အခန်း (၁၄၀၇-၁၄၀၈)
Vol. 141 Ch. 1407-1408
အခန်း (၁၄၀၇) - နတ်ဘုရားဝိညာဥ်
“သေပြီးမှ ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းရမယ် အဲဒါက ဘယ်လိုမျိုးလဲ... ပြီးတော့ ဟိုယင်မိစ္ဆာတွေရယ်၊ မိစ္ဆာသန့်စင်မျှော်စင်ရယ်ကရော...”
လင်းယွမ်မှာ မျက်နှာတစ်ခုလုံး ဝေခွဲမရသည့် ဟန်ပန်များဖြင့် ပြည့်နှက်နေသည်။
ရုတ်တရက်ဆိုသလို သူ မကြားဖူးနားမဝသည့် ကိစ္စရပ်များစွာ ပေါ်ပေါက်လာခြင်းဖြစ်သည်။
အကယ်၍သာ ကျွယ်မင်ကျင့်ကြံသူ ဖြစ်မလာခဲ့လျှင်၊ သို့မဟုတ် ကံကောင်းထောက်မစွာဖြင့် ကျွယ်မင်ကြယ်တာရာသို့ ရောက်မလာခဲ့လျှင် ထိုကဲ့သို့သော အကြောင်းအရာများကို သိခွင့်ရရန် မည်သို့မျှ အခွင့်အရေးရှိမည်မဟုတ်ပေ။
“မင်းကလည်း မေးခွန်းတွေ တော်တော်များတာပဲ ”
နန်မင်ရှောက်ကျဲက ခပ်အေးအေးပင် ဆိုသည်
“ယင်လောကမှာလည်း ကျင့်ကြံလို့ရတာပေါ့၊ သေသွားရင် အားလုံးပြီးသွားပြီလို့ မထင်နဲ့။ ဒါပေမဲ့ ငါတို့လို ကျွယ်မင်ကျင့်ကြံသူတွေက အမာခံတပည့်တွေနဲ့ မတူဘူး။ ငါတို့ သေသွားရင် အစကနေ ပြန်စရမယ်။ လူ့ဘဝတုန်းက အတွေ့အကြုံတွေ၊ အဆက်အသွယ်တွေ၊ အရင်းအမြစ်တွေ ရှိနေတော့ ကျင့်ကြံရတာ လွယ်ကူတယ်ဆိုပေမဲ့ အခြေကျဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ ပေးရတာပေါ့ ”
“ဒီလမ်းစဉ်ကို ကျွယ်မင် ယင်လောကမှာတော့ နတ်ဘုရားဝိညာဥ် လို့ ခေါ်ကြတယ်။ မင်းတို့ စိတ်ကူးထဲက နတ်ဘုရားလမ်းစဉ်တွေနဲ့ သဘောတရားချင်း ဆင်တူပါတယ် ”
စကားပြောလာသူမှာ နန်မင်ရှောက်ကျဲ၏ မိတ်ဆွေ တုရုဖုန်း ဖြစ်သည်။
သူသည်လည်း ကျွယ်မင်ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး နောက်ခံရော ပါရမီပါ မညံ့လှသဖြင့် ကျွယ်မင်ကြယ်တာရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
တုရုဖုန်းက လင်းယွမ်ကို တစ်ချက်ကြည့်ကာ ဆိုသည်
“တစ်ခုတည်းသော ကွာခြားချက်ကတော့ ငါတို့က သေပြီးမှ အစက ပြန်စရတာဖြစ်ပြီး အမာခံတပည့်တွေကတော့ အသက်ရှင်နေစဉ်မှာတင် နတ်ဘုရား ဝိညာဥ်လမ်းစဉ်ကို တိုက်ရိုက် လျှောက်လှမ်းနိုင်တာပဲ ”
“ဘာတွေလဲဗျာ...”
လင်းယွမ်တို့မှာ နားထောင်လေလေ ပို၍ ဇဝေဇဝါ ဖြစ်လေလေပင်။
ဖန့်ချန်ကမူ သူတို့၏ စကားများထဲမှ အဓိက အချက်အလက်များကို ခွဲထုတ်၍ မှတ်သားနေသည်။
နတ်ဘုရားဝိညာဥ် လမ်းစဉ်
ယင်လောကရဲ့ နတ်ဘုရားအစစ်အမှန်တွေလား
တစ်ဖက်လူ ပြောပုံအရဆိုလျှင် ကျွယ်မင် ယင်လောကသည်လည်း ဘွဲ့နှင်းသပ်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသည့် ပုံစံမျိုး ဖြစ်နေသည်။
သို့မဟုတ်လျှင် နတ်ဘုရားဝိညာဥ် လမ်းစဉ်ဆိုသည်မှာ ကျွယ်မင် ယင်လောကက မိမိဘာသာ ရှာဖွေဖော်ထုတ်ထားသည့် ယင်လောက နတ်ဘုရားအစစ်အမှန်များနှင့် ဆင်တူသော လမ်းစဉ်တစ်ခုလော
“ရှောက်ကျဲ မိတ်ဆွေ... ဒီ နတ်ဘုရားဝိညာဥ် လမ်းစဉ်အကြောင်းကို အသေးစိတ်လေး သိခွင့်ရှိမလားဗျ ”
ဖန့်ချန်က လက်ယှက်နှုတ်ဆက်ကာ မေးမြန်းလိုက်သည်။
“နောက်ကျရင်လည်း မင်းသိလာမှာပါ၊ မင်းနားထောင်ချင်တယ်ဆိုရင်တော့ ငါပြောပြပါ့မယ်။ ဒါပေမဲ့ ဒါက အခုလောလောဆယ် ငါတို့အတွက်တော့ သိပ်ပြီး အရေးမကြီးလှပါဘူး ”
နန်မင်ရှောက်ကျဲက ပြုံးလျက် ဆိုသည်
“နတ်ဘုရားဝိညာဥ် လမ်းစဉ်ဆိုတာ လေလွင့်ဝိညာဉ်တွေ လျှောက်လှမ်းတဲ့ လမ်းစဉ်ပေါ့။ အခု ကျွယ်မင် ယင်လောကမှာ ဒီလမ်းစဉ်ကို အဆင့် ၇ အထိ ရောက်နေတဲ့သူတွေလည်း မနည်းဘူး။ သူတို့က နတ်ဘုရားဝိညာဥ် လမ်းစဉ်ကို လျှောက်နေကြတာဆိုပေမဲ့ တကယ်တမ်းကျတော့ သူတို့ အသက်ရှင်နေတဲ့ သက်တမ်းက ငါတို့ စိတ်ကူးထားတာထက် အများကြီး ပိုပါတယ်"
"သူတို့ထဲက အတော်များများက အရင်တုန်းက အမာခံတပည့်ဟောင်းတွေ၊ ဒါမှမဟုတ် အကြီးအကဲဟောင်းတွေ ဖြစ်ကြတာ။ ဒါကြောင့် နောက်ကျလို့ မင်းတို့ သူတို့နဲ့ တွေ့ရတဲ့အခါမျိုး ရှိရင် အမှားအယွင်း မလုပ်မိဖို့နဲ့ အရိုအသေပေးဖို့ မမေ့နဲ့ဦး ”
လင်းယွမ်တို့အဖွဲ့မှာ အသက်ရှူရပ်မတတ် အံ့သြသွားကြသည်။
“လူ့လောကက နတ်ဘုရားလမ်းစဉ်တွေလိုပဲ၊ အဆင့် ၁ ကို ရောက်ရင် နတ်ဆေးပင် မှီဝဲရတယ်။ ဒါပေမဲ့ နတ်ဘုရားဝိညာဥ် လမ်းစဉ်အတွက် နတ်ဆေးပင် က ယင်လောကမှာပဲ ရှိတာ၊ လူ့လောကမှာ ရှာလို့မရဘူး ”
နန်မင်ရှောက်ကျဲက ဆက်ပြောသည်
“ခုနက တုအစ်ကို ပြောသလိုပဲ ငါတို့နဲ့ အမာခံတပည့်တွေ မတူတဲ့အချက်က သူတို့ဟာ အသက်ရှင်နေစဉ်မှာတင် ဝိညာဉ်နတ်ဘုရား လမ်းစဉ်ကို လျှောက်လို့ရတာပဲ။ လူ့လောက နတ်ဘုရားလမ်းစဉ်နဲ့ ဝိညာဉ်နတ်ဘုရား လမ်းစဉ်က တစ်ခုနဲ့တစ်ခု ဆန့်ကျင်တိုက်ခိုက်တာမျိုး မရှိဘဲ အပြန်အလှန် အထောက်အကူတောင် ဖြစ်စေသေးတယ်။ အချို့ အမာခံတပည့်တွေကို ကြည့်ရင် လူ့လောကမှာ အဆင့် ၃ နတ်ဘုရားအဆင့်ပဲ ရှိတယ်ဆိုပေမဲ့ ယင်လောကမှာတော့ အဆင့် ၅ နတ်ဘုရားဝိညာဥ် ကျင့်ကြံမှု ရှိနေတာမျိုးတွေ ရှိတတ်တယ် ”
ခေတ္တမျှ ရပ်နားပြီးနောက် နန်မင်ရှောက်ကျဲက တစ်မျိုးပြုံးလျက်
“ငါ့ရဲ့ အမျိုးအစ်ကိုဆိုရင် ဒီလမ်းစဉ်မှာ တော်တော်လေး ကျွမ်းကျင်တယ်။ သူ့ရဲ့ နတ်ဘုရားဝိညာဥ် ကျင့်ကြံမှုက အမာခံတပည့်တွေထဲက စီနီယာအစ်မကြီးထက်တောင် မနိမ့်ဘူး ”
“ရှောက်ကျဲအစ်ကို... ဒီတစ်ခေါက် ကျုပ်တို့ နန်မင်စီနီယာနဲ့ တွေ့ခွင့်ရနိုင်မလားဗျ ”
တုရုဖုန်းတို့၏ မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် တောက်ပလာကြသည်။
“သူလာမယ်ဆိုရင်တောင် ငါ့ကို လာရှာမှာ မဟုတ်ဘူး၊ မင်းတို့ တွေ့ခွင့်ရဖို့ဆိုတာကတော့ ပိုဝေးတာပေါ့ ”
နန်မင်ရှောက်ကျဲ၏ မျက်နှာမှာ အနည်းငယ် ညှိုးငယ်သွားသည်။
“ရှောက်ကျဲ မိတ်ဆွေ... ဒီ နတ်ဘုရားဝိညာဥ် လမ်းစဉ်က ဘယ်လို ထူးခြားချက်တွေ ရှိလို့လဲဗျ ”
ဖန့်ချန်က ထူးဆန်းဟန်ဖြင့် မေးလိုက်သည်
“အကယ်၍ လူတစ်ယောက်က လမ်းစဉ်နှစ်ခုကို လျှောက်မယ်ဆိုရင် လိုအပ်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေက နှစ်ဆ ဖြစ်သွားမှာပေါ့။ ထူးခြားတဲ့ အကျိုးကျေးဇူး မရှိဘူးဆိုရင် ဒါက ကျုပ်တို့အတွက် သိပ်ပြီး ကောင်းမွန်တဲ့ ရွေးချယ်မှု မဟုတ်သလိုပဲ ”
“ဖန့်ချန် မိတ်ဆွေက အမြင်စူးရှသားပဲ ”
နန်မင်ရှောက်ကျဲက ခေါင်းငြိမ့်ပြသည်
“မှန်ပါတယ်၊ လမ်းစဉ်နှစ်ခုလုံးကို လျှောက်တာက လမ်းစဉ်နှစ်ခုလုံးမှာ သာမန်ကာလျှံကာပဲ ဖြစ်သွားစေနိုင်တယ်။ အမာခံတပည့်တွေထဲမှာလည်း ဒီလိုမျိုးတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဖန့်ချန် မိတ်ဆွေ သိထားရမှာက... တကယ်လို့ သာ အဆုံးမရှိတဲ့ ယင်သက်တမ်းရှိမယ်ဆိုရင် ယင်လောကမှာ တကယ်ပဲ ထာဝရအသက် ကို ရနိုင်တာပဲ"
"ဒီအချက် တစ်ခုတည်းနဲ့တင် လူပေါင်းများစွာက နတ်ဘုရားဝိညာဥ် လမ်းစဉ်နောက်ကို အရူးအမူး လိုက်နေကြတာ။ နတ်ဘုရားဝိညာဥ် လမ်းစဉ်အတွက် နတ်ဆေးပင် ကို လုယူဖို့ အထက်ပိုင်းနယ်မြေ သုံးခုက ယင်လောက အသီးသီးဟာ နှစ်ပေါင်း ဘယ်လောက်ကြာအောင် တိုက်ခိုက်နေကြတယ်ဆိုတာ မသိနိုင်တော့ဘူး ”
ဆက်လက်၍ သူက
“ဒါ့အပြင် နတ်ဘုရားဝိညာဥ် ဖြစ်သွားရင် ရုပ်ခန္ဓာ မရှိတော့ရင်တောင် လူ့လောကနဲ့ ယင်လောကကြားကို အလွယ်တကူ ကူးသန်းသွားလာနိုင်တယ် ”
လင်းယွမ်တို့အဖွဲ့မှာ နတ်ဘုရားဝိညာဥ် က ထာဝရအသက် ရနိုင်သည်ဟူသော အချက်နှင့် လူ့လောက၊ ယင်လောကကြား အလွယ်တကူ ကူးသန်းနိုင်သည်ဟူသော စကားများကြောင့် အံ့သြတုန်လှုပ်သွားကြပြီး ဦးနှောက်မှာ ခဏမျှ ဗလာဖြစ်သွားရသည်။
သူတို့ ကျင့်ကြံခြင်းကို စတင်ခဲ့စဉ်က တောင်းတခဲ့သည်မှာ ထာဝရအသက်နှင့် လွတ်လပ်စွာ အသက်ရှင်ရန် မဟုတ်ပါလော
အကယ်၍ နတ်ဘုရားဝိညာဥ် ကျင့်ကြံခြင်းက ထာဝရအသက် ပေးနိုင်မည်ဆိုလျှင်
အလင်းနှင့် အမှောင် နှစ်လောကလုံးကို စိတ်ကြိုက် သွားလာနိုင်မည်ဆိုလျှင်
ဖန့်ချန်ကမူ သူတို့ပြောသော နတ်ဘုရားဝိညာဥ် ဆိုသည်မှာ ယင်လောက နတ်ဘုရားအစစ်အမှန်များ ဖြစ်နိုင်သည်ဟု သေချာသလောက် ရှိနေပြီဖြစ်သော်လည်း နန်မင်ရှောက်ကျဲ၏ စကားများထဲတွင် ထူးဆန်းသောအချက် တစ်ခုကို သတိပြုမိလိုက်သည်။
နတ်ဘုရားဝိညာဥ် က နတ်ဆေးပင် မှီဝဲရမည်လား
ယင်လောက နတ်ဘုရားအစစ်အမှန်များမှာမူ နတ်ဆေးပင် မှီဝဲရန် မလိုချေ။
ဤအချက်မှာ ထိုနှစ်ခုကြားက အခြေခံကျသော ခြားနားချက်ပင်။
သို့သော် အခြားသော အချက်များမှာ များစွာ ဆင်တူနေသဖြင့် ထိုနှစ်ခုကြားက ကွာခြားချက်ကို သိနိုင်ရန်အတွက် ကိုယ်တိုင်တွေ့မြင်မှသာ ရပေလိမ့်မည်။
“ဒါကြောင့် တခြားသူတွေထက် သာချင်ရင် အကောင်းဆုံးနည်းလမ်းက အမာခံတပည့် ဖြစ်အောင်လုပ်ဖို့ပဲ။ အမာခံတပည့် ဖြစ်သွားရင် နတ်ဆေးပင် မှီဝဲပြီး နတ်ဘုရားဝိညာဥ် လမ်းစဉ်ကို လျှောက်လှမ်းခွင့် ရပြီလေ ”
နန်မင်ရှောက်ကျဲက ပြုံးလျက် ဆိုသည်။
စကားပြောနေကြစဉ်မှာပင် သူတို့သည် ကျွယ်မင် ယင်လောကမှ ထွက်ခွာလာခဲ့ကြပြီး တောင်ဘက်အရပ်သို့ ဦးတည် လျှောက်လှမ်းနေကြသည်။
ကျွယ်မင် ယင်လောကသည် ဤနေရာရှိ လေလွင့်ဝိညာဉ်များ၏ လွတ်လပ်ခွင့်ကို ကန့်သတ်ထားပုံမရပေ။
အပြင်ဘက်တွင်လည်း အိမ်ခြေများစွာ ရှိနေပြီး ဝိညာဉ်များစွာ နေထိုင်နေကြသည်ကို တွေ့ရသည်။
“ရှောက်ကျဲ မိတ်ဆွေ... မင်း အရင်က ပြောခဲ့တဲ့ မိစ္ဆာသန့်စင်မျှော်စင် ဆိုတာကရော ဘယ်လိုမျိုးလဲအရင်က ကျုပ် အောက်နယ်မြေမှာ ယင်လောကဆင်းတုန်းက ကြားဖူးတာတော့... အဲဒီ ယင်မိစ္ဆာတွေဆိုတာ တကယ်တော့ သာမန် လေလွင့်ဝိညာဉ်တွေကနေ ယင်သက်တမ်းတွေကို အလွန်အကျွံ လုယူစားသုံးမိရာကနေ ပြောင်းလဲသွားတာလို့ ဆိုကြတယ်။ ဒီ ယင်မိစ္ဆာတွေကို တကယ်ပဲ သန့်စင်ပစ်လို့ ရတာလား ”
ဖန့်ချန်က မေးလိုက်သည်။
“အသေးစိတ်ကိုတော့ ငါလည်း မသိဘူး။ မိစ္ဆာသန့်စင်မျှော်စင်ရဲ့ ဗဟိုချက်ကို ရဖို့က မလွယ်ဘူးဆိုတာပဲ သိတယ်။ အသွေးသားနန်းတော် တို့၊ ထိုက်ယီမသေမျိုးဂိုဏ်း တို့လို အဖွဲ့အစည်းတွေမှာလည်း မိစ္ဆာသန့်စင်မျှော်စင် တစ်ခုစီ ရှိကြတယ် ”
နန်မင်ရှောက်ကျဲက ရှင်းပြသည်
“ဖမ်းမိတဲ့ ယင်မိစ္ဆာတွေကို အဲဒီထဲ ပစ်ထည့်လိုက်ရုံနဲ့ စင်ကြယ်တဲ့ ယင်သက်တမ်းတွေအဖြစ် သန့်စင်ပေးနိုင်တာပဲ။ ကြားဖူးတာတော့ အဲဒီမျှော်စင်ကို စောင့်ကြပ်နေတဲ့သူဟာ အနည်းဆုံး သက်တမ်း နှစ်ပေါင်း ငါးသောင်းကျော်ရှိတဲ့ နတ်ဘုရားဝိညာဥ် တစ်ပါးဖြစ်ပြီး သူ့ရဲ့ ကျင့်ကြံမှုကတော့ ခန့်မှန်းရပင် ခက်ခဲလှတယ်တဲ့ ”
“နှစ်ပေါင်း ငါးသောင်း... ဒါက ထာဝရအသက်နဲ့ မခြားတော့ဘူးပဲ ”
လင်းယွမ်တို့အဖွဲ့မှာ ထိတ်လန့်သွားကြသည်။
တုရုဖုန်းတို့မှာ ထိုအကြောင်းကို သိထားပြီး ဖြစ်သော်လည်း နန်မင်ရှောက်ကျဲ ပြောသည်ကို ကြားရသောအခါ မျက်ဝန်းထဲတွင် ရိုသေကြောက်ရွံ့မှုများ ပေါ်ပေါက်လာရသည်။
“ဒါနဲ့...နတ်ဘုရားဝိညာဥ် တွေက ဒီက ယင်မိစ္ဆာ အကြီးစားတွေနဲ့ မတူဘူး။ နတ်ဘုရားဝိညာဥ် တွေက လူ့လောကကို သွားလို့ရတယ်။ အထက်ပိုင်းနယ်မြေ သုံးခုမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်လာပြီဆိုရင် ကျုပ်တို့ ကျွယ်မင်နန်းတော်ကနေ စေလွှတ်နိုင်တဲ့ နတ်ဘုရားဝိညာဥ် အရေအတွက်က မင်းတို့ စိတ်ကူးထားတာထက် အများကြီး ပိုလိမ့်မယ်။ ဒီက ယင်မိစ္ဆာ အကြီးစားတွေကျတော့ တကယ့် ယင်လောက ဇာတိဖွားတွေပေါ့"
"သူတို့ရဲ့ အစွမ်းက အားကောင်းတယ် ဆိုပေမဲ့ နတ်ဘုရားဝိညာဥ် တွေလောက်တော့ မြင့်မြတ်မှု မရှိကြဘူး။ ဒါပေမဲ့လည်း... မလိုအပ်ဘဲနဲ့တော့ မစော်ကားတာ အကောင်းဆုံးပါပဲ။ အချို့ ယင်မိစ္ဆာ အကြီးစားတွေကလည်း သက်တမ်း တော်တော်ရှည်သလို သူတို့ရဲ့ အစွမ်းတွေကလည်း တကယ့်ကို ကြောက်စရာကောင်းလို့ပါပဲ ”
နန်မင်ရှောက်ကျဲက ဆိုသည်။
လမ်းခရီး တစ်လျှောက်တွင် လင်းယွမ်တို့မှာ ထိုနေရာအကြောင်းကို ပိုမို နက်နက်ရှိုင်းရှိုင်း သိရှိလာကြသည်။
နန်မင်ရှောက်ကျဲကလည်း မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ဖန့်ချန်သည် စိတ်ဝိညာဥ်နယ်မြေ နှင့် အခြားသော နယ်မြေကြီး နှစ်ခုကြားတွင် အလွန်ပြင်းထန်သော ပြိုင်ဆိုင်မှုများ ရှိနေသည်ကို ရိပ်မိလိုက်သည်။
ထိုပြိုင်ဆိုင်မှုများ၏ မြစ်ဖျားခံရာမှာ နတ်ဘုရားဝိညာဥ် လမ်းစဉ်အတွက် နတ်ဆေးပင် ပင် ဖြစ်သည်။
စိတ်ဝိညာဥ်နယ်မြေ အတွင်းမှာပင် ထိပ်တန်း အင်အားစုကြီးများသည် ထိုအရာအတွက် အသေအလဲ တိုက်ခိုက်နေကြသည်။
သို့သော် ထိုအင်အားစုကြီးများမှလွဲ၍ ကျန်သောသူများမှာမူ ယင်လောကဆင်းရန် စွမ်းအားမရှိသလို၊ မိစ္ဆာသန့်စင်မျှော်စင်လည်း မပိုင်ဆိုင်ကြသဖြင့် ယင်ရုံးတော် ဖွင့်လှစ်နိုင်စွမ်းလည်း မရှိကြပေ။
ရက်အနည်းငယ် ကြာပြီးနောက်... သူတို့၏ ရှေ့တည့်တည့်တွင် ခြောက်သွေ့ အထီးကျန်လှသော တောင်ကြားတစ်ခု ပေါ်လာတော့သည်။
တုရုဖုန်း၏ မျက်နှာမှာ တည်ကြည်လေးနက်သွားကာ ဆိုသည်
“ရောက်ပြီ... အဲဒီနေရာပဲ။ ပြီးခဲ့တဲ့ အတောအတွင်းက ငါ သတင်းရထားတာတော့... ဒီထဲကို ယင်မိစ္ဆာတစ်ကောင် ဝင်သွားပြီး လေလွင့်ဝိညာဉ် ရာပေါင်းများစွာကို သတ်ပစ်လိုက်တယ်တဲ့။ အဲဒီ ယင်မိစ္ဆာက ယင်မိစ္ဆာ အကြီးစားအဆင့်ကို ရောက်ဖို့ တော်တော်လေး နီးစပ်နေပြီ၊ သူ့ဆီမှာ ရှိတဲ့ ယင်သက်တမ်းကတော့ သေချာပေါက် မနည်းလှဘူး ”
အခန်း (၁၄၀၈) - ခြေတစ်ထောင် ယင်မိစ္ဆာအကြီးစား
“ဖန့်ချန်မိတ်ဆွေ... ယင်မိစ္ဆာအကြီးစားအဆင့်ကို နီးစပ်နေတဲ့ ယင်မိစ္ဆာတွေရဲ့ ကျင့်ကြံမှုနဲ့ စွမ်းဆောင်ရည်ဟာ တက်လှမ်းခြင်းအဆင့်နဲ့ သိပ်မကွာလှဘူး။ ဒါပေမဲ့ ယင်မိစ္ဆာတွေရဲ့ ထူးခြားဆန်းပြားမှုနဲ့ ခန့်မှန်းရခက်တဲ့ သဘာဝကြောင့် သူတို့ကို တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေလိုမျိုး သတ်မှတ်လို့တော့ မရဘူးဗျ ”
နန်မင်ရှောက်ကျဲသည် ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ ဖန့်ချန်တို့အဖွဲ့ကို အကျိုးအကြောင်း ရှင်းပြရန် ဆုံးဖြတ်လိုက်သည်
“ဒီလို ယင်မိစ္ဆာမျိုးတွေထဲမှာ အချို့က ကိုင်တွယ်ရတာ တော်တော်လွယ်တယ်၊ ကျုပ်တစ်ယောက်တည်းတောင် အေးဆေး နှိမ်နင်းလို့ရတယ်။ ဒါပေမဲ့ အချို့ကျတော့လည်း လူကို အမှတ်မထင် ဒုက္ခပေးသွားနိုင်တယ်ဗျ ”
သူက ဆက်လက် သတိပေးသည်
“ခင်ဗျားတို့က ယင်မိစ္ဆာတွေကို ရင်ဆိုင်ရတဲ့ အတွေ့အကြုံ မရှိသေးတော့... ဒီတစ်ခေါက်တော့ ဘေးကနေပဲ အကဲခတ်ကြည့်တာ အကောင်းဆုံး ဖြစ်လိမ့်မယ် ”
“ရှောက်ကျဲအစ်ကို... တကယ်လို့ ဖန့်ချန်မိတ်ဆွေတို့က ဝင်မပါဘူးဆိုရင် ကျုပ်တို့ အနိုင်ရဖို့ အခွင့်အရေး သိပ်မရှိဘူးဗျ။ ဒီယင်မိစ္ဆာသာ လွတ်သွားရင်တော့ အရှုံးကြီး ရှုံးတော့မှာပဲ၊ ကျုပ် ဒီသတင်းကို ဝယ်ထားရတာလည်း ယင်သက်တမ်း မနည်းကုန်ထားတာ ”
တုရုဖုန်းက မျက်မှောင်ကြုတ်ကာ ဆိုသည်။
နန်မင်ရှောက်ကျဲ၏ စကားများကြောင့် ဖန့်ချန်မှာ အနည်းငယ် အံ့သြသွားရသည်။
ကြည့်ရသည်မှာ ဤသူသည် စိတ်သဘောထား ပြောင်းလဲသွားပုံရပြီး အရေးကြီးသည့် ကိစ္စရပ်များတွင် ယခင်က ရန်ငြိုးများကို ရှေ့တန်းမတင်တော့ပေ။
“ကျုပ်တို့က မိတ်ဆွေတို့ကို အကာအကွယ်ပေးရင်း အခြေအနေကြည့်ပြီးမှ လှုပ်ရှားပါ့မယ်။ ဒီတစ်ခေါက်က ကျုပ်တို့ ဗဟုသုတလာရှာတာဆိုတော့ ရလာတဲ့ အကျိုးအမြတ်တွေကိုလည်း ခွဲဝေယူမှာ မဟုတ်ပါဘူး ”
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
တုရုဖုန်းတို့အဖွဲ့မှာ ချက်ချင်းပင် မျက်နှာပွင့်လန်းသွားကြပြီး ပြုံးရွှင်စွာဖြင့် ခေါင်းငြိမ့်ပြကြသည်
“ဖန့်ချန်မိတ်ဆွေက လူမှုရေး တော်တော်သိတာပဲ၊ နောက်ကျရင်လည်း မကြာခဏ ဆက်သွယ်ကြတာပေါ့ ”
“ဒါဆိုလည်း ကောင်းပါပြီ ”
နန်မင်ရှောက်ကျဲက ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် သူတို့အဖွဲ့သည် မတူညီသော ဘက်အသီးသီးမှနေ၍ ထိုတောင်ကြားကို ဝိုင်းရံလိုက်ကြပြီး မြေတစ်လက်မမကျန်အောင် ဗဟိုချက်ဆီသို့ ပိုက်စိပ်တိုက် ရှာဖွေသွားကြတော့သည်။
ဖန့်ချန်တို့ကမူ အဝေးမှနေ၍သာ စောင့်ကြည့်နေကြ၏။
“ခေါင်းဆောင်... ဒီယင်လောကကလည်း တော်တော် စိတ်ဝင်စားဖို့ကောင်းသားပဲ။ အခွင့်အရေးတွေ အများကြီး ရှိနေပုံရတယ်၊ ယင်လောကဆင်းရတာက မဆိုးဘူးပဲ ”
လင်းယွမ်က တိုးတိုးလေး ပြောသည်။
“အကျိုးကျေးဇူးသာ မရှိရင် ကျွယ်မင်နန်းတော်က ဒီနေရာမှာ ယင်ရုံးတော် ဖွင့်ပါ့မလား ယင်လောကနဲ့ လူ့လောက ကိုးနယ်မြေရဲ့ ဆက်စပ်မှုဟာ စက္ကူတစ်ချပ်ရဲ့ အရှေ့နဲ့ အနောက်လိုပဲ။ ဘယ်လိုပဲ ပိုင်းခြားထားပါစေ အမြဲတမ်း အပြန်အလှန် တည်ရှိနေမှာပဲ ”
ဖန့်ချန်က ခပ်အေးအေးပင် ဆိုသည်။
လင်းယွမ်တို့ သုံးယောက်မှာ အနည်းငယ် ထိတ်လန့်သွားကြသည်။
သူတို့ ယခင်က ထိုကိစ္စကို သေသေချာချာ မစဉ်းစားဖူးကြချေ။
ယင်လောက တည်ရှိခြင်းသည် လူ့လောက ကိုးနယ်မြေ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်ဟုသာ ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခုလို တွေးကြည့်လိုက်သောအခါ ယင်လောက၏ တည်ရှိမှုသည် အလွန်အရေးကြီးကြောင်း ရိပ်မိလာသော်လည်း... သူတို့ စိတ်ထဲတွင် ဘာကြောင့် ယခင်က ဤကဲ့သို့သော အတွေးမျိုး မဝင်ခဲ့ရသနည်း။
သူတို့ စိတ်ထဲတွင် တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်လာသော်လည်း အဓိက အချက်ကိုမူ ရှာမတွေ့ကြချေ။
ထိုစဉ်မှာပင် နန်မင်ရှောက်ကျဲတို့သည် တောင်ကြားအတွင်း ပုန်းကွယ်နေသော ယင်မိစ္ဆာကို ရှာဖွေတွေ့ရှိသွားကြသည်။
၎င်းမှာ ခြေတစ်ထောင်ပိုးကောင် နှင့်တူသော ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြစ်၏။
ဦးခေါင်းထက်တွင် မျက်လုံးပေါင်း ရာနှင့်ချီ၍ ရှိနေပြီး ခန္ဓာကိုယ်အရှည်မှာ အနည်းဆုံး ပေတစ်ထောင်ခန့် ရှိပေလိမ့်မည်။
“ဒါက ဘာကြီးလဲ”
လင်းယွမ်မှာ အသက်ရှူရပ်မတတ် ဖြစ်သွားရသည်။
ထိုယင်မိစ္ဆာထံမှ ပေးစွမ်းသော ခံစားချက်မှာ အလွန်တရာ အေးစက်စက်နိုင်လှပြီး ထိုသတ္တဝါ၏ မျက်လုံးများမှာလည်း...
“မဟုတ်ဘူး... အဲဒါတွေက မျက်လုံးတွေ မဟုတ်ဘူး လူဦးခေါင်းတွေလား ”
မုံ့ချင်လင်က အလန့်တကြား အာမေဍိတ်သံ ပြုလိုက်သည်
“အဲဒါတွေက လူဦးခေါင်း ရာပေါင်းများစွာပါလား ”
အစောပိုင်းက အနည်းငယ် ဝေးနေသဖြင့် လူတိုင်းက မျက်လုံး ရာပေါင်းများစွာဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သော်လည်း ယခု အနီးကပ် မြင်ရသောအခါတွင်မူ ထိုအရာများမှာ သေချာပေါက် လူဦးခေါင်းများ ဖြစ်နေကြသည်။
“ယင်မိစ္ဆာတွေဟာ စည်းကမ်းမရှိဘဲ ယင်သက်တမ်းတွေကို လုယူစားသုံးကြတယ်၊ ဒီနေရာက စည်းမျဉ်းတွေကိုလည်း မလိုက်နာကြဘူး။ အဲဒီလို လုယူထားတဲ့ ယင်သက်တမ်းတွေမှာ သူတို့ မထိန်းချုပ်နိုင်တဲ့ ကံကြမ္မာအကျိုးဆက် တွေ ကပ်ပါလာတယ်။ နောက်ဆုံးကျတော့ ဒီလို ရုပ်ပျက်ဆင်းပျက် ပုံစံမျိုး ဖြစ်သွားရတာပဲ ”
ဖန့်ချန်သည် ထိုခြေတစ်ထောင်ကောင်ကို ကြည့်ရင်း ၎င်း၏ စွမ်းအားမှာ ယင်မိစ္ဆာအကြီးစားအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း ချက်ချင်း သိလိုက်သည်။
နန်မင်ရှောက်ကျဲတို့ အားလုံး ပေါင်းလိုက်လျှင်တောင် ထိုယင်မိစ္ဆာ၏ ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်ကြောင်း သူ တွက်ချက်မိလိုက်သည်။
“စောစောက ကျုပ် တွေးနေတာက ယင်သက်တမ်းက ဒီလောက် တန်ဖိုးရှိနေမှတော့ တိုက်ရိုက် လုယူလိုက်ရင် မကောင်းဘူးလားလို့... ကြည့်ရတာ ယင်လောကရဲ့ စည်းမျဉ်းတွေက လူ့လောက ကိုးနယ်မြေထက်တောင် ပိုပြီး ပြင်းထန်ပုံရတယ် ”
လင်းယွမ်က ရှက်ကိုးရှက်ကန်းဖြင့် ဆိုသည်။
ယွီဝူရှီးက ပြုံးလိုက်ရင်း
“လူ့လောက ကိုးနယ်မြေမှာလည်း ပြင်းထန်တာပါပဲ၊ မင်းက ကံကြမ္မာအကျိုးဆက်တွေ အများကြီးနဲ့ ငြိစွန်းလာရင် မိုးကြိုးဘေးဒဏ်က မင်းကို လာနှိမ်နင်းလိမ့်မယ်။ ဒါပေမဲ့ ဒါက ယင်မိစ္ဆာတွေထက်စာရင်တော့ ပိုပြီး သိက္ခာရှိတာပေါ့။ ခေါင်းဆောင်... ဒီယင်မိစ္ဆာတွေက သူတို့ရဲ့ အသိစိတ်တွေ အကုန် ပျောက်ဆုံးသွားပြီလား ”
“အင်း... သူတို့ မျက်လုံးထဲမှာ အခု ယင်သက်တမ်းနဲ့ လုယူဖို့ပဲ ရှိတော့တယ် ”
ဖန့်ချန်က ခေါင်းငြိမ့်ပြသည်။
“ဒါကြောင့်လည်း သူတို့ကို ဖမ်းဆီးရတာပေါ့၊ ဒီလို တည်ရှိမှုမျိုးတွေက စည်းစနစ်ကို ဖျက်ဆီးတတ်လို့ လွှတ်ထားလို့ မရဘူး ”
ထိုစဉ်မှာပင် နန်မင်ရှောက်ကျဲတို့နှင့် ယင်မိစ္ဆာတို့ တိုက်ပွဲ စတင်လေပြီ။
လူ့လောကမှ နည်းလမ်းအတော်များများမှာ ယင်လောကတွင် အသုံးမဝင်သဖြင့် တိုက်ခိုက်ပုံမှာ လူ့လောကနှင့် အနည်းငယ် ကွဲပြားသည်။
သို့သော် ကောင်းကင်ပစ်ခတ်ခြင်းအတတ် ကိုမူ ထိုနေရာတွင် အသုံးပြုနိုင်ပုံရရာ နန်မင်ရှောက်ကျဲက ထိုအတတ်ကို ထုတ်သုံးလိုက်သည်။
ထိတ်လန့်ဖွယ် ကောင်းသော မြားတံများသည် အရိပ်အယောင်မပြဘဲ ထိုခြေတစ်ထောင် ယင်မိစ္ဆာ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကာ ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးရန် ကြိုးစားလိုက်သည်။
သို့သော် မြားတံမှာ တစ်ဝက်ခန့်သာ နစ်ဝင်ရသေးခင်မှာပင် ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကြောင့် အမှုန့်ဖြစ်သွားရတော့သည်။
ကောင်းကင်ပစ်ခတ်ခြင်းအတတ်မှာ အကျိုးသက်ရောက်မှု မရှိသည့်အပြင် အလွန်ပင် အားနည်းလှပုံ ပေါ်သွားသည်။
နန်မင်ရှောက်ကျဲ၏ မျက်နှာမှာ ပျက်သွားပြီး ဤယင်မိစ္ဆာမှာ ကိုင်တွယ်ရ မလွယ်ကူကြောင်း အတည်ပြုလိုက်ကာ တုရုဖုန်းတို့နှင့် ပူးပေါင်း၍ ယင်မိစ္ဆာ၏ အင်အားကို အရင်ဆုံး လျှော့ချရန် ကြိုးစားရင်း အချိန်ဆွဲ တိုက်ခိုက်တော့သည်။
“ခေါင်းဆောင်... ဒီတစ်ခေါက်တော့ ရှောက်ကျဲမိတ်ဆွေရဲ့ ကောင်းကင်ပစ်ခတ်ခြင်းအတတ်က ဒီယင်မိစ္ဆာက အလွယ်လေး ဖြိုခွင်းလိုက်ပြီ ”
"ကောင်းကင်ပစ်ခတ်ခြင်းအတတ်ရဲ့ အားနည်းချက်က အင်အားကြီးတဲ့ ရန်သူကို မချေမှုန်းနိုင်တာပဲ။ ဒါပေမဲ့ သူ့ရဲ့ အားသာချက်ကတော့ အားနည်းတဲ့သူတွေကို ဘာအခွင့်အရေးမှ မပေးတာပဲ ”
ဖန့်ချန်က ရှင်းပြသည်
“တကယ်လို့ ဒီယင်မိစ္ဆာရဲ့ စွမ်းအားက နန်မင်ရှောက်ကျဲနဲ့ အဆင့်တူမယ်ဆိုရင် ခုနက မြားတစ်ချက်ကတင် နှိမ်နင်းဖို့ လုံလောက်သွားလိမ့်မယ် ”
လူတိုင်းမှာ သဘောပေါက်သွားကြသည်။
ထို့ကြောင့်လည်း ကောင်းကင်ပစ်ခတ်ခြင်းအတတ်သည် အခြားသော အတတ်ပညာများကြားတွင် အလွန်အမင်း ကျော်ကြားခြင်း မရှိရခြင်း ဖြစ်ပေလိမ့်မည်။
နာရီဝက်ခန့် ကြာပြီးနောက်...
တောင်ကြားတစ်ခုလုံးမှာ ပျက်စီးယိုယွင်းနေပြီဖြစ်ကာ နှစ်ဖက်စလုံး၏ တိုက်ပွဲမှာလည်း အထွတ်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နန်မင်ရှောက်ကျဲတို့မှာ ဒဏ်ရာကိုယ်စီ ရထားကြပြီဖြစ်ကာ ခြေတစ်ထောင် ယင်မိစ္ဆာမှာမူ တိုက်လေ တိုက်လေ ပို၍ အင်အားကြီးလာလေ ဖြစ်နေသည်။
၎င်း၏ ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်တိုင်း ဘေးဘက်ရှိ ချွန်ထက်သော ခြေတံများသည် ထက်မြက်သော ဓားရှည်ကြီးများကဲ့သို့ တုရုဖုန်းတို့ကို နှစ်ပိုင်းပြတ်လုနီးပါး တိုက်ခိုက်နေတော့သည်။
တော်လောက်ပြီ
ဖန့်ချန်သည် တိုက်ပွဲအခြေအနေကို ကြည့်ရင်း ပါဝင်ရန် ပြင်လိုက်စဉ်မှာပင် ထိုခြေတစ်ထောင် ယင်မိစ္ဆာထံမှ ထိတ်လန့်ဖွယ် ယင်အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
နောက်တစ်စက္ကန့်တွင် ၎င်း၏ ခန္ဓာကိုယ်နှင့် အရှိန်အဝါမှာ ဆထက်ထောင်မက ချက်ချင်း မြင့်တက်သွားတော့သည်။
အဆင့်တက်သွားတာလား
ထိုခြေတစ်ထောင် ယင်မိစ္ဆာသည် အရေးကြီးဆုံး အချိန်တွင် ယင်မိစ္ဆာအကြီးစား အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားခြင်း ဖြစ်သည်။
၎င်းမှာ လူ့လောက ကိုးနယ်မြေ၏ အဆင့် ၁ မသေမျိုး နှင့် အဆင့်တူပင် ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်း တိုက်ပွဲအခြေအနေမှာ ပြောင်းပြန်လှန်သွားကာ နန်မင်ရှောက်ကျဲတို့ အားလုံးမှာ တစ်ချိန်တည်းမှာပင် လွင့်စင်ထွက်သွားကြတော့သည်။
“မကောင်းတော့ဘူး ”
နန်မင်ရှောက်ကျဲက ဒေါသတကြီး ဟောက်လိုက်သည်
“ဒီယင်မိစ္ဆာက အကြီးစားအဆင့်ကို တက်သွားပြီကျိန်စာသင့်စမ်း... သူက ဒီမှာ အဆင့်တက်ဖို့အတွက် တမင် အောင်းနေတာပဲ၊ မင်း ဝယ်လာတဲ့ သတင်းက မှားနေပြီ ”
“အမေရေ မြန်မြန်ပြေးကြ ”
တုရုဖုန်းသည်လည်း မဆိုင်းမတွဘဲ ပြန်လည် တိုက်ခိုက်လိုစိတ် အလျဉ်းမရှိတော့ဘဲ လှည့်ကာ ထွက်ပြေးတော့သည်။
သို့သော် သူတို့ မည်မျှပင် မြန်ပါစေဦးတော့ အဆင့် ၁ ယင်မိစ္ဆာအကြီးစားထက် မြန်နိုင်ပါမည်လော
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့အားလုံး အမီခံလိုက်ရသည်။
အားလုံးမှာ ကမ္ဘာပျက်သကဲ့သို့ အမည်းရောင် တိမ်တိုက်ကြီး အပေါ်မှ အုပ်မိုးလာကာ ဝိညာဉ်များ ချုပ်ငြိမ်းရတော့မည့် ဘေးနှင့် ကြုံတွေ့နေရစဉ်မှာပင်... မြားတစ်စင်သည် ထိုခြေတစ်ထောင် ယင်မိစ္ဆာအကြီးစား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ထိုမြားတံကြောင့် ယင်မိစ္ဆာအကြီးစား၏ ဦးတည်ချက် ပြောင်းလဲသွားကာ မြားပစ်လိုက်သော ဖန့်ချန်ဆီသို့ တည့်တည့် ပြေးဝင်သွားတော့သည်။
ဖန့်ချန်သည်လည်း အခွင့်ကောင်းယူကာ တောင်ဘက်အရပ်ဆီသို့ အပြင်းအထန် ထွက်ပြေးသွားလေသည်။
မျက်တောင်တစ်ခတ်အတွင်း တောင်ကြားကြီးမှာ ပြန်လည် တိတ်ဆိတ်သွားတော့သည်။
နန်မင်ရှောက်ကျဲတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်နေကြ၏။
လင်းယွမ်တို့ သုံးယောက်မှာလည်း ဘာဖြစ်သွားမှန်း မသိဘဲ မှင်တက်နေကြသည်။
“ဖန့်... ဖန့်ချန်မိတ်ဆွေက ကျုပ်တို့ကို ကယ်ဖို့ အဲဒီ ယင်မိစ္ဆာအကြီးစားကို ဆွဲခေါ်သွားတာလား”
တုရုဖုန်းက အံ့သြတကြီး မေးလိုက်သည်။
“အဲဒီလို ထင်ရတာပဲ...”
နန်မင်ရှောက်ကျဲက မျက်ဝန်းထဲတွင် ကျေးဇူးတင်ရိပ်များ ယှက်သန်းလျက် လေးလေးပင်ပင် ခေါင်းငြိမ့်လိုက်သည်။
“ဒါ... ဒါဆိုရင် ရှောက်ကျဲအစ်ကိုနဲ့ ဖန့်ချန်မိတ်ဆွေတို့က ရေစက် တော်တော်နက်တာပဲ။ စောစောကတော့ ရှောက်ကျဲအစ်ကိုက သူ့ကို အရှက်ကွဲအောင် လုပ်မလို့လားလို့ ကျုပ် ထင်နေတာ ”
တုရုဖုန်းက အနေခက်စွာ ပြောလိုက်သည်။
နန်မင်ရှောက်ကျဲမှာ ပို၍ပင် အနေခက်သွားရသည်။ အစပိုင်းက သူ တကယ်ပင် ထိုသို့ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
“မဖြစ်သေးဘူး၊ ဖန့်ချန်မိတ်ဆွေက ယင်မိစ္ဆာအကြီးစားရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ မင်းတို့ ပြန်သွားပြီး စစ်ကူသွားခေါ်ကြ၊ ငါ လိုက်သွားကြည့်ဦးမယ် ”
နန်မင်ရှောက်ကျဲက ပြတ်ပြတ်သားသား ဆိုသည်။
ပြောပြီးသည်နှင့် သူသည်လည်း ဖန့်ချန်နှင့် ယင်မိစ္ဆာအကြီးစားတို့ ပျောက်ကွယ်သွားရာ အရပ်ဆီသို့ အမြန် လိုက်ပါသွားတော့သည်။