အခန်း (၁၆၃)
Vol. 17 Ch. 163
🌹Chapter 163
ယန်ရုန်ရုန် အသက်ဝဝရှူလိုက်ပြီး ငယ်ထိပ်ဝ ရောက်နေသည့် ဒေါသကို ချုပ်တည်းကာ စာအုပ်ထဲရှိ နောက်ထပ် စာကြောင်းတစ်ကြောင်းကို ထိုးပြလိုက်ပါသည်။
“အဲ့တာဆို ဒီကျောက်စိမ်းဆံထိုးဆိုတာကကော ဘာလဲ”
လောလော ဆံထုံးပေါ်ရှိ ကျောက်စိမ်းဆံထိုးကို လက်ဖြင့် စမ်းရင်း ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပါသည်။
“အရင်တုန်းက ငါဖဲကြိုးတွေပဲ သုံးတာလေ၊ အရေးကြီးတဲ့ ပွဲလမ်းသဘင်တွေအတွက် သိပ်မသင့်တော်ဘူးထင်လို့၊ အဲ့တာကြောင့် ဒီကျောက်စိမ်း ဆံထိုးလေး သွားဝယ်လိုက်တာ၊ အရင်က တစ်ခါမှ မသုံးဖူးဘူး၊ ဘယ်လိုလဲ ကြည့်လို့ကောင်းရဲ့လား”
အမှန်အတိုင်း ဆိုရလျှင် လောလောက ရုပ်ရည်ချောမောပါသည်။ အသားအရည် ဖြူဖျော့ကာ မျက်နှာ အစိတ်အပိုင်းများကလည်း ကြည်လင်ကျော့ရှင်းသည်။
ယခင်တုန်းက ဝိညာဉ်ခွဲထုတ်ထားရသဖြင့် သူ့ပုံစံက ညှိုးနွှမ်းခြောက်သွေ့နေသည့်ပုံစံပေါက်သော်လည်း ယခု ဝိညာဉ်ပြန်လည်ပေါင်းစည်းသွားပြီဖြစ်ကာ ထိုညှိုးနွှမ်းမှုများ ပျောက်ကွယ်သွားခဲ့ပါပြီ။
ယခုတော့ သူ့ပုံစံက အလွန်တောက်ပနေသည့် အားကိုးချင်းစရာ အစ်ကိုကြီးတစ်ယောက်နှင့် တူနေပါသည်။
ကျောက်စိမ်းဆံထိုးက ရိုးရှင်းသော်လည်း လက်ရာမြောက် သည်။ အစီအရင်အသေးစားလေးတစ်ခုနှင့် စီရင်ထားပုံပေါ်ပြီး နူးနူးညံ့ညံ့ မှိန်ပျပျ အလင်းရောင်လေး ဖြာထွက်နေသည်။
လောလောနှင့် အမှန်တကယ် လိုက်ဖက်လှပါသည်။
ယန်ရုန်ရုန် ခေါင်းညိတ်ကာ တီးတိုး ရေရွတ်လိုက်သည်။
“ကြည့်ကောင်းသားပဲ”
လောလော အပြုံးများ ပိုကျယ်သွားရသည်။
‘ထားလိုက်ပါတော့လေ…’ယန်ရုန်ရုန် တွေးလိုက်သည်။
ဆံထိုးတစ်ခုလောက်က ဘာပြဿနာမှ မရှိပါ။ သူလိုချင်လျှင် ပေးလိုက်ပါမည်။ တန်ဖိုးလည်း သိပ်မကြီးပေ။
သို့သော် လင်းယွမ်ကို လောလော ရောင်းခဲ့ဖူးသည့် စာအုပ်များအကြောင်း ပြန်တွေးမိကာ ယန်ရုန်ရုန် ရုတ်တရက် သတိကြီးသွားခဲ့ပါသည်။ ထို့ကြောင့် သူ့ကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်သည်။
“ဝတ်ရုံနဲ့ ဆံထိုးကို ဘယ်ကဝယ်တာလဲ”
လောလော မျက်လုံးများ ဂနာမငြိမ်ဖြစ်သွားသည်။
“ဒီတိုင်း… သာမန်ဆိုင်တစ်ဆိုင်ကပါ”
သူ့ပုံစံကို တစ်ချက်လောက် ကြည့်ရုံနှင့် လိပ်ပြာမလုံဖြစ်နေမှန်း ယန်ရုန်ရုန် သိနိုင်ပါသည်။ ထို့ကြောင့် သူမ ထပ်မေးလိုက်သည်။
“ဘယ်ဆိုင်လဲ၊ နာမည်ပြောပြလေ၊ ကျွန်မကိုယ်တိုင် သွားစစ်ကြည့်မလို့”
ဖုံးကွယ်ထားလို့ မရတော့မှန်း သိလိုက်သဖြင့် လောလော အမှန်အတိုင်း ဖြေလိုက်ပါသည်။
“ပြီးရော ပြီးရော! ဝတ်ရုံကော၊ ဆံထိုးကော ဝမ်ပေါင်မျှော်စင်က ဝယ်ထားတာ ဟုတ်ပြီလား!”
ယန်ရုန်ရုန် ဒေါသထွက်လွန်းသဖြင့် ရယ်မောမိသည်။
“ရှင်က ကျွန်မဝိညာဉ်ကျောက်တုံးတွေကိုသုံးပြီး ရှင်ပိုင်တဲ့ ဆိုင်ကနေ အဝတ်အစားအသစ်တွေ၊ အသုံးအဆောင်အသစ်တွေ ဝယ်ခဲ့တာပေါ့ ဟုတ်လား၊ အဲ့ဒီပစ္စည်းတွေ ရှင်အလကား ရလိုက်ရုံတင်မဟုတ်ဘူး ကျွန်မဆီက အမြတ်ထုတ်ဖို့တောင် ကြိုးစားနေသေးတယ်၊ ရှင်ကတော့ တကယ့် စီးပွားရေး ပါရမီရှင်ပဲ!”
လောလော ကပ်ဖားရပ်ဖား ပြုံးလိုက်ပါသည်။
“တစ်ခုခု ဝယ်ရမယ်ဆိုမှတော့ ဝမ်ပေါင်မျှော်စင်က ဝယ်လိုက်တာပဲ ပိုကောင်းမလားလို့ပါ၊ ကိုယ့်ပိုင်ဆိုင်မှုကို သူများအိတ်ကပ်ထဲ ထည့်ပေးရမယ့်အစား ကိုယ့်အချင်းချင်း ပြန်အကျိုးပြုတာက ပိုမကောင်းဘူးလား”
ယန်ရုန်ရုန် သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။
“အမြတ်ကြီးစားသမား!”
လောလော အပြုံးမပျက်ပေ။
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ငါက အမြတ်ကြီးစားသမားပါ”
သူ့ကို ဝိညာဉ်ကျောက်တုံးများ ပြန်ထုတ်ပေးမည်ဆိုလျှင် ကြိုက်သလို ခေါ်ဝေါ်နိုင်ပါသည်။
မှတ်စုစာအုပ်ထဲတွင် ခရီးသွားစရိတ်၊ အခါးရည်စရိတ်၊ မနက်စာညစာစရိတ်စသည့် ကုန်ကျစရိတ်များ ပါဝင်သေးသည်။ လောလောက တစ်နေ့တာ ကုန်ကျစရိတ်များအားလုံးကို မှတ်စုစာအုပ်ထဲ ထည့်သွင်းရေးသားထားပုံ ပေါ်ပါသည်။
အားလုံးတွက်ချက်ကြည့်လိုက်သောအခါ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၃၂၀ ခန့် ကုန်ကျသည်။
ယန်ရုန်ရုန် သူမမျက်နှာကိုသူမ လက်ညှိုးပြန်ထိုးပြလိုက်ပြီး ရွဲ့ပြုံးပြုံးကာ မေးလိုက်သည်။
“ကျွန်မကို ကြည့်စမ်း၊ ကျွန်မပုံစံက ဦးနှောက်မရှိတဲ့ သူဌေးမပုံစံပေါက်နေလို့လား”
လောလော အမြန်ပြန်ပြောလိုက်သည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး! မင်းပုံစံက အရမ်း သဘောမနောကောင်းပြီး အရမ်းလည်း ချမ်းသာကြွယ်ဝမယ့်ပုံပေါက်ပါတယ်၊ အသုံးအဖြုန်းကြီးမယ့်ပုံစံလည်း နည်းနည်းပေါက်တယ်”
“ရှင့်ပေါက်တတ်ကရစကားတွေကို ကျွန်မ တစ်ခွန်းမှ မယုံဘူး!”
ယန်ရုန်ရုန် ငေါက်လိုက်သည်။
ဒေါသထွက်နေသော်လည်း လောလော၏ ‘ကုန်ကျစရိတ်’ များကို သူမ ပြန်ထုတ်ပေးခဲ့ပါသည်။ ဒီကောင်က အရိုးထဲထိစွဲအောင် ကပ်စေးနည်းသော်လည်း စီးပွားရေးပါရမီရှင်တစ်ယောက် ဖြစ်ကြောင်းကိုတော့ ငြင်းမရပေ။
မြို့တော်အတွင်းရှိ လုပ်ငန်းတိုင်း၏ စာရင်းဇယားများကို တိတိကျကျ စီမံနိုင်စွမ်းရှိသည်။ ထို့အပြင် လာဘ်လာဘ ခေါ်ဆောင်ပေးနိုင်သူလည်းဖြစ်ရာ သူဖန်တီးပေးနိုင်သည့် အကျိုးအမြတ်က ဝိညာဉ်ကျောက်တုံး ၃၀၀ ကျော်လောက်ထက် အများကြီး ပိုတန်ပါသည်။
မှတ်စုစာအုပ်လေးတွင် ယန်ရုန်ရုန် လက်မှတ်ထိုးပေးလိုက်ပြီး စာရင်းကိုင်ရုံးခန်းမှာ သွားထုတ်ဖို့ ပြောလိုက်သည်။ လောလောက ယခု စာရင်းကိုင်ရုံးခန်းမှာ ရှိနေပြီးသားဖြစ်သဖြင့် အခြားသူ၏ အကူအညီကိုတောင် မလိုအပ်ဘဲ ဝိညာဉ်ကျောက်တုံးများ ထုတ်ယူခြင်း၊ စာရင်းသွင်းခြင်းတို့ကို သူကိုယ်တိုင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
လက်ထဲ ဝိညာဉ်ကျောက်တုံးများ ရောက်လာသည်နှင့် လောလော စိတ်ရွှင်သွားသည်။ ထူးထူးခြားခြား ရက်ရောစွာဖြင့် ချန့်ခွင်းအိတ်ထဲမှ သေရည်တစ်အိုးနှင့် ခွက်နှစ်ခွက်ကိုပင် ထုတ်လိုက်ပါသည်။
“ဒီနေ့ ငါအမြတ်တွေရလိုက်တယ်၊ မင်းကို တစ်ခွက်တိုက်ပါ့မယ်”
မလိုက်ဖက်လှသည့် သေရည်အိုးနှင့် သေရည်ခွက်တို့၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ရင်း ယန်ရုန်ရုန် မယုံသင်္ကာ မေးလိုက်သည်။
“အဲ့ဒီသေရည် ရှင်ဘယ်ကရတာလဲ”
သူကိုယ်တိုင် ဝိညာဉ်ကျောက်တုံး အကုန်ခံပြီး ဝယ်ထားခြင်းတော့ လုံးဝ မဖြစ်နိုင်ပါ။
ထင်ထားသည့်အတိုင်းပင်။ ညမဲ့မြို့စား၏ ညစာစားပွဲမှ အလစ်သုတ်လာသည့် သေရည်ဖြစ်မှန်း လောလော ဝန်ခံခဲ့ပါသည်။
ထို့အပြင် သူမကို ‘တစ်ခွက်’တိုက်မည် ဆိုသည့်စကားက အလိမ်အညာမဟုတ်ပေ။ ယန်ရုန်ရုန် တစ်ခွက်သောက်ပြီးသည်နှင့် လောလောက သေရည်အိုးနှင့် ခွက်နှစ်ခွက်စလုံးကို ချက်ချင်းပြန်သိမ်းလိုက်ပါသည်။
သူ့ကပ်စေးနည်းမှုအတွက် အကြောင်းပြချက် ပေးဖို့ပင် ကြိုးစားသေးသည်။
“ဘယ်နေရာမှာဖြစ်ဖြစ် လောဘမကြီးသင့်ဘူး၊ အများကြီး သောက်လို့ မူးသွားရင် မကောင်းဘူးလေ၊ တစ်ခွက်လောက်ဆို တော်ပြီပေါ့”
ယန်ရုန်ရုန် သူနှင့် ငြင်းခုံဖို့ပင် စိတ်မပါတော့ပါ။ ထို့ကြောင့် လိုရင်းကိုသာ မေးလိုက်သည်။
“ရှင် သံသရာခွင်းဘုံအကြောင်း သိလား”
လောလော ခေတ္တ ကြက်သေသေသွားပြီး အမြန်ပြန်မေးလိုက်ပါသည်။
“မင်းလည်း မြို့ထဲက ကောလဟာလတွေအကြောင်း ကြားထားတာပေါ့”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်ပြီး သူ့အမြင်ကို မေးမြန်းကြည့်လိုက်ပါသည်။
လောလောက နတ်သားရဲတစ်ကောင်ဖြစ်သဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသူဖြစ်ကာ လူသားတွေထက် ပိုမို နားလည်နေလိမ့်မည်ဟု သူမ ယုံကြည်ပါသည်။
လောလော သက်ပြင်းချလိုက်ပြီး အနည်းငယ် သုန်မှုန်သွားခဲ့သည်။
“သံသရာခွင်းဘုံသာ တကယ်ရှိရင် ငါလည်း ဝင်ချင်တယ်၊ မဟာကပ်ဘေးကြီး မကျရောက်ခင်တုန်းက အချိန်ကိုပြန် သွားပြီး ဘာလို့ အဲ့ဒီကပ်ဘေးကြီး ကျရောက်လာခဲ့ရတာလဲဆိုတာကို သိရအောင် လုပ်မယ်၊ ဖြစ်နိုင်ရင် တားဆီးဖို့တောင် ကြိုးစားချင်တယ်”
ထို့နောက် သက်ပြင်းအရှည်ကြီးထပ်ချကာ ဝမ်းနည်းမှုအပြည့်ဖြင့် ဆိုလိုက်ပါသည်။
“ဒါပေမယ့် အဲ့တာ မဖြစ်နိုင်မှန်း ငါ သိပါတယ်၊ သံသရာခွင်းဘုံဆိုတာ တကယ်ရှိနေရင်တောင် ကောလဟာလတွေ ပြောသလိုမျိုး လူတစ်ယောက်ရဲ့ ဘဝကို အလွယ်တကူ ပြောင်းလဲခွင့်ပေးနိုင်မှာတော့ မဟုတ်လောက်ဘူး၊ သဘာဝတရားကြီးကို ဖီဆန်တဲ့ အဲ့လို လုပ်ရပ်မျိုးကို ကောင်းကင်ဘုံတာအိုကလည်း ခွင့်ပြုမှာ မဟုတ်ဘူး”
ယန်ရုန်ရုန် မှင်သက်သွားခဲ့သည်၊။
‘အတိတ်ကို ပြန်သွားတာက သဘာဝတရားကြီးကို ဖီဆန်တာဆိုရင် ကမ္ဘာတွေကြားထဲ ခရီးသွားတာကကော… ငါလည်း ကောင်းကင်ဘုံကို ဖီဆန်နေမိတာလား’
ထိုစကားကသာ အမှန်ဆိုလျှင် ဒီကမ္ဘာကြီးထဲ သူမ တည်ရှိနေရုံနှင့် ကောင်းကင်ဘုံ တာအိုကို ဖီဆန်ရာကျပါလိမ့်မည်။
ထို့ကြောင့်လည်း ကောင်းကင်ဘုံက သူမကို အလွန်မုန်းတီးနေခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့်လည်း သူမ ကျင့်ကြံခြင်း အဆင့်တက်နိုင်ဖို့ ငရဲတမျှ ကြိုးစားခဲ့ရခြင်း ဖြစ်ပါလိမ့်မည်။
ဒီကမ္ဘာကြီးထဲ သူမ ရောက်ရှိလာခါစက ဒီကမ္ဘာကြီးကို ကျင့်ကြံခြင်း ဂိမ်းတစ်ခုဟုသာ မှတ်ယူခဲ့သည်။ သူမက ကစားသမားဖြစ်ပြီး ရှန်းဝမ်ချင်းနှင့် လင်းယွမ်တို့လို လူတွေက NPC တွေ ဖြစ်ကြပါသည်။
သို့သော် ယခုတော့ ဒီဂိမ်းထဲမှာ ကစားသမား ဟူ၍ ရှိပုံမပေါ်ပါ။ သူမက ဒီကမ္ဘာကြီးထဲမှာ ရှိမနေသင့်သည့် BUG တစ်ခုသာ ဖြစ်သည်။ ကစားပွဲကို အစီအစဉ်တကျ ပြန်ထိန်းချုပ်နိုင်ဖို့အတွက် ကောင်းကင်ဘုံ တာအိုက သူမကို ဖျက်ဆီးပစ်ချင်နေခြင်းပင်။
လောလောက သူမကို လှည့်ကြည့်လိုက်ပြီး အကြံပေးလိုက် ပါသည်။
“သံသရာခွင်းဘုံကို မင်းဘာလို့ ရှာချင်နေတာလဲတော့ ငါမသိဘူး၊ မင်းအတိတ်ကို ပြောင်းလဲချင်လို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဖြစ်နိုင်ချေ မရှိပါဘူး၊ အဲ့လို ဘုံမျိုးကို ကောင်းကင်ဘုံတာအိုက ရှိခွင့်ပေးမှာမဟုတ်ဘူး၊ တကယ်လို့ ရှိနေရင်တောင်၊ မင်းရဲ့ အတိတ်ကို ပြောင်းလဲနိုင်ခဲ့တယ် ဆိုရင်တောင် ရလဒ်က မင်းထင်ထားတာနဲ့ မတူညီနိုင်ဘူး”
“လောကကြီးမှာ အရာရာတိုင်းက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြတာ၊ အချိတ်အဆက် တစ်ခုကို ချိုးဖျက်လိုက်ရင် နောက်ဆက်တွဲ အချိန်အဆက်တွေပါ ကျိုးပျက်သွားနိုင်တယ်၊ ဘဝဆိုတာ ထိန်းချုပ်ဖို့မလွယ်ကူဘူး၊ အတိတ်ဆိုတာကို စွဲလမ်းနေမယ့်အစား အနာဂတ်ကို ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာပဲ စဉ်းစားသင့်တယ်”
သူ့ထံမှ ဒီလို အဓိပ္ပာယ်ပါသည့် စကားမျိုး ကြားရခဲပါသည်။ ထို့ကြောင့် သူ့ကို ယန်ရုန်ရုန် တလေးတစားကြည့်ကာ ပြုံးပြလိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်မ အတိတ်ကို ပြန်သွားမလို့မဟုတ်ဘူး၊ တခြားအကြောင်းအရင်းတစ်ခုရှိလို့ပါ၊ အခုလောလောဆယ်တော့ အဆုံးမဲ့ အသူရာချောက်နက်ထဲ ဝင်ပေါက်တစ်ခု တကယ်ရှိနေမလားဆိုတာပဲ သိချင်မိတယ်၊ ရှိနေတယ်ဆိုရင် ဘယ်လိုရှာရမလဲ”
“ငါလည်း တစ်ခါမှမမြင်ဖူးတော့ မပြောတတ်ဘူး၊ အဲ့ဒီဘုံက လောကသုံးပါးရဲ့ အပြင်ဘက်မှာရှိပြီး ကောင်းကင်ဘုံတာအိုရဲ့ နိယာမတွေကနေ လွတ်ကင်းတယ်လို့ သူများတွေ ပြောတာပဲ ကြားဖူးတယ်၊ မှန်ကန်တဲ့ အချိန်တစ်ခုမှာ မှန်ကန်တဲ့လူတစ်ယောက်ရှေ့မှာပဲ ပေါ်လာတတ်တာတဲ့၊ ဒါပေမယ့် စိတ်ကူးယဉ်ဆန်လွန်းပါတယ်၊ အတည်ယူလို့တော့ မရဘူးပေါ့”
ယန်ရုန်ရုန် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
‘ကောင်းကင်ဘုံတာအိုရဲ့ နိယာမတွေကနေ လွတ်ကင်းတယ်တဲ့…’
ဒီကမ္ဘာကြီးထဲက သူမ၏ဖြစ်တည်မှုကလည်း ထိုနည်းလည်းကောင်းပင် မဟုတ်ပါလား။