အခန်း (၁၅၄)
Vol. 16 Ch. 154
🌹Chapter 154
စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့၏ စိတ်ထဲတွင် ယခု ကျုံးရှောင်းရှောင်းက လောဘကြီးပြီး ရက်စက်ယုတ်မာသော မိန်းမတစ်ယောက် ဖြစ်နေပါပြီ။
ထို့ကြောင့် သူမကို အလွန်အမင်း မယုံကြည်ရဲကြသဖြင့် ဝိညာဉ်ကျောက်တုံးများ အရင်အပ်ဖို့ ငြင်းဆန်ခဲ့ကြပါသည်။
ယိုပီလောနှင့် အရင်ဆုံးတွေ့ခွင့်ပေးပြီး သူ ‘အသုံးဝင်နိုင်သေးမှန်း’ သေချာမှ ဝိညာဉ်ကျောက်တုံးများ ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
ယန်ရုန်ရုန်ကလည်း မဆိုင်းမတွ လက်ခံခဲ့လေသည်။
“ရတယ်လေ”
ထို့နောက် လမ်းဖယ်ပေးလိုက်ပြီး ‘ကြွပါ’ဟူသော လက်ဟန်အမူအရာမျိုး လုပ်ပြလိုက်ပါသည်။
ယန်ရုန်ရုန်က အလွန်သဘောကောင်းလွန်းနေသဖြင့် စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ သတိလျော့မသွားသည့်အပြင် ပို၍ပင် သတိကြီးသွားခဲ့ကြပါသည်။
အခန်းထဲမှာ ထောင်ချောက်ဆင်ထားမည်စိုးသဖြင့် သူမကို အရင်ဆုံး ဝင်ခိုင်းခဲ့သည်။
ယန်ရုန်ရုန် မဲ့ပြုံးပြုံးပြလိုက်ပါသည်။
“ရှင်တို့ကတော့ အရမ်းကြောက်တတ်တာပဲနော်”
စမ့်ရှန်းမင်က ပြန်ပြုံးပြလိုက်သည်။
“သတိထားတော့ ပိုကောင်းတာပေါ့”
ယန်ရုန်ရုန် အလျှော့ပေးလိုက်ပြီး အခန်းထဲ အရင်ဝင်ပြလိုက်ပါသည်။
စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကြိုတင် တိုင်ပင်ထားသည့်အတိုင်း လူစုခွဲခဲ့ကြသည်။ အလစ်တိုက်ခိုက်ခံရလျှင် လိုရမယ်ရ စစ်ကူပေးဖို့အတွက် ဟိုက်မင်က အခန်းအပြင်ဘက်မှာ စောင့်ကြပ်နေခဲ့ပြီး စမ့်ရှန်းမင်က အထဲဝင်သွားခဲ့ပါသည်။
စမ့်ရှန်းမင် ကုတင်ပေါ်သို့ လှမ်းကြည့်လိုက်သည်နှင့် ယိုပီလောကို မြင်လိုက်ရသည်။
လက်ရှိ ယိုပီလော၏ အခြေအနေက တစ်ကိုယ်လုံး ရှုံ့တွနေပြီး ဆံပင်တွေဖြူကာ မျက်လုံးများက သွေးချင်းနီလျက် မျက်နှာတစ်ခုလုံး ဖြူဖပ်နေခဲ့ပါသည်။
ရုတ်တရက်ကြည့်လိုက်လျှင် မကျွတ်လွတ်သေးသည့် အငြှိုးကြီး တစ္ဆေတစ်ကောင်နှင့်ပင် တူနေပြီး ကြောက်စရာ ကောင်းလွန်းလှသည်။
ယခင်တုန်းက သူ့ကို စမ့်ရှန်းမင် အကြိမ်ကြိမ် မြင်ဖူးခဲ့သော်လည်း ယခု သူ့အခြေအနေကို တွေ့လိုက်ရသောအခါ ထိတ်လန့်လွန်းသဖြင့် ခြေလှမ်းများပင် ရပ်တန့်သွားခဲ့သည်။
ကုတင်ပေါ်ရှိ ယိုပီလောက စမ့်ရှန်းမင်ကိုပင် ဂရုမစိုက်အားတော့ပါ။ ယန်ရုန်ရုန့်ကိုသာ မျက်လုံးသေများဖြင့် စိုက်ကြည့်နေပြီး ကျောက်တုံးအချင်းချင်း ပွတ်တိုက်သလို လေသံမျိုးဖြင့် ကျိန်ဆဲပစ်လိုက်သည်။
“သောက်ကောင်မ! ငါနင့်ကို သတ်ပစ်မယ်! အရှင်လတ်လတ် အရေခွံနွှာပစ်မယ်! နင့်သွေးစက်တိုင်းကို သောက်ပစ်မယ်! အရိုးတွေ အသားတွေကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခုတ်ထစ်ပြီး ခွေးကျွေးပစ်-…”
ယန်ရုန်ရုန် နားငြီးလာပြီး သူ့ကို ပါးဖြတ်ရိုက်ပစ်လိုက်သည်။
ဖြောင်း!
အခန်းထဲ စူးစူးရှရှ အသံတစ်သံ ပဲ့တင်သံထပ်သွားခဲ့ပါသည်။
ယိုပီလော၏ခေါင်းမှာ ဘေးတစ်ဖက်သို့ စောင်းသွားခဲ့ပြီး ပါးပြင်ပေါ်မှာလည်း ပူလောင်စူးရှသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
သို့သော် ဒေါသများ နှစ်ဆတိုးသွားပြီး ယန်ရုန်ရုန်ရှိရာဘက်သို့ သွေးများ ထွေးထုတ်လျက် ဆက်ကြိမ်းမောင်းလိုက်ပါသည်။
“မင်းဒီလောက်ထိ အဆိပ်ပြင်းမှန်းသာ သိခဲ့ရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သတ်ပစ်ခဲ့ပါတယ်၊ ယောက်ျား တစ်ထောင်နဲ့ ပျော်ပါးတဲ့ အပျက်-…”
ဖြောင်း!
ယန်ရုန်ရုန် နောက်တစ်ချက် ဖြတ်ရိုက်လိုက်သည်။
ယိုပီလော နားတွေ အူထွက်သွားပြီး ပါးတစ်ဖက်ကလည်း စတင်ရောင်ကိုင်းလာပါပြီ။ သို့သော် ကျိန်ဆဲဖို့ ကြိုးစားနေဆဲပင်။
“မသာ…”
ဖြောင်း!
ယိုပီလော: “မိန်းမယု…”
ဖြောင်း!
ယိုပီလော: “ခဏလေး…”
ဖြောင်း!
ယိုပီလော ပါးစပ်ထပ်ဟဖို့ ကြိုးစားနေသည်ကို မြင်ပြီး စမ့်ရှန်းမင် အပြေးရောက်လာကာ အော်တားလိုက်ပါသည်။
“တော်တော့! တော်လိုက်တော့! မင်းပါးစပ်ကို ပိတ်ထားတော့!”
ယန်ရုန်ရုန် မညှာတာခဲ့ပါ။ ရိုက်ချက်တိုင်းတွင် အားအပြည့်ပါသည်။
ယခုဆို ယိုပီလော၏ မျက်နှာတစ်ဝက်လောက်က ခရမ်း ရောင်သန်းပြီး ဖောင်းကားနေပါပြီ။ နှုတ်ခမ်းထောင့်မှ သွေးများလည်း ယိုစီးနေသည်။
ဒီတိုင်းသာဆက်သွားလျှင် ယန်ရုန်ရုန့်ရိုက်ချက်ကြောင့် ယိုပီလော ချက်ချင်း သေသွားမည်ကို စမ့်ရှန်းမင် စိတ်ပူမိပါသည်။
နောက်ဆုံးတော့ ယိုပီလောလည်း အနည်းငယ် ကြောက်ရွံ့သွားခဲ့ပါပြီ။ တကယ်တော့ သူလည်း ဆက်မဆဲချင်ခဲ့ပါ။ အသက်ရှင်ဆက်ရှင်ရမည်ဆိုလျှင် သူ့အတွက်လုံလောက်ပါပြီ။ ဒီမိန်းကို ကလဲ့စား ဆယ်ဆ ပြန်ချေဖို့ သင့်တော်သည့်အခွင့်အရေးကို နောက်မှ ရှာဖွေလို့ရသည်။
ထို့ကြောင့် ယခု အမောခံပြီး အော်ဆဲနေစရာမလိုပေ။
သို့သော် ဒီမိန်းမက သူ့ကို စကားပြောခွင့်ပင် မပေးခဲ့ချေ။ သူ့ပါးစပ်ဖွင့်လိုက်ပြီး စကားလုံးတစ်လုံးလောက် ထွက်လာသည်နှင့် ပါးရိုက်ခံခဲ့ရသည်။
သူမရည်ရွယ်ချက်ရှိရှိ လုပ်နေသည်ဟုပင် ယိုပီလော သံသယဖြစ်လာခဲ့သည်။ သူဘာပြောပြောဂရုမစိုက်ဘဲ သူ့ကို ပါးရိုက်ချင်၍ ရိုက်နေခြင်းသာ ဖြစ်ပါလိမ့်မည်။
ယန်ရုန်ရုန် ညာဘက်လက်ကို မြှောက်ပြီး ဆက်လက်ရိုက်နှက်ဖို့ အသင့်ပြင်လိုက်သည်။ သို့သော် ယိုပီလော ပါးစပ်ပိတ်သွားသည်ကိုမြင်ပြီး လက်ကို ပြန်ချကာ စိတ်ပျက်သွားသည့် မျက်နှာမျိုးပင် လုပ်ပြလိုက်သေးသည်။
ယခုတော့ ယိုပီလော သေချာသွားပါပြီ။ သူမ ရည်ရွယ်ချက်ရှိရှိ ရိုက်နေခြင်းသာ…
‘ကြမ်းကြုတ်လိုက်တာ! လူသားတစ်ယောက်ဖြစ်ပြီး နတ်ဆိုးတိုင်းထက် ပိုရက်စက်ကြမ်းကြုတ်တာပဲ!’
စမ့်ရှန်းမင်ကို ယန်ရုန်ရုန် လှည့်ကြည့်လိုက်သည်။ “သူ့ကိုမြင်ပြီးသွားပြီဆိုတော့ ဝိညာဉ်ကျောက်တုံး ပေးလို့ရပြီလား”
စမ့်ရှန်းမင် ဘာမှပြန်မပြောနိုင်ခင် ယိုပီလောက စူးစူးဝါးဝါး အော်ပြောလိုက်ပါသည်။
“မရဘူး! ဒီမိန်းမ ငါ့ကိုယ်တွင်းအင်္ဂါတွေ ထုတ်ထားတယ်! အဲ့တာတွေ အရင်ပြန်တောင်း!”
ယိုပီလော၏ ဝတ်ရုံကို စမ့်ရှန်းမင် ဆွဲလှန်ကြည့်လိုက်ရာ အလွန်ချိုင့်ဝင်နေပြီး ဗလာကျင်းဖြစ်နေသည့် ဝမ်းဗိုက်ကို မြင်လိုက်ရကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
“သခင်မလေးကျုံး… ဒီလိုလုပ်တာ ရက်စက်လွန်းတယ်လို့ မထင်ဘူးလား”
ယန်ရုန်ရုန်က ပြန်ချေပလိုက်သည်။
“အရင်တုန်းက ကျွန်မအသွေးအသားတွေ စုပ်ယူခံရအောင် ကျွန်မအခန်းထဲကို သွေးစုပ်မြွေတွေ လာထည့်ခဲ့တုန်းကကော ကိုယ့်ကိုယ်ကိုယ် ရက်စက်တယ်လို့ တွေးမိကြဖူးလို့လား”
ထိုစကားလုံးများထွက်လာသည်နှင့် အနားမှာ တစ်ချိန်လုံး ပြုံးပြုံးကြီး စောင့်ကြည့်နေခဲ့သည့် လင်းယွမ်၏ မျက်နှာ ချက်ချင်းပြောင်းလဲသွားခဲ့ပါသည်။
သူချက်ချင်း မေးမြန်းလိုက်သည်။
“အဲ့တာဘယ်တုန်းကဖြစ်ခဲ့တာလဲ၊ ကိုယ်လည်း ဘာမှမသိရပါလား”
ယန်ရုန်ရုန် သူ့ကို မျက်စောင်းထိုးလိုက်သည်။
“ရှင်မသိတာတွေ အများကြီးရှိတယ်”
သူမကို ညမဲ့မြို့စား ဒုက္ခပေးဖို့ ကြံစည်ခဲ့စဉ်တုန်းကလည်း လင်းယွမ် ဘာမှ မသိခဲ့ရပါ။ ညမဲ့မြို့စားကိုယ်တိုင်သာ ဝန်မခံခဲ့လျှင် လင်းယွမ် ယခုချိန်ထိ အမှောင်ထဲမှာ ရှိနေဦးမှာသေချာသည်။
လင်းယွမ်က အမြဲလိုလို ပြုံးနေတတ်ပါသည်။ ပျော်လျှင်လည်း ပြုံးသည်၊ ဒေါသထွက်လျှင်လည်း ပြုံးသည်။
သို့သော် ယခုတော့ သူ့မျက်နှာပေါ်တွင် အပြုံးအရိပ်အ ယောင် စိုးစင်းမျှပင်မရှိတော့ချေ။၊ သွေးချင်းနီနေသော သူ့မျက်လုံးများဖြင့် စမ့်ရှန်းမင်ကို လှည့်ကြည့်လိုက်ပါသည်။ ထိုမျက်လုံးတွေထဲ ချက်ချင်းသတ်ဖြတ်ပစ်တော့မည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။
စမ့်ရှန်းမင် အလွန်သွေးပျက်သွားခဲ့ပြီး ခြေတစ်လှမ်းနောက် ဆုတ်သွားခဲ့သည်။ သို့သော် သူအားတင်းပြီး ပြန်မေးလိုက်ပါသည်။
“ဘယ်က သွေးစုပ်မြွေကို ပြောတာလဲ”
အမှန်တကယ် နားမလည်သည့် သူ့မျက်နှာကို ကြည့်ခြင်းအားဖြင့် ထိုကိစ္စအကြောင်း သူတကယ် သိပုံမပေါ်ပါ။
တစ်ဖက်မှာတော့ ယိုပီလောတစ်ယောက် အလွန်မျက်နှာပျက်သွားခဲ့သည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ရာ ထိုကိစ္စကို မေ့လုနီးပါး ဖြစ်နေသော်လည်း ယန်ရုန်ရုန့်စကားကြောင့် သူအားလုံး ပြန်မှတ်မိသွားခဲ့ပါသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက လင်းယွမ်ကို သူမြှူဆွယ်ဖို့ ကြိုးစားခဲ့ပြီး ကျရှုံးခဲ့ဖူးသည်။ လင်းယွမ်က သူ့ကို လုံးဝ လျစ်လျူရှုထားခဲ့သဖြင့် ယိုပီလော အောင်မြင်လိုစိတ် ပိုပြင်းပြလာခဲ့သည်။ နောက်တော့ လင်းယွမ် အလွန်စိတ်ရှုပ်လာပြီး သူ့ကို အသေအကြေ ရိုက်နှက်ပစ်လိုက်သဖြင့် ယိုပီလော ကြောက်ရွံ့သွားခဲ့ပြီး သူ့နား ထပ်မကပ်ရဲခဲ့တော့ပေ။
ထို့အစား ကျုံးရှောင်းရှောင်းအပေါ်မှာသာ သူ့ဒေါသများကို ပုံချခဲ့ပါသည်။ လင်းယွမ်ကို သူ မယှဉ်နိုင်မှန်း နားလည်သဖြင့် လင်းယွမ်ဂရုအစိုက်ဆုံး လူကိုသာပြောင်းလဲပစ်မှတ်ထားခဲ့ပါသည်။
လင်းယွမ် အဝေးရောက်နေချိန်တွင် ကျုံးရှောင်းရှောင်းအခန်းထဲ သွေးစုပ်မြွေ ငါးကောင်ကို ယိုပီလော စေလွှတ်ခဲ့သည်။
သွေးစုပ်မြွေများက နတ်ဆိုးနယ်မြေတွင် ပေါများသည့် အဆင့်နိမ့် ဝိညာဉ်သားရဲများဖြစ်ကြသည်။ ၎င်းတို့၏ အစွယ်တွင် ယာယီ အကြောသေသွားစေနိုင်သော အဆိပ်တစ်မျိုး ပါဝင်ပြီး သားကောင်၏ အသွေးနှင့် အသားတို့ကို စုပ်ယူနိုင်စွမ်းလည်း ရှိကြသည်။
တစ်ချက်လောက် အကိုက်ခံလိုက်ရရုံနှင့် ကျုံးရှောင်းရှောင်း သတိလစ်သွားနိုင်ပြီး သွေးစုပ်မြွေများက သူမ အသွေးအ သားများကို ဆက်လက် စုပ်ယူနေပါလိမ့်မည်။ လင်းယွမ် ပြန်ရောက်လာသည့်အချိန်တွင် သူမခန္ဓာကိုယ်က ပုပ်သိုးဆွေး မြေ့နေလိမ့်မည်။
လင်းယွမ် စုံစမ်းဖို့ကြိုးစားလျှင်တောင် သွေးစုပ်မြွေများ ‘မတော်တဆ’ဝင်လာသည့် မတော်တဆဖြစ်ရပ်တစ်ခုဟုသာ ကောက်ချက်ချနိုင်ပါလိမ့်မည်။
သူ့အစီအစဉ်က ပြီးပြည့်စုံသည်ဟု ယိုပီလောထင်ထားခဲ့သည်။ သို့သော် အံ့အားသင့်ဖို့ကောင်းစွာဖြင့် ကျုံးရှောင်း ရှောင်း မသေခဲ့ပါ။ သွေးစုပ်မြွေငါးကောင်လည်း ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။
လင်းယွမ် နန်းတော်သို့ ပြန်ရောက်လာသောအခါတွင်လည်း ကျုံးရှောင်းရှောင်းက ဘာမှမဖြစ်သလို နေခဲ့ပြီး ထိုကိစ္စကို တစ်ခွန်းမဟခဲ့ပေ။
ထို့ကြောင့် ယိုပီလောကိုယ်တိုင်ပင် သူမအခန်းထဲ သွေးစုပ်မြွေများ အမှန်တကယ်စေလွှတ်ခဲ့မိရဲ့လားဟူ၍ သံသယဝင်ခဲ့မိပါသည်။
နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီး ယခုလိုအချိန်ကျမှ ကျုံးရှောင်းရှောင်းက ထိုကိစ္စကို ထုတ်ပြောလာလိမ့်မည်ဟု သူလုံးဝမျှော်လင့်မထားခဲ့ပေ။