← Chapters

အခန်း (၁၁၀၁-၁၁၀၄)

Vol. 56 Ch. 1101-1104

အခန်း (၁၁၀၁-၁၁၀၄)

Vol. 56 Ch. 1101-1104

Space and Rebirth 1101

ကျင်းယွင်ကျောင်းသည် သူမဦးလေး၏ ဝေခွဲရခက်နေသောဟန်ပန်ကို ကြည့်ပြီး ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။

“မကြိုးစားကြည့်ရင် အန်တီတုန်း ဘာတွေးနေလဲဆိုတာ ဦးလေးဘယ်လိုသိနိုင်မှာလဲ? ပြီး‌တော့ ကိုယ်သာ တကယ်ကြိုးစားအားထုတ်ကြည့်ရင် တခြားလူတွေက ကိုယ့်စိတ်ရင်းမှန်ကို သေချာပေါက်နားလည်မှာလို့ သမီးယုံကြည်တယ်၊ ဦးလေးဘယ်လောက် ကြိုးစားနေလဲဆိုတာသာ သမီးမမြင်ရတာ”

ရှုယွမ်ထက်၏မျက်လုံးများ ရိပ်ခနဲဖြစ်သွားသော်လည်း ဘာမှဆက်မပြောချေ။

လက်တလောပိုင်းတွင် အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့သဖြင့် အရင်ဆုံး စိတ်တည်ငြိမ်အောင်လုပ်သည်က ပိုကောင်းမည်။ အလျင်လိုစရာမရှိချေ။

သို့သော် သူသည် ရှန်ရှီအား အနီးကပ်စောင့်ကြည့်ရန် လူများအား အမိန့်ပေးထားဆဲဖြစ်သော်လည်း သတိလက်လွတ်နေ၍မရပေ။ ရှန်တုန်းနှင့် ရှန်ဟုန်အား လိုက်လံကာကွယ်ပေးရန်လည်း အားကိုးရသောလူအချို့ကို လွှတ်ထားရပေမည်။ ရှန်ရှီသည် မိမိနောက်ကွယ်မှ ကြိုးကိုင်သူအား မဆက်သွယ်ခင် မည်မျှကြာကြာတောင့်ခံနိုင်မည်ကို သူ မသိပေ။

“အာ ဟုတ်သားပဲ အားယုရောဘယ်လိုလဲ? အငတ်ထားထားတာတော့ မဟုတ်ပါဘူးနော်?”

ရှုယွမ်ထက်မှ အေးအေးလူလူမေးလိုက်၏။

ကျင်းယွင်ကျောင်း မျက်နှာနီမြန်းသွားသည်။

“သမီးက အဲ့လောက်ထိ အားမကိုးရတဲ့လူလို့ထင်နေလား ဦးလေးရဲ့”

ရှုယုသည် သူမ၏နေရာလွတ်နယ်မြေထဲတွင် ရှိနေဆဲဖြစ်သည်။ သို့ရာတွင် သူ၏အကြောမှတ်များကို ပိတ်ရန် အပ်စိုက်ထားသဖြင့် သူနိုးလာနိုင်စရာအကြောင်းမရှိပေ။ ပုံမှန်အားဖြင့် သူ့အား နေရာလွတ်နယ်မြေထဲရှိ သတ္တဝါများက ဂရုစိုက်ပေးထားသဖြင့် သေမည်မဟုတ်ရာ။ သို့သော် သူ့အား ဂုဏ်သရေရှိဧည့်သည်တစ်ဦးအနေဖြင့် ဆက်ဆံမည်တော့မဟုတ်ချေ။

“ကောင်းတာပေါ့ ဘယ်သူသိနိုင်မလဲ သူတစ်နေ့ကျ အသုံးဝင်လာနိုင်တယ်”

ရှုယွမ်ထက် ထပ်ပြောလိုက်၏။

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။ သူမသည် ဤအချက်ကို ကောင်းကောင်းသိထားလေသည်။

…

ရှန်တုန်းနှင့် သူမသားဖြစ်သူ ထွက်သွားပြီးနောက် အိမ်ကြီးသည် များစွာ တိတ်ဆိတ်သွားတော့သည်။ သို့ရာတွင် အပြင်ဘက်တွင် နွေဦးအငွေ့အသက်များ ရှိနေပြီး ကျင်းယွင်ကျောင်း၏ စိတ်အခြေအနေသည်လည်း ၎င်းနှင့်ထပ်တူကျနေပေသည်။

မကြာသေးခင်က ရှောင်ဟိုင်ချင်းသည် “မိန်းမစိုးနန်းတော်” ဇာတ်လမ်းတွဲရိုက်ကူးရေးကို အပြီးသတ်လိုက်သဖြင့် ယခုတလောတွင် အလွန်ချိုမြိန်လွန်းနေပေသည်။ ကျင်းယွင်ကျောင်းပင် မခံနိုင်တော့ချေ။

သူမသည် မိသားစုနှင့် ပြန်လည်ပေါင်းစည်းပြီးသောအချိန်မှစ၍ ကျောင်းဝင်းထဲတွင် အချိန်ကုန်ဆုံးခြင်း လျော့နည်းသွားသည်။ သို့သော် သူမသည် ရှုမိသားစုအိမ်သို့ ပြန်ရောက်တိုင်း နောက်တစ်နေ့တွင် သူမဦးလေးအငယ်သည် သူမအား ကျောင်းသို့ လိုက်ပို့တတ်ပေသည်။ ရှုဝမ်ချန်းသည် သူမအတွက် အလိုအလျောက် ဒရိုင်ဘာဖြစ်သွားခဲ့လေသည်။ ကျင်းယွင်ကျောင်းတွင်လည်း ဦးလေးအငယ်မှ ပေးထားသော တန်ဖိုးကြီးကိုယ်ပိုင်ကားတစ်စီးကို ပိုင်ဆိုင်လေ၏။ ယခု သူမသည်လည်း အသက်ပြည့်ပြီဖြစ်သောကြောင့် သူမကိုယ်တိုင် ကျောင်းသို့ ကားမောင်းသွားနိုင်လေပြီ။ သူမတွင် သင်ယူနိုင်စွမ်း မြင့်မားသောကြောင့် သူမအတွက် ကားမောင်းလိုင်စင်ယူရသည်မှာ စာမဖွဲ့လောက်ပေ။ ကားမောင်းလိုင်စင်ရသည်နှင့် သူမဘာသာသူမ ကားမောင်းနိုင်ပေပြီ။ ကံမကောင်းစွာဖြင့် ရှုဝမ်ချန်းနှင့် လီရှောက်ယွင်သည် ယခုတလောတွင် တကျက်ကျက်နှင့် ထိပ်တိုက်ရန်ဖြစ်နေသဖြင့် သူမမည်သို့လုပ်ရမည်ကို မသိတော့ချေ။

သူမ၏ရည်းစားအနေဖြင့် လီရှောက်ယွင်သည် သူမအား လိုက်ပို့ပေးရမည်ဖြစ်သော်လည်း ထိုသို့ သူလုပ်လိုက်လျှင် ဦးလေးအငယ်၏အလုပ်ကို ခိုးရာကျတော့မည်။ ဦးလေးအငယ်၏စရိုက်မှာလည်း အလျှော့မပေးတတ်သောလူစားမျိုးဖြစ်သည်။ အဆုံးတွင် ကျင်းယွင်ကျောင်းသည် ကားမောင်းမည့်သူတစ်ဦးဖြင့်သာ နေ့တိုင်း ကျောင်းသွားနေရတော့သည်...

“ရှောင်ကျောင်း ရှူကြည့်လိုက်စမ်း ဦးလေးက ဒီနေ့ ကားထဲမှာ အမွှေးနံ့တချို့ကို အထူးထည့်ထားတာ...”

ရှုမိသားစုအိမ်ဝတွင် လီရှောက်ယွင်၏ ကားနက်ကြီးရပ်ထားကြောင်း မြင်လိုက်ရသည်နှင့် ရှုဝမ်ချန်းသည် ချက်ချင်းဆိုသလို သူ၏ကားကို အမွမ်းတင်လိုက်သည်။

လီရှောက်ယွင်သည် ကားဘေးတွင် ရပ်နေပြီး သူ၏စကားများကို ကြားလိုက်လေသည်။ သူသည် ထိုစကားများကို လုံးဝအာရုံမစိုက်ဘဲ ကျင်းယွင်ကျောင်းအား ‌ဘေးသို့ဆွဲလိုက်၏။

“အားကျောင်း ကိုယ့်မှာ ကိုယ်သင်းနံ့ရှိတော့ မင်းမွှန်မှာမဟုတ်ဘူး၊ ပြီးတော့ မင်းကအခုတလော စိတ်လည်းပင်ပန်းထားတာဆိုတော့...”

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများ တွန့်သွားသည်။ အဘယ်သို့ ဤစကားကို ပြောထွက်ရသနည်း? သူမသည် လီရှောက်ယွင်အား အမှန်တကယ် အထင်သေးမိသွားပေသည်။

“လီရှောက်ယွင် မင်းက ငါ့ရဲ့ရှောင်ကျောင်းကို နာအောင်လုပ်နေတာပဲ လွှတ်စမ်း!”

ရှုဝမ်ချန်းသည် လက်ကိုလှမ်း၍ ကူညီရန်ဟန်ပြင်လိုက်သည်။

သို့သော် သူ၏လက်ထဲမှ ကျင်းယွင်ကျောင်းအား တစ်စုံတစ်ယောက်မှ ဆွဲလုရန် ကြိုးစားနေကြောင်း လီရှောက်ယွင်မြင်လိုက်ရသောအခါ သူသည် အဆုံးထိလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ကျင်းယွင်ကျောင်းအား သူ၏ရင်ခွင်ထဲသို့ တစ်ခါတည်းသွင်းလိုက်ပြီး သူမ၏နဖူးအား ကြမ်းတမ်းစွာ နမ်းရှိုက်လိုက်သည်။

“ဦးလေးရှု ဒါကချစ်သူချင်းဖက်တာလေ ဘာနာစရာရှိမှာလဲ”

“ကောင်စုတ်လေး! ငါ့တူမကို နမ်းလို့ရတယ်လို့ ဘယ်သူပြောလဲ? ရှောင်ကျောင်းက အခုထိ မင်းနဲ့လက်မထပ်ရသေးဘူး ငါ့ကို မင်းမမြင်တော့ဘူးလားကွ?”

ရှုဝမ်ချန်းသည် ဒေါသပုန်ထနေတော့၏။ အကြိမ်ပေါင်းမည်မျှ ရှိနေပြီနည်း?!

ဤကောင်စုတ်လေးမှ ရှောင်ကျောင်းအား ကျောင်းပို့ရန် ချက်ချင်းထဆုံးဖြတ်လိုက်ကတည်းက သူသည် တစ်ခါမှ အနိုင်မရဖူးပေ။ ရှောင်ကျောင်းသည်လည်း ဤကောင်ချောလေးအား တွေ့သည်နှင့် မိမိဦးလေးကို မေ့သွားလေသည်။ မိမိဦးလေးမှာလည်း ကြည့်ရမဆိုးလှပါပေ။ ဤကောင်စုတ်လေးထက် မသာဘဲ အဘယ်သို့နေမည်နည်း? ရုပ်ရည်အသွင်အပြင်ရ သူသည်လည်း ကြည့်ကောင်းသည်မဟုတ်လော?

Space and Rebirth 1102

ရှုဝမ်ချန်း၏ တစ်ကိုယ်လုံးမှ ‌ဒေါသအငွေ့အသက်များထွက်ပေါ်နေပြီး လီရှောက်ယွင်အား အစိမ်းလိုက်ဝါးစားလုမတတ် ဖြစ်နေချေပြီ။ ကျင်းယွင်ကျောင်းသည် ဤအရာကို မြင်လိုက်သောအခါ ချွဲနွဲ့သောအသံဖြင့် “ဦးလေးငယ်” ဟု ခေါ်လိုက်လေသည်။ ထိုအခါ ချက်ချင်းဆိုသလို ရှုဝမ်ချန်းသည် မျက်ရည်များမကျန်တော့သည်ထိ ငိုချင်စိတ်ပေါက်သွားတော့သည်။

သူ့တွင် ဤသို့သောတူမမျိုးရှိနေမည်မှန်း သိခဲ့လျှင် ငွေကြိုးစားရှာခဲ့မည်မဟုတ်ပေ။ ငွေမရှာဘဲ သူမကိုသာပြန်ခေါ်လာပြီး သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့လျှင် ယခုအချိန်၌ လီရှောက်ယွင်သည် သူ့အား အဘယ်သို့ယှဥ်နိုင်တော့မည်နည်း?

“ရှောင်ကျောင်း ဒီကောင်ရဲ့စိတ်က သားရဲလိုပဲ၊ သမီးနဖူးနဲ့ ပါးကို နမ်းတာ ဦးလေးသဘောမတူချင်လည်း တူလိုက်ပေမယ့် သူသာ ပေါက်ပန်းလေးဆယ်တွေ လုပ်ဖို့ကြိုးစားရင် သမီးစိတ်ပျော့လို့မရဘူးနော် ကြားလား?”

ရှုဝမ်ချန်းမှ ခါးသီးစွာ ပြောလိုက်သည်။

ကမ္ဘာပေါ်တွင် စိတ်မကောင်းဖြစ်စရာ အကောင်းဆုံးအရာမှာ မိမိချစ်ရသောမိန်းကလေးတစ်ဦးမှ နောက်ယောက်ျားတစ်ဦး၏လက်ထဲ ပါသွားခြင်းဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

“ဦးလေးငယ်၊ ဦးလေးကုမ္ပဏီက အခုတလော ပြသာနာတချို့ ဖြစ်နေတယ်မဟုတ်ဘူးလား? ဦးလေး အဲ့ပြသာနာတွေကို အာရုံစိုက်လို့ရသွားတာပေါ့၊ ရှောက်ယွင်က သမီးကိုပြန်ပို့လိမ့်မယ်၊ ဦးလေးပျင်းနေရင်...အိမ်ထောင်ဖက်သွားတွေ့ကြည့်လေ၊ မိန်းကလေးတွေ ဒီလောက်များတာ သင့်တော်တဲ့လူတစ်ယောက်တော့ ရှိမှာပဲ...”

သူမစကားမဆုံးခင်တွင် ရှုဝမ်ချန်းသည် တံခါးကိုဖွင့်ကာ ကားထဲသို့ အရင်ဝင်နှင့်လေပြီ။

လီရှောက်ယွင်သည် မျက်ခုံးတစ်ဖက်ကိုပင့်ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူသည် ကျင်းယွင်ကျောင်းအတွက် ကားတံခါးကို လှမ်းဖွင့်ပေးလိုက်၏။

“ဦးလေးအငယ်ရှုက ကိုယ့်ကို ပေါက်ပန်းလေးဆယ်လုပ်တဲ့လူလို့ မတရားစွပ်စွဲနေမှတော့ အပြောခံရလက်စနဲ့ မင်းကို အခွင့်ကောင်းယူလိုက်ရမယ်ထင်တယ်၊ မဟုတ်ရင် ကိုယ့်အတွက် မတရားဘူးမဟုတ်လား?”

လီရှောက်ယွင်သည် ခေါင်းကိုငုံ့ကာ ကျင်းယွင်ကျောင်းအား ကိုယ်တိုင်ခါးပတ်ပတ်နေရင်း လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ ကျင်းယွင်ကျောင်းမတုံ့ပြန်နိုင်ခင်တွင် သူ၏အသက်ရှူသံသည် မုန်တိုင်းကဲ့သို့ သူမစိတ်ထဲ ရိုက်ခတ်သွားတော့၏။

ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလို မူးဝေသွားသည်။ သူမ၏မျက်နှာဖြူဖြူလေးသည် နီရဲသွားပြီး အသက်မရှူနိုင်သကဲ့သို့ဖြစ်သွား၏။ သူမနှလုံးခုန်သံများမှာ မရပ်မနားဖြင့် မြည်ဟည်းနေသည်။

သူမအကြိမ်ပေါင်းများစွာ လုပ်ခဲ့ဖူးသည့်တိုင် လီရှောက်ယွင်အပေါ် တောင့်တသောခံစားချက်တစ်ခု ရှိမြဲသာဖြစ်သည်။ သူမနှလုံးသားထဲတွင် ချိုမြိန်မှုများဖြင့် ပြည့်နှက်နေပြီး လီရှောက်ယွင်အား အနမ်းတစ်ခုဖြင့် တုံ့ပြန်မှုပြုလိုက်သည်။

လှုပ်ရှားမှု အသေးစားသာဖြစ်သော်လည်း လီရှောက်ယွင်၏အသက်ရှူသံများ ပိုမိုလေးလံသွားစေ၏။ သူ၏လက်များသည် သူမ၏ခါးဆီသို့ မရိုးသားစွာဖြင့် လျှောဆင်းရောက်ရှိသွားတော့သည်။ သူသည် ထိန်းချုပ်ရခက်နေပြီး မိမိကိုယ်ကို မေ့လျော့နေဟန်ရှိပေသည်။

ကောင်းကင်ယံသည်လည်း မှောင်ရိပ်ပျိုးသွား၏။

ခေတ္တအကြာတွင် လီရှောက်ယွင်သည် ဖြည်းဖြည်းချင်း ခွာလိုက်သည်။ ကျင်းယွင်ကျောင်းသည် သူမနှုတ်ခမ်းများဆီမှ ထုံကျင်မှုကိုသာ ခံစားလိုက်ရသည်။ အစောပိုင်းက လီရှောက်ယွင်သည် အင်အားအလွန်သုံးခဲ့သောကြောင့် သူမနှုတ်ခမ်းများမှာ အနည်းငယ်နီမြန်းဖူးယောင်‌နေဟန်ရှိသည်။ ထိုတင်မက သူမခန္ဓာကိုယ်ပေါ်ရှိ အင်္ကျီများမှာ အတန်ငယ်ဖရိုဖရဲဖြစ်နေပြီး မိမိပုံစံပြန်ကြည့်လိုက်သောအခါ ပြာပြာသလဲဖြစ်သွားသည်။

“ကျွန်မကို စိတ်မပျော့သွားနဲ့လို့ ဦးလေးအငယ်က ပြောထားပေမယ့် ကျွန်မဘယ်လိုလုပ်ပြီး ရှင့်ကို ဒီလိုမျိုး အပြစ်ပေးနိုင်မှာလဲ?”

ကျင်းယွင်ကျောင်းသည် သူမနှုတ်ခမ်းများကိုသပ်လိုက်ပြီး မိမိကိုယ်ကိုဆိုးသွမ်းသလို ခံစားလိုက်ရ၏။

ဟော်ထျန်းရှန်းသည် အာကျယ်ရုံမက အမြင်အာရုံစူးရှသော မိန်းကလေးဖြစ်သည်။ ဟော်ထျန်းရှန်းသည် သူမကိုမြင်လိုက်သည်နှင့် သူမနှုတ်ခမ်းတစ်ခုခုဖြစ်နေကြောင်း သတိထားမိသွားမည်ကို ကြောက်နေမိ၏။ ထိုအခါ ဟော်ထျန်းရှန်းသည် သူမအား သေချာပေါက်စပေလိမ့်မည်။

“ကိုယ့်ကိုပြန်နမ်း”

လီရှောက်ယွင်၏အသံသည် ချိုင့်ဝှမ်းထဲမှ လေပြည်ကဲ့သို့ နူးညံ့သိမ်မွေ့နေသဖြင့် လူများအား အသည်းယားစေ၏။

“ဆုတောင်းလေ”

ကျင်းယွင်ကျောင်းသည် အေးတိအေးစက်ဖြင့် ဟမ့်ခနဲအသံပြုကာ အင်္ကျီများကို သေသပ်အောင် ပြန်လည်ပြင်ဆင်လိုက်သည်။ ထို့နောက် သူသည် ခေါင်းကိုစောင်းကြည့်လိုက်သောအခါ လီရှောက်ယွင်၏ တောင့်တင်းနေသောခန္ဓာကိုယ်ကို မြင်လိုက်ရတော့သည်။ သူမသည် လှောင်ပြုံးတစ်ခုဖြင့် အလေးအနက်ထားပြောလိုက်သည်။

“ယောက်ျားလေးတွေက အကြာကြီးအောင့်ထားရင် နေမကောင်းဖြစ်တတ်တယ်၊ ရှောက်ယွင် ကျွန်မက ဆရာဝန်တစ်ယောက်ပါရှင် စိတ်မပူပါနဲ့ ရှင့်ခန္ဓာကိုယ်တစ်ခုခုဖြစ်ရင် ကျွန်မအလကားကုပေးမယ်”

လီရှောက်ယွင်၏နှုတ်ခမ်းစွန်းများ တွန့်သွားသည်။

“ကိုယ့်ရောဂါအတွက် အကောင်းဆုံးကုသရေးက မင်းလိုက်လျောပေးဖို့ပဲ မစမ်းကြည့်ချင်ဘူးလား?”

လီရှောက်ယွင်သည် ပြောပြောဆိုဆိုဖြင့် ကျင်းယွင်ကျောင်း၏မေးကို ဆွဲမော့လိုက်သည်။

“ဒါပေမယ့် ကိုယ်တို့ အားကျောင်းက အခုထိ ငယ်သေးပါတယ်၊ ကြည့်ရတာ ကိုယ့်ရောဂါက မကုနိုင်လောက်တဲ့ထိ ကျွမ်းနေမှ ကိုယ့်ကို ကယ်နိုင်မလားမသိဘူး”

ကျင်းယွင်ကျောင်း၏မျက်နှာသည် ပန်းသီးတစ်လုံးကဲ့သို့ နီမြန်းနေတော့သည်။ သူမတမင်တကာ ကျီစယ်လိုက်သည်။

“ကျွန်မခန္ဓာကိုယ်က ညှို့ဓာတ်မပြင်းဘူးပေါ့?”

“ညှို့ဓာတ်ပြင်းစရာ တပ်မက်ချင်စရာတွေမသိဘူး၊ ကိုယ်မြင်သမျှ ခန္ဓာကိုယ်တွေထဲမှာ အပြီးပြည့်စုံဆုံး ခန္ဓာကိုယ်ဆိုတာပဲသိတယ်”

လီရှောက်ယွင်သည် ခေါင်းအစခြေအဆုံးကြည့်ပြီး လေးနက်စွာ ပြန်ဖြေလိုက်၏။

“အမလေး ကြည့်ရတာ သခင်လေးလီက မိန်းကလေးတွေအများကြီးရဲ့ ခန္ဓာကိုယ်ကို မြင်ဖူးတဲ့ပုံပါလား”

ကျင်းယွင်ကျောင်းအသံကို မြှင့်ပြောလိုက်သည်။

“သိပ်မများပါဘူး...တစ်ယောက်တည်းပဲ”

လီရှောက်ယွင်သည် ကားမောင်းနေရင်း အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

Space and Rebirth 1103

ကျင်းယွင်ကျောင်းသည် မျက်လုံးများကိုမှေးကာ ပြုံးလိုက်သည်။ သူမသည် လက်ကိုလှမ်းပြီး လီရှောက်ယွင်၏ခါးကို လှမ်းတို့လိုက်၏။

“အနည်းဆုံးတော့ ဘယ်လိုပြန်ဖြေရမလဲ သိသားပဲ၊ မဟုတ်ရင် ကျွန်မ ရှင့်ကိုသင်ခန်းစာပေးတော့မလို့”

“ဟင်? မင်းက ကိုယ့်ကိုဘယ်လို သင်ခန်းစာပေးဖို့များ စီစဥ်ထားတာလဲ ဆရာအားကျောင်းရဲ့?”

လီရှောက်ယွင် ပြုံးလိုက်သည်။ သူ၏မျက်ခုံးများမှ မှင်ရောင်များမှာ ပျော်ဝင်သွားသကဲ့သို့ရှိနေသည်။ မနက်ခင်းနေရောင်ခြည်သည် ကားပြတင်းပေါက်မှ ထိုးဖောက်ဝင်လာပြီး သူ၏မျက်နှာကို မီးမောင်းထိုးလိုက်သည်။ သူ၏ချောမောလှသောရုပ်ရည်သည် ပို၍ပင် ဆွဲဆောင်မှုရှိသွား၏။

“ရှင်းပါတယ် ရှင့်နှလုံးနဲ့အဆုတ်ကို ဆွဲထုတ်ပြီး ဟယ့်ဒိကို ချက်ကျွေးလိုက်မှာပေါ့”

ကျင်းယွင်ကျောင်းသည် အေးစက်သောမျက်နှာပေါ်တွင် အပြုံးတစ်ခုကို ပန်ဆင်ရင်း ပြောလိုက်သည်။

“အရသာရှိမယ့်ပုံပဲ ဒါပေမယ့် နည်းနည်းရိုးရှင်းလွန်းအားကြီးတယ် ကိုယ့်ခန္ဓာကိုယ်ထဲမှာ ကလီစာတွေ ဒီလောက်များတာကို အဲ့နှစ်ခုတည်းနဲ့ လောက်ပါ့မလား?”

လီရှောက်ယွင်သည် သူမလေသံအတိုင်း ပြန်ပြောလိုက်သည်။

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်၏။ သူမသည် လီရှောက်ယွင်နှင့် မခွဲနိုင်တော့ပါချေ။

ကားသည် တဖြည်းဖြည်းဖြင့် ကျောင်းနှင့် နီးကပ်လာတော့သည်။ ဤအချိန်ရောက်တိုင်း ကျင်းယွင်ကျောင်းသည် သူနှင့်ခွဲခွာရန် တုံ့ဆိုင်းလာတတ်စမြဲဖြစ်သည်။ သို့ရာတွင် သူမသည် အပြင်ပန်းတွင် မိမိခံစားချက်များကို ထုတ်ဖော်တတ်သူမဟုတ်သဖြင့် ထွက်ခွာရမည့်အချိန်ရောက်တိုင်း စကားတစ်ခွန်းမှမပြောဘဲ ထွက်သွားလေ့သာရှိသည်။

အထူးသဖြင့် သူတို့သည် အသွားလမ်းတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားများပြောလေလေ လမ်းခွဲချိန်တွင် နှလုံးသားက ပိုအထီးကျန်ရလေဖြစ်သည်။ သူမသည် ဤခံစားချက်ကို ကျင့်သားမရသေးချေ။

မည်သည့်အချိန်ကတည်းက စတင်ခဲ့ကြောင်း သူမ မသိသော်လည်း နေ့တိုင်းလိုလို လီရှောက်ယွင်အား မြင်ရမည့်အချိန်ကို သူမစောင့်မျှော်တတ်နေချေပြီ။

ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို ဟော်ထျန်းရှန်း၏အခြေအနေကို မှတ်မိသွားပြီး မေးလိုက်၏။

“အာ ဟုတ်သားပဲ...အခုရက်ပိုင်းအတွင်း ရှင့်ကိုမေးချင်နေတာတစ်ခုရှိတယ် အခုတလော နည်းပြချီ ဘာတွေလုပ်နေလဲ?”

ဟော်ထျန်းရှန်းသည် မိမိပြောထားသောစကားအတိုင်း လုပ်တတ်သောမိန်းမဖြစ်၏။ ‌ဆောင်းရာသီကျောင်းပိတ်ရက်တွင် သူမသည် အမှန်တကယ်ပင် အိမ်ထောင်ဖက်သွားတွေ့ခဲ့လေသည်။ အိမ်ထောင်ဖက် တစ်ဦးမက သွားတွေ့ခဲ့ခြင်းဟု ပြောနိုင်၏။

သူတို့အထဲတွင် သူမ၏ပစ်မှတ်နှင့် သင့်တော်သောလူသုံးယောက်ရှိပြီး ထိုသုံးဦးကို....သူမသည် ဤတစ်လောပိုင်းတွင် မကြာခဏဆိုသလို တွေ့နေခဲ့လေသည်။

“ဘာလို့ ဒုတိယညီလေးချီအကြောင်း မေးနေတာလဲ?”

လီရှောက်ယွင် မျက်ခုံးများကိုပင့်လိုက်သည်။

“မင်းသူငယ်ချင်းကြောင့်လား? ကိုယ်ကတော့ ဒုတိယညီလေးချီကို လိုတာထက် အထင်ကြီးမိသွားပြီ သူကမိန်းကလေးတွေကို နည်းနည်းတောင် စိတ်မဝင်စားဘူး”

ဒုတိယညီလေးသည် ဟော်မျိုးနွယ်မိန်းကလေးအား လက်ခံနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။ သူတို့နှစ်ဦးသည် ရန်တကျက်ကျက်ဖြစ်နေသော စုံတွဲနှင့် တူလှသည်မဟုတ်လော။ ဒုတိယညီလေး၏နှလုံးသားမှာ ကျောက်သားနှင့်ထုထားသကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူအဘယ်သို့ထင်ခဲ့မည်နည်း? အားကျောင်းကြောင့်သာမဟုတ်ခဲ့လျှင် သူသည်လည်း ထိုမိန်းကလေးကို မေ့နေလောက်ပေပြီ။

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။

“ကြည့်ရတာ သူက ဟော်ထျန်းရှန်းကို တကယ်မလိုချင်တဲ့ပုံပေါက်လား?”

“ဒုတိယညီလေးက ခေါင်းမာတယ် သူမလုပ်ချင်တဲ့အရာကို အတင်းလုပ်ခိုင်းလို့မရဘူး”

လီရှောက်ယွင်မှ အားနာဟန်ဖြင့် ပြောလိုက်သည်။

သူတို့ ၇ ဦးသည် ယခင်က စစ်ဆင်ရေးမျိုးစုံဖြင့် အလုပ်ရှုပ်နေခဲ့သဖြင့် မိန်းကလေးများနှင့် တွေ့ဆုံရန် အခွင့်အရေးသိပ်မရှိဘဲဖြစ်ခဲ့သည်။ ယခုမူ သူသည် အားကျောင်းနှင့် တွေ့သွားပြီဖြစ်သဖြင့် ဤအပိုင်းတွင် သူစိတ်ပူစရာမလိုတော့ပေ။ သို့သော် သူတို့၏အထက်လူကြီးအနေဖြင့် သူတို့သည်လည်း မိန်းကလေးတစ်ဦးဦးနှင့် ချစ်ကျွမ်းဝင်သွားရန် သူမျှော်လင့်မိပေသည်။

စိတ်မကောင်းစွာဖြင့် ဤလူများသည် သေရေးရှင်ရေးအခြေအနေများကို များစွာကြုံတွေ့ခဲ့ဖူးသဖြင့် ဤအပိုင်းနှင့် ပတ်သတ်လာလျှင် အတန်ငယ်ပူပန်ကြောင့်ကြတတ်ပေ၏။

ဒုတိယညီလေးသည် အစက ဟော်မျိုးနွယ်မိန်းကလေးအတွက် ခံစားချက်တစ်ခုခုရှိခဲ့ပုံ ရသော်ငြား အခြားအချက်များကြောင့် သူသည် ရပ်လိုက်ခဲ့သည်။ အချိန်အတော်ကြာ ဆိုင်းငံ့ပြီးနောက် သူသည် လက်လွှတ်လိုက်ပုံရလေသည်။

ကျင်းယွင်ကျောင်းသည် ၎င်းကို နှမြောစရာကောင်းလှသည်ဟု ခံစားမိသည်။ ကံကောင်းစွာဖြင့် ဟော်ထျန်းရှန်းသည် သဘောထားကြီးပြီး အချိန်ကြာမြင့်သည့်တိုင်အောင် ချီကျုံးနာမည်ကို ထုတ်မပြောချေ။

များမကြာမီတွင် ကားသည် ကျောင်းဂိတ်ပေါက်ရှေ့တွင် ရပ်သွားလေ၏။

ကျင်းယွင်ကျောင်းသည် မှောင်ရိပ်သန်းသောမျက်နှာဖြင့် ကားထဲမှ ထွက်လိုက်သည်။ သို့သော် သူမထွက်ခွာခါနီးတွင် လီရှောက်ယွင်မှ သူမလက်ကို ဖမ်းဆုပ်လိုက်၏။

“မိန်းမ ကိုယ်ညကျရင် လာခေါ်မယ်နော်”

လီရှောက်ယွင်သည် ရုတ်ချည်းဆိုသလို သူ၏ခေါ်ဝေါ်ပုံကို ပြောင်းလဲလိုက်သည်။

ကျင်းယွင်ကျောင်းအံ့အားသင့်သွား၏။ ထို့နောက် သူမနှလုံးသားထဲတွင် ချိုမြိန်သောခံစားချက်တစ်ခုက တဖွားဖွား ပေါ်ပေါက်လာ‌တော့သည်။

“အင်း”

လီရှောက်ယွင်သည် အပြုံးတစ်ခုဖြင့် သူမထွက်သွားသည်ကို ကြည့်နေလိုက်၏။

A တက္ကသိုလ်သည် နေထိုင်ရေးနှင့်ပတ်သတ်လာလျှင် စည်းကမ်းတင်းကြပ်သော်လည်း ထူးခြားသောအခြေအနေမျိုးတွင်မူ ကျောင်းသားများသည် ခွင့်ရက်ရှည်ယူနိုင်ကြပေသည်။ ထိုမှသာ သူတို့သည် ညဘက်တွင် စိတ်ရှိသလို ဝင်ထွက်နိုင်မည်ဖြစ်၏။ ကျင်းယွင်ကျောင်းသည် ရှုယွမ်ထက်၏အကူအညီကိုရထားသဖြင့် ခွင့်ရက်ရှည်ယူရန် လွယ်ကူခဲ့ပေသည်။ သူမသည် ရှုမိသားစုအိမ်ဖြစ်စေ ကျောင်းဘော်ဒါဆောင်ဖြစ်စေ စိတ်ရှိသလို ရွေးချယ်နေထိုင်နိုင်၏။

“ယွင်ကျောင်း...”

ကျင်းယွင်ကျောင်းသည် ကျောင်းဝင်းထဲဝင်လိုက်သောအခါ ယောက်ျားလေးတစ်ဦး၏ ခေါ်သံကို ကြားလိုက်ရသည်။ ထို့နောက် ထိုကောင်လေးသည် ဆက်ပြောလိုက်၏။

“မင်းအစ်ကိုက မင်းကိုကျောင်းလိုက်ပို့တုန်းလား?”

Space and Rebirth 1104

ဟန်နန်သည် သူမနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေ၏။ သူ၏ပုံစံမှာ အလွန်ချောမောနေသော်လည်း ကျင်းယွင်ကျောင်းသည် သူ၏စကားများကို နားမလည်ချေ။

အစ်ကို? သူသည် လီရှောက်ယွင်အကြောင်း ပြောနေခြင်းလော? သူတို့ယခင်က တွေ့စဥ်တွင် လီရှောက်ယွင်မှာ သူမ၏ရည်းစားဟု ပြောပြခဲ့ပေသည်။ ဟန်နန်သည် အဘယ်ကြောင့် သူမအား မယုံကြည်ရသနည်း?

“သူက ငါ့ကောင်လေးပဲလေ ငါ့ကိုကျောင်းလိုက်ပို့တယ်ဆိုတာ ဖြစ်သင့်တာပဲ မဟုတ်ဘူးလား”

ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူမသည် ဟန်နန်ကို ဝှေ့ရှောင်၍ ရှေ့ဆက်သွားရန် လုပ်လိုက်၏။ သို့သော် ဟန်နန်အား ဖြတ်ကျော်ပြီးနောက်တွင် သူမအနောက်မှ “ဒုန်း” ဟူသောအသံကို ကြားလိုက်ရသည်။ ကျင်းယွင်ကျောင်းလှည့်ကြည့်လိုက်သောအခါ ဟန်နန်သည် အနီရောင်သေတ္တာဘူးငယ်တစ်ခုကို ကိုင်ထားရင် ဒူးတစ်ဖက်ထောက်ထားကြောင်း မြင်လိုက်ရလေသည်။

ကျင်းယွင်ကျောင်းမျက်နှာပြောင်းသွားသည်။ သူမသည် အနည်းငယ်ဒေါသထွက်သွားပြီး ‌ဘေးသို့ ကိုင်းလိုက်၏။

ဤလူသည် အဘယ်ကြောင့် ကျိုးကြောင်းပြ ပြောဆို၍မရသနည်း?

သူမသည် ထင်ရှားပြတ်သားစွာ သူ့ကိုငြင်းဆိုထားသည့်တိုင် အဘယ်ကြောင့် ဤသို့ဆက်လုပ်နေရသနည်း?

မနက်စောစောတွင် လူတစ်ဦးမှ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး ချစ်ခွင့်ပန်နေသည်ကို လူအများကမြင်ကြ‌သောအခါ အားပေးအားမြှောက်ပြုရန် စုဝေးလာကြသည်။ သို့သော် အဓိကမင်းသမီးမှာ ကျင်းယွင်ကျောင်းဖြစ်နေကြောင်း တွေ့လိုက်ရသောအခါ ထိုသူတို့သည် ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။

“ယွင်ကျောင်း ငါက ငါ့ခံစားချက်ကို အလျင်စလို ထုတ်ပြောလိုက်လို့ မင်းလက်မခံနိုင်ဘူးဆိုတာ ဖြစ်သင့်ပါတယ်၊ အရင်တစ်ခေါက် ကျောင်းပိတ်ရက်တုန်းက ငါ့မိဘတွေလည်း မင်းကို ကားထဲကနေမြင်သွားခဲ့တယ်၊ သူတို့က မင်းကိုတကယ်သဘောကျသွားပြီး ငါ့ကိုအားပေးခဲ့ကြတယ်လေ၊ မင်းအတွက် လက်စွပ်တစ်ကွင်းဝယ်ပေးဖို့တောင် ပြောလိုက်ကြသေးတယ်....ဒီလက်စွပ်က သိပ်စျေးမကြီးပြီးတော့ သိပ်လက်ရာမမြောက်ပေမယ့် ငါ့စိတ်ရင်းမှန်ကို ကိုယ်စားပြုတဲ့ပစ္စည်းပါ၊ မင်းသာဆန္ဒရှိမယ်ဆိုရင် ငါ့ကောင်မလေးဖြစ်ပေးလို့ရမလား၊ မင်းကို ကောင်းကောင်းဂရုစိုက်ပါ့မယ်လို့ ငါအာမခံပါတယ်၊ ဘွဲ့ရပြီးတာနဲ့ မင်းပျော်ပျော်ရွှင်ရွှင်နေနိုင်‌အောင် ငါအလုပ်ကြိုးစားပြီး ငွေရှာမှာပါ”

ဟန်နန်သည် လေးနက်သောလေသံဖြင့် ပြောလိုက်ပြီး သူ၏လက်ကိုကမ်းကာ ကျင်းယွင်ကျောင်းအား မျှော်လင့်ချက်အားကြီးစွာဖြင့် ကြည့်လိုက်သည်။

ကျင်းယွင်ကျောင်းသည် မျောက်ပွဲကြည့်သကဲ့သို့ လူအများ၏အကြည့်ခံနေရသည်ကို မုန်းတီးလေသည်။ ထို့အပြင် ဤချစ်ခွင့်ပန်ခြင်းမှာလည်း တစ်ဖက်လူက မိမိချစ်နှစ်သက်သောလူဖြစ်မှသာ အဓိပ္ပာယ်ရှိချေမည်။

“ငါ့မှာ ရည်းစားရှိတယ်လို့ ပြောထားတယ်လေ”

ကျင်းယွင်ကျောင်းထွက်သွားချင်သော်လည်း လူများစွာ၏ ဝန်းရံခြင်းကို ခံထားရ၏။ သူမလှည့်ပြေးစရာလမ်းမရှိချေ။

“အဲ့လူက အသက်ကြီးနေပါပြီ မင်းသူ့ကို ကြိုက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး သူကမင်းဦးလေးတို့ အစ်ကိုတို့ပဲနေမှာ ဟုတ်တယ်မလား? ယွင်ကျောင်း ငါ့ကိုမလိမ်ပါနဲ့...”

ဟန်နန်သည် မခံမရပ်နိုင်ဖြစ်နေလေ၏။ သူ၏မီးတောက်သဖွယ် စိတ်အားပြင်းထန်မှုသည် အမြဲတစေ ကျင်းယွင်ကျောင်း၏ အေးစက်မှုဖြင့်သာ ရင်ဆိုင်နေရသည်ဟု သူခံစားမိလေသည်။

သူသည် မိန်းကလေးများစွာ၏ စွဲလမ်းနှစ်သက်မှုကို ခံရလောက်သည်ထိ ထူးချွန်သော်လည်း ကျင်းယွင်ကျောင်းမှာမူ သူ့အား တစ်ချက်ပင် မလှည့်ကြည့်ချေ။

ကျင်းယွင်ကျောင်းကြိုက်နှစ်သက်သောလူမှာ အသက်ကြီးကြောင်း ဟန်နန်က ပြောလိုက်သောအခါ လူများ၏မျက်နှာအသွင်အပြင် ပြောင်းလဲသွားတော့၏။

ယခုအချိန်တွင် ကျင်းယွင်ကျောင်းမှာ မြို့တော်ဝန်ရှု၏ တူမဖြစ်ကြောင်း လူအများက သိထားနှင့်လေပြီ။ ဧကန္တ မြို့တော်ဝန်ရှုသည် သူ၏တူမအား လူတစ်ဦးနှင့် အတင်းအကြပ်ပေးစားနေသလော? ထိုမိသားစုကြီးများသည် ဤကဲ့သို့သောအရာမျိုးကို လုပ်တတ်ကြပေသည်...

လီရှောက်ယွင်၏အသက်အရွယ်အပေါ် ဟန်နန်၏ မထီမဲ့မြင်ဖြစ်နေသည့်လေသံအား ကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်း၏မျက်လုံးများ မှောင်ရိပ်သန်းသွားသည်။

“ဟန်နန် ငါ့ရည်းစားကို ဘယ်သူကမှ မကောင်းပြောတာ ငါမကြားချင်ဘူး ငါနင့်ကိုလည်း မကြိုက်ဘူး၊ အခုလောလောဆယ် ငါနင့်ကိုတောင် နည်းနည်းရွံမိတယ် အရှိကိုအရှိအတိုင်းမြင်ပေးပြီး ငါ့ကိုနှောင့်ယှက်တာ ရပ်ပါတော့!”

မိမိကိုယ်တိုင်ပင်လျှင် မိမိရည်းစားဖြစ်သူကို စိတ်ဖြင့်ပင် မပြစ်မှားဖူးရာ အခြားသူများက အဘယ်သို့ မကောင်းပြောနိုင်မည်နည်း?

ထို့အပြင် လီရှောက်ယွင်မှာ သူမထက် အသက် ၉ နှစ်သာကြီးလေ၏။ အသက်ကွာခြားချက်မှာ မကြီးလှပါချေ။ ထိုတင်မက သူမသည် ပြန်လည်မွေးဖွားထားသူဖြစ်သဖြင့် နှစ်ဦးသားသည် သက်တူရွယ်တူမျှသာဖြစ်သည်။

“ငါမင်းကိုမယုံဘူး ငါကမင်းအတွက် မပြည့်စုံဘူးလို့ ထင်နေတာလား? ယွင်ကျောင်း ငါတော်တော်ကြိုးစားခဲ့တာပါ ငါ့ရဲ့လက်ရှိအရည်အချင်းနဲ့ဆိုရင် နောက်သုံးနှစ်ဆို အလုပ်ကောင်းကောင်းတစ်ခုရနိုင်တယ်၊ အဲ့အချိန်ရောက်လာရင် ငါအလုပ်ကြိုးစားပါ့မယ်...”

ဟန်နန်သည် သူမအား နားပူနာဆာလုပ်နေဆဲဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ကျွဲပါးစောင်းတီးနေသလို ခံစားလိုက်ရတော့၏။

“နင်ငါ့ကို ကြိုက်တယ်ဆိုတာ နင့်ကိစ္စပဲ၊ နင်အလုပ်ကြိုးစားတာတွေ မကြိုးစားတာတွေက ငါနဲ့မဆိုင်ဘူး၊ ငါ့မျက်လုံးထဲမှာတော့ နင်က ငါသ‌ဘောကျတဲ့လူရဲ့ ခြေဖျားတောင်မမီတာမို့ နင်ဘယ်လိုပြောပြော အကျိုးရှိမှာမဟုတ်ဘူးဆိုတာ သိထားလိုက်”

ကျင်းယွင်ကျောင်းသည် စကားပြောပြီးနောက် ထွက်သွားရန် ဟန်ပြင်လိုက်သော်လည်း သူမရှေ့မှောက်ရှိလူများက ပိတ်ကာနေလေသည်။ သူမသည် အေးစက်သောအကြည့်ဖြင့် သူတို့အား ဝေ့ကြည့်လိုက်မှသာ သူတို့သည် လန့်ဖျပ်ပြီး ပြာပြာသလဲဖြင့် ဘေးဖယ်ကြလေသည်။

All Chapters