← Chapters

အခန်း (၁၅၆)

Vol. 16 Ch. 156

အခန်း (၁၅၆)

Vol. 16 Ch. 156

🌹Chapter 156

ယန်ရုန်ရုန့်မျက်နှာ အနည်းငယ် ပျော့ပြောင်းသွားမှန်း လင်းယွမ် သတိထားမိကာ ရုတ်တရက် မေးလိုက်သည်။

“ကိုယ်က မင်းနှလုံးသားထဲမှာ ညမဲ့မြို့စားနဲ့ ယိုပီလောတို့အဆင့်လောက်ပဲ ရှိတာမလား၊ သူတို့ကို မုန်းသလို ကိုယ့်ကိုလည်း မင်းမုန်းတယ်”

ယန်ရုန်ရုန် သူ့ကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။

“ကျွန်မနေရာမှာ ရှင်ဆိုရင်ကော… တစ်ယောက်ယောက်ကို ကယ်တင်ပေးဖို့ ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ခဲ့ရပေမယ့် အဲ့ဒီလူက ရှင့်ကို ပိတ်လှောင်ထားမယ်၊ ရှင့်ဒဏ်ရာတွေကို လျစ်လျူရှုခဲ့မယ်၊ ရှင့်ကို အစေခံစာချုပ် အတင်းအကြပ် ချုပ်ဆိုခိုင်းခဲ့မယ်၊ သူများတွေ အနိုင်ကျင့်ကြံစည်လို့ရအောင် တစ်ယောက်တည်း ထားပစ်ခဲ့မယ်၊ အဲ့တာဆို ရှင်လည်း အဲ့ဒီလူကို အငြှိုးထားမိမှာပဲ မဟုတ်လား”

သူမ၏ မေးခွန်းကို ကြားပြီး လင်းယွမ် အလွန်စိတ်ဖိစီးသွားခဲ့သည်။

သူမအတွက် အရာရာကို သူအကောင်းဆုံး ကြိုးစားပေးခဲ့သည်ဟု လင်းယွမ် ယုံကြည်ထားခဲ့သည်။ သို့သော် ယန်ရုန်ရုန့်အမြင်တွင်တော့ သူက သူမကို နာကျင်မှုအများဆုံး ပေးခဲ့သူ ဖြစ်နေပါသည်။

“အဲ့တာတွေက နားလည်မှုလွဲနေတာ၊… အဲ့ဒီ အစေခံစာချုပ်က မင်းကို ဘေးကင်းလုံခြုံစေဖို့အတွက်လေ၊ မင်းကို နတ်ဆိုးနန်းတော်ထဲမှာပဲ နေစေခဲ့တာကလည်း မင်းကို ကာကွယ်ပေးဖို့ပဲ၊ မင်းကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့တဲ့လူတွေကိုလည်း ကိုယ်ရှာတွေ့သလောက် နှိမ်နင်းခဲ့ပြီးပြီ၊ ကိုယ်မသိခဲ့တဲ့သူတွေကတော့… ကိုယ့်ဘက်က အသုံးမကျတာပဲဖြစ်မှာပါ”

လင်းယွမ် ခေတ္တရပ်တန့်သွားခဲ့ပြီး မေးလိုက်သည်။

“ညမဲ့မြို့စားက မင်းကိုအနိုင်ကျင့်ခဲ့တယ်၊ ယိုပီလောကလည်း မင်းကို သတ်ဖို့ ကြိုးစားခဲ့တယ်၊ အဲ့ဒီအကြောင်းတွေ ကိုယ့်ကို ဘာလို့ မပြောပြခဲ့တာလဲ”

ယန်ရုန်ရုန်က မေးခွန်းဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။

“ကျွန်မပြောပြခဲ့ရင်ကော ရှင်သူတို့ကို သတ်မှာလား”

လင်းယွမ် မဆိုင်းမတွ ပြန်ဖြေလိုက်ပါသည်။

“သတ်မှာပေါ့!”

သို့သော် ယန်ရုန်ရုန်ကတော့ မယုံကြည်ပေ။

“သူတို့က သာမန် နတ်ဆိုးကျင့်ကြံသူတွေ မဟုတ်ဘူးနော်၊ အဲ့ဒီအချိန်တုန်းက ရှင် နတ်ဆိုးအရှင်သခင် ဖြစ်လာခါစပဲ ရှိသေးတာ၊ ရှင့်ရာထူးက မခိုင်မြဲသေးဘူး၊ ရှင့်ဖာသာရှင် ရပ်တည်ဖို့တောင် ခက်ခဲနေခဲ့တာ၊ နတ်ဆိုးဘုရင်နှစ်ပါးကို ရှင်တစ်ပြိုင်တည်း သတ်ပစ်လိုက်မယ်ဆိုရင် ကျန်တဲ့နတ်ဆိုးဘုရင် ငါးပါးက ပူးပေါင်းပြီး ရှင့်ကို သတ်ပစ်ဖို့ အစွမ်းကုန် ကြိုးစားကြမှာ၊ ကျွန်မအတွက်နဲ့ အဲ့လို အန္တရာယ်မျိုး ကြုံရမှာ မတန်ပါဘူး”

ထိုသို့ပြောပြီးနောက် ယန်ရုန်ရုန် သရော်ပြုံးပြုံးလိုက်ပါသည်။

လင်းယွမ် ဖြည်းညှင်းစွာ မျက်မှောင်ကြုတ်သွားခဲ့သည်။

သူနှင့်ယန်ရုန်ရုန်တို့ အကြားမှ ပြဿနာက သာမန် နားလည်မှုလွဲခြင်းဆိုသည်ထက်ပိုမှန်း ရုတ်တရက်နားလည်သွားခဲ့ရသည်။

သေရေးရှင်ရေး အခြေအနေနှင့် ကြုံနေရလျှင်တောင် ယန်ရုန်ရုန်က သူ့အကူအညီကို တောင်းမည့်အစား သူမဖာသာ သူမသာ ဖြေရှင်းမည့်သဘောတွင် ရှိနေပါသည်။

သူ့ကို ယန်ရုန်ရုန် မယုံကြည်ပေ။

နားလည်မှုလွဲခြင်းများက ဖြေရှင်း၍ ရသော်လည်း ယုံကြည်မှု ပြိုလဲသွားသည့်အခါတွင်တော့ ပြန်လည်ဆောက်တည်ဖို့ ခဲယဉ်းလွန်းပါသည်။

သူနားမလည်နိုင်သည့်အချက်က သူ့အပေါ် ယန်ရုန်ရုန် ဘာကြောင့် ယုံကြည်ချက် ကင်းမဲ့သွားရသလဲ ဆိုသည်ကိုပင်။

ထို့ကြောင့် လင်းယွမ် အကြောင်းအရင်းကို မေးမြန်းကြည့်လိုက်သည်။

ယန်ရုန်ရုန်က အဖြေအတိအကျ ပြန်မပေးဘဲ မေးခွန်းပြန်ထုတ်ခဲ့သည်။

“ရှင့်ကိုယ် ရှင် မေးကြည့်လိုက်လေ၊ ကျွန်မရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်တဲ့ လုပ်ရပ်မျိုး ရှင်လုပ်ခဲ့ဖူးသလားဆိုတာ”

လင်းယွမ် ကြက်သေသေသွားခဲ့သည်။

ယန်ရုန်ရုန် သက်ပြင်းချလိုက်ပါသည်။

“ယုံကြည်မှုဆိုတာ မွေးကတည်းက ပါလာတာ မဟုတ်ဘူး၊ ဖြည်းဖြည်းချင်း တည်ဆောက်ရတဲ့အရာတစ်ခုပဲ”

လင်းယွမ် လက်မခံနိုင်ပေ။

“ကိုယ်တို့ နှစ်ပေါင်းများစွာ အတူတူနေခဲ့ကြတာလေ၊ ပြီးတော့ ကိုယ်တို့ ပြန်ဆုံတွေ့ကတည်းက မင်းကို ကိုယ်ကာကွယ်ပေးဖို့ အစွမ်းကုန်ကြိုးစားခဲ့တာ၊ မင်းဘာပဲလုပ်ချင်လုပ်ချင် ကိုယ်အကြွင်းမဲ့ ကူညီပေးခဲ့တယ်၊ အဲ့တာတွေအတွက် ကိုယ် မင်းယုံကြည်မှုနဲ့ နည်းနည်းလေးတောင် မထိုက်တန်ဘူးလား”

ယန်ရုန်ရုန် ခေါင်းခါလိုက်ပါသည်။

“ယုံကြည်မှုက အဲ့လိုလုပ်ယူလို့မရဘူး”

လင်းယွမ် နားမလည်နိုင်ပါ။ သူထပ်မေးလိုက်သည်။

“အဲ့တာဆို ဘယ်လိုဖြစ်သင့်တယ်လို့ မင်းထင်လို့လဲ၊ မင်းလိုချင်တာကိုသာပြော၊ ဘာပဲဖြစ်ဖြစ် ကိုယ်ဖြည့်ဆည်းပေးမယ်”

ယန်ရုန်ရုန် သူ့ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်ကာ ရုတ်တ ရက် မေးလိုက်သည်။

“ရှင်ကော လူတစ်ယောက်ရဲ့ အကြွင်းမဲ့ ယုံကြည်မှုကို ရဖူးလား”

လင်းယွမ် ဆွံ့အသွားခဲ့သည်။

သူတိတ်ဆိတ်သွားသည်ကို မြင်ပြီး ယန်ရုန်ရုန် ဆက်မေးခဲ့ပါသည်။

“အဲ့တာဆို ကျွန်မ မေးခွန်းပြောင်းမေးမယ်၊ ရှင် အခြားတစ်ယောက်ကို အကြွင်းမဲ့ ယုံကြည်ဖူးလား”

လင်းယွမ်၏ မျက်နှာအမူအရာ တဖြည်းဖြည်း ရှုပ်ထွေးလာခဲ့သည်။

လင်းယွမ် ဘဝတွင် အနိမ့်အမြင့် အတက်အကျများစွာကို ကြုံတွေ့ခဲ့ရဖူးသည်။ သူငယ်ရွယ်ပြီး ထင်ရာစိုင်းခဲ့စဉ်က လူတွေကို ယုံကြည်ခဲ့ဖူးသော်လည်း အားလုံးက သူ့ကို နှလုံး သားမဲ့စွာ သစ္စာဖောက်သွားခဲ့ကြသည်။

ထိုစဉ်ကတည်းက လင်းယွမ် စိတ်ရင်းအမှန် ထုတ်မပြတတ်တော့ဘဲ လူတွေကိုလည်း မယုံကြည်တတ်တော့ပေ။

နောက်တော့ ကျုံးရှောင်းရှောင်းနှင့် ဆုံတွေ့ခဲ့ရပြီး သူမအပေါ် ခံစားချက်များ ဖြစ်ပေါ်လာချိန်မှာတောင် သူမကို အကြွင်းမဲ့ မယုံကြည်နိုင်ခဲ့ပါ။

သူမအတွက် လင်းယွမ် ဘာမဆိုလုပ်ရဲသည်။ အသက်ကိုပင် ပေးဝံ့ပါသည်။ သို့သော် သူမကတော့ သူ့အပေါ် ထပ်တူ ခံစားချက်ရှိမှာ မဟုတ်မှန်း လင်းယွမ် နားလည်နေခဲ့သည်။

ကျုံးရှောင်းရှောင်းက ကိုယ့်အသက်ကိုယ် တန်ဖိုးထားလွန်းသည်။ သူများအတွက် သူမအသက်ကို စတေးမှာ မဟုတ်ပါ။ အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ် ရှိလာလျှင် သူ့ကိုပင် ချနင်းသွားနိုင်သည်။

ထို့ကြောင့် ကျုံးရှောင်းရှောင်းကို သူချစ်သည်။ သို့သော် မယုံကြည်ခဲ့ပေ။

လင်းယွမ်၏ တိတ်ဆိတ်မှုမှ ယန်ရုန်ရုန် အဖြေရလိုက်ပါသည်။

“ယုံကြည်မှုဆိုတာ အပြန်အလှန်သက်ရောက်မှုရှိတယ်၊ သူများကို မယုံကြည်နိုင်ရင် သူများကကော ကိုယ့်ကို ဘယ်ယုံကြည်နိုင်ပါ့မလဲ”

ထိုသို့ပြောပြီးနောက် ယန်ရုန်ရုန် သူ့ဘေးမှဖြတ်သွားကာ မီးရောင်မှိန်မှိန်ပျပျ အခန်းထဲမှ ထွက်လာခဲ့တော့သည်။

-

ယန်ရုန်ရုန် အိပ်ခန်းထဲ ပြန်ရောက်သောအခါ ခါတိုင်းလို မကျင့်ကြံခဲ့ပါ။ ထို့အစား ယိုပီလောထံမှ ထုတ်ယူထားသည့် ကိုယ်တွင်းအင်္ဂါများနှင့် သွေးတို့ကို အသုံးပြုကာ အဆောင်စက္ကူလူသားတစ်ဦးကို စတင် ဖန်တီးခဲ့ပါသည်။

ရှုယင်ထံတွင် သူမ နေခဲ့ရစဉ်က ရှုယင်၏တစ္ဆေရုပ်သေးဖန်တီးသည့် ပညာများကို မြင်ခဲ့ရသည်။ လုပ်ငန်းစဉ် တစ်ခုလုံးက ကြောက်စရာကောင်းလွန်းပါသည်။

လူသားကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အလျောက် တစ္ဆေကျင့်ကြံသူများသာ အသုံးပြုနိုင်သည့် ပညာများကို ယန်ရုန်ရုန် မသင်ယူနိုင်ခဲ့ပါ။ သို့သော် တစ္ဆေရုပ်သေးဖန်တီးသည့် ပညာမှ တစ်စိတ်တစ်ပိုင်းကို မှီငြမ်းပြီး သူမ၏ကိုယ်ပိုင် ပညာနှင့် ပေါင်းစပ်နိုင်သည်။

ပညာနှစ်ခုမှ အကောင်းဆုံး အချက်များကို ရွေးထုတ်ကာ ပေါင်းစပ်လိုက်ခြင်းအားဖြင့် အဆောင်စက္ကူလူသားကို ဖန်တီးနိုင်ပါလိမ့်မည်။

အဆောင်စက္ကူလူသားဟူသည်မှာ အဆောင်စက္ကူတစ်ရွက်မှ ဖြစ်တည်လာသည့် ရုပ်သေးတစ်ခုဖြစ်ကာ အသွင်သဏ္ဌာန်ပေါ်လာသည်နှင့် သူမ၏ အမိန့်တိုင်းကို တသွေမတိမ်း နာခံပါလိမ့်မည်။

ထိုအဆောင်စက္ကူလူသား ဖန်တီးဖို့ကိုသာ ယန်ရုန်ရုန် အာရုံစိုက်ထားသဖြင့် အချိန်တွေ ကုန်သွားမှန်းပင် မသိလိုက်ဘဲ မျက်စိတစ်မှိတ်အချိန်အတွင်း ညမိုးချုပ်သွားခဲ့လေတော့သည်။

-

ကောင်းကင် မှောင်ရီပျိုးသောအခါ ယိုပီလောလည်း ကုတင်ပေါ်တွင် ထထိုင်လာခဲ့သည်။

ယခုဆို နတ်ဆိုးစွမ်းအင်ချုပ်နှောင်သည့် အမှုန့်များ၏ အာနိ သင် ကုန်ဆုံးသွားပြီဖြစ်ကာ သူ့နတ်ဆိုးစွမ်းအင်များကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါပြီ။

နတ်ဆိုးစစ်သူကြီး တစ်ပါးက ဒူးတစ်ဖက်ထောက်လျက် လျှောက်တင်လိုက်သည်။

“သခင်ကြီး တောင်းဆိုထားတဲ့ ပစ္စည်းတွေကို ယူလာခဲ့ပါပြီ”

ယိုပီလော သုန်မှုန်စွာ အမိန့်ပေးလိုက်သည်။

“ဝင်လာခိုင်းလိုက်”

နတ်ဆိုးစစ်သူကြီးက တံခါးဖွင့်လိုက်ပြီး နတ်ဆိုးကျင့်ကြံသူနှစ်ဦးကို အခန်းထဲ ခေါ်လာခဲ့ပါသည်။ နတ်ဆိုး ဘုရင်တစ်ပါးနှင့် ပထမဆုံးအကြိမ် အနီးကပ်ဆုံဖူးခြင်းဖြစ်သဖြင့် နတ်ဆိုးနှစ်ယောက်စလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြသည်။

အခန်းထဲရောက်သည်နှင့် နတ်ဆိုးနှစ်ယောက် ဒူးထောက်လိုက်ကြပြီး ဂါဝရပြုလိုက်သည်။

“နတ်ဆိုးဘုရင်ကို ဒီငယ်သားတို့ ဂါဝရပြုပါတယ်”

သူတို့ကို နတ်ဆိုးဘုရင် ယိုပီလောက အရေးပါသည့် တာဝန်တစ်ခု ပေးဖို့ ဆင့်ခေါ်ခဲ့ခြင်းဖြစ်မည်ဟု ထင်ထားခဲ့ကြသည်။

သို့သော် ရုတ်တရက်ဆိုသလို ယိုပီလောက သူတို့၏ငယ်ထိပ်တည့်တည့်ကို လက်ဖြင့် ဖိချလိုက်သည်။

နတ်ဆိုးနှစ်ယောက် ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်များ ငယ်ထိပ်တွင် စုစည်းကာ ယိုပီလော၏ ခန္ဓာကိုယ်ထဲ စီးဝင်သွားခဲ့ပါသည်။

နတ်ဆိုးနှစ်ယောက် စိတ်ချောက်ချားကာ ခုခံဖို့ ကြိုးစားကြသော်လည်း ယိုပီလောကို ယှဉ်နိုင်စွမ်း မရှိကြပေ။

ယိုပီလော၏ ဖိနှိပ်မှုအောက်တွင် နတ်ဆိုးနှစ်ယောက် ကြွက်သားတစ်မျှင်မျှ မလှုပ်နိုင်ကြတော့ပါ။ မကြာမီ အခွံသက်သက်သာ ကျန်ခဲ့သည့် ခြောက်ခြောက်ကပ်ကပ် အလောင်းကောင်များ ဖြစ်သွားခဲ့ကြသည်။

ထိုအခါ နတ်ဆိုးစစ်သူကြီး အခန်းထဲ ပြန်ဝင်လာပြီး အလောင်းနှစ်လောင်းကို ဆွဲထုတ်သွားခဲ့ပါသည်။

နတ်ဆိုးစွမ်းအင်အချို့ ပြန်လည် ပြည့်ဝလာခဲ့ပြီ ဖြစ်သဖြင့် ယိုပီလော အနည်းငယ် နေသာထိုင်သာ ရှိသွားခဲ့သည်။ ထိုနတ်ဆိုးစွမ်းအင်ဖြင့် သူ့ကိုယ်တွင်းအင်္ဂါများကို ပြန်လည်ဖန်တီးခဲ့ရာ ခန္ဓာကိုယ်ကလည်း ဝဝဖြိုးဖြိုး ပြန်ဖြစ်လာခဲ့ပါသည်။

ပြတ်တောက်နေသည့် လက်ချောင်းများနှင့် ဆုံးရှုံးသွားသည့် သွေးများကိုလည်း ပြန်လည်ရရှိခဲ့သည်။

သို့သော် သူ့မျက်နှာကတော့ ယခင်လို မလှပနိုင်တော့ပေ။

ကြေးမုံထဲက အကျည်းတန်လှသည့် သူ့မျက်နှာသူ ကြည့်ရင်း အမျက်ဒေါသများ ဆူပွက်လာခဲ့သည်။ သူ့လက်ကို တစ်ချက်ဝှေ့ရမ်းလိုက်ပြီး ကြေးမုံကို တစ်စစီဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက်ပါသည်။

ထိုစဉ် စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့နှစ်ယောက် ရောက်ရှိလာကြသည်။ ကြမ်းပြင်ပေါ်ရှိ မှန်ကွဲစများကို မြင်ပြီး သူတို့ ခြေလှမ်းများ ရပ်တန့်သွားခဲ့လေသည်။

အကျည်းတန်လှသော သူ့မျက်နှာကို သူများတွေအား မမြင်စေချင်သဖြင့် ယိုပီလော မျက်နှာဖုံးတစ်ခု အမြန်ထုတ်ကာ အုပ်ထားလိုက်သည်။

“မင်းတို့နှစ်ယောက် ဘာလာလုပ်တာလဲ”

စမ့်ရှန်းမင်က တဲ့တိုးပြောလိုက်ပါသည်။

“မင်းကို ကယ်ထုတ်လာဖို့ ငါတို့ဝိညာဉ်ကျောက်တုံးတွေ အများကြီး သုံးခဲ့ရတာ၊ အဲ့တာကြောင့် ငါတို့က မင်းရဲ့ကယ်တင်ရှင်လိုပဲ၊ ကိုယ့်ကျေးဇူးရှင်ကို အဲ့လိုဆက်ဆံရလား”

ယိုပီလော အေးစက်စွာ ရယ်မောလိုက်ပါသည်။

“သူတော်ကောင်းကြီးတွေ လုပ်မနေစမ်းပါနဲ့၊ ဝိညာဉ်ကျောက်တုံး သုံးသန်းပဲမလား၊ ငါပြန်ပေးမယ်”

All Chapters