← Chapters

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

Vol. 16 Ch. 160

🌹Chapter 160

ယခုတစ်ခေါက် ယန်ရုန်ရုန် အခန်းအောင်း ကျင့်ကြံခဲ့ခြင်းက စက္ကူလူသားတစ်ယောက် ဖန်တီးဖို့ဖြစ်မှန်း လင်းယွမ်သိပါသည်။ သူမ စိတ်ရွှင်နေမှန်း ရိပ်မိသဖြင့် လင်းယွမ် မေးလိုက်သည်။

“အောင်မြင်သွားတယ်ပေါ့”

ယန်ရုန်ရုန် ပျော်ပျော်ကြီး ခေါင်းညိတ်လိုက်သည်။

“အောင်မြင်တာပေါ့၊ အရမ်းအရမ်း အောင်မြင်တယ်!”

လင်းယွမ် စိတ်ဝင်တစား မေးလိုက်သည်။

“စက္ကူလူသားတစ်ယောက်က ဘယ်လိုပုံစံမျိုးလဲ”

အဆောင်စက္ကူများစွာကို သူမြင်ဖူးသော်လည်း လူသားအသွင်နှင့် အဆောင်စက္ကူကိုတော့ မမြင်ဖူးပါ။

ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ ခပ်ပါးပါး ရွှေရောင်ဖျော့ဖျော့ အဆောင်စက္ကူတစ်ရွက်ကို ထုတ်လိုက်သည်။ ထို့နောက် မန္တန်တစ်ခု တီးတိုးရွတ်ဖတ်လိုက်ရာ အဆောင်စက္ကူရုတ်တရက် ပျောက်ကွယ်သွားပြီး အဖြူရောင်ဝတ်ရုံခြုံထားသည့် ရုပ်ချောချော ယောက်ျားတစ်ဦးပေါ်လာခဲ့ပါသည်။

ယန်ရုန်ရုန် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ဒါကျွန်မ ဖန်တီးထားတဲ့ စက္ကူလူသားလေ၊ ဘယ်လိုနေလဲ”

ထိုစက္ကူလူသား၏မျက်နှာကို ကြည့်ရင်း လင်းယွမ် မျက် မှောင်ကြုတ်သွားခဲ့သည်။

“ဒီကောင့်ကို မြင်ဖူးနေသလိုပဲ”

ယန်ရုန်ရုန် အနည်းငယ် လိပ်ပြာမလုံဖြစ်သွားခဲ့သည်။ ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ဟမ်ယဲ့နှင့် ရှုယင်တို့၏ မျက်နှာအားလုံးကို ပေါင်းစပ်ထားသည်ဟု ဝန်ခံရမှာ ရှက်ရွံ့နေပါသည်။

‘ငါ့ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲကြရင် ဘယ်လိုလုပ်မလဲ’

ယန်ရုန်ရုန် ဝေ့လည်ကြောင်ပတ်လုပ်ကာ ပြန်ဖြေလိုက်သည်။

“သူ့မျက်နှာက သာမန်ဆန်တယ်လေ၊ အဲ့တာကြောင့် မြင်ဖူးသလိုလိုရှိတာ မထူးဆန်းပါဘူး”

ထို့နောက် လက်တစ်ချက် ဝေ့ရမ်းလိုက်ပြီး စက္ကူလူသားကို ပြန်သိမ်းထားလိုက်ပါသည်။

သူမကို လင်းယွမ် မယုံသင်္ကာကြည့်လိုက်သည်။

“မင်းနဲ့… အဲ့ဒီစက္ကူလူသားတို့ကြားထဲမှာ ထူးထူးဆန်းဆန်း ဆက်နွယ်မှု ရှိနေတယ်မလား…”

သူ့လေသံက ယောက်ျားဖြစ်သူကို မယားငယ်ထားသည်ဟု သံသယဖြစ်နေသော ဇနီးသည်တစ်ဦး၏လေသံမျိုးပင်။

ယန်ရုန်ရုန် ရယ်ချင်သွားသည်။

“ရှင့်စကား ရှင် ပြန်သုံးသပ်ကြည့်ပါဦး၊ ကျွန်မက စက္ကူလူသားတစ်ယောက်နဲ့ ဘာလုပ်နိုင်မှာမလို့လဲ၊ ကျွန်မ ဘယ် လောက်ပဲ အဖြစ်သည်းနေပါစေ စက္ကူလူသားတစ်ယောက်ကို အားကိုးရလောက်တဲ့အထိတော့ မဟုတ်ဘူး”

လင်းယွမ်ကတော့ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရဆဲဖြစ်သည်။

“အဲ့တာဆို စက္ကူလူသားကို ဘာလို့ မိန်းမပုံစံ မလုပ်တာလဲ၊ ဘာလို့ ယောက်ျားပုံစံဖြစ်နေရတာလဲ၊ ပြီးတော့ ရုပ်ကလည်း ကြည့်ကောင်းသေးတယ်၊ မင်းမှာ မဟုတ်တဲ့ ရည်ရွယ်ချက်တစ်ခုခုရှိတာ သေချာတယ်!”

ယန်ရုန်ရုန် ရယ်မောလိုက်သည်။

“အဲ့တာဆို ရှင်လည်း သူ့ကို ချောတယ်လို့ ထင်တယ်ပေါ့၊ ကြည့်ရတာ ကျွန်မ လက်ရာက မဆိုးဘူးပဲ!”

သူမ မျက်ဝန်းများကို လင်းယွမ်စေ့စေ့ကြည့်ကာ ဆက်မေးမြန်းလိုက်သည်။

“စကားလမ်းကြောင်းမလွှဲနဲ့ စက္ကူလူသားကို ဘာလို့အဲ့လိုပုံစံဖြစ်အောင် ဖန်တီးခဲ့တာလဲ ငါ့ကိုပြော၊ အဲ့ဒီမျက်နှာကို အရင်က မြင်ဖူးပြီး တစ်သက်လုံး မမေ့နိုင်လို့ပြန်ဖန်တီးခဲ့တာမလား”

ယန်ရုန်ရုန် စိတ်ပျက်လက်ပျက်ပြောလိုက်ပါသည်။

“ရှင်အတွေးလွန်နေပြီ၊ အဲ့လိုမျိုး လုံးဝ မဟုတ်ဘူးး”

လင်းယွမ်ကတော့ မယုံကြည်ပေ။

“ကိုယ့်ကို လာမလိမ်နဲ့၊ အဲ့ဒီမျက်နှာကို ကိုယ်ကောင်းကောင်းကြီးရင်းနှီးနေတယ်၊ ဆိုလိုတာက တစ်နေရာရာမှာ မြင်ဖူးတဲ့သဘောပဲ၊ သူ ဘယ်သူလဲ!”

သေချာ မရှင်းပြနိုင်တော့သဖြင့် ယန်ရုန်ရုန် ပါးစပ်ထဲရှိရာ လျှောက်ပြောပြီး သူ့ပါးစပ်ကို ပိတ်ဖို့ကြိုးစားလိုက်သည်။

“ဪ ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ရှင်ပြောသမျှ အကုန်မှန်ပါတယ်၊ အခုပျော်ပြီလား”

ထို့နောက် ယန်ရုန်ရုန်လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော် လင်းယွမ်က နောက်မှ ချက်ချင်း လိုက်လာခဲ့ပါသည်။

“မင်းမေ့လို့မရတဲ့ အဲ့ဒီကောင်က ဘယ်သူလဲလို့၊ သူအခု ဘယ်မှာလဲ”

ယန်ရုန်ရုန်ကလည်း ဆက်လက်လိမ်ညာနေဆဲပင်။

“သေသွားပြီ!”

လင်းယွမ် ရပ်တန့်သွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သည်။

“အဲ့တာကြောင့်ကိုး! သူသေသွားပြီမို့လို့ မင်းသူ့ကို ဘယ် တော့မှ ထပ်မတွေ့ရတော့ဘူးလေ၊ ဒါပေမယ့် မင်းလက်မလွှတ်နိုင်သေးလို့ စက္ကူလူသားကို သူနဲ့တူအောင် ဖန်တီးခဲ့တာမလား၊ အဲ့ဒီ စက္ကူလူသားကို သူ့နေရာမှာ အစားထိုးမလို့မလား”

ယန်ရုန်ရုန် သည်းမခံနိုင်တော့ဘဲ နောက်လှည့်ကာ ငေါက်လိုက်သည်။

“အဲ့လောက် စိတ်ကူးယဉ်နိုင်စွမ်းရှိနေရင် ဝတ္ထုပဲ ရေးစားလိုက်တော့ပါလား! ရှင်ဖန်တီးလိုက်တဲ့ စိတ်ကူးယဉ်ဇာတ် လမ်းမျိုးနဲ့ဆို စာလုံးရေ အနည်းဆုံး တစ်သိန်းလောက်ထိ ရေးလို့ရတယ်၊ စာပေလောကထဲမှာ ‘ဆရာလင်းယွမ်’ အတွက် နေရာတစ်ခုတော့ ရှိမှာပေါ့!”

လင်းယွမ်လည်း အမှန်တကယ် အလွန်အကျွံစိတ်ကူးယဉ်ခဲ့ပါသည်။

ယန်ရုန်ရုန်က ထိုလူနှင့် ဆုံတွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့ခြင်းဖြစ်လိမ့်မည်။ ထိုလူ သေဆုံးသွားစဉ်က သူမ အလွန်အသည်းကွဲခဲ့ရလိမ့်မည်။

သူ့ကို နှစ်ပေါင်းများစွာတိုင်အောင်‌ နေ့နေ့ညည သတိရလွမ်းဆွတ်နေခဲ့ပြီး သူမ၏ ဝမ်းနည်းမှုက ကပ်ရောဂါတစ်ခုအသွင်ပြောင်းကာ သူမနှလုံးသားမှာ အခြားသူတွေအတွက် နေရာမရှိတော့ပါ။

ထိုသို့တွေးမိလေလေ လင်းယွမ်ရင်ထဲ ခါးသီးလာလေလေဖြစ်ကာ ငိုချင်လာလေလေပင်။ သူ့မျက်လုံးများ အမှန်တကယ် နီမြန်းသွားခဲ့သည်။

“အဲ့တာကြောင့် ကိုယ့် မေတ္တာတွေကို ဆန့်ကျင်ခဲ့တာပေါ့၊ ကိုယ် ဘာပဲလုပ်လုပ် မင်းလက်ခံမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ မင်းနှလုံးသားမှာ ပိုင်ရှင်ရှိနေပြီးသားဖြစ်နေတာကိုး!”

ပြဿနာကို လင်းယွမ် ဒီလောက်ထိ အတည်ပေါက် မှတ်ယူနေသည်ကိုမြင်ပြီး ယန်ရုန်ရုန် မှင်သက်သွားခဲ့သည်။

သူမ ရှင်းပြချင်ခဲ့သော်လည်း အတွေးတစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့ပါသည်။

‘ဒါ သူ့စွဲလမ်းမှုကို အဆုံးသတ်ပေးဖို့ အခွင့်ကောင်းဖြစ်နိုင်တယ်!’

ဒီကမ္ဘာမှာ အချစ်ရေးကိစ္စ မစဉ်းစားဖို့ ယန်ရုန်ရုန် ဆုံးဖြတ်ထားပါသည်။ လင်းယွမ်ဘာပဲလုပ်လုပ် သူမ စိတ်ကိုပြောင်း လဲနိုင်မည် မဟုတ်သဖြင့် နှစ်ဦးနှစ်ဖက်စလုံး ရှေ့လျှောက် ပြဿနာမတက်ရလေအောင် ယခုအချိန်ကတည်း လက် လျှော့ခိုင်းလိုက်တာ ပိုကောင်းပါလိမ့်မည်။

ထို့ကြောင့် ယန်ရုန်ရုန် ခေါင်းကို အားတက်သရော ညိတ်လိုက်သည်။

“ဟုတ်တယ်! ကျွန်မ နှလုံးသားမှာ ပိုင်ရှင်ရှိပြီးသား၊ အဲ့တာကြောင့် ရှင့်ကို လက်မခံနိုင်တာ”

သို့သော် လင်းယွမ်က ရုတ်တရက်ဆိုသလို ရယ်မောလိုက်လေသည်။

“မင်း လိမ်နေတာ၊ အဲ့တာကို အကြောင်းပြချက်ပေးပြီး ကိုယ့်ကိုပထုတ်ဖို့ ကြိုးစားနေတာမလား”

ယန်ရုန်ရုန် ခေါင်းကိုက်သွားခဲ့ပါသည်။

“ကျွန်မ နှလုံးသားမှာ ပိုင်ရှင်ရှိတယ်လို့ ရှင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား၊ အခု ကျွန်မ ဝန်ခံပြန်တော့လည်း လိမ်နေတာလို့ စွပ်စွဲတယ်၊ ရှင်ဘာဖြစ်ချင်နေတာလဲ”

လင်းယွမ် ရှေ့တိုးလာပြီး သူမခါးကို ပွေ့ဖက်ကာ သူ့ထံ ဆွဲခေါ်လိုက်သည်။

ထို့နောက်သူမ မျက်ဝန်းတွေထဲ စိုက်ကြည့်ကာ တစ်လုံးချင်းပီပီသသပြောလိုက်သည်။

“မင်း နှလုံးသားထဲမှာ အခြားသူရှိနေရင်တောင် ကိုယ်လက် လျှော့မှာမဟုတ်ဘူး ကျုံးရှောင်းရှောင်း၊ မင်းရင်ထဲ ဘယ်သူပဲရှိနေရှိနေ ကိုယ်ဂရုမစိုက်ဘူး၊ ဒါပေမယ့် ကိုယ့်နှလုံးသားထဲမှာတော့ မင်းတစ်ယောက်တည်းပဲ အမြဲတမ်းရှိနေမှာ၊ အဲ့တာကို မင်း ဂရုမစိုက်လည်းဖြစ်တယ်”

ယန်ရုန်ရုန် သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် တွန်းကာ နောက် ဆုတ်ဖို့ ကြိုးစားလိုက်ပါသည်။ သူမ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“အတင်းခူးဆွတ်ထားတဲ့ ဖရဲသီးက ဘယ်တော့မှ မချိုမြိန်တတ်ဘူးတဲ့”

လင်းယွမ်ထပ်ပြုံးလိုက်သည်။

“ချိုတာ မချိုတာ အရေးမကြီးပါဘူး၊ ဖရဲသီးကို ခူးချင်ရုံပဲ၊ ခူးလိုက်ရရင် စိတ်ကျေနပ်သွားလိမ့်မယ်”

‘ဒီကောင်က တကယ့်စိတ္တဇပဲ! ဘယ်လိုမှ ပြောလို့မရဘူး’ ယန်ရုန်ရုန် စိတ်ဓာတ်ကျစွာ တွေးလိုက်ပါသည်။

“အဲ့ဒီအချိန်တုန်းက ရှင့်ကို ကျွန်မ မကယ်ခဲ့သင့်ဘူး”

လင်းယွမ် သူမနားရွက်နားကပ်ကာ တီးတိုးပြောလိုက်ပါသည်။

“နောင်တရနေပြီလား၊ နောက်ကျသွားပြီနော်၊ ကိုယ့်ကို လွတ်လပ်ခွင့်ပေးခဲ့တာ မင်းပဲ၊ အဲ့တာကြောင့် နောက်ဆုံးချိန်ထိ တာဝန်ယူသွားရမယ်”

ယန်ရုန်ရုန် သူ့ကို ရည်ရွယ်ချက်ရှိရှိ ရန်စဖို့ ကြိုးစားလိုက်သည်။

“ကျွန်မရင်ထဲမှာ အခြားတစ်ယောက် ရှိပြီးသားနော်၊ ဒီလောကထဲမှာ သူ မရှိတော့ဘူးဆိုပေမယ့် ကျွန်မအတွက် သူတစ်ယောက်တည်းကသာ ပြီးပြည့်စုံတယ်၊ သူ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး”

လင်းယွမ် အမှန်တကယ် ဒေါသထွက်မိပါသည်။ ကျုံးရှောင်း ရှောင်းစိတ်ထဲ အခြားတစ်ယောက် နေရာယူထားသည်ကို တွေးမိတိုင်း ထိုလူ့ကို သတ်ပစ်ချင်မိသည်။

သို့သော် သူခပ်မြန်မြန်ပဲ တည်ငြိမ်သွားခဲ့ပါသည်။

လင်းယွမ်ပြုံးကာ ပြောလိုက်သည်။

“ရပါတယ်၊ သူက သေနေပြီပဲဥစ္စာ၊ သူ မသေသေးရင် ကိုယ်အခုလို အခွင့်အရေး ရလာမှာမဟုတ်ဘူး၊ အဲ့တာကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ချင်းမင်ပွဲတော်မှာ သူ့အတွက် ပူဇော်ပသပေးဦးမှာ၊ ဒါမှ ကိုယ်တို့နှစ်ယောက် အသက်တွေတူတူကြီးပြီး ကလေးတွေအများကြီးရတဲ့အထိ တူတူနေနိုင်အောင် သူကောင်းချီးပေးနိုင်မှာပေါ့”

ယန်ရုန်ရုန် ဆွံ့အသွားသည်။

‘နတ်ဆိုးအရှင်သခင် ပီသပါပေတယ်! အရွဲ့တိုက်နိုင်စွမ်းကတော့ ပြိုင်ဘက်ကင်းပဲ!’

သူမမှာ အမှန်တကယ် သေဆုံးသွားသည့် ‘လရောင်ဖြူ’လေးသာရှိနေလျှင် လင်းယွမ်၏စကားကိုကြားပြီး အုတ်ဂူထဲမှ ထွက်လာလောက်သည်။

ထိုစဉ် ငှက်ပေါက်လေး အတောင်ပံများကို အသည်းအသန်ခတ်ရင်း ဝင်လာခဲ့ပါသည်။

“စနစ်ပိုင်ရှင် စနစ်ပိုင်ရှင်! ကျွန်ုပ် ရှာတွေ့သွားပြီ!”

ထိုစကားလုံးများကို ယန်ရုန်ရုန်တစ်ယောက်တည်းသာ ကြားနိုင်သည်။ အခြားသူများအဖို့ ထိုအသံများက ငှက်ပေါက်လေး၏တကျိကျိ မြည်သံများသာ ဖြစ်သည်။

လင်းယွမ်နှင့် ယန်ရုန်ရုန်တို့၏နီးနီးကပ်ကပ် အခြေအနေကို သတိထားမိသွားပြီး ငှက်ပေါက်လေး မျက်လုံးကို အတောင်ဖြင့် အမြန်အုပ်လိုက်ပါသည်။

“အောင်မယ်လေး! နေ့ခင်းကြောင်တောင်ကြီး သာယာနေကြတာလား၊ ဂုဏ်သိက္ခာတောင် မငဲ့ကြတော့ဘူးလား! ကျွန်ုပ်က ကလေးပဲ ရှိသေးတာနော်!”

ယန်ရုန်ရုန် လင်းယွမ်ကိုအားဖြင့် ဆောင့်တွန်းလိုက်သည်။

“ကျွန်မကို လွှတ်!”

လင်းယွမ်လည်း သူမကို လွှတ်ပေးလိုက်ပြီး နောက်ဆုတ်ပေးလိုက်ပါသည်။ ပါးစပ်ကလည်း အာချောင်ဖို့ မမေ့ပါ။

“တွေ့လား၊ မင်း လုပ်ခိုင်းတာမှန်သမျှ ကိုယ်လုပ်ပေးတယ်၊ ကိုယ်က အရမ်းလိမ္မာတာ၊ ကိုယ့်ကို အမြန်ဆုံးပြန်မချစ်သင့်ဘူးလား”

All Chapters