← Chapters

အခန်း (၁၅၁)

Vol. 16 Ch. 151

အခန်း (၁၅၁)

Vol. 16 Ch. 151

🌹Chapter 151

နှလုံးသွေးသုံးစက်စီ ထုတ်ယူပြီးနောက် နတ်ဆိုးဘုရင် ၅ ပါးစလုံး၏ မျက်နှာများ ဖြူရော်ဖြူဖပ် ဖြစ်သွားခဲ့ကြသည်။

အားလုံးထဲတွင် ဖုန့်ကျင်းရှား၏ အခြေအနေက အဆိုးဆုံးပင်။ စာချုပ်၏ တန်ပြန်သက်ရောက်မှု၊ လင်းယွမ်၏ အရေခွံနွှာမှုနှင့် နှလုံးသွေးကို အတင်းအကြပ်ထုတ်ယူခံလိုက်ရမှုတို့ကို စုပေါင်းခံစားခဲ့ရကာ အသက်ငင်နေသူ တစ်ဦးပမာ အသက်ကိုပင် မနည်းရှူနေရပါပြီ။

သို့သော် သူအံကြိတ်ပြီး အားတင်းထားခဲ့သည်။ ဒယိမ်းဒယိုင် လမ်းလျှောက်ရင်း ရှေ့ခန်းမဆောင်ထဲမှ ထွက်သွားခဲ့ပါသည်။ မသွားခင် ယန်ရုန်ရုန့်ကို စူးစူးရှရှ စိုက်ကြည့်ခဲ့သေးသည်။

သူ့အကြည့်တွင် အဆိပ်အတောက်များဖြင့် ပြည့်နှက်နေပါသည်။ သူမအပေါ် နာကျည်းမှု အလွန်ကြီးမားသွားပြီဖြစ်ကြောင်း ထင်ရှားလှသည်။ အခွင့်အရေးရသည်နှင့် သူမကို ကျိန်းသေပေါက် သတ်ပစ်ပါလိမ့်မည်။

စမ့်ရှန်းမင်လည်း ပြန်ဖို့ ပြင်လိုက်သည်။ မပြန်ခင် ယန်ရုန်ရုန့်ကို မှောင်မိုက်နေသော မျက်နှာထားဖြင့် သူမေးလိုက်ပါသည်။

“ငါတို့ ငါးယောက်ဆီက နှလုံးသွေးတွေ ယူပြီးသွားပြီ၊ ဒါပေမယ့် ယိုပီလော ကျန်နေသေးတယ်၊ သူ့ဆီက ဘယ်တော့ သွားယူမှာလဲ”

ယန်ရုန်ရုန်ကတော့ နတ်ဆိုးဘုရင်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ ကျန်းမာရွှင်လန်း ပျော်ရွှင်တောက်ပနေပါသည်။

“စိတ်မပူပါနဲ့၊ သူ့ဆီကလည်း ကျွန်မ ရအောင်ယူမှာပါ”

သူမကို စမ့်ရှန်းမင် အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ “ယိုပီလော ဘယ်မှာလဲဆိုတာတောင် မင်းသိရဲ့လား”

“မသိဘူး၊ ဒါပေမယ့် တွေ့အောင်ရှာနိုင်မယ် ဆိုတာတော့ သေချာတယ်”

သူမ ဘာကြောင့် ဒီလောက်ထိ ယုံကြည်ချက်ပြည့်ဝနေရသလဲ စမ့်ရှန်းမင် မေးကြည့်ချင်မိသည်။ သို့သော် သူ့ပါးစပ်ကို ပိတ်ထားသင့်သည်ဟု ခံစားနေရပါသည်။

သူမဘေးတွင်ရပ်နေသည့် လင်းယွမ်ကို စမ့်ရှန်းမင် လှမ်းကြည့်လိုက်ပြီး သတိထားကာ မေးလိုက်သည်။

“ခုနက မင်းကို လူတစ်ယောက် မြှူဆွယ်ဖို့ ကြိုးစားလို့ အဲ့ဒီလူကို ချုပ်နှောင်ထားခဲ့တယ်လို့ ပြောခဲ့တယ်မလား၊ အဲ့ဒီလူ ဘယ်သူလဲ သိခွင့် ရှိမလား”

ထိုလူက ယိုပီလောဖြစ်လိမ့်မည်ဟု စမ့်ရှန်းမင် သံသယဖြစ်မိပါသည်။

ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

“ကျွန်မ ပြောပြီးပြီလေ၊ နံစော်လိပ်ခွေးလေးပါဆိုနေမှ”

စမ့်ရှန်းမင် စိတ်မရှည်မှုကို အောင့်အီးကာ ထပ်မေးလိုက်ပါသည်။

“အဲ့တာ သူ့နာမည်အရင်းတော့ မဟုတ်လောက်ဘူးမလား၊ သူဘယ်ကရောက်လာတာလဲ၊ သူဘယ်သူလဲ”

“သူ့မှာ အတိတ်မေ့နေပြီး ရန်သူတွေလိုက်တာ ခံနေရလို့ မြို့စားစံအိမ်ထဲ ဝင်ပုန်းခဲ့တာတဲ့၊ နံစော်လိပ်ခွေးလေးဆိုတာ သူ့ကို ကျွန်မပေးထားတဲ့နာမည်လေ၊ သူလည်း သဘောကျတယ်” ယန်ရုန်ရုန်ကဆိုသည်။

စမ့်ရှန်းမင် နှုတ်ခမ်းတွန့်သွားလေသည်။

‘ဘယ်သူက အဲ့လောက်အကျည်းတန်တဲ့နာမည်ကို သဘော ကျမှာလဲ’

စမ့်ရှန်းမင် ထပ်မေးလိုက်ပါသည်။

“ငါသူနဲ့ တွေ့ကြည့်လို့ရမလား”

ယန်ရုန်ရုန်ငြင်းလိမ့်မည်ဟု စမ့်ရှန်းမင် ခန့်မှန်းထားသော် လည်း အံ့အားသင့်ဖို့ကောင်းစွာ သူမလက်ခံလိုက်ပါသည်။

“ရတယ်လေ”

သို့သော် သူမ ဆက်ပြောလိုက်သည်။

“ဒါပေမယ့် တန်ရာတန်ကြေးတော့ ပေးရမယ်”

စမ့်ရှန်းမင် ကြက်သေသေသွားလေသည်။

“ဘာဖြစ်တယ်”

ယန်ရုန်ရုန် ရှင်းပြလိုက်ပါသည်။

“မျောက်ပြပွဲတစ်ခုကြည့်ချင်ရင် တန်ရာတန်ကြေးပေးရတယ်မဟုတ်လား၊ နံစော်လိပ်ခွေးလေးကိုလည်း အလကားကြည့်လို့ မရဘူးလေ”

သူမစကားက အဓိပ္ပာယ်မဲ့သည်ဟု စမ့်ရှန်းမင် ခံစားမိပါသည်။ ထို့ကြောင့် ပြန်ချေပလိုက်သည်။

“ငါတို့ မျောက်ပြပွဲ သွားကြည့်မှာမှ မဟုတ်တာ၊ ငါတို့က…”

စမ့်ရှန်းမင် ထိုနာမည်ကို ရွတ်နိုင်ဖို့ အချိန်အတော်ယူလိုက်ရသည်။

“… ငါတို့က နံစော်လိပ်ခွေးလေးကို သွားကြည့်မှာ၊ နံစော်လိပ်ခွေးလေးက မျောက်မှမဟုတ်တာ”

ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားပြီး အလွန်မကျေမနပ်ဖြစ်သွားပုံပေါ်ပါသည်။

“နံစော်လိပ်ခွေးလေးကို ဘာလို့ မျောက်နဲ့တောင် ယှဉ်ရတာလဲ”

စမ့်ရှန်းမင် ဆွံ့အသွားသည်။

‘သူ့ကို မျောက်နဲ့အရင်ယှဉ်ခဲ့တာ မင်းလေ! ဘာလို့ငါ့အပြစ်ဖြစ်သွားတာလဲ၊ ပြီးတော့ ဘာလို့မျောက်နဲ့တောင် ယှဉ်ရတာလဲဆိုတာ ဘယ်လိုမေးခွန်းလဲ’

သူမလေသံကို အကဲခတ်ကြည့်ရသလောက် နံစော်လိပ်ခွေးလေးက မျောက်တစ်ကောင်လောက်ပင် တန်ဖိုးမရှိသည့် ပုံစံမျိုးပေါက်နေပါသည်။

သူမနှင့် ပေါက်ကရအကြောင်းအရာတွေ ဆက်ပြီး မငြင်းခုံချင်တော့သဖြင့် စမ့်ရှန်းမင် တဲ့တိုးမေးလိုက်ပါသည်။

“ဘယ်လောက်ပေးရမှာလဲ”

ယန်ရုန်ရုန် လက်ချောင်းတစ်ချောင်းသာ ထောင်ပြလိုက်သည်။

“ဝိညာဉ်ကျောက်တုံး တစ်ထောင်”

‘ဓားပြသာ တိုက်စားပါတော့လား’ဟု စမ့်ရှန်းမင် ပြောချင်မိသော်လည်း နောက်ဆုံးတွင်တော့ မျိုသိပ်ထားခဲ့ပါသည်။ သူ့နှလုံးသွေး သုံးစက်ကိုတောင် ထုတ်ပေးပြီးပြီဖြစ်သဖြင့် ဝိညာဉ်ကျောက်တုံးတစ်ထောင်လောက်နှင့် ငြင်းခုံမနေချင်တော့ပေ။

ထို့ကြောင့် စမ့်ရှန်းမင် ဝိညာဉ်ကျောက်တုံးတစ်ထောင်ကို ထုတ်ပေးလိုက်ပါသည်။

ယန်ရုန်ရုန် ဝိညာဉ်ကျောက်တုံးများကို ယူလိုက်ပြီး မျက်လုံးများကွေးသွားအောင် ပြုံးလိုက်သည်။

“အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်ကလိုက်ခဲ့ပါ”

ထိုအခါ ဟိုက်မင်လည်း ရောက်လာပြီး ပြောလိုက်သည်။

“ငါလည်း တွေ့ချင်တယ်”

ယန်ရုန်ရုန်တောက်ပစွာ ပြောလိုက်သည်။

“ဝိညာဉ်ကျောက်တုံး တစ်ထောင်ပါ”

စမ့်ရှန်းမင် မကျေမနပ် အထွန့်တက်လိုက်သည်။

“မင်းခုနလေးတင် ယူပြီးသွားပြီ မဟုတ်ဘူးလား!”

ယန်ရုန်ရုန် အံ့အားသင့်ချင်ယောင် ဆောင်လိုက်ပါသည်။

“ကျွန်မ သေချာမရှင်းပြလိုက်မိဘူးလား၊ လူတစ်ယောက်ကို ဝိညာဉ်ကျောက်တုံးတစ်ထောင်လေ၊ ရှင်က ရှင့်လက်မှတ်ဖိုးအတွက်ပဲ ချေသွားတာ၊ ကြည့်ချင်တဲ့သူ ရှိသေးရင် ကိုယ့်လက်မှတ်ဖိုးကိုယ် ပေးရမှာပေါ့”

စမ့်ရှန်းမင် အငွေ့တထောင်းထောင်း ထနေပါပြီ။ ဒီမိန်းမက ဖောက်သည် မျက်စိရှေ့တည့်တည့်မှာပင် ဈေးကို အရှက်မရှိ တင်ရဲသော ကုန်သည်တစ်ယောက်လိုပင်။

ဟိုက်မင်ကမူ ဘာမှပြောမနေတော့ဘဲ ဝိညာဉ်ကျောက်တုံးများ ချက်ချင်း ထုတ်ပေးလိုက်ပါသည်။

ချန့်ခွင်းအိတ်ထဲ ဝိညာဉ်ကျောက်တုံး နှစ်ထောင် အလွယ် တကူ ရောက်လာသဖြင့် ယန်ရုန်ရုန် ကျေနပ်သွားပါသည်။ ဧည့်လမ်းညွှန်တစ်ဦးကဲ့သို့ လက်ကို ရမ်းပြရင်း ပြောလိုက်သည်။

“လာကြလာကြ အားလုံးနောက်က လိုက်ခဲ့ကြ၊ နံစော်လိပ်ခွေးလေးကို သွားကြည့်ကြမယ်!”

လင်းယွမ်လည်း နောက်ကလိုက်လာခဲ့ပါသည်။ ယန်ရုန်ရုန် တောင်းဖို့ပင်မလိုဘဲ သူ့ ‘လက်မှတ်ဖိုး’ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို အသာတကြည် ထုတ်ပေးလိုက်သည်။

လင်းယွမ်၏ လိမ္မာနေပုံအား ယန်ရုန်ရုန် အလွန်ကျေနပ်သွားပါသည်။

ဒီတစ်ခါတော့ ယန်ရုန်ရုန် တည်နေရာပြောင်း အဆောင်ကို မသုံးတော့ဘဲ အားလုံးကို လမ်းလျှောက်ကာ လမ်းပြပေးခဲ့သည်။ လင်းယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသော်လည်း သူ့လေသံက လူသတ်တော့မည့် လေသံမျိုးပေါက်နေပါသည်။

“ရှောင်းရှောင်းကို မြှူဆွယ်ရဲတဲ့ကောင်က ဘယ်သူလဲဆိုတာ မြင်ချင်လှပြီ”

အနောက်တွင် တိတ်တဆိတ်လိုက်လာကြသည့် စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ သူ့အရှိန်အဝါကြောင့် ထိတ်လန့်သွားခဲ့ကြကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြပါသည်။

စမ့်ရှန်းမင်က တိုးညှင်းစွာ ပြောလိုက်သည်။

“အဲ့ဒီ နံစော်လိပ်ခွေးလေးဆိုတာ တကယ် ယိုပီလောဖြစ်နေရင် ဒီတစ်ခါတော့ သူလွတ်လမ်းမရှိလောက်တော့ဘူး ထင်တယ်”

ဟိုက်မင်လည်း တီးတိုးပြန်ပြောလိုက်ပါသည်။

“အခြေအနေကို အရင်စောင့်ကြည့်မယ်၊ သူ့ကို ကယ်လို့ရရင် ကယ်ကြတာပေါ့”

ယိုပီလောအပေါ် မေတ္တာရှိလွန်း၍ မဟုတ်သော်လည်း စွမ်းအားကြီးသည့် မဟာမိတ်တစ်ယောက်ကို မဆုံးရှုံးချင်ခြင်းကြောင့်ဖြစ်ပါသည်။ လင်းယွမ်ကို ပူးပေါင်းနှိမ်နင်းကြဖို့ နတ်ဆိုးဘုရင် ၇ ပါး တိတ်တဆိတ် သဘောတူညီထားကြသည်။

လင်းယွမ်မရှိတော့မှသာ နတ်ဆိုးအရှင်သခင်ဟူသည့် ရာထူးကို သူတို့လုယူနိုင်လိမ့်မည်ဟု ယုံကြည်ခြင်းကြောင့်ပင်။ ယခု ညမဲ့မြို့စားသေဆုံးကာ နတ်ဆိုးဘုရင်တစ်ပါးကို ဆုံးရှုံးလိုက်ရပြီဖြစ်သဖြင့် သူတို့အင်အား အတော်လေးလျော့နည်း သွားပါပြီ။

ယိုပီလောကိုသာ ထပ်ဆုံးရှုံးလိုက်ရလျှင် သူတို့အကြံအစည်များ အောင်မြင်ဖို့ လမ်းစပင် ပျောက်သွားလိမ့်မည်။

ယန်ရုန်ရုန့်နောက်သို့ လိုက်ရင်း အခန်းငယ်တစ်ခန်းထဲ အားလုံးရောက်ရှိလာခဲ့ကြသည်။ အခန်းထဲတွင် အတော်လေး ဗလာကျင်းဖြစ်နေပြီး အလယ်တည့်တည့်ရှိ ကုတင်ပေါ်တွင် လူတစ်ယောက် လှဲလျောင်းနေပါသည်။

ကုတင်ပေါ်က လူကို စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ မြင်သွားပြီး ကြက်သေသေသွားခဲ့ကြသည်။ ထိုလူ့ကို ကြိုးဖြင့် တင်းတင်းကြပ်ကြပ် တုပ်နှောင်ထားပြီး မျက်နှာကိုလည်း ပိတ်စအနက်တစ်ခုဖြင့် အုပ်ထားသည်။

ဝတ်ရုံအပေါ်ပိုင်းကို ဆွဲဖွင့်ထားသဖြင့် သူ့ရင်ဘတ်ပေါ်ရှိ အဖြူရောင် ပက်တီးများ အထင်းသားပေါ်နေပြီး ဒဏ်ရာမှ စိမ့်ထွက်လာသော နီနီညိုညိုသွေးများက ပက်တီးများတွင် စွန်းထင်းနေလေသည်။

ညာဘက်လက်သန်းကို အဖြတ်ခံထားရပုံပေါ်ပြီး ကုတင်အောက်ဘက်တွင် ခံထားသော ကျောက်စိမ်းခွက်ထဲ သွေးများတစ်စက်တစ်စက် စီးကျနေပါသည်။ တစ်စက်စီးကျတိုင်း ပလုံမြည်သံတစ်သံကို ကြားနေရသည်။

စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ကိုယ်တိုင်က လူကောင်းသူကောင်းများ မဟုတ်ကြသော်လည်း ထိုမြင်ကွင်းကိုမြင်ပြီး ကြက်သီးမွေးညှင်းများ ထသွားခဲ့ကြပါသည်။ အလွန်ရက်စက်လွန်းလှသည်။

လက်ချောင်းတစ်ချောင်းကို ဖြတ်တောက်ပြီး သွေးများဖောက်ထုတ်ထားသည့်အပြင် လူတစ်ယောက်၏ မျက်နှာကို ဖုံးအုပ်ကာ အမြင်အာရုံနှင့် အနံ့အာရုံကို ပိတ်ပင်ထားပြီး အကြားအာရုံတစ်ခုတည်းသာ ဖွင့်ပေးထားသည့်အခါ သွေးတစ်စက်ကျသည့် အသံတိုင်းက သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတစ်ခုလို ဖြစ်နေပါလိမ့်မည်။

ယိုပီလောလည်း အမှန်တကယ် ရူးသွပ်ချင်နေပါပြီ။ သူ့ခန္ဓာကိုယ်အတွင်းမှ သွေးတွေ စက္ကန့်နှင့်အမျှ ဆုံးရှုံးနေသည်ကို သိသိသာသာ ခံစားနေရသည်။ သို့သော် သူဘာမှ မတတ်နိုင်ပေ။

သွေးတစ်စက်ကျသွားတိုင်း အခန်းငယ်ထဲ ပဲ့တင်သံထပ်သွားသည်။ ဘယ်အချိန် အဆုံးသတ်သွားမလဲ သို့မဟုတ် ‘ကျုံးရှောင်းရှောင်း’ ဘယ်တော့ ပြန်လာမလဲ သူ မသိပါ။ အော်ဟစ်ဆဲဆိုသော်လည်း ဘာမှ အသုံးမဝင်ပေ။ ကမ္ဘာကြီး၏ လျစ်လျူရှုမှုကို ခံထားရပြီး ဒီငရဲခန်းထဲ တစ် ယောက်တည်း သေဆုံးရတော့မလို ခံစားနေရပါသည်။

စိတ်ဓာတ်များ ပြိုလဲနေသဖြင့် တံခါးဖွင့်သံ၊ အခန်းထဲဝင်လာသည့် ခြေသံများကိုပင် ယိုပီလော မကြားနိုင်တော့ပေ။ ကုတင်ပေါ်မှာ လူသေတစ်ကောင်လိုသာ လှဲလျောင်းနေခဲ့ပါသည်။

သူ့မျက်နှာပေါ်မှ ပိတ်စနက်ကို ယန်ရုန်ရုန် ဖယ်ပေးလိုက်ခါမှ ယိုပီလော တုန့်ပြန်လာခဲ့သည်။

သူ့ကမ္ဘာထဲ အလင်းရောင်ပြန်ဝင်လာသောအခါ ယိုပီလော ပထမဆုံးမြင်လိုက်ရသူက ကုတင်ဘေးတွင် ရပ်နေသည့် ယန်ရုန်ရုန့်ကိုပင်။

All Chapters