အခန်း (၁၁၀၅-၁၁၀၈)
Vol. 56 Ch. 1105-1108
Space and Rebirth 1105
ကျင်းယွင်ကျောင်း၏ငြင်းဆန်ချက်မှာ ခိုင်မာလွန်းသဖြင့် ပွဲကြည့်ပရိသတ်များပင် ချွေးပြန်သွားစေပေသည်။ သို့ရာတွင် တစ်ချိန်တည်းတွင်ပင် စိတ်ပေါ့ပါးစေသောစကားများဖြစ်သည်။
လူတစ်ဦးအား ကြိုးရှည်ရှည်ဖြင့် လှန်ထားသည်ထက် တိုက်ရိုက်ငြင်းလိုက်သည်က ပို၍လက်ခံနိုင်စရာကောင်းပေသည်။ ဤကျောင်းထဲတွင် လူတိုင်းက အမြင်ပွင့်လင်းကြသဖြင့် ဤအရာကို ရှက်စရာဟု မထင်ကြပေ။
သို့ရာတွင် ဟန်နန်မှာမူ ထိုသို့မမြင်ချေ။
“ငါလက်လျှော့မှာမဟုတ်ဘူး!”
ရုတ်ချည်းဆိုသလို သူသည် ကျယ်လောင်စွာဖြင့် ထအော်လိုက်သည်။
“ကျင်းယွင်ကျောင်း! ငါမင်းကိုသဘောကျတယ် ငါမင်းကို အတည်သဘောကျတယ်ဆိုတာကို မင်းသိလာအောင် လုပ်ပြမယ်!”
သူဆက်ပြောလိုက်၏။
ကျင်းယွင်ကျောင်းသည် စကားစရှာမရသဖြင့် သူမ၏မျက်ရိုးများကို နှိပ်လိုက်၏။
“ဘာဖြစ်လို့လဲ? နင်စိတ်ညစ်နေတာလား? ဒီအတန်းထဲမှာ နင့်ကိုအားကျနေတဲ့မိန်းကလေးတွေ ဘယ်လောက်များလဲသိလား?”
သူမသည် အတန်းထဲသို့ရောက်သည်နှင့် ဟော်ထျန်းရှန်းသည် ရယ်သံကျဲကျဲဖြင့် ပြောလိုက်၏။
“သူ့နားက ခွေးသားရေနဲ့ လုပ်ထားတာကျနေတာပဲ ဘယ်လိုပြောပြော နားမဝင်ဘူး အာရုံနောက်စရာကောင်းလိုက်တာ”
ကျင်းယွင်ကျောင်းမှ မှတ်ချက်ပြုလိုက်သည်။
မိန်းကလေးတစ်ဦးအား ပိုးပန်းသည်မှာ ဘာမှမမှားပါချေ။ သို့ရာတွင် တစ်ဖက်လူမှ သူမအား ဆက်တိုက်ပြသာနာရှာနေလျှင် သူမသည် အနည်းငယ်အာရုံနောက်ရချေတော့မည်။ ထို့အပြင် သူမသည် ဟန်နန်အား တစ်ကြိမ်မက ငြင်းဆိုခဲ့သော်လည်း ဟန်နန်သည် သူမအား တစ်ခါပြီးတစ်ခါ နှောင့်ယှက်နေဆဲဖြစ်၏။ သို့သော် သူမသည် နားအေးပါးအေးနေချင်လိုသော ဆန္ဒကြောင့်နှင့် ဟန်နန်၏ဘဝအား ဖျက်ဆီးပစ်၍မရပါပေ။
ကျင်းယွင်ကျောင်းစကားပြောပြီးနောက် ဟော်ထျန်းရှန်းသည် သူမလက်ထဲရှိ ဘူး ၃ ဘူးအား ဆော့ကစားနေကြောင်း သတိထားမိလိုက်၏။ သူမဆွံ့အသွားတော့သည်။
“ဒီလက်ဆောင်တွေက နင့်ခင်ပွန်းလောင်း ၃ ယောက်ဆီကလား? သူတို့အားလုံးကို လက်ခံဖို့ သင့်တော်ပါ့မလား?”
ဟော်ထျန်းရှန်း အိမ်ထောင်ဖက်တွေ့ပြီးနောက် သူမရွေးချယ်ရခက်နေသော အလောင်းအလျာ ၃ ဦးကျန်ခဲ့ပေသည်။ သူမသည် လက်တွဲဖော်တစ်ဦး ရွေးနေသည်နှင့် မတူဘဲ ပစ္စည်းတစ်ခုကို ရွေးချယ်နေသည်နှင့် ပိုတူပေသည်။
ကျောင်းစဖွင့်ကတည်းက ထို ၃ ယောက်သည် တစ်နေ့ပြီးတစ်နေ့ ပေါ်လာပြီး ဟော်ထျန်းရှန်းအား လက်ဆောင်ပစ္စည်းများ လာရောက်ပေးတတ်၏။ ပြိုင်ဆိုင်မှုမှာ ပြင်းထန်လှသည်။
“ဘာမသင့်တော်စရာရှိလဲ?”
ဟော်ထျန်းရှန်း ရယ်လိုက်သည်။
“နင်က အချစ်ကို လိုချင်ပေမယ့် ငါကတော့ အကျိုးအမြတ်လိုချင်တယ်၊ ဒါကြောင့်မို့ ဟော်မိသားစုကို အကျိုးအမြတ်အများဆုံး ပေးနိုင်တဲ့သူကို ရွေးချယ်တယ်ဆိုတာ သဘာဝကျတာပဲ မဟုတ်ဘူးလား? သူတို့တွေအားလုံးလည်း ငါ့လိုပါပဲ သူတို့မိသားစုအကျိုးအတွက် လုပ်နေကြတာ၊ ငါက လက်မထပ်ရသေးတော့ ငါ့ကိုရဖို့ ကြိုးစားရမှာပဲ၊ ငါသာ သေချာဆုံးဖြတ်ချက် အတည်ချလိုက်ရင် သူတို့ဘယ်လိုကြိုးစားလဲဆိုတာ မြင်ရမှာမဟုတ်တော့ဘူး”
“ငါကတော့ သဘောမတူဘူး”
ကျင်းယွင်ကျောင်းခေါင်းခါလိုက်သည်။
“စီးပွားရေးအပေးအယူဆိုတာ အိမ်ထောင်ဖက်ကနေပဲ စီစဥ်လို့ရတဲ့အရာမဟုတ်ဘူး”
“ဟုတ်ပါတယ် ဒါပေမယ့် ပိုခိုင်မာတဲ့ အပေးအယူဖြစ်သွားတာပေါ့ ဟော်လုပ်ငန်းကို ငါ့လက်ထက်မှာ ပျက်စီးသွားတာ ငါမမြင်ချင်ဘူး”
ဟော်ထျန်းရှန်းသည် သူမရှေ့မှောက်ရှိ ဘူး ၃ ဘူးအထဲမှ ပစ္စည်းများကို ကြည့်လိုက်သည်။ အပြင်ပန်းတွင် သူမသည် ကျေနပ်နေဟန်ရသော်လည်း သူမစိတ်ထဲတွင်မူ ပျော်ရွှင်မှုကို မခံစားရချေ။
သူမမိခင်သည် သူမအား အချိန်ယူရွေးချယ်ရန် ပြောခဲ့၏။ အလျင်လိုစရာမရှိပေ။ သူမသည် စိတ်ထားအမှန်ဆုံးလူကို ရှာဖွေရွေးချယ်ရပေမည်။
ဤလူများသည် အခြားမျိုးနွယ်စုများ၏ အမွေခံသခင်လေးများမဟုတ်သော်လည်း ထူးချွန်ပြောင်မြောက်သူများဖြစ်၏။ သို့ရာတွင် သူတို့အားလုံးသည် တူညီသောပန်းတိုင်ရှိသဖြင့် အချင်းချင်း စိတ်ကိုထိုးဖောက်မြင်ရလေသည်။ ထို့ကြောင့်လည်း သူမသည် သူတို့အား အထင်ကြီးလေးစားမှု မရှိခြင်းဖြစ်သည်။
လူတစ်ဦးအတွက် အိမ်ထောင်ပြုခြင်းမှာ ပစ္စည်းတစ်ခုကို ရွေးဝယ်ရသလိုပင်။ သူမရွေးနေသောပစ္စည်းမှာ ကောင်းသလော မကောင်းသလော သူမတကယ်မသိပါချေ။
လူတိုင်းတွင် မိမိအခြေအနေနှင့် မိမိတို့ရှိကြသောကြောင့် ကျင်းယွင်ကျောင်းသိပ်မပြောတော့ချေ။ ထိုအချိန်တွင် ဟန်နန်သည်လည်း အတန်းထဲဝင်လာပြီး မည်သူကိုမှဂရုမစိုက်ဟန်ဖြင့် ပစ္စည်းများကို သူမစားပွဲပေါ်တင်လိုက်၏။
“ယွင်ကျောင်း၊ ငါသာ အောင်မြင်ရင် မင်းကို စနေနေ့ကျ အိမ်ပြန်ခေါ်လာလို့ ငါ့မိဘတွေက ပြောလိုက်တယ်....မင်းငါနဲ့အတူလိုက်ပေးနိုင်မလား...”
ဟန်နန်သည် ချီတုံချတုံဖြင့် ပြောလိုက်၏။
ကျင်းယွင်ကျောင်းသည် ပို၍ပင် ဆွံ့အသွားတော့သည်။
“ထွက်သွား”
သူမသည် အေးစက်စွာဖြင့် ပြောလိုက်သည်။
“ငါမင်းကို ထမင်းလိုက်ကျွေးရုံပါ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး ယွင်ကျောင်း...”
ဟန်နန်သည် လက်မလျှော့သေးချေ။
ကျောင်းပိတ်သော တစ်လတာအချိန်တွင် သူသည် အတွေးများစွာဖြင့် အိပ်မရဖြစ်ခဲ့၏။ သူမျက်လုံးမှိတ်လိုက်တိုင်းတွင် ကျင်းယွင်ကျောင်း၏ပုံရိပ်ကို မြင်ယောင်ပြီး ထိုလူ၏ရင်ခွင်ထဲတွင် သူမရှိနေသောမြင်ကွင်းကိုသာ မြင်နေမိသည်။ သူသည် ဤအရာကိုတွေးလိုက်တိုင် ရင်ဘတ်တစ်ခုလုံး နာကျင်လာပြီး အလွန်တရာပင် မွန်းကြပ်လာတော့သည်။
သူသည် ကလေးဘဝကတည်းက မည်သည့်မိန်းကလေးကိုမှ ဤမျှလောက် မကြိုက်မနှစ်သက်ဖူးပေ။ သူသည် ကျင်းယွင်ကျောင်းကို သဘောကျလွန်းသဖြင့် ရူးမတတ်ဖြစ်နေလေပြီ။ သူသည် ဖြည်းဖြည်းချင်း ကြိုးစားကြည့်ချင်သော်လည်း ရုတ်ချည်းဆိုသလို ကျင်းယွင်ကျောင်းသည် မြို့တော်ဝန်၏တူမဖြစ်သွားတော့၏။ သူသည် ဤသို့ဆက်စောင့်လေလေ အခွင့်အရေးနည်းလာလေဖြစ်ကြောင်း သိလိုက်သည်။ သူမသည် အခြားယောက်ျားတစ်ဦး၏ရင်ခွင်ထဲသို့ ဝင်သွားမည်ကို သူလုံးဝမမြင်ချင်ချေ။ ထိုသို့ဖြစ်ခဲ့လျှင် သူသည် သေချာပေါက် အသည်းကွဲကာ သေရပေမည်။
Space and Rebirth 1106
ဟန်နန်၏မျက်လုံးများသည် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် မိမိနှလုံးသားအား ဆွဲထုတ်ကာ ကျင်းယွင်ကျောင်းအား ဆက်သချင်မိသည်။ သို့သော် ဟန်နန်၏ခေါင်းမာမှုကို မြင်လိုက်ရသောအခါ ကျင်းယွင်ကျောင်းသည် ရွံရှာမှုကိုသာ ခံစားရ၏။
“ငါအသေအချာ နင့်ကိုငြင်းထားတယ်နော် နင်ငါ့နား ထပ်ကပ်လာရင် ငါ့အဆိုးမဆိုနဲ့”
ကျင်းယွင်ကျောင်းခြိမ်းခြောက်လိုက်သည်။
ဟန်နန်သည် သူမအား ပြသာနာရှာနေသည်မှာ သိသာ၏။ ကျင်းယွင်ကျောင်းသည် သူမျက်နှာမပျက်စေရန် အခွင့်အရေးပေးခဲ့သော်လည်း သူသည် ထိုအခွင့်အရေးကို တန်ဖိုးမထားခဲ့ချေ။ မိမိဂုဏ်သိက္ခာကိုပင် ဂရုမစိုက်သောသူအဖို့ သူမသည် အဘယ်ကြောင့် ငဲ့ညှာပေးရမည်နည်း?
ဟန်နန်သည် ဆက်မထိန်းနိုင်တော့ချေ။ သူ၏မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းလာ၏။ ကျင်းယွင်ကျောင်းမှ သူ့အား စွန့်ပစ်လိုက်သည့်အတိုင်း သူသည် အလွန်သနားစရာကောင်းသောပုံစံ ပေါက်နေတော့သည်။
“ယွင်ကျောင်း ဘယ်လိုကိစ္စပဲရှိရှိ ငါရအောင်ကြိုးစားပါ့မယ်၊ အဲဒီအဘိုးကြီးထက် ငါမင်းကို ပိုချစ်နိုင်တယ်ဆိုတာ သက်သေပြမယ်...”
ဝုန်း!
သူစကားပြောပြီးသည်နှင့် ဟန်နန်၏တစ်ကိုယ်လုံးသည် ရုတ်ချည်းဆိုသလို အဝေးသို့ လွင့်ထွက်သွား၏။ သူသည် မြည်ဟည်းသောအသံနက်ကြီးဖြင့် အရှေ့တံခါးကို ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။
ကျင်းယွင်ကျောင်းသည် ဆက်သည်းမခံနိုင်တော့ချေ။ ဟန်နန်သည် ယခင်စာသင်နှစ်က သူမကို လိုက်လံစကားပြောခဲ့သော်လည်း ဤအတိုင်းအတာထိ မဟုတ်ခဲ့ပေ။ သူသည် လုံးဝမတူညီသောလူတစ်ဦး ဖြစ်သွားသကဲ့သို့ပင်။ သူ၏အတန်ငယ်ချောမောနေသော ရုပ်ရည်ကြောင့်သာမဟုတ်ခဲ့လျှင် သူသည် နှာဘူးကျသော Stalker တစ်ဦးနှင့် ထူးမခြားနားပေ။
ကျင်းယွင်ကျောင်း၏လုပ်ရပ်ကြောင့် လူတိုင်းလန့်ဖျပ်သွားသည်။ သူတို့သည် ဟန်နန်ရှိရာသို့ သနားသောအကြည့်များဖြင့် ဝေ့ကြည့်လိုက်ကြသော်လည်း မည်သူကမှ ထွက်ပြီးမကူညီကြချေ။
ဟန်နန်သာ ယခင်က ကျင်းယွင်ကျောင်းအား လိုက်လံပိုးပန်းခဲ့လျှင် သူတို့နှစ်ဦးအား လိုက်ဖက်သောစုံတွဲဟု သူတို့ထင်ခဲ့ကြပေမည်။ ကျင်းယွင်ကျောင်းသည် မိဘမဲ့တစ်ဦးဟု ပြောကြသည်မဟုတ်လော။ သို့ရာတွင် ယခုအချိန်၌ အခြေအနေကွာခြားသွားပေပြီ။ ကျင်းယွင်ကျောင်းသည် မြို့တော်ဝန်ရှု၏တူမဖြစ်သည့်အပြင် ရုပ်ရည်လှပကာ စာလည်းတော်၏။ သူမသည် အနာဂတ်တွင် မည်သည့်ကောင်လေးကိုမဆို ခေါင်းခေါက်ရွေးချယ်နိုင်ပေသည်။ သူမနှင့်ယှဥ်လိုက်လျှင် ဟန်နန်သည် အနည်းငယ်ခေါင်းမာလွန်းပေသည်။ သူသည် ယခင်ကရှိခဲ့သော တောက်ပမှုမျိုးကိုပင် မပိုင်ဆိုင်တော့ချေ။
ဟန်နန်သည် ဒယီးဒယိုင်ဖြင့် ပြန်ထလာ၏။ သူ၏ပုံစံမှာ ထပ်မံ၍တိုးဝင်ကြိုးစားချင်သောပုံ ပေါက်သော်လည်း ကျင်းယွင်ကျောင်း၏ကြောက်မက်ဖွယ် အကြည့်ကြောင့် သူသည် စိတ်ကိုထိန်းလိုက်ပြီး လိမ္မာရိုကျိုးစွာဖြင့် မိမိစားပွဲဆီသို့ ပြန်လိုက်သည်။
တစ်နေ့လုံး ကျင်းယွင်ကျောင်းသည် ဟန်နန်၏မျက်လုံးများထဲမှ ဖုံးကွယ်ထားသော ခါးသီးမှုများကို ခံစားနေရသည်။ ဆရာ၊ ဆရာမများပင်လျှင် သူမတစ်ခုခုအမှားလုပ်ထားသလို သူမအား ဝေ့ကြည့်နေလေသည်။
ကျင်းယွင်ကျောင်းသည် ဟန်နန်အား လုံးဝလျစ်လျူရှုထားလိုက်သည်။ ဟန်နန် ဘာမှမတတ်နိုင်ပါချေ။
နောက်ရက်ပိုင်းခန့်ကြာသောအခါ ရှန်ရှီ၏ကိစ္စနှင့်ပတ်သတ်၍ သတင်းထူးလာတော့သည်။ ရှုယွမ်ထက်မှ လျှို့ဝှက်စေလွှတ်ထားသော လူများသည် ရှန်ရှီနှင့်ပတ်သတ်၍ ထူးခြားသောအရာတစ်ခုကို ရှာတွေ့ခဲ့လေသည်။
ဤမျှလောက်ကြီးကျယ်သောကိစ္စဖြစ်ပြီးနောက် သူမနောက်ကွယ်တွင် ကြိုးကိုင်သူတစ်ဦးရှိနေလျှင် သူမသည် အကူအညီတောင်းရန် ဆက်သွယ်သင့်ပေသည်။ သို့ရာတွင် မကြာသေးခင်အထိ သူမသည် လှုပ်ရှားမှု မရှိခဲ့ချေ။ ရှန်ရှီသည် တစ်ချက်ပြီးတစ်ချက် အထိနာခဲ့ရပြီး အချိန်အတော်ကြာ ရှုယုဆီမှလည်း သတင်းမကြားရသဖြင့် ယခင်ကထက် ပို၍ဂနာမငြိမ်ဖြစ်လာတော့သည်။ ထို့ကြောင့် ညတစ်ညတွင် သူမသည် တစ်ယောက်တည်း နိုက်ကလပ်တစ်ခုသို့ သွားခဲ့လေသည်။
ထိုနေရာတွင် သူမအား နောက်ယောင်ခံလိုက်နေခဲ့သောလူများသည် ယောက်ျားတစ်ဦး၏ပုံရိပ်ကို အမိအရ ဓာတ်ပုံရိုက်နိုင်ခဲ့သည်။
ထိုလူသည် ယောက်ျားကြီးတစ်ဦးမဟုတ်ပေ။ သူသည် အသက် ၂၈-၂၉ သာရှိသေးလောက်မည်။ သို့ရာတွင် သူ့အား သက်တော်စောင့်များဖြင့် ဝန်းရံထား၏။
ရှန်ရှီနှင့် ထိုလူ၏ကြားမှ ဆက်ဆံရေးသည် သူတို့ထင်ထားသလိုမဟုတ်ခဲ့ပေ။ ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ ရှန်ရှီသည် ထိုလူအား တွေ့သောအခါ ကြောင်ကို တွေ့သွားသော ကြွက်တစ်ကောင်နှယ် တုန်ယင်ပြီး သူမအသွင်အပြင်တစ်ခုလုံး ပြောင်းလဲသွားတော့သည်။
“ဦးလေး ဒီလူကိုသိလား?”
ကျင်းယွင်ကျောင်းသည် ဓာတ်ပုံထဲရှိ ပုံရိပ်အား ကြည့်ပြီး မေးလိုက်သည်။
အဝေးမှရိုက်ထားသောကြောင့် မှုန်ဝါးနေလေသည်။ ပုံထဲရှိလူမှာ လူရွယ်ယောက်ျားတစ်ဦးဖြစ်သည်ကိုသာ ကောက်ကြောင်းအရ အကြမ်းဖျင်းမြင်ရသည်။ ယခင်ကမမြင်ဖူးသောလူဖြစ်လျှင် ဤလူအား နောက်တစ်ခေါက်တွေ့ပါက မှတ်မိနိုင်ရန် ခက်ခဲပေမည်။
“ဟင့်အင်း တစ်ခါမှ မတွေ့ဖူးဘူး”
ရှုယွမ်ထက်သည်လည်း အတွေးရေယာဥ်ထဲ နစ်မြောသွားသည်။
Space and Rebirth 1107
ဤလူသည် အန္တရာယ်အငွေ့အသက်များရှိနေလေ၏။ ရှုယွမ်ထက်မှာ သူ၏နံဘေးတွင် ဤကဲ့သို့ ရန်သူတစ်ဦးပေါ်လာသည်ကို သိပင်မသိချေ။
“သူ့အသက်အရွယ်အရ ရှုယုရဲ့ အဖေအရင်းမဟုတ်လောက်ဘူး...”
ကျင်းယွင်ကျောင်းသည် ခေတ္တမျှတွေးပြီး မေးလိုက်၏။
“အဲဒီပါတီမှာ ဦးလေးနဲ့ မတည့်တဲ့သူတွေကို မှတ်မိသေးလား?”
သေချာစဥ်းစားကြည့်လိုက်သောအခါ ရှန်ရှီသည် ဤနှစ်များတစ်လျှောက် လူမြင်ကွင်းရှေ့တွင်သာ ရှိနေခဲ့၏။ သူ၏ယောက်ျားသာ အာဏာရှိ ချမ်းသာကြွယ်ဝသူဆိုလျှင် သူမကို မြင်ချေမည်။ ထိုသို့ဆိုလျှင် သူအဘယ်သို့ သည်းခံနိုင်မည်နည်း? သူတို့နှစ်ဦးသည် လူမသိအောင် ဆက်သွယ်ပြောဆိုလျှင်ပင် ပြောနေခဲ့လိမ့်မည်။ ထိုသို့ဆိုလျှင် သဲလွန်စများသည်လည်း မလွဲမသွေကျန်ခဲ့ပေမည်။
သို့သော် ဦးလေးအကြီးသည် အလွန်လိမ္မာပါးနပ်သောသူဖြစ်သည့်တိုင် နှစ်ပေါင်းများစွာတစ်လျှောက် ရှန်ရှီမည်သို့လုပ်ရပ်မျိုးများ လုပ်ခဲ့သည်ကို မသိခဲ့ပါပေ။ ထိုသို့ဆိုလျှင် ရှန်ရှီသည် ထိုလူနှင့် ဘာမှမသက်ဆိုင်ဘဲ ထိုလူနှင့် မတွေ့ခဲ့ခြင်းသာဖြစ်ရပေမည်။
“အဲ့အချိန်က...လူတစ်ယောက်တော့ရှိတယ်”
ရှုယွမ်ထက်သည် ခေတ္တမျှတွေးပြီး ပြောလိုက်၏။
“အဲဒီတုန်းက ဦးလေးက ရာထူးတိုးချင်ခဲ့တာမို့ ဦးလေးလမ်းကို ပိတ်နေခဲ့တဲ့လူတွေ သေချာပေါက်ရှိတယ်၊ အဲ့တုန်းက ဦးလေးရဲ့ မိတ်ဆွေကောင်းတစ်ယောက်က ဦးလေးကို ချောက်တွန်းခဲ့တယ်လေ၊ ဦးလေးကိုတောင် ဆေးခတ်ခဲ့သေးတယ်၊ နောက်ပိုင်း ဦးလေးသိသွားတဲ့အချိန်မှာ သူအထိနာသွားတာပေါ့ အဲဒါနဲ့ သူ့ကို ထောင်ထဲပို့လိုက်ကြတယ်၊ ဒါပေမယ့် မကြာခင်မှာပဲ ထောင်ထဲမှာ လူမှားရန်စမိလို့ အဲ့အထဲမှာပဲ အရိုက်ခံရပြီး သေသွားတာပဲ”
“အဲဒီလူက ကလေးရှိခဲ့လား?”
ကျင်းယွင်ကျောင်းသည် ရုတ်တရတ်ဆန်စွာ မေးလိုက်သည်။
ရှုယွမ်ထက် ခဏမျှတွေးလိုက်သည်။ ခေတ္တအကြာတွင် သူ၏မျက်လုံးများသည် နားလည်သွားဟန်ဖြင့် လင်းလက်သွားသည်။
“အင်း”
“သူထောင်ထဲရောက်ပြီးတဲ့နောက် အမျိုးသမီးတစ်ယောက် သူ့ကိုထောင်ဝင်စာသွားတွေ့တာ ဦးလေးမှတ်မိတယ်၊ အဲဒီအမျိုးသမီးက ကလေးတစ်ယောက်လည်း ခေါ်လာခဲ့တယ်လေ၊ ကလေးအသက်က ရှစ်နှစ် ကိုးနှစ်လောက်ရှိမယ်ထင်တယ်၊ အဲ့အချိန်တုန်းက သူ့ကို ဦးလေးရန်သူရဲ့ တရားမဝင်ကလေးထင်လို့ အချိန်တစ်ခုစာလောက် စောင့်ကြည့်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အဲဒီအမျိုးသမီးလည်း နေမကောင်းဖြစ်ပြီး သေသွားတယ်၊ ကလေးကိုလည်း ဆွေမျိုးတစ်ယောက်က မွေးစားလိုက်တယ်၊ အဲ့နောက်ပိုင်းမှာ ပြသာနာမရှိလောက်တော့ဘူးအထင်နဲ့ ဦးလေးလည်း သူ့ကိုဆက်အာရုံမစိုက်တော့ဘူး...”
ထိုသို့ပြောပြီးနောက် ရှုယွမ်ထက်သည် ဓာတ်ပုံကို ဂရုတစိုက်ကြည့်လိုက်သည်။ သူ၏မျက်ခုံးများသည် ဖြည်းဖြည်းချင်းဖြင့် မျက်မှောင်ကြုတ်သွားသည်။
ဤမျက်နှာသည် သူ၏မှတ်ဉာဏ်ထဲရှိလူနှင့် အနည်းငယ်ဆင်ပေသည်။
ထိုအချိန်က သူ၏မိတ်ဆွေသည်လည်း အနာဂတ်တောက်ပနေခဲ့၏။ နှစ်ဦးသားသည် ပြိုင်ဆိုင်မှုပြင်းထန်သော်လည်း တစ်ဦးကိုတစ်ဦး လေးစားသမှုရှိကြသည်။ သူ၏မိတ်ဆွေသည် သူ့ထက် အသက်အနည်းငယ်ကြီးပြီး သူနှင့် အလွန်ပင် စကားပြောရဆိုရ ကောင်းခဲ့သောသူဖြစ်၏။ သို့သော် သူတို့သည် တဖြည်းဖြည်းဖြင့် သဘောမတူစရာများ များပြားလာခဲ့တော့သည်။ မကြာမီတွင် သူ၏မိတ်ဆွေဖြစ်သူမှာ လူနောက်ကွယ်တွင် မကောင်းသောအရာများစွာကို လုပ်ဆောင်ခဲ့ပြီး သူ့အား အကြိမ်ကြိမ်အခါခါ ချောက်တွန်းဖူးသော အောက်တန်းစားလူတစ်ဦးဖြစ်ကြောင်း သူသိရှိသွားတော့၏။
ဤကဲ့သို့ယုတ်မာသော ရန်သူတစ်ဦးအပေါ် သူသည် ဘယ်သောအခါမှ ညှာတာမည်မဟုတ်ချေ။ ထို့ကြောင့် သူသည် ဤလူအား သတ်ပစ်ရန် အားကုန်ကြိုးစားခဲ့၏။ အမှန်အတိုင်းပြောရလျှင် ထိုလူ ထောင်ထဲရောက်ပြီးချိန်တွင်လည်း သူပါဝင်ပတ်သတ်ခဲ့သေးသည်။ ထို့ကြောင့်လည်း ထိုလူသည် အလွယ်တကူဖြင့် သေဆုံးသွားခြင်းဖြစ်သည်။
ဤလူမှာ သူပထမဆုံး ဒုက္ခပေးခဲ့ဖူးသောလူ မဟုတ်သော်ငြား သူ၏စိတ်ထဲတွင် အစွဲထင်ကျန်နေဆုံးဖြစ်သည်။ ထိုလူ၏နာမည်မှာ ကျင်းခိုင်ယန်ဖြစ်ပြီး ယခင်က သြဇာအာဏာရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ဖူး၏။
“ရှောင်ကျောင်း သမီးပတ်ဝန်းကျင်ကို ပိုဂရုစိုက်တာကောင်းမယ် ဒီလူက...ထင်သလောက် မရိုးရှင်းဘူး”
ရှုယွမ်ထက် သတိပေးလိုက်သည်။
သို့သော် ယခုတွင် တစ်ဖက်လူမှာ မည်သူဖြစ်ကြောင်း သူသိပြီဖြစ်သောကြောင့် သတင်းမရှိသည်ထက်စာလျှင် တော်သေးပေသည်။
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။ သူမကြောက်မနေပါချေ။ သူမအား ထိခိုက်ဒဏ်ရာရစေနိုင်သောသူ များများစားစားမရှိသောကြောင့်ဖြစ်သည်။
“ငါးအကြီးကြီးမိပြီဆိုတော့ ဦးလေး၊ ရှန်ရှီကို သမီးရှင်းလိုက်ပါရစေ”
ကျင်းယွင်ကျောင်းသည် ပြောရင်းဖြင့် မျက်လုံးများ လင်းလက်သွားသည်။
သူမသည် မြို့တော်ထဲသို့ စရောက်သောအချိန်မှစ၍ ရှန်ရှီသည် သူမအား အကြိမ်ပေါင်းများစွာ အန္တရာယ်ပြုရန် ကြိုးစားခဲ့၏။ ယခုမူ ထိုစာရင်းအားရှင်းရန် အချိန်တန်လာချေပြီ။
“သမီးဘာလုပ်မလို့လဲ?”
ရှုယွမ်ထက် မေးလိုက်သည်။
“သူ့ကို ဘယ်အသက်ရှင်ခွင့်ပေးလို့ရမလဲ?”
ကျင်းယွင်ကျောင်း မကွယ်မဝှက်ပြောလိုက်၏။
ရှုယွမ်ထက်သည် သူမအား ဝေ့ကြည့်ကာ ငြင်းဆိုခြင်းမရှိချေ။ စဥ်းစားကြည့်လိုက်လျှင် ရှန်ရှီသည် သူ၏နံဘေးတွင် နှစ်ပေါင်းများစွာ ရှိခဲ့၏။ သူမသည် ထိုလူနှင့်ပတ်သတ်၍ အချက်အလက်များစွာ ရှိလောက်မည်။ ထိုအချက်ဖြင့်ပင် ရှန်ရှီသည် သေသင့်နေပေပြီ။
Space and Rebirth 1108
ထိုအချိန်တွင် တိတ်ဆိတ်ငြိမ်သက်သော အိမ်ကြီးတစ်ခုတွင် ရှန်ရှီသည် ဝိုင်နီတစ်ပုလင်းကို ကိုင်ထားကာ တရစပ်သောက်နေလေ၏။ သူမတစ်ကိုယ်လုံးသည် ဒယီးဒယိုင်ဖြင့် ဆိုဖာပေါ်သို့ ပစ်လှဲချလိုက်သည်။
သူမရှုံးသွားချေပြီ။ သူမသည် အရှုံးကြီးရှုံးနိမ့်သွားသည်မှာ ငြင်းဖွယ်ရာမရှိပေ။
ယခု ရှန်တုန်းပြန်လာပြီဖြစ်သဖြင့် သူမ၏ရာထူးကို လက်လျှော့ရုံမှအပ ရွေးချယ်စရာမရှိတော့ပါချေ။ သူမသည် နှစ်ပေါင်းများစွာ ရှုယွမ်ထက်အား မှီခိုအားထားနေခဲ့ရပြီး သူမ၏ဂုဏ်သတင်းမှာလည်း ရှုယွမ်ထက်က ပေးသနားထားခြင်းဖြစ်သည်။ ယခု သူမသည် ထိုနာမည်နှင့် ဂုဏ်သရေကို အလွယ်တကူ ပြန်ယူချင်သည့်တိုင် ပြန်မယူနိုင်တော့ချေ။
ဤအရာများအားလုံးမှာ ကျင်းယွင်ကျောင်း၏အပြစ်ဖြစ်သည်။ သူမသည် ရှုယုအား ဝှက်ထားခဲ့လေသည်။
ထို့အပြင် ရှုဝမ်ချန်း...ထိုယောက်ျားမှာလည်း ရှန်တုန်းအား လက်ဖျားပင်မထိခဲ့ချေ။ သူမ၏အကြံအစည်များအားလုံး ကျရှုံးသွားချေပြီ။ သူမသည် မွေးလာကတည်းကပင် အခြားသူများနှင့် မယှဥ်နိုင်သော ဇာတာဖြင့် မွေးလာသည်လော။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် သူမအိမ်၏ ဒုတိယထပ်သို့ ခုန်ကျော်တက်ကာ ဒုတိယထပ်အခန်းတစ်ခန်းမှတဆင့် ရှန်ရှီ၏ဧည့်ခန်းထဲသို့ ဝင်လိုက်သည်။ သူမသည် ထိုမြင်ကွင်းကိုမြင်ရသောအခါ အနည်းငယ်အံ့သြသွားသော်လည်း သနားစိတ်မရှိပါချေ။
ရှန်တုန်းသည် သူမကိုမြင်လိုက်သောအခါ မလန့်ဖျပ်သွားဘဲ သူမကိုလက်ညှိုးထိုးကာသာ ပြောလိုက်၏။
“နင်တကယ်လာတာပဲ မျိုးမစစ်မလေး!”
“ရှန်ရှီ၊ ရှုယုကမှ မျိုးမစစ်တာ၊ ကျွန်မမဟုတ်ဘူး”
ကျင်းယွင်ကျောင်း၏အေးစက်သောအသံ ထွက်ပေါ်လာသည်။
“နင်ဒီမှာဘာလုပ်နေတာလဲ? ငါ့ကိုလာသတ်တာလား? နင်သတ်မှာမဟုတ်ပါဘူး နင်တကယ် ငါ့ကိုသတ်ရင် နင့်ဘဝတစ်လျှောက်လုံး နောင်တရနေလိမ့်မယ်”
ရှန်ရှီသည် ရုတ်ချည်းဆန်စွာ ပြုံးလိုက်ပြီး မျက်ရည်များပြည့်နေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
“ငါရှုံးတော့ရောဘာဖြစ်လဲ? မဒမ်ရှု မဖြစ်နိုင်တော့ရုံပဲပေါ့ ငါ့နာမည်ပျက်သွားတော့ရောဘာဖြစ်လဲ? ဒါပေမယ့် ငါအနိုင်ရထားတာ တစ်ခုရှိသေးတယ်”
ရှန်ရှီ၏စကားများသည် ထူးဆန်းပြီး အဆက်အစပ်မရှိဖြစ်နေသည်။ ကျင်းယွင်ကျောင်းသည် အာရုံမစိုက်ဘဲ ပြောလိုက်၏။
“ရှုယုက ဦးလေးရန်သူရဲ့ သားမှတ်လား? ပြီးတော့ အဲဒီနေ့က ရှင်တွေ့ခဲ့တဲ့ ယောက်ျားကလည်း ရှုယုရဲ့ အဖေတူ အမေကွဲ ညီအစ်ကိုပဲ”
ရှန်ရှီ ကြက်သေသေသွား၏။
“ဟုတ်တယ်”
“နင်သူ့ကို သတ်နိုင်မယ်တဲ့လား? နင်သိတော့ရော ဘာလုပ်နိုင်မှာလဲ? နင်သူ့ကို ဘာမှမလုပ်နိုင်ဘူး”
ရှန်ရှီ ခနဲ့လိုက်သည်။
“ကြည့်ရတာ ရှင်လည်း အဲ့ယောက်ျားကို မုန်းနေတဲ့ပုံပဲ၊ ဒါပေမယ့် သူက ရှင့်ကို အကြိမ်ပေါင်းများစွာ ကူညီခဲ့တယ်မှတ်လား? ရှင်ရှာထားတဲ့ လူသတ်သမားတွေဆိုတာကလည်း သူကူညီလွှတ်ပေးထားတဲ့ လူတွေချည်းပဲ မဟုတ်ရင် သူက ဒီလောက်ထိ လူမသိသူမသိ လုပ်နိုင်ခဲ့မှာမဟုတ်ဘူး”
ကျင်းယွင်ကျောင်းဖြည်းဖြည်းချင်း မေးလိုက်သည်။
“နင်ဘာသိလို့လဲ!”
ရှန်ရှီသည် ရုတ်ချည်းဆိုသလို မျက်လုံးများပြူးကျယ်လာသည်။
“အဲဒီအရူးကောင် ကျင်းယိရန်ကြောင့်သာ မဟုတ်ရင် ငါ့သားလည်း ဒီလိုဖြစ်မှာမဟုတ်ဘူး! အားယုသာ လိမ်လိမ်မာမာနေရင် နင့်ဦးလေးက သူ့ကို ခဏခဏသတ်ဖို့ လုပ်မယ်ထင်လား?!”
ကျင်းယိရန်? ကျင်းယွင်ကျောင်းသည် ထိုနာမည်ကို မှတ်ထားလိုက်၏။
“အားယုက ငယ်ငယ်တုန်းက အရမ်းချစ်ဖို့ကောင်းတာ၊ နည်းနည်းတော့ နားကောက်ပေမယ့် အဆော့မသန်တဲ့ကလေးဆိုတာ ရှိလို့လား? ဒါပေမယ့် တစ်နေ့ကျတော့ အားယုက ရုတ်တရတ်ကြီး ဆိုးသွားတော့တယ် အချိန်အကြာကြီးနေမှ အဲ့လိုလုပ်ခဲ့တဲ့သူက ကျင်းယိရန်ဆိုတာကို ငါသိခဲ့ရတာ၊ နင်ယုံနိုင်လား? ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က ကိုယ့်ညီတစ်ယောက်ကို ဖျက်ဆီးရဲတယ်တဲ့လေ!”
“မဖြစ်နိုင်တာ ကျင်းယိရန်ရဲ့မိဘတွေက သေသွားပြီ သူက သူ့ဆွေမျိုးတွေရဲ့ မွေးစားတာကို ခံထားရတာ၊ သူ့မှာ အဲ့လိုလုပ်ဖို့ အရည်အချင်းမရှိဘူး”
ကျင်းယွင်ကျောင်း ခံငြင်းလိုက်သည်။
“ဟားဟား ကျင်းယိရန်အမေက နေမကောင်းဖြစ်ပြီး သေသွားတာမဟုတ်ဘူး၊ မုဒိန်းကျင့်ခံရပြီး သေသွားတာ သူအမေမုဒိန်းကျင့်ခံရတာကို သူ့မျက်လုံးနဲ့ သူမြင်ခဲ့ရတာလေ၊ နင့်ဦးလေးက လူကောင်းတစ်ယောက်လို့ ထင်နေတုန်းလား? သူက အမျိုးသမီးတွေရော ကလေးတွေပါ အလွတ်မပေးတဲ့ နတ်ဆိုးတစ်ကောင်ပဲ! ကျင်းယိရန်အမေသေပြီးတဲ့နောက်မှာ သူမွေးစားခံခဲ့ရပေမယ့် သုံးနှစ်ပဲကြာလိုက်တယ်၊ အဲ့အတောအတွင်း သူအရမ်းဒုက္ခခံခဲ့ရတာပေါ့ နင့်ဦးလေးက သူတို့မိသားစုကို ဆက်ဖိနှိပ်ပြီး အမျိုးတွေက ကျင်းယိရန်ကို နေ့နေ့ညည အနိုင်ကျင့်အောင် လုပ်ခဲ့တယ်၊ တစ်နေ့ကျ ကျင်းယိရန်ထွက်ပြေးသွားပြီး သူ့ရဲ့အခု မွေးစားအဖေကို တွေ့ခဲ့တယ်၊ မွေးစားအဖေရဲ့ အင်အားနဲ့ ငါတို့ကိုရှာခဲ့တာပဲ”
ရှန်ရှီ၏မျက်လုံးများသည် သွေးရောင်တမျှ နီမြန်းနေသည်။ သူမလိမ်နေသောပုံ မပေါက်ချေ။
သို့သော် ကျင်းယွင်ကျောင်းမယုံကြည်ပါပေ။
သူမဦးလေးသာ ကျင်းယိရန်၏ဖခင်ကို သတ်ခဲ့သည်ဆိုလျှင် ဖြစ်နိုင်သေးသည်။ သို့သော် ကျင်းယိရန်၏မိခင်အား အဓမ္မကျင့်ရန် လူလွှတ်ခဲ့သောသူမှာ သူမဦးလေးဆိုလျှင် သဘောတူမည်မဟုတ်ချေ။
ထို့အပြင် ဤအချက်သာ မှန်ကန်လျှင် ကျင်းယိရန်သည် ယခုအချိန်တွင် အသက်မရှင်နေလောက်ပေ။ သူသည် အမျိုးသမီးများကိုပင် ဤမျှလောက်ရက်စက်နိုင်လျှင် ကလေးသူငယ်တစ်ဦးကို အလွတ်ပေးခဲ့မည်လော?