အခန်း (၁၁၁၃-၁၁၁၆)
Vol. 56 Ch. 1113-1116
Space and Rebirth 1113
သူမနှင့် ရှုဝမ်ချန်းသာမက ရှောင်ဟိုင်ချင်းလည်း သူမနှင့်အတူ ပြန်လိုက်ပါလာခဲ့၏။ ရှောင်ဟိုင်ချင်း၏ ဇာတ်လမ်းတွဲ ရိုက်ကူးရေးပြီးဆုံးသွားပြီး လွန်ခဲ့သောနှစ်ရက်က သူမအလုပ်များကို လက်စသတ်ခဲ့လေသည်။ သူမတွင် အားလပ်ရက်အချို့ရထား၏။ နှစ်သစ်ကူးနေ့ကလည်း အိမ်မပြန်ခဲ့သောကြောင့် သူမ၏မောင်အရင်းနှင့် မိထွေးတို့၏ အခြေအနေကိုလည်း မသိပေ။
ရှုဝမ်ချန်းသည် ရှောင်ဟိုင်ချင်းနှင့်ပတ်သတ်၍ ကိစ္စမရှိသော်ငြား ချိန်းချက်ထားသည့်အတိုင်း လီရှောက်ယွင်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းဆိုသလို ရန်ထောင်သွားတော့သည်။
“ဦးလေးအငယ် စိတ်မဆိုးပါနဲ့ ဒီတစ်ခေါက် ဟွားနင်ခရိုင်မှာ သမီးတကယ် အရေးကြီးလုပ်စရာရှိလို့ပါ”
သူမဦးလေးအငယ်၏ ဒေါသမီးမပွင့်သေးသည်ကို အခွင့်ကောင်းယူပြီး ကျင်းယွင်ကျောင်းပြာပြာသလဲဖြင့် အရင်ပြောလိုက်၏။
“ရှောင်ကျောင်း ဘာတွေဖြစ်လို့လဲ?”
ရှုဝမ်ချန်းသည် ကျင်းယွင်ကျောင်း၏လေးနက်သောမျက်နှာကို မြင်ပြီးနောက် စိတ်ထင့်သွားသည်။
ကျင်းယွင်ကျောင်းသည် ကိစ္စအခြေအနေကို လီရှောက်ယွင်အား ကြိုတင်အသိပေးထားသဖြင့် သူသည် အလွန်ပင် နားလည်တွေးတောပေးသည့်အနေနှင့် ဒရိုင်ဘာထိုင်ခုံတွင် ထိုင်ခဲ့လေသည်။ ထိုမှသာ ရှုဝမ်ချန်းသည် အမှန်တရားကို ကြားသောအခါ အာရုံများသွားပြီး အန္တရာယ်ထဲသို့ မကျရောက်မည်ဖြစ်၏။
ကားစတင်ထွက်ခွာတော့သည်။
ရှုဝမ်ချန်းသည် လီရှောက်ယွင်ပါလာသည်ကို လက်မခံချင်လျှင်ပင် လက်ခံရတော့သည်။
“ဦးလေးအငယ် သမီးဒီတစ်ခေါက် ဟွားနင်ခရိုင်ကိုသွားတာက အမေ့ကို ပြန်ခေါ်လာဖို့ပါ”
ကျင်းယွင်ကျောင်းသည် လေးနက်စွာပြောလိုက်၏။
“သမီး...”
ရှုဝမ်ချန်း၏မျက်နှာထားတောင့်တင်းသွားသည်။ သူမစကား၏အဓိပ္ပာယ်ကို နားမလည်သကဲ့သို့ ခေတ္တမျှ ကြောင်အမ်းသွားတော့၏။ ထို့နောက် သူသည် ထိတ်လန့်မှုအပြည့်ဖြင့် ပြောလိုက်တော့သည်။
“ရှောင်ကျောင်း ဒါ...ဘာအဓိပ္ပာယ်လဲ? အစ်မ...အစ်မက အသက်ရှိနေသေးတာလား?”
ကျင်းယွင်ကျောင်းခေါင်းခါလိုက်သည်။
ရှုဝမ်ချန်းသည် ၎င်းကိုမြင်သောအခါ နှလုံးသားတစ်ခုလုံး ကြွေကျလုမတတ်ဖြစ်သွား၏။
“ရှန်ရှီသေခါနီးက အမှန်အတိုင်းပြောသွားခဲ့တယ်၊ အဲဒီနှစ်က သူအမေ့ကိုသတ်ပြီး ဟွားနင်ခရိုင်ထဲက တောင်ကုန်းတစ်ခုပေါ်မှာ မြုပ်ခဲ့တယ်တဲ့လေ”
ကျင်းယွင်ကျောင်းသည် တိုးညင်းစွာ ပြောလိုက်သည်။
သူမသည် ဟွားနင်ခရိုင်ရှိ ထိုတောင်အကြောင်း သိထားလေသည်။ ထိုတောင်၏အမည်မှာ ဒါ့ယန်တောင်ဖြစ်၏။ ၎င်းသည် တောင်အကျယ်အဝန်းကြီးမားပြီး အနီးအနားရှိ ရွာများအားလုံးနီးပါးကို ဆက်သွယ်ထားပေသည်။ ထိုတောင်ပေါ်တွင် သစ်ပင်အချို့ကိုရှာရန် မလွယ်ကူလှပေ။ သို့ရာတွင် ကျင်းယိရန်ပင်လျှင် လူများလွှတ်၍ ရှာဖွေနိုင်သည်ဖြစ်ရာ ထူးခြားမှုတစ်ခုခုရှိရပေမည်။ သူမသည် ထိုနေရာသို့ရောက်သည်နှင့် သေချာလေ့လာစစ်ဆေးကြည့်ပါက ရှာဖွေနိုင်လောက်မည်။
ကျင်းယွင်ကျောင်း၏စကားများကြောင့် ရှုဝမ်ချန်း၏မျက်နှာ သွေးဆုပ်သွား၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ငါ့အစ်မကတော့ ရှန်ရှီကို ကောင်းကောင်းဂရုစိုက်ပေးခဲ့ပေမယ့် သူက ဘာလို့....ရှန်ရှီက အစစ်မဟုတ်ဘူးဆိုတာကို သူသိသွားလို့လား?!”
တွေးကြည့်လိုက်လျှင် ဤသည်မှာ ဖြစ်နိုင်ချေအရှိဆုံးပင်။
သူသည် အစ်မဖြစ်သူ၏သတင်းများကို မကြားတော့စဥ်အခါက ၁၂ နှစ်သားသာ ရှိသေးသော်လည်း အစ်မဖြစ်သူနှင့်ပတ်သတ်လာလျှင် အမှတ်တရများမှာ အမြဲတစေ နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့သည်။
သူမသည် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးဖြစ်ခဲ့သည်။ အလုပ်ကြိုးစားပြီး ဇွဲလုံ့လရှိကာ ဆေးဝါးဖော်စပ်ခြင်း၊ ဆေးကုသရေးပညာကို နှစ်သက်၏။ ဗဟုသုတလည်း နှံ့စပ်ပေသည်။ သူ၏ဖခင်သည် ဆေးဝါးဖော်စပ်ခြင်းဖြင့် လောကကြီးကို မေ့နေစဥ်က သူ၏အစ်ကိုကြီးနှင့် အစ်မဖြစ်သူသည် သူ့အား ဂရုစိုက်ပေးပြီး ပညာရပ်များစွာကို သင်ကြားပေးခဲ့၏။ သူသည် အစ်မဖြစ်သူ၏စရိုက်ကို ကောင်းကောင်းသိလေသည်။ သူမသည် မိသားစုအပေါ် ရက်စက်မည့်မိန်းကလေးမျိုး လုံးဝမဟုတ်ပါပေ။ သူမစိတ်ထားသည် ကြည်လင်ပြီး ဉာဏ်ရည်ထူးချွန်သော်လည်း အခြားသူများအတွက် အခွင့်အရေး ထိမ်ချန်ရစ်တတ်၏။ သူမသည် တိုက်ခိုက်ရသည်ကို မနှစ်သက်ချေ။ မိမိကမ္ဘာတစ်ခြမ်းကိုသာ ကာကွယ်တတ်၏။
သူမသည် မိမိအနီးအနားတွင်ရှိသော အရာရာတိုင်းကို အလွန်အရေးကြီးသောအရာအဖြစ် မှတ်ယူပြီး လွန်စွာတန်ဖိုးထားတတ်၏။ ထိုအချိန်က ရှန်ရှီမှာ လူလိမ်တစ်ဦးဖြစ်ကြောင်း သူမသိခဲ့လျှင် တဲ့တိုးအဆန်ဆုံး နည်းလမ်းကိုသုံးပြီး ဖြေရှင်းခဲ့မည်မဟုတ်ချေ။ ထိုအစား သူမသည် ရှန်ရှီနှင့် နောက်ကွယ်တွင်သာ ဆွေးနွေးပြောဆိုလိမ့်မည်။ သူမသည် ရှန်ရှီအား သူငယ်ချင်းတစ်ဦး၊ မိသားစုဝင်တစ်ဦးအနေဖြင့် ခံယူထားသည်မဟုတ်လော။ ဤသည်မှာ သူ၏အစ်မနှင့် သူတို့ညီအစ်ကိုနှစ်ဦးကြားမှ ကွာခြားချက်ဖြစ်သည်။
သူမသည် မိသားစုထဲတွင် တစ်ဦးသောမိန်းကလေးဖြစ်သဖြင့် သူမမိဘများသည် သူမကို ပို၍စေ့စပ်တိကျစွာ ပျိုးထောင်ခဲ့လေသည်။ ထို့ကြောင့်လည်း သူမတွင် ထိုစရိုက်မျိုး ရှိနေခြင်းဖြစ်သည်။
သူမသည် အနိုင်ကျင့်ခံရမည့်ဇာတာပါလာခဲ့လေသည်။
“ရှန်ရှီ...”
ရှုဝမ်ချန်းသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏စိတ်ထဲရှိ ဒေါသလှိုင်းလုံးများကို လူတိုင်းခံစားနိုင်ပေသည်။
သူ၏နံဘေးတွင် ထိုင်နေသော ရှောင်ဟိုင်ချင်းမှာ သူ့အား ဝေ့ကြည့်မိ၏။ ထိုအခါ သူမသည် အနည်းငယ်အံ့အားသင့်သွားသည်။
သူမသည် ကျင်းယွင်ကျောင်း၏ဦးလေးကို ပထမဆုံး တွေ့စဥ်က အနည်းငယ်ပြောရခက်လှသည်ဟု ထင်မိသည်။ ဒုတိယတစ်ခေါက်တွင်မူ သူ့အား ရှင်းပြရခက်ပေသည်ဟု ခံစားရပေသည်။ သို့သော် ဤတစ်ခေါက်တွင်မူ သူသည် ယခင်အခေါက်များထက် အနည်းငယ်ကွာခြားနေဟန်ရ၏။
Space and Rebirth 1114
ရှုဝမ်ချန်းသည် တစ်ကိုယ်လုံး သုန်မှုန်ကြေကွဲနေပြီး ကားပြတင်းပေါက်မှတဆင့် ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ၏အတန်ငယ်နီမြန်းနေသောမျက်လုံးများမှ ဝမ်းနည်းရိပ်များကို မြင်နေရသည်။
“သမီးအမေရဲ့ အရိုးတွေကို ရှုမိသားစုသင်္ချိုင်းထဲ ရွှေ့လို့မရဘူး”
အချိန်အတန်ကြာသောအခါ ရှုဝမ်ချန်းပြောလိုက်သည်။
“ရှုမိသားစုသင်္ချိုင်းကို နေ့တိုင်း အစောင့်အကြပ်ထားထားတာမို့ အဲ့နေရာမှာ တစ်ခြားတစ်ယောက်ကို လာမြုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အချိန်တန်ရင် သမီးအဘိုးနဲ့ ဦးလေးအကြီးလည်း သိလာမှာပဲ၊ အထူးသဖြင့် သမီးအဘိုးကတော့ ခံနိုင်ရည်ရှိမယ်မထင်ဘူး၊ သူမကြာခင်မှာ အနှေးနဲ့အမြန်ဆိုသလို သိလာလိမ့်မယ်ဆိုပေမယ့် အချိန်မတန်သေးခင် အချိန်ဆွဲထားတာ အကောင်းဆုံးပဲ...ပြီးတော့ သမီးအမေက အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်၊ တခြားလူတွေကတော့ သူ့ကိုခိုးပြေးသွားတယ်လို့ ထင်ကြပေမယ့် သူနဲ့ လီထျန်းယီက တရားဝင်အကြင်လင်မယားတွေပဲ၊ သူသာ အသက်ရှိနေသေးရင် လီထျန်းယီနဲ့အတူ ကျင်းမိသားစုသင်္ချိုင်းမှာ အမြုပ်ခံချင်လိမ့်မယ်”
ရှုဝမ်ချန်းသည် လီမိသားစုမဟုတ်ဘဲ ကျင်းမိသားစုအကြောင်း ပြောနေလေသည်။ လီထျန်းယီ၏နာမည်ကို အဖတ်ဆယ်ရန် ကျင်းယွင်ကျောင်းအား နည်းလမ်းတစ်ခုခု စဥ်းစားစေချင်မိ၏။
လီထျန်းယီ ကွယ်လွန်သွားလျှင် သူတို့နှစ်ဦးလုံးကို ကျင်းမိသားစုသင်္ချိုင်းထဲတွင် မကွယ်မဝှက်ဘဲ မြုပ်နှံချင်ပေသည်။
ကျင်းမိသားစုနှင့် ရှုမိသားစုမှာ ယခင်ကတည်းကပင် မဟာမိတ်များ ဖြစ်ခဲ့ကြ၏။ ယခင်က အိမ်တော်တစ်ခုတည်းတွင် နေခဲ့ကြသူများဖြစ်သဖြင့် သင်္ချိုင်းသည်လည်း အတူတူဖြစ်ရပေမည်။
ကျင်းယွင်ကျောင်းသည် ခေတ္တမျှ ငြိမ်ကျသွား၏။ သူမသည် ခဏတာမျှ စဥ်းစားပြီး ပြောလိုက်သည်။
“ဒါဆို အရင်ဆုံး အမေ့အရိုးတွေကို ဒီနေရာကနေ သယ်ထုတ်သွားရအောင်၊ ပြီးတော့မှ အမေခဏလောက်နေဖို့ ဓာတ်ကြီးလေးပါးသင့်တဲ့ နေရာကောင်းတစ်ခုကို ရွေးကြတာပေါ့ အနာဂတ်မှာတော့...ကျင်းမိသားစု ပိုင်ဆိုင်ခဲ့တဲ့အရာမှန်သမျှကို သမီးပြန်ယူမယ်”
ယခုမူ လီထျန်းယီ၏ဖခင်သည် ကျင်းမိသားစုဝင်တစ်ဦးပင် မဟုတ်ချေ။ သူမမိခင်သည် ကျင်းမိသားစုထဲတွင် အဘယ်သို့မြုပ်ပိုင်ခွင့်ရှိမည်နည်း?
သူမသည်လည်း ထိုနည်း၎င်းပင်။ သူမသည် မိမိဘိုးဘေးများကို အသိအမှတ်မပြုရသေးရုံမက အမတကြိုးကြာခန်းမကလည်း သူမ၏မျိုးရိုးကို မသိချေ။
သို့ရာတွင် လီမိသားစုမှ မိမိတို့အကြွေးများကို ပြန်ဆပ်ရန် အချိန်ကျပေပြီ။ သူမမိခင်၏ အသက်ကြွေးပါ ပါဝင်ပေ၏။
ရှန်ရှီသည် သူမမိခင်သေဆုံးခြင်း၏ နောက်ကွယ်မှ လက်သည်တရားခံဖြစ်သော်လည်း အဘိုးဖြစ်သူ လီဝမ်ဘိုကသာ သူမ၏ဖခင်ကို ဟွားနင်ခရိုင်မှ ခေါင်းမာစွာဖြင့် ခေါ်မထုတ်လာလျှင် သူမမိခင်သည်လည်း တစ်ဦးတည်း အထီးကျန်စွာ ကျန်ရစ်ခဲ့မည်မဟုတ်ပေ။ မည်သည့် မတရားမှုမဆို တရားခံရှိတတ်သလို အကြွေးတိုင်းတွင်လည်း အကြွေးရှင်ရှိ၏။ ရှန်ရှီသည် သူမ၏ဝေစုကို ခံရပြီဖြစ်၍ နောက်ပစ်မှတ်မှာ သူမ၏အဘိုးအရင်းဖြစ်ပေသည်။
ကျင်းယွင်ကျောင်း၏မျက်လုံးများသည် ကြည်လင်အေးချမ်းသွားသည်။
ရှုဝမ်ချန်းသည် တစ်လမ်းလုံး တိတ်ဆိတ်နေ၏။ သူသည် ရှေးဟောင်းနှောင်းဖြစ် မှတ်ဉာဏ်များထဲတွင် နစ်မြောနေသည်။
သူ၏မှတ်ဉာဏ်များအားလုံးမှာ ရှုရှန်းလန်၏အတိတ်အကြောင်းဖြစ်သည်။ သူမသည် ယခင်က အလွန်လှပသောအမျိုးသမီးတစ်ဦး ဖြစ်ခဲ့ဖူး၏။ သူမသည် လူများ၏အာရုံစိုက်ရာ ဖြစ်ခဲ့ရမည်ဖြစ်သော်လည်း သူစိမ်းနယ်တွင် လူမသိသူမသိ သေဆုံးသွားခဲ့ရသည်။
လီရှောက်ယွင်သည် ဘယ်သောအခါကမှ ပြသာနာစရှာသူမဟုတ်ခဲ့ပေ။ ထို့အပြင် ရှုဝမ်ချန်းမှာလည်း ကျင်းယွင်ကျောင်း၏ဦးလေးဖြစ်၏။ ရှုဝမ်ချန်းသာ သူ့အား စတင်ရန်မစခဲ့ပါက လီရှောက်ယွင် စရိုက်ဖြင့်ဆိုလျှင် အငြင်းပွားနေမည်မဟုတ်ရာ။ ထိုအချိန်တွင် သူသည် အလွန်အရိပ်အကဲသိပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ရှားရှားပါးပါးအနေဖြင့် ရှုဝမ်ချန်းအရှေ့၌ ကျင်းယွင်ကျောင်းအား ချစ်ကြည်နူးပြခြင်းလည်း မရှိတော့။
သူသည် ယခင်ကတည်းကပင် လုပ်အပ်သောအရာ မလုပ်အပ်သောအရာကို ကောင်းကောင်းသိ၏။ မည်သည့်အချိန်တွင် စိတ်ကိုထိန်းချုပ်ပြီး နောက်တစ်လှမ်းဆုတ်ရမည်ကို ကောင်းစွာ သိထားလေသည်။
“ဦးလေးငယ်၊ သမီးအဖေ လီထျန်းယီ အခုတလော ဘာတွေလုပ်နေလဲဆိုတာ သိလား?”
ကျင်းယွင်ကျောင်းသည် သွားရာလမ်းတွင် မေးလိုက်သည်။
“သူလား?”
ရှုဝမ်ချန်းသည် အသံကိုမြှင့်လိုက်၏။
“ဦလေးသိမယ်မထင်ဘူး”
“လီ” မျိုးရိုးနာမည်ကိုသာ ဖယ်လိုက်ပါက လီထျန်းယီသည် တစ်ကမ္ဘာလုံးတွင် ရှုရှန်းလန်နှင့် အထိုက်တန်ဆုံးသော ယောက်ျားဖြစ်သည်။ မဟုတ်လျှင် ထိုစဥ်က သူသည် အစ်ကိုကြီးအား အကူအညီတောင်းခဲ့မည်မဟုတ်ချေ။
ကျင်းယွင်ကျောင်း နှုတ်ခမ်းများကို စေ့လိုက်သည်။ သူမသည် သူမဖခင်ကို မြင်ပင်မမြင်ဖူးပေ။
သူမသည် ဆွေမျိုးများနှင့် ပြန်တွေ့စဥ်က ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားသော်လည်း လီမိသားစုဝင်တစ်ဦးတစ်ယောက်မှ သူမတံခါးဝသို့ မလာခဲ့ချေ။ သူမအဘိုးဖြစ်သူသည် သူမ၏ဖြစ်တည်မှုကို အနည်းငယ်မျှပင် ဂရုမစိုက်ဟန်ရ၏။
သို့ရာတွင် ဤကမ္ဘာပေါ်ရှိလူတိုင်းသည် အကျိုးစီးပွားနှင့်ပတ်သတ်လာလျှင် လှုပ်ရှားတတ်ကြစမြဲဖြစ်သည်။
သူမ၏ ဝှက်ဖဲများအားလုံးကို ပြသလိုက်လျှင် အဘယ်သို့ဖြစ်မည်နည်း? ထိုအဘိုးအရင်းဆိုသူသည် သူမအား တစ်ချက်မျှ လှည့်ကြည့်လိမ့်မည်မဟုတ်လော။
ကျင်းယွင်ကျောင်းသည် ထိုသို့တွေးပြီးသည်နှင့် ချက်ချင်းဆိုသလို ချင်းရွှေနှင့် ပိုင်ယွီအန်းအား မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။
ကြေညာရန် အချိန်တန်ပေပြီ။ ထိုမှသာ သူမလိုချင်သောလူသည် သူမတံခါးဝဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မည်။
Space and Rebirth 1115
မြို့တော်ထဲမှ ဟွားနင်ခရိုင်သို့ နာရီပိုင်းခန့်သာ ကားမောင်းရလေသည်။ ရှုဝမ်ချန်းမှာ စိတ်မကောင်းသာဖြစ်တတ်သော ယောက်ျားမဟုတ်ပါပေ။ သူသည် အစက လက်ခံရခက်ခဲခဲ့သော်လည်း အချိန်တစ်ခုကြာသောအခါ သူ၏ခံစားချက်များကို ထိန်းသိမ်းလိုက်တော့သည်။
စိတ်မကောင်းဖြစ်မှုများ၊ နှမြောတသဖြစ်မှုများကို သူ၏စိတ်ထဲတွင်သာ သိမ်းထားလျှင် လုံလောက်ချေပြီ။ အခြားသူများကိုပါ ထိခိုက်စရာမလိုပါပေ။
ကျင်းယွင်ကျောင်းသည် နှစ်တစ်ဝက်မျှ မပြန်ရသေးသော်လည်း ဤအချိန်တိုအတွင်းတွင် ပစ္စည်းများသည် ယခင်ကအတိုင်း ရှိနေသော်ငြား လူများမှာမူ ပြောင်းလဲသွားသည်ဟု သူမခံစားမိ၏။ ယခင်က နေ့ရက်တိုင်းလိုလို သူမသည် အပြည့်အဝရှင်သန်နေထိုင်ခဲ့ပေသည်။ ထို့ကြောင့်လည်း ထိုစဥ်က အချိန်စီးဆင်းမှုသည် အထူးပင် နှေးကွေးလှသည်ဟု ခံစားခဲ့ရခြင်းဖြစ်မည်။
ရှုဝမ်ချန်းသည်လည်း အကြီးအကဲရှုကြောင့် ဤနေရာသို့ နှစ်နှစ်-သုံးနှစ် တစ်ကြိမ် လာရောက်တတ်သော်ငြား အမြဲတစေ အကြီးအကဲရှု၏ မောင်းထုတ်ခြင်းကို ခံရတတ်စမြဲဖြစ်သည်။ ထိုစဥ်ကတည်းက သူသည် ဘယ်သောအခါမှ မလာခဲ့တော့ချေ။ ဤခရိုင်သည် အလွန်ကျယ်ဝန်းလှပြီး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေလေ၏။
“စိတ်မရှိဘူးဆိုရင် အန်တီလန်ရဲ့ အရိုးတွေကို ရှာပြီးတာနဲ့ ကျွန်တော်တို့လီမိသားစုရဲ့ သင်္ချိုင်းထဲမှာ ခဏသိမ်းထားလို့ရပါတယ်”
လီရှောက်ယွင်မှ အကြုံပြုလိုက်သည်။
လီမိသားစု ဘိုးဘေးများမှာ ပျောက်ရှကုန်လေပြီ။ စစ်ပွဲအတွင်း လူသေအလောင်းများစွာ ရှိခဲ့သဖြင့် အဘယ်သို့ အယောက်စီတိုင်းကို အသေအချာမြုပ်နှံနိုင်မည်နည်း?
ထိုစဥ်က လူများစွာသည် သေဆုံးသွားသော ရုပ်အလောင်းများကို ပစ်ထည့်ရန် တွင်းကြီးတစ်ခုကို တူးပြီး ထိုတွင်းပြည့်သည်အထိ အလောင်းများကို ဖြည့်ပြီးမှ မြေဖို့တတ်ကြသည်။ သူ၏အဘိုးဖြစ်သူ၏ အဖေ၊ အမေများမှာလည်း ထိုနည်း၎င်းပင်။ အဘိုးဖြစ်သူ စစ်သားတစ်ဦးမဖြစ်ခင်တွင် နှစ်ဦးလုံး သေဆုံးသွားခဲ့သဖြင့် သူတို့အလောင်းများ ပျောက်ဆုံးသွားသည်မှာ ကြာချေပြီ။ နောက်ပိုင်းတွင် သူတို့သည် သင်္ချိုင်းကြီးတစ်ခုကို ဝယ်ယူကာ စစ်သင်္ချိုင်းတစ်ခုကို တည်ဆောက်ခဲ့၏။ ထိုနေရာကို လီမိသားစု ဘိုးဘေးသင်္ချိုင်းဟု ခေါ်ဆိုလေသည်။
သို့ရာတွင် သူ့ဘိုးဘေးများ၏ အထိမ်းအမှတ်ကျောက်တိုင်များသာမက အခြားအုတ်ဂူများပါ ထိုစစ်သင်္ချိုင်းထဲတွင် ရှိသေးသည်။ ထိုလူများအားလုံးမှာ အာဇာနည်မဖြစ်ခင် သေဆုံးသွားကြသော စစ်သားများဖြစ်၏။
အချို့မှာ သူတို့သေဆုံးသွားသောအခါ မြုပ်နှံစရာမရှိသဖြင့် လာရောက်မြုပ်နှံခြင်းဖြစ်ပြီး အချို့မှာမူ နာမည်ကိုပင် မသိတော့ချေ။
နှစ်ပေါင်းများစွာတစ်လျှောက် အဘိုး၏ တိုက်ပွဲမြေပြင်မှ ညီအစ်ကိုများနှင့် သူ၏မှတ်ဉာဏ်ထဲရှိ သွေးသောက်ညီအစ်ကိုများအားလုံးကို ကျောက်သားမှတ်တိုင်ရှည်တစ်ခုပေါ်တွင် ထွင်းထုရေးသားထား၏။ တစ်တန်းချင်းစီတွင် မရေမတွက်နိုင်သောနာမည်များ ရှိနေပေသည်။
နှစ်စဥ်နှစ်တိုင်း သူသည် ဘိုးဘေးများအား ဂါရဝပြုရန် ထိုနေရာသို့ သွားရောက်လေ့ရှိသော်လည်း တကယ်တမ်းတွင် သူသည် ထိုရဲစွမ်းသတ္တိရှိသော အာဇာနည်ဝိညာဥ်များကို သွားရောက်အလေးပြုလိုခြင်းသာဖြစ်၏။
ထိုအချိန်တွင် ရှုဝမ်ချန်းရော ကျင်းယွင်ကျောင်းပါ ခေါင်းငြိမ့်သဘောတူလိုက်သည်။
“ဒါပေမယ့် ရှောင်ကျောင်း၊ အဲဒီဒါ့ယန်တောင်ဆိုတာ မသေးဘူးမှတ်လား? ဒီလိုတောင်ကြီးတစ်လုံးပေါ်မှာ ‘လန်’ ဆိုတဲ့နာမည်ကို ထွင်းထားတဲ့ သစ်ပင်တွေကို ဘယ်လိုရှာနိုင်မှာလဲ?”
ရှုဝမ်ချန်းသည် ငွေကြေးအင်အားကိုသုံးပြီး အနီးအနားရှိ ရွာသူရွာသားများအား ရှာခိုင်းရန်ပင် စတင်စဥ်းစားတော့သည်။
သို့ရာတွင် ကျင်းယွင်ကျောင်းသည် တစ်လမ်းလုံး ဤမေးခွန်းကို စဥ်းစားလာပြီး အဖြေကိုလည်း ရရှိနှင့်ပြီးဖြစ်သည်။
“ဒါ့ယန်တောင်နားမှာ မြို့ရွာတစ်ချို့ရှိတယ်၊ အလောင်းကိုမြုပ်တဲ့နေရာက လူနေတဲ့နေရာနဲ့ နီးလို့မဖြစ်သလို တစ်ချိန်တည်းမှာပဲ တောင်ထိပ်တက်ရတာ အဆင်ပြေတယ်၊ အဲဒါတင်မက တောင်ခြေနဲ့ အနည်းဆုံး မီတာနည်းနည်းလောက် ဝေးမှဖြစ်မယ် မဟုတ်ရင် ၃ မီတာနက်တဲ့ကျင်းတစ်ခုကို လူတွေအလွယ်တကူ ရှာတွေ့နိုင်မှာပေါ့”
ကျင်းယွင်ကျောင်းဆက်ပြောလိုက်သည်။
“အမေ့ကို အကွက်ချသတ်ခဲ့တဲ့လူက သေချာပေါက် ဒေသခံတစ်ယောက်မဟုတ်ဘူး၊ သူလိုလူက အမေ့ကို ရွာနဲ့အရမ်းဝေးတဲ့နေရာဆီ လူရှေ့သူရှေ့ဖြတ်ပြီး ခေါ်လာရဲမှာမဟုတ်ဘူးလေ၊ ဒါကြောင့်မို့ ရထားဘူတာဟောင်းနားမှာပဲ ဖြစ်ရမယ်၊ ပြီးတော့ အဲဒီသစ်ပင်တွေက အနှစ် ၂၀ စာသက်တမ်း ရှိလောက်ပြီဆိုတော့ ရှာလို့တွေ့မှာပါ”
ထိုစဥ်က ထိုလူသတ်သမားသည် သူမအား ပြန်ပေးဆွဲပြီး နောက်ပိုင်းတွင် အခြားနေရာတစ်ခုသို့ ပစ်ခဲ့ခြင်းဖြစ်မည်။
ကျင်းယွင်ကျောင်းပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ရှုဝမ်ချန်းလည်း ခံစားမိသည်။ သို့ရာတွင် အချိန်မှာ နောက်ကျနေသဖြင့် နောက်တစ်နေ့မှသာ ရှာဖွေကြရန် ဆုံးဖြတ်လိုက်သည်။
ညရောက်သောအခါ ယောက်ျားနှစ်ဦးသည် လီရှောက်ယွင်၏ စားသောက်ဆိုင်တွင် နေထိုင်ကြပြီး ကျင်းယွင်ကျောင်းမှာ ရှောင်ဟိုင်ချင်းနှင့်အတူ ရှောင်ဟိုင်ချင်းအမေချန်ရစ်ခဲ့သော အိမ်အိုကြီးတွင် နေလိုက်ကြသည်။
ထိုအိမ်သည် အချိန်အတော်ကြာ စွန့်ပစ်ခံထားရသဖြင့် ဖုန်နံ့များ ပြင်းထန်လှမည်ဟု သူတို့တွက်ထားခဲ့၏။ သို့ရာတွင် နှစ်ဦးသား သွားရောက်ကြည့်ရှုသောအခါ ထိုအိမ်တွင် မီးရောင်လင်းထိန်နေခဲ့ပေသည်။ တောက်ပနေသော မီးရောင်များကြောင့်သာမဟုတ်ခဲ့လျှင် အိမ်ထဲတွင် သူခိုးဝင်နေသည်ဟု သူတို့ထင်ခဲ့မိပေမည်။
“ဝင်ကြည့်ရအောင် ငါ့အဖေပဲဖြစ်မယ်”
ရှောင်ဟိုင်ချင်းသည် မျက်နှာပြောင်းလဲမှုမရှိဘဲ ပြောလိုက်၏။ သူမသည် သူမဖခင်၏အကျင့်များကို ရိုးနေချေပြီ။
ရှောင်ဟိုင်ချင်း တံခါးကိုဖွင့်ကာ ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ရှောင်တောက်အန်းနှင့် ကျန်းရုံသည် အိပ်ခန်းထဲမှ ထွက်လာသည်ကို သူမမြင်လိုက်ရ၏။ ကျန်းရုံသည် ရှောင်ဟိုင်ချင်းကို မြင်သောအခါ ချက်ချင်းဆိုသလို မျက်နှာသွေးဆုပ်သွားပြီး နှုတ်ခမ်းများ တုန်ယင်လာတော့သည်။
“သ...သမီးအဖေက အန်တီ့ကို ဒီမှာနေခိုင်းတာပါ...”
Space and Rebirth 1116
ကျန်းရုံသည် ရှောင်ဟိုင်ချင်း၏ဒေါသကို သိပေသည်။ ဤအိမ်တွင် သူမခွင့်ပြုချက်မရှိဘဲ နေထိုင်လျှင် ရှောင်ဟိုင်ချင်း သေချာပေါက် ဒေါသထွက်လိမ့်မည်။ ရှောင်ဟိုင်ချင်းဒေါသထွက်လျှင် ဒုက္ခခံရမည့်သူမှာ သူမသာဖြစ်သည်။
ရှောင်ဟိုင်ချင်းသည် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်၏။ သူမသည် ဖိနပ်ကိုလဲ၍ ကျင်းယွင်ကျောင်းကို ဆွဲခေါ်သွင်းပြီးနောက် ရှောင်တောက်အန်းကို ဝေ့ကြည့်လိုက်သည်။
“အဖေက အမေ့ကို သတိရလို့လား? သမီး သူ့ပုံကိုသိမ်းထားတယ် အခု အဲ့ပုံကို ပြန်ထုတ်ပြီး အမွှေးတိုင်နည်းနည်း ထွန်းလိုက်မယ်လေ”
ရှောင်ဟိုင်ချင်းသည် ပြောပြောဆိုဆိုဖြင့် စတုရန်းပုံ ဗီရိုရှည်တစ်လုံးမှ ဓာတ်ပုံမှန်ဘောင်တစ်ချပ်ကို ဖြည်းဖြည်းချင်းထုတ်လိုက်သည်။ ၎င်းအား သေချာသုတ်ပြီးနောက် သူမသည် ဗီရီုပေါ်တွင် တင်လိုက်လေသည်။ ဗီရိုပေါ်တွင် အမွှေးတိုင်မှကျသော ပြာအချို့ရှိနေ၏။ ရှောင်ဟိုင်ချင်းသည် အမွှေးတိုင်တစ်ချို့ကို ထုတ်ယူကာ အကြိမ်အနည်းငယ်ခန့် ဒူးထောက်ကန်တော့ပြီး ဓာတ်ပုံရှေ့တင်လိုက်သည်။
ထို့နောက် သူမသည် အမွှေးတိုင်သုံးချောင်းကို ရှောင်တောက်အန်းဆီသို့ အပြုံးတစ်ပွင့်ဖြင့် သဘာဝဆန်စွာ ပေးလိုက်လေ၏။
ရှောင်တောက်အန်း အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် သူ၏သမီးဖြစ်သူကို စကားပြောခွင့်ပင် မရလိုက်သော်လည်း သူ၏ဇနီးဟောင်းအတွက် အမွှေးတိုင်ထွန်းရတော့မည်လော?
သို့သော် သေချာစဥ်းစားကြည့်လိုက်သောအခါ အဓိပ္ပာယ်ရှိပေသည်။
ထိုအမျိုးသမီးသည် သူမဘဝတစ်လျှောက်လုံး ကြိုးစားအလုပ်လုပ်ခဲ့၏။ သူမသေခါနီးအချိန်တွင်ပင် သူ့အား ဒုက္ခတစ်ချက်မပေးခဲ့ပေ။ ဂနာမငြိမ်သော ကျန်းရုံနှင့် တခြားစီပင်။
ရှောင်တောက်အန်းသည် အမွှေးတိုင်ကိုယူကာ အကြိမ်အနည်းငယ်ခန့် ဦးညွှတ်ပြီးနောက် ရှေ့သို့တင်လိုက်လေသည်။ ထို့နောက် သူဆက်ပြောလိုက်၏။
“ကျောင်းတက်နေတာမဟုတ်ဘူးလား? ဘာလို့ ဒီအချိန်ကြီး ပြန်လာတာလဲ?”
“အဖေ့လိုပဲ အမေ့ကိုသတိရတာနဲ့ သူ့ကိုပြန်လာကြည့်တာ”
ရှောင်ဟိုင်ချင်းသည် လေသံနူးညံ့နေဆဲဖြစ်၏။
ရှောင်ဟိုင်ချင်းသည် ယခင်က ရှောင်တောက်အန်းကိုမြင်တိုင်း ဒေါသမာန်ဖြင့် အဆင်အခြင်မဲ့ လုပ်ဆောင်တတ်သည်ကို ကျင်းယွင်ကျောင်းမှတ်မိနေသေးသည်။ သဘောမတူစရာ အနည်းငယ်ရှိရုံဖြင့် သူနှင့် အငြင်းပွားတတ်ပြီး သူမမျက်နှာ နီမြန်းလာတတ်သည်။ သူမလုံးဝနာကျင်ကြေကွဲသွားမှသာ သူမသည် မိမိစိတ်ကို ဖြည်းဖြည်းချင်း ထိန်းတတ်သွားခဲ့၏။ မိမိ၏ဖခင်အရှေ့တွင် သူမသည် ဂရုမစိုက်ခြင်းအနုပညာကို ကျင့်သုံးတတ်လာပြီး သင့်တော်သလို လုပ်ဆောင်ဖြေရှင်းတတ်လာခဲ့သည်။
ရှောင်တောက်အန်းသည် ရှက်ကိုးရှက်ကန်းဖြစ်သွားတော့၏။
သူသည် သွားလေသူဇနီး၏ ဓာတ်ပုံကိုကြည့်လိုက်သည်။
သူသည် ဤအိမ်သို့ လာရသောအကြောင်းရင်းမှာ ဤအိမ်ကို ရောင်းချင်သောကြောင့်ဖြစ်သည်...
လုပ်ငန်းလုပ်ရသည်မှာ အဆင်မပြေလှချေ။ သူသည် နင်းမြို့တော်တွင် လူပေါင်းများစွာကို ရန်စမိခဲ့သဖြင့် ဖိနှိပ်ခံနေရလေပြီ။ ထိုတင်မက သူသည် နင်းမြို့တော်တွင် ဝယ်ယူခဲ့သော အိမ်ကြီးကိုလည်း ရောင်းချလိုက်ပြီး သေးငယ်သော တိုက်ခန်းတစ်ခုအဖြစ် ပြောင်းလဲနေထိုင်ခဲ့သည်။ ငွေကြေးစီးဆင်းမှုရှိရန် သူ၏ကားကိုပင် ရောင်းချခဲ့၏။
မကြာသေးမီက သူသည် ကန်ထရိုက်တစ်ခု လက်ခံရရှိခဲ့ပြီး တစ်ဖက်လူမှလည်း သူ့အား စရန်ငွေသာ ပေးထားခဲ့သည်။ သူသာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ချင်လျှင် ငွေထပ်မံရင်းနှီးမြုပ်နှံမှ ဖြစ်ပေမည်။ ဤအိမ်မှာ ထိုအရာအတွက် ကွက်တိဖြစ်၏။ ယင်တစ်ကောင်သည် မည်မျှပင်သေးငယ်စေကာမူ အသားရှိသေးစမြဲဖြစ်သည်။ ဤအိမ်သည် ယွမ် ၅ သိန်းခန့် တန်ကြေးရှိလောက်ပေမည်။ သူသည် ဤအိမ်သို့ မရောက်သည်မှာလည်း ကြာပြီဖြစ်၍ အိမ်၏အခြေအနေကို လာကြည့်ရင်း ရောင်းစား၍ရသောအရာ ရှိမရှိ လာရောက်စစ်ဆေးခြင်းဖြစ်သည်။
သို့သော် ယခုတွင် သူ၏သမီးဖြစ်သူမှ ထိုသို့ပြောလိုက်သဖြင့် မည်သို့ပြန်ပြောရမည်ကို သူမသိတော့ချေ။
သို့ရာတွင် သူမဖခင် အဘယ်ကြောင့် ဤနေရာသို့ရောက်နေကြောင်း ရှောင်ဟိုင်ချင်း ကောင်းကောင်းသိထား၏။ သူမဖခင်သည် သူမမိခင်၏အိမ်ကို ရောင်းချင်နေကြောင်း ကျန်းရုံဆီမှ ကြားထားသောကြောင့်ဖြစ်သည်။
သို့သော် ကျန်းရုံကို အပြစ်တင်၍မရချေ။ ကျန်းရုံသာ သူမလက်အောက်တွင် လိမ်လိမ်မာမာမနေလျှင် သူမသားအရင်းကို တွေ့ရမည်မဟုတ်ပေ။ ထို့အပြင် အရေးကြီးဆုံးအနေဖြင့် ကျန်းရုံသာ ခံပြောလျှင် သေချာပေါက် အရိုက်နှက်ခံရမည်ဖြစ်သောကြောင့်ဖြစ်သည်။
ရှောင်မိသားစုထဲမှ ထွက်လာလျှင် သွားစရာနေရာမရှိမည့် အမျိုးသမီးတစ်ဦးသည် မိမိ၏ဒေါသမာန်မာနများကို ချိုးနှိမ်ရုံမှအပ အခြားမရှိပေ။
ရှောင်ဟိုင်ချင်းနှင့် ကျင်းယွင်ကျောင်းတို့ ထိုင်ချလိုက်၏။ ရှောင်တောက်အန်းသည် အနည်းငယ်အရှက်ရနေသော်လည်း ရှောင်ဟိုင်ချင်းမှာမူ သတိမထားမိသလို နေနေခဲ့သည်။ အထူးသဖြင့် ကျင်းယွင်ကျောင်းရှိနေစဥ်အတွင်းဖြစ်၏။ ရှောင်တောက်အန်းသည် ချီတုံချတုံဖြင့် သူသည် ငွေလိုသောကြောင့် အိမ်ကိုရောင်းချင်ကြောင်း ပြောရမည်လော မပြောရမည်လော ဝေခွဲမရဖြစ်နေသည်။ ရှောင်ဟိုင်ချင်း ဒေါသထွက်မည်ကို ကြောက်နေမိသည်။ ကျင်းယွင်ကျောင်းသည် သူမဖက်မှ ကာကွယ်ပေးပြီး အကြီးအကဲထန်နှင့် အခြားသူများသာ သူ့ကိုဖိအားပေးလိုက်လျှင် သူ့ဘဝအဆုံးသတ်ချေပြီ။
သို့သော် သူသာ ရှောင်ဟိုင်ချင်း၏ဖခင်မဟုတ်လျှင် မိသားစုထဲတွင် လူရာဝင်မည်မဟုတ်ပေ။ သူအသက်ဆက်ရှင်နိုင်သော အကြောင်းရင်းမှာ ရှောင်ဟိုင်ချင်းသည် သူမရင်ထဲရှိ အငြိုးအတေးများကို မဖြေရှင်းရသေးသောကြောင့်သာ ဖြစ်သည်။
“အာ ဟုတ်သားပဲ အဖေ သမီးအခုတလော ဇာတ်ကောင်တစ်ခုကို မျက်စိကျနေတာကြာပြီ အဲ့ဇာတ်ကောင်ကို သရုပ်ဆောင်နိုင်ဖို့ဆိုရင် ငွေနည်းနည်းလိုတယ် သမီးကို ကူညီလို့ရလား? စိတ်မပူပါနဲ့ အဲဒီဇာတ်ကောင်ကို အမိအရယူနိုင်တာနဲ့ အဖေပေးတဲ့ပိုက်ဆံကို နှစ်ဆပြန်ရမှာ”
ရှောင်ဟိုင်ချင်းသည် ရုတ်ချည်းဆိုသလို ပြောလိုက်၏။