ထင်သွားကြ၏။
မထင်မှတ်ထားစွာဖြင့် သူသည် စကားလမ်းကြောင်းလွှဲကာ ဆက်ပြောလိုက်သည်။
“ဦးလေးက ဒီနှစ်ပေါင်းများစွာတစ်လျှောက် အားယုကို အရမ်းစိတ်ပျက်နေခဲ့တာ၊ ဒါပေမယ့် သားကိုတွေ့ပြီးတော့ စိတ်အေးမိသွားတယ်၊ သားကိုနေစေချင်တဲ့ အကြောင်းရင်းက ဦးလေးရဲ့ သားတစ်ဝက်ဖြစ်ပေးဖို့ပါ ဒါမှ ဦးလေးလည်း ပျော်ရွှင်စရာကောင်းတဲ့ သားအဖဆက်ဆံရေးကို ခံစားဖူးမှာလေ”
ရှန်ဟုန်သည် ၎င်းကိုကြားသောအခါ တစ်ခုခုကို နားလည်သွားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
ထိုရှုယုမှာ အမှန်တကယ်ပင် စိတ်ပျက်စရာဖြစ်၏။ မြို့တော်ဝန်ရှု စိတ်ပျက်မည်ဆိုလည်း စိတ်ပျက်စရာပင်။ ထို့အပြင် ရှုယုမှာ သူ၏သားအရင်းမဟုတ်ကြောင်း သတင်းများလည်းထွက်နေသည်။ ထိုအရာကြောင့် ဘယ်လိုမှ မခံစားဘဲနေလျှင်သာ ထူးဆန်းပေတော့မည်။
ထိုအခိုက်အတန့်တွင် ရှုယွမ်ထက်သည် မိသားစုအကွက်ကို ထုတ်သုံးလိုက်၏။ ရှန်ဟုန်သည် မည်သို့ငြင်းရမည်ကို မသိတော့ချေ။ သို့ရာတွင် သူ၏မိခင်ဖြစ်သူကိုလည်း နေရမခက်စေလိုသောကြောင့် ဝေခွဲရခက်နေသောဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော်အိမ်ပြောင်းပြီးတဲ့အချိန်မှာ မကြာမကြာလာလည်ပါ့မယ်၊ ပြီးတော့ အမေအကြာကြီး ဦးစီးခဲ့တဲ့ အလှပြင်ဆိုင်ကိုလည်း ပြန်မသွားရသေးတော့ အမေက အခုတလော စိတ်ပူနေလို့ပါ...”
ထိုစကားမှာ သူသည် ထွက်သွားရန် စိတ်ဆုံးဖြတ်ချက်ချထားသည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။
ရှုယွမ်ထက်၏ခေါင်းသည် ပေါက်ကွဲလုမတတ်ဖြစ်နေတော့သည်။
ရှန်ဟုန်သည် ရှုမိသားစုဝင်တစ်ဦးဖြစ်သောကြောင့် ဘယ်မှသွားစရာမလိုကြောင်း သူပြောလိုက်ချင်သည်။ သို့ရာတွင် သူမပြောမထွက်ချေ။ သူ့တွင်ပြောပိုင်ခွင့်မရှိသလို ခံစားရ၏။
မိမိအမျိုးသမီးနှင့်သားကို အခြားသူများနှင့် မှားယွင်းမှတ်ယူမိပြီး သူတို့ကို နှစ်ပေါင်းများစွာတိုင်အောင် စွန့်ပစ်ထားခဲ့မိလေသည်။ သူလိုလူက သူတို့၏ဘဝများကို သိမ်းပိုက်ထိန်းချုပ်ရန် မည်သည့်လုပ်ပိုင်ခွင့်ရှိမည်နည်း?
“အဲဒီလိုဆိုရင်လည်း....ဟုတ်ပြီလေ ဒါပေမယ့် သားတို့လိပ်စာကို ရေးပေးခဲ့ပေါ့၊ ဦးလေးအားရင် လာလည်မယ်”
ရှုယွမ်ထက်ပြောလိုက်သည်။
ထိုအရာကို ပြောလိုက်သောအခါ အကြီးအကဲရှုသည် အေးစက်စွာဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။ သူသည် ချက်ချင်းထကာ ရှုရှင်းယွမ်နှင့်အတူ အပေါ်ထပ်သို့တက်သွားတော့သည်။ ဤ “ငတုံး” အား သူဆက်မမြင်ချင်တော့ချေ။
မိမိသားအရင်းဖြစ်သူက မိမိရှေ့မှောက်တွင် ရှိနေသည်ကို ဆက်နေခိုင်း၍မရသလော? ထိုရှန်တုန်းဟူသော မိန်းကလေးမှာလည်း....ရှန်ရှီနှင့် ယှဥ်လိုက်လျှင် အဆပေါင်းများစွာသာ၏။ ယခု သူသည်လည်း အိမ်ထောင်မရှိသည့်အပြင် သူမမှာလည်း အသက်အရွယ်တစ်ခု ရောက်နေပြီဖြစ်သဖြင့် နှစ်ဦးသားပေါင်းသင်းလိုက်၍မရသလော? သူတို့နှစ်ဦးသား အချိန်ကြာမြင့်စွာ ခွဲနေခဲ့၍ ဘာဖြစ်သနည်း? မိမိတို့ကလေးဖြစ်သူ၏ ပညာရေးအတွက် မကောင်းနိုင်ပါပေ...အဟမ်း ရှန်ဟုန်သည် အရွယ်ရောက်နေပြီဖြစ်သော်လည်း ပြသာနာမှာ သူတို့နှစ်ဦးသည် လိုက်ဖက်နေဆဲပင်။ သူတို့သာ စောစောစီးစီး အိမ်ထောင်ပြုလျှင် အနာဂတ်တွင် သားသမီးနောက်တစ်ဦး မွေးဖွားနိုင်ဦးမည်...
ရှုယွမ်ထက်သာ အကြီးအကဲရှု၏အတွေးများကိုသိလျှင် ထိတ်လန့်အံ့အားသင့်လွန်း၍ သွေးအန်ပေလိမ့်မည်။
ထိုအချိန်တွင် ရှုယွမ်ထက်မှ သဘောတူလိုက်သောအခါ ရှန်ဟုန်သည် သက်မချလိုက်ပြီး စိတ်ထဲတွင် မလုံမလဲဖြစ်မိသွားသည်။ အနာဂတ်တွင် သဘောတူထားသည့်အတိုင်း သူမကြာမကြာလာလည်ရမည်ဟု တွေးလိုက်သည်။
ရှန်ဟုန်နှင့် သူ၏မိခင်သည် လျင်မြန်စွာလာခဲ့ပြီး လျင်မြန်စွာ ပြန်ထွက်သွားခဲ့၏။ အိမ်သို့လာစဥ်က ဘာမှမပါလာသော်လည်း ပြန်သောအခါတွင်မူ သူတို့သည် ကားထဲသို့ အရွယ်အစားမျိုးစုံရှိသော အိတ်များကို ထိုးထည့်ပြီး ပြန်သွားရတော့သည်။ အနောက်တွင် ဖုန်တန်းတစ်ခုသာ ကျန်ခဲ့သည်။
သူမဦးလေး၏ နှလုံးသားသည် ထိုကားနှင့်အတူ ပျံသန်းသွားချေပြီဟု ကျင်းယွင်ကျောင်းခံစားမိလိုက်သည်။
“ဦးလေး၊ အန်တီတုန်းက ဒီလောက်ကောင်းတာကို ဘာလို့ ဦးလေးကစပြီး မပိုးပန်းတာလဲ?”
ကျင်းယွင်ကျောင်းမနေနိုင် မထိုင်နိုင်မေးလိုက်၏။
“ညည်းလို ကလေးတစ်ယောက်က ဘာသိမှာလဲ?”
ရှုယွမ်ထက်သည် စကားစရှာမရဖြစ်နေ၏။ လက်တလော အဖြစ်အပျက်များသည် သူ့အား ဦးလေးတစ်ယောက်၏ သိက္ခာကို ကျဆင်းစေခဲ့ပေသည်။ ထိုအချိန်တွင် သူသည် ချောင်းဟန့်၍သာ ပြောလိုက်၏။
“အခု ဦးလေး ဘာပဲလုပ်လုပ် ရှန်ဟုန်အတွက် လုပ်နေတယ်လို့သာ ရှန်တုန်းက ထင်သွားမှာပဲ၊ ဦးလေးဘယ်လိုလုပ်ပြီး အဲ့လိုလူစားမျိုး အဖြစ်ခံနိုင်မှာလဲ?”
သူသည်လည်း ကျောက်သားနှင့်ထုဆစ်ထားသောလူမဟုတ်ပေ။ မိမိသားကို မိမိအတွက် တစ်ဦးတည်းပြုစုပျိုးထောင်ခဲ့ပေးသော အမျိုးသမီးတစ်ဦးနှင့် ရင်ဆိုင်ရသောအခါ အဘယ်သို့ ခံစားချက်မရှိဘဲ နေနိုင်မည်နည်း?
ထို့အပြင် ရှန်တုန်းနှင့် ရှန်ရှီသည် ဆီနှင့်ရေဖြစ်၏။ ရှန်ရှီသည် သူမအရိုးထဲအထိ ကြောင်သူတော်စိတ်ဓာတ်များ ရှိနေသည်။ မိမိဖက်မှ ရှန်ရှီအား လက်ခံရန် ကြိုးစားတိုင်း ရှန်ရှီ၏အပြုံးတုကြောင့် စိတ်ကိုလျှော့လိုက်ရစမြဲဖြစ်သည်။
ရှန်တုန်းမှာ ထိုသို့မဟုတ်ပေ။ သူတို့နှစ်ဦးသည် ညီအစ်မများဖြစ်သော်လည်း ရှန်တုန်းမှာ ပို၍ရိုးသားစစ်မှန်၏။ ရှန်ရှီသည် အဘယ်ကြောင့် ရှန်တုန်းအား မနာလိုဖြစ်နေခဲ့ရသည်ကို သူနားလည်သွားချေပြီ။ ညီမဖြစ်သူသည် သူယခင်ကတစ်ခါမှမမြင်ဖူးသော ထူးခြားမှုမျိုးဖြင့် တောက်ပနေသောကြောင့်ဖြစ်သည်။