← Chapters

အခန်း (၁၅၅)

Vol. 16 Ch. 155

အခန်း (၁၅၅)

Vol. 16 Ch. 155

🌹Chapter 155

ယိုပီလောတစ်ယောက် လိပ်ပြာမလုံစိတ်များအကြားမှ ရုတ်တရက် နားလည်သွားခဲ့ရသည်။

‘ကျုံးရှောင်းရှောင်း သူ့ကို ဘာလို့ ဒီလောက်ထိ ရက်ရက် စက်စက် နှိပ်စက်ခဲ့ရတာလဲ…’

သွေးစုပ်မြွေများအကြောင်းကို သူမ အစကတည်းက သိနေခဲ့ခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်။

သို့သော် ယခင်တုန်းက ကျုံးရှောင်းရှောင်းမှာ အားနည်းပျော့ညံ့ခဲ့သဖြင့် အမှန်တရားကို သိထားသော်လည်း လက်တုန့်ပြန်ဖို့ နည်းလမ်းမရှိခဲ့ပေ။

ထို့ကြောင့် ယနေ့ထိတိုင်အောင် တိတ်တဆိတ် သည်းခံလာခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက သွေးစုပ်မြွေများကို အသုံးပြုလျက် သူမ၏ အသွေးနှင့် အသားတို့ကို ယိုပီလော စုပ်ယူဖို့ ကြံစည်ခဲ့သည်။

ယနေ့မှာတော့ သူမကိုယ်တိုင် သူ့သွေးများကို ဖောက်ယူသည်။ သူ့လက်ချောင်းများကို ဖြတ်တောက်ပစ်သည်။ သူ့ကိုယ်တွင်းအင်္ဂါများကိုပါ ထုတ်ယူခဲ့သည်။

သေသည်ထက် ပိုမိုဆိုးရွားသော နာကျင်မှုအား သူ့ကို ခံစားစေချင်သည့်အတွက် ရည်ရွယ်ချက်ရှိရှိ အသက်ရှင်အောင် ထားခဲ့ခြင်းသာ။

ထိုသို့တွေးမိလေလေ ယိုပီလော စိတ်တွေ ပိုမို ချောက်ချားလာလေလေပင်။ ဒီမိန်းမက ကလဲ့စားချေဖို့အတွက်နှင့် နှစ်ရာချီပြီး စောင့်စားနိုင်စွမ်းရှိသည်။

ထိုစိတ်ဓာတ်ခွန်အားမျိုးက ကြောက်စရာကောင်းလွန်းပါသည်။

ယခု ကျုံးရှောင်းရှောင်း၏ ကျင့်ကြံခြင်းက ရွှေအမြုတေအဆင့်သာ ရှိနေသေးသည်။ ထို့ထက်မြင့်မားသည့် အဆင့်ကိုသာ တက်လှမ်းနိုင်သွားလျှင် လင်းယွမ်နီးနီး ကြောက်မက်ဖွယ်ကောင်းသော လူတစ်ယောက် ဖြစ်လာနိုင်ပေသည်။

“နံစော်လိပ်ခွေးလေး ရှင်ကြောက်နေတဲ့ပုံပဲ၊ ဘာတွေကြောက်နေတာလဲ”

ယိုပီလော အသိစိတ်ပြန်ကပ်သွားပြီး သူ့ကို ငုံ့ကြည့်နေသည့် ယန်ရုန်ရုန့်ကို မြင်လိုက်ရပါသည်။

သူမ မျက်နှာပေါ်တွင် ထူးထူးခြားခြား ခံစားချက်မပေါ်လွင်သော်လည်း သူ့အတွေးများကို ကျုံးရှောင်းရှောင်း ဖောက် ထွင်းကြည့်နိုင်သည်ဟု ယိုပီလော ခံစားနေရသည်။

ယိုပီလော မကြောက်ရွံ့ကြောင်း သက်သေပြဖို့အတွက် သူမကို ပြန်အော်ဆဲချင်ခဲ့ပါသည်။

သို့သော် မျက်နှာပေါ်မှ စူးစူးရှရှ နာကျင်မှုကြောင့် ယိုပီလော၏လျှာလည်း အလိုလိုရပ်တန့်သွားခဲ့ရသည်။

သူသာ ထပ်ဆဲဆိုလိုက်လျှင် ဒီစိတ္တဇမ ပါးထပ်ရိုက်ဖို့အတွက် အကြောင်းပြချက် ရသွားလိမ့်မည်။ သူမကို အခွင့်အရေး ထပ်ပေးလို့မဖြစ်ပါ။

ယန်ရုန်ရုန်က ဆက်မေးသည်။

“ဘာလို့ စကားမပြောတာလဲ”

ယိုပီလော ပါးစပ်ဟလိုက်သည်နှင့် ပါးပေါ်တွင် စူးစူးရှရှ နာကျင်နေပါသည်။ သူအသက်ဝဝ ရှူလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

“ဘာမှ ပြောစရာမရှိဘူး”

ယိုပီလော လိပ်ပြာမလုံဖြစ်နေမှန်း စမ့်ရှန်းမင်လည်း ရိပ်စားမိနေပါပြီ။ သွေးစုပ်မြွေကိစ္စက သူ့လက်ချက်ဖြစ်မည်ဟုလည်း ခန့်မှန်းမိနေလေပြီ။

ဒီလိုသာဆို ယိုပီလော အခုလို အခြေအနေမျိုး ရောက်နေသည်မှာ ကိုယ့်ထိုက်နှင့်ကိုယ့်ကံဟု ဆိုနိုင်သည်။

ယိုပီလောကို လင်းယွမ်လည်း အကဲခတ်နေမှန်း စမ့်ရှန်းမင် မြင်ပါသည်။ သွေးစုပ်မြွေကိစ္စနှင့် ပတ်သတ်ပြီး နတ်ဆိုးအရှင်သခင် ဆက်လက်မေးမြန်းမည်စိုးသဖြင့် စမ့်ရှန်းမင် ချန့်ခွင်းအိတ်တစ်လုံးကို အမြန်ထုတ်လိုက်သည်။

“အထဲမှာ ဝိညာဉ်ကျောက်တုံး သုံးသန်းပါပါတယ် သခင်မလေးကျုံး၊ ကျေးဇူးပြုပြီး လက်ခံပေးပါ၊ ကျုပ်တို့ သူ့ကို ခေါ်သွားတော့မယ်နော်”

ထို့နောက် ချန့်ခွင်းအိတ်ကို ချပေးလိုက်ပြီး ယိုပီလော၏ ကြိုးများကို ဖြည်ပေးလိုက်ကာ ကုတင်ပေါ်မှ ဆွဲထူပေးလိုက်ပါသည်။

ယိုပီလော လမ်းလျှောက်ဖို့နေနေသာသာ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ချေ။ ထို့ကြောင့် စမ့်ရှန်းမင် အနက်ရောင် သေတ္တာငယ်လေးတစ်လုံးကို ထုတ်လိုက်သည်။

သေတ္တာငယ်လေးကို ဖွင့်လိုက်ရာ အရိပ်နက်တစ်ခု ထွက်ပေါ်လာပြီး ကျားနက်ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားခဲ့ပါသည်။

ကျားနက်ကြီးက ယိုပီလောကို သယ်ဆောင်သွားခဲ့သည်။

ယိုပီလော၏ နောက်ကျောကို လင်းယွမ်စိုက်ကြည့်နေမှန်း မြင်သောအခါ စမ့်ရှန်းမင် စိတ်မသက်မသာ ဖြစ်လာပြီး ခြေလှမ်းကို ခပ်သုတ်သုတ် လျှောက်ခဲ့တော့သည်။

အခန်းထဲမှ လွတ်မြောက်လာပြီး သူတို့ကို လင်းယွမ်တားဖို့အစီအစဉ်မရှိမှန်း သေချာကာမှ စမ့်ရှန်းမင် ရင်ဘတ်ထဲမှ အလုံးကြီးကျကာ သက်ပြင်းချမိတော့သည်။

အပြင်ဘက်တွင် စောင့်နေသည့် ဟိုက်မင်လည်း သူ့တို့ထံ ချက်ချင်း ရောက်လာခဲ့သည်။ သေတစ်ဝက်ရှင်တစ်ဝက် ဖြစ်နေသည့် ယိုပီလော၏ အခြေအနေကို မြင်ပြီး ဟိုက်မင် ကြက်သေသေသွားခဲ့ပါသည်။

ဟိုက်မင် တစ်ခုခု မေးမြန်းဖို့ ကြံလိုက်သောလည်း စမ့်ရှန်းမင်က ပါးစပ်ပိတ်ထားဖို့ လက်ဟန်ပြလိုက်ပါသည်။

“ဒီနေရာမှာ ဘာမှ ပြောလို့မကောင်းဘူး၊ အရင်ပြန်ကြစို့”

စမ့်ရှန်းမင်က ဆိုသည်။

ဟိုက်မင်လည်း ပါးစပ်ပိတ်ထားလိုက်ပြီး သုံးယောက်သား မြို့စားစံအိမ်မှ ထွက်ခွာလာခဲ့တော့သည်။

ယန်ရုန်ရုန် ဝိညာဉ်ကျောက်တုံးများနှင့် သွေးခွက်တို့ကို သိမ်းဆည်းလိုက်သည်။ သူမ ထွက်သွားဖို့ ကြံလိုက်စဉ် လင်းယွမ်က ရုတ်တရုတ် မေးလိုက်ပါသည်။

“သွေးစုပ်မြွေဆိုတဲ့ ကိစ္စက ဘာလဲ”

ယန်ရုန်ရုန် သူ့ကို လှည့်ကြည့်လိုက်သည်။

လင်းယွမ် အမှန်တကယ် ဂရုတစိုက်မေးမြန်းနေမှန်း မြင်သဖြင့် သူမ ဇာတ်ကြောင်းအစုံ ရှင်းပြလိုက်တော့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ညသန်းခေါင်ယံအချိန်တစ်ခုတွင် သူမကို သွေးစုပ်မြွေများ တိုက်ခိုက်ခဲ့ကြသည်။

သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သဖြင့် ပြူတင်းပေါက်မှ ဝင်လာသည့် မြွေများကို သတိမထားခဲ့မိပါ။ ကံကောင်းစွာဖြင့် သူမ၏ မသိစိတ်မှ လှုံ့ဆော်မှုကြောင့် အချီမီ နိုးလာခဲ့သည်။

ဝိညာဉ်ရင်းမြစ် ပျက်စီးကာ ကျင့်ကြံခြင်းအဆင့်များ မရှိတော့သော်လည်း သူမတွင် အဆောင်စက္ကူများစွာ ရှိပါသည်။

မီးမိုးကြိုးအဆောင်စက္ကူများကို အသုံးပြုလျက် ထိုမြွေများကို သတ်ပစ်ကာ မြွေသားစွပ်ပြုတ်လုပ်ပစ်ပြီး ညလယ်စာအဖြစ်ပင် စားသုံးခဲ့သေးသည်။ ထိုမြွေသားစွပ်ပြုတ်အရသာကို ပြန်တွေးမိသောအခါ ယန်ရုန်ရုန် နှုတ်ခမ်းပင် သပ်မိပါသေးသည်။

ယန်ရုန်ရုန်က ရိုးရိုးရှင်းရှင်း ရှင်းပြခဲ့သော်လည်း လင်းယွမ်၏ စိတ်က စိတ်ကူးယဉ်နိုင်လွန်းပါသည်။

ထိုအချိန်တုန်းက ယန်ရုန်ရုန်မှာ သာမန်လူသားတစ်ယောက်နှင့် မခြားနားလှပေ။ သူမကိုယ်သူမ မကာကွယ်နိုင်သည့်အပြင် သူမကို ကူညီပေးမည့်လူဟူ၍လည်း အနားမှာ မရှိခဲ့ပေ။

ထိုကဲ့သို့ အန္တရာယ်များသည့် မြွေပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ယန်ရုန်ရုန် အလွန်ကြောက်ရွံ့ပြီး ခိုကိုးရာ မဲ့နေခဲ့ရှာပါလိမ့်မည်။ ထိုမြွေများကို သတ်ပစ်နိုင်ခဲ့သည်ဆိုလျှင်တောင် စိတ်ဒဏ်ရာတစ်ခုတော့ ကျန်ခဲ့လိမ့်မည်။

ထိုသို့တွေးမိလေလေ လင်းယွမ်၏ နှလုံးသားများ ပိုမိုနာကျင်လာလေလေပင်။ သူမကို မကာကွယ်နိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူ အပြစ်တင်မိသည်။

ယန်ရုန်ရုန့်ကို လင်းယွမ် ရင်ခွင်ထဲ ရုတ်တရက် ဆွဲသွင်းလိုက်ပြီး ခြောက်ခြောက်ကပ်ကပ် လေသံဖြင့် မေးလိုက်ပါသည်။

“ကိုယ့်ကို ဘာလို့မပြောခဲ့တာလဲ၊ အဲ့ဒီမြွေတွေ ဘယ်ကရောက်လာတာလဲ၊ မင်းကိုဘယ်သူ အန္တရာယ်ပေးခဲ့တာလဲ၊ ကိုယ့်ကို အားလုံး ပြောခဲ့သင့်တာ…”

ယန်ရုန်ရုန် သူ့ကို တွန်းထုတ်ဖို့ ကြိုးစားပါသည်။ ထုံစံအတိုင်းပဲ မအောင်မြင်ခဲ့ပေ။

ထို့ကြောင့် လက်လျှော့လိုက်ပြီး သူ့မေးခွန်းကိုသာ ပြန်ဖြေပေးလိုက်သည်။

“ရှင့်ကိုပြောလည်း ဘာအသုံးဝင်မှာလဲ၊ ရှင်က ကျွန်မသေသေရှင်ရှင် ဂရုစိုက်မှာမှ မဟုတ်တာ”

လင်းယွမ် ကိုယ့်နားကိုယ်ပင် မယုံနိုင်ဖြစ်သွားခဲ့သည်။

“ကိုယ်က မင်းသေသေရှင်ရှင် ဂရုမစိုက်ဘူးဟုတ်လား”

ယန်ရုန်ရုန် လှောင်ပြုံးပြုံးလိုက်သည်။

“ရှင်သာ ကျွန်မကို တကယ်ဂရုစိုက်ရင် ကျွန်မ ဒဏ်ရာတွေရထားတဲ့အချိန် ဒီတိုင်း ထားခဲ့မှာမဟုတ်ဘူး၊ ပျက်စီးသွားတဲ့ ဝိညာဉ်ရင်းမြစ်တွေကို ကုသဖို့ဆိုတာ ခက်ခဲတယ်ဆိုပေမယ့် အချိန်မီကုသရင် ပြန်ကောင်းနိုင်တာပဲ၊ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ကျွန်မကို ကုသပေးဖို့ ရှင်စကားတစ်ခွန်း မဟခဲ့ဘူး၊ ကျွန်မကို နတ်ဆိုးနန်းတော်ထဲ အကျဉ်းချထားပြီး ဘာမှအသုံးမကျတဲ့လူတစ်ယောက် ဖြစ်လာစေခဲ့တာ”

သူမ အသံထဲတွင် အငြှိုးတရားအချို့ ပါဝင်နေသည်ကို လင်းယွမ် သတိထားမိပါသည်။ သူမကို လွှတ်ပေးလိုက်ပြီး သူမ မျက်ဝန်းများကို သေသေချာချာ စိုက်ကြည့်လိုက်သည်။

သို့သော် သူမ မျက်နှာကတော့ အလွန်တည်ငြိမ်အေးဆေးနေပါသည်။ အငြှိုးတရား စိုးစင်းမျှမတွေ့ရပါ။

အရှိတရားကို လက်ခံပြီး မျှော်လင့်ချက်များ မရှိတော့သည့် လူတစ်ယောက်၏ မျက်နှာမျိုးပင်။

လင်းယွမ်၏ နှလုံးသား နာကျင်ကိုက်ခဲသွားခဲ့သည်။

သူအမြန်ရှင်းပြလိုက်ပါသည်။

“အဲ့ဒီအချိန်တုန်းက ကိုယ်အလုပ်များနေခဲ့တာလေ၊ နတ်ဆိုးနယ်မြေထဲမှာ နေရာတိုင်း စစ်ဖြစ်နေခဲ့တာ၊ ပုန်ကန်သူတွေကို နှိမ်နင်းနေတဲ့အချိန် မင်းကိုပါ ခေါ်သွားရင် အန္တရာယ်များမှာပေါ့၊ အဲ့တာကြောင့် မင်းကို နန်းတော်ထဲထားခဲ့တာလေ”

“အဲ့တာ အကျဉ်းချတာ မဟုတ်ဘူး၊ မင်းကို ကာကွယ်ပေးခဲ့တာ၊ ကိုယ်မင်းကို ဘယ်တုန်းကမှ လျစ်လျူရှုမထားခဲ့ဘူး၊ မင်းဝိညာဉ်ရင်းမြစ်ကို ကုသပေးဖို့အတွက် ကိုယ်နတ်ရတနာတွေ အချိန်တိုင်း လိုက်ရှာနေခဲ့တာ၊ နတ်ဆိုးနယ်မြေထဲမှာ ကိုယ်နေရာအနှံ့လိုက်ရှာခဲ့ပေမယ့် ဘာမှရှာမတွေ့ခဲ့ဘူး”

ရေခဲဝံပု‌လွေဘုရင်တွင် လူသားများအတွက် အဖိုးတန်သော ရတနာတစ်ခုရှိသည်ဟု သူကြားခဲ့ကြောင်းကို လင်းယွမ် ပြောပြခဲ့သည်။ ထို့ကြောင့် မိုင်ပေါင်းထောင်ချီ ခရီးနှင်လျက် ရေခဲဝင်ရိုးစွန်းများထိ သွားရောက်ကာ ဝံပုလွေဘုရင်ကို သတ်ခဲ့ပြီး ၎င်း၏ ရေခဲဝိညာဉ်အမြုတေကို လင်းယွမ် ထုတ် ယူခဲ့ပါသည်။

သို့သော် ထိုရေခဲဝိညာဉ်အမြုတေက ရေခဲအမျိုးအစား ဝိညာဉ်ရင်းမြစ်ပိုင်ဆိုင်ထားသူများအတွက်သာ အသုံးဝင်ပြီး ယန်ရုန်ရုန့်အတွက် အသုံးမဝင်မှန်း လင်းယွမ် နောက်မှ သိခဲ့ရသည်။

ထို့နောက် ဖမ့်လိုင်မသေမျိုးကျွန်းဆီ သွားခဲ့ပြီး လျို့ဖုကျွင်း၏ သမီးဖြစ်သူ လျို့ပင်းပီ၏ဒန်တျန်က ချွတ်ယွင်းချက်ရှိနေကာ ရေခဲဝိညာဉ်အမြုတေကို လိုအပ်သည်ဟုသိရှိခဲ့ရသည်။

လျို့ဖုကျွင်းတွင်လည်း ဝိညာဉ်ရင်းမြစ်များကို ကုသဖို့ အသုံးဝင်သည့် နဂါးရိုးတစ်ခု ရှိနေပါသည်။

ထိုအချိန်တွင် ကံကြမ္မာက သူ့ကို အခွင့်အရေးပေးလာခဲ့သည်ဟု လင်းယွမ် ခံစားခဲ့ရသည်။ ထို့ကြောင့် မတွန့်ဆုတ်ခဲ့ဘဲ ရေခဲဝိညာဉ်အမြုတေနှင့် နဂါးရိုးတို့ကို အလဲအလှယ်လုပ်ခဲ့ပါသည်။

ယန်ရုန်ရုန် သူ့ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။ သို့သော် လင်းယွမ်၏ မျက်နှာပေါ်မှ ခံစားချက်များက စစ်မှန်နေပြီး မျက်ဝန်းများကလည်း တုန်လှုပ်မှု မရှိခဲ့ပေ။

သူအမှန်အတိုင်း ပြောပြနေခြင်းသာ။ သူမ၏ ဝိညာဉ်ရင်းမြစ်များကို ကုသပေးဖို့ သူအမှန်တကယ် နည်းလမ်းရှာဖွေခဲ့သည်။ လင်းယွမ် နှလုံးသားမမဲ့ခဲ့ပါ။

ယန်ရုန်ရုန့် ရင်ထဲမှ အငြှိုးတရားလည်း အနည်းငယ်ပျော့ပြောင်းသွားခဲ့ရတော့သည်။

All Chapters