အခန်း (၁၅၇)
Vol. 16 Ch. 157
🌹Chapter 157
စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ ရောက်လာခဲ့ရသည့် အဓိကအကြောင်းအရင်းကလည်း ယိုပီလောထံမှ ဝိညာဉ်ကျောက်တုံးများ ပြန်တောင်းဖို့ပင်။
သို့သော် ယိုပီလောက ယခုလို အလိုက်သိစွာ အကြွေးပြန်ဆပ်ဖို့ ကမ်းလှမ်းလာသဖြင့် အကြွေးကိစ္စကို မေ့ထားလိုက်ကြပြီး အခြားအရေးကြီးကိစ္စကိုသာ ပြောခဲ့ကြပါသည်။
“ကျုံးရှောင်းရှောင်းက ငါတို့နှလုံးသွေးတွေကို ယူသွားတယ်၊ သေချာပေါက် မကောင်းတာတစ်ခုခု ကြံစည်နေတာပဲ ဖြစ်ရမယ်”
စမ့်ရှန်းမင် မျက်မှောင်ကြုတ်လျက် ပြောလိုက်ပါသည်။
“သူဘာမှ မလုပ်နိုင်ခင် ငါတို့ဘက်က အရင်လက်ဦးအောင် လှုပ်ရှားရမယ်”
ထိုမိန်းမ၏ အမည်ကို ကြားလိုက်ရုံနှင့် ယိုပီလော အမျက် ဒေါသမီးများ ထိန်းမနိုင်သိမ်းမရ တောက်လောင်လာသလို စိတ်လည်း အနည်းငယ် ချောက်ချားသွားမိသည်။
ယိုပီလော အံကြိတ်လျက် ကျိန်ဆဲလိုက်ပါသည်။
“အဲ့သောက်ကောင်မကို တစ်စစီဖြစ်အောင် ဆုတ်ဖြဲပစ်မယ်!”
စမ့်ရှန်းမင်က မျက်မှောင်ကြုတ်ရင်း အခြေအနေကို အကဲခတ်ပြလိုက်သည်။
“ကျုံးရှောင်းရှောင်းက ရွှေအမြုတေအဆင့်ပဲ ရှိတယ်ဆိုပေမယ့် သူ့ဘေးမှာ လင်းယွမ်ရှိတယ်၊ ငါတို့ သူ့ကို သတ်ချင်ရင် လင်းယွမ်နဲ့ အရင်စာရင်းရှင်းရမယ်၊ ပြဿနာက သူ့ကို ငါတို့ထဲက ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”
ထိုအခါ ယိုပီလောက ကောက်ကျစ်စွာ ရယ်မောလိုက်ပါသည်။
“ငါ့မှာ နည်းလမ်းတစ်ခုရှိတယ်”
စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ အံ့အားသင့် မှင်သက်သွားခဲ့ကြကာ ပြိုင်တူမေးလိုက်သည်။
“ဘာနည်းလမ်းလဲ”
“လင်းယွမ်ကို ငါတို့ မသတ်နိုင်ပေမယ့် ချိပ်ပိတ်ပစ်လိုက်လို့တော့ ရတယ်၊ လင်းယွမ်က အသူရာချောက်နက်ထဲမှာ နှစ် ၅၀၀ လောက် ချိပ်ပိတ်ချုပ်နှောင်ခံခဲ့ရတာ၊ အဲ့ဒီမိန်းမသာ ဝင်မရှုပ်ခဲ့ရင် သူအဲ့ဒီအောက်မှာပဲ ပုပ်ပွတဲ့အထိ နေသွားရမှာ၊ အဲ့တာကြောင့် ငါတို့သူ့ကို အသူရာချောက်နက်ထဲ မျှားခေါ်ပြီး ထပ်ချုပ်နှောင်လိုက်ရုံပဲ”
ဟိုက်မင်နှင့် စမ့်ရှန်းမင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ယိုပီလော၏ အစီအစဉ်က ဖြစ်နိုင်ချေရှိသော်လည်း ပြဿနာတစ်ခုတော့ ရှိနေဆဲပင်။ သူတို့ လင်းယွမ်ကို ဘယ်လို မျှားခေါ်ရမှန်း မသိကြပါ။
ရာစုနှစ် ၅ စုစာလောက် ချုပ်နှောင်ခံခဲ့ရသဖြင့် ထိုနေရာကြီးကို လင်းယွမ် စက်ဆုပ်မုန်းတီးနေမှာ သေချာပါသည်။ ပြဿနာတစ်စုံတစ်ရာမရှိဘဲ အသူရာချောက်နက်ထဲ သူ ခြေချစရာအကြောင်း မရှိပေ။
သူ့ကို ချောက်နက်ထဲ မျှားခေါ်ဖို့က ကောင်းကင်ဘုံပေါ် တက်လှမ်းဖို့ထက် ပိုခက်ခဲပါလိမ့်မည်။
စမ့်ရှန်းမင် လေးနက်စွာ ပြောလိုက်သည်။
“လင်းယွမ်ကို အဲ့လောက်လွယ်လွယ် ထောင်ချောက်ဆင်လို့ရမှာ မဟုတ်ဘူး”
သူ့ကို လင်းယွမ်နှင့် ကျုံးရှောင်းရှောင်းတို့ နှိပ်စက်ခဲ့ကြပုံအား ယိုပီလော ပြန်မြင်ယောင်ကာ အငြှိုးတရားများ နှစ်ဆ တိုးသွားခဲ့သည်။
သူအံကြိတ်လျက် ပြောလိုက်ပါသည်။
“သူက ကျုံးရှောင်းရှောင်းကို အရမ်းချစ်တာ မဟုတ်ဘူးလား၊ ကျုံးရှောင်းရှောင်းသာ အသူရာချောက်နက်ထဲ ရောက်သွားရင် သူလိုက်လာမှာ သေချာတယ်!”
ယိုပီလော၏ မျက်နှာကို အကဲခတ်ရင်း စမ့်ရှန်းမင် မေးလိုက် ပါသည်။
“မင်းကြည့်ရတာ အစီအစဉ်တစ်ခု ရှိနေတဲ့ပုံပဲ၊ ကျုံးရှောင်း ရှောင်းကို အဲ့ဒီရောက်အောင် ဘယ်လိုပို့ရမလဲ မင်းသိလို့လား”
ယိုပီလော ပြန်ဖြေလိုက်သည်။
“ငါဘာမှလုပ်စရာမလိုဘူး၊ သူ့ဆန္ဒနဲ့သူ သွားလိမ့်မယ်”
ထိုစကားကိုကြားပြီး စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ ဇဝေဇဝါပိုဖြစ်သွားကြလေသည်။
ဟိုက်မင်က မေးလိုက်သည်။
“ဘာလို့အဲ့လောက် ယုံကြည်ချက်ပြည့်ဝနေတာလဲ၊ ငါတို့နောက်ကွယ်မှာ မင်းတစ်ခုခု လုပ်ထားလို့လား”
“ငါထုတ်ပြောလို့ မရတဲ့ကိစ္စတွေရှိတယ်၊ ငါခိုင်းတဲ့အတိုင်းသာ လုပ်စမ်းပါ၊ အဲ့ဒီအစီအစဉ် ကျိန်းသေပေါက် အောင်မြင်စေရမယ်”
သူ့မျက်နှာကို မျက်နှာဖုံးဖြင့် အုပ်ထားသော်လည်း သူ့လေသံက ပြုံးနေမှန်း သိသာပါသည်။
ယိုပီလော ဘာမှဆက်ရှင်းပြမှာ မဟုတ်မှန်း သိကြသဖြင့် ဟိုက်မင်နှင့် စမ့်ရှန်းမင်တို့လည်း သံသယများကို ဖိနှိပ်ကာ အခွင့်သာမှ စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သူတို့သုံးယောက် အချိန်အတော်ကြာအောင် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ညသန်းခေါင်ယံအချိန် ရောက်ခါမှ ဟိုက်မင်နှင့် စမ့်ရှန်းမင်တို့ ပြန်သွားခဲ့ကြပါသည်။
-
ယိုပီလော လက်တစ်ချက် ဝှေ့လိုက်ရာ ကြမ်းပြင်ပေါ်မှ မှန်ကွဲစများ ပျောက်ကွယ်သွားသည်။ ညည့်နက်နေပြီ ဖြစ်သော်လည်း သူအိပ်ဖို့ အစီအစဉ်မရှိပါ။
နတ်ဆိုးစွမ်းအင်စုပ်ယူဖို့အတွက် နတ်ဆိုးကျင့်ကြံသူများကို ထပ်မံရှာဖွေရပါမည်။
ယိုပီလော အိပ်ခန်းထဲမှ ထွက်လာပြီး နတ်ရတနာပျံတစ်ခု ထုတ်ယူဖို့ ပြင်လိုက်စဉ် ခြံဝန်းထဲရှိ ကျောက်သားခုံတန်းပေါ်တွင် လူတစ်ယောက်ထိုင်နေသည်ကို ရုတ်တရက် သတိထားမိသွားပါသည်။
ထိုလူက အနီရောင်ဝတ်ရုံကို ခြုံထားပြီး ကျောက်ခုံတန်းတွင် သက်တောင့်သက်သာ ထိုင်နေသည်။ သူ့ဆံနွယ်ရှည်ရှည် ကောက်ကောက်များကို ဝိညာဉ်ကျောက်တုံးများ စီခြယ်ထားသော ဖဲကြိုးနီဖြင့် စည်းနှောင်ထားကာ ညာဘက်ပခုံးပေါ် ဝဲကျနေပါသည်။
သူ့ဇာမဏီမျက်လုံးများက ကျည်းမြောင်းပြီး ရှည်လျားကာ နှုတ်ခမ်းများကလည်း သွေးစွန်းနေသည့်အလား နီမြန်းနေခဲ့သည်။ ပြုံးလိုက်လျှင် ဆွဲဆောင်မှုရှိသော်ငြား တစ်ချိန်တည်းမှာပင် အန္တရာယ်ရှိသည့် နဂါးတစ်ကောင်အလား ထင်ရပါသည်။
သူ့ကို မြင်လိုက်သည်နှင့် ယိုပီလော တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။
“နတ်…နတ်ဆိုးအရှင်သခင်!”
ရုတ်ခြည်းဆိုသလို ယိုပီလော၏ အာရုံထဲ မေးခွန်းပေါင်းသောင်းခြောက်ထောင် ဝင်လာခဲ့ပါသည်။
‘သူဘာလို့ ဒီရောက်လာတာလဲ၊ ဘယ်တုန်းက ရောက်လာတာလဲ၊ ဘာလုပ်နေတာလဲ!’
လင်းယွမ်က သက်တောင့်သက်သာ မေးလိုက်သည်။
“ညည့်နက်နေပြီလေ၊ အပြင်ထွက်မလို့လား၊ ဘာလုပ်ဖို့ ကြံနေတာလဲ”
ယိုပီလော ထစ်ငေါ့စွာ ပြန်ဖြေလိုက်ပါသည်။
“ဒီ…ဒီတိုင်း လမ်းထွက်လျှောက်တာပါ၊ ဘာရယ်မဟုတ်ပါဘူး”
သူ့ကို လင်းယွမ် ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ပါသည်။
“မင်းသက်သာတာ မြန်သားပဲ၊ ရှောင်းရှောင်း မင်းကို သက်ညှာပေးခဲ့တယ်ထင်တယ်”
ထိုအမည်ကို ကြားပြီး ယိုပီလော၏ မျက်နှာ သိသိသာသာ ရှုံ့တွသွားခဲ့ပါသည်။ သူအံကြိတ်ရင်း ပြောလိုက်သည်။
“နတ်ဆိုးအရှင် ဘာကိုဆိုလိုသလဲ ကျွန်တော်နားမလည်ဘူး”
လင်းယွမ် မျက်ခုံးပင့်ကာ အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်သည်။
“အခုချိန်ထိ ရူးချင်ယောင် ဆောင်နေတုန်းပဲလား၊ တော် တော်ဆိုးတဲ့ နံစော်လိပ်ခွေးလေးပဲ”
‘လိပ်ခွေး’ဟူသည့် အမည်ဆိုးကြောင့် ယိုပီလော၏ မျက်နှာ ပိုမိုအကျည်းတန်သွားခဲ့သည်။ သူပေါက်ကွဲချင်သော်လည်း မပေါက်ကွဲရဲသဖြင့် ဒေါသကို ချုပ်တည်းထားခဲ့ရပါသည်။
“နတ်ဆိုးအရှင် ဘာကို ဆိုလိုသလဲ ကျွန်တကယ်နားမလည်ပါဘူး”
လင်းယွမ် လက်တစ်ချောင်းပင် လှုပ်စရာမလိုဘဲ သွေးနီရောင်နတ်ဆိုးစွမ်းအင်တစ်ခု လွင့်ပျံလာပြီး ယိုပီလော မျက်နှာပေါ်မှ မျက်နှာဖုံးကို ကြမ်းတမ်းစွာ ဆုတ်ဖြဲပစ်လိုက်ပါသည်။
ထိုအခါ ယိုပီလော၏ အရေတွန့်နေသော လူအိုမျက်နှာကြီး အထင်းသား ပေါ်လာခဲ့လေသည်။
ယိုပီလော ဒေါသလည်းထွက် တုန်လည်းတုန်လှုပ်သွားကာ သူ့မျက်နှာသူ အမြန်အုပ်လိုက်ပါသည်။
ထိုအပြုအမူကို လင်းယွမ် စိတ်ဝင်တစားကြည့်ရင်း မေးလိုက်သည်။
“အခုကော နားလည်သွားပြီလား”
ရူးချင်ယောင် ဆောင်လို့မရတော့မှန်းသိသဖြင့် ယိုပီလော အမှန်အတိုင်း ဝန်ခံလိုက်ပါသည်။
“သခင်မလေးကျုံးရဲ့ အလှတရားကို ကျွန်တော်မက်မောခဲ့မိတာ မှန်ပါတယ်၊ အဲ့တာကြောင့် ကျွန်တော့်မှာ အပြစ်ရှိတယ်၊ ဒါပေမယ့် ကျွန်တော် အဲ့ဒီအပြစ်ဒဏ်ကို ခံယူပြီးပြီလေ၊ နတ်ဆိုးအရှင် ကျွန်တော့်အပေါ် အငြှိုးမထားဘဲ သက်ညှာပေးဖို့ တောင်းဆိုပါတယ်”
လင်းယွမ် ခေါင်းညိတ်ထောက်ခံလိုက်ပါသည်။
“ရှောင်းရှောင်းက အရမ်းလှတယ်၊ အဲ့တာကြောင့် မင်းစိတ်ဝင်စားတာ မထူးဆန်းပါဘူး”
ထို့နောက် သူ့လေသံ ရုတ်တရက် စူးရှသွားခဲ့သည်။
“ဒါပေမယ့် သူ့ကို မြှူဆွယ်ဖို့အထိ ကြိုးစားခဲ့တာကတော့… စိတ်ကူးယဉ်ဆန်တာပဲ”
ယိုပီလော အရှက်ရမှုကို မျိုသိပ်ရင်း အကြိမ်ကြိမ် ဦးညွှတ်ကာ တောင်းပန်လိုက်ပါသည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကျွန်တော် စိတ်ကူးယဉ်ဆန်ခဲ့မိတာပါ၊ အခုနောင်တရနေပြီမို့ ထပ်မလုပ်ရဲတော့ပါဘူး”
“အဲ့ဒီကိစ္စကို ငါလျစ်လျူရှုပေးလို့ရတယ်” လင်းယွမ်က ဆိုသည်။
ယိုပီလော အလွန်စိတ်သက်သာရာ ရသွားခဲ့ပါသည်။ ကပ်ဘေးတစ်ခုမှ လွတ်မြောက်သွားပြီဟု ထင်လိုက်ချိန်တွင် လင်းယွမ်က ဆက်ပြောလိုက်သည်။
“ဒါပေမယ့် ရှောင်းရှောင်းကို သတ်ဖို့ သွေးစုပ်မြွေတွေ စေလွှတ်ခဲ့တဲ့ ကိစ္စကိုတော့ သေချာစာရင်းရှင်းရမယ်”
ယိုပီလော၏ မျက်နှာ သွေးမဲ့ဖြူရော်သွားခဲ့သည်။ မျက်နှာကိုပင် ဆက်မဖုံးအုပ်နိုင်တော့ဘဲ လက်ကိုချကာ အသည်းအ သန် ငြင်းဆန်လေတော့သည်။
“ကျွန်တော် သခင်မလေးကျုံးကို သတ်ဖို့ မကြိုးစားခဲ့ပါဘူး! အဲ့ဒီမြွေတွေက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး!”
လင်းယွမ် ပြုံးလိုက်သည်။
“မင်းဝန်မခံဘူး ဆိုတာနဲ့ပဲ ငါစွပ်စွဲလို့မရတော့ဘူး ထင်နေတာလား”
ယိုပီလော ထိုသို့ အမှန်တကယ် ထင်မိပါသည်။ ထိုအဖြစ် အပျက်က နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့်အပြင် မျက် မြင်သက်သေများကလည်း သေဆုံးသွားပါပြီ။ သက်သေမရှိလျှင် သူ့ကို စွပ်စွဲလို့မရနိုင်ပေ။
ယိုပီလော အပြစ်ကင်းသယောင်ဖြင့် ဆက်ငြင်းဆန်လိုက်သည်။
“ကျွန်တော်တကယ် မလုပ်ရဲပါဘူး! အဲ့ဒီမြွေတွေအကြောင်း ကျွန်တော်တကယ် ဘာမှမသိဘူး၊ ကျွန်တော် အပြစ်လွှဲချခံရတာပါ!”
လင်းယွမ် မတ်တပ်ရပ်လိုက်ပြီး အေးအေးလူလူ ပြောလိုက်သည်။
“မင်းကို စွပ်စွဲဖို့အတွက် သက်သေလိုအပ်တာတော့မှန်တယ်၊ ဒါပေမယ့် ငါကစွပ်စွဲတာတွေ ဘာတွေကို ဂရုမစိုက်တတ်ဘူး၊ ငါလိုချင်တာ… မင်းအသက်ပဲ”
ထိုစကားဆုံးသည်နှင့် သွေးနီရောင်နတ်ဆိုးစွမ်းအင်များ ဖြာထွက်လာပြီး ဧရာမ မြွေဟောက်ကြီးအဖြစ် အသွင်ပြောင်းသွားခဲ့ကာ ယိုပီလောကို ဝါးမျိုဖို့ ကြိုးစားလိုက်ပါသည်။
ယိုပီလောလည်း ထိတ်လန့်တကြား ရှောင်တိမ်းရင်း သူ့စွမ်းအင်များဖြင့် ပြန်ခုခံခဲ့သည်။ သို့သော် ဧရာမ သွေးနီရောင် မြွေဟောက်ကြီးကို ထိမှန်သွားသည်နှင့်တစ်ပြိုင် တည်း သူ့စွမ်းအင်များ စက္ကူတစ်ရွက်လို အစိတ်စိတ်အမွှာ မွှာ ကွဲထွက်သွားလေတော့သည်။
သူ့အစွမ်းအစနှင့် လင်းယွမ်ကို ယှဉ်နိုင်မှာမဟုတ်မှန်း ယိုပီလော နားလည်သွားခဲ့ကာ ထွက်ပြေးနိုင်ဖို့ အချိန်ဆွဲရန်မျှော်လင့်ချက်ဖြင့် ချန့်ခွင်းအိတ်ထဲမှ နတ်ရတနာပေါင်းစုံကို ထုတ်ပြီး လင်းယွမ်ထံ အသည်းအသန် ပစ်ပေါက်လေတော့ သည်။