← Chapters

အခန်း (၁၅၃)

Vol. 16 Ch. 153

အခန်း (၁၅၃)

Vol. 16 Ch. 153

🌹Chapter 153

စမ့်ရှန်းမင်က အခွင့်အရေးကို အရယူပြီး မေးလိုက်သည်။

“သခင်မလေးကျုံး ဘယ်လောက်လိုချင်လို့လဲ”

ယန်ရုန်ရုန်က လက်ချောင်းဖြူဖြူသွယ်သွယ်လေး တစ်ချောင်းထောင်ပြလိုက်ပါသည်။

“ဝိညာဉ်ကျောက်တုံး တစ်သန်းပေးရင် သူ့ကိုခေါ်သွားလို့ရတယ်”

တစ်သန်းဟူသည့် စကားကိုကြားပြီး နဂိုကတည်းက နှလုံးသွေးဆုံးရှုံးမှုကြောင့် ဖြူရော်နေသည့် စမ့်ရှန်းမင်၏ မျက်နှာ ပိုမိုသွေးမဲ့သွားခဲ့ပါသည်။

သို့သော် စမ့်ရှန်းမင် အားတင်းကာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။

“သခင်မလေးကျုံး ကျီစယ်နေတာလား၊ ဝိညာဉ်ကျောက်တုံး တစ်သန်းဆိုတာ စိတ်ရှိတိုင်း ထုတ်ပေးလို့ရတဲ့ ပမာဏမှ မဟုတ်တာ”

ယန်ရုန်ရုန် လက်ချောင်းများ ထောင်ကာ တွက်ချက်ပြလိုက်သည်။

“ရှင်တို့က ၅ ယောက်ရှိတာနော်၊ တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ စီ ထုတ်ပေးရင်တောင် စုစုပေါင်း တစ်သန်းဖြစ်မသွားနိုင်ဘူးလား၊ ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ ဆိုတဲ့ ပမာဏက နတ်ဆိုးဘုရင်တစ်ပါးအတွက် ဘာမှမဟုတ်လောက်ဘူး ထင်တယ်နော်”

သူမတွက်ချက်ပြသည်မှာ မှန်ကန်သော်လည်း ဝိညာဉ်ကျောက်တုံးများက သစ်ပင်ပေါ်တွင် မပေါက်တတ်ပါ။ ၂၀၀,၀၀၀ ဟူသည်မှာလည်း အလွန်များပြားသည့် ပမာဏဖြစ်နေဆဲပင်။

ထို့အပြင် ယိုပီလောအပေါ် ကျန်နတ်ဆိုးဘုရင်များက မေတ္တာမရှိကြပါ။ လင်းယွမ်နှင့် စာရင်းရှင်းဖို့ သူ့ကို လိုအပ်ခြင်းကြောင့်သာ မဟုတ်လျှင် သူသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဂရုစိုက်ကြမည် မဟုတ်ပေ။

ထို့ကြောင့် သူ့အသက်ကိုကယ်ဖို့ ဝိညာဉ်ကျောက်တုံးများ ထုတ်ပေးရမှာကို စမ့်ရှန်းမင် အလွန်အမင်း တွန့်တိုမိပါသည်။

ဟိုက်မင်က ဝင်မေးလိုက်သည်။

“အရင်တုန်းက သိကျွမ်းခဲ့ဖူးတာကို ငဲ့ပြီး… လျှော့ဈေးလေး ပေးလို့မရဘူးလား”

ယန်ရုန်ရုန် ရယ်မောလိုက်ပါသည်။

“ရှင်ပြောမှ ကျွန်မ သတိရတယ်! ကျွန်မ နတ်ဆိုးနယ်မြေထဲမှာ နေခဲ့ရတုန်းက ရှင်တို့ရဲ့ ‘ကျေးဇူး’ကြောင့် ဒုက္ခတွေ ပိုခံစားခဲ့ရတာ၊ အဲ့တာကြောင့် တစ်သန်းလောက်နဲ့ မရတော့ဘူး၊ အနည်းဆုံး နှစ်သန်းဖြစ်သွားပြီ”

စမ့်ရှန်းမင် သည်းမခံနိုင်တော့ဘဲ ထငေါက်လိုက်တော့သည်။

“မင်း ဓားပြသာ တိုက်စားလိုက်ပါတော့လား!”

ယန်ရုန်ရုန် ခေါင်းခါလိုက်ပါသည်။

“ကျွန်မလက်ထဲ ဝိညာဉ်ကျောက်တုံးတွေ အလိုလို လာထည့်ပေးမယ့်လူတွေ တန်းစီနေတာ ဓားပြတိုက်စားစရာလိုပါ့မလား”

စမ့်ရှန်းမင်က သူ့ကိုယ်သူ နတ်ဆိုးဘုရင် ၇ ပါးအနက် စိတ်ရှည်သည်းခံတတ်ဆုံးဟု မှတ်ယူထားသူဖြစ်သည်။ ယခုတော့ သူကိုယ်တိုင်ပင် အံတကြိတ်ကြိတ်ဖြစ်နေရပြီး ဒီမိန်းမကို ချက်ချင်း သတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်နေပါပြီ။

ဟိုက်မင်၏ မျက်နှာကလည်း မကြည်လင်လှပေ။ သူတိုးညှင်းစွာ သတိပေးလိုက်သည်။

“ပြဿနာကို အဲ့လောက်ထိ အစွန်းရောက်အောင် ပုံကြီးချဲ့စရာမလိုဘူးထင်တယ်၊ ဒါနတ်ဆိုးနယ်မြေနော်၊ ငါတို့နောက်လည်း ဆုံကြရဦးမှာ”

ယန်ရုန်ရုန် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

“ဪ… အခုတော့ ခြိမ်းပါခြောက်နေပြီပေါ့၊ ကြည့်ရတာ နှစ်သန်းက နည်းလွန်းတယ်ထင်တယ်၊ သုံးသန်းအထိ တင်လိုက်ကြရအောင်”

စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ သူမကို တိုက်ခိုက်ဖို့အသင့်ဖြစ်နေကြပါပြီ။ သို့သော် သူမနောက်တွင် ရပ်နေသည့် လင်းယွမ်ကို မြင်လိုက်ရသည်နှင့် ဒေါသများကို အမြန်ချုပ်တည်းလိုက်ကြရသည်။

စမ့်ရှန်းမင် အံကြိတ်ရင်း ပြောလိုက်ပါသည်။

“ကောင်းပြီလေ! တစ်သန်းဆိုလည်း တစ်သန်းပေါ့၊ ငါတို့ ကျန်တဲ့ သုံးယောက်နဲ့ သွားဆွေးနွေးပြီး ဝိညာဉ်ကျောက်တုံးတွေ အကုန်စုပြီးမှ ယူလာခဲ့မယ်!”

ယန်ရုန်ရုန်က ခေါင်းခါသည်။

“တစ်သန်းဆိုတာ ခုနက၊ အခုတော့ သုံးသန်းဖြစ်သွားပြီ”

“မင်းတော့!”

ယန်ရုန်ရုန်က ‘စေတနာ’ဖြင့် သတိပေးလိုက်ပါသည်။

“စကားကို ထိန်းထိန်းသိမ်းသိမ်းပြောကြနော်၊ ကျွန်မ ကြိုက်တဲ့အချိန် ဈေးတင်ပစ်လိုက်လို့ရတယ်”

စန့်ရှန်းမင်နှင့် ဟိုက်မင်တို့ ပါးစပ်အမြန်ပိတ်လိုက်ရသည်။ ဘာမှဆက်မပြောတော့ဘဲ အခြားနတ်ဆိုးဘုရင်များထံမှ ဝိညာဉ်ကျောက်တုံးသွားတောင်းဖို့ လှည့်ထွက်သွားခဲ့ကြပါသည်။

နတ်ဆိုးဘုရင်များ ဖြစ်နေလျှင်တောင် သုံးသန်းဟူသည့် ပမာဏက ကြောက်စရာကောင်းလွန်းလှသည်။ ထိုပမာဏကို ထုတ်ပေးရခြင်းက သူတို့အသားကို လှီးထုတ်ပေးရသလိုပင်။

သို့သော် သူတို့၏ မဟာအကြံအစည်အတွက် နာကျင်မှုမှန်သမျှကို သည်းခံထားရပါမည်။ ယိုပီလောကို ကယ်တင်ပြီးသည်နှင့် သူ့ထံမှ ဝိညာဉ်ကျောက်တုံးတစ်တုံးမကျန် အကုန်ပြန်တောင်းပစ်မည်ဟုလည်း ကြုံးဝါးထားကြသည်။

ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ကတော့ ကုတင်ဘေးမှာသာ ကျန်ခဲ့ပါသည်။ ယိုပီလောက သူတို့နှစ်ယောက်ကို အမျက်ဒေါသမီးတောက်လောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

ဒီခွေးနှစ်ကောင်က သူ့ကို သေလုမျောပါဖြစ်အောင် နှိပ်စက်ခဲ့ရုံတင်မကသေးဘဲ မျက်နှာဖုံးကိုပါ ခွာပစ်ခဲ့ပြီး သူများတွေ ရှေ့မှာ သူ့အသွင်အစစ်အမှန်ကို ထုတ်ပြခဲ့ကာ အရှက်ကွဲစေခဲ့သည်။ သူလွတ်မြောက်သွားသည်နှင့် နှစ်ယောက်စလုံးကို သတ်ပစ်မည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့ပါသည်။

ယိုပီလော၏ မျက်နှာထားကို အကဲခတ်ရင်း ယန်ရုန်ရုန်ပြောလိုက်သည်။

“သူတော်တော် ဒေါသထွက်နေတဲ့ပုံပဲနော်”

လင်းယွမ်က ယိုပီလောကို လှည့်ကြည့်လိုက်ပြီး အေးအေး လူလူ ပြောလိုက်ပါသည်။

“နဂိုကတည်းက ရုပ်ဆိုးနေပါတယ် ဆိုမှ ဒေါသထွက်တော့ ပိုရုပ်ဆိုးသွားတာပေါ့”

ယိုပီလော၏ မျက်လုံးများ ဒေါသကြောင့် ကျွတ်ထွက်မတတ် ပြူးကျယ်လာသည်။ လည်ချောင်းထဲမှလည်း ဝူးဝူးဝါးဝါး အသံများ ပိုထွက်လာပါသည်။

ယန်ရုန်ရုန် “သူတစ်ခုခု ပြောချင်နေတဲ့ပုံပဲ”

လင်းယွမ်က လူယုတ်မာအပြုံး ပြုံးလိုက်သည်။

“ကိုယ်တို့ကို ဆဲနေတာနေမှာပေါ့၊ ဒီကနေ လွတ်တာနဲ့ ကိုယ်တို့ နှစ်ယောက်ကို ကလဲ့စား ပြန်ချေဖို့ နည်းလမ်းရှာမှာ သေချာတယ်”

ယန်ရုန်ရုန် ခေါင်းလေးစောင်းကာ သေချာစဉ်းစားလိုက်သည်။

“ကလဲ့စားချေတယ်ဆိုတာ မကောင်းတဲ့လုပ်ရပ်ပဲ၊ သူ့ကို စိတ်သစ်လူသစ်နဲ့ လူကောင်းတစ်ယောက်ဖြစ်လာအောင် ကူညီပေးသင့်တယ်၊ မီးကို မီးနဲ့ မငြှိမ်းတတ်တဲ့ လူမျိုးဖြစ်လာအောင်ပေါ့”

လင်းယွမ်က စိတ်ဝင်တစား မေးလိုက်သည်။

“အဲ့လိုဖြစ်လာအောင် ဘယ်လိုလုပ်မှာလဲ”

ယန်ရုန်ရုန်က အခြေအနေကို လေးလေးနက်နက် သုံးသပ်ပြလိုက်ပါသည်။

“နံစော်လိပ်ခွေးလေး ကလဲ့စားချေချင်နေရတဲ့ အကြောင်းအရင်းက သူ့နှလုံးသားထဲ အငြှိုးတရားတွေ ရှိနေလို့ပဲ၊ အဲ့တာကြောင့် သူ့နှလုံးသားကို ထုတ်ပြီး အတွင်းအပြင် သေချာလျှော်ဖွပ်ဆေးကြောလိုက်မယ်လေ၊ သူ့နှလုံးသားထဲက အညစ်အကြေးတွေ အကုန်ထွက်သွားတာနဲ့ အငြှိုးတရားတွေလည်း ပျောက်ကွယ်သွားပြီး လူကောင်းတစ်ယောက် ဖြစ်သွားမှာ သေချာတယ်”

ယိုပီလော အရိုးထဲထိစိမ့်အောင် ကြောက်ရွံ့သွားခဲ့သည်။

‘တော်တော် အဆိပ်ပြင်းတဲ့ မိန်းမပါလား! ငါ့နှလုံးသားကိုပါ ထုတ်ဖို့ ကြံစည်နေတယ်ပေါ့!’

လင်းယွမ်ကတော့ သူမစကားများကို အဓိပ္ပာယ်ရှိသည်ဟု ထင်ကာ ချီးကျူးလိုက်ပါသည်။

“နည်းလမ်းကောင်းလေးပဲ၊ ဒါပေမယ့် သူ့နှလုံးသားကို ဆေးကြောလိုက်ရုံနဲ့ မလုံလောက်နိုင်သေးဘူး၊ ဒီငမိုက်သားက ကိုယ်တို့ကို အရိုးထဲထိစိမ့်အောင် မုန်းတီးနေတာဆိုတော့ သူ့ကိုယ်တွင်းအင်္ဂါတွေ၊ အရိုးတွေကိုပါ အကုန်ထုတ်ပြီး သေချာ ဆေးကြောသင့်တယ် ထင်တာပဲ”

ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားခဲ့သည်။

“အဲ့တာဆို အရမ်းအလုပ်မရှုပ်နိုင်ဘူးလား”

သို့သော် သူမ အမြန်စိတ်ပြောင်းသွားပါသည်။

“အလုပ်ရှုပ်လည်း ကိစ္စမရှိပါဘူးလေ၊ လူတစ်ယောက် ကောင်းဖို့အတွက်ပဲဥစ္စာ”

ယိုပီလော အော်ဟစ်ချင်နေပါသည်။

‘ဒီမိန်းမ ငါ့ကို တစ်စစီဖြုတ်ဖို့ ကြံနေတာကို ငါကောင်းဖို့အတွက် လုပ်နေတာလို့ ပြောရဲသေးတယ်ပေါ့! ဒီအခန်းထဲမှာ အယုတ်မာဆုံးက ဒင်းပဲ!'

ယိုပီလော မျက်လုံးများ နီရဲတွတ်နေသည်ကို မြင်ပြီး ယန်ရုန်ရုန် နှစ်သိမ့်ပေးလိုက်ပါသည်။

“မကြောက်ပါနဲ့၊ ရှင့်ကိုယ်တွင်းအင်္ဂါတွေကို အခုပဲဆေး ကြောပေးတော့မယ်နော်၊ နည်းနည်းတော့ နာနိုင်တယ်၊ တကယ်တော့ သေတောင်သေသွားနိုင်တယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့ ဒီတိုင်း သည်းခံထားလိုက်ရင် ပြီးသွားလိမ့်မယ်”

‘အဲ့တာလူစကားတောင် ဟုတ်သေးရဲ့လား!’

ယိုပီလော သူမကို သေလောက်အောင် မုန်းတီးနေပါပြီ။ သို့သော် ဘာမှမတတ်နိုင်ဘဲ သူမ ဓားမြှောင်တစ်ချောင်း ထုတ်လိုက်သည်ကို ဒီတိုင်း ကြည့်နေခဲ့ရသည်။

ဓားထိပ်ကို သူ့ရင်ဘတ်တည့်တည့်သို့ ချိန်ကာ တိတိကျကျ လှီးချလိုက်တော့သည်။

ယိုပီလော နာကျင်မှုကြောင့် တစ်ကိုယ်လုံး ကြမ်းတမ်းစွာ လှုပ်ခါသွားခဲ့သည်။ မျက်နှာကလည်း နီတလှည့်ဖြူတလှည့် အရောင်အသွေးများ ပြောင်းလဲနေပြီး စိတ်ထဲမှလည်း သူမကို အဆက်မပြတ် ကျိန်ဆဲနေခဲ့ပါသည်။

သူ့အသားတွေ တစ်စပြီးတစ်စ အလှီးခံနေရသည်ကို ယိုပီလော ထင်ထင်ရှားရှား ခံစားနေရပါသည်။ အေးစက်မာကျောသည့် ဓားက သူ့ခန္ဓာကိုယ်ထဲထိဝင်လာပြီး သူ့နှလုံးသားကို ထိတွေ့နေသည့်တိုင်အောင် သူအသိစိတ် ပျောက်မသွားသေးပေ။

ထို့နောက် သူ့နှလုံးသားကို ဖယ်ရှားလိုက်ရာ နာကျင်မှုအထွတ်အထိပ်သို့ ရောက်သွားပြီး မျက်ဖြူလန်လျက် သတိလစ်သွားလေတော့သည်။

နှလုံးသား ဖယ်ရှားခံရခြင်းက သာမန်လူသားတစ်ယောက်အတွက် အသက်သေစေနိုင်သော်လည်း နတ်ဆိုးဘုရင်တစ်ပါးအတွက်တော့ မသေစေနိုင်ပါ။ ယိုပီလော မသေသေးမှန်း ယန်ရုန်ရုန်ကောင်းကောင်း သိပါသည်။

ထို့ကြောင့် လတ်လတ်ဆတ်ဆတ် ထုတ်ယူထားသော နတ်ဆိုးဘုရင် နှလုံးသားကို ရေဇလုံထဲ ပစ်ထည့်ကာ အခြားကိုယ်တွင်း အင်္ဂါများကိုပါ ထုတ်ယူခဲ့လေသည်။

ယိုပီလော၏ ကိုယ်တွင်းအင်္ဂါအားလုံးကို ထုတ်ယူပြီးချိန်မှာတောင် အံ့အားသင့်ဖို့ကောင်းစွာဖြင့် သူအသက်ရှင်နေပါသေးသည်။ နတ်ဆိုးဘုရင်တစ်ပါး၏ ခံနိုင်ရည်ကို ယန်ရုန်ရုန် အံ့အားသင့်မိပါသည်။

ယန်ရုန်ရုန် ကိုယ်တွင်းအင်္ဂါများကို ဆေးကြောလိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံးထဲ ထည့်ကာ ချန့်ခွင်းအိတ်ထဲ သိမ်းထားလိုက်သည်။ ထိုကိုယ်တွင်းအင်္ဂါများက သူမအတွက် အသုံးဝင်နိုင်ပါသည်။

ထို့နောက် အပ်တစ်ချောင်းထုတ်လိုက်ပြီး ယိုပီလော၏ ခွဲရာများကို စတင်ချုပ်ပေးလေတော့သည်။

လင်းယွမ် “အရိုးတွေကကော”

ယန်ရုန်ရုန် မော့မကြည့်ဘဲ ဖြေလိုက်ပါသည်။

“ထားလိုက်ပါတော့ အဲ့တာတွေပါ ထုတ်ရမှာ ပျင်းတယ်”

ကိုယ်တွင်းအင်္ဂါများ မရှိတော့သဖြင့် ယိုပီလော၏ ခန္ဓာကိုယ်ထဲ ဗလာကျင်းဖြစ်သွားခဲ့သည်။ အရေပြားကို ပြန်ချုပ်လိုက်သောအခါ အသားများက အတွင်းဘက်ထိ ချိုင့်ဝင်သွားပြီး နံရိုးများ အထင်းသားပေါ်လာခဲ့ပါသည်။

နဂိုကတည်းက အိုမင်းရှုံ့တွနေသည့် မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ သေခါနီးဆဲဆဲ သစ်ပင်အိုကြီးတစ်ပင်နှင့်တူသွားကာ ယခင်ကထက်ပင် ကြောက်စရာ ပိုကောင်းသွားခဲ့ပါသည်။

ထို့နောက် သူ့မျက်နှာပေါ်မှ သံနှုတ်စွပ်ကို ချွတ်ပေးလိုက်ပြီး ပါးစပ်ထဲမှ အဝတ်စတွေကိုလည်း ဆွဲထုတ်ပေးလိုက်ပါသည်။ လုပ်စရာရှိသည်များ လုပ်ပြီးပြီဖြစ်သဖြင့် ယန်ရုန်ရုန် လက်ဆေးကာ ထွက်သွားဖို့ ပြင်လိုက်စဉ် စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ ပြန်လာပြီဖြစ်ကြောင်း လင်းယွမ်က အသိပေးခဲ့ပါသည်။

ကျန်နတ်ဆိုးဘုရင် ၃ ပါးနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ကျုံးရှောင်းရှောင်း တောင်းဆိုသည့် ပမာဏကို ပေးဖို့ အားလုံး သဘောတူခဲ့ကြသည်။

အိမ်ရှေ့တံခါးဝထိ ဝိညာဉ်ကျောက်တုံး လာပေးသူများရှိနေသဖြင့် ယန်ရုန်ရုန်ကလည်း မငြင်းရက်ပေ။

စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ကို သူမပြုံးပြကာ ပြောလိုက်သည်။

“ဝိညာဉ်ကျောက်တုံးအရင်ပေး၊ ပစ္စည်းကနောက်မှယူ”

All Chapters