← Chapters

အခန်း (၁၄၀၅-၁၄၀၆)

Vol. 141 Ch. 1405-1406

အခန်း (၁၄၀၅-၁၄၀၆)

Vol. 141 Ch. 1405-1406

အခန်း (၁၄၀၅) - ကျွယ်မင် ယင်လောက

ဝတ်ရုံနက်ဝတ် အဘိုးအိုသည် လီရှမ်းဇီ၏ အမည်နာမကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာမှာ သိသိသာသာ ပျော့ပြောင်းသွားသည်။

သူသည် ဖန့်ချန်တို့အဖွဲ့ကို အကဲခတ်သလို အထက်အောက် တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဆိုသည်

“ကြည့်ရတာ မင်းတို့က ကျွယ်မင်နန်းတော်ကို ရောက်ခါစမို့ ဒီဘက်က စည်းကမ်းတွေကို သိပ်နားမလည်သေးပုံပဲ။ အရင်ပြန်ကြဦး၊ မင်းတို့ ယင်လောကကို ဆင်းရမယ့်အချိန်ကျရင် လာခေါ်မယ့်သူ အလိုလို ရှိလိမ့်မယ်။ မင်းတို့က ဒီလောက် ဗုန်းကနဲ ရောက်လာပြီး လမ်းပြမယ့်သူလည်း မပါဘူးဆိုတော့... ကင်းထောက်လို့ အထင်ခံရရင် တန်းပြီး အသတ်ခံရနိုင်တယ်ဟေ့ ”

“စီနီယာ... ဒီပင်လယ်ရဲ့ တစ်ဖက်ကမ်းက ယင်လောကလားဗျ ”

လင်းယွမ်သည် ဝတ်ရုံနက်အဘိုးအိုက လီရှမ်းဇီကို တော်တော်လေး ကြောက်ရွံ့ရိုသေနေသည်ကို ရိပ်မိသဖြင့် အခွင့်ကောင်းယူကာ စပ်စုမေးမြန်းလိုက်သည်။

ဝတ်ရုံနက်အဘိုးအိုမှာ ဒေါသထွက်ရန် ပြင်လိုက်သော်လည်း ပြန်လည် ထိန်းချုပ်လိုက်ပြီး သူ၏အလုပ်ကို ဆက်လုပ်ရင်း ပြောပြသည်

“ဟုတ်တယ်၊ ဟိုဘက်က ယင်လောကပဲ။ အခုတော့ သိပ်ပြီး စပ်စုမနေပါနဲ့ဦး၊ မင်းတို့ တာဝန်စထမ်းဆောင်ရပြီဆိုရင် ဒီနေရာမှာ တစ်ရက်တောင် မနေချင်တော့မှာကို ငါ အာမခံတယ် ”

စကားပြောနေစဉ်မှာပင် ဝတ်ရုံနက်အဘိုးအို၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

သူ၏ အကြည့်မှာ လူတိုင်း၏ နောက်ကျောဘက်သို့ ကျရောက်သွားပြီးနောက် ချက်ချင်းပင် ဖားယားလိုသော အပြုံးများ မျက်နှာထက်တွင် ပြည့်နှက်လာကာ ရှေ့သို့ ခပ်သွက်သွက် လှမ်းသွားလိုက်သည်

“ကျိအမာခံ... မတွေ့ရတာ ကြာပြီနော် ”

ကျိအမာခံ

လင်းယွမ်တို့ လှည့်ကြည့်လိုက်သောအခါ ကျိရှန့်သည် လူတန်းကြီး၏ ရှေ့ဆုံးသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

သူသည် ဝတ်ရုံနက်အဘိုးအိုကို အေးစက်စက် တစ်ချက်ကြည့်ကာ ခေါင်းအသာငြိမ့်ပြပြီး လှေပေါ်တက်ရန် ပြင်လိုက်သည်။

နောက်တစ်ခဏတွင် သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

သူ၏ အကြည့်မှာ ဖန့်ချန်တို့အပေါ်သို့ ကျရောက်သွားပြီး အံ့သြဟန်ဖြင့် ဆိုသည်

“မင်းတို့လည်း ရှိနေတာလား ဘယ်သူ ခေါ်လာတာလဲ ”

ဝတ်ရုံနက်အဘိုးအိုမှာ အနည်းငယ် ထိတ်လန့်သွားပြီး အစိုးရိမ်တကြီး မေးလိုက်သည်

“ကျိအမာခံကလည်း ဒီလူသစ်တွေကို သိနေတာလားဗျ ”

“အင်း... ဒီတစ်ခေါက် တားမြစ်နယ်မြေ လုပွဲမှာ သူတို့လည်း ပါဝင်ခဲ့တာပဲ။ ပြီးတော့ သူတို့ထဲက တစ်ယောက်က အမာခံတပည့်တောင် ဖြစ်သွားသေးတယ် ”

ကျိရှန့်က အေးအေးဆေးဆေး ပြုံးလျက် ဆိုသည်။

“ရှူးးးး”

ကျိရှန့်ကို အရိုအသေပေးရန် ပြင်နေကြသော အနီးအနားရှိ ဝတ်ရုံနက်ဝတ် ကျင့်ကြံသူအားလုံးမှာ အသက်ရှူရပ်မတတ် အံ့သြသွားကြသည်။

ဤစကား၏ အဓိပ္ပာယ်မှာ မသေးလှပေ။

သူတို့ထဲက ဘယ်သူ့ကို ပြောတာလဲ

ဝတ်ရုံနက်အဘိုးအို၏ ထိတ်လန့်မှုကို သတိပြုမိသွားကာ ကျိရှန့်က ပြုံးလျက် ဆက်ပြောသည်

“နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေမှာ သူတို့ ဆင်းသက်ပြီး သိပ်မကြာခင်မှာပဲ အစီရင်ဗဟိုချက် တစ်ခုကို တူးဖော်နိုင်ခဲ့ကြတယ်။ ပြီးတော့ သူတို့ထဲက ပြင်ပကျင့်ကြံသူ တစ်ယောက်က အဲဒီဗဟိုချက် နဲ့ အောင်မြင်စွာ ပဋိညာဉ်ဖွဲ့နိုင်ခဲ့တယ်။ အခုတော့ လီရှမ်းဇီက သူမကို မှတ်ပုံတင်ဖို့နဲ့ သူမရဲ့ ကိုယ်ပိုင် နဂါးနက်လှေ ကို ထုတ်ပေးဖို့ ခေါ်သွားပြီ ”

ပြောပြီးနောက် ကျိရှန့်၏ အကြည့်မှာ ဖန့်ချန်အပေါ်သို့ ကျရောက်သွားပြီး ခပ်ပြုံးပြုံးဖြင့်

“မင်းတို့ ဘယ်လိုဖြစ်ပြီး ကိုယ့်ဘာသာ ရောက်လာကြတာလဲ ဘယ်သူက လမ်းပြပေးတာလဲ ”

ဝတ်ရုံနက်အဘိုးအိုက အခြေအနေကို အနည်းငယ် အနေခက်စွာဖြင့် ရှင်းပြလိုက်သည်။

ထိုအခါမှ ကျိရှန့်မှာ အဖြစ်မှန်ကို နားလည်သွားပြီး ထပ်မံ၍ အံ့သြဟန်ဖြင့်

“မင်းက အောက်နယ်မြေ ခြောက်ခုက လာတာလား ”

“မှန်ပါတယ် ”

ဖန့်ချန်က လက်ယှက်နှုတ်ဆက်လိုက်သည်။

“အောက်နယ်မြေကနေ အထက်ပိုင်းနယ်မြေ သုံးခုကို ရောက်လာနိုင်တဲ့သူက သိပ်မရှိဘူး၊ ကျွယ်မင်ကျင့်ကြံသူ ဖြစ်လာတဲ့သူကလည်း ပိုရှားတယ်။ ဒါပေမဲ့ ဝိညာဉ်သုတ်သင်ခြင်းဌာန ဘက်မှာလည်း အောက်နယ်မြေက လာတဲ့ ကျင့်ကြံသူတစ်ယောက်ကို လက်ခံထားတယ်လို့ ငါကြားဖူးတယ်။ သူကလည်း ကြာနီနတ်မိမယ်ငယ်လိုပဲ ကံကောင်းပြီး အခုတော့ အမာခံတပည့် ဖြစ်နေပြီ ”

ကျိရှန့်က တစ်မျိုးပြုံးလျက် ဆက်ပြောသည်

“မင်းတို့ သိရင်လည်း သိနိုင်မှာပေါ့၊ အောက်နယ်မြေဆိုတာကလည်း ဒီလောက်လေးပဲ ရှိတာကိုး”

စကားဆုံးသည်နှင့် ကျိရှန့်သည် ဝတ်ရုံနက်အဘိုးအိုကို ကျော်ဖြတ်ကာ လှေငယ်တစ်စင်းပေါ်သို့ တည့်တည့်တက်သွားသည်။

ထို့နောက် လှည့်ကြည့်ကာ ပြောရန် မမေ့သေးပေ

“ဘာရပ်စောင့်နေကြတာလဲ၊ တက်လာခဲ့လေ ”

ဖန့်ချန်သည် လူတိုင်းကို ခေါ်ဆောင်ကာ လှေပေါ်သို့ ချက်ချင်း တက်လိုက်သည်။

ထိုအတောအတွင်း ဝတ်ရုံနက်အဘိုးအိုမှာ အနည်းငယ်မျှပင် မတားဝံ့သည့်အပြင် ဖားယားသောအမူအရာဖြင့် ခါးညွှတ်ကာ အရိုအသေပေး၍ လိုက်လံပို့ဆောင်နေရသည်။

လှေငယ်ပေါ်တွင် ကျိရှန့်နှင့် ဖန့်ချန်တို့အဖွဲ့သာ ရှိပြီး တခြား လေလွင့်ဝိညာဉ်များကို အတက်မခံပေ။

လှေလှော်နေသော လေလွင့်ဝိညာဉ်မှာလည်း အားသွန်ခွန်စိုက် လှော်ခတ်နေရာ ခဏချင်းမှာပင် လှေငယ်သည် ကမ်းခြေနှင့် ဝေးကွာသွားတော့သည်။

“မင်းနာမည်က ဖန့်ချန် ဟုတ်တယ်မလား မင်း အောက်နယ်မြေမှာ ရှိတုန်းက ယင်လောကငယ်ကို ရောက်ဖူးလား ”

ကျိရှန့်က ဖန့်ချန်ကို ကြည့်ကာ လေသံခပ်အေးအေးဖြင့် မေးလိုက်သည်။

“ရောက်ဖူးပါတယ်၊ အဲဒီနေရာက ဒီနေရာနဲ့ နည်းနည်း ဆင်တူသလိုပဲ ”

ဖန့်ချန်က ခေါင်းငြိမ့်ပြလိုက်သည်။

“ဆင်တူတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ယင်လောကငယ်ဆိုတာက ပျက်စီးနေတဲ့ နေရာတစ်ခု၊ မပြည့်စုံတဲ့ နယ်မြေတစ်ခုပဲလေ။ အဲဒီမှာရှိတဲ့ လေလွင့်ဝိညာဉ်တွေရဲ့ အမြင့်ဆုံး အစွမ်းက အဆင့် ၁ မသေမျိုးအထိပဲ ရှိနိုင်တာ ”

ကျိရှန့်က ပြုံးလျက်

“ဒါပေမဲ့ အောက်နယ်မြေ ကျင့်ကြံသူတွေအတွက်တော့ ယင်လောကငယ် ရှိနေတာက သူတို့ရဲ့ အားနည်းချက်ကို ဖြည့်ဆည်းပေးသလိုပါပဲ။ အဲဒီက ယင်သက်တမ်း တွေသာ မရှိရင် အောက်နယ်မြေမှာ ရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေက သူတို့ သုံးဖို့ လောက်မှာ မဟုတ်တော့ဘူး။ ဒါကြောင့်ပဲ အောက်နယ်မြေက ကျင့်ကြံသူတွေ အားလုံးက အထက်ပိုင်းနယ်မြေ သုံးခုကို ရောက်ဖို့ အိပ်မက်မက်နေကြတာပေါ့။ ဒီနေရာကျမှသာ တကယ့် ကျင့်ကြံခြင်းလောကရဲ့ ပုံစံမျိုး ရှိတာလေ ”

“ကျိအမာခံ... ဒီနေရာက ယင်ရုံးတော် က ကျွယ်မင်ကြယ်တာရာက သက်ရှိတွေရဲ့ သံသရာလည်ခြင်းကိုပဲ တာဝန်ယူတာလား ”

ဖန့်ချန်က အမှတ်မထင် မေးလိုက်သည်။

“ဒါပေါ့... မဟုတ်ရင် ဘာဖြစ်ရမှာလဲ ”

ကျိရှန့်က ဖန့်ချန်ကို တစ်ချက်ကြည့်ကာ သဘာဝကျကျပင် ပြန်ဖြေသည်

“အဲဒီလို ဖြစ်နေလို့လည်း ကျွယ်မင်ကြယ်တာရာမှာ ပါရမီရှင်တွေ အဆက်မပြတ် ထွက်ပေါ်နေတာပေါ့။ အခု ကျွယ်မင်နန်းတော်မှာရှိတဲ့ အမာခံတပည့် ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်က ကျွယ်မင်ကြယ်တာရာကနေ လာတာပဲ။ သူတို့ အမာခံတပည့် မဖြစ်ခင်က သာမန်လူသားတွေပါပဲ ”

စကားပြောနေစဉ်မှာပင် ရှေ့တည့်တည့်၌ ထူထပ်သော မြူထုကြီးတစ်ခု ပေါ်ပေါက်လာသည်။

မြူထုများ လွင့်ပါးသွားသောအခါ ခမ်းနားထည်ဝါလွန်းပြီး အဆုံးမရှိသော တံတားကြီးတစ်ခု လူတိုင်းရှေ့တွင် ပေါ်လာတော့သည်။

ပတ်ဝန်းကျင်မှ မြူများအတွင်း၌လည်း ထိုကဲ့သို့သော တံတားကြီးများ၏ ပုံရိပ်ကို ဝေဝေဝါးဝါး မြင်နေရရာ အရေအတွက်မှာ ခန့်မှန်းရပင် ခက်ခဲလှသည်။

လှေငယ်သည် ကမ်းသို့ ကပ်သွားပြီး ကျိရှန့်က လူတိုင်းကို ခေါ်ကာ တံတားပေါ်သို့ တက်သွားသည်။

သူတို့သည် ယင်လောကသို့ ဆင်းလာသောသူများ ဖြစ်ကြသော်လည်း ပင်လယ်ဝေနေသော လေလွင့်ဝိညာဉ်များကြားတွင် ရောနှောပါဝင်သွားကြသည်။

ထိုနေရာ၏ စည်ကားမှုမှာ လင်းယွမ်တို့ စိတ်ကူးထားသည်ထက် များစွာ သာလွန်နေပေသည်။

အချိန်တိုင်းတွင် မရေမတွက်နိုင်သော ဝိညာဉ်များ တံတားပေါ်သို့ တက်လာနေကြသည်။

ဖန့်ချန်ကတော့ သေချာပေါက် အတည်ပြုနိုင်လိုက်ပြီ ဖြစ်သည်။

ဤနေရာကို တည်ဆောက်ထားသည့် ပုံစံမှာ ယင်လောကငယ်ကို ပုံစံတူယူ၍ ပြုလုပ်ထားခြင်းပင်။

လုပ်ငန်းစဉ် ၈၀၊ ၉၀ ရာခိုင်နှုန်းလောက် ဆင်တူသော်လည်း ယင်လောကငယ်၏ ရိုးရှင်းသဘာဝကျသော ပုံစံနှင့် ယှဉ်လျှင် ဤနေရာမှာ အနည်းငယ် တမင်တကာ လုပ်ယူထားသလို ခံစားရသည်။

ဥပမာအားဖြင့် ထိုလှေငယ်များ၊ မရဏလမ်းက ကျောက်စိမ်းဖြူကြမ်းပြင်များ နှင့် ဤခမ်းနားသော တံတားကြီးများကဲ့သို့ပင်... အားလုံးမှာ တမင်တကာ ထွင်းထုပြုပြင်ထားသော အမှတ်အသားများ ရှိနေသည်။

“ဒီလေလွင့်ဝိညာဉ်တွေရဲ့ အရေအတွက်က တကယ်ကို မရေမတွက်နိုင်အောင် များလှချည်လား"

လင်းယွမ်က တိုးတိုးလေး ရေရွတ်မိသည်။

ကျိရှန့်က နှာခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးလိုက်သည်

“အသစ်ရောက်ခါစ လူတိုင်းက မင်းလိုပါပဲ။ ပုံမှန်ဆိုရင် မမြင်ရတော့ မရှိဘူးလို့ ထင်နေကြတာ၊ တကယ် မြင်လိုက်ရတော့မှ ဒီကမ္ဘာကြီးက ဒီလိုမျိုး လည်ပတ်နေတာလားဆိုပြီး အံ့သြကုန်ကြရော။ မင်း ကျွယ်မင် ယင်လောက ထဲကို ရောက်သွားတဲ့အခါကျမှ ကျွယ်မင်နန်းတော်က ဘာလို့ အထက်ပိုင်းနယ်မြေ သုံးခုမှာ ထိပ်တန်းက ရပ်တည်နေနိုင်သလဲဆိုတာ သိရလိမ့်မယ် ”

“ကျိအမာခံ... အရင်က ကျနော် အောက်နယ်မြေမှာ ယင်လောက ဆင်းတုန်းက ဝမ့်ချွမ်းမြစ် ကို မြင်ဖူးတယ်။ အဲဒီမြစ်က တကယ်ကို ဆန်းကြယ်တာပဲ၊ ဒီနေရာမှာကျတော့ ဘာလို့ မမြင်ရတာလဲ ”

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

“ဒီမှာသာ မြင်ရမယ်ဆိုရင် ယင်ရုံးတော် ထဲကို ဘယ်နှစ်ယောက် ဝင်နိုင်မယ်လို့ မင်းထင်လဲ ”

ကျိရှန့်က အေးဆေးစွာ ဆိုသည်

“ဒါက ဒီလေလွင့်ဝိညာဉ်တွေကို ကာကွယ်ပေးဖို့ပဲ။ ဝမ့်ချွမ်းမြစ်ကိုတော့ ကျွယ်မင် ယင်လောကရဲ့ တောင်ဘက်အရပ်ကို တောက်လျှောက်သွားရင် သူ့ရဲ့ မြစ်ခွဲတွေကို မြင်ရလိမ့်မယ်။ မင်းတို့ သိချင်ရင်တော့ နောက်ကျမှ အခွင့်အရေးရရင် သွားကြည့်လို့ရတယ်၊ ဒါပေမဲ့ မလိုအပ်ဘဲနဲ့တော့ မထိတွေ့နဲ့ဦး။ မဟုတ်ရင် ငါ့လိုလူမျိုးတောင် အဲဒီထဲမှာ နစ်မြုပ်သွားနိုင်တယ်”

ဝမ့်ချွမ်းမြစ်ကို မြင်နိုင်တယ် ဟုတ်လား

အဆင်ပြေသွားပြီ။

ဖန့်ချန်သည် ဘာအရိပ်အယောင်မျှ မပြဘဲ ခြေလှမ်းများမှာ ပို၍ပင် သွက်လက်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

ဝမ့်ချွမ်းမြစ်ကို ရှာတွေ့နိုင်လျှင် သူသည် ယင်လောကငယ်သို့ ပြန်နိုင်မည်၊ ယင်လောကငယ်သို့ ပြန်နိုင်လျှင် အောက်နယ်မြေ ခြောက်ခုသို့ ပြန်ရောက်နိုင်ပေလိမ့်မည်။

အထက်ပိုင်းနယ်မြေနှင့် အောက်ပိုင်းနယ်မြေကြားကို စိတ်ကြိုက် ကူးသန်းသွားလာနိုင်ခြင်းက အရာအားလုံးကို များစွာ လွယ်ကူသွားစေပေလိမ့်မည်။

ဤနေရာမှာ ကျွယ်မင်နန်းတော်က ဖွင့်လှစ်ထားသော ယင်ရုံးတော် ဖြစ်သော်လည်း အခြေခံအားဖြင့်တော့ ၎င်းသည် ဖူထူလောက ထဲမှာပင် ရှိနေဆဲ ဖြစ်သည်။

မသိလိုက်ဘဲနှင့် လူတိုင်းသည် တံတားကြီး၏ အဆုံးသို့ ရောက်ရှိလာခဲ့သည်။

မြို့တံခါးရှေ့မှ ယင်စစ်သည်များမှာ ကျိရှန့်ကို မြင်သည်နှင့် ချက်ချင်းပင် အပြေးအလွှား လာရောက် အရိုအသေ ပေးကြသည်။

လင်းယွမ်တို့လည်း ထိုအခြင်းအရာကို မအံ့သြတော့ပေ။

ကျိရှန့်သည် ကျွယ်မင်နန်းတော်၏ အမာခံတပည့် ဖြစ်နေမှတော့ ကျွယ်မင် ယင်လောကတွင် သူ၏ အဆင့်အတန်းက မြင့်မားနေမည်မှာ သဘာဝပင်။

ကျိရှန့်သည် လူတိုင်းကို ကျွယ်မင် ယင်လောကထဲသို့ ခေါ်ဆောင်လာခဲ့ရာ အားလုံးမှာ ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

ထိုနေရာ၏ စည်ကားသာယာမှုမှာ ယင်လောကနှင့်ပင် မတူတော့ပေ။

တစ်ခါတစ်ရံတွင် လေလွင့်ဝိညာဉ်အချို့၏ လေးလံထိုင်းမှိုင်းနေသော အသွင်အပြင်ကို မမြင်ရလျှင် သူတို့သည် လူ့လောကက စည်ကားသော မြို့ကြီးတစ်မြို့သို့ ရောက်နေသည်ဟု ထင်မှတ်သွားပေလိမ့်မည်။

“ငါ အလုပ်ရှိသေးတယ်၊ မင်းတို့ဘာသာ လျှောက်ကြည့်ကြဦး။ လျှောက်လို့ ဝပြီဆိုရင်တော့ ကိုယ့်ဘာသာကိုယ် ပြန်ကြတော့ ”

ကျိရှန့်က စကားတစ်ခွန်း ချန်ထားခဲ့ပြီးနောက် လူအုပ်ကြီးထဲ၌ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

အခန်း (၁၄၀၆) - မိစ္ဆာသန့်စင်မျှော်စင်

“ဒီတိုင်းကြီး ထွက်သွားတာလား... ကျိအမာခံက ကျုပ်တို့ကို ဟိုဟိုဒီဒီ လိုက်ပြဦးမယ် ထင်နေတာ ”

လင်းယွမ်က တိုးတိုးလေး ညည်းတွားလိုက်သည်။

ယွီဝူရှီးက ပတ်ဝန်းကျင် ရှုခင်းများကို အကဲကြည့်ရင်း မည်သည့်ဘက်သို့ သွားရမည်မှန်း မသိသည့်နှယ် ခံစားနေရသည်

“ဘယ်အရပ်ကို သွားကြမလဲ ”

“ကြိုက်တဲ့ဘက် သွားရအောင်လေ၊ ဘာပဲဖြစ်ဖြစ် အခုက လာကြည့်ရုံသက်သက်ပဲဟာ။ နောက်ကျရင် ဒီမှာ တာဝန်ကျလာတဲ့အခါ အလိုလို ရင်းနှီးသွားမှာပါ ”

မုံ့ချင်လင်က ဆိုသည်

“ဒီ ကျွယ်မင် ယင်လောကကြီးက တကယ့်ကို အကြီးကြီးပဲ၊ ကျုပ်တို့ ရောက်ဖူးသမျှ နေရာတိုင်းထက် ပိုကျယ်လိမ့်မယ် ထင်တယ် ”

သူတို့အဖွဲ့သည် ခဏမျှ တိုင်ပင်ပြီးနောက် ဖန့်ချန်ကို လှည့်ကြည့်လိုက်ကြသည်။

၎င်းမှာ ဖန့်ချန်ကိုပင် ဆုံးဖြတ်ခိုင်းလိုက်ခြင်း ဖြစ်၏။

“လျှောက်သွားကြည့်ကြတာပေါ့၊ အခု ကျုပ်တို့ရှိနေတဲ့နေရာက ကျွယ်မင် ယင်လောကရဲ့ အစွန်အဖျားပဲ ရှိသေးတယ်။ တကယ့် ဗဟိုချက်နေရာကတော့ အားကောင်းတဲ့ စွမ်းအားတစ်ခုနဲ့ ပိုင်းခြားထားပုံရတယ် ”

ဖန့်ချန်သည် မြို့လယ်ခေါင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ထိုအရပ်ဆီမှ အလွန်တရာ လေးလံထိုင်းမှိုင်းသော အရှိန်အဝါတစ်ခုကို သူ ခံစားနေရသည်။

ထိုနေရာသည် သေချာပေါက် ကျွယ်မင်နန်းတော်၏ အဓိက အခြေစိုက်စခန်းတစ်ခု ဖြစ်ပေလိမ့်မည်။

ထိုအရှိန်အဝါများ၏ နောက်ကွယ်တွင်မူ သူ သိလိုနေသည့် အမှန်တရားများ ရှိနေနိုင်ပေသည်။

နာရီအနည်းငယ် ကြာပြီးနောက်...

လင်းယွမ်သည် မိမိလက်ထဲရှိ အရသာမရှိသော ခေါက်ဆွဲဖတ်များကို ကြည့်ရင်း မအောင့်နိုင်ဘဲ ပြောလိုက်သည်

“ဒီက စားစရာတွေက ဘာအရသာမှ မရှိပါလား... သူတို့ကျတော့ ဘယ်လိုဖြစ်ပြီး မြိန်ရည်ယှက်ရည် စားနေကြတာလဲ မသိဘူး ”

သူတို့ရှိနေသည့် ခေါက်ဆွဲဆိုင်အတွင်းရှိ အနီးအနားမှ လေလွင့်ဝိညာဉ်များမှာ ခေါက်ဆွဲစားရင်း မျက်နှာထက်တွင် ကျေနပ်ပီတိဖြစ်နေကြသည်မှာ ဟန်ဆောင်နေခြင်း မဟုတ်ချေ။

“ဘယ်သူက နင့်ကို စပ်စုချင်ဇောနဲ့ လူသေတွေစားတဲ့ အစာကို စားခိုင်းလို့လဲ ငါတို့က ယင်လောကကို ခေတ္တဆင်းလာတာ သေသွားတာ မဟုတ်ဘူး ”

မုံ့ချင်လင်က မျက်စောင်းထိုးလိုက်သည်။

“လူသေနဲ့ လူရှင်ကတော့ ကွာခြားချက် ရှိတာပေါ့။ မင်း မသေမချင်းတော့ ယင်လောကရဲ့ ပစ္စည်းအတော်များများက မင်းနဲ့ မသင့်တော်ဘူး။ တကယ်လို့ ဒီခေါက်ဆွဲက ဘယ်လောက် အရသာရှိလဲဆိုတာ တကယ် သိချင်တယ်ဆိုရင်တော့... မင်း ခန္ဓာချုပ်ငြိမ်း တဲ့နေ့ကျရင် ငါ တစ်ပွဲ ဝယ်ကျွေးပါ့မယ် ”

ယွီဝူရှီးက ခပ်အေးအေး ပြုံးလျက် ဆိုသည်။

“မင်္ဂလာမရှိလိုက်တာ... ဘာတွေ လာပြောနေတာလဲ။ ကျုပ်တို့က အခုမှ အရှိန်အဟုန်နဲ့ တိုးတက်နေတာလေ၊ အနည်းဆုံးတော့ ကျုပ် နောက်ထပ် နှစ်ပေါင်း ထောင်ချီ အသက်ရှင်ဖို့ ပြဿနာ မရှိပါဘူး ”

လင်းယွမ်က ခေါက်ဆွဲပန်းကန်ကို ချလိုက်သည်။

ထို့နောက် ဆိုင်ရှင်၏ လမ်းညွှန်မှုအတိုင်း ယင်သက်တမ်း တစ်ဝက်ကို အသုံးပြုကာ စင်ကြယ်သော အရှိန်အဝါ တစ်ခုအဖြစ် ပြောင်းလဲပြီး ဆိုင်ရှင်ထံသို့ တိုက်ရိုက် လွှဲပြောင်းပေးလိုက်သည်။

“ခေါက်ဆွဲ တစ်ပွဲကို ယင်သက်တမ်း တစ်ဝက်တောင် ကုန်တယ်... ဒီက ပစ္စည်းတွေကိုတော့ လျှောက်မဝယ်ရဲစရာပဲ ”

လင်းယွမ်က ခေါင်းခါရင်း ညည်းတွားမိသည်။

“ယင်လောကက ပစ္စည်းတွေကို လျှောက်မဝယ်သင့်တာ အမှန်ပဲ။ အောက်နယ်မြေက ကျင့်ကြံသူတွေ ယင်လောက ဆင်းတယ်ဆိုတာ သူတို့ဆီက ယင်သက်တမ်း ရှာဖို့အတွက်ပဲ၊ ကိုယ့်ယင်သက်တမ်းကို သူတို့ဆီမှာ ပြန်သုံးဖို့ မဟုတ်ဘူး ”

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

“ရှောက်ကျဲ... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ မြန်မြန်လုပ်... ငါ ယင်မိစ္ဆာတွေ စုဝေးနေတဲ့ နေရာတစ်ခု ရှာတွေ့ထားတယ်၊ အဲဒါကို သွားတိုက်ခိုက်ကြရအောင် ”

“ယင်မိစ္ဆာ အကြီးစားတွေ မရှိဘူးမလား ”

“မရှိပါဘူး... စကားတွေ အများကြီး မေးမနေနဲ့၊ မြန်မြန်လုပ်။ တခြားသူတွေ လက်ဦးသွားရင် ကျုပ်တို့ ယင်သက်တမ်းတွေ အများကြီး ဆုံးရှုံးရလိမ့်မယ်။ ယင်သက်တမ်းဆိုတာ ဂုဏ်ထူးအမှတ် ပဲလေ ”

ခေါက်ဆွဲဆိုင် အပြင်ဘက်မှ စကားပြောသံများ ကြားလိုက်ရသည်။

လူတိုင်း၏ စိတ်အာရုံမှာ လှုပ်ခတ်သွားပြီး ဆိုင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြရာ ရင်းနှီးသော ပုံရိပ်တစ်ခုကို လူအချို့က ဝန်းရံကာ အဝေးသို့ ခေါ်ဆောင်သွားနေသည်ကို မြင်လိုက်ရသည်။

“အဲဒါ နန်မင်ရှောက်ကျဲ မဟုတ်လား ခေါင်းဆောင်ရဲ့ လက်ချက်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ရွှေရောင်တံဆိပ်ပြား ပိုင်ရှင်လေ ”

လင်းယွမ်က လူတိုင်းကို လှည့်ကြည့်လိုက်သည်။

ယွီဝူရှီးနှင့် မုံ့ချင်လင်တို့က ခေါင်းအသာငြိမ့်ပြကြသည်။

ထိုသူမှာ သေချာပေါက် နန်မင်ရှောက်ကျဲပင် ဖြစ်သည်။

ယခုမှာ ဝိညာဉ်ဖြင့် ဆင်းလာခြင်း ဖြစ်သော်လည်း သူ၏ ရုပ်သွင်မှာ ရုပ်ခန္ဓာနှင့် ထပ်တူပင် ဖြစ်ရာ မှားစရာ အကြောင်းမရှိပေ။

“သူတို့ပြောတဲ့ ယင်မိစ္ဆာဆိုတာက ဘာလဲ ယင်သက်တမ်းနဲ့ လဲလို့ရတာလား ဂုဏ်ထူးအမှတ်နဲ့ရော”

လင်းယွမ်က စိတ်ဝင်တစား မေးလိုက်သည်။

ယင်သက်တမ်းဆိုသည်မှာ သက်တမ်းပင် ဖြစ်သည်။

သို့သော် ဝိညာဉ်၏ သက်တမ်းဖြစ်ပြီး ယင်လောကရှိ အရာရာတိုင်း၏ အခြေခံလည်း ဖြစ်သည်။

ရုတ်တရက် ယင်သက်တမ်း ရှာနိုင်မည့် နည်းလမ်းတစ်ခုအကြောင်း ကြားလိုက်ရသည့်အပြင် ၎င်းသည် ဂုဏ်ထူးအမှတ်နှင့်လည်း ဆက်စပ်နေပုံရရာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

ဒီနေရာမှာ ယင်မိစ္ဆာတွေကို စင်ကြယ်တဲ့ ယင်သက်တမ်းအဖြစ် ပြောင်းလဲနိုင်တဲ့ နည်းလမ်း ရှိနေတာလား

ဂုဏ်ထူးအမှတ်နဲ့ လဲလို့ရတယ်ဆိုတော့... ကျွယ်မင် ယင်လောကက ယင်သက်တမ်းတွေကို တမင်တကာ စုဆောင်းနေတာပေါ့။

ဒါကို ကျင့်ကြံမှု အဆင့်မြှင့်ဖို့ သက်သက်ပဲ သုံးတာလား၊ ဒါမှမဟုတ် တခြား ရည်ရွယ်ချက် ရှိနေတာလား...

ထိုအချက်ကို တွေးမိသည်နှင့် ဖန့်ချန်သည် ရုတ်တရက် ထရပ်လိုက်ပြီး လင်းယွမ်တို့ သုံးယောက်ကို မျက်ရိပ်ပြလိုက်သည်။

သုံးယောက်သားမှာလည်း ချက်ချင်း နားလည်သွားပြီး နောက်မှ လိုက်ပါလာကြသည်။

“ရှောက်ကျဲ မိတ်ဆွေ”

နန်မင်ရှောက်ကျဲသည် နောက်ဘက်မှ ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် ခြေလှမ်းများ တန့်သွားသည်။

သူနှင့်အတူ ပါလာသူများလည်း လှည့်ကြည့်လိုက်ကြသည်။

လာသူမှာ မည်သူမှန်း သေချာမြင်လိုက်ရသောအခါ နန်မင်ရှောက်ကျဲ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားပြီး အလိုအလျောက် ခေါင်းပြန်လှည့်ကာ ဆက်လျှောက်ရန် ကြိုးစားတော့သည်။

“ရှောက်ကျဲ မိတ်ဆွေ... ခဏလောက် စောင့်ပါဦး ”

ဖန့်ချန်သည် လူအုပ်ကို တိုးဝှေ့ကာ နန်မင်ရှောက်ကျဲ၏ လမ်းကို ပိတ်ဆို့လိုက်သည်။

နန်မင်ရှောက်ကျဲက မျက်နှာထက်တွင် အတင်းအဓမ္မ အပြုံးတစ်ခု ဖော်လိုက်ရင်း

“မင်းပါလား... တိုက်ဆိုင်လိုက်တာ၊ မင်းလည်း ဒီကို ရောက်နေတာလား ”

“ရှောက်ကျဲအစ်ကို... ဒါက ဘယ်သူလဲဗျ”

ကျန်သော ယင်လောကဆင်းသူများက ဖန့်ချန်တို့ကို စူးစမ်းကြည့်ရင်း မေးလိုက်ကြသည်။

“မိတ်ဆက်ပေးပါရစေ... ဒါက ဖန့်ချန် မိတ်ဆွေပါ။ ငါ သူနဲ့ ဝူရှန့်ငရဲပြည် မှာ လက်ရည်စမ်းဖူးတယ်၊ ဖန့်ချန် မိတ်ဆွေရဲ့ အစွမ်းက ငါ့ထက် အများကြီး သာပါတယ်”

နန်မင်ရှောက်ကျဲ၏ မျက်ဝန်းထဲတွင် အတွေးတစ်ချက် ဝေ့သီသွားပြီး လူတိုင်းကို ပြုံးပြလိုက်သည်။

ကျန်သောသူများမှာ မယုံကြည်နိုင်သလို ဖြစ်သွားကြသည်။

ရှေ့တွင်ရှိသော လူ၏ အစွမ်းက နန်မင်ရှောက်ကျဲထက် သာသည်ဟု ဆိုပါလား နန်မင်ရှောက်ကျဲကဲ့သို့ နောက်ခံကောင်းပြီး ပါရမီထူးချွန်သောသူမျိုးသည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်နှင့် နောင်လာမည့် နှစ်ပေါင်း တစ်ထောင်အတွင်းမှာပင် ယှဉ်နိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။

“ရှောက်ကျဲ မိတ်ဆွေကလည်း မြှောက်ပင့်လွန်းနေပါပြီ၊ အဲဒီတုန်းက ကျနော့်ရဲ့ ကံကောင်းမှုကြောင့်ပါပဲ”

ဖန့်ချန်က ထိုကိစ္စကို အသာအယာ ကျော်လိုက်ပြီးနောက် မေးလိုက်သည်

“မိတ်ဆွေတို့ အခု ဘယ်ကို သွားကြမလို့လဲ ကျနော်တို့ လေးယောက်က ယင်လောကကို ပထမဆုံးအကြိမ် ဆင်းလာတာမို့ ဒီနေရာအကြောင်း သိပ်မသိသေးဘူး။ အဆင်ပြေမယ်ဆိုရင် အတူတူ လိုက်ပါခွင့် ရနိုင်မလား ”

အဆင်ပြေမလား ဟုတ်လား

ထိုသူများမှာ ချက်ချင်းပင် သဘောပေါက်သွားပြီး ခေါင်းငြိမ့်လိုက်ကြသည်

“အဆင်ပြေတာပေါ့... တကယ့်ကို အဆင်ပြေပါတယ်။ ကျုပ်တို့က ယင်မိစ္ဆာအုပ်စုကို သွားရောက် နှိမ်နင်းမလို့ပဲ။ မိတ်ဆွေတို့ တခြား အလုပ်မရှိရင် ကျုပ်တို့နဲ့အတူ လိုက်ခဲ့လို့ ရပါတယ်၊ တစ်ယောက်ကို ယင်သက်တမ်း ဆယ်နှစ်နှုန်းနဲ့ ကျုပ်တို့ ပေးပါ့မယ် ”

“ယင်သက်တမ်း ဆယ်နှစ်... ခေါက်ဆွဲ ရှစ်ထောင်ကျော်လောက် စားလို့ရတယ်...”

လင်းယွမ်မှာ အနည်းငယ် အံ့သြသွားသည်။

“မိတ်ဆွေတို့... မင်းတို့ ဒီလိုလုပ်တာ ဖန့်ချန် မိတ်ဆွေကို စော်ကားရာ ရောက်နေပြီ။ ငါပြောပြီးပြီလေ၊ ဖန့်ချန် မိတ်ဆွေရဲ့ အစွမ်းက ငါ့ထက် အများကြီး သာပါတယ်လို့။ ပြီးတော့ သူက အခု တက်လှမ်းခြင်းအဆင့် ကို ရောက်နေပြီလေ၊ သူ့ကို အကူအညီတောင်းမယ်ဆိုရင် အနည်းဆုံးတော့ ယင်သက်တမ်း နှစ်တစ်ရာလောက် ပေးရမှာပေါ့ ”

နန်မင်ရှောက်ကျဲက မျက်မှောင်ကြုတ်ကာ ဆိုသည်။

“နှစ်တစ်ရာဆိုတာကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဖန့်ချန် မိတ်ဆွေရဲ့ အစွမ်းက တကယ်ပဲ အဲဒီလောက် မြင့်မားလို့လား ရှောက်ကျဲအစ်ကို ပြောတာက...”

ထိုသူများထဲမှ တစ်ဦးက သံသယရှိဟန်ဖြင့် ဆိုသည်။

ဖန့်ချန်ကတော့ ထိုသူများမှာ လှုံ့ဆော်နည်း ကို သုံးပြီး သူတို့ကို ယင်မိစ္ဆာ နှိမ်နင်းရာတွင် ဆွဲခေါ်ချင်နေကြသည်ကို ရိပ်မိလိုက်သည်။

၎င်းမှာ သူတို့ ကိုယ်တိုင်လည်း ထိုခရီးစဉ်အတွက် ယုံကြည်မှု အပြည့်မရှိကြောင်း ပြနေသလို၊ နန်မင်ရှောက်ကျဲကမူ သူ့ကို အရှက်ကွဲစေချင်နေပုံရသည်။

ဒါဟာ သူဖြစ်ချင်နေတဲ့ အချက်နဲ့ ကွက်တိပင်။

“ရှောက်ကျဲ မိတ်ဆွေ... ယင်သက်တမ်း ကိစ္စကိုတော့ ခဏထားလိုက်ပါဦး။ ကျနော်တို့က အသစ်ရောက်ခါစမို့ မိတ်ဆွေတို့နဲ့အတူ လိုက်ကြည့်ရင်း ဗဟုသုတ ရှာချင်ရုံသက်သက်ပါပဲ ”

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

နန်မင်ရှောက်ကျဲမှာ ခဏမျှ ကြောင်သွားပြီး တစ်ဖက်လူက ဤမျှ စကားပြောရ လွယ်ကူလိမ့်မည်ဟု မထင်ထားသဖြင့် ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်

“ကောင်းပြီလေ... ငါတို့မှာ ရေစက်ရှိတယ်ပဲ ထားပါတော့၊ အတူတူ သွားကြတာပေါ့ ”

လမ်းခရီးတွင် ဖန့်ချန် မေးမြန်းစရာ မလိုဘဲ လင်းယွမ်က သိလိုသမျှကို အကုန်မေးမြန်းနေတော့သည်။

ထိုမေးခွန်းများမှာ လျှို့ဝှက်ချက် မဟုတ်ပေ။

နန်မင်ရှောက်ကျဲသည် ဖန့်ချန်ကို ရှုံးနိမ့်ခဲ့ပြီးကတည်းက ယုံကြည်မှုများ ပျောက်ဆုံးနေပုံရပြီး လင်းယွမ်ကိုပင် တော်တော်လေး ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေသည်။

စိတ်ရှည်လက်ရှည်ဖြင့် တစ်ခုချင်းစီကို ရှင်းပြပေးနေသည်။

ကျွယ်မင် ယင်လောကအတွင်းတွင် ယင်မိစ္ဆာများကို သတ်ဖြတ်ခြင်းဖြင့် ယင်သက်တမ်း ရရှိနိုင်သည်မှာ အမှန်ပင်။

သို့သော် ထိုယင်သက်တမ်းကို ထုတ်ယူနိုင်သည့် နည်းလမ်းမှာ သူတို့တွင် မရှိပေ။

သူတို့ လုပ်ဆောင်နိုင်သည်မှာ ဖမ်းမိသော ယင်မိစ္ဆာများကို မိစ္ဆာသန့်စင်မျှော်စင် သို့ ပို့ဆောင်ပေးရန်သာ ဖြစ်သည်။

ထိုသို့ ပို့ဆောင်ပေးလျှင် သူတို့ ထိုက်သင့်သော ယင်သက်တမ်းကို ရရှိမည်ဖြစ်ပြီး၊ ထိုယင်သက်တမ်းများကို ဂုဏ်ထူးအမှတ် အဖြစ် တိုက်ရိုက် လဲလှယ်နိုင်သည်။

လဲလှယ်နှုန်းမှာ ပုံသေမရှိပေ။

အကယ်၍ ယခုကာလအတွင်း ယင်သက်တမ်း ရရှိမှု နည်းပါးနေလျှင် လဲလှယ်နှုန်း မြင့်မားပြီး၊ ရရှိမှု များပြားနေလျှင်မူ လဲလှယ်နှုန်း နိမ့်ကျသွားတတ်သည်။

“ဂုဏ်ထူးအမှတ်အဖြစ် လဲရတာတင် မကဘူး၊ ယင်သက်တမ်းဆိုတာ ကျုပ်တို့လို ကျင့်ကြံသူတွေအတွက် အဆင့်တက်ဖို့ အလွန်ကောင်းမွန်တဲ့ ဆေးဝါးတစ်မျိုးလည်း ဖြစ်တယ်။ ဝိညာဉ်အတွက်လည်း အကျိုးရှိတာပေါ့။ အများကြီး မှီဝဲထားရင် နောက်တစ်နေ့ သေသွားပြီး ယင်လောက ရောက်လာတဲ့အခါမှာလည်း ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လျှောက်ဖို့ အခွင့်အရေး ပိုများတာပေါ့ဗျာ ”

All Chapters