အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
🫧 Chapter 19
Live လွှင့်ခန်း၏လူကြည့်နှုန်းမှာ အရှိန်အဟုန်ဖြင့် တက်လာလိုက်၊ ပြန်ကျသွားလိုက် ဖြစ်နေသည်။
တက်လာသူများမှာ ငရဲပြည်အကြောင်းကြား၍ လာကြည့်ကြသူများဖြစ်ပြီး၊ ပြန်ထွက်သွားသူများမှာမူ မြင်ကွင်းများကြောင့် ရွံရှာမူးဝေကာ ထွက်သွားကြသူများ ဖြစ်သည်။
ရုတ်တရက် ကြည့်ရှုသူများမှာ လူအုပ်ထဲမှ အဖော်မပါဘဲ ကျန်နေသော ငရဲသားလေးတစ်ကောင်ကို တွေ့လိုက်ရသည်။
၎င်းတွင် အဖော်မရှိသဖြင့် လူတစ်ယောက်ကို မြေပြင်ပေါ် တရွတ်တိုက် ဆွဲခေါ်သွားရသည်။
ထိုသူ၏ခန္ဓာကိုယ်မှာ ပူပြင်းလှသော မြေပြင်ပေါ်၌ ပွတ်တိုက်မိရာမှ မီးပွားလေးများပင် ထွက်နေသည်။
"အားယိုးး"
"အားယိုး ယိုး"
ငရဲသားလေးမှာ ကြိုးကြိုးစားစား အလုပ်လုပ်နေသည်။
နောက်ဆုံးတွင် ၎င်းသည် ဆီအိုးကြီးတစ်လုံးရှေ့သို့ ရောက်ရှိလာသည်။
ပိန်ပိန်ပါးပါး လက်မောင်းလေးနှစ်ဖက်ကို အားစိုက်ထုတ်လိုက်ပြီး ထိုသူကို ဆီအိုးထဲသို့ လွှတ်ပစ်လိုက်တော့သည်။
ဝုန်း...
ထိုသူ လွင့်သွားသည့် ခဏမှာပင် ကြည့်ရှုသူများမှာ ထိုမျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
[ဟား အဲ့ဒါ ချိုက်ရှင်းပဲ]
[ငါတော့ မှိုင်သွားပြီ ခုနက ငါ့အမေထမင်းစားဖို့ လာခေါ်တာ၊ ဆီအိုးမြင်ပြီး တန်းအန်တော့တာပဲ]
[အော့ အပေါ်ကလူ ဆက်မပြောနဲ့တော့၊ ငါ အန်ဖို့အိုး ပြင်ထားပြီးပြီ]
[ဒီနေ့ ငါ အန်လို့ မူးလဲသွားပါစေဦးတော့၊ သူ ဝဋ်လည်နေတာကိုတော့ အဆုံးထိကြည့်ရမယ်! အော့]
[ညီအစ်ကိုတို့ ကြံ့ကြံ့ခံထားကြဦး... အော့]
[SOS ပို့မယ့်သူတွေ ရှိရင် ပြောကြနော်၊ ၁၂၀ ကို (လူနာတင်ကား) ခေါ်ပေးမယ်]
ကြည့်ရှုသူများမှာ အော့အန်ချင်စိတ်ကို အောင့်အည်းရင်း ချိုက်ရှင်းတစ်ယောက် ဆီအိုးထဲ၌ နာကျင်စွာ ကူးခတ်နေသည်ကို ကြည့်နေကြသည်။
"ငါ မကျေနပ်ဘူး ဘာလို့လဲ၊ ဘာလို့ ငါ ဖြစ်ရတာလဲ"
"အဲ့ဒီမိန်းမတွေက သေသင့်တာ"
"..."
"အားး မှားပါပြီ၊ မှားပါပြီ၊ လွှတ်ပေးကြပါ..."
"ကျွန်တော့်ကို သတ်ပစ်လိုက်ပါတော့"
"ကယ်ကြပါဦး"
အစပိုင်းတွင် ခုခံဆဲဆိုနေသော်လည်း နောက်ပိုင်းတွင်မူ သေခွင့်ပေးရန်သာ အသနားခံ တောင်းပန်နေတော့သည်။
သူသည် ဆီအိုးထဲတွင် အရည်ပျော်ကျသွားလိုက်၊ ပြန်ရှင်လာလိုက်နှင့် အကြိမ်ပေါင်းများစွာ ဖြစ်နေသည်။
တစ်ကိုယ်လုံး အရည်ပျော်သွားသည့် နာကျင်မှုကို စက္ကန့်တိုင်း ခံစားနေရသော်လည်း ဘယ်တော့မှ သေလို့မရပေ။
"အားးးးးး"
ငရဲပြည်တွင် အော်ဟစ်သံများ၊ ဒေါသတကြီး ဟိန်းဟောက်သံများမှာ ရောထွေးနေသည်။
ငရဲသားလေးများမှာမူ မည်သည့် ခံစားချက်မှမရှိဘဲ သူတို့အလုပ်ကို သူတို့ဆက်လုပ်နေကြသည်။
လူ့လောကတွင် ထိုသူများမှာ မိစ္ဆာများဖြစ်ကြသော်လည်း၊ ငရဲပြည်တွင်မူ ဤတည်ငြိမ်အေးစက်နေသော ငရဲသားလေးများကသာ တကယ့် မိစ္ဆာများဖြစ်ကြပေသည်။
...
ဤမြင်ကွင်းမှာ ကြည့်ရှုသူအားလုံး၏ စိတ်ထဲတွင် ထာဝရစွဲထင်ကျန်ရစ်သွားတော့သည်။
မီဒီယာများကလည်း "ငရဲတံခါး မင်းအတွက် ပွင့်နေပြီ" ဟူသော ခေါင်းစဉ်ဖြင့် အပြိုင်အဆိုင် သတင်းတင်ကြရာ Hot Search တွင် နံပါတ် (၁) ရောက်သွားသည်။
[ငရဲပြည်ဆိုတာ တကယ်ရှိတယ်]
[လူ့လောကမှာ မင်း ဘယ်လောက်ပဲ ပျော်ပါးနေပါစေ၊ သေပြီးရင်တော့ ငရဲသားတွေက မင်းကိုစောင့်ပြီး နှိပ်စက်ဦးမှာပဲ]
ဤဖြစ်ရပ်ကြောင့် Live Room မှာ တစ်ဟုန်ထိုး နာမည်ကြီးသွားတော့သည်။
လူအများ၏စိတ်ထဲတွင်လည်း ဂုဏ်ယူစိတ်တစ်ခု ဖြစ်ပေါ် လာသည်။
သူတို့တွင် ပြည်သူ့ရဲများသာမက မကောင်းသူများအတွက် အသင့်စောင့်နေသော ငရဲတံခါးလည်း ရှိနေပြီ မဟုတ်လား။
'လူသားတစ်ယောက် ဖြစ်ရတာ တကယ်ကို ကောင်းလိုက်တာ'
...
"အား... ဒီနေ့ အချိန်ပိုဆင်းရတာ နောက်ကျလိုက်တာ..."
ကျိုးလင် နာရီကြည့်လိုက်တော့ ၁၁ နာရီ ရှိနေပြီ။ မကြာခင် လူကြီးတွေ လာစစ်ဆေးဖို့ ရှိသဖြင့် အလုပ်များနေခြင်း ဖြစ်သည်။
"ကျိုးလင်... ငါတို့နဲ့ လိုက်မလား"
"မလိုက်တော့ဘူး၊ ငါ့အိမ်က နီးနီးလေးပဲ၊ ၁၀ မိနစ်ဆို ရောက်ပြီ။"
လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖိတ်ခေါ်မှုကို ငြင်းလိုက်ပြီးမှ သူမ သက်ပြင်းချနိုင်တော့သည်။
လူမှုဆက်ဆံရေး ကြောက်တတ်သူပီပီ ကားထဲမှာ သူတို့နဲ့ အားနာစရာ စကားတွေပြောနေရမယ့် မြင်ကွင်းကို သူမ မတွေးရဲပေ။
ကံကောင်းသည်မှာ သူမ အိမ်ငှားတုန်းက ကုမ္ပဏီအနီးအနားမှာပဲ ရွေးငှားခဲ့ခြင်း ဖြစ်သည်။ ဤနေရာမှာ အရမ်းစည်ကားသော နေရာမဟုတ်သဖြင့် ည ၁၁ နာရီဆိုလျှင် လမ်းဘေး အကင်ဆိုင် အနည်းငယ်မှလွဲ၍ လူရှင်းနေပြီ ဖြစ်သည်။
လမ်းထိပ်ရောက်လျှင် သူမနေသော အိမ်ရာဝင်းထဲ ရောက်မည်ဖြစ်သည်။
အိမ်ရာဝင်းတံခါးဝက မီးတိုင်မှာ ပျက်နေသည်မှာ ရက်အတော်ကြာပြီဖြစ်ရာ တဖျပ်ဖျပ် ဖြစ်နေသည်။
ကျိုးလင် သူမ လွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ခြေလှမ်းကို သွက်လိုက်သည်။
ရုတ်တရက် နောက်ဘက်မှ ဓာတ်မီးရောင် တစ်ချက် ကျလာသည်။
"သမီးလေး... မြန်မြန်ပြန်တော့နော်"
လုံခြုံရေးဝန်ထမ်းက ပြတင်းပေါက်ကနေ ဓာတ်မီးဖြင့် ထိုးပေးရင်း လှမ်းပြောခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
ကျိုးလင် လည်းစိတ်အေးသွားကာ မီးရောင်အတိုင်း သူမ၏ အိမ်ရှိရာ အဆောက်အဦးဆီသို့ အမြန်ပြေးသွားတော့သည်။
သူမ ပျောက်ကွယ်သွားမှ လုံခြုံရေးဝန်ထမ်းက ဓာတ်မီးကို ပိတ်လိုက်သည်။
"ဒီမီးတိုင်ကို လူခေါ်ပြီး အမြန်ပြင်ရမယ်၊ ကောင်မလေး သနားပါတယ်၊ ကြောက်နေရှာတာ"
အနားက နောက်ထပ် လုံခြုံရေးတစ်ဦးက လှမ်းပြောသည်
"ဒီညသန်းခေါင်ယံမှာ မင်းက ဒါတွေ ပြောနေသေးတယ်"
ချိုက်ရှင်းကိစ္စကြောင့် လင်ချန်တစ်မြို့လုံး ဟိုးဟိုးကျော်နေပြီဖြစ်သည်။
ကောင်းမှုလုပ်ရင် ကောင်းကျိုးခံစားရပြီး၊ မကောင်းမှုလုပ်ရင် မကောင်းကျိုးခံစားရမည်ကို လူတိုင်း ပိုယုံကြည်လာကြသည်။
"ဒါက ဘာဖြစ်လဲ၊ ကိုယ်တိုင်မကောင်းတာ မလုပ်ရင် တစ္ဆေ တံခါးလာခေါက်တာကို ကြောက်စရာမလိုပါဘူး"
ဓာတ်မီးကိုင်ထားသူက ခေါင်းကုပ်ရင်း ပြောသည်
"ငါ့စိတ်ထင်တာလားမသိဘူး၊ ဒီရက်ပိုင်း နယ်မြေလုံခြုံရေးက ပိုကောင်းလာသလိုပဲ"
အရင်ကဆိုလျှင် ညဘက်လမ်းလျှောက်ရင်း နောက်က အသံကြားရုံနှင့်တင် အော်ဟစ်နေမည့် ကောင်မလေးများမှာ ယခုတော့ 'ကျေးဇူးတင်ပါတယ်' ဟုပင် ပြောနိုင်နေပြီဖြစ်သည်။
နောက်တစ်ဦးက သတင်းစာကိုဖတ်ရင်း ပြောသည်
"မင်းရဲ့စိတ်ထင်တာ မဟုတ်ပါဘူး၊ ဒီမှာကြည့်... ဒီလ လင်ချန်မြို့ရဲ့ ရာဇဝတ်မှုနှုန်းက ၄၀ ရာခိုင်နှုန်း (တစ်ဝက်နီးပါးခန့်) ကျဆင်းသွားတယ်တဲ့"
"တကယ်ကြီးလား"
"ကိုယ်တိုင် လာကြည့်လေ"
"ဟား... မကောင်းတဲ့လူတွေလည်း ငရဲကို ကြောက်တတ်သားပဲ၊ သူတို့က ဘာကိုမှ မကြောက်ဘူး ထင်နေတာ"
"ဟဲဟဲ... အခုတော့ မကောင်းတာလုပ်မယ့်သူတိုင်း သေရင် ငရဲဘယ်နှစ်ထပ် ဆင်းရမလဲဆိုတာ အရင်စဉ်းစားရတော့မယ်လေ"
...
လင်ချန်မြို့၏ထောင့်တစ်နေရာ၊ လက်စမသတ်ရသေးသော တိုက်ပျက်တစ်ခုအတွင်း၌ အသက် ၂၀ ကျော် လူငယ်အချို့ စုဝေးနေကြသည်။
သူတို့မှာ အလုပ်ကြီးတစ်ခုလုပ်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
တစ်လခွဲခန့် အစီအစဉ်ဆွဲခဲ့ကြသော်လည်း မလုပ်ရသေးမီမှာပင် ချိုက်ရှင်းကိစ္စ ပေါ်လာခဲ့ခြင်းဖြစ်သည်။
ယခုအခါ သူတို့ထဲမှ ထက်ဝက်ကျော်မှာ နောက်ဆုတ်ချင်စိတ် ပေါက်နေကြပြီဖြစ်၏။
"တောက်"
ခေါင်းဆောင်ဖြစ်သူက ကုလားထိုင်ကိုကန်ရင်း တောက်တစ်ချက်ခေါက်လိုက်သည်။
"ဒီလောက်ကြာအောင် ပြင်ဆင်လာပြီးမှ အခုကျမှ မလုပ်တော့ဘူးလို့ မပြောနဲ့"
ထောင့်မှာ ထိုင်နေသော လူငယ်တစ်ဦးက တိုးတိုးလေး ရေရွတ်နေသည်
"၁၊ ၂၊ ၃... မဟုတ်ဘူး၊ ၂ ထပ်ဆို ရပြီလား ဒါမှမဟုတ် ၃ ထပ်"
"မင်း ဘာလုပ်နေတာလဲ No.4" ခေါင်းဆောင် အော်လိုက်သည်။
"ဟို... ခေါင်းဆောင်"
No.4 က တံတွေးကို မျိုချရင်း ပြောလိုက်သည်
"ဘဏ်ဓားပြတိုက်ရင် ငရဲဘယ်နှစ်ထပ် ဆင်းရမလဲဆိုတာ တွက်နေတာပါ၊ လူမသတ်ရင်တော့ ဒုက္ခနည်းနည်းပဲ ခံရမှာ ဖြစ်ပေမဲ့၊ တကယ်လို့ လုပ်ရင်းနဲ့ လူသေသွားရင်..."
"မင်း သတ္တိကလည်း နည်းလှချည်လား၊ငါကတော့ ဒါတွေကို မယုံဘူး"
ခေါင်းဆောင်က တံတွေးထွေးရင်းပြောလိုက်၏။
"... ဒါပေမဲ့ ခေါင်းဆောင်၊ အလုပ်တစ်ခု မလုပ်ခင်တိုင်း ညီအစ်ကိုတွေကိုစုပြီး အမွှေးတိုင်ထွန်းခိုင်းတာ ခေါင်းဆောင်ပဲ မဟုတ်လား"
"အဲ့ဒါက ကံကောင်းအောင် လုပ်တာလေ"
ခေါင်းဆောင် သူ့ကို မျက်စောင်းထိုးလိုက်သည်။
"ကဲ... ဆုံးဖြတ်ပြီးပြီ၊ ဒီည လုပ်မယ်၊ မဆိုင်တာတွေ လာမပြောနဲ့တော့"
စကားဆုံးသည်နှင့် နောက်ကနေ လူတစ်ယောက် ပြေးဖက်လိုက်သည်။
"No.5"
"မလုပ်ပါနဲ့ ခေါင်းဆောင်ရယ်"
No.5 က ခေါင်းဆောင်၏ခြေထောက်ကို ဖက်ကာ ငိုယိုတော့သည်
"တကယ်လို့ငရဲပြည်က တကယ်ရှိနေရင် ဘယ်လိုလုပ်မလဲ၊ ခေါက်ဆွဲလေးစားရတာက ပိုမကောင်းဘူးလား၊ ငရဲပြည်က အရမ်းဆိုးတာ"
ချိုက်ရှင်း ဆီအိုးထဲမှာ အရည်ပျော်နေတဲ့ မြင်ကွင်းက သူ့ဦးနှောက်ထဲမှာ စွဲနေပြီဖြစ်သည်။
No.4 လည်း အပြေးအလွှား လာဖက်သည် "ဟုတ်တယ် ခေါင်းဆောင်၊မတန်ဘူး၊ ခေါက်ဆွဲစားရတာ ဘာဖြစ်လဲ၊ ငါးကြီးအသားကြီးမှ စားကောင်းတာ မဟုတ်ပါဘူး၊ ငရဲပြည်က အရမ်းဆိုးတာ"
ခေါင်းဆောင်မှာ မျက်နှာကြွက်သားများ တုန်သွားပြီး
"No.2 နဲ့ No.3... မင်းတို့ကော ဘယ်လိုလဲ" ဟု မေးလိုက်သည်။
ကျန်နှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်
"ခဏ နားထားကြရအောင်၊ အခုရက်ပိုင်း လုံခြုံရေးလည်း တင်းကျပ်နေတယ်"
အရင်က သူတို့ကခိုးဆိုးလုယက်မှုလေးတွေပဲ လုပ်ခဲ့တာဖြစ်ပြီး၊ အခုမှ အလုပ်ကြီးတစ်ခုလုပ်ဖို့ ကြံစည်ကြခြင်းဖြစ် သည်။
တကယ်တော့ သူတို့လိုလူမျိုးတွေက တစ္ဆေနဲ့ နတ်ကို ပိုယုံတတ်ကြသည်။
"ခဏလောက် စောင့်ကြည့်ကြဦးစို့"
တကယ်လို့ငရဲက တကယ်ရှိနေရင်... ကိုယ့်အသက်က ဘယ် လောက်တောင် ရှည်ဦးမှာလဲ၊ နောက်တစ်စက္ကန့်မှာ သေသွားရင် ဘယ်လိုလုပ်မလဲ။
ပြီးတော့ အလုပ်လုပ်ရင်း လူသေသွားလို့ ဟို Host နဲ့သာ တွေ့ရင်... လက်ပူးလက်ကြပ် အဖမ်းခံရမှာလေ။
လင်ချန်ရဲ့ရဲမှူးအသစ် ကျိုးကျိကော်မှ Live Room ကို စောင့်ကြည့်ဖို့ လူပင်သီးသန့်လွှတ်ထားမှန်း သူတို့သိထားကြသည်။
"... အေးလေ"
ခေါင်းဆောင် သက်ပြင်းချရင်း သူတို့ကို ကန်ထုတ်လိုက်သည်။
"ဖယ်စမ်း၊ ခေါက်ဆွဲသွားစားမယ်ဆို... သွားမယ်လေ"
နှစ်ယောက်သား ချက်ချင်းထရပ်လိုက်ကာ ပြောလိုက်ကြသည်
"ဟုတ်ကဲ့ ခေါင်းဆောင်"
🫧 Chapter 20
ပန်းခြံတစ်ခုအတွင်း၌...
ကလေးငယ်အချို့သည် အရုပ်များကိုယ်စီကိုင်ကာ အာလ်ထရာမန်းနှင့် မိစ္ဆာကောင်များ အဖြစ် သရုပ်ဆောင်ကစားရန် ပြင်ဆင်နေကြသည်။
မူလကတော့ ပျော်ပျော်ရွှင်ရွှင် ကစားနေကြသော်လည်း ဘယ်သူက မိစ္ဆာကောင်လုပ်မလဲဆိုသည့်နေရာတွင် ပြဿနာတက်တော့သည်။
"ငါ မိစ္ဆာကောင် မလုပ်ချင်ဘူး၊ မိစ္ဆာကောင်က လူဆိုးကြီး"
"ဟုတ်တယ်၊ ငါ့မေမေက ပြောတယ်၊ လူဆိုးတွေ သေရင် ငရဲဆင်းရမှာတဲ့"
"ငါတို့က အတုလုပ်ပြီးဆော့နေတာလေ၊ တကယ် မကောင်းတာလုပ်နေတာမှ မဟုတ်တာ"
ကလေးငယ်များသည် သူတို့၏ပါးလေးများကို လက်ဝါးဖြင့်ထောက်ကာ အလေးအနက် စဉ်းစားခန်းဝင်နေကြသည်။
"အေးနော်... ငါတို့က မကောင်းတာလုပ်နေတာမှ မဟုတ်တာ"
"ငါတို့က လူဆိုးတွေ မဟုတ်ဘူးဆိုရင် အာလ်ထရာမန်းက ဘယ်သူ့ကို သွားတိုက်ရမှာလဲ"
အရင်ကဆိုလျှင် မိစ္ဆာကောင်လုပ်ဖို့ ငြင်းမည့်သူမရှိခဲ့ပေ၊ အကြောင်းမှာ မိစ္ဆာကောင်ကြီးများမှာလည်း အလွန်ထွားကြိုင်း သန်မာသည် မဟုတ်လား။
"ဟာ ဒါကြီးက မပျော်တော့ဘူး၊ တခြားဟာ သွားဆော့ရအောင်"
"ကောင်းပြီ... ကောင်းပြီ... စွန့်စားခန်းသွားမယ်လေ~"
ကလေးတစ်အုပ်သည် ခုနကကိစ္စကို ချက်ချင်းမေ့သွားကာ သဲပုံရှိရာသို့ တူတူထွက်သွားကြတော့သည်။
ထိုကလေးများသည် Live ထဲက ငရဲမြင်ကွင်းကို ကိုယ်တိုင်မကြည့်ဖူးသော်လည်း လူကြီးများပြောပြသည်ကို အနည်းနဲ့အအေး ကြားဖူးကြသည်။
အရင်က ကလေးတွေ နားမထောင်လျှင် မိဘများက"နားမထောင်ရင် ရဲဦးလေးကို ဖမ်းခိုင်းလိုက်မယ်" ဟု ခြောက်လေ့ရှိသော်လည်း၊
ယခု Live ကို ကြည့်ပြီးသော မိဘများကမူ "နားမထောင်ရင် နောင်ကျရင် ယမမင်းရဲ့တရားစီရင်တာ ခံရလိမ့်မယ်" ဟု ပြောလေ့ရှိကြသည်။
ဤသည်ကို ကြည့်ခြင်းဖြင့် Live Room ၏ဩဇာမှာ မည်မျှ ကြီးမားကြောင်း သိသာလှပေသည်။
...
[ဒင် Host ၏ Live လူကြည့်နှုန်း ၁၀ သန်း ကျော်သွားသဖြင့် အမှတ် ၁၀၀၀ ရရှိပါသည်]
[ဒင် Host သည် ငရဲပြည်ယဉ်ကျေးမှုကို ပြန့်ပွားစေသဖြင့် အမှတ် ၅၀၀ ရရှိပါသည်]
[ဒင် Host သည် ကြည်ညိုမှုနှလုံးသား (၁၀၀၀/၁၀၀၀) ရရှိပါသည်]
[ဒင် Host ၏ ကြည်ညိုမှုနှလုံးသား အမှတ် တစ်သောင်း ကျော်သွားပါပြီ]
ကြည်ညိုမှုနှလုံးသားများကို စုဆောင်းပြီးနောက် ရလာမည့်အရာမှာ အမှတ်များသာ ဖြစ်လိမ့်မည်ဟု ကျန်းလင်ထင်ခဲ့သည်။
သို့သော် သူ မထင်မှတ်ထားသည်မှာ ရွှေရောင်ကုသိုလ်တန်းလေးများ ရရှိလာခြင်းပင်။
ကြယ်ပွင့်လေးများပဲ့သို့ လင်းလက်နေသော အလင်းတန်းများမှာ သူ့ကိုယ်ပေါ်သို့ စုစည်းလာပြီး နွေးထွေးသောစီးကြောင်းအဖြစ် ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်။
"ဒါကို ရတာလား..."
ကျန်းလင် လက်သီးကိုဆုပ်လိုက်မိပြီး ရင်ထဲတွင် လှုပ်ရှားသွားသည်။
အကြောင်းမှာ 'ကုသိုလ်' ဆိုသည်မှာ ရရှိရန်အခက်ခဲဆုံး အရာဖြစ်သောကြောင့်ပင်။
အချို့သောသူများသည် တစ်သက်လုံး ကောင်းမှုလုပ်ခဲ့သော် လည်း ကုသိုလ်အနည်းငယ်သာ ရရှိတတ်သည်။
အချို့သော တစ္ဆေများမှာ ငရဲပြည်တွင် နှစ်ပေါင်းရာချီ အလုပ်လုပ်ခဲ့သော်လည်း ကုသိုလ်ကြီးကြီးမားမား ရှိသူမှာ လက်ချိုးရေတွက်ရုံမျှသာ ရှိသည်။
သို့သော် ယခုမူ...
သူသည် ကုသိုလ်အမှတ် ၁၁,၀၀၀ ကို အလွယ်တကူ ရရှိခဲ့လေပြီ။
'ကုသိုလ်ကို ဘာအတွက် သုံးနိုင်သလဲ'
'ဘဝကူးပြောင်းရာတွင် သုံးနိုင်သည်'
' တိုက်ခိုက်ရာတွင် သုံးနိုင်သည်'
'ထို့ထက် ပိုအရေးကြီးသည်မှာ မိုးကြိုးကပ်ဘေး ခုခံရာတွင် သုံးနိုင်ခြင်းပင်'
ဤဘေးဒုက္ခမှာလည်း နှစ်မျိုးရှိသည်
၁။ အဆင့်တက်ချိန်တွင် ရင်ဆိုင်ရမည့် မိုးကြိုးဒဏ်
၂။ ကံကြမ္မာအရ ကြုံတွေ့ရမည့်ဘေးဒုက္ခ
အချို့သောသူများသည် တစ်သက်လုံး အရာရာအဆင်ပြေချောမွေ့နေခြင်းမှာ အရင်ဘဝက ကုသိုလ်များစုဆောင်းခဲ့သောကြောင့်ဖြစ်သည်။
လူအချို့ကို တစ္ဆေများကိုပင် အဘယ့်ကြောင့်ကြောက်ကြရသနည်း။
အကြောင်းမှာ ထိုသူတို့တွင် ကုသိုလ်အရှိန်အဝါများလွှမ်းခြုံနေသဖြင့် သာမန်တစ္ဆေများမှာ အနားသို့ပင် မကပ်ရဲသော ကြောင့် ဖြစ်သည်။
[ဒင် Host သည် ဝိညာဉ် လမ်းညွှန်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သဖြင့် အမှတ် ၁၀၀၀ ရရှိပါသည်။]
နေ့စဉ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
[၂ နာရီ Live လွှင့်ရန် (၀/၃)]
[နှလုံးသားထဲမှကြည်ညိုမှု ၁၀၀၀ ရရှိရန် (၀/၃)]
[ငရဲပြည်ယဉ်ကျေးမှုကို ပြန့်ပွားစေရန် (၀/၃)]
တာဝန်တစ်ခုစီ အောင်မြင်တိုင်း အမှတ် ၂၀၀ ရရှိမည်ဖြစ် သည်။
နှလုံးသားထဲမှကြည်ညိုမှု တာဝန်မှာမူ ကုသိုလ်အမှတ်များအဖြစ် အလိုအလျောက်ပြောင်းလဲသွားမည်ဖြစ်သည်။
"ဒင် အချိန်အကန့်အသတ်ရှိ တာဝန် : လဝက်အတွင်း တစ္ဆေစစ်သေနာပတိ အဆင့်နှောင်းပိုင်းသို့တက်လှမ်းရန်"
"လဝက်"
ကျန်းလင် အံ့အားသင့်သွားရသည်။
အဆင့်မြင့်လေလေ တက်ရန်ပိုနှေးလေလေ ဖြစ်သည်။
လိုအပ်သော 'ယင်ချီစွမ်းအင်လုံး' မှာလည်း ပိုများလာမည်။
အကယ်၍ ဆေးလုံးသာလုံလောက်လျှင် အဆင့်တက်ရန် မြန်နိုင်သော်လည်း... တစ္ဆေစစ်သေနာပတိ အဆင့်နှောင်းပိုင်းအထိဆိုလျှင်...
ကျန့်လင်း သူ့တွင်ရှိသော အမှတ်များကို ကြည့်လိုက်ရာ ချက်ချင်းပင် နည်းပါးသွားသလို ခံစားလိုက်ရသည်။
"အမှတ်တွေ များများရအောင် ကြံစည်ရဦးမယ်..."
သူသည် မကြာသေးမီကမှ တစ္ဆေစစ်သူကြီး အဆင့် အစောပိုင်းသို့ ရောက်ရှိထားခြင်းဖြစ်ပြီး အဆင့်အလယ်ပိုင်းသို့ ရောက်ရန် နီးစပ်နေရုံသာရှိသေးသည်။
...
ကျန်းလင် တာဝန်ဌာနသို့ သွားကာ တစ္ဆေများ လူ့လောကမှာ ကျန်နေရသည့် အကြောင်းရင်း၊ နောက်ဆက်တွဲ ရလဒ် စသည်တို့ကို စာရင်းသွင်းလိုက်သည်။
ထို့နောက် ဆုလာဘ်များကို ထုတ်ယူလိုက်ရာအဆင့်နိမ့် ကျင့်ကြံခန်းကတ် ၂ ခု၊ ဝိညာဉ်ကျောက်တုံး ၅ တုံး၊ ငွေ ၂၀၀ တို့ကို ရရှိခဲ့သည်။
ကျင့်ကြံခန်းနှင့် ဝိညာဉ်ကျောက်တုံးမှာ တစ္ဆေအရာရှိတိုင်းအတွက် အလွန်လိုအပ်သောအရာများဖြစ်သည်။
ကျင့်ကြံခန်းအတွင်း၌ ယင်စွမ်းအင်မှာ သာမန်ထက်ပိုမိုသိပ် သည်းသဖြင့် ကျင့်ကြံမှုကိုမြန်ဆန်စေသည်။
ကတ်တစ်ခုလျှင် ၂ နာရီ ကျင့်ကြံနိုင်ပြီး ဝိညာဉ်ကျောက်တုံးမှာမူ လက်နက်များ ပြုလုပ်ရာတွင် သုံးရသည့်ပစ္စည်းဖြစ်ကာ လက်နက်လုပ်တတ်သော ဦးလေးကြီးများထံတွင် လက်နက်အပ်နှံပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။
အရင်ကဆိုလျှင် ကျန်းလင် ဤအရာများရ၍ပျော်နေမည်ဖြစ်သော်လည်း၊ ယခုမူ သူသည် တစ္ဆေစစ်သူကြီးအဆင့်ဦးပိုင်းသာရှိသေးသဖြင့် နှစ်ပတ်အတွင်း အဆင့်ကျော်တက်ရန်မှာ ဤအရာများက မလုံလောက်လှပေ။
တစ္ဆေစစ်သူကြီးမှ တစ္ဆေစစ်သေနာပတိအဆင့်သို့ တက်လှမ်းခြင်းမှာ အလွန်ခက်ခဲသော အကန့်အသတ်တစ်ခုရှိသည်ဟု သူ ကြားဖူးသည်။
တစ္ဆေစစ်သေနာပတိ တစ်ယောက်မှာ သာမန်စစ်သူကြီးအယောက်တစ်ရာကို ယှဉ်နိုင်စွမ်းရှိသည်။ စွမ်းအားအဆင့်မှာ လုံးဝမတူညီပေ။
"ငါ့မှာတော့ အဟန့်အတားမရှိပေမဲ့၊ အမှတ်တွေက မလောက်ဘူးဖြစ်နေတာ"
ကျန်းလင် ခေါင်းယမ်းကာ တွေးလိုက်၏။
ယခုမူ အမှတ်တွေ များများရအောင်နှင့် ကျင့်ကြံခန်းကတ်တွေ များများရအောင်သာ ကြိုးစားရတော့မည်။
သူ ထွက်သွားရန်ပြင်စဉ်တွင် တာဝန်ဌာနက လူများပြောနေ သည်ကို ကြားလိုက်ရသည်။
"မုန့်ပေါ်ပေးတဲ့ ဆုလာဘ်က ထပ်တိုးသွားပြန်ပြီ၊ တကယ်ကို မက်မောစရာပဲ"
"စွမ်းရင် မင်းလက်ခံလိုက်လေ"
"လက်ခံချင်တာပေါ့၊ ဒါပေမဲ့ အဲ့ဒီလူကို ရှာရတာ လွယ်တာမှတ်လို့၊ နှစ်ပေါင်း တစ်ထောင်တောင်ကျော်သွားပြီ"
"ဒါကလည်း မပြောနိုင်ဘူးလေ၊ ငရဲပြည်မှာ အကျဉ်းကျနေတဲ့သူတွေထဲမှာ ရာစုနှစ်ပေါင်းများစွာကြာနေတဲ့သူတွေ ရှိတာပဲ၊ တကယ်လို့များ..."
"တော်စမ်း မင်း ယမမင်းရဲ့ အမိန့်ကို ဖီဆန်မလို့လား"
ငရဲပြည်တွင် ငရဲထဲကလူများကို ဆက်သွယ်ခြင်းမပြုရန် စည်းကမ်းရှိသည်။
ထိုနေရာတွင် ရှိနေသူများမှာ အလွန်ရက်စက်သူများဖြစ်ကြပြီး နှိပ်စက်ခံရလွန်းသဖြင့် ရူးသွပ်နေကြသူများ ဖြစ်သည်။
အကယ်၍ လွယ်လွယ်နှင့် ဆက်သွယ်မိပါက မိစ္ဆာလမ်းစဥ်သို့ ဆွဲခေါ်ခံရနိုင်သည်။
"ပြီးတော့လည်း မုန့်ပေါ်လို ပုဂ္ဂိုလ်မျိုးတောင် မသိတာ၊ ငရဲထဲမှာသာ သတင်းရှိရင် သူမ သိပြီးသားဖြစ်မှာပေါ့၊ မင်းနဲ့ ငါ့ကို စောင့်နေပါ့မလား"
"..."
'မုန့်ပေါ်ရဲ့ တာဝန်လား... ဆုလာဘ်ကတော့ တကယ်ကို များပြားလှသည်'
'ကျန့်လင်းလည်း စိတ်ဝင်စားမိသော်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က လူကို ဘယ်မှာ သွားရှာရမည်နည်း'
သူ တာဝန်ဌာနမှ ထွက်လာချိန်တွင် လက်ထဲက မှတ်တမ်းစာအုပ်လေးထဲ၌ နောက်ထပ် ဝိညာဉ်တစ်ခု၏ အချက်အ လက်များ ပေါ်လာပြန်သည်။
အမည် - ချန်တဟိုင်
အသက် - ၅၆ နှစ်
အလုပ်အကိုင် - စားဖိုမှူး
...
ကျန်းလင် ထွက်သွားပြီးနောက် တာဝန်ဌာနက တစ္ဆေတပ် သားအချို့က သူထွက်သွားရာကို ကြည့်ပြီး ဆွေးနွေးနေကြသည်။
"ခုနက တစ္ဆေရဲ့ကိုယ်ပေါ်က ကုသိုလ်တွေက မနည်းဘူးပဲ၊ ငါတို့ထက်ပိုပြီး ခရီးပေါက်မယ့်သူပဲ"
"သေချာတာပေါ့၊ အဲ့ဒီလောက် ကုသိုလ်အရှိန်အဝါမျိုးကို တစ္ဆေစစ်သေနာပတိ တစ်ယောက်ဆီမှာပဲ ငါ တွေ့ဖူးတာ"
"အဲ့ဒီမဟာစစ်သူကြီးက မင်မင်းဆက်တုန်းက အရာရှိတစ်ယောက်လေ၊ တရားသူကြီးဘေးမှာ နေလာတာကြာပြီ။"
"ဒါဆို ဒီတစ်ယောက်ကလည်း တစ်ချိန်ကနာမည်ကြီး ပုဂ္ဂိုလ်များလား အားကျစရာပဲကွာ..."
...
လင်ချန်မြို့...
"သွားကြစို့... ထမင်းသွားစားရအောင်"
ဒီနေ့က စနေနေ့ ဖြစ်သကဲ့သို့ လောင်ကျန်း၏ မွေးနေ့လည်း ဖြစ်သည်။
မိသားစုဝင်များခဲခဲယဉ်းယဉ်း စုမိကြသဖြင့် လောင်ကျန်းမှာ အလွန်ပျော်နေသည်။
"မေမေ... အဖိုးက အဲ့ဒီစားသောက်ဆိုင်ကိုပဲ ထပ်သွားဦးမှာလား" မြေးမလေး ကျန်းယွဲ့ က မေးလိုက်သည်။
"ညည်းအဖိုးက အဲ့ဒီဆိုင်ရဲ့အရသာကိုပဲ ကြိုက်တာလေ၊ နှစ်ပေါင်းများစွာ ကြာတာတောင် မပြောင်းလဲဘူး" သူမ၏အမေက ကြားဖြတ်ဖြေလိုက်၏။
"နှစ်တွေလည်း အများကြီးကြာနေပြီကို၊ အားလုံးပြန်ဆုံတုန်း အသစ်ဖွင့်တဲ့ဆိုင်ကို အဖိုးကိုခေါ်သွားချင်တာ"
ကျန်းယွဲ့ မျက်မှောင်ကြုတ်ကာ တွေးလိုက်၏။
နှစ်တိုင်း အဖိုးမွေးနေ့ဆိုလျှင် ထိုဆိုင်ဟောင်းကြီးကိုသာ သွားရသည်။
အဖိုးကတော့ ဘယ်တော့မှမရိုးနိုင်ပေ။
လောင်ကျန်း ကြားသည်နှင့် ချက်ချင်း မကျေမနပ် ဖြစ်သွားသည်
"ဆိုင်အသစ်က ဘာကောင်းလို့လဲ၊ ဆိုင်ဟောင်းရဲ့ အရသာမှ အစစ်အမှန်ပေါ့၊ အဲ့ဒီအရသာကို စားချင်တာ"
"မင်းတို့ လူငယ်တွေကတော့... အသစ်တွေ့ရင် အဟောင်းကို မေ့ကြတာပဲ"
အဖိုး စိတ်ဆိုးသွားသည်ကို မြင်တော့ ကျန်းယွဲ့က ချက်ချင်း အလျှော့ပေးလိုက်သည်။
"အဖိုးပြောတာ မှန်ပါတယ်၊ အဲ့ဒီဆိုင်ရဲ့ စွပ်ပြုတ်က အမွှေးဆုံးပဲ"
"သမီးက အဖိုးကို သမီးကြိုက်တဲ့ ဆိုင်အသစ်တွေရဲ့ အရသာကို မြည်းစမ်းစေချင်လို့ပါ"
လောင်ကျန်း လက်နှစ်ဖက်ကို နောက်ပစ်ရင်း "မရဘူး၊ ဒီနေ့ ငါ့မွေးနေ့၊ ငါ့စကား နားထောင်ရမယ်၊ စားပွဲတောင် booking ကြိုတင်ထားပြီးပြီ"
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ"
ကျန်းယွဲ့ ခိုးပြုံးမိလိုက်သည်။
'အဖိုးက ကလေးလေးလိုပင်'
သူမ၏အမေက သူမကို တစ်ချက် ဆိတ်လိုက်မှ အပြုံးကို ထိန်းလိုက်ရသည်။
သို့သော် မိသားစုလိုက် ပျော်ပျော်ရွှင်ရွှင် ရောက်သွားချိန်တွင် ဆိုင်တံခါးဝ၌ ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်။
ချန်မိသားစု စားသောက်ဆိုင်သည် ယနေ့ဆိုင်မဖွင့်ပေ။