← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

🫧 Chapter 13

"ဒေါ်လေးရှ၊ ဖေဖေ ဘယ်မှာလဲ"

လင်းရော့်ယီသည် အိပ်ခန်းထဲမှ ထွက်လာကာ မေးလိုက်သည်။

ဒေါ်လေးရှမှာ ဤအိမ်တွင် အိမ်အကူလုပ်သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ရာ သူမကို ကြည့်မွေးလာသူဟုပင် ဆိုနိုင်သည်။

ထို့ကြောင့် လင်းရော့်ယီ၏အကြောင်းအချို့ကိုလည်း သိထားသည်။

ဒေါ်လေးရှ မီးဖိုချောင်ထဲမှ လက်ကို အေပရွန် နှင့် သုတ်ရင်း ထွက်လာကာ ဖြေသည်။

"သမီး... သခင်ကြီးက စာကြည့်ခန်းထဲမှာပါ"

လင်းရော့်ယီ ရောက်လာသည်နှင့် သူမအဖေက ရိပ်မိပြီးသား ဖြစ်သည်။

သူက လက်ထဲက စာအုပ်ကို ချလိုက်ပြီး သမီးဖြစ်သူဘက် လှည့်ကာ မေးလိုက်၏။

"နောက်တစ်ခါ 'အိပ်မက်' ပြန်မက်တာလား"

လင်းရော့်ယီ ခေါင်းညိတ်ပြကာ

"ဒီတစ်ခါက အိပ်မက်တင်မကဘူး ဖေဖေ၊ ထူးဆန်းတဲ့ နေရာတစ်ခုထဲကို ရောက်သွားတာ၊ အဲ့ဒီမှာ အရမ်းစည်ကားတယ်... ဆိုင်ခန်းတွေ၊ ဈေးသည်တွေရှိပေမဲ့ သွားလာနေတဲ့သူတွေ အားလုံးက တစ္ဆေတွေချည်းပဲ၊ တစ္ဆေလမ်းမကြီး လိုမျိုးပေါ့"

အခု ပြန်စဉ်းစားကြည့်လျှင်ပင် သူမ ရင်ဘတ်ထဲတွင် တဒိန်းဒိန်း ခုန်နေဆဲဖြစ်သည်။

သူမသည် ငယ်စဉ်ကတည်းက ထူးခြားသော ကိုယ်ခန္ဓာရှိပြီး မကြာခဏ ဝိညာဉ်လွင့်ထွက်တတ်သည်။

သူမ၏အဘိုးက လူကြုံနှင့် ရှာပေးထားသော ဤကျောက် စိမ်းဆွဲသီးသာမရှိလျှင် သူမ ဝိညာဉ်မှာ လွင်တီးခေါင်ပြင်တစ်ခုခုတွင် ပျောက်ဆုံးနေသည်မှာ ကြာလှပြီဖြစ်သည်။

"တစ္ဆေလမ်းမလား ၊ အနီးအနားမှာထင်ရှားတဲ့ အဆောက် အဦးတစ်ခုခုရော မတွေ့ခဲ့ဘူးလား"

သူဌေးကြီးလင်းက မျက်ခုံးနှစ်ဖက် စုလျက် မေးလိုက်သည်။

"မတွေ့ခဲ့ဘူး၊ ဒါပေမဲ့... ပိုင်ဝူချန်လို ဝတ်ဆင်ထားတဲ့ ဝိညာဉ်တမန်တော်တစ်ယောက်ကို တွေ့ခဲ့တယ်"

"ဝိညာဉ်တမန်တော် ပိုင်ဝူချန် ၊ ဟမ် ... မင်း ငရဲဘုံကို ရောက်သွားတာလား"

လင်းအဖေက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သမီးဖြစ်သူ၏ဆွဲသီးကို အလန့်တကြား ကြည့်လိုက်မိသည်။

လင်းရော့်ယီက ကျောက်စိမ်းဆွဲသီးလေးကို ထုတ်ပြလိုက်သည်။

၎င်းမှာ အပြစ်အနာအဆာကင်းသော အဖြူရောင် ကျောက် စိမ်းကောင်းလေးဖြစ်ပြီး 'ပီရှူး' ရုပ်ပုံလေး ထွင်းထုထားကာ အနီရောင်ကြိုးလေးနှင့် ချည်ထားသည်။

"ကျောက်စိမ်းဆွဲသီးကတော့ မပျက်စီးပါဘူး၊ အဲ့ဒီ ဝိညာဉ်တမန်တော်ကပဲ သမီးကိုပြန်ပို့ပေးခဲ့တာ"

ထိုစကားကြားမှပင် သူဌေးကြီးလင်းသည် ရင်ထဲက အလုံးကြီး ကျသွားတော့သည်။

"ဘာမှမဖြစ်ရင် ပြီးတာပဲ၊ ကဲ... ပြင်ဆင်လိုက်ဦး၊ ငါတို့ အဘိုးဆီ သွားကြမယ်"

သမီးဖြစ်သူ ဝိညာဉ်လွင့်ထွက်သည်မှာ အကြိမ်ကြိမ် ရှိပြီဖြစ်သော်လည်း ငရဲဘုံအထိရောက်သွားသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။

ဤပြောင်းလဲမှုက သမီးအပေါ် မည်သို့ သက်ရောက်မှုရှိမည် ဆိုသည်ကို အဘိုးဖြစ်သူက သိကောင်းသိနိုင်ပေလိမ့်မည်။

...

အိပ်ခန်းထဲ ပြန်ရောက်ချိန်တွင်မူ လင်းရော့်ယီသည် သူမ၏ ဖုန်းထဲ၌ မခေါ်ဘဲ လွတ်သွားသော ဖုန်းနံပါတ်ပေါင်း ဒါဇင်နှင့်ချီကာ ရှိနေပြီး မက်ဆေ့ချ်အသစ်များစွာ ဝင်နေသည်ကို တွေ့လိုက်ရသည်။

သူမသည် အရင်းနှီးဆုံး သူငယ်ချင်းထံမှ မက်ဆေ့ချ်ကို အရင်ဆုံး ဖွင့်ကြည့်လိုက်သည်။

"ယီယီ... နင် အသက်ရှင်သေးရဲ့လား၊ အသက်ရှင်နေသေးရင်ရင် တစ်ချက်လောက် 'အသံ' ပေးဦး"

"ဟာ... နင် တကယ်ပဲ ငရဲပြည်ကို သွားခဲ့တာလား၊ ပိုင်ဝူချန် နဲ့ပါ ဈေးပတ်နေတယ်ဆိုပဲ"

"နင် တကယ် မသေသေးဘူးမလား"

လင်းရော့်ယီမှာ ကြောင်သွားပြီး ခေါင်းထဲတွင် မေးခွန်းသင်္ကေတကြီး ပေါ်လာမိ၏။

'သူ့ သူငယ်ချင်းက ဒါတွေကို ဘယ်လိုသိနေတာလဲ ငါ ငရဲပြည်သွားတာ သူက ဘယ်လိုလုပ်သိနေတာလဲ'

ချက်ချင်းဆိုသလိုပင် သူမ မျက်နှာမှာ တည်ကြည်သွားသည်။

'သူမ၏ လျှို့ဝှက်ချက်ကို တစ်စုံတစ်ယောက်က လူသိရှင် ကြား ဖွင့်ချလိုက်ပြီလား'

ထို့နောက်သူမသည် ဖုန်းမျက်နှာပြင်ပေါ်တွင် စာရိုက်ကာ မက်ဆေ့ချ် ပို့လိုက်သည်။

မက်ဆေ့ချ် ပို့လိုက်ရုံရှိသေး၊ တစ်ဖက်က ဖုန်းချက်ချင်း ပြန်ခေါ်လာသည်။

"လင်းရော့်ယီ၊ တံခါးဖွင့်စမ်း"

...

"တမုန့် နင် ဘယ်လိုရောက်လာတာလဲ"

သူငယ်ချင်းနှင့် မတွေ့မီ လင်းရော့်ယီ ခေါင်းထဲတွင် အတွေးပေါင်းစုံရှိနေသည်။

သူဌေးကြီးသမီးတစ်ယောက်အနေဖြင့် သူမတွင် ရန်သူများစွာရှိသည်။

ဤမေးခွန်းကို မေးလိုက်ချိန်တွင် သူမခေါင်းထဲ၌ ဇာတ်လမ်း တစ်ခုလုံးကိုပင် ပုံဖော်နေမိသည်။

"ငါ ဘယ်လိုရောက်လာရမလဲ၊ နင် သေသွားပြီး နောက်ဆုံးခရီးကိုတောင် မမီလိုက်မှာစိုးလို့ တစ်ညလုံး တခြားပြည်နယ်ကနေ လေယာဉ်နဲ့ပျံလာရတာ"

ရွှီမုန့် လင်းရော့်ယီကို ခြေဆုံးခေါင်းဆုံး လှည့်ပတ်ကြည့်ကာ အင်္ဂါစုံမစုံ စစ်ဆေးလိုက်၏။ ထို့နောက် တစ်ခုခုကိုသတိရသွားပြီး မျက်မှန်ကိုပင့်ကာ အလေးအနက် မေးခွန်းထုတ်သည်။

"ငါ့ရဲ့ပထမဆုံး Crush က ဘယ်သူလဲ"

လင်းရော့်ယီမှာ သူမ၏ အလေးအနက်မျက်နှာထားကြောင့် ကြောင်သွားပြီး "ပါမောက္ခယန် လား"

ထို Crush ဇာတ်လမ်းမှာ ၂ နှစ်နီးပါး ကြာခဲ့ပြီး သူတို့နှစ်ယောက်သာသိသော လျှို့ဝှက်ချက် ဖြစ်သည်။

ရွှီမုန့် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

"ဒါ ငါ့ရဲ့ ယီယီ အစစ်ပဲ"

"ဘာတွေ ဖြစ်နေတာလဲဆိုတာ ပြောဦးလေ"

နှစ်ယောက်သား အခန်းထဲ ရောက်မှပင် ရွှီမုန့်က [မရဏလောကထဲမှနေ့ရက်များ] live room အကြောင်းကို ရှင်းပြတော့သည်။

သဘာဝလွန် ဖြစ်ရပ်များကို စိတ်ဝင်စားသော အယ်ဒီတာတစ်ဦးဖြစ်သည့် ရွှီမုန့်သည် သတင်းများကို လွန်စွာနားစွင့်ထားသူ ဖြစ်သည်။

ရက်လည်နေ့ ဝိညာဉ်ပြန်လာသည့်ညကတည်းက သူမသည် ဤ Host ကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ခြင်းဖြစ်ရာ နောက်ဆုံးတွင် သူမ၏ သူငယ်ချင်းဖြစ်သူကို Live ထဲတွင် တွေ့လိုက်ရသောအခါ အံ့သြတုန်လှုပ်သွားရသည်။

"အမ်"

လင်းရော်ယီ့ ပါးစပ်မှာ အံ့သြလွန်း၍ 'O' ပုံသဏ္ဍာန် ဟသွားမိ၏။

"ငါ... ငါ မနေ့ညက အဖြစ်အပျက်တွေ အားလုံးက Live လွှင့် ခံလိုက်ရတာလား၊ ပိုင်ဝူချန်က Live လွှင့်တယ် ဟုတ်လား"

လင်းရော့်ယီ ပြောပြီးချိန်တွင် သူငယ်ချင်းဖြစ်သူ၏ မျက်လုံးများမှာ တစ်မျိုးဖြစ်နေသည်ကို သတိထားမိလိုက်သည်။

ဒုက္ခပဲ... ဝိညာဉ်လွင့်ထွက်သည့် ကိစ္စကို သူမသည် ရွှီမုန်ကိုပင် တစ်ခါမှ မပြောပြဖူးပေ။

သူမ၏အကြီးမားဆုံး လျှို့ဝှက်ချက်က ဤကဲ့သို့ နည်းလမ်းမျိုးနှင့် လူသိရှင်ကြား ဖြစ်သွားလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ဖူးပေ။

သူမ ဘယ်လိုရှင်းပြရမလဲ စဉ်းစားနေစဉ်မှာပင် ရွှီမုန့်က သူမကို ဖက်ကာ အော်ဟစ်လိုက်တော့သည်။

"အားးးး ဒါဆို နင် တကယ်ပဲငရဲဘုံကိုတစ်နေ့တာ ခရီးလှည့်လည်ခဲ့ပြီး ပိုင်ဝူချန်နဲ့ ဈေးပတ်ခဲ့တာပေါ့"

မျက်မှန်နောက်က ရွှီမုန့် မျက်လုံးများထဲတွင် အားကျစိတ်များအပြည့်ဖြစ်နေသည်။

လင်းရော့်ယီ: "..."

' အဓိကအချက်က အဲ့ဒါလား'

...

ယနေ့သည် သာမန်နေ့တစ်နေ့ဖြစ်သလို လူအများစောင့် မျှော်နေသော နေ့တစ်နေ့လည်း ဖြစ်သည်။

အလုပ်သမားများရော၊ ဂိမ်းကစားသူများနှင့် ဝတ္ထုဖတ်သူများပါ ယနေ့၏သတင်းအသစ်များကို စောင့်ကြည့်နေကြသည်။

မနေ့ညက 'တစ်နိုင်ငံလုံး၏ အချစ်တော်လေး' သည် ငရဲဘုံ Live ထဲရောက်သွားခဲ့သဖြင့် လူအားလုံးက ယနေ့ ထွက်ပေါ်လာမည့် သတင်းများကို စောင့်ဆိုင်းနေကြခြင်းဖြစ် သည်။

'လင်းရော့်ယီ သေသွားပြီလား'

'ဒါမှမဟုတ် သူမက Host နဲ့ ပူးပေါင်းထားတာလား'

'သူမ တကယ်ပဲ ငရဲဘုံကို သွားခဲ့တာလား'

'လင်းရော်ယီက ဘာလို့ ဝိညာဉ်လွင့်ထွက်နိုင်တာလဲ၊ တကယ်ပဲ ကျင့်ကြံသူ တစ်ယောက်လား'

'ဒီလောကမှာ တကယ်ပဲ ကျင့်ကြံသူ မိသားစုတွေ ရှိနေတာလား'

မီဒီယာအသီးသီးကလည်း သတင်းများစွာ ရရှိထားကြသည်။

ပုံမှန်အားဖြင့် လင်းရော့်ယီနှင့် ပတ်သက်လျှင်လည်း အမြဲ တမ်း လူစိတ်ဝင်စားမှုမြင့်မားလှသည်။

လင်းမိသားစုက ဤသတင်းများကိုပိတ်ဆို့ရန် ကြိုးစားချိန်တွင် နောက်ကျသွားပြီ ဖြစ်သည်။

မနေ့ညက လူသန်းချီ ကြည့်နေခဲ့သဖြင့် လူအများ၏ပါးစပ်ကို ပိတ်ရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ဒီအတိုင်းသာ လွှတ်ထားလိုက်တော့သည်။

ခဏချင်းမှာပင် မီဒီယာမျိုးစုံမှ သတင်းများမှာ ပလူပျံအောင် ထွက်ပေါ်လာသည်။

[တစ်နိုင်ငံလုံးရဲ့ အချစ်တော်လေးသန်းခေါင်ယံမှာ ကျင့်ကြံနေသည်] ဆိုသော ခေါင်းစဉ်မှာ ရေပန်းအစားဆုံး ခေါင်းစဉ် ဖြစ်လာသည်။

တီထွင်ဆန်းသစ်မှုရှိသော အင်တာနက်အသုံးပြုသူများမှာလည်း လင်းရော်ယီ လမ်းကြားထဲကနေ ခေါင်းလေးပြူထွက်လာသည့် အခန်းကို Q-version ပုံလေးများဆွဲကာ ဗီဒီယိုအတိုလေးများ ဖန်တီးကြသည်။

ခေါင်းလေးပြူလိုက်၊ ပြန်ဝင်လိုက်လုပ်နေသည်ကို ထူးဆန်း သော သီချင်းများဖြင့် တွဲဖက်ကာ လူမှုကွန်ရက်ပေါ် တင်ကြသည်။

လင်းရော်ယီ၏မျက်နှာကို ကျင့်ကြံသူ ခန္ဓာကိုယ်တစ်ခုတွင် တွဲဖက်ကာ သီချင်းအသစ်များပင် ထွက်လာသည်။

ထိုဗီဒီယိုများမှာ ခဏချင်း ပြန့်နှံ့သွားပြီး Sticker များပင် ထွက်ပေါ်လာ၏။

[ငါ့မိန်းမက ကျင့်ကြံသူပဲ]

[ချစ်သူလေး သန်းခေါင်ယံမှာ ဝိညာဉ်လွင့်ထွက်သွား ခြင်း လူသားတို့၏ နာမည်ကျော်လျှို့ဝှက်ချက် ၁၀ ခု]

သူဌေးလင်း နှင့်အတူ အဘိုးအိမ်သို့ သွားနေသော လင်းရော့်ယီသည် သူငယ်ချင်းဆီက ပို့လာသော Meme ပုံများကို ကြည့်ကာ နှုတ်ခမ်းလေးတွန့်သွားသည်။

Hot Search များကိုလည်း သူမ မြင်တွေ့ပြီး ဖြစ်သည်။

ယခုအချိန်တွင် သတင်းများကို ပိတ်လိုက်လျှင် ပိုသံသယဖြစ်စရာ ကောင်းသွားပေလိမ့်မည်။ ထို့ကြောင့် သူမသည် Weibo ပေါ်တွင် စာတစ်ကြောင်း ရေးလိုက်တော့သည်။

[အမှန်အတိုင်း ဝန်ခံလိုက်ပါပြီ၊ တကယ်တော့ ကျွန်မက ကျင့်ကြံသူတစ်ယောက်ပါ]

ဤစာထွက်လာပြီး ခဏချင်းမှာပင် လူသန်းပေါင်းများစွာ ရောက်လာကြကာ Like၊ Share နှင့် Comment များမှာ ရေလို လွှမ်းမိုးသွားသည်။

[မိန်းမရေ... ငါ့ကိုပါ ခေါ်သွားပါ၊ ငါက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးလို့ ]

[ဝန်ခံလိုက်ပြီ၊ ငါ့မိန်းမက ကျင့်ကြံသူပဲ]

[ညတိုင်း ကျင့်ကြံ နေတဲ့ ကျင့်ကြံဖော်များ ဒီမှာ လာစုကြပါ]

[တာအိုရောင်းရင်း... ရွေအမြုတေအဆင့်ကို တက်ဖို့ မိုးကြိုးဒဏ်ကို ဘယ်လို ကျော်ဖြတ်ရမလဲဗျ]

လူများဆိုသည်မှာ ဤသို့ပင်...

'သင်က ဖုံးကွယ်လေလေ သူတို့က ပိုစူးစမ်းချင်လေလေ ဖြစ်သည်'

လင်းရော်ယီက ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်သော အခါ လူများက နောက်ကွယ်က လျှို့ဝှက်ချက်များကို စူးစမ်းရန် စိတ်မဝင်စားတော့ဘဲ စနောက်စရာတစ်ခုအဖြစ်သာ သဘောထားလိုက်ကြသည်။

' လင်းရော်ယီက ကျင့်ကြံသူလား'

'ဒါမှမဟုတ် Host နဲ့ ပူးပေါင်းထားတာလား'

သူတို့အတွက်ကတော့ ပျော်စရာတစ်ခုသာ ဖြစ်သည်။

သို့သော် အမှန်တကယ် စိတ်လှုပ်ရှားနေသူ အနည်းငယ်မှာမူ လက်ပင် မခိုင်တော့ပေ။

[တကယ်ပဲ ဒီလောကမှာ ကျင့်ကြံသူတွေ ရှိတယ်လို့ ငါပြောသားပဲ မြန်မြန်... ဆေးရုံက ငါ့ဦးလေးကို အိမ်ပြန်ခေါ်လာခဲ့ကြတော့]

🫧 Chapter 14

လူ့လောကတွင် ဖြစ်ပျက်နေသမျှကို ကျန်းလင်မှာ ဘာမှမသိသေးပေ။

သူသည် Live Room ကိုပိတ်ကာ သူ့သစ်သားအိမ်လေးသို့ ပြန်လာပြီး စျေးဆိုင်ကို ဖွင့်လိုက်သည်။

ယခုအချိန်တွင် သူ့ စုစုပေါင်းရမှတ် မှာ ၂၉၀၀ ရှိနေပြီ ဖြစ်သည်။

ကျန့်လင်းသည် အရွယ်အစားကြီးသော ယင်ချီစွမ်းအင်လုံး ကိုကြည့်လိုက်၏။

ဤအရွယ်အစား ဆေးလုံးများတွင် ပါဝင်သည့် ယင်စွမ်းအင်မှာ သေးငယ်သော ဆေးလုံးများထက် ပိုမိုသန့်စင်ပြီး ပိုမိုများ ပြားသည်။

ဆေးတစ်လုံးလျှင် ရမှတ် ၅၀၀ ပေးရ၏။

သူသည် ရမှတ် ၂၅၀၀ သုံးကာ ၅ လုံး တိုက်ရိုက်ဝယ်ယူလိုက်ပြီး ကျန်ရမှတ် ၄၀၀ ကိုမူ အရေးပေါ်အခြေအနေအတွက် ချန်ထားလိုက်သည်။

"ပစ္စည်းထုတ်ယူမယ်"

ထို့နောက် ယင်စွမ်းအင်လုံး ၅ လုံးမှာ လက်ထဲသို့ ရောက်လာသည်။

တံခါးနှင့် ပြတင်းပေါက်များကို သေချာပိတ်ပြီးနောက် ကျန့်လင်းသည် တင်ပလ္လင်ခွေထိုင်ကာ စတင်ကျင့်ကြံတော့သည်။

ကြီးမားလှသော ယင်စွမ်းအင်များသည် ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သီးသန့်ချေဖျက်နေစရာမလိုဘဲ တိုက်ရိုက်စုပ်ယူနိုင်လေသည်။

သူ့ ခန့်မှန်းချက်အရ ဤဆေးလုံးများသည် လက်ရှိအဆင့်ကို ကျော်ဖြတ်ရန် လုံလောက်သည်။

ယင်စွမ်းအင်များသည် ခန္ဓာကိုယ်အတွင်း မြစ်တစ်စင်းကဲ့သို့ ဖြစ်ပေါ်လာပြီး နေရာအနှံ့သို့ စီးဆင်းသွားသည်။

၃ နာရီအကြာတွင်...

ကျန်းလင်၏အရှိန်အဝါသည် တ‌စ္ဆေတပ်သား အဆင့်နှောင်းပိုင်းမှ ထိပ်ဆုံးအဆင့်သို့ တက်လှမ်းသွားပြီး... တစ်ဆက် တည်းမှာပင် တစ္ဆေစစ်သူကြီး အဆင့်အစောပိုင်းသို့ ချိုးဖျက်ဝင်ရောက်သွားသည်။

ထို့အပြင်အရှိန်အဝါမှာ ဆက်လက်မြင့်တက်နေပြီး စစ်သူကြီးအဆင့်အလယ်ပိုင်းသို့ပင် ချဉ်းကပ်နေတော့သည်။

ဤအတောအတွင်း မည်သည့်အတားအဆီး မျှ မရှိခဲ့ပေ။

အိမ်လေးထဲတွင် ကျန်းလင် ထိုင်နေစဉ် သူ့ ပတ်ပတ်လည်၌ ထူထပ်သော ယင်စွမ်းအင်များ ဝန်းရံနေ၏။

တစ္ဆေတပ်သားအဆင့်က ခန္ဓာကိုယ်ထဲက စွမ်းအားမှာ ချောင်းငယ်လေးတစ်ခုဆိုလျှင် စစ်သူကြီးအဆင့်မှာမူ မြစ်ကြီးတစ်စင်းကဲ့သို့ ဖြစ်သည်။

လက်တွေ့ဆုပ်ကိုင်၍ ရလုနီးပါးရှိသော စွမ်းအားများ ခန္ဓာကိုယ်ထဲ လှည့်လည်နေခြင်းမှာ ကျန်းလင် တစ်ခါမှ မခံစားဖူးသော အတွေ့အကြုံသစ်ပင်။

သူ့ ပတ်ပတ်လည်က ယင်စွမ်းအင်များကို ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်ကာ လက်ရှိအဆင့်ကို ခိုင်မာအောင်လုပ်လိုက်သည်။

"ဟူး..."

ထို့နောက်ကျန်းလင် အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်ကာ ထရပ်လိုက်သည်။

ခန္ဓာကိုယ်ထဲ ပြည့်လျှံနေသောစွမ်းအားများကြောင့် လက် တွေ့ စမ်းသပ်ကြည့်ချင်စိတ်ပင် ပေါက်လာရသည်။

စစ်သူကြီးနှင့် တပ်သားအဆင့်တို့၏ တိုက်ခိုက်ရေးစွမ်းရည်တွင် အကြီးမားဆုံး ကွာခြားချက်မှာ... စစ်သူကြီးအဆင့်တွင် ခန္ဓာကိုယ်ထဲက တစ္ဆေစွမ်းအင်များကို ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် အလွှာတစ်ခုအဖြစ်ထုတ်ဖော်ကာ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကို ဖန်တီးနိုင်ခြင်းဖြစ်သည်။

ကျန်းလင်လက်သီးကို ဆုပ်လိုက်ကာ စွမ်းအားကို လှုံ့ဆော်လိုက်ရာ လက်သီးပေါ်တွင် ပါးလွှာသော တစ္ဆေစွမ်းအင်အလွှာတစ်ခု ချက်ချင်းဖုံးလွှမ်းသွားသည်။

ထိုစွမ်းအားမှာ မီးလျှံကဲ့သို့လည်းကောင်း၊ စီးဆင်းနေသော ရေကဲ့သို့လည်းကောင်း လှုပ်ရှားနေ၏။

အိမ်လေးထဲတွင် စွမ်းအားသစ်ကို အသားကျအောင် လုပ်ပြီးနောက် ကျန့်လင်းသည် ငရဲဘုံတာဝန်ဌာနသို့ ရောက်ရှိလာသည်။

စစ်သူကြီးအဆင့်ရောက်ခြင်း၏ အကျိုးကျေးဇူးနှစ်ခုရှိသည်။

နံပါတ် ၁။ မိမိကိုယ်ပိုင် တစ္ဆေစစ်သည်လေးများကို အများဆုံး ၁၀ ယောက်အထိ ပိုင်ဆိုင်ခွင့်ရသည်။

နံပါတ် ၂။ မိမိ၏ပုံမှန်အလုပ်အပြင် အခြားသော တာဝန်များကို လက်ခံဆောင်ရွက်ခွင့်ရသည်။

တာဝန်ဌာနတွင် သင်သည် ဆုကြေးပေးကာ အကူအညီတောင်းနိုင်သလို၊ အခြားသူများ၏ တာဝန်များကိုလည်း လက်ခံနိုင်သည်။

အလုပ်များလွန်းလျှင် သို့မဟုတ် ခက်ခဲသောတစ္ဆေနှင့် တွေ့လျှင် ဤနေရာတွင် တာဝန်ပေးအပ်နိုင်သည်။

အလုပ်နည်းနေလျှင်လည်း မိမိအခြေအနေအလိုက် အရံအလုပ်များ လုပ်ဆောင်နိုင်သည်။

ဤဌာနသည် ငရဲဘုံဖွံ့ဖြိုးရေးအတွက် တရားဝင် အသိအ မှတ်ပြုထားသော နေရာဖြစ်သည်။

တာဝန်စာရင်းမှာ ခန်းမအလယ်တွင်ရှိပြီး မည်သူမဆို ကြည့်နိုင်သည်။

ကျန်းလင် ရောက်လာချိန်တွင် ဝိညာဉ်တမန်များစွာ ရောက်နေကြပြီ ဖြစ်သည်။

လူတိုင်းက တာဝန်စာရင်းကိုကြည့်ကာ စကားပြောနေကြသည်။

"မုန့်ပေါ် က တာဝန်အသစ်တင်ပြန်ပြီ၊ လူရှာတဲ့တာဝန်ပဲ... ဆုကြေးက အရမ်းများတာပဲ"

"ဆုကြေးကိုမက်မောနေလည်း ဘာလုပ်မှာလဲ၊ မုန့်‌ပေါ်က အနှစ်တစ်ထောင်ကျော်နေလာတာ... သူ စောင့်နေတဲ့သူကို ရှာဖို့ဆိုရင် အနည်းဆုံး စစ်သူကြီးအဆင့်မှ ရမှာ"

ထိုစကားကြားသဖြင့် ကျန်းလင် ဘေးကိုစောင်းကြည့်လိုက်သည်။

မုန့်ပေါ်သည် လွန်ခဲ့သော နှစ်တစ်ထောင်ကတည်းက လူတစ်ယောက်ကိုစောင့်နေခြင်းဖြစ်ပြီး 'နိုင်းဟယ်' တံတား ပေါ်တွင် သူမ ပုံရိပ်ကို ခဏခဏတွေ့ရတတ်သည်ဟု ဆိုကြသည်။

နောက်ပိုင်းတွင် ဘယ်လိုကြောင့် မုန့်ပေါ်ဖြစ်သွားသည်ကိုမူ မသိရပေ။

လွန်ခဲ့သော နှစ်တစ်ထောင်က လူကို ယခုမှပြန်ရှာရန်မှာ ခက်ခဲလွန်းလှသည်။

ဘေးနားက တိုင်လုံးကြီးကိုမှီကာ အရက်သောက်ရင်း စကားပြောနေသော ဝိညာဉ်တမန်နှစ်ဦးကိုလည်း တွေ့ရသည်။

သူတို့မှာလည်း ဝိညာဉ်တမန်တော် အဖြူ/အမည်း ဝတ်စုံများနှင့်ဖြစ်သည်။

"အခုခေတ် တစ္ဆေတွေက အရင်ကထက် ကိုင်တွယ်ရပိုခက်လာတယ်"

"ဟုတ်ပကွာ... တစ်ယောက်ချင်းစီက စိတ်ဓာတ်တွေတက်ကြွနေကြတာ... အခုခေတ် လူတွေက ဘာလို့ ရှေးခေတ်ကထက် ရန်ငြိုးတွေ ပိုကြီးနေကြတာလဲ မသိဘူး"

"ပြီးခဲ့တဲ့တစ်ခေါက်က စစ်သူကြီးအဆင့်တစ်ယောက်တောင် ဒဏ်ရာနဲ့ ပြန်လာတာမြင်လိုက်တယ်၊ ဘာတာဝန် သွားလုပ်တာလဲ မသိဘူး"

"ဒါမျိုးတွေ ဆက်ဖြစ်နေရင် ငရဲပြည်က မကြာခင် ပြည့်တော့မှာပဲ၊ ဟိုလူတွေကို ငရဲပြည်ရဲ့အခြေအနေကို ပြလိုက်ချင်တယ်... ဒါမှ သူတို့ မကောင်းမှုတွေ မလုပ်ရဲကြမှာ"

"ဒါကို ခင်ဗျား မသိသေးဘူးပဲ၊ ငရဲပြည်က တကယ်ကြီး ပြည့်လျှံသွားပြီး ရန်ငြိုးတွေ ကောင်းကင်အထိတက်ခဲ့ဖူးတယ်လို့ ကြားဖူးတယ်"

"ပြီးတော့ ဘာဖြစ်သွားလဲ"

"နတ်ဘုရားတစ်ပါးက သူ့ကိုယ် သူ စတေးပြီး အဲ့ဒီ ရန်ငြိုးတွေကို သန့်စင်ပေးခဲ့လို့ ငရဲပြည်ပြန်ပြီး အသစ်ဖြစ်သွားတာတဲ့"

ဝိညာဉ်တမန်နှစ်ဦးမှာ အရက်တစ်ငုံသောက်ရင်း သက်ပြင်း ချနေကြသည်။

ဤအကြောင်းများကို ကျန်းလင်လည်း စီနီယာများပြောပြ၍ ကြားဖူးသော်လည်း အမှန်လား၊ အမှားလားဆိုသည်ကိုမူ မသိပေ။

တာဝန်ခန်းမတွင် ခဏစောင့်ပြီးနောက် ကျန်းလင်သည် အသစ်တက်လာသော တာဝန်တစ်ခုကို လက်ခံလိုက်သည်။

တာဝန်အညွှန်းအရ သိပ်မခက်ခဲသဖြင့် သူ အရင်စမ်းသပ်ကြည့်ရမည် ဖြစ်သည်။

...

[Host က ဒီနေ့လည်း နေ့ခင်းကြောင်တောင် ထွက်လာပြန်ပြီ]

[ငါက တော့အလုပ်မှာ ခိုးပြီး Host ရဲ့ Live ကို ကြည့်နေရတယ်]

[အပေါ်ကလူ... ငါက မင်းရဲ့ သူဌေးပဲ]

[ဟင်... Host က ကုမ္ပဏီတစ်ခုထဲ ဝင်သွားတာလား၊ နောက် ထပ်ဝန်ထမ်းတစ်ယောက် အလုပ်လုပ်လွန်းလို့ သေတော့မလို့လား]

[လူနာတင်ကား အဆင်သင့်စောင့်နေတယ်]

[ရဲတပ်ဖွဲ့ : ဒါ ဘယ်နေရာလဲ]

[ဟာ... အပေါ်ကအကောင့်က အစစ်လား၊ အတည်ပြုထားတာလား]

Live စတင်လိုက်သည်နှင့် ကြည့်ရှုသူများမှာ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတော့သည်။

ရက်လည်နေ့ ဝိညာဉ်ပြန်လာခြင်းဖြစ်စေ၊ တစ်နိုင်ငံလုံး၏ ချစ်သူလေး လင်းရော့်ယီ ငရဲဘုံတွင် ပေါ်လာခြင်းဖြစ်စေ ကျန်းလင်၏ Live အတွက် လူကြည့်နှုန်းများစွာ ရရှိစေခဲ့သည်။

လင်းရော့်ယီကိုယ်တိုင်ပင် Host ကိုခိုးပြီး Follow လုပ်ထား သည်။

Live စသည်နှင့် လင်းရော့်ယီမှာ ဘာမှမပြောဘဲ လက်ဆောင်များ တရစပ်ပေးတော့သည်။

သူမ မှာ ကျေးဇူးဆပ်ရန်အတွက် ဤနည်းလမ်းကိုသာ တတ်နိုင်ခြင်း ဖြစ်သည်။

[သူဌေးမလေးကို ဂါရဝပြုပါတယ်၊ အခိုင်းအစေလိုဦးမလား]

[ချမ်းသာပါစေ]

[666...]

Live မြင်ကွင်းမှာ ကျန်းလင်နှင့်အတူ ကုမ္ပဏီတစ်ခုသို့ ရောက်ရှိလာသည်။

ထိုကုမ္ပဏီမဝင်မီ ကျန့်လင်းက ယနေ့တာဝန်ကို ရှင်းပြသည်။

"ဒီနေ့ကတော့ လူ့လောကမှာ ကျန်ရစ်နေတဲ့ ဝိညာဉ်တစ်ခုကို လာခေါ်တာပါ၊ အခန့်မသင့်ရင်တော့ အငြိုးကြီးတစ္ဆေအဖြစ် ပြောင်းနေလောက်ပြီ၊ အခု အထဲကို အတူတူဝင်ကြည့်ရ အောင်"

...

JM သည် ဖက်ရှင်ဒီဇိုင်းကုမ္ပဏီတစ်ခုဖြစ်ပြီး နယ်ပယ်ထဲတွင် ထိပ်တန်းစာရင်းဝင်ဖြစ်သည်။

လျိုမော့ရွှီသည် ဘွဲ့ရပြီးကတည်းက ဤနေရာတွင် ဒီဇိုင်းလက်ထောက်အဖြစ် ဝင်လုပ်နေခြင်းဖြစ်သည်။

မနက် ၈ နာရီမှ ညနေ ၆ နာရီအထိဖြစ်ပြီး အချိန်ပိုဆင်းရသည်မှာလည်း ပုံမှန်လို ဖြစ်နေသည်။

နောက်ဆုံးတွင် အထက်လူကြီးလိုအပ်သော ဒီဇိုင်းပစ္စည်းများကိုစုဆောင်းပြီး ကွန်ပျူတာဖြင့် ပို့လိုက်ပြီးနောက် လျိုမော့ရွှီမှာ စားပွဲပေါ် မှောက်အိပ်ချင်စိတ်ပေါက်သွားသည်။

သူမသည် ရေခွက်ထဲသို့ သံပရာရည် သွားထည့်ပြီး ပြန်လာချိန်တွင် ဖုန်းထဲ၌ အသိပေးချက်တစ်ခု တွေ့လိုက်ရသည်။

[သင် Follow လုပ်ထားသော 'မရဏ‌လောကမှနေ့ရက်များ' Live စတင်နေပြီ၊ လာကြည့်လိုက်ပါ]

"ဟ...Host က ဒီနေ့ စောစောစီးစီးလွှင့်တာပဲ"

လျိုမော့ရွှီ ဘေးဘယ်ညာ ကြည့်လိုက်သောအခါ လုပ်ဖော် ကိုင်ဖက်များမှာ အလုပ်ရှုပ်နေကြသည်။ သူမသည် အသံကို တိုးလိုက်ပြီး Live ကို ဖွင့်လိုက်သည်။

[အားးး Host က ဒီနေ့လည်း ချောနေတုန်းပဲ၊ ဒီနေ့ရော အိပ်မက်ပေးဦးမလား]

Live ထဲဝင်လိုက်သည်နှင့် Host ပြောနေသည်ကို ကြားလိုက်ရသည်။

"ဒီနေ့ကတော့ လူ့လောကမှာ ကျန်ရစ်နေတဲ့ ဝိညာဉ်တစ်ခုကို လာခေါ်တာပါ၊ အခန့်မသင့်ရင်တော့ တစ္ဆေအဖြစ်ပြောင်းနေလောက်ပြီ၊ အခု အထဲကို အတူတူ ဝင်ကြည့်ရအောင်"

လျိုမော့ရွှီ စူးစမ်းချင်စိတ် ပေါ်လာသည်။

ဝိညာဉ်က ဘာလို့ လူ့လောကမှာ ကျန်နေရတာလဲ။

တစ်ခုခုကို စွဲလမ်းနေလို့လား သို့မဟုတ် မတရားခံရလို့လား။

အရင်က ဖတ်ဖူးသည့် ဝတ္ထုများကို သတိရကာ သူမ စိတ်လှုပ်ရှားလာသည်။

မြင်ကွင်းမှာ Host နှင့်အတူ ကုမ္ပဏီထဲသို့ ဝင်လာသည်။

ပထမထပ်မှနေ၍ အပေါ်သို့ တရိပ်ရိပ် တက်သွားပြီး ခေတ္တအကြာတွင် ရပ်တန့်သွားသည်။

၎င်းမှာ အဆင့်မြင့်ပုံပေါက်သော ရုံးခန်းတစ်ခုဖြစ်ပြီး အေးစက်သော အရောင်များဖြင့် ပြင်ဆင်ထားသည်။

ပြတင်းပေါက်မှ အောက်သို့ ငုံ့ကြည့်လျှင် အထပ် ၃၀ သို့မဟုတ် ၄၀ ခန့် မြင့်မည့်ပုံရှိရာ အမြင့်ကြောက်သူများဆိုလျှင် ဖျားသွားနိုင်လောက်သည်။

လျိုမော့ရွှီသည် အလုပ်ခိုးလုပ်နေသည်ကို အမိမခံရအောင် သတိထားရင်း Live ကို ကြည့်နေသည်။

သို့သော်... ဒီရုံးခန်းမြင်ကွင်းက ဘာလို့ တစ်နေရာရာမှာ မြင်ဖူးသလိုလို ဖြစ်နေရတာလဲ။

All Chapters