← Chapters

အခန်း (၁၆၄)

Vol. 17 Ch. 164

အခန်း (၁၆၄)

Vol. 17 Ch. 164

🌹Chapter 164

လောလောထံ ယန်ရုန်ရုန် ရောက်ရှိလာရခြင်းက သံသရာခွင်းဘုံအကြောင်း မေးမြန်းဖို့အတွက်ပဲ မဟုတ်ပါ။ သူနှင့် အပေးအယူ လုပ်စရာလည်း ရှိနေပါသည်။

“ရှင်တို့ ဝမ်ပေါင်မျှော်စင်မှာ သတင်းအချက်အလက်တွေ ရောင်းတယ် မဟုတ်လား၊ ရှင်တို့ဆီကနေ ကျွန်မ အချက်အလက်တစ်ခု ဝယ်ချင်တယ်”

ဝိညာဉ်ကျောက်တုံးရမည့် ကိစ္စအကြောင်း ကြားလိုက်ရသည်နှင့် လောလော ပြန်လည်တက်ကြွသွားခဲ့ပါသည်။

“ဘာသိချင်လို့လဲ”

“သံသရာခွင်းဘုံနဲ့ ပတ်သတ်တဲ့ ကောလဟာလတွေက မြို့ထဲမှာ ရုတ်တရက်ကြီး ပေါ်လာတာနော်၊ အဲ့ဒီ ကောလဟာလတွေကို ဘယ်သူလွှင့်တာလဲ သိချင်တယ်”

လောလော မျက်မှောင်ကြုတ်လိုက်သည်။

“အဲ့ကိစ္စကို စုံစမ်းရမှာ နည်းနည်းတော့ အခက်တွေ့နိုင်တယ်၊ ဒါပေမယ့် မင်းက အထူးဧည့်သည်ဆိုတော့ ၁% လျှော့ဈေးပေးပါ့မယ်၊ စုစုပေါင်းမှ ဝိညာဉ်ကျောက်တုံး ၉၉၀ ပဲ ကျမယ်နော်”

ယန်ရုန်ရုန် ဝိညာဉ်ကျောက်တုံး ၉၉၀ ချက်ချင်း ထုတ်ပေးလိုက်ပါသည်။

လောလောကလည်း ဝိညာဉ်ကျောက်တုံးများကို ပျော်ပျော်ကြီး သိမ်းလိုက်သည်။

“မနက်ဖြန် အဖြေသိစေရမယ်”

“ဟုတ်ပြီ”

အလုပ်ကိစ္စပြီးမြောက်သွားပြီဖြစ်သဖြင့် ယန်ရုန်ရုန် ထပြန်ခဲ့ပါသည်။ သို့သော် လောလောက သူမကို လှမ်းမေးလိုက်သည်။

“ငါသိချင်လို့ မေးကြည့်တာနော်၊ အဲ့ဒီကိစ္စ စုံစမ်းခိုင်းဖို့ လင်းယွမ်ကို ဘာလို့ အကူအညီမတောင်းတာလဲ၊ သူ့ပုံစံကို ကြည့်ရသလောက်တော့ မင်းကို ပျော်ပျော်ကြီး ကူညီပေးမယ့်ပုံစံပါ၊ သူ့အဆင့်အတန်းနဲ့ဆို အမှန်တရားကို စုံစမ်းဖို့ ဘာမှမခက်ခဲနိုင်ဘူး၊ ဒီလို ဝိညာဉ်ကျောက်တုံးအကုန်ခံစရာတောင် မလိုဘူးလေ”

ယန်ရုန်ရုန် သူ့ကို လှည့်ကြည့်ကာ ပြန်ချေပလိုက်သည်။ “

"ကျွန်မ လင်းယွမ်ကို အကူအညီမတောင်းခဲ့ဘူးလို့ ရှင်ဘာလို့ တပ်အပ် ပြောနိုင်တာလဲ”

လောလော နားမလည်နိုင်ဘဲ ကြက်သေသေသွားသည်။

“လင်းယွမ်စုံစမ်းလို့ ရလာတဲ့ ရလဒ်တွေက အမှန်တရားဖြစ်ချင်မှ ဖြစ်နိုင်မှာ၊ ရှင်တို့ကိုပါ စုံစမ်းခိုင်းထားတော့ ပိုစိတ်ချရတာပေါ့၊ သူ့ရလဒ်တွေမှာ ဟာကွက်တွေ ရှိနေရင် ရှင့်ဆီက ရလဒ်တွေနဲ့ ဖြည့်ကြည့်လို့ရတယ်၊ ပြီးတော့ ကျွန်မ သူ့ကိုပဲ အရာရာအားကိုးနေလို့ မဖြစ်ဘူးလေ၊ အန္တရာယ်များသွားမှာပေါ့”

လောလော တစ်ခုခုကို နားလည်သွားပုံရပြီး အံ့အားသင့်သွားခဲ့သည်။

“မင်းသူ့ကို မယုံဘူးလား”

ယန်ရုန်ရုန် အဖြေတိတိကျကျ မပေးခဲ့ပါ။

“ဘယ်အရာဖြစ်ဖြစ် သတိရှိတာ မမှားဘူးလေ”

ထို့နောက် လောလောကို လက်ပြနှုတ်ဆက်ရင်း အခန်းထဲမှ ထွက်လာတော့သည်။

--- --- ---

ငှက်ပေါက်လေးက သတင်းစုံစမ်းနေသည်ဟု ဆိုသော်လည်း တကယ်တမ်းတော့ အတင်းအဖျင်းများ နားထောင်နေခြင်းသာ ဖြစ်ပါသည်။

တစ်မြို့လုံး အနှံ့ပျံသန်းရင်း ကြားသမျှ စကားအစုံတို့ကို လိုက်လံ နားထောင်ခဲ့သည်။ အတင်းအဖျင်းပေါင်းများစွာ ကြားခဲ့ရသော်လည်း သံသရာခွင်းဘုံ ကောလဟာလများ၏ ဇစ်မြစ်အကြောင်းကိုတော့ လုံးဝ မသိခဲ့ရပါ။

ယန်ရုန်ရုန်ကလည်း မအံ့ဩပေ။ ခေါင်းငိုက်ငိုက်စိုက်ကျနေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ငှက်ပေါက်လေးကို ကြည့်ရင်း ယန်ရုန်ရုန် သူ့ခေါင်းလေးကို ပွတ်ပေးကာ နှစ်သိမ့်ပေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ နင့်ဆီကလည်း ငါအများကြီး မျှော်လင့်မထားဘူး၊ ဒီလိုသိတတ်တာနဲ့တင် တော်ပါပြီ”

ငှက်ပေါက်လေး၏ မျက်နှာ ပိုမိုညှိုးငယ်သွားခဲ့သည်။

ယန်ရုန်ရုန်က စကားလမ်းကြောင်း လွှဲလိုက်ပါသည်။

“ပြောပါဦး၊ အဲ့ဒီသံသရာခွင်းဘုံအကြောင်း ဘယ်ကနေဘယ်လို စကြားလာခဲ့တာလဲ၊ ပြီးတော့ အဲ့ဒီသံသရာခွင်းဘုံကို ဘယ်လိုသုံးပြီး ငါ့ကို ဒီကမ္ဘာထဲ ခေါ်လာခဲ့တာလဲ”

ငှက်ပေါက်လေး ခေါင်းခါလိုက်သည်။

ယန်ရုန်ရုန် မျက်ခုံးတစ်ဖက် ပင့်သွားပါသည်။

“အဲ့တာ ပြောလို့မရဘူးဆိုတဲ့ အဓိပ္ပာယ်လား၊ မသိဘူးဆိုတဲ့ အဓိပ္ပာယ်လား”

ငှက်ပေါက်လေး ဖုံးကွယ်ထားစရာလည်း မရှိတော့သဖြင့် အမှန်အတိုင်း ဖြေလိုက်ပါသည်။

“မသိတာ”

ယန်ရုန်ရုန် သူ့ကို မယုံသင်္ကာ ကြည့်လိုက်ပါသည်။

“တကယ်လား”

ငှက်ပေါက်လေး အလွန်စိတ်ဓာတ်ကျသွားသည်။

“တကယ်မသိတာပါဆို! စနစ်ပိုင်ရှင်ကို ရှာဖွေဖို့ ပင်မစနစ်က ကျွန်ုပ်ကို တာဝန်ပေးခဲ့တာ၊ အဲ့ဒီနောက် စနစ်ပိုင်ရှင်ရဲ့ ဝိညာဉ်က အချိန်နဲ့ အာကာသကို ဖြတ်သန်းပြီး ကျင့်ကြံခြင်းကမ္ဘာထဲ ရောက်လာခဲ့တာ၊ အဲ့ဒီအချိန်တုန်းက ပင်မစနစ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ကျွန်ုပ်ရှိနေတုန်းမို့လို့ အခုလို စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဉာဏ်လည်း မရှိခဲ့ဘူး”

“သံသရာခွင်းဘုံက ဘယ်လိုပေါ်လာလဲ ကျွန်ုပ်မသိဘူး၊ အဲ့ဒီဘုံထဲ ကျွန်ုပ်တို့ ဘယ်လိုဝင်သွားခဲ့သလဲ ဆိုတာလည်း မသိဘူး၊ အဲ့ဒီကိစ္စနဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေ အားလုံးကို ဆုံးရှုံးခဲ့ရတာ၊ မြို့တော်ထဲမှာ အဲ့ဒီဘုံနဲ့ ပတ်သတ်တဲ့ ကောလဟာလတွေကို ကြားမှ မှတ်ဉာဏ်တချို့ ပြန်ရောက်လာခဲ့တာလေ၊ ကျိန်ဆို ကျိန်ရဲပါတယ်၊ ကျွန်ုပ်သာ သံသရာခွင်းဘုံအကြောင်း အစောကြီးကတည်းကသိခဲ့ရင် စနစ်ပိုင်ရှင်ကို ပြောပြခဲ့တာကြာပြီပေါ့! ဘာမှဖုံးကွယ်ထားစရာ အကြောင်းမရှိဘူး!”

သူ့စကားကို သုံးသပ်ကြည့်ခြင်းအားဖြင့် ပင်မစနစ်က သံသရာခွင်းဘုံ၏ တည်ရှိမှုကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသည့်ပုံစံပင်။

ယခု ပင်မစနစ်၏ ထိန်းချုပ်နိုင်စွမ်းများ လျော့နည်းသွားပြီဖြစ်သဖြင့် ‘သံသရာခွင်းဘုံ’ဟူသည့် စကားလုံးကိုကြား လိုက်ရပြီးနောက် ငှက်ပေါက်လေးက မှတ်ဉာဏ်များ ပြန်လည်ရရှိလာခြင်း ဖြစ်ပါလိမ့်မည်။

ငှက်ပေါက်လေး လိမ်ညာမှာကို ယန်ရုန်ရုန် စိုးရိမ်စရာမလိုပါ။ သူတို့ ဝိညာဉ်သားရဲစာချုပ် ချုပ်ဆိုထားပါသည်။ တစ်ကိုင်းတည်းနားသည့် ငှက်နှစ်ကောင်လိုပင် ငှက်ပေါက်လေး မသေချင်လျှင် သူမကိုလည်း သေခွင့်ပေးလို့ မရပါ။

“ဟုတ်ပါပြီ၊ ငါနင့်ကို ယုံပါတယ်”

ယန်ရုန်ရုန် သူ့ကျောပြင်ကို ပွတ်သပ်လိုက်ပြီး ငှက်မွေးများကို ဖွပစ်လိုက်ပါသည်။

ငှက်ပေါက်လေးက သူမကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

“စနစ်ပိုင်ရှင် အသူရာချောက်နက်ထဲ သွားရှာဦးမှာလား”

“မသေချာသေးဘူး၊ ခဏလောက် ဆက်စောင့်ကြည့်ရအောင်”

ယန်ရုန်ရုန် ဘာတွေစောင့်နေသလဲ ငှက်ပေါက်လေး မသိပါ။ သို့သော် သိပ်မကြာလိုက်ဘဲ သူမထံ လောလော ရောက်လာခဲ့ပါသည်။

“ငါစုံစမ်းပြီးသွားပြီ၊ သံသရာခွင်းဘုံနဲ့ ပတ်သတ်တဲ့ ကောလဟာလတွေကို နတ်ဆိုးဘုရင်တွေက စလွှင့်ခဲ့တာ၊ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုတော့ မသိရဘူး၊ သူတို့ကို ကိုယ်တိုင်သွားမေးမှပဲ သိရလိမ့်မယ်”

ထိုရလဒ်ကို ယန်ရုန်ရုန် မျှော်လင့်ထားသလို မျှော်လည်းမျှော်လင့်မထားမိပါ။ နတ်ဆိုးဘုရင် ၇ ပါးက လင်းယွမ်ကို သတ်ဖို့ အမြဲတမ်း အစီအစဉ်ရှိခဲ့သော်လည်း စွမ်းအားချင်းမယှဉ်နိုင်ကြမှန်း သူမ သိပါသည်။

ထို့ကြောင့် လင်းယွမ်ကို အသူရာချောက်နက်ထဲ မျှားခေါ်ဖို့ ကြံစည်နေကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လင်းယွမ်ကို အသူရာချောက်နက်ထဲ တစ်ခါချုပ်နှောင်ဖူးလျှင် နောက်တစ်ခါ ချုပ်နှောင်ဖို့ မခက်နိုင်ပါ။

သို့သော် သူမ နားမလည်နိုင်သည့်အချက်က ‘သံသရာခွင်းဘုံ’ကို ဘာကြောင့် ငါးစာအဖြစ် အသုံးပြုခဲ့ရသလဲ ဆိုသည်ကိုပင်။

‘သံသရာခွင်းဘုံက ငါ့အတွက် အရေးပါသလို လင်းယွမ်အတွက်လည်း အရေးပါနေလို့လား’

အဖြေတစ်ခု ရလိုက်ပြီဖြစ်သော်လည်း ယန်ရုန်ရုန် စိတ်မအေးနိုင်ခဲ့ပါ။ ထို့အစား သံသယများ ပိုဝင်လာခဲ့ပါသည်။

ထိုစဉ် လေထုထဲ သွေးနီရောင် နတ်ဆိုးစွမ်းအင်များ စုစည်းလာခဲ့သည်။

ထိုနတ်ဆိုးစွမ်းအင်များ မြေပြင်ပေါ်သို့ ကျရောက်လာသောအခါ လူသားအသွင်ပြောင်းလဲသွားခဲ့ပါသည်။

လင်းယွမ်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်တည်း လောလော လွှတ်ခနဲ ပြောလိုက်သည်။

“ငါ့မှာလုပ်စရာတွေ ရှိသေးလို့ သွားလိုက်ဦးမယ်နော်! တာ့တာ!”

ထို့နောက် လောလော အမြန်ဆုံး လစ်ထွက်သွားလေတော့သည်။

လင်းယွမ်က လောလောကို မယုံသင်္ကာလှမ်းကြည့်ရင်း ယန်ရုန်ရုန့်ဘေးတွင် ဝင်ထိုင်ကာ ခပ်ပါးပါး ပြုံးလိုက်ပါသည်။

“လောလောက ဘာကိစ္စရှိလို့ လာတာလဲ”

ယန်ရုန်ရုန် ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်သည်။

“သူ့ကို ခိုင်းထားတာလေးတွေရှိလို့”

လင်းယွမ် အနားတိုးလာပြီး မှောင်မိုက်သော အကြည့်များဖြင့် မေးလိုက်သည်။

“သူ့ကိုလည်း ကောလဟာလတွေအကြောင်း စုံစမ်းခိုင်းထားတာ မဟုတ်လား”

ယန်ရုန်ရုန် မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

“ရှင်သိပြီးသားလား”

“ညမဲ့မြို့တော်က ဘယ်လောက်ကြီးလို့လဲ၊ ကိုယ့်လက် အောက်ငယ်သားတွေ စုံစမ်းနေတုန်း တခြားအဖွဲ့တစ်ဖွဲ့ကပါ လှုပ်လှုပ်ရှားရှားဖြစ်နေတာကို သတိထားမိသွားကြတယ်၊ အဲ့ကတည်းက မင်းတစ်ယောက်ယောက်ကို အကူအညီ တောင်းထားတာ ဖြစ်မယ်လို့ ခန့်မှန်းခဲ့မိတာ၊ ခုနက လောလောကို မြင်လိုက်ရတော့ အတည်ပြုနိုင်သွားပြီပေါ့”

ထို့နောက် လင်းယွမ်က သူမခါးကို ပွေ့ဖက်ကာ တီးတိုးမေးလိုက်ပါသည်။

“ဘာဖြစ်လို့ အဲ့လိုလုပ်တာလဲ၊ ကိုယ့်ကို မယုံဘူးလား၊ ကိုယ်သတင်းအတုအယောင်တွေသုံးပြီး မင်းကိုအရူးလုပ်မှာ စိုးရိမ်လို့လား”

လင်းယွမ်ထံမှ အန္တရာယ်အငွေ့အသက်များ ထွက်နေသည်ကို ငှက်ပေါက်လေး ခံစားမိပါသည်။ ချက်ချင်း ထွက်ပြေးချင်သော်လည်း ထွက်မပြေးရဲသဖြင့် ယန်ရုန်ရုန့် ဝတ်ရုံထဲမှာသာ တုန်တုန်ယင်ယင်နှင့် ပုန်းနေရသည်။

သို့သော် ယန်ရုန်ရုန်ကတော့ စိတ်ပင် မလှုပ်ရှားပါ။ ဝမ်ပေါင်မျှော်စင်နှင့် အပေးအယူစလုပ်ခဲ့ကတည်းက လင်းယွမ် သိသွားမည့်အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားပြီးသားပင်။

လင်းယွမ်၏ နူးညံ့သည်ဟုထင်ရသော်လည်း အန္တရာယ်များသည့် မေးခွန်းများအတွက် သူမ တည်တည်ငြိမ်ငြိမ် အဖြေပေးလိုက်ပါသည်။

“ဟုတ်တယ်လေ၊ ကျွန်မ ရှင့်ကို မယုံဘူး၊ အဲ့တာကို ရှင်သိတာ ကြာပြီမဟုတ်ဘူးလား”

လင်းယွမ် သူမခါးကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။

“ကိုယ် ဘာမှမသိသလိုပဲ မင်းသတ်မှတ်ထားလို့ရတာပဲ”

သူ့တင်းတင်းကြပ်ကြပ် ပွေ့ဖက်မှုကြောင့် ယန်ရုန်ရုန် နေရထိုင်ရခက်လာကာ မျက်မှောင်ကြုတ်မိပါသည်။ သို့သော် ယခုချိန်မှာ သူ့ကို တွန်းမထုတ်သင့်မှန်း နားလည်သဖြင့် သည်းခံထားရသည်။

“အမှန်တရားကို ကျောခိုင်းထားလို့ ရလဒ်က ပြောင်းလဲမသွားနိုင်ဘူး၊ ကိုယ့်ကိုကိုယ် မလိမ်ညာချင်စမ်းပါနဲ့”

All Chapters