အခန်း (၁၆၂)
Vol. 17 Ch. 162
🌹Chapter 162
နားလည်မှုလွဲခြင်းများကို ဖြေရှင်းပြီးချိန်ကစ၍ လင်းယွမ်ကို ယန်ရုန်ရုန် ယခင်ကလောက် မမုန်းတီးတော့ပါ။ သို့သော် သူ့ကို ရုတ်တရက် ပြန်ချစ်လာလိမ့်မည်ဟုလည်း မဆိုလိုပေ။
သူမ၏ တစ်ခုတည်းသော ပန်းတိုင်က မပြောင်းလဲဘဲ အမြဲတမ်းခိုင်မာခဲ့ပါသည်။ အိမ်ပြန်လမ်းကို ရှာဖွေနိုင်ဖို့ပင်…
အိမ်ပြန်လမ်းကို အမှန်တကယ် ရှာမတွေ့ဘဲ ဒီကမ္ဘာထဲမှာပဲ ဆက်နေရမည် ဆိုလျှင်တောင် သူမ၏ပထမဦးစားပေး ပန်းတိုင်က ပိုမိုသန်မာလာဖို့သာ။
ခွေးခွေးချင်းစားသည့် ဒီလို ကျင့်ကြံခြင်းကမ္ဘာထဲ ရှင်သန်နိုင်ဖို့အတွက် လုံလုံလောက်လောက် သန်မာလာရမည်။ ရုတ်တ ရက် အိမ်ထောင်ပြုပြီး သူမ၏ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ကို ယောက်ျားတစ်ယောက် အပေါ်မှာပဲ ပုံအပ်မထားချင်ပါ။
ငှက်ပေါက်လေးထံမှ သံသရာခွင်းဘုံအကြောင်း ကြားလိုက်ရပြီးနောက် သူမ အိမ်ပြန်နိုင်ဖို့ အခွင့်အရေးရှိမှန်း သိလိုက်ရသဖြင့် ဒီကမ္ဘာမှာ အချစ်ရေးကိစ္စစဉ်းစားဖို့ ပိုခက်ခဲသွားပါသည်။
လင်းယွမ်ကို ထပ်ငြင်းပြီးနောက် ယန်ရုန်ရုန် ပြတ်ပြတ်သားသား ရှေ့ဆက်လျှောက်လာခဲ့သည်။
ထိုစဉ် သူမနောက်မှ လင်းယွမ်၏အသံ ထွက်ပေါ်လာခဲ့သည်။
“အဆုံးမဲ့အသူရာချောက်နက်ထဲမှာ ကိုယ် မင်းနဲ့အတူ သံသရာခွင်းဘုံကို လိုက်ရှာပေးလို့ရတယ်”
ယန်ရုန်ရုန့် ခြေလှမ်းများ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ လင်းယွမ်ကို သူမ လှည့်ကြည့်ကာ အံ့အားသင့်စွာမေးလိုက် သည်။
“ရှင်က အဆုံးမဲ့အသူရာချောက်နက်ထဲကို ပြန်သွားချင်တယ်ပေါ့ ဟုတ်လား”
အသူရာချောက်နက်ထဲတွင် လင်းယွမ် နှစ် ၅၀၀ တိုင်အောင် ချုပ်နှောင်ခံခဲ့ရသည်။ ယန်ရုန်ရုန့်ကြောင့်သာ မဟုတ်လျှင် သူယခုချိန်ထိ လွတ်မြောက်လာဦးမှာ မဟုတ်ပါ။
ထို့ကြောင့် ထိုနေရာကြီးကို လင်းယွမ် ဘယ်လောက်စက် ဆုပ်မုန်းတီးနေမလဲ စဉ်းစားကြည့်ဖို့ပင် မလိုအပ်ပေ။ ယုတ္တိရှိရှိ တွေးကြည့်လျှင် ထိုနေရာကြီးထံ လင်းယွမ် တစ်သက်လုံး ခြေပြန်ချချင်မှာ မဟုတ်မှန်း သိနိုင်ပါသည်။
သို့သော် ယခုတော့ သူမနှင့်အတူ လိုက်ခဲ့ပြီး ကူညီပေးမည်ဟု လိုလိုလားလား ကမ်းလှမ်းနေလေသည်။
နားကြားများ မှားသွားသလားဟုပင် ယန်ရုန်ရုန် တွေးမိသွားပါသည်။ ထိုစဉ် လင်းယွမ်က မဆိုင်းမတွ ထပ်ပြောလိုက်သည်။
“အဆုံးမဲ့အသူရာချောက်နက်က အန္တရာယ်များတယ်၊ မင်းသွားမှ ဖြစ်မယ်ဆိုရင် ကိုယ်လည်းလိုက်ခဲ့မယ်၊ အဲ့တာဆို ကိုယ် မင်းကို ကာကွယ်ပေးနိုင်တယ်”
ယန်ရုန်ရုန် သူ့ကို စိုက်ကြည့်လိုက်ပါသည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် သူမ ပြန်ပြောလိုက်သည်။
“ကျွန်မ ရှင့်ကို လက်မထပ်ဘူးနော်”
လင်းယွမ် ရုတ်တရက် စိတ်ရှုပ်သွားသည်။
“သိပါတယ်! အဲ့ဒီစကားကို ထပ်ခါတလဲလဲ မပြောလို့မရဘူးလား၊ ကိုယ် မကြားချင်ဘူး!”
ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။ သူမက အကြမ်းနည်းထက်စာလျှင် အနုနည်းကိုသာ ပိုဦးစားပေးတတ်သော လူမျိုး ဖြစ်ပါသည်။
ယခင်တုန်းက သူမအတွက် နဂါးရိုးကိုရှာဖွေပေးဖို့ သူမနှင့်အတူတူ ဖမ့်လိုင်မသေမျိုးကျွန်းထံသို့ ရှန်းဝမ်ချင်း လိုက်လာပေးခဲ့သည်။
ယခုလည်း လင်းယွမ်က သူမအတွက် သံသရာခွင်းဘုံကို ရှာဖွေပေးဖို့ အဆုံးမဲ့အသူရာချောက်နက်ထဲ လိုက်လာမည်ဟု ဆိုနေပါသည်။
နှစ်ယောက်စလုံးက သူမအတွက် အသက်ကို စတေးဝံ့ကြသည်။
ယန်ရုန်ရုန်ကလည်း ထိုကဲ့သို့ တစ်ကိုယ်ကောင်းစိတ်ကင်းမဲ့သော စတေးမှုမျိုးကို သည်းမခံနိုင်ဆုံးဖြစ်သည်။ သူတို့ လိုချင်သည့် အရာကို သူမဘက်က ပြန်ပေးဖို့ မဖြစ်နိုင်မှန်း သိနေခြင်းကြောင့်ပင်။
ယန်ရုန်ရုန့် မျက်နှာကို ကြည့်ရင်း သူမ ထပ်ငြင်းဖို့ ကြံနေမှန်း လင်းယွမ် ရိပ်မိသဖြင့် ချက်ချင်း စကားဖြတ်ပြောလိုက်သည်။
“ခုနက ကောလဟာလတွေရဲ့ ရင်းမြစ်ကို စုံစမ်းချင်တယ်ဆို၊ ကိုယ်အခုပဲ သွားစုံစမ်းလိုက်မယ်နော်”
ယန်ရုန်ရုန် စကားပြန်ပြောမည့် အချိန်ကိုပင် စောင့်မနေတော့ဘဲ လင်းယွမ် လေထုထဲ တိုးဝင်ပျောက်ကွယ်သွားတော့ သည်။
ယန်ရုန်ရုန်တစ်ယောက်တည်း ခေါင်းကုတ်ရင်း ကျန်ခဲ့ကာ အတော်လေး စိတ်ရှုပ်ထွေးသွားခဲ့ပါသည်။
လင်းယွမ်သာ သူ့အကြွင်းမဲ့စွမ်းအားကို အသုံးပြုပြီး သူမကို အတင်းအကြပ် သိမ်းပိုက်ခဲ့လျှင် ဒီလောက်ထိ အခက်တွေ့နေစရာ အကြောင်းမရှိပါ။ ထိုအခါ သူ့ကို ဘာမှစဉ်းစားစရာမလိုဘဲ မုန်းတီးနိုင်သည်။
သို့သော် ယခုတော့ သူ့ကို ဆက်ပြီးမုန်းတီးဖို့ အကြောင်းအရင်းပင် မရှိတော့သည့် အခြေအနေမျိုးကို ရောက်ရှိနေပါပြီ။
တွေးမိလေလေ ယန်ရုန်ရုန် စိတ်ရှုပ်လာမိလေလေပင်။ ခေါင်းကို အသည်းအသန်ခါရင်း ကိုယ့်ကိုကိုယ် ဆုံးမလိုက်သည်။
‘အဲ့တာတွေ မစဉ်းစားနဲ့တော့!’
ယခုအချိန်တွင် အရေးအကြီးဆုံးက သံသရာခွင်းဘုံကို ရှာဖွေဖို့ ဖြစ်ပါသည်။ ထိုအမည်ကို သူမ ခေါင်းထဲ မန္တန်တစ်ပုဒ်လို အကြိမ်ကြိမ်အခါခါ ရွတ်နေခဲ့သည်။
ယောက်ျားတစ်ယောက်ကြောင့် သူမ ပန်းတိုင် နှောင့်နှေးသွားလို့မဖြစ်ပေ။
--- --- ---
လောလောကို စာရင်းကိုင်အခန်းထဲတွင် ယန်ရုန်ရုန် ရှာတွေ့ခဲ့ပါသည်။ မြို့စားစံအိမ်တစ်ခုလုံး၌ လောလော အကြိုက်ဆုံး နေရာဟုလည်း ဆိုနိုင်သည်။
ထိုအခန်းထဲ ကျောက်စိမ်းပြားများဖြင့် ပြည့်နှက်နေပြီး ကျောက်စိမ်းပြားတိုင်းတွင် မြို့တော်အတွင်းရှိ လုပ်ငန်းတိုင်း၏ မှတ်တမ်းများ ရှိနေပါသည်။ ထိုကျောက်စိမ်းပြားများပေါ်မှ ဂဏန်းများကို ကြည့်နေရရုံနှင့် လောလော အတော်လေး စိတ်ရွှင်နေပါသည်။
ယခု လောလောက ထိုင်ခုံရှည်ပေါ်တွင် တင်ပလ္လင်ခွေကာ ထိုင်နေပြီး ကျောက်စိမ်းပေသီးခုံကို ပျော်ပျော်ကြီးတတောက်တောက် ခေါက်နေသည်။ ရှေ့က ကျောက်စိမ်းပြားများကိုလည်း မကြာခဏဆိုသလို မော့ကြည့်ရင်း စာရင်း ကိုက်ညီအောင် စစ်ဆေးနေလေသည်။
တံခါးဖွင့်သံကို ကြားသောအခါ လောလော ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ယန်ရုန်ရုန်ဖြစ်မှန်း မြင်သောအခါ သူ့မျက်လုံးများ ချက်ချင်း အရောင်လက်သွားခဲ့ပါသည်။
ရွှေအိုးကြီးတစ်လုံးကို မြင်လိုက်ရသကဲ့သို့ မျက်နှာတစ်ခုလုံး ရွှင်လန်းတောက်ပသွားခဲ့သည်။
ယန်ရုန်ရုန်လည်း ခြေလှမ်းများရပ်ကာ သူမ ချန့်ခွင်းအိတ်ကို အမြန်ကာကွယ်လိုက်ပါသည်။
ထိုအပြုအမူကို မြင်သည့် လောလောက မကျေမနပ် ပြောလိုက်သည်။
“အဲ့တာ ဘာလုပ်တာလဲ၊ မသိရင် မင်းဆီက ငါချေးငှားတော့မယ့် ပုံစံမျိုးနဲ့၊ ငါက အဲ့လို သတ္တဝါမျိုး မဟုတ်ဘူး၊ သူများတွေဆီက ငါတစ်ခါမှ မချေးငှားဖူးဘူး”
ယန်ရုန်ရုန် ခြောက်ကပ်စွာ ရယ်မောလိုက်သည်။
“ဟား”
“ဟုတ်တာပေါ့၊ ပြန်ပေးစရာလိုမှ ‘ချေးငှားတယ်’လို့ ခေါ်တာလေ၊ ရှင့်လို တစ်ပြားတစ်ချပ်မှ ပြန်မပေးတာမျိုးကို ဓားပြတိုက်တယ်လို့ ခေါ်တယ်”
လောလော မကျေမနပ် ပိုဖြစ်သွားသည်။
“ငါက ရှေးဟောင်းနတ်သားရဲ တစ်ကောင်နော်! သူများကို ဓားပြတိုက်ရလောက်တဲ့အထိ အောက်တန်းကျတဲ့ အလုပ်မျိုး မလုပ်ဘူး၊ ကဲပါ အဲ့တာတွေ မပြောနဲ့တော့၊ မင်းရောက် လာတာ အချိန်ကိုက်ပဲ၊ ဒါတွေက ညမဲ့မြို့တော်ရဲ့ နှစ်ပတ်စာ ဝင်ငွေစာရင်းတွေ၊ ငါအကုန် စီရီထားပြီးပြီ၊ စစ်ကြည့်လိုက်ဦး”
ကျောက်စိမ်းပြားပုံတစ်ပုံကို ယန်ရုန်ရုန့်ထံ သူတွန်းပို့ပေး လိုက်ပါသည်။ ယန်ရုန်ရုန်လည်း ကျောက်စိမ်းပြားတစ်ချပ်ကို ကျပန်းကောက်ယူလိုက်ပြီး နတ်အာရုံထည့်သွင်းလိုက်သည်။
အလွန်ရှုပ်ထွေး ထူထဲလှသည့် စာရင်းများ သူမဦးနှောက်ထဲ ချက်ချင်းဆိုသလို ဝင်ရောက်လာခဲ့သည်။ ခေါင်းပင် မူးနောက်သွားခဲ့သဖြင့် နတ်အာရုံကို ပြန်ထုတ်လိုက်ပြီး ကျောက်စိမ်းပြားကိုလည်း ပြန်ချထားလိုက်ပါသည်။
လောလောက သူမကို မျှော်လင့်တကြီး ကြည့်နေသည်။
“ဘယ်လိုလဲ၊ ညမဲ့မြို့တော်ရဲ့ နှစ်ပတ်ဝင်ငွေက အရင်တုန်းက တစ်နှစ်ဝင်ငွေလောက်နဲ့တောင် ညီမျှတယ်၊ အခု ညမဲ့မြို့တော်က နတ်ဆိုးနယ်မြေရဲ့ ရွှေအိုးကြီးတစ်အိုးလို ဖြစ်နေပြီ၊ နတ်ဆိုးကျင့်ကြံသူတွေကလည်း ဒီမြို့မှာ စီးပွားရေးလာလုပ်ဖို့ အသည်းအသန် ကြိုးစားနေကြတာ”
သူ့လေသံက ချီးကျူးခံချင်နေသည့် လေသံဖြစ်မှန်း သိသာပါသည်။ ယန်ရုန်ရုန်လည်း သူ့ပခုံးကို အားပေးအားမြှောက် ပုတ်ပေးလိုက်သည်။
“တော်တယ်၊ ဆက်ကြိုးစား၊ ကျွန်မရှင့်ကို အများကြီးမျှော် လင့်ထားတယ်”
“ဟုတ်ပြီ ဟုတ်ပြီ! ငါ ဆက်ကြိုးစားမယ်!”
ထိုပိုင်ဆိုင်မှုများက သူ့ထံရောက်ရှိလာခြင်း မဟုတ်သော် လည်း လောလော ဂရုမစိုက်ပါ။ စည်းစိမ်တွေ တဟုန်ထိုး ဝင်ရောက်လာသည့် ခံစားချက်ကြီးကို သူ အလွန်သဘောကျပါသည်။ ထိုခံစားချက်က သူ့ဝိညာဉ်ကို သာယာမှုပေးစွမ်းနိုင်သည်။
ထို့နောက် လောလော ဝတ်ရုံထဲမှ မှတ်စုစာအုပ်ငယ်တစ်အုပ်ကို ထုတ်ကာ လှန်ဖွင့်လိုက်ပြီး ယန်ရုန်ရုန့်ကိုပေးလိုက်ပါသည်။
“လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း မြို့တော်ကို စီမံခန့်ခွဲရင်း ငါသုံးခဲ့ရတဲ့ ကုန်ကျစရိတ်တွေလေ၊ ဘယ်တော့လောက် ပြန်ထုတ် ပေးနိုင်မလဲ ကြည့်ပေးပါလား”
ယန်ရုန်ရုန် ဆွံ့အသွားသည်။ ယခင်တစ်ခေါက်က အလောင်း အစားတွင် လောလော ရှုံးနိမ့်သွားသဖြင့် သူမအတွက် ညမဲ့မြို့တော်ကို ကူညီပြီးစီမံပေးခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ဒီအလုပ်က လစာမဲ့ အလုပ်ဖြစ်သင့်သော်လည်း ယခုလို ကုန်ကျစရိတ်တွေ ပြန်တောင်းလိမ့်မည်ဟု ထင်မထားခဲ့ပါ။
ထိုမှတ်စုစာအုပ်ကို ယန်ရုန်ရုန် စစ်ဆေးလိုက်ပြီး စာကြောင်းတစ်ကြောင်းကို လက်ညှိုးထိုးပြလိုက်သည်။
“ရှင့်ဖာသာ ရှင် အဝတ်အစားအသစ် ဝယ်တာကော ကျွန်မက ပြန်ထုတ်ပေးရမှာလား”
လောလော ချက်ချင်းရှင်းပြလိုက်ပါသည်။
“မြို့တော်ထဲက လုပ်ငန်းရှင်တိုင်း ငါ့ဆီ စာရင်းလာအပ်ရတာလေ၊ ငါကအဝတ်အစား အစုတ်ကြီးနဲ့ သူတို့ကို တွေ့လို့ဘယ်ဖြစ်မလဲ၊ ငါဆင်းရဲသလိုပုံစံဖြစ်နေတာ ကိစ္စမရှိပေမယ့် မင်းမျက်နှာပျက်မှာစိုးလို့ အဝတ်အစားအသစ်တစ်စုံ သွားဝယ်ခဲ့တာလေ၊ စိတ်မပူပါနဲ့ ငါဘာမှ အလကားမဖြုန်းတီးဘူး၊ လျှော့ဈေးရတဲ့အချိန်တုန်းက သွားဝယ်ထားတာ၊ ဈေးက အရမ်းချိုတယ်”
ဈေးက အမှန်တကယ် ချိုပါသည်။ သို့သော် ယန်ရုန်ရုန် မနေနိုင်ဘဲ မေးမိသည်။
“ရှင့်အစွမ်းတွေနဲ့ အဝတ်အစားတစ်စုံ ဖန်ဆင်းလိုက်လို့မရဘူးလား၊ ဘာလို့ ဆိုင်မှာသွားဝယ်မှ ဖြစ်မှာလဲ”
လောလောက အင်္ကျီလက်ဖျားလေးကို ကိုင်ရင်း ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်ပါသည်။
“ငါအဝတ်အစားအသစ် မဝယ်ရတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ၊ အခု ငါဝတ်ထားတဲ့ အဝတ်အစားကတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်က ချီလင်နတ်သားရဲတစ်ကောင် မဝတ်ချင်တော့လို့ အလကားပေးခဲ့တဲ့ အဝတ်အစားပဲ၊ အခု အခွင့်အရေးရလာတော့ အသစ်ဝတ်ရတဲ့ ခံစားချက်လေးက ဘယ်လိုမျိုးလဲဆိုတာ ခံစားကြည့်ချင်ရုံပါ…”
ကျွတ် ကျွတ်… သနားစရာကောင်းလိုက်တာ…
သို့သော် ယန်ရုန်ရုန်ကတော့ စိတ်မဝင်စားပေ။ သူမ သွေးအေးစွာ ပြောလိုက်သည်။
“ရှင်က အဝတ်အစားအသစ်တွေ မဝယ်နိုင်လို့ မဝယ်ခဲ့တာမှ မဟုတ်တာ၊ ရှင့်အိတ်ထဲက ထုတ်သုံးရမှာ သေလောက်အောင် ကြောက်နေတဲ့ကပ်စေးနည်းမို့လို့ မဝယ်ခဲ့တာလေ”
လောလော ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်သည်။
“အဲ့တာကို ခြိုးခြံချွေတာတာလို့ ခေါ်တယ်!”
“ခြိုးခြံချွေတာတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်မဘက်ကိုကော ငဲ့ကြည့်ဖူးရဲ့လား၊ ရှင်က ကျွန်မ စည်းစိမ်တွေကို ထုတ်သုံးနေတာနော်!”