အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
🫧 Chapter 17
ချိုက်ရှင်း၏ အိပ်ခန်းအထက်တွင်...
ဖန်းလီလီဝိညာဉ်သည် ကျန်းလင် ဘေးတွင် ရပ်နေသည်။
"မင်း အခု သူ့ကို သတ်လို့မရသေးဘူး"
ကျန့်လင်း အေးဆေးစွာ ပြောလိုက်သည်။
ဖန်းလီလီ ဝိညာဉ်မှာ မပြည့်စုံသေးပေ။
လူတစ်ယောက်ကို သေစေချင်လျှင် အချိန်တစ်ခုလိုအပ်သေးသည်။
"ကျွန်မ သိတယ်" ဖန်းလီလီ အောက်ကလူကို ဒေါသတကြီး စိုက်ကြည့်နေသည်။
'ဒါပေမဲ့အခုချက်ချင်း သတ်လို့မရသေးရင်တောင် အိပ်မက်ထဲမှာ သူ့ကို အကြိမ်ရာနဲ့ချီပြီး အရင်သေခိုင်းထားလို့ ရတယ်လေ '
ကျန်းလင် "မင်း တကယ်ပဲ သူ့ကို သတ်လိုက်ရင် မင်းလက်မှာ လူသတ်အော်ရာ စွဲကပ်သွားလိမ့်မယ်။
အဲ့ဒီအခါကျရင် ပြန်လည်မွေးဖွားခြင်းစက်ဝိုင်း ထဲ ဝင်ဖို့ ခက်သွားလိမ့်မယ်။"
ဤတာဝန်သည် အဆင့်မမြင့်ခြင်းမှာ ဖန်းလီလီ၏လက်တွင် လူသေဆုံးထားခြင်း မရှိသေးသောကြောင့်လည်း ဖြစ်သည်။
တစ္ဆေများကို နှစ်မျိုးခွဲခြားနိုင်၏
၁။ လူသတ်ထားသော တစ္ဆေနှင့်
၂။ လူမသတ်ဖူးသော တစ္ဆေ
"ကျွန်မ မကြောက်ဘူး"
ဤတိရစ္ဆာန်ကို သတ်နိုင်မယ်ဆိုလျှင် သူမ ဘာကိုမှ မကြောက်တော့ပေ။
"ဒါပေမဲ့ မထိုက်တန်ဘူး"
ကျန်းလင် "ငါသိသလောက်တော့ မင်းအမေက ပျောက်ဆုံးနေတဲ့ မင်းပြန်လာမှာကို စောင့်နေတုန်းပဲ။"
ဖန်းလီလီ ရုတ်တရက် တိတ်ဆိတ်သွား၏။
ဒုန်း.. ဆိုသော အသံကြီးနှင့်အတူ...
တံခါးကို ရဲများ တွန်းဖွင့်ဝင်လာပြီး အလင်းတန်းများစွာ အခန်းထဲဝင် ရောက်လာကာ ထိုတိရစ္ဆာန် (ချိုက်ရှင်း) အဖမ်းခံလိုက်ရသည်ကို သူမ မြင်လိုက်ရသည်။
ရဲများသည် သံလှောင်အိမ်များကို ရိုက်ခွဲလိုက်ကြကာသူမကဲ့သို့ပင် ပြန်ပေးဆွဲခံထားရသူများကို ကယ်ထုတ်နိုင်ခဲ့သည်။
...
ဗီလာနောက်ကွယ်မှ ရက်စက်လှသော အစောင့်ခွေးများကိုလည်း ဆေးထိုးကာ ငြိမ်းချမ်းစွာ သေဆုံးစေခဲ့သည်။
အနက်ရောင် မြူခိုးအချို့မှာ ဖန်းလီလီထံသို့ ပျံသန်းလာပြီး မပြည့်စုံသော သူမ၏ဝိညာဉ်မှာလည်း နောက်ဆုံးတွင် ပြန်လည် ပြည့်စုံသွားတော့သည်။
တစ်ညတည်းအတွင်းမှာပင် ချိုက်ရှင်း၏ယုတ်မာမှုများကို တစ်ကမ္ဘာလုံး သိရှိသွားကြသည်။
ထိုလူ့တိရစ္ဆာန်မှာ အချုပ်ထဲ အထည့်ခံလိုက်ရပြီး တရား စီရင်မှုကို စောင့်ဆိုင်းရတော့မည်ဖြစ်သည်။
ခဏလေးအတွင်းမှာပင် အထက်တန်းစား စီအီးအိုဘဝမှ လူတိုင်း ဝိုင်းဆဲနေရသော ရာဇဝတ်ကောင်ဖြစ်သွားခဲ့သည်။
JM ကုမ္ပဏီမှ အမျိုးသမီးဝန်ထမ်းများမှာလည်း တွေးကြည့်ရုံနှင့် ကြောက်ရွံ့တုန်လှုပ်နေကြသည်။
...
ဖန်းလီလီ မျက်ရည်များ တိတ်ဆိတ်စွာ စီးကျလာကာ
"ဘာလို့လဲ..."
"ဘာလို့... ရှင့်တို့ အစောကြီးမလာခဲ့ကြတာလဲ..."
သူမ မျက်နှာကိုအုပ်ကာ အော်ဟစ်ငိုကြွေးတော့သည်။
ခံစားခဲ့ရသမျှ မတရားမှုများ၊ စိုးရိမ်ပူပန်မှုများအားလုံးကို ထုတ်ပစ်လိုက်သလိုပင်။
[အမကြီး မငိုပါနဲ့၊ ဖက်ထားပေးမယ်နော် ဝူးဝူး...]
[တောင်းပန်ပါတယ်၊ ကျွန်တော်တို့ နောက်ကျသွားတယ်]
[ဒီလိုလူမျိုးကို အပြင်ဆွဲထုတ်ပြီး ရိုက်သတ်သင့်တာ]
[အပြင်ပန်းမှာတော့ တောက်ပြောင်နေပြီး ကွယ်ရာမှာ ဒီလိုတွေလုပ်နေတာ (ဒေါသထွက်နေသော emoji )]
[ငါ ငိုနေပြီ]
Live ထဲက လူများမှာ ဤမြင်ကွင်းကို ကြည့်ရင်း ဆည်ကျိုးသကဲ့သို့ မျက်ရည်များကို မထိန်းနိုင်ကြတော့ပေ။
သူတို့သည် ချိုက်ရှင်း၏အိပ်မက်ကို မြင်ခဲ့ရသည်။
သူ အကြိမ်ကြိမ် သေနေရသည်ကို မြင်ခဲ့ရသည်။
သူ ရူးသွပ်ပြီး လက်တွေ့နှင့် အိပ်မက်မခွဲခြားနိုင်တော့သည်ကို မြင်ခဲ့ရသည်။
သို့သော် သူတို့ တစ်စက်ကလေးမှ သနားခြင်းအလျင်းမရှိ၊ ဆန့်ကျင်ဘက်အနေနှင့် သူတို့ လုံးဝကို ကျေနပ်နေကြသည်။
ဤကဲ့သို့သော အမှိုက်မျိုးကို ဤသို့သာ ဆက်ဆံသင့်သည်။
သူတို့ သနားနေသည်မှာ ဖန်းလီလီ၏ကံကြမ္မာအတွက်သာ ဖြစ်သည်။
ဟုတ်သည်... သူတို့ ဘာလို့ စောစော မသိခဲ့ကြတာလဲ ?
အစောကြီး သိခဲ့ရင်.....
...
"တောင်းပန်ပါတယ်"
ကျိုးကျစ်ကော်နှင့် ရဲတပ်ဖွဲ့ဝင်များမှာ ယူနီဖောင်းများ ဝတ်ဆင်ကာ ဘေးဒုက္ခသည်များကို တစ်ယောက်ချင်းစီ အိမ်ပြန်ပို့ပေးကြသည်။
"တောင်းပန်ပါတယ်၊ ကျွန်တော်တို့ နောက်ကျသွားတယ်"
သူတို့က ဘေးဒုက္ခသည်တိုင်းကို ဤတောင်းပန်စကားများကို ပြောခဲ့ကြသည်။
ဖန်းလီလီ အိမ်သို့ ရောက်ရှိလာချိန်တွင်မူ သူတို့၏မျက်ဝန်းများ နီရဲနေပြီး လက်ထဲတွင် ဘာမှမပါလာနိုင်ခဲ့ပေ။
အကြောင်းမှာ ဖန်းလီလီ ရုပ်အလောင်းမှာ ထိုယုတ်မာသူကြောင့် ခွေးစာဖြစ်ခဲ့ရပြီ မဟုတ်လား။
ရိုးရှင်းသော အခန်းလေးအတွင်း၌ ဖန်းလီလီ၏ မိခင်မှာ ဆယ်နှစ်ခန့် အိုမင်းသွားသလိုပင်။
ခါးမှာလည်း ဘယ်အချိန်ကစ၍ ကုန်းသွားသည်မသိ။
သူမသည် တုန်တုန်ရင်ရင်ဖြင့် ဒူးထောက်ချလိုက်သည်။
"မဟုတ်ပါဘူး... ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်"
"သူမကို အဲ့ဒီငရဲတွင်းထဲက ကယ်ထုတ်ပေးလို့ ကျေးဇူးတင်ပါတယ်..."
"ကျေးဇူးတင်ပါတယ်..."
"အဘွား... ဒီလို မလုပ်ပါနဲ့"
ရဲတပ်ဖွဲ့ဝင်များက သူမကို အမြန်ထူပေးလိုက်ကြသည်။
သေနတ်ကျည်ဆန်ထိတုန်းက မငိုခဲ့သော၊ အန္တရာယ်ကြုံတုန်းက မငိုခဲ့သော သံမဏိယောက်ျားကြီးများမှာ ယခုတော့ ပါးပြင်ပေါ် မျက်ရည်များ စိုရွှဲနေကြသည်။
...
[o(╥﹏╥)o အရမ်း ခံရခက်တယ်...]
[မျက်လုံးထဲ သဲဝင်သွားသလိုပဲ]
Live ကြည့်ရှုသူများမှာလည်း မျက်ရည်နှင့်မျက်ခွက်ပင် ဖြစ်နေကြသည်။
'အကယ်၍ မကောင်းသူအားလုံး အပြစ်ပေးခံရမည်ဆိုလျှင်၊ မတရားမှုအားလုံး ပေါ်ပေါက်လာမည်ဆိုလျှင်... ဘယ်လိုလုပ်ပြီး အေးချမ်းတဲ့ကမ္ဘာကြီး မဖြစ်လာဘဲ နေမည်နည်း'
[ပြည်သူ့ရဲတွေကို ကျေးဇူးတင်ပါတယ်! Host ကို ကျေးဇူး တင်ပါတယ်]
[Host ကို ကျေးဇူးတင်တယ်၊ မကောင်းသူတွေရဲ့ လုပ်ရပ်ကို ဖော်ထုတ်ပေးလို့]
[မိုးမျှော်တိုက်ကြီးတစ်လုံး လက်ဆောင်ပေးပါတယ်]
[စူပါကားတစ်စီး လက်ဆောင်ပေးပါတယ်]
[...]
ယခုအချိန်တွင် ဖန်းလီလီသည် အပေါ်၌ ပျံလွင့်နေပြီး အောက်က မြင်ကွင်းများကို မျက်ရည်ဝိုင်းလျက်ကြည့်နေသည်။
အိမ်ထဲတွင် အဘွားအိုမှာ ရဲများကို ပို့ဆောင်ပြီးစိတ်အနည်း ငယ် တည်ငြိမ်သွားပြီးနောက်... ဖန်းလီလီအတွက် နာရေးကိစ္စများကို စတင်ပြင်ဆင်တော့သည်။
အရင်ကတော့ ပျောက်ဆုံးမှုအဖြစ်သာ တိုင်ချက်ဖွင့်ထားခြင်းဖြစ်သည်။
အိမ်ထဲတွင် လူပျောက်ရှာသည့် ပိုစတာများစွာရှိနေပြီး ယခုတော့ အသုံးမဝင်တော့ပေ။
ခေါင်းတလား၊ စက္ကူငွေ၊ စက္ကူအိမ်... အားလုံးကို စတင်စီစဉ်သည်။
"သမီး... အသက်ရှင်နေတုန်းက ဒုက္ခတွေအများကြီးခံခဲ့ရတယ်"
အဘွားအိုသည် ဂူရှေ့တွင် ရပ်ကာ စကားပြောနေ၏။
"အောက်ကို ရောက်သွားရင် အိမ်ကြီးကြီးမှာ နေ၊ စားကောင်းတာတွေစား၊ ကောင်းကောင်း အနားယူတော့နော်..."
သူမသည် သူမထက်အရင် သေဆုံးသွားသော သမီးကို အပြစ်မတင်ပေ။
သူမသမီး လူ့လောကမှာ ဒုက္ခရောက်ခဲ့သည်ကို သူမ သိသည်။
သမီးလေးအောက်မှာ ကောင်းကောင်းနေရဖို့နှင့် ဘဝအသစ် ကောင်းကောင်းရဖို့သာ ဆုတောင်းပေးနေသည်။
...
ဖန်းလီလီသည် သူမ၏ကိုယ်ပိုင် ဈာပနကို တက်ရောက်ခဲ့သည်။
ဈာပနမှာ ရိုးရှင်းသော်လည်း လာရောက်ဂါရဝပြုသူများမှာ အလွန်များပြားသည်။
တစ်မြို့တည်းသား Live ကြည့်ရှုသူများစွာ ရောက်လာကြသည်။
အဘွားအို အမွှေးတိုင်ထွန်းပြီးနောက်တွင် သူတို့က တစ်ယောက်ချင်းစီ ရှေ့တိုးကာ ဂူရှေ့တွင် ပန်းများ ချကြသည်။
ခဏအတွင်းမှာပင် ပန်းများမှာ ပုံနေတော့သည်။
အသုဘကို မလာနိုင်သူများကလည်း Host ၏ Live မှတစ်ဆင့်ကြည့်ရှုနေကြသည်။
သူတို့ လာရသည့်အခြင်းအရာမှာ ဖန်းလီလီအားနောက်ဆုံးခရီး လိုက်ပို့ပေးချင်၍ဖြစ်သည်။
ကျန်းလင် မြင်လိုက်ရသည်မှာ ထိုလူများထံမှ ရွှေရောင် ဆုတောင်းစွမ်းအားများ ထွက်ပေါ်လာပြီး ဖန်းလီလီ၏ ကိုယ်ပေါ်သို့ စုစည်းသွားခြင်းပင်။
...
ဤဖြစ်ရပ်မှာ မည်မျှယုတ်မာကြောင်းနှင့် မည်မျှ ပျံ့နှံ့သွားကြောင်းပေါ် မူတည်၍ ကျန့်လင်း၏ Live မှာလည်း အလွန် နာမည်ကြီးလာသည်။ လူအများက ဤကိစ္စကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ခြင်းမှာ...
"လူသားတွေလုပ်တာကို ကောင်းကင်က စောင့်ကြည့်နေတယ်" ဟု ယူဆကြသည်။
မကောင်းသူသည် နောက်ဆုံးတွင် မိမိလုပ်ရပ်၏အကျိုးကို ခံစားရမည်သာ။
ချိုက်ရှင်း၏မကောင်းမှုများကြောင့် ငရဲတမန် ရောက်လာခြင်းဟု သူတို့ ယူဆကြသည်။
အစပိုင်းတွင် 【မရဏလောကမှနေ့ရက်များ】 Live ကို စကြည့်သူများမှာ Host က အားလုံးကို စီစဉ်ထားခြင်းဟု ထင်ခဲ့ကြသော်လည်း ယခုမူ... သူတို့၏အတွေးများ ပြောင်းလဲသွားပြီဖြစ်သည်။
Host သည် စီစဉ်သူ မဟုတ်နိုင်ပေ။
ဆန့်ကျင်ဘက်အနေနှင့် Host မှာ ငရဲဘုံမှ လာသော တရားမျှတမှုမျက်လုံးများဖြစ်သည်။
သူသည် လူ့လောကမှ မကောင်းမှုများကိုစောင့်ကြည့်နေခြင်း ဖြစ်သည်။
[တကယ်လို့ မကောင်းမှုလုပ်လျှင်... အဖော်ထုတ်ခံရဖို့သာ ပြင်ထားလိုက်တော့]
[မီဒီယာများစွာက သတင်းဖော်ပြကြသလို သက်ဆိုင်ရာ ဌာနများကလည်း Live Room ကို ချီးကျူးကာ တရားဝင် အသိအမှတ်ပြုပေးခဲ့ကြသည်]
၎င်းမှာ မကောင်းမှုလုပ်လိုသူများအတွက် သတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။
...
"တမန်တော်... ဒီကမ္ဘာမှာ တကယ်ပဲ ငရဲပြည် ရှိတာလားဟင်"
ဖန်းလီလီက မေးလိုက်သည်။
"သေချာပေါက် ရှိတာပေါ့" ကျန်းလင်ကလေးလေးနက်နက် ဖြေလိုက်၏။
သူက Live ထဲက ကြည့်ရှုသူများကိုလည်း ဗဟုသုတအဖြစ် ပြောပြလိုက်သည်
"အကယ်၍ မကောင်းမှုတွေလုပ်နေမယ်ဆိုရင် လမ်းလျှောက်ရင်း မိစ္ဆာတွေရဲ့စားတာကိုခံရဖို့ အခွင့်အလမ်း ပိုများတယ်၊ဒါကြောင့် မကောင်းမှုလုပ်တဲ့သူတွေဟာ အသက်ရှင်နေရင် မိစ္ဆာတွေကို ကြောက်ရမယ်၊ သေသွားရင် ငရဲကို ဆင်းရမယ်၊ ကိုယ့်ဘာသာ ဆင်ခြင်ကြပါ"
"ဖြေပေးလို့ ကျေးဇူးတင်ပါတယ် အရှင်"
ချိုက်ရှင်း အဖမ်းခံရပြီးကတည်းက ဖန်းလီလီ ကိုယ်ပေါ်မှ ရန်ငြိုး (ယွမ်ချီ)က များစွာလျော့ပါးသွားသည်။
သို့သော် သူမ ချိုက်ရှင်း၏တရားရုံးစီရင်ချက်ကို စောင့်နေခြင်းဖြစ်သည်။
ထိုမှသာ သူမ စိတ်ဖြောင့်ဖြောင့်ဖြင့် ဘဝကူးနိုင်မည်ဖြစ်၏။
🫧 Chapter 18
ချိုက်မိသားစုသည် ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိသော်လည်း ဤဖြစ်ရပ်ဖြစ်ပွားပြီးနောက်တွင် ၎င်းတို့ကုမ္ပဏီ၏ ရှယ်ယာများမှာ ထိုးဆင်းသွားကာ ဆိုင်များမှာလည်း သပိတ်မှောက်ခြင်းခံရကာ ငွေများမှာ ရေလိုစီးထွက်နေလေသည်။
သို့သော် ချိုက်ရှင်းသည် ဤမျှယုတ်မာသော ကိစ္စများကို မရိပ်မိအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ သူ့တွင် ကိုယ်ပိုင်အဆက်အသွယ်များနှင့် အရင်းအမြစ်များ ရှိနေသောကြောင့်ဖြစ်သည်။
မျိုးဆက်နှင့်ချီ စုဆောင်းထားသော ဓနအင်အားမှာ ယခုတစ်ကြိမ်တွင် အထိနာသွားသော်လည်း မုန်တိုင်းကိုကြံ့ကြံ့ခံနိုင်စွမ်း ရှိနေသေးသည်။
ချိုက်မိသားစုသည် 'လူစားလဲခြင်း' အစီအစဉ်ဖြင့် ချိုက်ရှင်းကို တိတ်တဆိတ် ကယ်ထုတ်ရန် ကြံစည်နေသည်ဟူသော ကောလာဟလများပင် ထွက်ပေါ်လာသည်။
၎င်းမှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ငွေကြေးနှင့် အဆက်အသွယ်မှာ အဆင့်တစ်ခုသို့ ရောက်သွားလျှင် ဘာမဆို ဖြစ်နိုင်သည်လေ။
ပြည်သူလူထု၏အသံများမှာလည်း တဖြည်းဖြည်း မြင့်တက်လာသည်
[ဒီလိုလူမျိုးကသာ လွတ်မြောက်သွားဦးမယ်ဆိုရင် သေဆုံးသွားတဲ့ မိန်းကလေးတွေရဲ့ဒုက္ခက အလကား ဖြစ်သွားမှာလား]
[ချမ်းသာတဲ့သူတွေက တကယ်ပဲ ဥပဒေကို အလေးမထားဘဲ ထင်တိုင်းကြဲလို့ ရနေတာလား]
[ဒါဆို လူတိုင်း ပိုက်ဆံရှာဖို့ပဲ လုပ်ကြတော့လေ၊ ဘာလို့ ကောင်းမှုလုပ်နေတော့မှာလဲ]
သက်ဆိုင်ရာ ဌာနများက ချက်ချင်းပင် အသိပေးချက် ထုတ်ပြန်လာသည်
[ဤကဲ့သို့သော လူစားမျိုးကို ဘယ်သောအခါမှ လျှော့ပေါ့ပေးမည်မဟုတ်၊ လွတ်မြောက်ခွင့်ပေးမည်မဟုတ်]
အစိုးရ ကမူ ထောင်တွင်း ကြီးကြပ်မှုကို တိုးမြှင့်လိုက်ပြီး စကားတစ်ခွန်းကို သုံးကြိမ်တိုင်တိုင် အလေးပေး ပြောကြားခဲ့သည်။
[မည်သူမဆို တစ်စုံတစ်ရာ မသမာမှုပြုလုပ်ပါက ရဲတပ်ဖွဲ့မှ ချက်ချင်းထုတ်ပယ်ပြီး ပြင်းထန်စွာ အရေးယူမည်]
အင်တာနက်ပေါ်တွင် ထိုဆုံးဖြတ်ချက်ကို အားလုံးက ဝိုင်းဝန်းထောက်ခံကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က "သူကလည်း တစ်စုံတစ် ယောက်ရဲ့သားပဲလေ" ဟု သနားဟန်ပြပါက ဝိုင်းဝန်း ဝေဖန်ခြင်း ခံရမည်သာ။
...
"သူက ထွက်ပြေးချင်သေးတာလား"
ဗီလာအတွင်း၌ မင်းသမီးလေးတစ်ပါးပမာ နုနယ်လှပသော လင်းရော့်ယီ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
သူဌေးကြီး၏သမီးဖြစ်သူပီပီ သူမသည် ကိစ္စရပ်များစွာကို ကြိုတင် တွေးတောနိုင်သည်။
သူမ၏ ဖခင်သည် အမှောင်လောကနှင့် အလင်းလောက နှစ်ဖက်လုံးတွင် အဆက်အသွယ်ရှိသူ ဖြစ်သော်လည်း အမြဲတမ်း ကိုယ်ကျင့်တရားနှင့် စည်းကမ်းကို ဦးစားပေးကာ သားသမီးများကို လမ်းမှန်ပြသူဖြစ်သည်။
အကယ်၍ မိသားစုဝင်တစ်ယောက်က လူသားစိတ်ကင်းမဲ့ပြီး ဤကဲ့သို့ အမှားမျိုး လုပ်ခဲ့မည်ဆိုလျှင်... ရဲတွေ မလာခင်မှာပင် သူမဖခင်က အရင်ဆုံး အပြစ်ပေးပြီး ရဲလက်အပ်မည် ဖြစ်သည်။
ငွေကြေးသည် ကိစ္စရပ်များစွာကို လုပ်ဆောင်နိုင်ပြီး ငွေအတွက် အသက်စွန့်မည့်သူများ ရှိနေနိုင်သော်လည်း၊ ယခုကိစ္စမှာ အထက်လူကြီးများ၏ အာရုံစိုက်မှုကိုပါ ရရှိထားခြင်း ဖြစ်သည်။
ချိုက်ရှင်းသည် အိမ်သာသွားလျှင်ပင် စောင့်ကြည့်ခံနေရမည်ဖြစ်ရာ 'လမ်းဘေးကြောင်နှင့် မင်းသားလဲခြင်း' ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
အစိုးရကလည်း ဥပဒေ၏ ဂုဏ်သိက္ခာကို အညစ်ထေးမခံနိုင်ပေ။
ချိုက်ရှင်းသည် တစ်စုံတစ်ဦး၏ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း... ၎င်းမှာ မလုံလောက်သေးပေ။
"ငါလည်း တစ်ခုခု လုပ်ဖို့လိုမယ်ထင်တယ်"
လင်းရော့်ယီသည် လက်သည်းနီ ဆိုးနေရင်း ဖုန်းတစ်လုံး ဆက်လိုက်သောအခါ သူမ၏လက်ထောက်က ချက်ချင်း ဖုန်းကိုင်သည်။
လင်းရူယီသည် လက်သည်းနီ ပျက်သွားမှာ စိုးသဖြင့် သူမ၏ ထိုင်ပုံကို အမြန်ပြင်လိုက်ရင်း
"ဟို ချိုက်မိသားစုက... စီအီးအို မဟုတ်လား"
သူမ၏သူငယ်ချင်း ညွှန်းထားသော CEO ဝတ္ထုကို သတိရကာ ပြုံးလိုက်သည်။
"မိုးအေးလာပြီ..."
"ချိုက်မိသားစုကို ဒေဝါလီခံခိုင်းလိုက်ရအောင်"
ဖုန်းတစ်ဖက်မှလက်ထောက်မှာ အရေးကြီးသော တာဝန်တစ်ခုကို ရရှိလိုက်သကဲ့သို့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
"ဟုတ်ကဲ့ပါ မမလေး"
ထိုအမှိုက်ကောင် ဒေဝါလီခံမှာကို သူ စောင့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ယုတ်မာမှုတွေ အများကြီးလုပ်ခဲ့သမျှ အပြစ်ပေးခံရဖို့ ထိုက်တန်သည်လေ။
...
ဖန်းလီလီသည် စောင့်နေဆဲဖြစ်၏။ လူ့လောက၌ ချိုက်ရှင်း၏တရားစီရင်ချက်ကို သူမ စောင့်နေခြင်းဖြစ်သည်။
ဤကိစ္စမှာ အရပ်ရပ်မှ အာရုံစိုက်ခံနေရသဖြင့် ချိုက်ရှင်း၏ ပြစ်ဒဏ်ကို မကြာမီပင် ကြေညာခဲ့သည်
[သေဒဏ်]
Live ကြည့်ရှုသူ သန်းပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း ဟေးခနဲ အော်ဟစ်အောင်ပွဲခံကြသည်။
ချိုက်ရှင်းကို သေဒဏ် စီရင်လိုက်သည့် အချိန်မှာပင် ဖန်းလီလီကိုယ်ပေါ်မှ ရန်ငြိုးများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
"ကျေးဇူးတင်ပါတယ် တမန်တော်"
ဖန်းလီလီသည် ကျန်းလင် နောက်သို့ လိုက်ပါသွားသည်။
ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ လှိုင်းထသွားပြီး ခဏချင်းမှာပင် သူတို့နှစ်ဦး ငရဲဘုံသို့ ရောက်ရှိသွားကြသည်။
အဝါရောင်ရေပန်းလမ်း အတိုင်းလျှောက်လှမ်းနေရင်း ကျန်းလင်က ရုတ်တရက် ရပ်လိုက်သည်။
"ဒါကို ယူပြီး မုန့်ပေါ်ဆီ သွားလိုက်တော့"
သူ့လက်ထဲတွင် ပုလင်းလေးတစ်လုံးပေါ်လာပြီး ဖန်းလီလီထံသို့ လှမ်းပေးလိုက်သည်။
"ဒါက..." ဖန်းလီလီက နားမလည်စွာ မေးသည်။
"ဒါ မင်းရဲ့ မျက်ရည်တွေပဲ"
ကျန်းလင် အေးဆေးစွာ ပြောသည်
"တကယ်တော့ မင်းမှာ လူပြန်ဖြစ်ဖို့ အရည်အချင်းမပြည့်မီသေးဘူး၊ ဒါပေမဲ့ မင်းက ကံကောင်းပါတယ်၊ လူပေါင်း သောင်းနဲ့ချီပြီး မင်းအတွက် ဆုတောင်းပေးနေကြတယ်"
ထိုဆုတောင်းခြင်း စွမ်းအားများမှာ ဖန်းလီလီ၏ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းအဖြစ် စုစည်းနေသည်။
ဤစွမ်းအားဖြင့် သူမသည် လူပြန်ဖြစ်ရုံတင်မကဘဲ ကောင်း မွန်သော ဘဝတစ်ခုတွင် လူပြန်ဖြစ်နိုင်မည်ဖြစ်သည်။
"ဒါက..." ဖန်းလီလီ ကြောင်သွားသည်။
သူမသည် အဆိုးဆုံး အခြေအနေများကို ပြင်ဆင်ထားသော်လည်း ဤသို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူမကို အပြစ်ပေးမည့်အစား လူပြန်ဖြစ်ခွင့်ပေးခဲ့သည်။
သူမသည် အဆုံးမရှိသောငရဲလမ်းကို တစ်ချက်ကြည့်လိုက်ပြီးမှ ကျန်းလင်ကို လှည့်ကြည့်လိုက်သည်။
အကယ်၍ သူမ ဤလမ်းအတိုင်းသွားလျှင် ဘဝသစ်ပြန်ရနိုင်သည်။
'သို့သော် လူပြန်ဖြစ်ပြီးနောက် ဘာဖြစ်မှာလဲ'
' လူဖြစ်နေသရွေ့ သူမ ထိန်းချုပ်လို့မရတဲ့ အရာတွေ အများကြီး ရှိနေဦးမှာပဲ'
' ပြီးတော့ ကမ္ဘာပေါ်မှာ ချိုက်ရှင်းလို မိစ္ဆာတွေ ရှိနေသရွေ့ သူမလို 'ဖန်းလီလီ' တွေ ထပ်ပေါ်လာဦးမှာပဲ'
ဖန်းလီလီ၏မျက်လုံးများမှာ တဖြည်းဖြည်း ပြောင်းလဲသွားပြီး ကျန်းလင်ကို ကြည့်ကာ ဆုံးဖြတ်ချက် တစ်ခုချလိုက်သည်။
"တမန်တော် ကျွန်မ လူပြန်မဖြစ်ချင်တော့ဘူး၊ အရှင်နဲ့အတူ လိုက်ပါခွင့်ပြုပါ"
"ဒီငရဲပြည်မှာ မကောင်းဆိုးဝါးတွေကို ဖမ်းဆီးဖို့ လူတွေ လိုအပ်မှာပါ"
"ကျွန်မ တစ္ဆေလမ်းကိုရောက်နေပြီဆိုမှတော့ တမန်တော်နဲ့အတူ ငရဲပြည်ရဲ့အလုပ်သမားအဖြစ် မကောင်းတဲ့ ဝိညာဉ်တွေကို ဖမ်းဆီးပါရစေ"
"မကောင်းမှုလုပ်ချင်တဲ့သူတွေကို စောင့်ကြည့်ပါရစေ"
သူမသည် ဒူးတစ်ဖက် ထောက်လိုက်ရင်း "ကျွန်မရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးပါ တမန်တော်"
ကျန်းလင်သည် ဖန်းလီလီကိုကြည့်လိုက်ကာ သူမ လူပြန်မဖြစ်ချင်တော့သည်ကို သူ နားလည်သွားသည်။
"လူပြန်မဖြစ်ဘဲ နေလို့တော့ ရပါတယ်၊ ဒါပေမဲ့ ဒီအလုပ်က..."
ဖန်းလီလီ ကျန်းလင်၏နောက်စကားကို မျှော်လင့်တကြီး ကြည့်နေသည်။
"မင်းမှာ အရည်အချင်းမရှိသေးဘူး"
ကျန်းလင် အေးစက်စွာ ပြောလိုက်၏။
ဖန်းလီလီမှာ တစ္ဆေဘဝထဲကို အခုမှရောက်ကာစ ဖြစ်ပြီး ကျင့်ကြံခြင်းလည်း မရှိ၊ ဘာမှလည်း မသိသေးပေ။
'သူမက ငရဲပြည်ရဲ့စောင့်ကြည့်သူ လုပ်ချင်သည်လား'
'မကောင်းဆိုးဝါး ဖမ်းချင်သည်လား'
သူမသည် ငရဲပြည်ကို အထင်သေးလွန်းနေသည်။
ကျန့်လင်းက သူမကို 'တစ္ဆေဈေး' ဆီသို့ ခေါ်ဆောင်သွားပြောလိုက်၏။
"မင်း စွမ်းအားလိုချင်ရင် အထဲကိုဝင်သွားလိုက်။ ဆယ်စုနှစ်ပေါင်းများစွာ ဒါမှမဟုတ် ရာစုနှစ်ပေါင်းများစွာ ကျင့်ကြံပြီးမှ ငါ့ဆီ ပြန်လာခဲ့"
ဖန်းလီလီသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
'မျှော်လင့်ချက် ရှိနေသရွေ့ ဘဝဆိုတာရှိမှာလေ'
"ကျွန်မ လုပ်ပါ့မယ်၊ ကျေးဇူးတင်ပါတယ် တမန်တော်"
ပြောပြီးသည်နှင့် သူမသည် နောက်သို့မလှည့်ဘဲ အထဲသို့ဝင် ရောက်သွားတော့သည်။
တစ္ဆေဈေးသည် ရှုပ်ထွေးသော်လည်း ကျင့်ကြံရန် အခွင့်အ ရေးများစွာရှိသည်။
သူကိုယ်တိုင်လည်း ဟိုတုန်းက ဒီနေရာကနေ ထွက်လာခဲ့ခြင်း ဖြစ်သည်။
[ဒီကောင်မလေးကတော့ လန်းတယ်ဟေ့ ကြိုးစားထား၊ ကျင့်ကြံပြီးပြန်လာရင် အကုန်နှိမ်နင်းပစ်လိုက်]
[ငါ ငရဲမဆင်းရင် ဘယ်သူဆင်းမလဲဆိုတဲ့ ပုံစံမျိုးပဲ၊ အရမ်းမိုက်တယ်]
[ဟားဟား Host ကတော့ တကယ့်ကို ပြတ်သားတာပဲ၊ ငရဲတမန်ဖြစ်ဖို့ဆိုတာ တကယ်ပဲ စွမ်းအားလိုတာလေ]
[ငရဲပြည်က အခုတော့ အားမရှိသေးဘူး၊ မိစ္ဆာတွေက လူ့လောကမှာ ရောက်နေတာ ဝူးဝူး... ဒီကောင်မလေးက လူသားတွေအတွက် လုပ်ပေးနေတာပဲ]
Live ထဲက ကြည့်ရှုသူများမှာ စာများကို အမြန်ရိုက်နေကြသည်။
လူသားများနှင့် ယှဉ်လျှင် တစ္ဆေများမှာ လုပ်ဆောင်နိုင်စွမ်း ပိုရှိသည် မဟုတ်လား။
ဖန်းလီလီက Host နောက်လိုက်ပါရစေဟု ပြောချိန်တွင် သူတို့လည်း လိုက်ချင်စိတ်ပေါက်သွားကြသည်။
အကယ်၍ စွမ်းအားကြီးကြီးရနိုင်မည်ဆိုလျှင် ဘယ်သူက သာမန်လူပဲ လုပ်ချင်တော့မှာလဲ။
သို့သော် ကျန်းလင်၏ စကားမှာ သူတို့၏စိတ်ကူးယဉ်မှုများကိုရေအေးနှင့် ပက်လိုက်သကဲ့သို့ ဖြစ်သွားသည်။
'ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံရမည်တဲ့လား'
၎င်းမှာ သူတို့ သေပြီးမှသာလုပ်နိုင်မည့် ကိစ္စဖြစ်သည်။
[ငါ သေသွားရင်လည်း ငရဲတမန်တော်ပဲလုပ်ချင်တယ်]
[ကျွန်တော့်ကိုလည်း တပည့်အဖြစ်ခေါ်ထားပေးပါလား]
[အမြန်ကျင့်ကြံနိုင်တဲ့ နည်းလမ်းများရှိလား Host]
...
"ကဲ... နောက်ထပ်ကတော့ အားလုံး မျှော်လင့်နေကြတဲ့ အရာကို သွားကြည့်ကြရအောင်..."
ဖန်းလီလီကို ပို့ဆောင်ပြီးနောက် ကျန့်လင်းသည် ကြည့်ရှုသူများကို ခေါ်ဆောင်ကာ ငရဲပြည်သို့ လည်ပတ်ကြသည်။
လျှာဖြတ် ငရဲ၊ ကတ်ကြေးငရဲ၊ တံကျင်လျှိုငရဲ... နှင့် ချိုက်ရှင်း ရောက်ရှိနေသော နဝမမြောက် ငရဲဖြစ်သည့် ဆီအိုးငရဲ ...
လျှာထုတ်ငရဲတွင် ကြည့်ရှုသူများမှာ မျက်လုံးပြူးကာ ပါးစပ်ကို ပိတ်ထားကြသည်။
ကတ်ကြေးငရဲတွင်မူ အလိုအလျောက် ကိုယ်ကိုဖက်ထားကာ နောက်သို့ ဆုတ်မိကြသည်။
သံပင်ငရဲသို့ ရောက်ချိန်တွင်မူ ကျောရိုးထဲမှ စိမ့်တက်လာကာ သူတို့၏စအိုဝကိုပင် လက်ဖြင့် အသာအုပ်မိလိုက်ကြသည်။
...
နောက်ဆုံးတွင် နဝမမြောက် ဆီအိုးငရဲသို့ ရောက်ရှိလာသည်။
၎င်းမှာ မီးတောက်များ လွှမ်းခြုံနေသောနေရာဖြစ်ပြီး ဆီအိုးထဲတွင် ဆီများမှာဆူပွက်နေသည်။
ဖိတ်စင်ကျလာသောဆီများမှာ မြေပြင်ပေါ်ကျလျှင်ပင် မြေကြီးကို ကျင်းဖြစ်သွားစေသည်။
ငရဲသားလေးများမှာ ဆီအိုးပတ်ပတ်လည်တွင် အလုပ်ရှုပ်နေကြသည်။
ငရဲသားနှစ်ဦးမှာ လူတစ်ယောက်ကို မကာ ဆီအိုးထဲသို့ လွှတ်ပစ်လိုက်ကြသည်။
ဆီအိုးထဲက လူများမှာ နာကျင်လွန်းသဖြင့် အော်ဟစ်ကာ အတင်းရုန်းကန်နေကြသည်။
အဆိုးဆုံးအချက်မှာ...
သူတို့၏တစ်ကိုယ်လုံးမှာ ဆီပူလောင်ကာ အရည်ပျော်ကျနေသော်လည်း သေလို့မရခြင်းပင်။
အဆုံးမရှိသော ညှဉ်းပန်းနှိပ်စက်မှုများကသာ သူတို့ကို စောင့်ကြိုနေတော့သည်။
[ဒီမြင်ကွင်းကတော့... ကြည့်ရတာ တကယ်ကို ရင်ထဲထိတယ်]
[အော့... အော့...]
[ဒါကို ကြည့်နိုင်တဲ့သူတွေက တကယ့်ကို သတ္တိခဲတွေပဲ]