အခန်း (၁၁၀၉-၁၁၁၂)
Vol. 56 Ch. 1109-1112
Space and Rebirth 1109
ကျင်းယွင်ကျောင်းသည် ရှန်ရှီအား အကဲခတ်ကာ မေးလိုက်သည်။
“ကျင်းယိရန်ရဲ့ မွေးစားအဖေ ဘယ်သူလဲဆိုတာသိလား?”
“ဒုစရိုက်လောကက လူဆိုတာပဲသိတယ်၊ ဒါပေမယ့် သူက ကျင်းယိရန်ကို မွေးစားတုန်းက အသက်တော်တော်ကြီးနေပြီမို့ လွန်ခဲ့တဲ့နှစ်ပိုင်းလောက်က သေသွားပြီ၊ သူ့ကိုရှာချင်ရင်တောင် အကျိုးမရှိဘူး”
ရှန်ရှီသည် အမှန်တရားကို မဖုံးကွယ်ထားချေ။ သူမဆက်ပြောလိုက်သည်။
“ကျင်းယွင်ကျောင်း နင်မေးတာအကုန် ငါဖြေပြီးပြီ ရှုယုဘယ်မှာလဲ ငါ့သားကို နင်ဘယ်မှာဖွက်ထားလဲ?”
ယခုအချိန်တွင်ပင် ရှုယုအတွက် ဝရမ်းထုတ်ထားဆဲဖြစ်သော်လည်း သူတို့မည်မျှပင် ရှာဖွေစေကာမူ ရှုယုအား ရှာမတွေ့ကြချေ။
သားဖြစ်သူရှုယုကို မိခင်ဖြစ်သူ သူမက ဝှက်ထားသည်ဟု လူအများက သံသယဝင်ကြသည်။ ထို့ကြောင့် ရဲများသည် သူမအိမ်ကို အကြိမ်ပေါင်းများစွာ လာရောက်မြေလှန်ရှာခဲ့ကြလေသည်။
သူမသားအား ဝှက်ထားသောသူမှာ ကျင်းယွင်ကျောင်းဖြစ်ကြောင်း သူမသည် အခြားသူများကို ပြောပြတိုင်း မည်သူမှ သူမကိုမယုံကြည်ကြချေ။ ဟာသပင်။
“ရှုယု? သူအသက်ရှိနေသေးတယ်လို့ ထင်တုန်းလား?”
ကျင်းယွင်ကျောင်းမျက်လုံးများသည် အေးစက်နေသည်။ သူမသည် မီးဖိုချောင်ထဲဝင်ကာ သစ်သီးဓားတစ်ချောင်းဖြင့် ပြန်ထွက်လာ၏။ ထိုဓား၏လက်ကိုင်ကို ပုဝါစတစ်ခုဖြင့် ပတ်ထားကာ အေးစက်သောအလင်းရောင်အောက်တွင် ဓားသွားသည် လက်သွားသည်။ ရှန်ရှီသည် ၎င်းကိုမြင်သောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
“ကျင်းယွင်ကျောင်း ငါ့ကိုသတ်မယ်ဆိုရင် ရှုရှန်းလန် ဘယ်မှာရှိလဲဆိုတာကို နင်ဘယ်တော့မှ သိရမှာမဟုတ်ဘူး”
ရှန်ရှီသည် တုန်တုန်ယင်ယင်ဖြင့် ထရပ်လိုက်သည်။ သူမလက်ထဲရှိ ဝိုင်ပုလင်းသည် ကြမ်းပြင်ပေါ်သို့ ကျသွားပြီး အနီရောင်အရည်များ စီးထွက်လာတော့၏။ ရှန်ရှီသည် သူမအား ရန်စဟန်ဖြင့် ကြည့်လိုက်သည်။
ကျင်းယွင်ကျောင်းမျက်နှာပြောင်းသွားသည်။
“ဒါဘာအဓိပ်ပာယျလဲ?”
“ငါနင့်ကိုမြင်လိုက်တဲ့အချိန်မှာ ဘာလို့အရမ်းအံ့သြသွားလဲဆိုတာ နင်သိသင့်တယ်”
ရှန်ရှီပြုံးလိုက်၏။
“ရှုမိသားစုတောင် နင့်ရဲ့ဖြစ်တည်မှုကို မသိပေမယ့် ငါကတော့သိနေတယ်၊ သံသယမဝင်မိဘူးလား?”
မှန်ပေသည်။ ထိုအချိန်က တစ်ခုခုမှားနေသည်ဟု ကျင်းယွင်ကျောင်းခံစားမိခဲ့၏။
“ကျွန်မအမေကို ရှင်ဘာလုပ်လိုက်လဲ?”
ကျင်းယွင်ကျောင်းသည် အေးစက်စွာ မေးလိုက်သည်။
“ငါနင့်မေးခွန်းတွေ အကုန်ဖြေပြီးပြီ၊ ဒါပေမယ့် နင်ကတော့ ငါ့သားကိုသတ်ခဲ့တယ်! ငါ့ကိုအရင်လို ဦးနှောက်မရှိတဲ့လူလို့ ထင်တုန်းလား? ငါ့သားကသေပြီဆိုတော့ နင့်ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို စိတ်မသက်မသာနဲ့ နေရအောင် လုပ်ပေးမယ်!”
ရှန်ရှီသည် အမုန်းတရားများဖြင့် ပြောလိုက်သည်။
သူမသည် ရှန်တုန်းလောက် ကံမကောင်းခဲ့သော မိမိကိုယ်ကို မုန်းတီးပေသည်! ကျင်းယွင်ကျောင်းလောက်ပင် ကံမကောင်းခဲ့ချေ။
သူတို့နှစ်ဦးလုံးသည် အတူတကွ ကိုယ်ဝန်ရခဲ့သော်လည်း ရှန်ဟုန်၏ဖခင်မှာ ရှုယွမ်ထက်ဖြစ်ပြီး သူမသား၏ဖခင်မှာ ထောင်ထဲတွင် သေသွားသော အရူးတစ်ယောက်ဖြစ်သည်။ သူသေသွား၍ အဘယ်အရေးနည်း? သူမသည် အဘယ်ကြောင့် ကျင်းယိရန်အား သူမနှင့် သူမသားအကြောင်းကို ပြောခဲ့မိသနည်း? ဤနှစ်များစွာတစ်လျှောက် ကျင်းယိရန်သည် လူများအား တိတ်တဆိတ်ခေါ်ယူစေလွှတ်ကာ သူမသားအား လမ်းလွဲစေခဲ့ပြီး သူမကို ခြိမ်းခြောက်ခဲ့သည်။ သူမသည် မိမိဘဝ၏စက္ကန့်တိုင်းလိုလို ကျီးလန့်စာစားပြီး နေထိုင်ခဲ့ရလေသည်။
ရှုရှန်းလန်၏ကိစ္စလည်း ရှိသေး၏။ ရှုရှန်းလန်သည် မသိသင့်သောကိစ္စရပ်ကို သိသွားခဲ့လေသည်။ သူမသည် ရှုရှန်းလန်အား ခါးသီးစွာ တောင်းပန်ခဲ့သော်လည်း ရှုရှန်းလန်သည် ရှုယွမ်ထက်အား ရှင်းပြချက်ပေးရန် သူမကိုပြောခဲ့သေး၏။ ရှုရှန်းလန်သည် သူမအား ချောင်ပိတ်၍ အကြပ်ရိုက်အောင်လုပ်နေသည်ဖြစ်ရာ သူမအား မသတ်ဘဲ အဘယ်သို့နေနိုင်ခဲ့မည်နည်း?
သို့ရာတွင် ကျင်းယိရန်သည် ထိုအချိန်က မပေါ်လာသေးဘဲ သူမလက်ထဲတွင်လည်း ယုံကြည်ရသောသူမရှိသေးပေ။ ထို့ကြောင့် သူမ၏ကြေးစားလူသတ်သမားသည် ကျင်းယွင်ကျောင်း၏အသက်ကို လွှတ်ပေးခဲ့လေသည်။
“ရှင်ပြောသမျှ အလိမ်အညာတွေကို ကျွန်မယုံမယ်ထင်လား?”
ကျင်းယွင်ကျောင်းသည် သူမစိတ်ထဲရှိ စိတ်လှုပ်ရှားမှုအဟုန်ကို ငြှိမ်းပြီး အေးစက်စွာ ပြောလိုက်သည်။
ရှန်ရှီ၏စရိုက်ဖြင့်ဆိုလျှင် သူမမိခင်ကို ပစ်မှတ်ထားခဲ့ပါက သူမအသက်ကိုလည်း လွှတ်ပေးခဲ့လောက်မည်မဟုတ်ပေ။
“ယုံချင်ယုံ မယုံချင်နေ ငါသေတာနဲ့ ရှုရှန်းလန်သည် ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်၊ ပြာကျတဲ့အထိ မီးရှို့ခံရလိမ့်မယ် ကျင်းယွင်ကျောင်း၊ နင်က အရမ်းအင်အားတောင့်တယ်မှတ်လား? နင့်မှာ အရည်အချင်းရှိတယ်လို့ ကိုယ့်ကိုယ်ကိုထင်ရင် ငါ့ကိုအခုချက်ချင်းသတ်လိုက်လေ”
ရှန်ရှီသည် ဟိတ်ဟန်အပြည့်ဖြင့် ရယ်မောလိုက်သည်။
ကျင်းယွင်ကျောင်းသည် ထိုစကားကိုကြားသောအခါ အပြုံးတစ်ခုဖြင့် လျှောက်လာပြီး သူမပုခုံးကို ဓားဖြင့်ထိုးလိုက်၏။
ရှန်ရှီသည် ရုတ်ချည်းဆိုသလို မျက်လုံးများပြူးသွားသည်။ သူမ၏မျက်နှာမှာ ကြမ်းကြုတ်နေပြီး သူမခန္ဓာကိုယ်ထဲမှ သွေးများ စီးထွက်သွားသည်ကို ခံစားမိနေရသည်။ သူမသည် အစောပိုင်းက ဖြစ်ရပ်ကို မယုံကြည်နိုင်ဘဲ ပြောလိုက်သည်။
“နင်...ရှုရှန်းလန် ဘယ်မှာရှိနေလဲဆိုတာ ဂရုမစိုက်ဘူးလား?”
“ရှင်နဲ့ အချိန်အတော်ကြာကြာ ရင်ဆိုင်ခဲ့ရတော့ ရှင့်အချိုးတွေကို နားလည်နေပြီ”
ကျင်းယွင်ကျောင်းသည် ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် ဆက်ပြောလိုက်သည်။
“ကျွန်မအမေ ဟွားနင်ခရိုင်ကနေ ပြန်မလာတဲ့အကြောင်းရင်းက ရှင့်ကြောင့်ဆိုတာ ယုံကြည်တယ် ဒါပေမယ့် ရှင်သူ့ကို အသက်ရှင်ရက် ထားထားတယ်ဆိုတာတော့ ကျွန်မမယုံဘူး ပြီးတော့....သူသာ တကယ် အသက်ရှိသေးတယ်ဆိုရင် ရှင်ပိုပြီးတောင် သေသင့်သေးတယ်”
Space and Rebirth 1110
ကျင်းယွင်ကျောင်းသည် စကားပြောပြီးသည်နှင့် ရှန်ရှီ၏ပုခုံးထဲသို့ နစ်ဝင်နေသော ဓားသွားထက်ထက်ကို ဆွဲထုတ်ပြီး အေးစက်စွာ ပြောလိုက်၏။
“ပြောစမ်း သူရှင်သေးလား သေပြီလား?”
သူမသာ ယနေ့ ရှန်ရှီကို လွှတ်ပေးလိုက်ပါက ရှုရှန်းလန်အသက်ရှိနေသေးလျှင်ပင် သူမကို သွားသတ်လိမ့်မည်။ ကျင်းယွင်ကျောင်းသည် တုံးအသောသူမဟုတ်ပါပေ။
ထိုအချိန်တွင် ရှန်ရှီသည် နောက်ပစ်လဲပြီး သူမဒဏ်ရာအား လက်ဖြင့်အုပ်ကာ ဆိုဖာပေါ်တွင် အားအင်ချည့်နဲ့စွာ ထိုင်နေလေ၏၊ သူမသည် အံကိုတင်းတင်းကြိတ်ကာ ဘာမှမဆက်မပြောချေ။
ကျင်းယွင်ကျောင်းသည် အပြုံးဖျဖျကို ပြုံးလိုက်၏။ သူမတွင် အလျင်လိုစရာအကြောင်းမရှိပေ။ ရုတ်ချည်းဆိုသလို သူမသည် နေရာလွတ်နယ်မြေထဲမှ သတိမေ့နေသောရှုယုအား ဆွဲထုတ်လိုက်၏။ ရှန်ရှီသည် ရုတ်ချည်းဆန်စွာ မိမိရှေ့မှောက်တွင် လူတစ်ဦးပေါ်လာသောကြောင့် အလွန်ပင် ထိတ်လန့်အံ့အားသင့်သွားသည်။ သူမပြန်ကြည့်လိုက်သောအခါ ထိုလူမှာ ရှုယုဖြစ်နေကြောင်း မြင်လိုက်ရ၏။ သူမသည် ချက်ချင်းဆိုသလို ရှုယုအား ခုန်အုပ်ဆွဲယူရန် ကြိုးစားလိုက်သော်လည်း ကျင်းယွင်ကျောင်းသည် အလွန်တရာအေးစက်သောမျက်လုံးများဖြင့် ဆက်ပြောလိုက်သည်။
“ရှင်မပြောရင် ခံရမယ့်သူက သူပဲ”
ရှန်ရှီမျက်လုံးများ ပြူးသွားသည်။ ရှုယုသေပြီဖြစ်ကြောင်း ကျင်းယွင်ကျောင်း သေချာပြောခဲ့သည်မဟုတ်လော...
မဟုတ်ပေ။ ရှုယုသည် အဘယ်ကြောင့် သူမရှေ့တွင် ရုတ်ချည်းဆန်စွာ ပေါ်လာရသနည်း? ကျင်းယွင်ကျောင်း သူမသည်...အဘယ်သို့ လူတစ်ယောက်ကို...
ထိုအချိန်တွင် ရှန်ရှီ၏နှလုံးသားသည် အကြောက်တရားများဖြင့် ပြည့်နှက်သွားသည်။ ကျင်းယွင်ကျောင်းသည် ဒုတိယထပ်တွင် ပေါ်လာခဲ့ကြောင်း စဥ်းစားလိုက်သောအခါ ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားသည်။ သူမရှေ့မှောက်ရှိလူမှာ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ပင်။ သူမသည် အလျင်အမြန်ပင် ထွက်ပြေးရန် ကြိုးစားလိုက်သော်ငြား ဤအခိုက်အတန့်တွင် သူမ၏ဒဏ်ရာသည် ပြင်းထန်သောနာကျင်မှုကို ခံစားနေရ၏။ သွေးစိမ်းရှင်ရှင်များ ဆက်တိုက်စီးကျနေလေသည်။ အနည်းငယ်လှုပ်ရှားလျှင်ပင် ရှန်ရှီ၏တစ်ကိုယ်လုံးကို အလွန်တရာနာကျင်စေပေ၏၊
“ကျင်းယွင်ကျောင်း နင်က...ဘာကြီးလဲ?!”
ရှန်ရှီသည် ကြောက်အားသန်စွာဖြင့် ပြောလိုက်သည်။
“ရှင့်ကိုပြန်တွေးဖို့ အချိန်နည်းနည်းပေးမယ်၊ မဟုတ်ရင် ရှင့်သားရော ရှင်ရော နာကျင်ရလိမ့်မယ်၊ ရှင်လည်း တွေ့လိုက်တာပဲ ကျွန်မက လူမသိသူမသိဘဲ ရှုယုကို ပျောက်သွားအောင်လုပ်နိုင်သလို ရှင့်ကိုလည်း ဒီကမ္ဘာပေါ်ကနေ လူမသိအောင် ဖျောက်ပစ်နိုင်တယ်၊ ရှင်တို့တွေ ဘဝတစ်လျှောက်လုံး ကျွန်မထိန်းချုပ်မှုအောက်ရောက်ပြီး ဘယ်တော့မှ ခေါင်းပြန်မထောင်နိုင်အောင် လုပ်ပစ်လို့ရတယ်”
ကျင်းယွင်ကျောင်းတမင်တကာ ခြိမ်းခြောက်လိုက်၏။ သို့သော် သူမမျက်လုံးထဲရှိ ရက်စက်မှုများမူ ဟန်ဆောင်နေခြင်းမဟုတ်ပေ။
ရှန်ရှီသည် ရှုယုပေါ်ထွက်လာသော အခိုက်အတန့်ကို မြင်လိုက်သဖြင့် ကျင်းယွင်ကျောင်း၏စကားများကို အပြည့်အဝယုံကြည်လေသည်။ သူမတစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
“ရှုရှန်းလန်က...သေပြီ”
ကျင်းယွင်ကျောင်းချည်းကပ်လာသည်ကို မြင်သောအခါ ရှန်ရှီသည် ခေါင်းထဲ၌ဗလာဖြစ်သွားပြီး ကြောက်ဒူးတုန်သွား၏။ သူမသည် အလျင်အမြန်ပင် နှုတ်ကိုဖွင့်ကာ ဖြေလိုက်သည်။ သူမပြောလိုက်သည်နှင့် မိမိဘဝအဆုံးသတ်မည်ကို သိနေပေသည်။
သူမသည် ကျင်းယွင်ကျောင်း၏လျှို့ဝှက်ချက်များကို သိထားလေသည်။ သူမသာဆိုလျှင်လည်း မိမိလျှို့ဝှက်ချက်များအား သိထားသူများကို တိတ်တဆိတ်သတ်ပစ်လိုက်ပေမည်။
သူမရော ရှုယုပါ အဆုံးသတ်သွားချေပြီ။
“သူဘယ်လိုသေသွားတာလဲ? သူ့ကို ဘယ်မှာမြုပ်ထားလဲ?”
ကျင်းယွင်ကျောင်းဆက်မေးလိုက်သည်။
ရှန်ရှီသည် မျှော်လင့်ချက်မဲ့နေသဖြင့် ဆက်လက်မခုခံတော့ချေ။
“အဲ့တုန်းက...ရှုရှန်းလန်နဲ့ငါက အရမ်းရင်းနှီးခဲ့တယ် ဒါပေမယ့် သူက အပေါင်းအသင်းလည်း များတယ်လေ၊ တစ်နေ့ကျ သူကအိမ်ကို လူနာတစ်ယောက် ခေါ်လာခဲ့တယ် အဲဒီလူနာက အရင်တုန်းက ဟိုတယ်မှာ အလုပ်လုပ်ဖူးတာမို့ ရှုယွမ်ထက်နဲ့ အိပ်ခဲ့တဲ့လူက ငါမဟုတ်တဲ့အကြောင်း ရှုရှန်းလန်ကို ပြောပြခဲ့တယ်၊ နင့်အမေကလည်း တကယ်စဥ်းစားဉာဏ်မရှိတာပဲ၊ ဒီအခြေအနေကို သူ့အစ်ကိုဆီသွားရှင်းပြရမယ့်အစား ငါ့ကိုလာမေးခွန်းထုတ်တယ်၊ ငါ့ကလေးမှာ အပြစ်မရှိတာမို့ ရှုယွမ်ထက်ကို ဖြည်းဖြည်းချင်းရှင်းပြဖို့ အခွင့်အရေးပေးပါလို့ပဲ ငါသူ့ကိုပြောခဲ့တယ် အဲ့စကားကို သူတကယ်ယုံသွားတယ်လေ”
ရှန်ရှီ၏မျက်လုံးများထဲတွင် အထင်သေးဟန်များဖြင့် ပြည့်နေသည်။ သူမဘဝတွင် ရှုရှန်းလန်ကဲ့သို့ တုံးအသောအမျိုးသမီးကို တစ်ခါမှမမြင်ဖူးချေ။
“သိပ်မကြာခင်မှာ သူက လီထျန်းယီနဲ့ ခိုးရာလိုက်သွားတော့ ငါလည်း စိတ်အေးသွားတော့တယ်၊ သူက စိတ်ထားအရမ်းကောင်းပြီး သူ့အနားကလူတွေကို အရမ်းယုံကြည်တတ်တာမို့ ငါသူ့ကိုတောင်းပန်ထားသရွေ့ သူငါ့ကိုအချိန်ပေးမယ်ဆိုတာ ငါသိနေခဲ့တယ်၊ ဒါပေမယ့် သိပ်မကြာခင် သူကလေးမွေးခါနီးမှာ ရုတ်တရတ်ကြီး စိတ်ပြောင်းသွားပြီး နင့်ဦးလေးကို အခုချက်ချင်း အကုန်လုံးပြောပြဖို့ လုပ်ခိုင်းခဲ့တယ်၊ ငါဘယ်လိုလုပ်နိုင်မှာလဲ? အဲဒါနဲ့ ငါလည်း သူ့လိပ်စာကို ညာတောင်းပြီး နင့်ဦးလေး လီဝမ်ဘိုဆီ ပေးလိုက်တယ်”
“လီမိသားစုက သူတို့အိမ်ကသားကို ရှုမိသားစု မိန်းကလေးတစ်ယောက်နဲ့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး၊ ဒါကြောင့် လီဝမ်ဘိုက နင့်အဖေကို မြန်မြန်ဖမ်းပြီး အိမ်ကိုပြန်ခေါ်လာခဲ့တယ်၊ အိမ်ပြန်တဲ့လမ်းမှာ ပြသာနာတစ်ခုဖြစ်ခဲ့တယ်လို့လည်း ကြားတယ်၊ လီထျန်းယီထပ်ပြီး ထွက်မပြေးနိုင်အောင် သူ့အဖေအရင်းက လူလွှတ်ပြီး သူ့ခြေထောက်ကို ချိုးခဲ့တယ်၊ ပြီးတော့ ရှုရှန်းလန်က...နင့်ကိုမွေးခဲ့တာပေါ့၊ အဲဒါနဲ့ ငါလည်း သူ့ကိုသတ်ဖို့ လူလွှတ်ခဲ့တယ် ဒါပေမယ့် ငါမထင်ထားတာက ငါလွှတ်လိုက်တဲ့ ကြေးစားလူသတ်သမားက နင့်ကိုမသတ်ဘဲ လွှတ်ပေးလိုက်တာပဲ”
Space and Rebirth 1111
ရှန်ရှီသည် ပူဆွေးစွာဖြင့် ပြုံးလိုက်သည်။ ရှုရှန်းလန်အကြောင်း ပြန်တွေးလိုက်သောအခါ မထီလေးစားခြင်းကြောင့်လော လွမ်းဆွတ်ခြင်းလော မသိသော်ငြား သူမမျက်နှာတွင် ခံစားချက်များ ရောပြွန်းရှုပ်ထွေးနေတော့သည်။
“ကျွန်မအမေသေပြီလို့ ဘာလို့ အဲ့လောက်တောင် သေချာနေရတာလဲ? အဲ့လူသတ်သမားက ကျွန်မကိုလွှတ်ပေးလိုက်တာဆိုရင် သူ့ကိုလည်း...”
ကျင်းယွင်ကျောင်းစကားပြောရင်းတန်းလန်းဖြင့် ရှန်ရှီ ထရယ်လိုက်သည်။
“ဟာသတွေမပြောနဲ့ ငါဒီလောက်တောင် ငွေတွေအများကြီးပေးထားတာကို သူသေလား ရှင်လား မသေချာမှတော့ အဲ့လောက်ငွေကို လွယ်လွယ်ပေးလိုက်ပါ့မလား? နောက်ပိုင်း ကျင်းယိရန်နဲ့ တွေ့တဲ့အချိန်မှာ လူလွှတ်ပြီး စုံစမ်းခိုင်းခဲ့တယ်၊ အဲဒီတောင်ကုန်းပေါ်မှာ လူတစ်ယောက်ကို တကယ်မြုပ်ထားတယ်တဲ့၊ အထဲမှာတောင့် အင်္ကျီစုတ်တွေ ရှိနေသေးတယ်၊ နင့်အမေရဲ့ ပစ္စည်းတွေဆိုလည်း မမှားဘူးပေါ့”
ဤအရာကို ပြောနေရင်းဖြင့် ရှန်ရှီ၏မျက်လုံးများသည် ကြောင်ငေးသွားသည်။
သူမသည် လုပ်ရပ်မျိုးစုံကိုလုပ်ခဲ့သော်လည်း တစ်ခါမှ နောင်တမရဖူးသလို မိမိလုပ်ရပ်ကို မှားသည်ဟုလည်း မထင်ခဲ့ချေ။
သို့သော် ရှုရှန်းလန်မှာ ထိုသို့မဟုတ်ချေ။ သူမအား မလုံမလဲဖြစ်စေခဲ့သောသူဟူ၍ ရှုရှန်းလန်သာရှိခဲ့သည်။
သူမသည် သူမ၏ညီမအရင်းဖြစ်သော ရှန်တုန်းအား အန္တရာယ်ပြုခဲ့သော်ငြား ငယ်စဥ်ကတည်းကပင် ရှန်တုန်းသည် သူမထက် များစွာထူးချွန်ခဲ့၏။ သူမထက် ငယ်ရွယ်ရုံမက သူမထက်လည်း ချီးမွမ်းသံများကို ပိုရရှိခဲ့သည်။ သူမဖခင်သည် အမြဲတစေ ရှန်တုန်းအပေါ် ပိုစိတ်ပျော့တတ်၏။ ရှန်တုန်းသည် သူမ၏အချစ်၊ မိသားစုနှင့် သူမပိုင်ဆိုင်ခဲ့သမျှအရာအားလုံးကို လုယူခဲ့သောသူဖြစ်လေသည်။ ထို့ကြောင့် ရှန်တုန်းသေလျှင်ပင် သူမဝမ်းနည်းစိတ်ရှိမည်မဟုတ်ပေ။
သို့သော် ရှုရှန်းလန်မှာ ရိုးသားဖြူစင်သော အမျိုးသမီးတစ်ဦးဖြစ်၏။
ထိုနှစ်က သူမသည် ရှုမိသားစုထဲသို့ ကြောင့်ကြမှုများဖြင့် ဝင်ရောက်ခဲ့ရသည်။ သူမသည် ရှုမိသားစုအိမ်တွင် အရာအားလုံးကို အလွန်ကြောက်ရွံ့ခဲ့ရ၏။ အစေခံများမှ သူမအား ကောင်းစားသွားသော တောသူမတစ်ဦးအနေဖြင့် ဆက်ဆံမည်ကို ကြောက်သည်။ အပြင်လူများက သူမအား လက်ညှိုးဝိုင်းထိုးမည်ကို ကြောက်သည်။ ထိုသူဌေးကတော်များက သူမအား အထင်အမြင်သေးမည်ကို ကြောက်နေခဲ့သည်။
ရှုယွမ်ထက်မှာ နှလုံးသားအေးစက်သော ယောက်ျားတစ်ဦးဖြစ်၏။ သူမအတွက် ခံစားချက်မရှိပါပေ။ သူမကို အဘယ်သို့ကူညီနိုင်မည်နည်း? သူမကို ကူညီခဲ့သောသူဟူ၍ ရှုရှန်းလန်သာရှိခဲ့သည်။ ရှုရှန်းလန်သည် သူမအား အထက်တန်းလွှာအသိုင်းအဝိုင်း၏ ယဥ်ကျေးမှုများကို သင်ကြားပေးပြီး သူမစိတ်အား အေးချမ်းစေခဲ့သည်။ အချိန်အတော်ကြာ သူမသည် ရှုရှန်းလန်အား မိမိသူငယ်ချင်းတစ်ဦး၊ မိမိညီအစ်မတစ်ဦးအနေဖြင့် ဆက်ဆံခဲ့လေသည်။ ကံမကောင်းစွာဖြင့် ဤတုံးအလှသောအမျိုးသမီးပင်လျှင် အဆုံး၌ သူမအား သစ္စာဖောက်ခဲ့ပေ၏။
“နင့်အမေက အရမ်းစိတ်ထားနူးညံ့လွန်းခဲ့တယ်၊ သူက ငါ့လက်ထဲမှာ မသေရင်တောင် ဒီလောကမှာ ကြာကြာအသက်ရှင်ခဲ့မှာမဟုတ်ဘူး”
ရှန်ရှီသည် တိုးဖွစွာပြောလိုက်၏။
“တစ်ခါတစ်လေ နင်က တကယ်ပဲ ရှုရှန်းလန်ရဲ့သမီးလားလို့ ငါစဥ်းစားမိတယ်၊ သူနဲ့ အရမ်းရုပ်ဆင်ပေမယ့် ဘာလို့ နင်တို့စရိုက်တွေက အဲ့လောက်ကွာနေရတာလဲ?”
ရှုရှန်းလန်သည် သမားရိုးကျ ရိုးရာထိန်းသိမ်းသော အမျိုးသမီးတစ်ဦးဖြစ်၏။ သူမသည် နူးညံ့သိမ်မွေ့ကာ ဣန္ဒြေနှင့်ပြည့်စုံပေသည်။ နတ်ဘုရားများသည် သူမနှင့်ပတ်သတ်လာလျှင် ကောင်းကြီးများစွာ ချပေးသနားခဲ့၏။ သူမဘဝ၏ ပထမတစ်ဝက်သည် ကောင်းခြင်းအဖြာဖြာဖြင့်သာ ပြည့်ဝနေခဲ့သည်။
သူမမိဘများသည် သူမအပေါ် အလိုလိုက်ပေးပြီး သူမအစ်ကိုများကလည်း သူမအပေါ် ချစ်ခင်ရုံမက သူမနှစ်သက်သော ယောက်ျားကလည်း သူမအတွက် မိမိ၏ မိသားစုကိုပင် စွန့်ခွာခဲ့လေသည်။ ထိုမျှဖြင့် မလုံလောက်သေးသလော?
မိမိ ရှန်ရှီတွင်သာ ထိုသို့သောအတိတ်မျိုးကို ပိုင်ဆိုင်ခဲ့ရလျှင် ဤသို့အဆုံးသတ်မည်မဟုတ်ချေ။
“ကျွန်မက ကျွန်မအမေလိုမျိုး လူတွေကို လွယ်လွယ်ယုံကြည်မှာမဟုတ်ဘူး၊ ကိုယ်မွေးတဲ့ မျောက်က ကိုယ့်ကိုပြန်ခြောက်တဲ့ အဖြစ်မျိုး အဖြစ်မခံနိုင်ဘူး”
ကျင်းယွင်ကျောင်းသည် အေးစက်စွာပြောလိုက်သည်။ ထို့နောက် နောက်ဆုံးအနေဖြင့် သူမမေးလိုက်၏။
“သူ့ကိုဘယ်မှာမြုပ်ထားတာလဲ?”
“အဲဒီမြို့ရဲ့ တောင်ကုန်းလေးတစ်ခုပေါ်မှာဆိုတာပဲ ငါသိတယ်၊ ငါသူ့ကိုမြုပ်တုန်းက သူ့ကိုမြုပ်တဲ့နေရာကို အမှတ်အသားလုပ်ပေးဖို့ လူတွေကို ခိုင်းထားတယ်၊ ဒါကြောင့်မို့ သူ့အုတ်ဂူ အနီးအနားက သစ်ပင်တွေပေါ်မှာ ‘လန်’ ဆိုတဲ့စကားလုံးကို ထွင်းထားလိမ့်မယ်၊ နေရာရှာတွေ့ရင် မြေကြီးအောက် သုံးမီတာလောက်တူးလိုက်ရင်ရပြီ”
ရှန်ရှီသည် ရုန်းကန်ခြင်းကို ရပ်ပြီး အားအင်ချည့်နဲ့စွာ ပြောလိုက်သည်။
သူမစကားပြောပြီးနောက် ကျင်းယွင်ကျောင်းသည် လက်ကိုမြှောက်ကာ သူမ၏လည်ပင်းကို ဓားဖြင့် တစ်ခါတည်းလှီးချလိုက်၏။
“ရှင်သေရင် သူကလူသတ်သမားဖြစ်လာလိမ့်မယ်”
ရန်ငြိုးအဟောင်းနှင့် ရန်ငြိုးအသစ်များအားလုံးကို လက်စားချေရပေမည်။
ရှန်ရှီကြောင့်သာမဟုတ်ခဲ့လျှင် သူမသည် နှစ်ပေါင်းများစွာတိုင်အောင် တစ်ယောက်တည်း လေလွင့်သောဘဝဖြင့် အသက်မရှင်ခဲ့ရလောက်ပေ။ သူမ၏ယခင်ဘဝတွင်လည်း မိမိ၏မိဘအရင်းများကိုပင် မသိလိုက်ဘဲ သေခဲ့ရမည်မဟုတ်။
ရှန်ရှီ၏မျက်ဆံများ ပြူးကျယ်သွားသည်။ သူမသည် လက်မခံလိုက်သောမျက်နှာဖြင့် ရှုယုအား ကြည့်လိုက်၏။ သို့ရာတွင် သွေးများပန်းထွက်လာပြီဖြစ်၍ ကျင်းယွင်ကျောင်းကို တားနိုင်စရာအကြောင်းမရှိတော့ချေ။
သွေးများသည် မြေပြင်အနှံ့ ဖုံးလွှမ်းနေသော်လည်း ကျင်းယွင်ကျောင်းကိုယ်ပေါ်တွင် ထိုသွေးတစ်စက်မှမရှိချေ။ မကြာမီတွင် ရှန်ရှီသည် အသက်ရှူရပ်တန့်သွား၏။ ကျင်းယွင်ကျောင်းသည် သူမအလောင်းကိုကြည့်ကာ ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် သစ်သီးဓားကို ရှုယုလက်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် သူမသည် ငွေအပ်တစ်ချောင်းကိုထုတ်၍ ရှုယုခေါင်းပေါ်ရှိ အကြောမှတ်အချို့သို့ ထိုးစိုက်ခဲ့ကာ ထွက်သွားတော့သည်။
ရှုယုသည် ကျင်းယွင်ကျောင်းထွက်သွားပြီး ဆယ်မိနစ်အကြာတွင် နိုးထလာခဲ့၏။ သို့ရာတွင် သူမျက်လုံးများကို ဖွင့်လိုက်သည်နှင့် အနည်းငယ်လေးတွဲနေခဲ့လေသည်။
သူ၏ခြေထောက်များကို လှုပ်မရသဖြင့် သူသည် ထိုသွေးအိုင်ထဲတွင် သစ်သီးဓားကိုကိုင်ကာ ငူငူကြီး ထိုင်နေရလေ၏။ နောက်တစ်နေ့မှသာ ရှန်ရှီသည် ရှုယုအား ဖွက်ထားသည်ဟု ရဲများကသတင်းရသဖြင့် လာရှာကြတော့သည်။
Space and Rebirth 1112
အိမ်ထဲတွင် ရှန်ရှီ၏ခန္ဓာကိုယ်သည် အောက်သိုးသိုးအနံ့တစ်ခု ထွက်နေချေပြီ။ ရှုယုမှာ ဗိုက်ဆာသောဒဏ်ကြောင့် သတိမေ့နေ၏။ ထိုမြင်ကွင်းကြောင့် အိမ်ထဲသို့ဝင်ရှာကြသော ရဲများ ထိတ်လန့်အံ့အားသင့်သွားတော့သည်။
သို့ရာတွင် သူတို့သည် ရှုယုအား ထိုနေရာတွင်ပင် ဖမ်းဆီးနိုင်ခဲ့သည်။ လူတိုင်းသည် ထိုမှသာ သက်မချလိုက်နိုင်တော့၏။
စိတ်မကောင်းစွာဖြင့် ဤလူသည် ဦးနှောက်မရှိသောလူဖြစ်သည်။ သူ့ထံမှ မည်သည့်မေးခွန်းကိုမှ မေးမရချေ။ အဆုံးတွင် ရှုယွမ်ထက်သည် သူ့အား စိတ်ရောဂါကုဆေးရုံသို့ ပို့ပြီး သီးသန့်ထားရန်အတွက် ဆုံးဖြတ်ချက်ချလိုက်တော့၏။ သူသည် သားဖြစ်သူ၏အသက်ကို ငဲ့ညှာပေးခဲ့လေသည်။
ရှုယုသည် နှစ်ပေါင်းများစွာ မကောင်းသောလုပ်ရပ်များစွာကို လုပ်ခဲ့၏။ ကျင်းယွင်ကျောင်းအမြင်အရ သူနှင့်ထိုက်တန်သော ပြစ်ဒဏ်ကို ရရှိသွားခြင်းဖြစ်သည်။
ကျင်းယွင်ကျောင်းသည် မိမိအမေအရင်းဖြစ်သူ၏ တည်နေရာကို သိပြီဖြစ်သော်လည်း မိသားစုဝင်များကို မပြောရဲသေးချေ။ နှစ်ပေါင်းများစွာကြာပြီးနောက် သူမ၏မိခင်သည် ဆေးကုသမှုခံယူပြီး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့သည်။ ကျင်းယွင်ကျောင်း၏အဘိုး အဘွားများနှင့် ဦးလေးများမှာ သူမသည် ယန်နယ်၏ထောင့်တစ်နေရာတွင် အေးချမ်းစွာ အသက်ရှင်နေသည်ဟုသာ စိတ်ကူးယဥ်နိုင်ပေသည်။ သူမမိခင်သည် အမှန်တကယ် ကွယ်လွန်သွားကြောင်း သူတို့ကို ပြောပြလိုက်လျှင် သူတို့သည် အမှန်တရားကို လက်ခံနိုင်လောက်မည်လော သူမမသိချေ။
အထူးသဖြင့် အဘိုးရှုအတွက် ဤသည်မှာ နှလုံးဖောက်စေနိုင်သော အမှန်တရားဖြစ်၏။
မိမိ၏သမီးဖြစ်သူမှာ ကွယ်လွန်သွားနိုင်ချေရှိကြောင်း စိတ်ထဲတွင် သိထားကြသော်လည်း မိမိတို့မျက်လုံးဖြင့် သူမအား တောတစ်နေရာမှ တူးဖော်နေသည်ကို မြင်ရသည်က ပိုဆိုးပေလိမ့်မည်။ သို့ရာတွင် သူမအလောင်းကိုမူ ရွှေ့ရပေမည်။
ကျင်းယွင်ကျောင်းသည် ရက်ပိုင်းခန့် တွေးကြည့်ပြီးနောက် ခွင့်ယူလိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမကိုယ်တိုင် ဟွားနင်ခရိုင်သို့ ပြန်သွားလေသည်။
သူမသည် တစ်ပတ်လျှင် ရှုမိသားစုနှင့် ၃-၄ ရက်မျှ နေလေ့ရှိ၏။ သူမသည် ရုတ်ချည်းဆန်စွာ ဟွားနင်ခရိုင်သို့ ပြန်လိမ့်မည်ဟု ရှုယွမ်ထက်နှင့် အခြားသူများ မထင်မှတ်ထားခဲ့ကြချေ။
“ဘာလို့ပြန်ချင်တာလဲ? အဘိုးကန်လည်း မကြာသေးခင်က ဒီကိုရောက်လာပြီမှတ်လား?”
ရှုယွမ်ထက်သည် အလွန်ပင် ဇဝေဇဝါဖြစ်နေ၏။
ယုတ္တိရှိရှိပြောရလျှင် အကြီးအကဲကန်၏မိသားစုအပြင် ဟွားနင်ခရိုင်၌ သူမနှင့် ရင်းနှီးသောသူ မကျန်ရစ်တော့ချေ။
“သမီးစိုက်ထားတဲ့ သီးပင်စားပင်တွေကို ပြန်ကြည့်ချင်လို့ပါ၊ စိတ်မပူပါနဲ့ မကြာခင်ပြန်လာခဲ့မယ်နော်”
ကျင်းယွင်ကျောင်းသည် အေးအေးလူလူဖြင့် လိမ်လိုက်သည်။
“အတူလိုက်ခဲ့မယ်...”
ရှုဝမ်ချန်းသည် ချက်ချင်းဆိုသလို ထပြောလိုက်သည်။
“မလို...”
သူမငြင်းဆန်ရန် လုပ်နေဆဲတွင် ကျင်းယွင်ကျောင်းသည် သူမဦးလေးငယ်ကိုကြည့်ပြီး ခေတ္တမျှတွေးကာ ပြောလိုက်၏။
“ဦးလေးငယ်...သမီးနဲ့လိုက်ချင်ရင် လိုက်ခဲ့လေ”
သူမမိခင်၏ သေဆုံးမှုသတင်းအား မိသားစုဝင်တိုင်းဆီမှ ဖုံးကွယ်ထားရသည်ကို တွေးကြည့်မိလိုက်သောအခါ သူသည် စိတ်ထဲ၌ အနည်းငယ်မသိုးမသန့်ဖြစ်မိသည်။ သေချာစဥ်းစားကြည့်လိုက်သောအခါ မိမိဦးလေးအငယ်ဖြစ်သူကို ပြောပြလိုက်လျှင် စိတ်နည်းနည်းပေါ့သွားချေမည်။
သူမမိခင်ထွက်သွားစဥ်က ဦးလေးအငယ်သည် အသက်သိပ်မကြီးသေးပေ။ အဘိုးနှင့် ဦးလေးအကြီးတို့နှင့် ယှဥ်လိုက်လျှင် သူမမိခင်နှင့် ဦးလေးအငယ်တို့ကြားမှ ဆက်ဆံရေးသည် သိပ်မနက်ရှိုင်းလှဟု ပြောနိုင်သည်။
ရှုဝမ်ချန်းသည် ကျင်းယွင်ကျောင်းစိတ်ပြောင်းသွားသည်ကို ကြားလိုက်ရသောအခါ အလွန်ပင် စိတ်ကြည်လင်သွားသည်။
“ငါတို့ရှောင်ကျောင်း ကြီးလာတဲ့နေရာကို သေချာကြည့်လို့ရပြီကွ၊ ဒါနဲ့ လီမိသားစုက ဟိုကောင်လေးကို မပြောရသေးဘူးမှတ်လား?”
“မပြောရသေးပါဘူး...”
သူမပြောတော့ ပြောချင်ခဲ့ပေသည်။
“ပြောစရာမလိုပါဘူး ဦးလေးတစ်ယောက်လုံး လိုက်နေမှတော့ သူ့ကို လိုသေးဦးမလား?”
ရှုဝမ်ချန်း၏နှုတ်ခမ်းစွန်းများ အပေါ်သို့ကွေးညွှတ်သွားပြီး အလွန်ပင်ဂုဏ်ယူနေဟန်ရှိလေသည်။
သူမဦးလေးအငယ်သည် တစ်နေ့ထက်တစ်နေ့ ပို၍ကလေးဆန်လာသည်ဟု ကျင်းယွင်ကျောင်းသတိထားမိသည်။ သူ့အား ပထမဆုံးမြင်ခဲ့သောအချိန်ကို သူမပြန်တွေးကြည့်လိုက်သောအခါ သူမသည် အနည်းငယ်အံ့အားသင့်နေခဲ့ပြီး မိမိဦးလေးအငယ်ဖြစ်သူမှာ ဟိတ်ဟန်ကြီး၍ သြဇာပြင်းလှသည်ဟု ခံစားမိခဲ့ပေသည်။ သို့သော် လူနောက်ကွယ်တွင် သူသည် အမှန်တကယ်ပင်...အပြင်လူများသာ ဤပုံစံကို မြင်ပါက သူ့အား မတူညီသောလူနှစ်ဦးဟု ထင်ကြပေမည်။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် အနည်းငယ်ရှက်မိ၏။ သူမသည် မြို့တော်ထဲမှထွက်ပြီး မိခင်ဖြစ်သူ၏ အုတ်ဂူကိုရွှေ့ရန် စီစဥ်နေခြင်းဖြစ်သည်။ ရက်ပိုင်းခန့် အချိန်ယူရလောက်မည်။ လီရှောက်ယွင်သာ သိလျှင် သူမအား အဖော်ပြုလိုက်ပါပေးလိမ့်မည်။ သူ့အား မပြောလျှင်လည်း...နောက်ဆက်တွဲအကျိုးဆက်များမှာ မကောင်းနိုင်ချေ။
သို့သော် ယခုတွင် မိမိဦးလေးအငယ်ဖြစ်သူ၏ စိတ်အားထက်သန်သောအကြည့်များကို မြင်လိုက်ရသောအခါ သူမပြောမည့်စကားများကို ပြန်မြိုချလိုက်တော့၏။
သူမသည် နယ်ပြန်ရောက်သည်နှင့် ဦးလေးအငယ်အား တိုးတိုးတိတ်တိတ်ပြောပြပေမည်။ သူသိသွားလျှင် လီရှောက်ယွင်အား သဝန်တိုရန် အချိန်မရှိလောက်တော့ချေ။
ကျင်းယွင်ကျောင်းသည် မိသားစုကို ကြိုအသိပေးပြီး နောက်တစ်နေ့တွင် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်တော့သည်။