အခန်း (၁၅၉)
Vol. 16 Ch. 159
🌹Chapter 159
စက္ကူလူသားကို အပြီးသတ်ဖို့အတွက် ယန်ရုန်ရုန် လဝက်ခန့် အပြင်မထွက်ဘဲ ကျင့်ကြံခဲ့ပါသည်။
ထိုကာလအတွင်း လင်းယွမ်နှင့် လျို့လန်တို့က နေ့တိုင်းလိုလို သူမ တံခါးရှေ့မှာ လာရောက် စောင့်ကြပ်ပေးခဲ့ကြသည်။
သူမ ထွက်လာမည့်အချိန်ကို စောင့်မျှော်နေကြသည့် လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်တို့၏ ပုံစံမှာ ဇနီးစောင့်ကျောက်ရုပ်နှင့် အမေစောင့်ကျောက်ရုပ်များအလား ထင်ရသည်။
စောင့်နေစဉ်မှာလည်း လင်းယွမ် အလကားမနေခဲ့ပါ။ ယန်ရုန်ရုန်ပြောခဲ့သည့် စကားများကို သူပြန်လည် ကြားယောင်နေဆဲပင်။ သူ့အပေါ် သူမ ယုံကြည်မှုမရှိပါ။ သူကလည်း သူမအပေါ် ယုံကြည်မှုမထားနိုင်သေးပါ။
‘ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ…’
ကိုယ်တိုင်အဖြေမရှာနိုင်တော့သဖြင့် ညမဲ့မြို့တော်ထဲ လက်အောက်ငယ်သားများ စေလွှတ်ကာ အိမ်ထောင်ရေးသာယာသည့် လင်မယားများထံတွင် နှစ်ဦးနှစ်ဖက် ယုံကြည်မှုအတွက် လိုအပ်သည့် အကြံဉာဏ်များကို သွားရောက်မေးမြန်းစေခဲ့ပါသည်။
ရလဒ်ကတော့ စိတ်ကျေနပ်စရာ မကောင်းလှပါ။
နတ်ဆိုးမျိုးနွယ်များ၏ ဓလေ့ထုံးတမ်းများမှာ ပွင့်လင်းလွန်းလှသည်။ သက်တမ်းရှည်လျားသည့်အပြင် မျိုးဆက်ပြန့်ပွားဖို့လည်း မလိုအပ်သဖြင့် နတ်ဆိုးနှစ်ယောက် အချင်းချင်း သဘောကျလျှင် ဒီအတိုင်း အတူနေလိုက်ကြရုံပင်။
အတူနေပြီးနောက် ကျေနပ်လျှင် ဆက်နေကြပြီး ငြီးငွေ့လာလျှင်တော့ လမ်းခွဲကြပါသည်။
မူလက နတ်ဆိုးမျိုးနွယ်တွင် အိမ်ထောင်ပြုခြင်းဟူသော အယူအဆ မရှိခဲ့ပေ။ လူသားကျင့်ကြံသူများနှင့် ထိတွေ့ပြီးနောက်ပိုင်းမှသာ ထိုကဲ့သို့အရာမျိုးရှိမှန်း သိခဲ့ကြခြင်းဖြစ်သည်။
သို့သော် လွတ်လပ်ပေါ့ပါးသော နေထိုင်မှုပုံစံကိုသာ ကျင့်သားရနေကြသဖြင့် နတ်ဆိုးအနည်းငယ်ကသာ အမှန်တကယ် လက်ထပ်ထိန်းမြှားရန် ဆန္ဒရှိကြပါသည်။
နတ်ဆိုးအိမ်ထောင်သည်စုံတွဲနှစ်တွဲကို လင်းယွမ် ခဲရာခဲဆစ် ရှာတွေ့ခဲ့သည်။ ထို့နောက် နတ်ဆိုးအရှင်သခင်ဟူသော အာဏာပါဝါကို ဖုံးကွယ်လျက် အချင်းချင်းယုံကြည်မှုပြဿနာကို ဘယ်လိုဖြေရှင်းသလဲ မေးမြန်းခဲ့ပါသည်။
ထိုနတ်ဆိုးအိမ်ထောင်သည်များ၏ အဖြေမှာ ရိုးရှင်းလှသည်။
“ကျုပ်တို့က ဒွိစာချုပ် ချုပ်ဆိုထားကြတာလေ၊ ကျုပ်တို့ရဲ့ အသက်တွေက စည်းနှောင်နေတာ၊ သူ့ကို ကျုပ်ထိခိုက်အောင်လုပ်ရင် ကျုပ်ကိုယ်ကျုပ် ထိခိုက်အောင် လုပ်တာနဲ့ အတူတူပဲ၊ အဲ့တာကြောင့် ကျုပ်တို့အချင်းချင်း အပြန်အလှန် အကြွင်းမဲ့ ယုံကြည်တာပေါ့”
လင်းယွမ် ထပ်မေးကြည့်ခဲ့သည်။
“ဒွိစာချုပ်မရှိရင်ကော အချင်းချင်းယုံကြည်ကြဦးမှာလား”
အိမ်ထောင်သည်စုံတွဲ နှစ်တွဲစလုံး တိတ်ဆိတ်သွားခဲ့ကြသည်။
လင်းယွမ်လည်း နားလည်သွားခဲ့ပါသည်။ လက်တစ်ချက် ဝှေ့ရမ်းလိုက်ပြီး နတ်ဆိုးစွမ်းအင်များထုတ်ကာ ထိုလေးယောက်စလုံးကို အပြင်သို့ ကန်ထုတ်ပစ်လိုက်လေသည်။
--- --- ---
ယန်ရုန်ရုန့် တံခါးရှေ့သို့ လောလောလည်း နေ့တိုင်းလိုလို ရောက်လာတတ်ပါသည်။ လင်းယွမ်၏ဒုက္ခကို သိလိုက်ရပြီးနောက် လောလော ဝါးလုံးကွဲရယ်မောခဲ့လေသည်။
“ဟားဟားဟားဟား! နတ်ဆိုးကျင့်ကြံသူတွေကို အချင်းချင်းယုံကြည်ခိုင်းနေတာက လျို့လန်ကိုအစားအသောက်လျှော့စားခိုင်းတာနဲ့အတူတူပဲ! လုံးဝ ယုတ္တိမရှိတာကြီး!”
သူ့အမည်ကို ကြားလိုက်ရသည့် လျို့လန် ဇဝေဇဝါဖြင့် ခေါင်းမော့ကြည့်လာပါသည်။
‘ဒီကိစ္စ ငါနဲ့ ဘာဆိုင်လို့လဲ”
လင်းယွမ်ကတော့ ပြုံးသာ ပြုံးကာ အန္တရာယ်အငွေ့အသက်ပါသော လေသံဖြင့် မေးလိုက်ပါသည်။
“မင်း ငါ့ကို လာလှောင်တာလား”
လောလော ချက်ချင်းမျက်နှာပိုးသတ်လိုက်ပြီး လည်ချောင်းရှင်းကာ လေးလေးနက်နက် ပြောလိုက်ပါသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး မင်းတစ်ယောက်တည်း သုန်မှုန်နေတာ မကြည့်ရက်လို့ အကြံဉာဏ်လာပေးတာပါ”
လင်းယွမ် မျက်ခုံးပင့်သွားသည်။
“ဟုတ်လား”
လောလောလိုသတ္တဝါမျိုးက အကြံကောင်းပေးနိုင်လိမ့်မည်ဟု လင်းယွမ် မထင်မိပါ။ ဒီကောင်က စီးပွားရေးပါရမီရှင်တစ်ယောက် ဖြစ်သော်ငြား ရှေးဟောင်းလူပျိုကြီးတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် အချစ်အရေးတွင် သူ့အတွေ့အကြုံက သုညအောက်ပင် နိမ့်နေနိုင်သည်။
သူပေးသည့် အကြံဉာဏ်တိုင်းက စာအုပ်ထဲမှ လမ်းညွှန်ပြသမှုအဆင့်လောက်သာ ရှိနိုင်သဖြင့် အတည်မယူသင့်ပါ။
အထင်သေးခံနေရမှန်း မသိသည့် လောလောကတော့ စိတ်အားထက်သန်စွာ မေးလိုက်ပါသည်။
“ဗဟုသုတတွေကို အမြန်ဆုံး ရှာဖွေနိုင်တဲ့နည်းလမ်းက ဘာလဲသိလား”
လင်းယွမ်လည်း အလိုက်သင့် မေးပေးလိုက်သည်။
“ဘာလဲ”
“စာအုပ်တွေလေ! ဆိုရိုးစကားတောင်ရှိတယ်မလား၊ စာအုပ်တွေထဲမှာ ရွှေအိမ်နန်းတွေနဲ့ ကျောက်စိမ်းလိုမျက်နှာတွေ ရှိတယ်တဲ့၊ မင်းရှာနေတဲ့အဖြေတိုင်းကို စာအုပ်တွေထဲမှာ ရှာတွေ့နိုင်တယ်၊ မင်းအကြိုက်တွေ့စေမယ့် စာအုပ်တွေ ငါ့မှာ ရှိနေတာနဲ့ အတော်ပဲ”
ထို့နောက် သူ့ဝတ်ရုံအတွင်းမှ စာရွက်တစ်ရွက်ကိုထုတ်လိုက် ပါသည်။ ထိုစာရွက်ပေါ်တွင် ‘ခြေလှမ်း ဆယ်လှမ်းဖြင့် သူစိမ်းမှ ချစ်သူများအဖြစ်သို့’၊ ‘ယုံကြည်မှုတည်ဆောက်ခြင်း အခြေခံအနုပညာ’၊ ‘ချစ်ရေးချစ်ရာ လိုက်စားနည်း ၃၆ ဖြာ’၊ ‘အိမ်ထောင်သည်ဘဝအတွက် အကြံပြုချက်များ’ စသည်ဖြင့် စာအုပ်အမည်ပေါင်းများစွာကို ရေးသားထားလေသည်။
လင်းယွမ်က စာအုပ်အမည်တစ်ခုကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“အဲ့တာဘာကြီးလဲ”
လောလော ခေါင်းငုံ့ကြည့်လိုက်ရာ ‘သားပေါက်ပြီးခါစ ဝက်မများအား ထိန်းသိမ်းစောင့်ရှောက်နည်း’ ဟူသော စာအုပ်အမည်ကို မြင်လိုက်ရသည်။
“လခွမ်း! အဲ့တာ အခြားစာအုပ်အတွဲတွေထဲက ရောပါလာတာဖြစ်မှာ၊ ငါ့ အမှားပါ ငါ့ အမှားပါ!”
ထို့နောက် ထိုစာအုပ်အမည်ကို ချက်ချင်းရေးခြစ်ပစ်လိုက်သည်။
ဒီကောင်က အတော်လေး အားကိုးလို့မရနိုင်ဟု လင်းယွမ် ခံစားလိုက်ရပါသည်။
သို့သော် အခြားနည်းလမ်းကောင်းလည်းမရှိသဖြင့် အနည်း ဆုံးတော့ ကြိုးစားကြည့်ဖို့ လင်းယွမ် ဆုံးဖြတ်လိုက်ကာ စာအုပ်အမည် စာရင်းကိုလက်ခံလိုက်ပါသည်။
လောလောက ဆိုသည်။
“အဲ့ဒီစာရင်းထဲက စာအုပ်တွေကို ငါတို့ဝမ်ပေါင်မျှော်စင်မှာ ရောင်းတယ်နော်၊ လိုအပ်ရင် အော်ဒါမှာလိုက်လို့ရတယ်၊ အိမ်အထိရောက်အောင် ပို့ဆောင်ပေးမှာ၊ ၁၀ အုပ်အထက်မှာရင် ပို့ဆောင်ခ အခမဲ့နော်!”
လင်းယွမ်: “…”
‘ဒါဆို ဒီကောင်က ကြော်ငြာလာဝင်တာပေါ့… စီးပွားရေး သမား ပီသပါပေတယ်’
လင်းယွမ် မျက်နှာသေဖြင့် စရံငွေချေလိုက်ပါသည်။ ဝိညာဉ်ကျောက်တုံးများကို ပျော်ပျော်ကြီးသိမ်းရင်း လောလော အားတက်သရော ပြောလိုက်သည်။
“အနီးဆုံးမှာရှိတဲ့ ဝမ်ပေါင်မျှော်စင်ကို အခုချက်ချင်းလာပို့ခိုင်းလိုက်မယ်နော်! ခဏလောက်ပဲ စောင့်ပါ!”
ဝမ်ပေါင်မျှော်စင်၏အမြန်နှုန်းက အလွန်မြန်ဆန်လွန်းသည်။ တစ်နာရီခန့်ကြာသောအခါ နတ်ဆိုးပျံငယ်လေး တစ်ကောင်က အတောင်ခတ်ရင်း မြို့စားစံအိမ်ရှေ့သို့ရောက်ရှိလာကာ လင်းယွမ်လက်ထဲ အလွန်လေးလံသည့် အထုပ်အပိုးတစ်ခုကို ထည့်ပေးသွားခဲ့သည်။
လင်းယွမ် ကျန်ငွေကို ချေလိုက်ပြီး အထုပ်ကို လက်ခံလိုက်ပါသည်။ အထဲတွင် စာအုပ်များစွာကို သပ်သပ်ရပ်ရပ် စီရီထားသည်။
ပုံမှန်ဆို လင်းယွမ်က ကျောက်စိမ်းပြားများပေါ်မှ စာများကိုသာ တိုက်ရိုက် ဖတ်ရှုတတ်သည်။ စာအုပ်စာမျက်နှာများကို လှန်မဖတ်ခဲ့သည်မှာ အတော်ကြာပါပြီ။
လင်းယွမ် အားလည်းအားနေသဖြင့် လျှောက်လှမ်းအောက်တွင် ထိုင်ကာ ယန်ရုန်ရုန့်ကို စောင့်ရင်း စာအုပ်ဖတ်နေလေတော့သည်။
--- --- ---
ယန်ရုန်ရုန် တံခါးဖွင့်လာချိန်တွင် အပြင်ဘက်၌ စောင့်နေသော လင်းယွမ်နှင့် လျို့လန်တို့ကို မြင်လိုက်ရပါသည်။ လူကြီးဖြစ်သူက စာအုပ်ဖတ်နေပြီး ကလေးဖြစ်သူကတော့ စားသောက်နေလေသည်။ ရုတ်တရက်ကြည့်လိုက်လျှင် အတော်လေးအေးချမ်းနေကြပါသည်။
သို့သော် သေသေချာချာ ကြည့်လိုက်သောအခါ လင်းယွမ်လက်ထဲတွင် ရှိနေသည့် စာအုပ်က ‘အချစ်ရေးတွင် ဆရာတစ်ဆူ အမြန်ဆုံးဖြစ်လာနည်း’ ဟူသော စာအုပ်ဖြစ်နေပါသည်။
လျို့လန်က ပိုလို့ကြောက်စရာကောင်းသေးသည်။ သူစားသောက်နေသည်များက အစားအစာမဟုတ်ဘဲ စံအိမ်ရှိ ကြမ်းပြားများကိုဝါးစားနေခြင်းသာ။ စံအိမ်အတွင်းရှိ ကြမ်းပြားအတော်များများ ယိုယွင်းပျက်စီးနေပြီဖြစ်သည်။
ယန်ရုန်ရုန် ထွက်လာသည်ကိုမြင်ပြီး လျို့လန် စားလက်စ ကြမ်းပြားကြီးကိုပစ်ချကာ သူမခြေထောက်ကို ပြေးဖက်ရင်း ငြီးတွားလိုက်ပါသည်။
“မေမေ သားဗိုက်ဆာတယ်!”
ယန်ရုန်ရုန်လည်း ချန့်ခွင်းအိတ်ထဲမှ အစားအသောက်အချို့ အမြန်ထုတ်ပေးလိုက်ရသည်။ အစားအသောက်ရသွားခါမှ လျို့လန် မျက်နှာအရောင်လက်သွားခဲ့ပါသည်။
လင်းယွမ်လည်း စာအုပ်ကို ဘေးချလိုက်သည်။
“အချစ်လေး! ကိုယ် အချစ်လေးကို အရမ်းလွမ်းနေတာ!”
လင်းယွမ် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလျက် သူမကို ပြေးဖက်ဖို့ ကြံလိုက်သည်။
ယန်ရုန်ရုန်ကလည်း ခေသူမဟုတ်ဘဲ အမြန်ရှောင်လိုက်နိုင်သည်။
“စကားကို ပါးစပ်နဲ့ပဲပြော၊ ရှင့်လက်ကို ရှင့်ကိုယ်မှာပဲ ကပ် ထား”
လင်းယွမ် နာကျင်သွားသည်။
“ကိုယ်တို့ မတွေ့တာ တော်တော်ကြာနေပြီလေ၊ ဖက်ခွင့်လေးတောင် မပေးနိုင်ဘူးလား”
ယန်ရုန်ရုန် နှလုံးသားမဲ့စွာ ငြင်းလိုက်သည်။
“မပေးနိုင်ဘူး”
ထို့နောက် ကြမ်းပြင်ပေါ်တွင် ချထားသည့် စာအုပ်ပုံကြီးနှင့် ၎င်းတို့၏ဆန်းပြားလှသော အမည်များကို ယန်ရုန်ရုန် မြင်သွားသည်။ ထိုစာအုပ်များက ‘ဂုဏ်သိက္ခာအရှိဆုံး’ စာအုပ်များ မဟုတ်သည်မှာ သိသာလှသည်။
ယန်ရုန်ရုန် နားမလည်နိုင်စွာ မေးလိုက်ပါသည်။
“ရှင်အဲ့တာတွေ ဘယ်ကရတာလဲ”
လင်းယွမ် ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“လောလော လာရောင်းသွားတာ၊ အဲ့တာတွေကို ဖတ်ရင် ကိုယ့်အပေါ် မင်းယုံကြည်လာအောင် ဘယ်လိုလုပ်ရမလဲ နားလည်သွားလိမ့်မယ်တဲ့”
“အဲ့တော့…?”
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။
“ကိုယ်အားလုံး ဖတ်ပြီးသွားပြီ၊ အများကြီး နားလည်လိုက်တယ်လို့ ခံစားရတယ်၊ ဒါပေမယ့် သေသေချာချာပြန်စဉ်း စားကြည့်လိုက်တော့ ဘာမှ နားမလည်ခဲ့ဘူး”
စာအုပ်များက အလွန်ရှုပ်ထွေးပြီး ယုတ္တိရှိသည်ဟု ထင်ရသော ပေါက်ကရ စကားလုံးများနှင့် ပြည့်နှက်နေကာ ဘာအကျိုးအမြတ်မှမပေးနိုင်ခဲ့ပါ။
ယန်ရုန်ရုန် ရယ်ချင်စိတ်ကို မနည်းထိန်းကာ မေးလိုက်သည်။
“အဲ့ဒီစာအုပ်တွေပေါ်က စာရေးဆရာနာမည်ကိုကော ရှင်ကြည့်မိရဲ့လား”
သူမ စကားကြောင့် လင်းယွမ် စာအုပ်တစ်အုပ်ကို ကောက်လိုက်ပြီး စာရွက်ထောင့်တွင်ရေးထားသည့် စာရေးဆရာ အမည်ကို ကြည့်လိုက်ပါသည်။
‘လောလောတဲ့!’
‘ဒီစာအုပ်တွေ အကုန်လုံးကို လောလောရေးထားတာပေါ့!’
ချက်ချင်းဆိုသလို အားလုံးကို လင်းယွမ် နားလည်သွားခဲ့ပါသည်။ ထို့ကြောင့်လည်း လောလောက ထိုစာအုပ်များကို မရမက ရောင်းသွားခြင်းဖြစ်လိမ့်မည်။ သူ့ထုတ်ကုန်များကိုသူ ရောင်းချသွားခြင်းသာ…
‘ဒီကောင်ကိုယ်တိုင်က လူပျိုကြီးမဟုတ်ဘူးလား! ‘အချစ်ရေးတွင် ဆရာတစ်ဆူအမြန်ဆုံးဖြစ်လာနည်း’ဆိုတဲ့ စာအုပ်ကို ဘယ်လိုမျက်နှာမျိုးနဲ့ ရေးရဲတာလဲ’
သူအလိမ်ခံလိုက်ရပြီဖြစ်မှန်း လင်းယွမ်နားလည်သွားသည်။ လင်းယွမ် ပထမတော့ ဒေါသထွက်မိသော်လည်း ယန်ရုန်ရုန့် မျက်ဝန်းများ ပြုံးကွေးကွေးသွားသည်ကိုမြင်ပြီး သူ့ရင်ထဲက မီးတောက်များလည်း ချက်ချင်းငြိမ်းအေးသွားခဲ့ပါသည်။