← Chapters

အခန်း (၄၀၅-၄၀၆)

Vol. 41 Ch. 405-406

အခန်း (၄၀၅-၄၀၆)

Vol. 41 Ch. 405-406

အခန်း (၄၀၅) - ဟိန်ယန်ရွာ ၊ မိစ္ဆာနှိမ်နင်းခြင်းလမ်းစဉ် ၊ ကျွေ့ဟွာကို အသုံးချနည်းမှန် ၊ ကျောက်ဂူ

"ဘာဖြစ်လို့ မြို့တော်ရုံးကို အစီရင်မခံတာလဲ၊ ဒါမှမဟုတ် ဒေသန္တရ ခရိုင်ရုံးကိုရော ဘာလို့ အခြေအနေကို ရှင်းမပြတာလဲ"

လီယန်ချူက မေးလိုက်သည်။

"ဒီကိစ္စရဲ့ နောက်ကွယ်မှာ မိစ္ဆာတွေ ပါဝင်ပတ်သက်နေမှာကို ကျနော် စိုးရိမ်လို့ပါ၊ အထက်ကို အစီရင်ခံနေတုန်းမှာတင် လူဆိုးတွေက ပျောက်ဆုံးနေတဲ့ အမျိုးသမီးတွေကို သတ်ပစ်တာ ဒါမှမဟုတ် တခြားနေရာကို ရွှေ့ပြောင်းပစ်တာမျိုး လုပ်မှာကို ကျနော် ကြောက်မိတယ်၊ ပြီးတော့ နောက်တစ်ချက်က... ခရိုင်ရုံးက လူတွေကို ကျနော် မယုံကြည်ဘူး"

ကျောက်ချန်းက ပွင့်ပွင့်လင်းလင်းပင် ရှင်းပြသည်။

"မယုံကြည်ဘူး ဟုတ်လား"

လီယန်ချူ အနည်းငယ် အံ့သြသွားသည်။

"မှန်ပါတယ်၊ အခု ပျောက်ဆုံးနေတဲ့ အမျိုးသမီးတွေကို ဝှက်ထားတဲ့နေရာကို ကျနော် ရှာတွေ့ထားတာက ဟိန်ယန်ရွာ မှာပါ"

ကျောက်ချန်းက ခေါင်းကို အသာမော့ပြီး လီယန်ချူကို ကြည့်ကာ ပြောလိုက်သည်။

လီယန်ချူ တစ်ချက် မှင်သက်သွားသည်။

ဟိန်ယန်ရွာဆိုသည့် နေရာကို သူ တကယ်ပင် သိရှိထားသည်။

ထိုနေရာသည် ပိုးထည်များ ထွက်ရှိရာ ဒေသဖြစ်ပြီး ထိုပိုးထည်များမှာ နန်းတွင်းဆက်သရသည့် အဆင့်မြင့် ပစ္စည်းများပင် ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း အစိုးရထံသို့ အခွန်အဖြစ် ဆက်သရပြီး မင်းစိုးရာဇာ တော်တော်များများက ထိုပိုးထည်များကို အလွန်နှစ်သက်ကြသည်။

ပိုးထည်ဆိုသည်မှာ များသောအားဖြင့် မြစ်ဝါမြစ်တောင်ဘက် ဒေသများမှ ထွက်ရှိလေ့ရှိသော်လည်း ထိုမြောက်ပိုင်းဒေသတွင် ဤသို့ ထွက်ရှိခြင်းမှာ တစ်မူထူးခြားလှသည်ဟု ဆိုရပေမည်။

"ဒါက အစိုးရရဲ့ အမှုစစ်တဲ့ ပုံစံမျိုးနဲ့တော့ မတူဘူးနော်"

လီယန်ချူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ထိုခေတ်ကာလတွင် ခရိုင်ရုံး၊ မြို့တော်ရုံးဖြစ်စေ၊ မိစ္ဆာများကို နှိမ်နင်းသည့် တရားရုံးတော် ဖြစ်စေအထူးသဖြင့် နောက်ဆုံးတစ်ခုဖြစ်သော တရားရုံးတော်မှာ

အမှုစစ်သည့်ပုံစံမှာ အလွန်ပင် ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။

သံသယရှိလျှင် ဖမ်းဆီးမည်၊ ဝန်မခံလျှင် ရိုက်နှက်မည်၊ ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုများဖြင့် စစ်ဆေးမည်

ထိုသို့လုပ်ဆောင်ခြင်းမှာ မတရားသဖြင့် စွပ်စွဲခံရသူများ သို့မဟုတ် အကျင့်ပျက်ခြစားသော အရာရှိများက အပြစ်မရှိသူကို အဓမ္မဝန်ခံခိုင်းရန် လမ်းစဖြစ်စေနိုင်သော်လည်း

အကောင်းမြင်ဘက်မှ ကြည့်မည်ဆိုလျှင် အလုပ်တွင်ကျယ်မှုမှာလည်း တကယ့်ကို မြန်ဆန်လှပေသည်။

အကယ်၍သာ တကယ့်တရားခံဖြစ်ပါက ဤသို့ နှိပ်စက်စစ်ဆေးခံရလျှင် အပြစ်မှ လွတ်မြောက်ရန် ခဲယဉ်းလှသည်။

အထူးသဖြင့် မိစ္ဆာများနှင့် ပတ်သက်သော အမှုများတွင် ချန်နိုင်ငံ၏ သဘောထားမှာ အမြဲတမ်း ပြတ်သားပြင်းထန်လှသည်။

ကိုးဆယ်ရာခိုင်နှုန်းသော အမှုများမှာ သတ်မိန့် ချမှတ်ခြင်းပင်

တရားစီရင်သည့် အဆင့်ကိုပင် ကျော်လွန်၍ လူသတ်သော မိစ္ဆာများနှင့် စုန်းသရဲများကို တိုက်ရိုက် သတ်ပစ်ကြခြင်း ဖြစ်သည်။

ကျန်ရှိသော တစ်ဆယ်ရာခိုင်နှုန်းထဲတွင် အချို့မှာ တိုက်ခိုက်ရန် အလွန်ခက်ခဲလွန်းသောကြောင့် ဖြစ်ပြီး

အခြားတစ်စိတ်တစ်ပိုင်းမှာမူ နတ်ဘုရားနယ်မြေ ထဲက မိစ္ဆာများကဲ့သို့ပင်... နောက်ခံအင်အား ရှိသူများ ဖြစ်ကြသည်။

ထိုသို့ အဓိပ္ပာယ်မရှိသော သို့မဟုတ် အရေးမယူဘဲ လွှတ်ထားခြင်းများ၏ နောက်ကွယ်တွင် တကယ်တမ်း၌ ခွင့်ပြုချက်ပေးထားခြင်း၊ လျစ်လျူရှုထားခြင်းနှင့် ထောက်ပံ့ပေးထားခြင်းများ ရှိနေတတ်သည်။

မဟုတ်လျှင် အစိုးရက မဖြေရှင်းနိုင်သော်လည်း၊ ချန်နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာကြီး နှစ်ခုမှာ ဆွမ်းကပ်အလှူခံများ များပြားပြီး ဝှက်ဖဲပညာရှင်များစွာ ရှိနေသည်မဟုတ်ပါလား။

ထိုဆရာတော်ကြီးများနှင့် ပညာရှင်ကြီးများက ဘာကြောင့် လက်ရှောင်နေကြသနည်း။

ကျောက်ချန်းမှာ စိတ်အားထက်သန်သော လူငယ်တစ်ဦးဖြစ်သည်။

ကောင်းမွန်သော မိသားစုနောက်ခံရှိသဖြင့် သူသည် သူဌေးသားလေးတစ်ဦးအဖြစ်သာ အေးအေးဆေးဆေး နေထိုင်နိုင်သည်။

နန်းတွင်းစာမေးပွဲ ဖြေဆို၍ အရာရှိလုပ်ခြင်း၊ စစ်မြေပြင်သို့ သွားရောက်၍ စစ်မှုထမ်းကာ ဂုဏ်ထူးဆောင်ဘွဲ့များ ရယူခြင်း

ဒါတွေကမှ သူကဲ့သို့သော မိသားစုနောက်ခံရှိသည့် လူငယ်များအတွက် ရည်မှန်းရမည့် အရာများ ဖြစ်သည်။

သို့သော်လည်း သူက မထင်မှတ်ဘဲ မှုခင်းရုံးတော် ထဲသို့ ဝင်ရောက်ခဲ့သည်။

အပြာရောင်ဝတ်စုံနှင့် ရဲမက် တစ်ဦး ဖြစ်လာပြီး

ထောင်တွင်း အမှုအခင်းများနှင့် မတရားသဖြင့် စွပ်စွဲခံရသော အမှုများကို ကိုင်တွယ်ဖြေရှင်းနေသည်။

ထိုအမျိုးသမီး ပျောက်ဆုံးမှု အမှုမှာ မြို့တော်ရုံးတွင် ကြာမြင့်စွာကတည်းက ပုံနေခဲ့ပြီး မည်သူမျှ စိတ်မဝင်စားသဖြင့် မဖြေရှင်းနိုင်သော အမှု ဖြစ်နေခဲ့သည်။

ကျောက်ချန်း တစ်ဦးတည်းသာ သူ၏ စိတ်ဓာတ်ပြင်းပြမှုဖြင့် နေရာအနှံ့ သဲလွန်စများကို လိုက်လံစုံစမ်းခဲ့ရာ နောက်ဆုံးတွင် သံသယမှန်သမျှမှာ ဟိန်ယန်ရွာသို့ ဦးတည်နေကြောင်း တွေ့ရှိခဲ့ရသည်။

ထို့ကြောင့်လည်း ဝေမြို့၏ အကျော်ကြားဆုံးဖြစ်သော လူငယ်တာအိုဆရာ လီယန်ချူကို လာရောက် အကူအညီတောင်းရခြင်း ဖြစ်သည်။

"ငါ မင်းကို ကတိပေးတယ်၊ မင်းနဲ့အတူ တစ်ခေါက် လိုက်ခဲ့ပေးမယ်"

လီယန်ချူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

အရှုပ်အထွေးကိစ္စများကို သူ စိတ်မဝင်စားချေ၊ လူသတ်သော မိစ္ဆာများနှင့် စုန်းသရဲများကိုမူ ဖယ်ရှားပစ်ရမည်သာ ဖြစ်သည်။

ပထမအချက်မှာ ကုသိုလ်အမှတ် ရရှိရန် ဖြစ်ပြီး၊ ဒုတိယအချက်မှာ မိမိ၏ စိတ်ကြည်လင်မှု အတွက် ဖြစ်သည်။

တာအိုကျင့်ကြံမှု ကြာမြင့်လာသည်နှင့်အမျှ လီယန်ချူသည် မိမိကိုယ်မိမိ စိတ်ထားမြင့်မြတ်ပြီး လောကကြီးကို ကယ်တင်မည့်သူဟု မယူဆခဲ့ချေ။

သို့သော်လည်း မိမိစိတ်အလိုကျ လုပ်ဆောင်နိုင်ခြင်း၊ ဓားတစ်လက်ဖြင့် ဤအရုပ်ဆိုးလှသော လောကကြီးကို ပိုင်းဖြတ်နိုင်ခြင်း ထိုအချက်ကိုမူ သူ အလွန်စိတ်ဝင်စားသည်။

ကုသိုလ်အမှတ် ရယူရန်အတွက်ဆိုလျှင်လည်း သူ ဖုံးကွယ်ထားစရာ မလိုချေ။

"ကျေးဇူးတင်ပါတယ် တာအိုဆရာ "

ကျောက်ချန်းက ကျေးဇူးတင်စွာ ပြောလိုက်သည်။

"အားနာစရာမလိုပါဘူး၊ ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကလည်း မိစ္ဆာနှင်ခြင်း၊ တစ္ဆေဖမ်းခြင်း၊ မိစ္ဆာသတ်ခြင်းပဲ၊ ဒါဟာ ငါ့ရဲ့ ကျင့်ကြံမှုအတွက်လည်း အကျိုးရှိစေပါတယ်"

လီယန်ချူက လက်ယမ်းပြလိုက်သည်။

ကျောက်ချန်း တစ်ချက် မှင်သက်သွားသည်။

ဤလီတာအိုဆရာမှာ... တကယ့်ကို ပွင့်လင်းရိုးသားသောသူပင်။

လူငယ်နှစ်ဦးမှာ သဘောထားချင်း တိုက်ဆိုင်သွားသဖြင့် မကြာမီမှာပင် ဟိန်ယန်ရွာသို့ ဦးတည်ကာ လျင်မြန်စွာ ထွက်ခွာလာခဲ့ကြသည်။

ဟိန်ယန်ရွာ

ဤရွာတွင် လူဦးရေ လေးငါးရာခန့် ရှိသည်။

မူလက မျိုးဆက်အလိုက် ဆင်းရဲနွမ်းပါးခဲ့သော်လည်း လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ဖုန်းရွှေဆရာ တစ်ဦး ထိုနေရာသို့ ဖြတ်သန်းလာခဲ့သည်။

ထိုဆရာက ဤရွာ၏ ရိုးသားဖြူစင်သော လူနေမှုကို သဘောကျသဖြင့် ရွာအတွက် ဖုန်းရွှေကို ပြောင်းလဲပေးခဲ့သည်။

"လေကို ထိန်းသိမ်းပြီး ရေကို စုစည်းစေကာ" လူဦးရေ တိုးပွားကာ ဖွံ့ဖြိုးစည်ပင်လာစေခဲ့သည်။

ထို့ပြင် ပိုးမွေးမြူရေး အတတ်ပညာကိုလည်း အထူးသင်ကြားပေးခဲ့သဖြင့် ထိုဟိန်ယန်ရွာမှ လူများမှာ စီးပွားရေး လက်ချက်မိကာ ချမ်းသာလာကြသည်။

ပထမတွင် ဝေမြို့မှ သူဌေးသူကြွယ်များကသာ နှစ်သက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် မတော်တဆ ပျံ့နှံ့သွားရာမှ နန်းတွင်းရှိ မင်းစိုးရာဇာများကပါ သဘောကျသွားကြသည်။

ထို့ကြောင့်

ဟိန်ယန်ရွာသည် ဆင်းရဲသော ရွာလေးတစ်ရွာအဖြစ်မှ အစိုးရထံ နန်းတွင်းဆက်သပစ္စည်းများ ပေးပို့ရသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

နှစ်စဉ်နှစ်တိုင်း နန်းတွင်းအတွက် ပိုးချည်များနှင့် ပိုးထည်များကို ဆက်သရသည်။

ဝေမြို့၏ မြို့ဝန်များမှာလည်း ဤနေရာကို အလွန်ပင် တန်ဖိုးထားကြသည်။

၎င်းမှာ သူတို့အတွက် အမှန်တကယ် ပြသနိုင်သည့် အောင်မြင်မှု တစ်ခုပင် ဖြစ်သည်။

ဒုန်း ဒုန်း ဒုန်း...

မြင်းခွာသံများက မိုးကြိုးသံကဲ့သို့ အဝေးမှ အနီးသို့ တဖြည်းဖြည်း တိုးလာသည်။

မြင်းစီးလာသူ နှစ်ဦးစလုံးမှာ လူငယ်များ ဖြစ်ကြသည်။

တစ်ဦးမှာ ကိုယ်လုံးကိုယ်ထည် တောင့်တင်းပြီး ခါးတွင် ဖူတော ကို ချိတ်ဆွဲထားသည်။

အခြားတစ်ဦးမှာမူ တာအိုဝတ်စုံကို ဆင်မြန်းထားပြီး ရုပ်ရည်သန့်ပြန့်ကာ အရှိန်အဝါမှာ မြင့်မြတ်လွန်းလှသည်။

သူ၏ တာအိုဝတ်စုံမှာ လေထဲတွင် တဖျပ်ဖျပ် လှုပ်ခတ်နေပြီး ကောင်းကင်မှ ဆင်းသက်လာသော နတ်သားတစ်ပါး ကဲ့သို့ပင်။

ဟီး... ဟီး...

သူတို့နှစ်ဦးမှာ မြင်းကို အရှိန်သတ်လိုက်ပြီး နန်းတွင်းဆက်သပစ္စည်း ထွက်ရှိရာ ထိုရွာလေးကို အကဲခတ်ကြည့်လိုက်ကြသည်။

"တာအိုဆရာ... ဒါက ဟိန်ယန်ရွာပါပဲ၊ ကျနော် အရင်က လာရောက်စုံစမ်းဖူးပေမယ့် ဘာထူးခြားမှုမှ မတွေ့ခဲ့ရဘူး၊ ဒါပေမဲ့ သဲလွန်စအားလုံးကတော့ ဒီနေရာနဲ့ပဲ ပတ်သက်နေတယ်"

စကားပြောလိုက်သူမှာ မှုခင်းရုံးတော်မှ အပြာရောင်ဝတ်စုံနှင့် ကျောက်ချန်း ပင်ဖြစ်သည်။

လီယန်ချူက ခေါင်းတစ်ချက် ငြိမ့်ပြကာ မြင်းပေါ်မှ သွက်လက်စွာ ခုန်ဆင်းလိုက်သည်။

တစ်ချိန်တည်းမှာပင်

ကျွေ့ဟွာ သည်လည်း မြင်းပေါ်မှ ခုန်ဆင်းလာသည်။

လီယန်ချူသည် အလုပ်လုပ်လျှင် မြင်းများ သေဆုံးတတ်သည်ကို ထည့်သွင်းစဉ်းစားကာ ယခုတစ်ခေါက်တွင် မိစ္ဆာများနှင့် ပတ်သက်နေသဖြင့် မြည်းမည်း ကို ခေါ်မလာခဲ့ချေ။

ထိုကောင်မှာ ကျွေ့ဟွာ၏ အဆိုအရ မိစ္ဆာအဖြစ် အသွင်မပြောင်းနိုင်သေးဘဲ သာမန် မြည်းတစ်ကောင်သာ ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ထိုကောင်က ဘာကြောင့်များ ထိုကဲ့သို့ မောက်မာရိုင်းစိုင်းသော အပြုံးမျိုး ပြုံးနိုင်သနည်းဆိုသည်မှာမူ သူ၏ ဉာဏ်ရည်ဉာဏ်သွေးက တစ်ခုခု ထူးခြားနေပုံရသည်။

လီယန်ချူ၏ မျက်ဝန်းများတွင် နတ်ဘုရားအလင်းတန်းများ တဖျပ်ဖျပ် တောက်ပလာပြီး အရှိန်အဝါ ကြည့်ခြင်းအတတ် ကို အသုံးပြုကာ ကြည့်လိုက်သည်။

တစ်ရွာလုံးမှာ အေးချမ်းသာယာနေပြီး သာမန်ရွာတစ်ရွာနှင့် ဘာမျှ ကွာခြားခြင်း မရှိချေ။

"ဟင်း..."

"အရှိန်ဝါကြည့်အတတ်ရဲ့ ကန့်သတ်ချက်တွေက အရမ်းများလွန်းတာပဲ "

သူက ခေါင်းကို အသာခါယမ်းလိုက်သည်။

ထိုတာအိုရှေးဟောင်းပညာမှာ လူတစ်ဦးချင်းစီကို ကြည့်လျှင် အလွန်တိကျသော်လည်း၊ နေရာဒေသတစ်ခုလုံးကို အကြီးအကျယ် ကြည့်သည့်အခါတွင်မူ အချို့သော အစီရင် များဖြင့် ဖုံးကွယ်ထားလျှင် လွယ်ကူစွာ လှည့်စားခံရတတ်သည်။

"ကျွေ့ဟွာ... နင် တစ်ခုခု တွေ့လား"

လီယန်ချူက စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

ကျွေ့ဟွာသည် ထိုစကားကို ကြားသည့်အခါ ခေါင်းကို မော့ကာ မြင့်မြတ်ပြီး ယဉ်ကျေးသော ခြေလှမ်းများဖြင့် ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

သူမ၏ လှပသော နားရွက်ကလေးများမှာ အသာအယာ လှုပ်ခတ်သွားသည်။

ရုတ်တရက်ဆိုသလို သူမသည် ဟိန်ယန်ရွာရှိ အိမ်တစ်အိမ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးသွားတော့သည်။

တစ်ခုခုတော့ ရှိပြီပဲ လီယန်ချူ၏ မျက်လုံးများ တောက်ပသွားသည်။

သူသည် အရှိန်ဝါကြည့် အတတ်ကို ဝိညာဉ်မျက်စိအတတ် နှင့် ပေါင်းစပ်ပြီး ဖြည်းဖြည်းချင်း ရှာဖွေနိုင်သော်လည်း၊ အခြေအနေ မဟန်လျှင် စိတ်ကြည်လင် ကျောက်စိမ်းပြား ကို အားကိုးပြီး အားကိုးချက် သုံးနိုင်သည်။

ဒါမှမဟုတ် ထိုက်ဖင်တည်းခိုခန်း က ယွန်းနျန်း ကို သွားခေါ်လာနိုင်သည်။

ယွန်းနျန်း ဆိုသည်မှာ လူသားပုံစံ စုံစမ်းထောက်လှမ်းရေးစက် တစ်ခုပင် မဟုတ်ပါလား။

သို့သော်လည်း ယခုအခါ ကျွေ့ဟွာ ရှိနေပြီ ဖြစ်သဖြင့် အတူတူပင် ဖြစ်သည်။

ဤကောင်မလေးက သူမ၏ မျိုးနွယ်စုတွင် ထိုးထွင်းသိမြင်နိုင်သော ဗီဇစွမ်းအား ရှိသည်ဟု ပြောခဲ့သည်မဟုတ်ပါလား။

သူမ ကြွားတာလား၊ တကယ်လားဆိုသည်ကို အခုပဲ ကြည့်ရတော့မည်။

လူနှစ်ဦးနှင့် ကြောင်တစ်ကောင်မှာ ရွာသားတစ်ဦး၏ အိမ်ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။

အိမ်ရှေ့တွင် ရိုးရှင်းစွာ ဝတ်ဆင်ထားသော ငယ်ရွယ်သည့် အမျိုးသမီးတစ်ဦး ရပ်နေသည်။

သူမသည် ထိုသူနှစ်ဦးနှင့် မျက်နှာချင်းဆိုင် တိုးသွားရာ

မျက်နှာတွင် အံ့သြတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်သွားသည်။

ထိုအမျိုးသမီးမှာ ဖရဲစေ့ပုံစံ မျက်နှာလှလှလေးရှိပြီး၊ နီမြန်းသော နှုတ်ခမ်းလေးမှာ အနည်းငယ် ပွင့်ဟနေသည်။

သူမ၏ ကိုယ်လုံးကိုယ်ထည်မှာလည်း ကောက်ကြောင်းအလှများ ပေါ်လွင်နေပြီး ကျေးလက်ဆန်သော မူလအလှတရား တစ်မျိုး ရှိနေသည်။

"ရှင်တို့နှစ်ယောက်... ဘာကိစ္စရှိလို့လဲဟင်"

အမျိုးသမီးက တိုးတိုးလေး မေးလိုက်သည်။

ကျွေ့ဟွာက မြောင် ခနဲ တစ်ချက် အော်လိုက်ပြီး ခြေသည်းဖြင့် မြေပြင်ကို ပြင်းပြင်းထန်ထန် ကုတ်လိုက်သည်။

"ဒီမိန်းမနဲ့ စကားအရှည်မပြောနဲ့၊ ဒီအိမ်အောက်မှာ တစ်ခုခု ရှိနေတယ် "

သူမ၏ အသံမှာ အနည်းငယ် အလျင်စလို ဖြစ်နေသည်။

လီယန်ချူသည် ထိုစကားကို ကြားသည်နှင့် တွေဝေမနေတော့ဘဲ ကျွေ့ဟွာနှင့်အတူ အိမ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

"ဘယ်နေရာမှာလဲ"

သူ၏ မျက်ဝန်းများတွင် နတ်ဘုရားအလင်းများ တဖျပ်ဖျပ် တောက်ပနေသော်လည်း ဝမ်းနည်းစရာမှာ ဘာမျှ မမြင်ရသေးခြင်းပင်။

ကျွေ့ဟွာ၏ ကိုယ်လုံးမှာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အိပ်ခန်းထဲသို့ တိုက်ရိုက် ဝင်သွားသည်။

"ခုတင်အောက်မှာ"

"ကောင်းပြီ "

လီယန်ချူမှာ ဘာမှ ထပ်မပြောတော့ဘဲ ခုတင်အနားကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ တိုက်ရိုက် မ လိုက်တော့သည်။

သူ့အတွက်မူ ထိုအရာမှာ အလွန်ပင် လွယ်ကူလှပြီး ဘာမျှ အားစိုက်စရာ မလိုချေ။

အခန်းနှင့် အနည်းငယ် လိုက်ဖက်မှုမရှိသော ခုတင်ကြီးကို ဖယ်ရှားလိုက်သည့်အခါတွင်မူ

နက်ရှိုင်းလှသော မြေအောက်လှိုဏ်ခေါင်းတစ်ခု ပေါ်ထွက်လာတော့သည်။

၎င်းမှာ လူသားများကို ဝါးမြိုရန် စောင့်ဆိုင်းနေသော သားရဲကြီးတစ်ကောင်၏ ပါးစပ်နှင့်ပင် တူလှတော့သည်။

အခန်း (၄၀၆) - မှုခင်းရုံးတော်မှ အမှုစစ်ခြင်း ၊ မိစ္ဆာ ၊ တုနှိုင်းမဲ့ သိုင်းစွမ်းအား

ထိုလှိုဏ်ခေါင်းဝမှာ အထူးစီရင်ထားပုံရပြီး အတွင်းမှ အငွေ့အသက် တစ်စုံတစ်ရာမျှ အပြင်သို့ ယိုစိမ့်ထွက်ပေါ်ခြင်း မရှိချေ။

ယင်ဝိညာဉ်အငွေ့အသက်၊ မိစ္ဆာအငွေ့အသက်၊ သတ်ဖြတ်ခြင်းအငွေ့အသက်နှင့် သွေးညှီနံ့များ

မည်သည့်အရာကိုမျှ အာရုံခံ၍ မရနိုင်ချေ။

ထိုအမျိုးသမီးမှာမူ မျက်နှာကလေး ဖြူဖျော့ကာ ထိတ်လန့်တုန်လှုပ်နေတော့သည်။

သူမသည် ဓားပြတိုက် ခေါင်းပုံဖြတ်မည့်သူများ ရောက်လာသည်ဟု ထင်မှတ်နေပြီး စောစောကရှိခဲ့သော မူလအလှတရားများလည်း ပျောက်ကွယ်သွားတော့သည်။

သူမသည် စူးရှသောအသံဖြင့် လူခေါ်အကူအညီတောင်းတော့သည်။

"လူတွေ လာကြပါဦးရှင်... ဓားပြတွေ ဝင်လာနေပြီ"

"ကယ်ကြပါဦး "

သူမ၏ ကျယ်လောင်သော အော်ဟစ်သံကြောင့် ဟိန်ယန်ရွာသားများမှာ မကြာမီမှာပင် စုရုံးရောက်ရှိလာကြသည်။

ချွင်

ကျောက်ချန်းက သူ၏ ဖူတောကို ဆွဲထုတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"မှုခင်းရုံးတော်က အမှုစစ်နေတာ၊ မသက်ဆိုင်တဲ့သူတွေ နောက်ဆုတ်သွား "

သူသည် လီယန်ချူက လျှို့ဝှက်စုံစမ်းမည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ တဖက်လူက ရောက်ရောက်ချင်း ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိသွားပြီး တိုက်ရိုက်ပင် လုပ်ရန် ပြင်ဆင်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

သူသည် အထူးပင် အရပ်ဝတ်လဲလှယ်လာခဲ့သေးသည်။

သို့သော်လည်း ဟိန်ယန်ရွာသားများမှာ ထိုစကားကို ဂရုမစိုက်ကြချေ။

မှုခင်းရုံးတော်၏ နာမည်က မည်မျှပင် ကြီးမားပါစေ၊ နန်းတွင်းက မင်းစိုးရာဇာများထက် ပိုကြီးနိုင်ပါ့မလား

သူတို့မှာ နန်းတွင်းသို့ ဆက်သပစ္စည်းများ ပေးပို့နေရသော နေရာမှ လူများ မဟုတ်ပါလား။

"မှုခင်းရုံးတော်ကဆိုရင် သာမန်လူတွေရဲ့ အိမ်ထဲကို ကြိုက်သလို ဝင်လို့ရတာလား၊ အကြောင်းအရင်းမရှိဘဲ လူတွေကို ဖမ်းလို့ရတာလား "

"မင်းတို့သာ အစိုးရဆက်သပစ္စည်းတွေကို ပျက်စီးအောင် လုပ်ခဲ့ရင် မင်းတို့ခေါင်း ဆယ်လုံးရှိလည်း အဖြတ်ခံရမှာ မလောက်ဘူး "

"လူမိုက်တွေ... ဒါ ဘယ်နေရာလဲဆိုတာ မင်းတို့ သိရဲ့လား "

ထူးဆန်းသည်မှာ ဟိန်ယန်ရွာသားများ၏ အရှိန်အဝါမှာ အလွန်ပင် မောက်မာရိုင်းစိုင်းလှသည်။

လူအုပ်ကြီးမှာ ကျောက်ချန်းကို စိုးစဉ်းမျှပင် ဂရုမစိုက်ဘဲ ရန်လိုနေကြသည်။

ကျောက်ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

မှုခင်းရုံးတော်၏ အလုပ်များမှာ တစ်ခါတစ်ရံတွင် အတားအဆီးများနှင့် ကြုံတွေ့ရတတ်သော်လည်း

ထိုရွာမှလူများမှာမူ တစ်ခုခုကို အားကိုးပြီး ဘာကိုမျှ မကြောက်မရွံ့ ဖြစ်နေကြသည်။

သို့သော်လည်း ကျောက်ချန်းမှာ တရားမျှတမှုကို မြတ်နိုးသော လူငယ်တစ်ဦး ဖြစ်သဖြင့် အပြစ်မဲ့သော ရွာသားများကို လက်ဦးရန်မှာ မဖြစ်နိုင်ချေ။

"နောက်ဆုတ်ကြစမ်း "

"မှုခင်းရုံးတော်ရဲ့ အမှုစစ်ဆေးမှုကို နှောင့်ယှက်ရင် မင်းတို့ကို ဒီနေရာတင် စီရင်ပစ်လို့ ရတယ် "

ကျောက်ချန်းက ခြိမ်းခြောက်လိုက်သည်။

သို့သော်လည်း ဟိန်ယန်ရွာသားများမှာ ကြောက်ရွံ့ခြင်း မရှိဘဲ၊ အချို့သော သွေးကြွနေသည့် လူငယ်များမှာ လက်ပါရန်ပင် ပြင်ဆင်နေကြသည်။

ထိုအချိန်တွင် လီယန်ချူသည် လှုပ်ရှားလိုက်ပြီး လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သဖြင့် ထိုရွာသားများနှင့် ကျောက်ချန်းတို့၏ အပြန်အလှန် စကားပြောသံများကို မကြားလိုက်ရချေ။

သူ၏ ရှေ့မှောက်တွင် အမှောင်ထုသာ ရှိသည်။

ဤလှိုဏ်ခေါင်းမှာ အလွန်မနက်သော်လည်း ဝင်လိုက်သည်နှင့် သွေးစိမ်းရှင်ရှင် သတ်ဖြတ်ခြင်း အငွေ့အသက်များက ဝန်းရံလာတော့သည်။

အဆုံးသို့ ရောက်သည့်အခါတွင်မူ မြေပြင်အနှံ့ ပုံနေသော အရိုးစုများကို မြင်တွေ့လိုက်ရသည်။

တိရစ္ဆာန်အရိုးစုများ ရှိသလို... လူအရိုးစုများလည်း ရှိနေသည်။

သူ၏ မျက်နှာမှာ အေးစက်သွားပြီး နားထဲတွင် ရုတ်တရက် ပြင်းထန်သော လေတိုးသံတစ်ခု ကြားလိုက်ရသည်။

ရှူး ရှူး ရှူး

မာကျောလှသော အဖြူရောင် ပင့်ကူမျှင်များစွာမှာ စစ်မြေပြင်သုံး မြားတိုများကဲ့သို့ပင် ပြင်းထန်သော အရှိန်ဖြင့် သူ့ထံသို့ ပြေးဝင်လာတော့သည်။

တိန် တိန် တိန်

လီယန်ချူ၏ ကိုယ်ရှေ့တွင် ခန္ဓာကိုယ်ကာကွယ်ရေး အရှိန်အဝါ ပေါ်ထွက်လာပြီး ထိုတိုက်ခိုက်မှုများကို လွယ်ကူစွာပင် ခုခံလိုက်သည်။

"ထွက်လာခဲ့စမ်း "

သူက ဒေါသတကြီး ဟောက်လိုက်ပြီး လက်ဖဝါးထဲမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။

နဂါးကိုဖမ်းဆီးခြင်း

ကြိတ်ဆုံကျောက်တုံး အရွယ်အစားခန့်ရှိသော ပင့်ကူကြီးတစ်ကောင်မှာ ထိန်းချုပ်မရဘဲ သူ့ထံသို့ ဆွဲယူခြင်း ခံလိုက်ရသည်။

ထိုမျှကြီးမားသော ပင့်ကူမှာ သေချာပေါက် မိစ္ဆာအဖြစ် အသွင်ပြောင်းနေပြီ ဖြစ်သည်။

ပင့်ကူမိစ္ဆာ၏ ပါးစပ်ထဲမှ စူးရှသော အနံ့ရှိသည့် အရည်များ ထွက်လာပြီး ၎င်းမှာ ပြင်းထန်သော အဆိပ်အတောက်နှင့် တိုက်စားနိုင်စွမ်း ရှိသည်။

ရှူး ရှူး ရှူး ရှူး

လီယန်ချူ၏ ဟွန့်ယွမ်ကျင့်စဉ် မှ ထွက်ပေါ်လာသော ကာကွယ်ရေးအရှိန်အဝါမှာ တန်ပြန်တွန်းကန်နိုင်စွမ်း ရှိသဖြင့် ထိုအဆိပ်ရည်များကို တိုက်ရိုက်ပင် ပြန်လည်လွင့်စင်သွားစေသည်။

ထိုအဆိပ်ရည်များမှာ ခန္ဓာကိုယ်ကြီးမားလှသော ပင့်ကူမိစ္ဆာပေါ်သို့ ပြန်ကျသွားပြီး မီးခိုးပြာများ ထွက်လာတော့သည်။

ထိုအရည်များမှာ ကျောက်တုံးပေါ်သို့ ကျသည့်အခါ ကျောက်တုံးမှာ ချက်ချင်းပင် အပေါက်ကြီး ဖြစ်သွားရာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။

"ချုပ်နှောင်စမ်း "

လီယန်ချူက လက်ညှိုးဖြင့် ညွှန်လိုက်ပြီး တာအိုအတတ်ဖြစ်သော ချုပ်နှောင်ခြင်း ကို အသုံးပြုလိုက်သည်။

ပြင်းထန်သော စွမ်းအားတစ်ခုက ပင့်ကူမိစ္ဆာကို ခဏချင်းအတွင်း တောင့်တင်းသွားစေပြီး မြေပြင်ပေါ်သို့ တောင့်တောင့်ကြီး ကျဆင်းသွားတော့သည်။

"ဟင် "

ကျွေ့ဟွာက တစ်ချက် အံ့သြသွားပြီး မျက်လုံးများ တောက်ပလာသည်။

ဒါ... နတ်ဘုရားတွေ သုံးတဲ့ ချုပ်နှောင်ခြင်းအတတ် မဟုတ်လား

လီယန်ချူက ထိုပင့်ကူမိစ္ဆာကို အရှိန်အဝါဖြင့် ထိန်းချုပ်လိုက်ပြီး လှိုဏ်ခေါင်းဝသို့ တိုက်ရိုက် ပြန်လည်ထွက်ခွာလာခဲ့သည်။

ယခု သူ၏ ကျင့်ကြံမှု အဆင့်အတန်းနှင့်ဆိုလျှင် ဤကဲ့သို့သော အဆင့်မရှိသေးသည့် ပင့်ကူမိစ္ဆာကို ကိုင်တွယ်ရန်မှာ ဘာမျှ မခက်ခဲချေ။

သူ အပြင်သို့ ထွက်လာသည့်အခါ ဟိန်ယန်ရွာသားများ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

ဗုန်း

ကြိတ်ဆုံကျောက်တုံးပမာ ကြီးမားသော ပင့်ကူမိစ္ဆာမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ အပစ်ချခံလိုက်ရပြီး မလှုပ်မယှက် ဖြစ်နေသည်။

"တာအိုဆရာ... ဒါက..."

ကျောက်ချန်း အံ့သြတုန်လှုပ်သွားသည်။

လီယန်ချူ၏ အမူအရာမှာ အေးစက်မြဲ အေးစက်နေဆဲ

"ဒီလှိုဏ်ခေါင်းအောက်မှာ ဝှက်ထားတဲ့ မိစ္ဆာပဲ၊ အထဲမှာ လူအရိုးစုတွေလည်း ရှိနေတယ်"

"စောက်တလွဲတွေ လျှောက်မပြောနဲ့၊ မင်းလို အောက်လမ်း တာအိုဆရာက ဘယ်ကနေ ရောက်လာတာလဲ၊ မဟုတ်တာတွေ လျှောက်ပြောနေတယ် "

"လူယုတ်မာ... ပင့်ကူမွေးထားတဲ့ မိစ္ဆာတာအိုဆရာ၊ လူတွေကို မဟုတ်မတရား စွပ်စွဲနေတာပဲ "

"ကောင်းကင်ကပဲ စီရင်ပါတော့၊ တရားဥပဒေဆိုတာ မရှိတော့ဘူးလား "

ဟိန်ယန်ရွာသားများမှာ ဒေါသတကြီးဖြင့် ဝိုင်းအော်ကြတော့သည်။

အထူးသဖြင့် အစပိုင်းက မြင်တွေ့ခဲ့ရသော အမျိုးသမီးငယ်မှာ

ယခုအခါ မြေပြင်ပေါ်တွင် လူးလှိမ့်ငိုယိုကာ အလွန်ပင် သနားစဖွယ် ဖြစ်နေတော့သည်။

လီယန်ချူက ပတ်ဝန်းကျင်ကို အေးစက်စွာ ဝေ့ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်

"လူကို သတ်တဲ့ မိစ္ဆာက ဒီမှာ ရှိနေတာတောင်၊ မင်းတို့ကတော့ မျက်စိမှိတ်ပြီး လိမ်ညာနေကြတုန်းပဲ၊ မင်းတို့ရဲ့ စိတ်နှလုံးက တကယ့်ကို အပြစ်ပေးထိုက်တယ် "

ဝုန်း

သူက ခြေတစ်လှမ်း တိုးလိုက်သည်နှင့် မြေပြင်မှာ တုန်ခါသွားတော့သည်။

မြေပြင်ပေါ်တွင် နက်ရှိုင်းသော အက်ကြောင်းကြီးတစ်ခု ပေါ်ထွက်လာသည်။

ဟိန်ယန်ရွာသားများမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ဆုတ်သွားကြသည်။

သူတို့သည် ထိုလူငယ်တာအိုဆရာကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

ဒါ... လူတစ်ယောက်ရဲ့ အင်အားမှ ဟုတ်ရဲ့လား

"ကျောက်ချန်း... မင်းရဲ့ စိတ်ထဲမှာ သူရဲကောင်းစိတ်ဓာတ် ရှိတာ ကောင်းပါတယ်၊ ဒါပေမဲ့ အနှိမ်ခံဖို့တော့ မသင့်ဘူး"

လီယန်ချူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ကျောက်ချန်း၏ ခန္ဓာကိုယ်မှာ တုန်ခါသွားသည်။

လီယန်ချူ၏ ဤလုပ်ရပ်မှာ လူအုပ်ကြီးကို ချက်ချင်းပင် တုန်လှုပ်သွားစေသည်။

ဓားကဲ့သို့ စူးရှသော သူ၏ အကြည့်များက လူတိုင်းကို ပြင်းထန်သော ဖိအားများကို ပေးနေသည်။

အော်ဟစ်နေကြသော လူငယ်အချို့မှာလည်း တိတ်တဆိတ် နောက်ဆုတ်ရန် ကြိုးစားနေကြသည်။

ဝုန်း

လီယန်ချူက လက်တစ်ဖက်ဖြင့် ရိုက်ထုတ်လိုက်ရာ ရွာထဲရှိ လူတစ်ရပ်စာခန့် မြင့်သော ကျောက်တုံးကြီးမှာ အမှုန့်ဖြစ်သွားတော့သည်။

"ဒီကိစ္စ မပြေလည်မချင်း... ဘယ်သူပဲဖြစ်ဖြစ် ထွက်သွားဖို့ ကြိုးစားရင် ငါ့လက်က မညှာဘူးလို့သာ မှတ်ထားလိုက် "

သူ၏ အသံမှာ အေးစက်လှသည်။

တိတ်ဆိတ်ခြင်း

သေလူကဲ့သို့ တိတ်ဆိတ်သွားခြင်းပင်

စောစောက လက်တစ်ချက်မှာ မြို့ရိုးဖျက် လက်နက် များကဲ့သို့ပင် တောင်ကို ဖြိုကာ ကျောက်ကို ခွဲနိုင်စွမ်း ရှိလှသည်။

လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အသက်ပင် ပြင်းပြင်းမရှူရဲတော့ချေ

ရွာသားတစ်ယောက်၏ အိမ်ထဲတွင် ဤမျှကြီးမားသော လှိုဏ်ခေါင်းရှိနေပြီး မိစ္ဆာက လူသတ်နေသည်ကို

မသိပါဘူးဟု ပြောလျှင် သေချာပေါက် လိမ်ညာနေခြင်းသာ ဖြစ်ပေလိမ့်မည်။

လီယန်ချူသည် အပြင်းထန်ဆုံးသော နည်းလမ်းဖြင့် လူတိုင်းကို တုန်လှုပ်စေခြင်းမှာ မလိုအပ်သော ပြဿနာများကို မဖြစ်ပေါ်စေရန်ပင်။

ဗုန်း

နောက်ထပ် လက်တစ်ဖက်ဖြင့်

ပင်လယ်လှိုင်းတံပိုးကြီးများကဲ့သို့ ပြင်းထန်လှသော လက်ဖဝါးအားက ပင့်ကူမိစ္ဆာကို အမှုန့်ဖြစ်သွားစေကာ လုံးဝ ဥဿုံ ဖျက်ဆီးပစ်လိုက်တော့သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော လှုပ်ရှားမှုက ဟိန်ယန်ရွာသားများကို ထပ်မံ မှင်သက်သွားစေသည်။

မောက်မာခြင်း၊ ပြတ်သားခြင်း၊ အေးစက်ခြင်းနှင့် အားကြီးသော စွမ်းအားကို ပိုင်ဆိုင်ထားခြင်း

ဒါဟာ သူတို့အပေါ် သက်ရောက်သွားတဲ့ လီယန်ချူရဲ့ ပုံရိပ်ပါပဲ။

ထိုကဲ့သို့သော လူမျိုးမှာ လမ်းစဉ်မှန်သည်ဖြစ်စေ၊ မိစ္ဆာလမ်းစဉ်ဖြစ်စေ... ပြောသည့်အတိုင်း လုပ်မည့်သူမျိုး ဖြစ်သည်။

သူတို့သည် ကျောက်ချန်းကို မကြောက်သော်လည်း... လီယန်ချူကိုမူ ကြောက်ရွံ့ကြသည်။

လီယန်ချူသည် ကျွေ့ဟွာ၏ လမ်းညွှန်မှုဖြင့် ဟိန်ယန်ရွာအတွင်း ဝှက်ထားသော ပင့်ကူမိစ္ဆာအားလုံးကို ရှာဖွေထုတ်ဖော်လိုက်တော့သည်။

အရေအတွက်မှာ တုန်လှုပ်စရာပင်

စုစုပေါင်း ၄၂ ကောင်

အားလုံးမှာ အဆင့်မမြင့်သေးသော မိစ္ဆာငယ်များ ဖြစ်ကြသော်လည်း သာမန်လူများအတွက်မူ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

သူတို့က အရှိန်မြန်သည်၊ ခွန်အားကြီးသည်၊ ပင့်ကူမျှင် ထုတ်နိုင်သလို အဆိပ်ရည်မှာလည်း တိုက်စားနိုင်စွမ်း မြင့်မားလှသည်။

ကျင့်ကြံမှု အဆင့်နိမ့်သော ပညာရှင်များသာ ဆိုလျှင်လည်း သေချာပေါက် သေဆုံးနိုင်ပေသည်။

သို့သော်လည်း ယနေ့တွင် သူတို့ ရင်ဆိုင်ရသူမှာ လီယန်ချူ ဖြစ်နေသည်။

သူ၏ ကာကွယ်ရေးအရှိန်အဝါမှာ ပြင်းထန်လှသလို တာအိုအတတ်များမှာလည်း ထူးခြားဆန်းပြားလှသည်။

သူသည် ပင့်ကူမိစ္ဆာ ၄၂ ကောင်လုံးကို သတ်ဖြတ်ပစ်လိုက်သည်။

ဟိန်ယန်ရွာသားများ၏ ရှေ့မှောက်တွင်ပင် ဖြစ်သည်။

ပထမတစ်ကောင်မှာ လူကို ခြောက်လှန့်ရန်အတွက် အမှုန့်ဖြစ်အောင် လုပ်ခဲ့သော်လည်း၊ နောက်ပိုင်း မိစ္ဆာများကိုမူ သူ အမှုန့်မဖြစ်အောင် ထိန်းသိမ်းထားသည်။

အလောင်းများကို သက်သေအဖြစ် ချန်ထားခဲ့ခြင်း ဖြစ်သည်။

သူသည် ထိုနေရာ၏ လျှို့ဝှက်ချက်ကိုလည်း ရှာဖွေတွေ့ရှိသွားခဲ့သည်။

ပင့်ကူမိစ္ဆာ အတော်များများမှာ မျှင်များ ထုတ်နေကြသည်။

၎င်းမှာ သားကောင်ဖမ်းသည့် အဖြူရောင် မျှင်မျိုး မဟုတ်ချေ။

လှိုဏ်ခေါင်းများထဲတွင် အခြားသော ပင့်ကူမျှင် တစ်မျိုး ရှိနေပြီး ၎င်းမှာ နူးညံ့ပျော့ပျောင်းကာ ပိုးချည်နှင့် အလွန်တူလှသည်။

"ဒါဟာ အဲဒီ မင်းစိုးရာဇာတွေ နှစ်သက်ကြတဲ့ ဆက်သပစ္စည်းတွေပေါ့"

လီယန်ချူက အေးစက်စွာ ရယ်လိုက်သည်။

ကျောက်ချန်း၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားပြီး ရင်ထဲတွင် ဖော်ပြမရနိုင်သော ဒေါသများ ပြည့်နှက်နေတော့သည်။

လူကို သတ်ပြီး မိစ္ဆာကို ကျွေးမွေးနေတာပဲ

လှိုဏ်ခေါင်းထဲက အရိုးစုများမှာ ကျား၊ မ ခွဲခြားရခက်သဖြင့် ပျောက်ဆုံးနေသော အမျိုးသမီးများမှာ ထိုအထဲတွင် ပါဝင်နေသလားဆိုသည်ကို မသိနိုင်သေးချေ။

လီယန်ချူက တုနှိုင်းမဲ့သော သိုင်းစွမ်းအားဖြင့် ရွာသားများကို တုန်လှုပ်စေခဲ့သဖြင့်၊ ကျောက်ချန်းသည် သူတို့ကို အစိုးရရုံးသို့ ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းရန် ပြင်ဆင်တော့သည်။

ထိုကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်လျှင်မူ... ၎င်းမှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေမည့် အမှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

All Chapters