← Chapters

အခန်း (၁၇၀)

Vol. 17 Ch. 170

အခန်း (၁၇၀)

Vol. 17 Ch. 170

🌹Chapter 170

ပထမတော့ လျို့လန်၊ လောလောတို့နှင့်အတူတူ အဆုံးမဲ့ အသူရာချောက်နက်ထဲသို့ တိတ်တဆိတ် သွားရောက်ဖို့ ယန်ရုန်ရုန် ကြံရွယ်ထားခဲ့သည်။

ယခု လင်းယွမ်ပါ အတူပါလာပြီဖြစ်သဖြင့် ဘယ်ကိုပဲသွားသွား လူမသိသူမသိ သွားဖို့ဟူသည်မှာ မဖြစ်နိုင်တော့ပေ။

တိတ်တဆိတ် သွားလို့မရတော့သည့်နောက်ဆုံး အုံးအုံးကြွကြွဖြစ်အောင် လုပ်ဖို့သာ ကြံလိုက်ကြတော့သည်။

ယန်ရုန်ရုန် လူတွေစေလွှတ်ပြီး ညမဲ့မြို့တော်ထဲ ကောလဟာလများ ဖြန့်ဝေခိုင်းခဲ့သည်။

အဆုံးမဲ့ အသူရာချောက်နက်ထဲတွင် သံသရာခွင်းဘုံသို့ သွားရောက်နိုင်မည့် ဝင်ပေါက်ရှိနေရုံတင်မကဘဲ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးလည်း ရှိနေကြောင်း အားလုံးသိအောင် သတင်းဖြန့်ခဲ့သည်။

ထိုသစ်ပင်ကြီးမှ သစ်သီးများက နတ်ဆိုးကျင့်ကြံသူတစ်ဦး၏ အမြုတေနှင့် စွမ်းအင်များကို သန့်စင်ပေးနိုင်ပြီး ရှားပါး ‘ကောင်းကင်ဘုံ နတ်ဆိုးသစ်မြစ်’အဖြစ် အသွင်ပြောင်းလဲပေးနိုင်သည်ဟုဆိုခဲ့သည်။ ထိုသစ်မြစ်ကို ရရှိလိုက်သည်နှင့် နတ်ဆိုးဘုရင်အဆင့် သို့မဟုတ် နတ်ဆိုးအရှင်သခင် အဆင့်ထိပင် တက်လှမ်းနိုင်မည်ဟု ဆိုခဲ့ပါသည်။

ထိုသတင်းက ရာနှုန်းပြည့် အလိမ်အညာတော့ မဟုတ်ပေ။ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်မှ သစ်သီးများက နတ်ဆိုးများ၏ စွမ်းအင်များကို အမှန်တကယ် တိုးမြှင့်ပေးနိုင်သော်လည်း နတ်ဆိုးအရှင်သခင် ဖြစ်လာနိုင်လောက်သည့် အထိတော့ မဟုတ်ပေ။

သံသရာခွင်းဘုံအကြောင်း ကြားခဲ့မိရုံနှင့်ပင် မြို့ထဲရှိ နတ်ဆိုးကျင့်ကြံသူများစွာက သွားရည်တမြားမြား ကျခဲ့ကြသော်လည်း အဆုံးမဲ့ အသူရာချောက်နက်ကြီးက အန္တရာယ်များလွန်းသဖြင့်သာ ငြိမ်နေကြရခြင်း ဖြစ်ပါသည်။

ယခု ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးမှ သစ်သီးတို့ကိုပါ ရှာဖွေနိုင်မည်ဟု ကြားလိုက်ရသောအခါ တွန့်ဆုတ်နေကြသော နတ်ဆိုးကျင့်ကြံသူ အမြောက်အများ ဆုံးဖြတ်ချက် အခိုင်အမာ ချလိုက်ကြသည်။

ကျားသိုက်ထဲမဝင်ဘဲ ကျားပေါက်ကို ဖမ်းနိုင်မည်မဟုတ်ပါ။ သူတို့ သွားကို သွားမှ ဖြစ်ပါမည်။

အဆုံးမဲ့အသူရာချောက်နက်၏ သတင်းက ညမဲ့မြို့တော်အတွင်း တောမီးလို ပျံ့နှံ့သွားခဲ့သည်။ ဆယ်ယောက်မှ အယောက်တစ်ရာ၊ အယောက်တစ်ရာမှ အယောက်တစ်ထောင် စသည်ဖြင့် လူဦးရေ များပြားလာလေလေ သတင်းက ပိုမိုကြီးမားလာလေလေပင်။

နောက်တော့ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးမှ သစ်သီးကို စားထားခြင်းကြောင့်သာ လင်းယွမ် နတ်ဆိုးအရှင်သခင် ဖြစ်လာခြင်း ဖြစ်မည်ဟုပင် နတ်ဆိုးများက ယုံကြည်လာကြပါသည်။

အဓိပ္ပာယ်အမဲ့ဆုံးအချက်က ထိုသတင်းကို နတ်ဆိုးကျင့်ကြံသူပေါင်းများစွာ အမှန်တကယ် ယုံကြည်သွားကြခြင်းပင်။

ထို့နောက် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့အဖွဲ့ ကျို့ယိုစင်မြင့်နားသို့ ရောက်ရှိလာခဲ့ကြသည်။ သေမင်းပန်းပင်လယ်ကြီး တစ်ခုလုံး နတ်ဆိုးများစွာဖြင့် ပြည့်နှက်နေခဲ့ပါသည်။

စွမ်းအားမြင့် ကျင့်ကြံသူအချို့ဆို ပန်းပင်လယ်ကို ဖြတ်သန်းကာ ကျို့ယိုစင်မြင့်ထံသို့ပင် ဦးတည်နေကြပါပြီ။

သို့သော်လည်း ကျို့ယိုစင်မြင့်ဘေးပတ်ပတ်လည်၌ စည်းအကာအရံများ ချမှတ်ထားသဖြင့် ဘယ်သူမှ မဝင်နိုင်ခဲ့ကြပါ။ ထို့ကြောင့် အားလုံး ပန်းပင်လယ်ထဲမှာသာ စောင့်နေရပြီး အကာအရံများကို ချိုးဖောက်ဖို့ နည်းလမ်း ရှာဖွေနေရသည်။

လူပမာဏက များပြားလွန်းသဖြင့် သေမင်းပန်းပင်ပေါင်းများစွာ အနင်းခြေခံခဲ့ရပြီး ပန်းပင်များအထက်၌ ကခုန်နေတတ်သော လူသားမျက်နှာနှင့် လိပ်ပြာများကလည်း ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပါပြီ။

ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးကို ကြည့်ရင်း ငှက်ပေါက်လေးက ဆိုလိုက်သည်။

“မသိရင် မနက်ခင်း ဈေးလာဝယ်ကြတဲ့လူတွေလို့ ထင်ချင်စရာပဲ”

လူပေါင်းများစွာ ရှိနေခြင်းကြောင့် အဆုံးမဲ့အသူရာချောက်နက်ကြီးကိုလည်း ဘယ်သူမှ သိပ်မကြောက်ကြတော့ပါ။ အချို့ဆို ပန်းပင်များအကြား ဆိုင်းဘုတ်များထောင်ပြီး ချောက်နက်ထဲ မဆင်းခင် အဖွဲ့ဖွဲ့ဖို့ လူခေါ်နေကြပါသည်။

လင်းယွမ်က ရုပ်ဖျက်ထားခြင်းမရှိသဖြင့် သူရောက်လာသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးကျင့်ကြံသူပေါင်းများစွာက သတိထားမိသွားကြပသည်။

သူ့ဘေးတွင် ရပ်နေသည့် ယန်ရုန်ရုန်ကလည်း လူသတိထားမိစရာ ဖြစ်လာခဲ့ပါသည်။

နဂိုက ဆူညံပွက်လောရိုက်နေခဲ့သည့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်ခြောက်ကပ်သွားခဲ့သည်။

ပါးနပ်သော ကျင့်ကြံသူအချို့က ချက်ချင်း ဒူးတစ်ဖက်ထောက်ချလိုက်ပြီး အော်ဟစ်လိုက်ကြသည်။

“နတ်ဆိုးအရှင်ကို ဂါဝရပြုပါတယ်!”

ထိုအော်သံများကြောင့် ရီဝေနေကြသည့် အခြားနတ်ဆိုးများပါ အသိစိတ်ပြန်ကပ်သွားကြပြီး မကြာမီ နတ်ဆိုးကျင့်ကြံသူတိုင်း ဒူးထောက်လျက်သား ဖြစ်နေကြပါပြီ။

မျက်စိတစ်မှိတ်အချိန်အတွင်း ပန်းပင်လယ်ကြီးထဲ ဒူးထောက်နေကြသော နတ်ဆိုးများဖြင့် ပြည့်နှက်သွားခဲ့သည်။

ယန်ရုန်ရုန်က ဝူဝမ့်ဓားကို ဆင့်ခေါ်ကာ ကောင်းကင်ပေါ် ပျံတက်သွားခဲ့သည်။ လင်းယွမ်၊ လောလောနှင့် လျို့လန်တို့လည်း အနောက်မှ လိုက်လာခဲ့ကြပါသည်။ သူတို့အဖွဲ့ ပန်းပင်လယ်ကြီး၏အထက်မှ ထင်ထင်ရှားရှား ခမ်းခမ်းနားနား ဖြတ်သန်းခဲ့ကြသည်။

သူတို့ခပ်လှမ်းလှမ်းကို ရောက်သွားခါမှ နတ်ဆိုးကျင့်ကြံသူများ မတ်တပ်ပြန်ရပ်ခဲ့ကြပါသည်။ လင်းယွမ်ထွက်သွားသည့် အရပ်မျက်နှာကို လှမ်းငေးကြည့်ရင်း အားလုံး ကောက်ချက်ချလိုက်ကြသည်။

နတ်ဆိုးအရှင်သခင်ကိုယ်တိုင်ပင် ရောက်ရှိလာပြီဖြစ်သဖြင့် ကောလဟာလများက အမှန်သာ ဖြစ်ရမည်။ အဆုံးမဲ့ အသူရာ ချောက်နက်ထဲ ရတနာများဖြင့် ကျိန်းသေပေါက် ပြည့်နှက်နေပါလိမ့်မည်။

အသူရာချောက်နက်ထဲ ဆင်းသွားသူတိုင်း ပြန်လမ်းမရှိတတ်ဟု ရာဇဝင်များ ရှိခဲ့သော်လည်း လောဘကြောင့် အကြောက်တရားကို မေ့လျော့သွားခဲ့ကြသည်။

သံသရာခွင်းဘုံနှင့် ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်မှ သစ်သီးတို့ကို ပိုင်ဆိုင်ရဖို့အတွက် သူတို့အားလုံး စွန့်စားဝံ့ပါသည်။

--- --- ---

ထိုအချိန်တွင် နတ်ဆိုးဘုရင် ၅ ပါးကတော့ သွေးလန့်ချောက်ချားနေကြပါပြီ။

သူတို့ ကောလဟာလများ စလွှင့်ခဲ့ကြစဉ်က သတ္တိကောင်းသူအချို့ ရောက်လာလိမ့်မည်ဟု မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း အသူရာချောက်နက်ကြီး၏ အန္တရာယ်များမှုကြောင့် ပမာဏ နည်းပါးလိမ့်မည်ဟုသာ ထင်ထားခဲ့ကြသည်။

သူတို့ အလုပ်ကို ဝင်မရှုပ်စေဖို့အတွက် ရောက်လာသည့် နတ်ဆိုးကျင့်ကြံသူအနည်းစုကို သတ်ပစ်ဖို့ စီစဉ်ထားခဲ့ကြပါသည်။

သို့သော် ဒီလောက်ထိ ကြောက်စရာကောင်းအောင် များပြားလိမ့်မည်ဟု ထင်မထားခဲ့ကြပါ။

ခပ်လှမ်းလှမ်းတွင် စုပြုံနေသည့် လူအုပ်ကြီးကို လှမ်းကြည့်ရင်း ကျို့ယိုစင်မြင့်ပေါ်ရှိ နတ်ဆိုးဘုရင် ၅ ပါး အလွန် ခေါင်းကိုက်လာပါပြီ။

ဖုန့်ကျင်းရှား နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။

“ဒီကောင်တွေ သောက်ဦးနှောက်မရှိဘူးလား! တကယ်မှန်ရဲ့လား ဆိုတာတောင် မသေချာတဲ့ ကောလဟာလတစ်ခုအတွက် အသူရာချောက်နက်ထဲ ဆင်းပြီး ကိုယ့်အသက်ကိုယ် စတေးကြမလို့လား!”

စမ့်ရှန်းမင် သုန်မှုန်စွာ ပြောလိုက်သည်။

“ငါတို့နဂိုအစီအစဉ်အရဆိုရင် နတ်ဆိုးတွေ ဒီလောက်အများကြီး ရောက်လာစရာကို မလိုဘူး၊ နောက်ကွယ်မှာ တစ်ယောက်ယောက်က ကြိုးကိုင်ပြီး သူတို့ကို ဒီရောက်လာအောင် မျှားခေါ်ထားတာ ဖြစ်နိုင်တယ်”

ဖုန့်ကျင်းရှားက ချက်ချင်း အကြံပြုလိုက်သည်။

“ဒီမှာ ဘာသံသရာခွင်းဘုံမှ မရှိဘူးလို့ သွားပြောလိုက်ရမလား၊ လာရာလမ်းအတိုင်း ပြန်လိုက်တော့လို့ ပြောလိုက်မယ်!”

စမ့်ရှန်းမင် ခေါင်းခါလိုက်သည်။

“သူတို့ မင်းပြောတာကို ယုံမှာမဟုတ်ဘူး”

ဟိုက်မင်က ဝင်ပြောလိုက်သည်။

“မယုံရုံတင် မဟုတ်ဘူး၊ ချောက်နက်ထဲက ရတနာတွေကို ငါတို့ဖာသာ အပိုင်သိမ်းဖို့ ကြံနေတာလို့ ထင်သွားကြလိမ့်မယ်၊ အဲ့တာဆို ကောလဟာလတွေကို အတည်ပြုပေးလိုက်သလို ဖြစ်ပြီး အထဲဝင်နိုင်ဖို့ အသည်းအသန် ပိုကြိုးစားလာကြလိမ့်မယ်”

ဖုန့်ကျင်းရှား ဒေါသထွက်လွန်းသဖြင့် ဆံပင်များကို ကုတ်ဖဲ့နေမိပါသည်။

“အဲ့တာဆို အခုဘာဆက်လုပ်ကြမှာလဲ၊ သူတို့အကုန်လုံးကိုတော့ ငါတို့သတ်ပစ်လို့ မရဘူးမလား”

ဘယ်လောက်ပဲ စွမ်းအားကြီးမားနေပါစေ ကျင့်ကြံသူ ဒီလောက်အများကြီးကို တစ်ပြိုင်တည်း သတ်ပစ်ဖို့ဟူသည်မှာ မလွယ်လှပါ။

ဟိုက်မင်၏ မျက်လုံးများ မှောင်မိုက်သွားခဲ့သည်။

“အသူရာချောက်နက်ထဲ အဲ့လောက်ဝင်ချင်နေမှတော့လည်း ဝင်ခွင့်ပေးလိုက်ကြတာပေါ့၊ သူတို့ သေတာရှင်တာက သူတို့ကံပဲ”

စမ့်ရှန်းမင် ထိတ်လန့်သွားပြီး ဟိုက်မင်ကို လှည့်ကြည့်လိုက်သည်။

“အဲ့ဒီကျင့်ကြံသူတွေအကုန်လုံးကို ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင်ထဲ ဝင်ခိုင်းမလို့လား”

ဟိုက်မင် တိုးညှင်းစွာ ဖြေလိုက်သည်။

“ဟုတ်တယ်”

ထိုအစီအရင်ကို လင်းယွမ်အတွက် သီးသန့်ဖန်တီးထားခြင်း ဖြစ်သော်လည်း လက်တွေ့တွင်တော့ ထိုစည်းဝိုင်းထဲဝင်ရောက်သွားသည့် နတ်ဆိုးတိုင်း စွမ်းအားချိပ်ပိတ်ခံရပါလိမ့်မည်။

ဖုန့်ကျင်းရှား မျက်နှာပျက်သွားသော်လည်း နောက်ဆုံးတော့ ကိုယ့်ပေါင်ကိုယ် ထောင်းကာ အားတက်သရော ပြောလိုက်သည်။

“အဲ့လိုပဲ လုပ်ကြတာပေါ့! ဒင်းတို့က ကိုယ့်သေတွင်းကိုယ် တူးချင်သပါ့ဆိုတော့လည်း ငါတို့က ဆန္ဒဖြည့်ဆည်းပေးရတာပေါ့!”

စမ့်ရှန်းမင်ကတော့ တွန့်ဆုတ်နေဆဲပင်။

“အဲ့လောက် အများကြီး တစ်ခါတည်းဝင်လာရင် ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင် အကန့်အသတ်ကို ကျော်လွန်ပြီး ကျိုးပျက်သွားမှာ စိတ်ပူရတယ်”

ဟိုက်မင် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ကိစ္စမရှိဘူး၊ အဲ့ဒီအစီအရင်ထဲ လင်းယွမ်ရောက်သွားပြီး ခဏလောက် စွမ်းအားမဲ့သွားတာနဲ့ ငါတို့ သတ်ပစ်လို့ရတယ်၊ အချိန်တစ်ခဏပဲလိုတယ်၊ သူသေရင် အဲ့ဒီအစီအရင်ကို မလိုအပ်တော့ဘူး၊ အဲ့တာကြောင့် ကျိုးပျက်သွားလည်း ကိစ္စမရှိဘူး”

သူ့စကားက အဓိပ္ပာယ်ရှိသဖြင့် နောက်ဆုံးတော့ စမ့်ရှန်းမင် ခေါင်းညိတ်လိုက်တော့သည်။

“ကောင်းပြီလေး မင်းပြောသလိုပဲ လုပ်ကြတာပေါ့”

သူတို့ ဆုံးဖြတ်ချက်ချလိုက်သည်နှင့်တစ်ပြိုင်တည်း ရင်းနှီးနေသည့် နတ်ဆိုးအရှိန်အဝါတစ်ခုကို စမ့်ရှန်းမင် ခံစားလိုက်ရပါသည်။

နတ်ဆိုးဘုရင် ၅ ပါးစလုံး ပြိုင်တူ နောက်လှည့်ကြည့်လိုက်ရာ သူတို့ထံ တန်းတန်းမတ်မတ် ပျံသန်းလာသည့် လင်းယွမ်နှင့် ကျုံးရှောင်းရှောင်းတို့ကို မြင်လိုက်ရသည်။

နတ်ဆိုးဘုရင် ၅ ပါးစလုံး အလွန်ပျော်ရွှင်သွားကြပါသည်။

လင်းယွမ် အမှန်တကယ် ရောက်လာလေပြီ။

သံသရာဖြစ်စရာ မကောင်းစေဖို့အတွက် နတ်ဆိုးဘုရင် ၅ ပါးက သာမန်နတ်ဆိုးကျင့်ကြံသူများအဖြစ် အသွင်ပြောင်းကာ ကျို့ယိုစင်မြင့်ပေါ်မှ ထွက်ခွာပြီး ပန်းပင်လယ်ထဲ ဆင်းသက်ပျောက်ကွယ်သွားလေတော့သည်။

သူတို့ထွက်သွားသည်နှင့်တစ်ပြိုင်တည်း ကျို့ယိုစင်မြင့်ဘေးပတ်လည်ရှိ စည်းအကာအရံများလည်း ပျောက်ကွယ်သွားခဲ့သည်။

အချိန်အတော်ကြာအောင် ဝင်ပေါက်ရှာနေခဲ့သည့် နတ်ဆိုးကျင့်ကြံသူများအားလုံးလည်း အပျော်လွန်ကာ ကျို့ယိုစင်မြင့်ပေါ်သို့ အလုအယက်စုပြုံ ပျံတက်သွားကြတော့သည်။

All Chapters