အခန်း (၁၄၀၉-၁၄၁၀)
Vol. 141 Ch. 1409-1410
အခန်း (၁၄၀၉) - ဝမ့်ချွမ်းသို့ တစ်ခေါက်
နန်မင်ရှောက်ကျဲမှာ အချည်းနှီးသာ လိုက်လံရှာဖွေခဲ့ရသည်။
သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် အဆင့် ၁ ယင်မိစ္ဆာအကြီးစားကို မည်သို့မျှ အမီမလိုက်နိုင်ပေ။
ငရဲမင်းစစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အဆင့် ၂ ယင်မိစ္ဆာအကြီးစားနှင့် ရင်ပေါင်တန်းနိုင်သော ဖန့်ချန်ကိုမူ သာ၍ပင် အမီလိုက်နိုင်စွမ်းမရှိချေ။
ခြေတစ်ထောင် ယင်မိစ္ဆာအကြီးစားမှာမူ ဖန့်ချန်ကို သတ်ရမည့်စာရင်းထဲတွင် ထည့်သွင်းထားကာ ပြေငြိမ်း၍မရနိုင်သော ရန်ငြိုးများဖြင့် အနောက်မှ တကောက်ကောက် လိုက်နေတော့သည်။
ဖန့်ချန်ကမူ ပြန်လည်မတိုက်ခိုက်ဘဲ တောင်ဘက်အရပ်ဆီသို့သာ တောက်လျှောက် ပျံသန်းနေ၏။
လမ်းခရီးတွင် အချို့သော တည်ရှိမှုများနှင့် ရံဖန်ရံခါ ဆုံတွေ့သော်လည်း ထိုသူတို့မှာ ခြေတစ်ထောင် ယင်မိစ္ဆာအကြီးစား၏ အရှိန်အဝါကို ခံစားမိသည်နှင့် ပြာပြာသလဲ ပုန်းကွယ်သွားကြပြီး အနားသို့ပင် မကပ်ရဲကြချေ။
လင်းယွမ်တို့ သုံးယောက်မှာ နန်မင်ရှောက်ကျဲတို့နှင့်အတူ ကျွယ်မင် ယင်လောကသို့ ပြန်ရောက်နေပြီဖြစ်သည်။
ကျွယ်မင် ယင်လောက၊ ယင်စစ်သည်ရုံးတော်အတွင်း၌ လူတစ်စုမှာ ကျိရှန့်၏ ရှေ့တွင် ခေါင်းငုံ့ကာ ရပ်နေကြသည်။
ကျိရှန့်၏ မျက်နှာမှာ ဒေါသကြောင့် အရောင်အမျိုးမျိုး ပြောင်းလဲနေပြီး ခေတ္တမျှ ကြာပြီးနောက်မှသာ စိတ်ပျက်လက်ပျက်ဖြင့် ဆူပူကြိမ်းမောင်းတော့သည်
“သူတို့က ယင်လောကကို ပထမဆုံးအကြိမ် ဆင်းလာတာ၊ တရားဝင် လုပ်ထုံးလုပ်နည်းတွေတောင် မလုပ်ရသေးဘူး... ခင်ဗျားတို့က သူတို့ကို ခေါ်ပြီး ယင်မိစ္ဆာ သွားနှိမ်နင်းခိုင်းတယ်ပေါ့ သူတို့တွေ ကျွယ်မင် ယင်လောကရဲ့ စာရင်းထဲမှာတောင် မဝင်ရသေးတာ မင်းတို့ သိရဲ့လား ”
တုရုဖုန်းမှာ ခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမျှ မဟရဲချေ။
ကျန်သောသူများမှာလည်း နန်မင်ရှောက်ကျဲကိုသာ မျက်လုံးအောက်ခြေမှ ခိုးကြည့်နေကြသည်။
ထိုလူများထဲတွင် နန်မင်ရှောက်ကျဲ၏ အဆက်အသွယ်တစ်ခုတည်းကသာ သူတို့ကို ပြစ်ဒဏ်မှ ကင်းလွတ်အောင် လုပ်ပေးနိုင်မည်ဖြစ်သည်။
နန်မင်ရှောက်ကျဲက တိုးတိုးလေး ဆိုသည်
“ကျုပ်တို့လည်း မသိလို့ပါ... အဲဒီ ယင်မိစ္ဆာက တိုက်ပွဲအလယ်မှာတင် ယင်မိစ္ဆာအကြီးစားအဖြစ် အဆင့်တက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ”
“တိုက်ပွဲဆိုတာ အမြဲတမ်း ပြောင်းလဲနေတာပဲ၊ မင်းတို့မှာ ရာနှုန်းပြည့် ယုံကြည်ချက်မရှိရင် သူတို့ကို ခေါ်မသွားသင့်ဘူးယ”
ကျိရှန့်က နှာခေါင်းရှုံ့ကာ ဆိုသည်။
“ဒီကိစ္စကို... ကျုပ် တာဝန်ယူပါ့မယ်။ ဖန့်ချန်မိတ်ဆွေက ကျုပ်တို့ကို ကယ်ဖို့အတွက်နဲ့ အခုလို ဘေးဒုက္ခနဲ့ ကြုံနေရတာ၊ ကျုပ် သူ့ကို အသက်တစ်ချောင်း ကြွေးတင်သွားပြီ ”
နန်မင်ရှောက်ကျဲက အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်သည်။
တုရုဖုန်းတို့မှာလည်း ယခုထက်ထိ တုန်လှုပ်နေဆဲပင်။
ထိုစဉ်က ဖန့်ချန်သာ အချိန်မီ ဝင်မပါခဲ့လျှင် သူတို့အားလုံး ဝိညာဉ်ချုပ်ငြိမ်းသွားလောက်ပြီ ဖြစ်သည်။
“မင်းက ဘာနဲ့ တာဝန်ယူမှာလဲ ”
ကျိရှန့်က ခနဲ့ပြုံး ပြုံးလိုက်ပြီးနောက် လင်းယွမ်တို့ကို လှည့်ကြည့်ကာ နဖူးကို လက်ဖြင့် ရိုက်မိသည်။
ထိုလူများကို သူကိုယ်တိုင် ကျွယ်မင် ယင်လောကသို့ ခေါ်လာခြင်းဖြစ်ရာ ယခုလို ပြဿနာတက်သောအခါ သူလည်း တာဝန်မကင်းပေ။
သာမန် ပြင်ပကျင့်ကြံသူများဆိုလျှင် ပြဿနာမရှိသော်လည်း ယခု ပျောက်ဆုံးသွားသူမှာ ကြာနီနတ်မိမယ် နှင့် ရင်းနှီးလွန်းသူ ဖြစ်နေသည်။
“မင်းတို့ ဒီမှာပဲ စောင့်နေကြ၊ ငါ သွားကြည့်လိုက်ဦးမယ်။ တကယ်လို့ လူကို ပြန်ခေါ်လာနိုင်ရင်တော့ တစ်မျိုးပေါ့၊ ပြန်မခေါ်နိုင်ရင်တော့ ဒီကိစ္စကို မင်းရဲ့ ဝမ်းကွဲ အစ်ကိုကို အကြောင်းကြားပြီး ဖြေရှင်းခိုင်းရလိမ့်မယ်။ လီရှမ်းဇီ လည်း ဒီကို ရောက်လာနိုင်သလို ဟုန်ညီမလေးလည်း ပါလာလိမ့်မယ် ”
ကျိရှန့်က စကားတစ်ခွန်း ချန်ထားရစ်ကာ ယင်စစ်သည်ရုံးတော်မှ ထွက်ခွာသွားသည်။
တုရုဖုန်းတို့မှာ ချက်ချင်းပင် သက်ပြင်းချနိုင်တော့သည်။
အမာခံတပည့်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့မှာ ဖိအားများလွန်းသဖြင့် ရင်တထိတ်ထိတ် ဖြစ်နေရခြင်း ဖြစ်၏။
“ဒီ ဖန့်ချန်မိတ်ဆွေက ဘယ်လို နောက်ခံရှိလို့လဲ စီနီယာအစ်ကို လီရှမ်းဇီ နဲ့တောင် ပတ်သက်နေတာလား ”
သူတို့က အသံကိုနှိမ့်ကာ နန်မင်ရှောက်ကျဲကို မေးမြန်းကြသည်။
“ဖန့်ချန်မိတ်ဆွေရဲ့ နောက်ခံက နည်းနည်း ထူးခြားတယ်။ အခု အသစ်တက်လာတဲ့ အမာခံတပည့်ဟာ ဖန့်ချန်မိတ်ဆွေရဲ့ နယ်မြေရှာဖွေရေးအဖွဲ့က အဖွဲ့ဝင်ဟောင်း တစ်ယောက်ပဲ၊ သူတို့ ဆက်ဆံရေးက တော်တော်ကောင်းတယ် ”
နန်မင်ရှောက်ကျဲက တိုးတိုးလေး ဆိုသည်။
“မင်း ဘာလို့ စောစောက မပြောတာလဲ ”
တုရုဖုန်းတို့မှာ ထိတ်လန့်သွားကြသည်။
ထိုကဲ့သို့သော ဆက်ဆံရေးမျိုး ရှိမှန်းသာ သိလျှင် သူတို့ မည်သို့မျှ ထိုသူကို ယင်မိစ္ဆာနှိမ်နင်းရာတွင် ပါဝင်ရန် ခေါ်မည်မဟုတ်ပေ။
“ဖြစ်ပြီးမှတော့ ဘာပြောပြော နောက်ကျသွားပါပြီ ”
နန်မင်ရှောက်ကျဲက ခါးသက်သက် ပြုံးလိုက်ရင်း မျက်နှာပျက်နေသော လင်းယွမ်တို့ သုံးယောက်ကို လှည့်ကြည့်လိုက်သည်။
“မိတ်ဆွေတို့... ဖန့်ချန်မိတ်ဆွေရဲ့ ကိစ္စက...”
“ခေါင်းဆောင်က ဘာမှမဖြစ်လောက်ပါဘူး ခေါင်းဆောင်ရဲ့ စွမ်းအားက မင်းတို့ ထင်ထားတာထက် အများကြီး ပိုတောင့်တင်းပါတယ် ”
လင်းယွမ်က အတင်းအဓမ္မ ပြုံးကာ ဆိုသည်။
ဘယ်လောက်ပဲ တောင့်တင်းပါစေဦး... ယင်မိစ္ဆာအကြီးစားထက် သာပါ့မလား။
ကျန်သောသူများမှာ စိတ်ထဲတွင် သက်ပြင်းချမိကြသည်။
“တကယ်လို့ ဒီကိစ္စက ပိုကြီးလာရင် ကျုပ်တို့ကို ယင်စစ်သည်ရုံးတော်ကနေ တရားသူကြီးရုံးတော် ကို ပို့ပြီး စီရင်ချက်ချမှာလား ”
တစ်ယောက်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ စိုးရိမ်တကြီး မေးလိုက်သည်။
တရားသူကြီးရုံးတော် အကြောင်းကို ပြောလိုက်ချိန်တွင် သူ၏ မျက်ဝန်းထဲ၌ ထိတ်လန့်ရိပ်များ ထင်ဟပ်နေသည်။
“အဲဒီလောက်ထိတော့ မဖြစ်လောက်ပါဘူး၊ ရှောက်ကျဲ... မင်းရဲ့ အစ်ကိုက တရားသူကြီးရုံးတော်ကပဲ မဟုတ်လား၊ အဲဒီကျရင် ကျုပ်တို့ကို...”
နန်မင်ရှောက်ကျဲက ဘာမှပြန်မပြောပေ။
လင်းယွမ်သည် ဖန့်ချန်အတွက် စိုးရိမ်နေသော်လည်း မအောင့်နိုင်ဘဲ မေးလိုက်မိသည်
“မိတ်ဆွေတို့... ဒီက ရုံးတော်တွေအကြောင်းက ဘယ်လိုမျိုးလဲ ”
“ကျွယ်မင် ယင်လောကကို ဒီရုံးတော်တွေနဲ့ပဲ အုပ်ချုပ်တာ။ ဒီရုံးတော်တွေရဲ့ အကြီးအကဲ နေရာတွေကို အမာခံတပည့်တွေပဲ တာဝန်ယူနိုင်တယ်။ စီနီယာ ကျိရှန့်က ယင်စစ်သည်ရုံးတော်ရဲ့ အကြီးအကဲ တစ်ယောက်ပေါ့ ”
နန်မင်ရှောက်ကျဲက ရှင်းပြသည်။
“ဒါဆို ကျုပ်တို့လို ပြင်ပကျင့်ကြံသူတွေရော ဖြစ်နိုင်မလား”
“ဖြစ်နိုင်တယ် ”
နန်မင်ရှောက်ကျဲက ခေါင်းငြိမ့်ပြသည်
“အဆက်အသွယ်ရှိပြီး စွမ်းအားလည်း လုံလောက်မယ်ဆိုရင် အဆင့် ၁ မသေမျိုး ဖြစ်လာတဲ့အခါ အရေးမပါတဲ့ ရာထူးအချို့ကို ရယူခွင့်ရှိပါတယ်။ ဖန့်ချန်မိတ်ဆွေသာ အဆင့် ၁ မသေမျိုး ဖြစ်လာမယ်ဆိုရင် ယင်လောကမှာ ရာထူးတစ်ခုခု ရမှာ သေချာတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အမာခံတပည့်တွေရဲ့ အုပ်ချုပ်မှုအောက်မှာပဲ နေရမှာပဲ၊ ဒါက စည်းကမ်းပဲ ”
ရက်အနည်းငယ် အချိန်ကုန်လွန်သွားသည်။
ကျိရှန့် ပြန်ရောက်လာခဲ့သလို သူနှင့်အတူ လီရှမ်းဇီ ၊ နန်မင်ရုယွဲ့ နှင့် ကြာနီနတ်မိမယ်လေး တို့ပါ ပါလာကြသည်။
လင်းယွမ်တို့ သုံးယောက်မှာ ကြာနီနတ်မိမယ်လေးကို မြင်လိုက်ရသောအခါ အနေခက်သည့် ဟန်ပန်များ ပေါ်လာသည်။
“ဖန့်ချန်မိတ်ဆွေရဲ့ ကိစ္စက မင်းတို့ သုံးယောက်နဲ့ မဆိုင်ပါဘူး ”
ကြာနီနတ်မိမယ်လေးက ခပ်အေးအေးပင် ဆိုသည်။
သူတို့ သုံးယောက်မှာလည်း ထိုသို့ပင် ထင်မြင်သော်လည်း ထိုအချိန်က ဘာမှ မကူညီနိုင်ခဲ့သဖြင့် စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိနေကြသည်။
နန်မင်ရုယွဲ့ က နန်မင်ရှောက်ကျဲကို အေးစက်စက် ကြည့်နေသဖြင့် နန်မင်ရှောက်ကျဲမှာ ထိုင်မရ ထမရ ဖြစ်နေစဉ်မှာပင် သူက စကားစလာသည်
“ငါ စီနီယာ ကျိရှန့်နဲ့ ပူးပေါင်းပြီး ဖန့်ချန်ရဲ့ သဲလွန်စကို ရှာဖို့ လူလွှတ်လိုက်မယ်။ လူကို ရှာမတွေ့ခဲ့ရင်တော့ အထက်ကို အစီရင်ခံရလိမ့်မယ်။ သူတို့တွေက ယင်လောကကို ခွင့်ပြုချက်မရှိဘဲ ဆင်းလာတာမို့လို့ အမှားတစ်ခု ရှိသလို၊ မင်းတို့ကလည်း သူတို့ကို ခေါ်ပြီး ယင်မိစ္ဆာ သွားနှိမ်နင်းတာကလည်း အမှားတစ်ခုပဲ။ တစ်ခုနဲ့တစ်ခု ခုနှိမ်လိုက်ရင် မင်းတို့တွေ တရားသူကြီးရုံးတော်မှာ ၁၀ နှစ်ကြာ ထောင်ဒဏ်ခံရရင် ကိစ္စပြတ်သွားလိမ့်မယ် ”
“၁၀ နှစ်...”
လူတိုင်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
၁၀ နှစ်ဆိုသည်မှာ တိုတောင်းပုံရသော်လည်း တရားသူကြီးရုံးတော်ထဲတွင် နေထိုင်ရမည့် အရသာမှာမူ...
“ဒီကိစ္စမှာ ငါလည်း တာဝန်ရှိပါတယ်၊ ငါသာ သူတို့ကို ခေါ်မလာခဲ့ရင် ဒီလို ဖြစ်မှာမဟုတ်ဘူး။ ယင်စစ်သည်အချို့ကို သုံးပြီး ရှာဖွေတဲ့ နယ်ပယ်ကို တိုးချဲ့လိုက်မယ်။ ဒါပေမဲ့ ဒီနေရာက ယင်လောက ဖြစ်နေတော့ သူ တကယ်ပဲ သေသွားခဲ့ရင် အလောင်းကို ရှာဖို့က မဖြစ်နိုင်ဘူး၊ အဲဒါကိုတော့ ဟုန်ညီမလေး နားလည်ပေးစေချင်တယ် ”
ကျိရှန့်က ကြာနီနတ်မိမယ်ကို ကြည့်ကာ ဆိုသည်။
“စီနီယာတို့ လူရှာပေးဖို့ ကူညီမယ်ဆိုရင် ကျန်တဲ့ကိစ္စတွေက ပြောရလွယ်ပါတယ် ”
ကြာနီနတ်မိမယ်က ခေါင်းငြိမ့်ပြပြီးနောက် လင်းယွမ်တို့ကို ကြည့်လိုက်သည်
“မင်းတို့ ငါနဲ့ ပြန်လိုက်ခဲ့၊ ခေတ္တလောလောဆယ် ဖန့်ချန်မိတ်ဆွေရဲ့ ရုပ်ခန္ဓာကို စောင့်ရှောက်ပေးထားရမယ် ”
“ဟုတ်တယ်၊ ရုပ်ခန္ဓာကို အရင်စောင့်ရှောက်ထားရမယ်။ အကယ်၍ သူ့ရဲ့ ဝိညာဉ်သာ ချုပ်ငြိမ်းသွားရင် ရုပ်ခန္ဓာမှာလည်း သက်ရောက်မှု ရှိလိမ့်မယ်။ ရုပ်ခန္ဓာ ဘာမှမဖြစ်သေးသရွေ့တော့ ကယ်တင်နိုင်ဖို့ မျှော်လင့်ချက် ရှိပါသေးတယ် ”
ကျိရှန့်က ဆိုသည်။
လီရှန်းကျီနှင့် ကြာနီနတ်မိမယ် တို့က လင်းယွမ်တို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားကြသည်။
သူတို့ ထွက်သွားပြီးနောက် နန်မင်ရုယွဲ့ သည် နန်မင်ရှောက်ကျဲတို့ကို တရားသူကြီးရုံးတော်သို့ ခေါ်ဆောင်သွားတော့သည်။
“ဝမ်ကွဲအစ်ကို... ဒီတစ်ခေါက် ဖန့်ချန်မိတ်ဆွေ ဘေးတွေ့တာက ကျုပ်တို့ကို ကယ်ဖို့အတွက်ပါ။ ဖန့်ချန်မိတ်ဆွေသာ မရှိရင် ကျုပ်တို့ အဲဒီ ယင်မိစ္ဆာလက်ထဲမှာ သေသွားလောက်ပြီ ”
နန်မင်ရှောက်ကျဲက တိုးတိုးလေး ဆိုသည်။
“ဒီကိစ္စကို ငါ ကြားပြီးပြီ၊ မင်း သတိပေးနေဖို့ မလိုဘူး။ သူ ကယ်တင်လိုက်တာက နန်မင်မိသားစုရဲ့ သားသမီးတွေ ဖြစ်နေတော့ ဒီကျေးဇူးကို ငါ လက်ခံရမှာပဲ။ ငါကိုယ်တိုင် လူခေါ်ပြီး သွားရှာပေးမယ် ”
နန်မင်ရုယွဲ့ က အေးအေးဆေးဆေးပင် ဆိုသည်
“မင်းတို့ကတော့ လောလောဆယ် ဒီမှာပဲ ခဏနေနေကြဦး ”
နန်မင်ရှောက်ကျဲမှာ စိတ်အေးသွားကာ ခေါင်းငြိမ့်လိုက်သည်
“ဟုတ်ကဲ့ ”
နှစ်အနည်းငယ် အချိန်ကုန်လွန်သွားသည်။
ဖန့်ချန်၏ သဲလွန်စကို ရှာမတွေ့သဖြင့် ကျွယ်မင် ယင်လောက၏ ယင်စစ်သည်ရုံးတော်နှင့် တရားသူကြီးရုံးတော်တို့မှာ ရှာဖွေခြင်းကို ရပ်ဆိုင်းလိုက်ကြသည်။
နန်မင်ရှောက်ကျဲတို့မှာ ၁၀ နှစ်ကြာ ထောင်ဒဏ်ခံရမည် ဖြစ်သော်လည်း ဖန့်ချန်၏ ရုပ်ခန္ဓာမှာ ယိုယွင်းပျက်စီးခြင်း မရှိသေးသဖြင့် ပြစ်ဒဏ်ကို ခေတ္တဆိုင်းငံ့ထားပေးခဲ့သည်။
တစ်ချိန်တည်းမှာပင်...
ဖန့်ချန်သည် သူနှင့် ရင်းနှီးပြီးသား မြင်ကွင်းတစ်ခုကို နောက်ဆုံးတွင် မြင်လိုက်ရလေပြီ။
တဟိုင်းဟိုင်းလှုပ်နေသော ဝမ့်ချွမ်းမြစ် ကြီးသည် ထိုကမ္ဘာမြေရှိ နက်ရှိုင်းလှသော ချောက်ကမ္ဘာကြီးသဖွယ် ဤနေရာတွင် ဝပ်စင်းတည်ရှိနေလေတော့သည်။
အခန်း (၁၄၁၀) - မည်သို့ ရပ်တည်မည်နည်း
ခြေတစ်ထောင် ယင်မိစ္ဆာအကြီးစားသည် ဖန့်ချန်နောက်သို့ ထိုမျှကြာအောင် လိုက်လံနေသော်လည်း အမီမလိုက်နိုင်သဖြင့် ၎င်း၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ယခုအခါ ဖန့်ချန်သည် ဝမ့်ချွမ်းမြစ်ရှေ့တွင် ရပ်တန့်သွားသည်ကို မြင်လိုက်ရသောအခါ ၎င်းသည် ဦးစွာ သံသယဖြင့် ခေတ္တရပ်တန့်လိုက်ပြီးမှ အောင်နိုင်သူတစ်ယောက်ကဲ့သို့ စူးရှစွာ အော်ဟစ်ကာ ဖန့်ချန်ထံသို့ ခုန်အုပ်လိုက်တော့သည်။
ပေရာချီရှည်လျားသော ခြေတစ်ထောင် ယင်မိစ္ဆာအကြီးစားကြီး လှုပ်ရှားရုန်းကန်လိုက်ပုံမှာ ကောင်းကင်နှင့် မြေကြီးကို အုပ်မိုးလိုက်သည့် အမည်းရောင်တိမ်တိုက်ကြီးသဖွယ် အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှ၏။
သို့သော် ၎င်းသည် တိတ်ဆိတ်ငြိမ်သက်နေသော ဝမ့်ချွမ်းမြစ်အောက်ခြေတွင် အရိပ်မည်းကြီးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာနေသည်ကို သတိမထားမိခဲ့ချေ။
ဖန့်ချန်မှာမူ ခြေတစ်ထောင် ယင်မိစ္ဆာအကြီးစားကို ကျောခိုင်းထားလျက် မလှုပ်မယှက် ရပ်နေသည်။
၎င်း၏ တိုက်ခိုက်မှုမှာ မိမိကိုယ်ပေါ်သို့ ကျရောက်တော့မည် ဖြစ်သော်လည်း သူသည် အနည်းငယ်မျှပင် ရှောင်ကွင်းလိုစိတ် မရှိချေ။
ဝေါ...
ဝမ့်ချွမ်းမြစ်ထဲမှ ရုတ်တရက် ဧရာမ လှိုင်းလုံးကြီးများ ထိုးတက်လာပြီး ထိတ်လန့်ဖွယ် ကောင်းလှသော ခန္ဓာကိုယ်ကြီးတစ်ခုက ရေပြင်ကို ခွဲထွက်ကာ ပေါ်ထွက်လာတော့သည်။
ပေရာချီရှည်သော ခြေတစ်ထောင် ယင်မိစ္ဆာအကြီးစားသည် ထိုခန္ဓာကိုယ်ကြီးနှင့် ယှဉ်လိုက်လျှင် မြွေဟောက်ကြီးရှေ့ရောက်နေသည့် ခူကောင်လေးတစ်ကောင်ကဲ့သို့ပင်။
ခြေတစ်ထောင် ယင်မိစ္ဆာအကြီးစား၏ မျက်နှာတွင် ကြောက်ရွံ့မှုများ အထင်သား ပေါ်လာပြီး ၎င်း၏ စူးရှသော အော်ဟစ်သံမှာပင် အသံနေအထား ပြောင်းလဲသွားတော့သည်။
ကျူလုံ သည် ပါးစပ်ကို ဖြဲဟကာ ခြေတစ်ထောင် ယင်မိစ္ဆာအကြီးစားကို တစ်လုပ်တည်းဖြင့် ဝါးမြိုလိုက်ပြီးနောက် ခန္ဓာကိုယ်ကို ပုံမှန်အရွယ်အစားသို့ ပြန်ပြောင်းကာ ဖန့်ချန်၏ အနားသို့ တိုးကပ်လာပြီး ဖန့်ချန်၏ ပါးပြင်ကို ၎င်း၏ ပါးပြင်ဖြင့် ပွတ်သီးပွတ်သပ် လုပ်နေတော့သည်။
“ငါတို့ မတွေ့ဖြစ်တာ နှစ်ပေါင်း ငါးဆယ်၊ ခြောက်ဆယ်လောက် ရှိပြီထင်တယ်နော် ”
ဖန့်ချန်က ပြုံးလျက် ကျူလုံ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်
“ဒီနှစ်တွေထဲမှာ မင်းလည်း အပျင်းမထူခဲ့ဘူးပဲ၊ စွမ်းအားတွေက ဒီအဆင့်အထိ တိုးတက်လာပြီပေါ့ ”
ကျူလုံ ပေါ်ထွက်လာစအချိန်က ၎င်း၏ ခန္ဓာကိုယ် ကြီးမားလှပုံမှာ ဖန့်ချန်ကိုပင် အံ့သြသွားစေခဲ့သည်။
အဆင့် ၁ ယင်မိစ္ဆာအကြီးစားကို အားစိုက်စရာမလိုဘဲ တစ်လုပ်တည်း မြိုချနိုင်ခြင်းမှာ ၎င်း၏ စွမ်းအား တိုးတက်မှုက အလွန်ပင် ကြောက်စရာကောင်းလှသည်။
အနည်းဆုံးတော့ ယွီထင်ကျဲတို့ကဲ့သို့ အဆင့် ၄ မသေမျိုးများနှင့် အဆင့်တူနေပြီဖြစ်ကာ ဝမ့်ချွမ်းမြစ်ထဲတွင်သာ ဆိုလျှင် အဆင့် ၅၊ အဆင့် ၆ မသေမျိုးများပင် ၎င်းကို မည်သို့မျှ လုပ်နိုင်မည်မဟုတ်ပေ။
ကျူလုံ၏ ကြီးထွားမှုမှာ ဖန့်ချန် ထင်မှတ်ထားသည်ထက် ပိုမိုမြန်ဆန်နေခြင်းက ဝမ့်ချွမ်းမြစ်သည် ၎င်းအတွက် အသင့်တော်ဆုံးနေရာ ဖြစ်ကြောင်း သက်သေပြနေသည်။
“သွားကြစို့ ”
ဖန့်ချန်သည် ကျူလုံကို ခေါ်ကာ ဝမ့်ချွမ်းမြစ်ထဲသို့ လှမ်းဝင်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ရှေ့တည့်တည့်တွင် တံတားကြီးတစ်ခု ပေါ်လာတော့သည်။
ကျန်းကွမ်မြို့
မယ်တော်စီ သည် နတ်မိမယ်ယွီ နှင့်အတူ ယခုနှစ်အတွက် စာရင်းဇယားများကို တွက်ချက်နေပြီး ရှင်းရှန်း က ဘေးမှ ကူညီပေးရင်း သူတာဝန်ယူထားသော အပိုင်းကို တင်ပြနေသည်။
နှစ်ပေါင်း ဆယ်ဂဏန်းမျှ ကုန်လွန်သွားခဲ့ရာ ရှင်းရှန်း၏ ကျင့်ကြံမှုသည်လည်း အဆင့် ၁ မသေမျိုးအဆင့်သို့ တည်ငြိမ်စွာ ဝင်ရောက်ခဲ့ပြီဖြစ်သည်။
မယ်တော်စီမှာမူ ယခင်က အဆင့် ၁ ယင်မိစ္ဆာအကြီးစားအဆင့်မှ ယခုအခါ အဆင့် ၂ သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
သူမသည် ယင်မိစ္ဆာအကြီးစား ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ယခင်က အဆင့် ၁ တွင်သာ အမြဲပိတ်မိနေခဲ့ခြင်း ဖြစ်၏။
သို့သော် ယင်လောက၏ အစစ်မှန် နတ်ဘုရား ဝိညာဥ် ဖြစ်လာပြီးနောက်တွင်မူ သူမသည် ယင်လောက၏ အချစ်တော် ဖြစ်လာသကဲ့သို့ပင် သာမန်ယင်မိစ္ဆာများ မပိုင်ဆိုင်သည့် စွမ်းအားများစွာကို ရရှိခဲ့သည်။
ထိုအထဲမှ အဓိကအကျဆုံး စွမ်းအားမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ အလုံးအရင်းနှင့် စီးဆင်းနေသော ကံကြမ္မာအကျိုးဆက် စွမ်းအားများ ထဲမှ မိမိနှင့်ဆိုင်သည့် အစိတ်အပိုင်းကို ထုတ်ယူစားသုံးနိုင်ခြင်းပင်။
ထိုအချက်တစ်ခုတည်းနှင့်တင် မယ်တော်စီ တို့၏ ကျင့်ကြံမှုမှာ တစ်နေ့တခြား တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
“ယွီလေး... ဒီအရာတွေကို မင်း သင်ယူထားသင့်တယ်နော် ”
နတ်မိမယ်ယွီ က ဘာမှမလုပ်ဘဲ ဘေးတွင် ခြေထောက်ချိတ်ထိုင်နေသည်ကို မြင်သောအခါ မယ်တော်စီ က မနေနိုင်ဘဲ ပြောလိုက်မိသည်။
“ကျမက ဘာလို့ သင်ရမှာလဲ ”
နတ်မိမယ်ယွီ က မျက်စောင်းထိုးကာ ပြန်ပြောသည်။
“မင်းနဲ့ သခင်လေး ရဲ့ ဆက်ဆံရေးက မရိုးရှင်းဘူးလေ။ နောင်ကျရင် မင်းက ငါတို့ရဲ့ သခင်မ ဖြစ်လာနိုင်တာပဲ၊ ဒီအရာတွေကို ကျွမ်းကျင်ထားမှ နောင်တစ်ချိန်မှာ အောက်ကလူတွေ ခိုးဝှက်လုပ်တာမျိုးရှိရင် တစ်ချက်ကြည့်ရုံနဲ့ သိနိုင်မှာပေါ့ ”
မယ်တော်စီ က စေတနာဖြင့် အလေးအနက် ပြောရှာသည်။
နတ်မိမယ်ယွီ သည် ချက်ချင်းပင် ထိုင်ခုံပေါ်မှ ခုန်ဆင်းလာပြီး သူတို့နှစ်ဦးရှေ့သို့ လျှောက်သွားကာ စာရင်းဇယားများကို တစ်ချက်ကြည့်လိုက်ပြီး အချို့နေရာများကို လက်ညှိုးထိုးပြလိုက်သည် ။
“ဒီနေရာအချို့က လွဲနေတယ်၊ ပြန်စစ်ကြည့်လိုက်ဦး ”
ပြောပြီးသည်နှင့် သူမသည် ထိုင်ခုံသို့ ပြန်သွားကာ သူတို့ကို ဂရုမစိုက်တော့ချေ။
မယ်တော်စီ နှင့် ရှင်းရှန်းတို့သည် တစ်ဦးကိုတစ်ဦး ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ကြပြီး စာရင်းကို တကယ်ပင် ပြန်စစ်ကြည့်ကြရာ နတ်မိမယ်ယွီ ပြောသည့်အတိုင်း အမှန်တကယ်ပင် လွဲချော်မှုအချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။
ရှင်းရှန်း က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မယ်တော်စီကို ပြောလိုက်သည်
“ဒီကိစ္စကို ငါ သွားဖြေရှင်းလိုက်ဦးမယ်။ ဒါက အမှတ်တမဲ့ မှားတာလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က အသားယားနေတာလားဆိုတာ သိရတာပေါ့ ”
ရှင်းရှန်းသည် လှည့်ထွက်သွားစဉ်မှာပင် တံခါးဝ၌ ဖန့်ချန်နှင့် ထိပ်တိုက် တိုးလေတော့သည်။
သူသည် သေချာကြည့်လိုက်ပြီးနောက် အံ့သြဝမ်းသာစွာဖြင့် အော်လိုက်မိသည်
“သခင်လေး ”
သခင်လေး
မယ်တော်စီ သည် အမြန်ပြေးလာခဲ့သလို နတ်မိမယ်ယွီ မှာလည်း မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင်မှ မလိုလားသလိုဟန်ဖြင့် လျှောက်လာခဲ့သည်။
ဖန့်ချန်က ခေါင်းငြိမ့်ပြလိုက်ပြီး မယ်တော်စီ တို့နှင့် စကားအနည်းငယ် ပြောဆိုကာ ထိုနှစ်များအတွင်း ကျန်းကွမ်မြို့၏ ဝင်ငွေများကို မေးမြန်းပြီးနောက် သူတို့နှစ်ဦးကို အပြင်တွင် ခေတ္တစောင့်ခိုင်းလိုက်သည်။
“သခင်လေး ... ကျမ ကို သွားခွင့်ပြုလိုက်ပါတော့လား။ ဘာပဲဖြစ်ဖြစ် အခု ကျမက ဘာမှလည်း ပြန်လုပ်နိုင်တာ မဟုတ်တော့ပါဘူး ”
နတ်မိမယ်ယွီ က ဖန့်ချန်ကို သနားကမားကြည့်ကာ ပြောလိုက်သည်။
“ထိုင်ဦး၊ ငါတို့ ကောင်းကောင်း စကားပြောရအောင်”
ဖန့်ချန်က ဆိုသည်။
နတ်မိမယ်ယွီသည် လိမ်လိမ်မာမာဖြင့် ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်သည်။
ဖန့်ချန်က သူမ၏ ဤကဲ့သို့သော အသွင်အပြင်ကို ကြည့်ရင်း ရယ်ချင်သွားမိသည်။
ထိုလိမ်လိမ်မာမာပုံစံအောက်တွင် မည်မျှအထိ လည်ပတ်ဉာဏ်ကောင်းသည်ကို သူ သိနေသည်မဟုတ်ပါလော။
နတ်မိမယ်ယွီ သည် ထိုဘဝတွင်ပင် ဉာဏ်ကောင်းရုံသာမက ယခင်ဘဝကလည်း လူပိန်း မဟုတ်ခဲ့ချေ။
သို့မဟုတ်ပါက သူ၏ အရေခွံခွာခြင်းအတတ် ကို ခံယူပြီးနောက်တွင် သူမသည် သူ့ကို အလွယ်တကူ လှည့်စားနိုင်ခဲ့မည် မဟုတ်ပေ။
“ငါ ဒီတစ်ခေါက် အထက်ပိုင်းနယ်မြေ သုံးခုကို သွားခဲ့တုန်းက မင်းရဲ့ ဇာတိမြေက လူတော်တော်များများကို တွေ့ခဲ့တယ် ”
ဖန့်ချန်က ဆိုသည်။
နတ်မိမယ်ယွီ ၏ မျက်နှာ အနည်းငယ် လှုပ်ခတ်သွားသော်လည်း ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြုံးကာ မေးလိုက်သည်
“သူတို့ ရှင့်ကို ဘာတွေ ပြောပြလိုက်လဲ ”
“သူတို့ ငါ့တည်ရှိမှုကို မသိပေမဲ့ ငါကတော့ သူတို့တည်ရှိမှုကို သိတယ်။ မင်းတို့ဘက်မှာ အခြေအနေ သိပ်မဟန်ဘူးဆိုတာ ငါသိတယ်၊ အင်အားကြီးတဲ့ ရန်သူနဲ့ တွေ့နေရတာ မဟုတ်လား ပြောပြလို့ ရမလား။ ဘယ်လိုမျိုး ရန်သူမို့လို့ မင်းတို့ကို လူ့လောက ကိုးနယ်မြေကို သိမ်းပိုက်ချင်တဲ့အထိ အကျပ်ရိုက်စေတာလဲ ”
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
နတ်မိမယ်ယွီ သည် ဖန့်ချန် တကယ်ပင် သူမ မသိစေချင်သည့် ကိစ္စအချို့ကို သိသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
သူမ၏ အမူအရာမှာ တည်ကြည်လေးနက်သွားကာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်တွင်မှ ခပ်ယဲ့ယဲ့ ပြုံးကာ ဆိုသည်
“တကယ်တော့ ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး၊ ရှင်တို့ရဲ့ လူ့လောက ကိုးနယ်မြေလိုမျိုးပါပဲ။ ရှင်တို့က ကျမတို့နဲ့ တွေ့ဆုံခဲ့ရတယ်၊ ဒါပေမဲ့ ရှင်တို့ရဲ့ စွမ်းအားက ကျမတို့ထက် နိမ့်ကျနေတော့ ရှင်တို့ဟာ အစားထိုးခံရဖို့ ဒါမှမဟုတ် ဝါးမြိုခံရဖို့ ဘေးဒုက္ခနဲ့ ကြုံနေရတာပေါ့။ ကျမတို့လည်း အတူတူပါပဲ၊ ကျမတို့ထက် ပိုအင်အားကြီးတဲ့ ရန်သူနဲ့ တွေ့နေရတယ်။ သူတို့ရဲ့ နည်းလမ်းတွေက ကျမတို့ထက် အဆပေါင်း ထောင်နဲ့ချီပြီး ပိုရက်စက်ကြတယ်။ ရှင်သန်ဖို့အတွက်ဆိုရင် ကျမတို့မှာ နည်းလမ်းအမျိုးမျိုး သုံးပြီး နေရပ်အသစ် ရှာဖွေရမှာပဲ ”
ထိုနေရာသို့ ရောက်သောအခါ နတ်မိမယ်ယွီ က သက်ပြင်းချလိုက်သည်
“တကယ်တော့ ရှင်ဟာလည်း ကျမတို့ထဲက တစ်ယောက်ပါပဲ၊ ရှင့်ရဲ့ မှတ်ဉာဏ်သော့ခတ်မှုကို မဖျက်ဆီးနိုင်သေးလို့ပါ။ အဲဒါကို ဖျက်ဆီးလိုက်ရင် ရှင်ဟာ ကျမတို့ရဲ့ အခက်အခဲတွေကို နားလည်လာလိမ့်မယ် ”
“မင်းတို့ ဒီကို လာချင်ရင် ဘာလို့ တိုက်ရိုက် မလာခဲ့တာလဲ။ လူ့လောက ကိုးနယ်မြေက ဒီလောက် ကျယ်ပြောတာ၊ ဒီလောကမှာ လူသားမျိုးနွယ် တစ်မျိုးတည်း ရှိတာလည်း မဟုတ်ဘူးလေ။ ငါတို့နဲ့ နတ်ဆိုးမျိုးနွယ် တွေတောင် အဆင်ပြေပြေ နေထိုင်နေကြတာပဲ မဟုတ်လား ”
ဖန့်ချန်က ဆိုသည်။
နတ်မိမယ်ယွီ က မထိတထိ ရယ်လိုက်သည်
“သခင်လေး ပွင့်ပွင့်လင်းလင်းပဲ ပြောကြစို့။ ကျမတို့သာ တကယ်ကြီး အဲဒီလို လာခဲ့မယ်ဆိုရင် ဘယ်လို မြင်ကွင်းမျိုး ဖြစ်လာမယ် ထင်လဲ ”
ဖန့်ချန်သည် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ခေါင်းငြိမ့်ကာ ပြုံးလိုက်သည်
“သေမထူး နေမထူး တိုက်ကြမှာပေါ့ ”
“ဟုတ်တယ်လေ၊ ရှင်တို့ အစတုန်းက နတ်ဆိုးမျိုးနွယ်တွေနဲ့ မတိုက်ခဲ့ရဘူးလား အချိန်တွေ အကြာကြီး ကုန်လွန်သွားမှသာ မတတ်သာလို့ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ခဲ့ကြတာ။ ကျမတို့ စုံစမ်းသိရှိရသလောက်တော့ ဒီလူ့လောက ကိုးနယ်မြေဆိုတာ အရင်က ဒီလို အမည်မှ မဟုတ်တာ၊ ကောင်းကင်နတ်ဆိုးနယ်မြေဟောင်း လို့ ခေါ်သင့်တာ ”
နတ်မိမယ်ယွီ က ခနဲ့တဲ့တဲ့ ဆိုသည်
“နတ်ဆိုးတွေကမှ ဒီနေရာရဲ့ တကယ့် အရှင်သခင်တွေ၊ ရှင်တို့က ကျမတို့လိုပဲ အပြင်က ရောက်လာတဲ့သူတွေပါ။ ရှင်တို့ရဲ့ စွမ်းအားက ပိုတောင့်တင်းနေလို့သာ အခုအချိန်မှာ နတ်ဆိုးကျင့်ကြံသူတွေရဲ့ အရေအတွက်က လူသားမျိုးနွယ်နဲ့ ယှဉ်ရင် သဲတစ်ပွင့်နဲ့ သမုဒ္ဒရာလို ကွာခြားသွားတာ။ အဲဒီလို ဖြစ်မှသာ ရှင်ပြောတဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်မှုဆိုတာ ဖြစ်လာနိုင်တာ ”
“ကျမတို့သာ ဒီကို အထင်အရှား လာခဲ့ရင်လည်း နှစ်ပေါင်း ဘယ်လောက်ကြာမလဲ မသိနိုင်တဲ့ စစ်ပွဲကြီးတွေထဲမှာ သေချာပေါက် ပိတ်မိသွားလိမ့်မယ်။ တစ်ခုပဲ ရှိတယ်၊ ကျမတို့ရဲ့ အင်အားက ရှင်တို့ လက်ခံနိုင်တဲ့ အနေအထားအထိ အားနည်းသွားမလား၊ ဒါမှမဟုတ် ရှင်တို့ရဲ့ အင်အားက ကျမတို့ လက်ခံနိုင်တဲ့ အနေအထားအထိ အားနည်းသွားမလား... ဒီနှစ်ခုထဲက တစ်ခုပဲ ရွေးစရာ ရှိတယ် ”
“မင်းပြောတာကို ငါ သဘောတူပါတယ်။ ဒါပေမဲ့ အခု ပြဿနာက လူ့လောက ကိုးနယ်မြေမှာရှိတဲ့ မင်းတို့ရဲ့ အစီအစဉ်တွေက သိပ်ပြီး အဆင်မပြေပုံရဘူး၊ အလယ်မှာ အခက်အခဲအချို့နဲ့ တွေ့နေရတယ်”
ဖန့်ချန်က ဆိုသည်။
“အခက်အခဲ ”
နတ်မိမယ်ယွီ က အနည်းငယ် မှင်တက်သွားပြီး မျက်မှောင်ကြုတ်ကာ ဆိုသည်
“ရှင်ပြောတာတွေကို ကျမ တကယ်ပဲ နားမလည်ဘူး။ ကျမ သူတို့နဲ့ တစ်ခါမှ အဆက်အသွယ် မရခဲ့ဖူးဘူး၊ အရင်ကလည်း မရှိခဲ့ဘူး၊ နောင်လည်း... အဆက်အသွယ်ရဖို့ ဖြစ်နိုင်ချေ မရှိတော့ပါဘူး ”
သူမက ခေတ္တရပ်ပြီး ဆက်ပြောသည်
“တကယ်တော့ ကျမတို့ရဲ့ အစီအစဉ်ကို ရှင်တားဖို့ ခက်သွားပြီ။ နောင်ကျရင် ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား တွေက ပိုပြီး များပြားလာတော့မှာ။ အဲဒီအထဲမှာ ရှင့်ရဲ့ မိတ်ဆွေတွေ၊ ရှင့်ရဲ့ ဆွေမျိုးသားချင်းတွေတောင် ပါလာနိုင်တယ် ”
“အဲဒီအချိန်ကျရင်... ရှင် ဘယ်လို ရပ်တည်မလဲ ”
နတ်မိမယ်ယွီ သည် ဖန့်ချန်ကို ကြည့်နေပြီး သူမ၏ မျက်ဝန်းများမှာ ကြည်လင်သော ရေပြင်ကဲ့သို့ တည်ငြိမ်နေလေတော့သည်။