← Chapters

အခန်း (၁၆၅)

Vol. 17 Ch. 165

အခန်း (၁၆၅)

Vol. 17 Ch. 165

🌹Chapter 165

အမှန်တရားကို ကျောခိုင်းထားမိမှန်း လင်းယွမ် ကိုယ့်ကိုယ်ကိုယ် နားလည်ပါသည်။ သို့သော် ရွေးချယ်စရာမရှိပေ။

ယန်ရုန်ရုန့်နှုတ်မှထွက်လာသည့် ရင်နာစရာစကားလုံးများအား အကြိမ်ကြိမ်အခါခါ နားထောင်မည့်အစား ကိုယ့်ကိုယ်ကိုယ် လှည့်စားထားခြင်းက ပိုမိုသက်သာပါလိမ့်မည်။

လင်းယွမ် အလွန်စိတ်ရှုပ်လာသဖြင့် လွှတ်ခနဲ ပြောလိုက်မိသည်။

“တစ်ခါတလေကျရင် မင်းပါးစပ်ကို အပ်ချည်နဲ့ ချုပ်ထားချင်မိတယ်၊ အဲ့တာမှ အဲ့လို စိတ်ရှုပ်စရာစကားတွေ ပြောလို့မရတော့မှာ”

ယန်ရုန်ရုန်ကလည်း အားမနာပဲ ပြန်ငေါက်လိုက်ပါသည်။

“ကျွန်မလည်း တစ်ခါတလေကျရင် ရှင့်လက်တွေ ခြေထောက်တွေကို ဖြတ်ထားချင်မိတယ်၊ အဲ့တာမှ သူများကို စိတ်ရှိတိုင်း ထိကပါး ရိကပါး မလုပ်နိုင်မှာ”

လင်းယွမ် စကားနင်သွားပြီး သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပါသည်။

“အဲ့တာဆို ကိုယ်မင်းကို အသားမယူတော့ဘူး၊ ဒါပေမယ့် မင်းလည်း ကိုယ့်ကို အရွဲ့တိုက်ဖို့သက်သက်နဲ့ အဲ့လိုစကားမျိုးတွေ မပြောရဘူး”

ယန်ရုန်ရုန် ချက်ချင်းပဲ လင်းယွမ်နှင့် ခပ်ခွာခွာ ပြောင်းထိုင်လိုက်ပါသည်။ သူချထားသည့် စကားလမ်းစနောက်ကို မလိုက်ဘဲ တဲ့တိုးမေးလိုက်သည်။

“ဒီအချိန်ကြီး ကျွန်မကို လာတွေ့တယ်ဆိုတော့ တစ်ခုခုသိခဲ့ရလို့လား”

ပထမတော့ လင်းယွမ်က ဤအခွင့်အရေးကို အသုံးချပြီး သူမထံမှ အနမ်းတစ်ချက်လောက် တောင်းဖို့ ရည်ရွယ်ထားခဲ့ပါသည်။

သို့သော် အခွင့်အရေးရလိုက်သည်နှင့် သူနှင့်ဆယ်ပေအကွာတွင် ပြောင်းထိုင်နေသော ယန်ရုန်ရုန့်ကို ကြည့်ရင်း သူ့အကြံအစည်က အိပ်မက်သာသာ ရှိတော့မှန်း နားလည်လိုက်ရပါသည်။

လင်းယွမ် ယခင်ကလောက် တက်ကြွလန်းဆန်းမှု မရှိတော့ချေ။

“ဟုတ်တယ်၊ အဲ့ဒီကောလဟာလတွေကို စမ့်ရှန်းမင်နဲ့ ဟိုက်မင်တို့ လွှင့်ခဲ့တာလို့ ကိုယ့်လက်အောက်ငယ်သားတွေ ဖော်ထုတ်နိုင်ခဲ့တယ်”

လောလော၏ စုံစမ်းစစ်ဆေးမှုမှ နတ်ဆိုးဘုရင် ၆ ပါး၏ လက်ချက်ဖြစ်သည်ဟုသာ သိခဲ့ရသည်။ သို့သော် လင်းယွမ်ကတော့ တရားခံအတိအကျကို ထုတ်ဖော်နိုင်ခဲ့ပါသည်။

လင်းယွမ်၏ အစွမ်းအစက ဝမ်ပေါင်မျှော်စင်ထက် နှာတစ်ဖျား သာနေသည့်ပုံစံပင်။

ယန်ရုန်ရုန် သူ့ကို ကျေးဇူးတင်လိုက်သည်။

လင်းယွမ်ကလည်း ချက်ချင်း ကံစမ်းဖို့ ကြိုးစားပါသည်။

“နှုတ်နဲ့ ကျေးဇူးတင်တာကို မလိုချင်ဘူးလေ၊ အလုပ်နဲ့ ကျေးဇူးဆပ်တာကိုပဲလိုချင်တာ”

သူ့ကို အနမ်းမပေးလျှင်တောင် ပွေ့ဖက်ခွင့်လေးပေးလျှင် ကျေနပ်ပါပြီ။

ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲ လက်နှိုက်လိုက်ပြီး ဝိညာဉ်ကျောက်တုံး ၁,၀၀၀ ထုတ်ကာ သူ့ရှေ့ ချပေးလိုက်သည်။

“ရှင့်အတွက်”

တောက်တောက်ပပ ဝိညာဉ်ကျောက်တုံးများကို ကြည့်ရင်း လင်းယွမ်မျက်နှာ ချက်ချင်း မှောင်မိုက်သွားခဲ့သည်။

“ကျုံးရှောင်းရှောင်း! မင်းငါ့ကို ဘယ်လိုလူမျိုးထင်နေလဲ!”

ထို့နောက် သူ့လက်ဖြင့် စားပွဲပေါ်ရှိ ဝိညာဉ်ကျောက်တုံးများကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ထုတ်ပစ်လိုက်သည်။ ကြမ်းပြင်ပေါ် ဝိညာဉ်ကျောက်တုံးများစွာ ပြန့်ကျဲကုန်ပါသည်။

ယန်ရုန်ရုန် မျက်လုံးပြူးသွားပြီး လင်းယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

လင်းယွမ် ဘာကြောင့် ရုတ်တရက်ကြီး ဒေါသထွက်သွားသလဲ ယန်ရုန်ရုန် နားမလည်နိုင်ပေ။

လင်းယွမ်၏ပုံစံက အမှန်တကယ် ဒေါသထွက်နေသည့် ပုံစံပင်။ သူမကို လက်ညှိုးထိုးကာ ကြိမ်းမောင်းလိုက်ပါသည်။

“မင်းအမြင်မှာ ငါက တော်တော်မွဲတေနေလို့လား၊ မင်းခိုင်းတာတွေ လုပ်ပေးခဲ့တာက မင်းကိုချစ်လို့ကွ! စေတနာကို အသိအမှတ်မပြုတာ ကိစ္စမရှိဘူး၊ အခုတော့ တန်ရာတန် ကြေးပေးပြီး ငါ့ကို အရှက်ခွဲလိုက်တာပဲ!”

ပြောချင်သည့်စကားများ ပြောပြီးနောက် လင်းယွမ် မတ်တပ်ရပ်ကာ အခန်းထဲမှ ဝုန်းဒိုင်းကြဲလျက် ထွက်သွားတော့သည်။

ယန်ရုန်ရုန် ထိုင်ခုံတွင် ထိုင်ရင်း ကြက်သေသေကာ ကျန်ခဲ့သည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ သူမ တီးတိုး ရေရွတ်လိုက်မိပါသည်။

“မဟုတ်သေးပါဘူး… ဒီကောင် တကယ့်စိတ္တဇများလား”

သူမအတွက် အလုပ်လုပ်ပေးသဖြင့် သူမဘက်က တန်ရာ တန်ကြေး ပြန်ပေးခြင်းမှာ မထူးဆန်းလှပါ။ သူ မလိုချင်လျှင်တောင် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါသည်။ သူမကို ထပေါက်ကွဲစရာမလိုအပ်ပေ။

ထို့အပြင် စားပွဲပေါ်က ဝိညာဉ်ကျောက်တုံးများမှာလည်း ဘာအပြစ်မှ မရှိပေ။

သူမဝတ်ရုံထဲမှ ငှက်ပေါက်လေး ခေါင်းပြူထွက်လာပြီး စားပွဲပေါ် ခုန်ဆင်းလိုက်ပါသည်။ ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည့် ဝိညာဉ်ကျောက်တုံးများကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ပြောလိုက်လေသည်။

“ငွေကို ရေလိုပဲ မြင်တဲ့ နတ်ဆိုးအရှင်သခင် ပီသပါပေတယ်၊ ဒီလောက်များတဲ့ ပမာဏကိုတောင် ဂရုမစိုက်ဘူးတဲ့၊ ကျွန်ုပ်သာဆို စနစ်ပိုင်ရှင်ရှေ့မှာ အကြိမ်ကြိမ် ဒူးထောက်ဦးညွှတ်ပြီး ‘ကျေးဇူးတင်ပါတယ်သကြားဖေဖေ’လို့ အော်မိမှာ”

ယန်ရုန်ရုန်ကလည်း သံယောင်လိုက်ကာ ထောက်ခံသည်။

“ဟုတ်တယ်မလား! ပြီးတော့ ငါက သူ့ကို အရှက်ခွဲတယ်တဲ့လား၊ ငွေပေးတာက အရှက်ခွဲတာဆိုရင် ငါနေ့တိုင်း အရှက်ခွဲခံချင်လိုက်တာ!”

ထို့နောက် ယန်ရုန်ရုန် မတ်တပ်ရပ်ကာ ဝတ်ရုံလက်များကို မ,တင်ရင်း ကြမ်းပြင်ပေါ်ရှိ ဝိညာဉ်ကျောက်တုံးများကို တစ်တုံးချင်း ကုန်းကောက်လေတော့သည်။

ယခု ကောလဟာလများ၏ ဇစ်မြစ်ကို သိလိုက်ရပြီဖြစ်သဖြင့် အခြေအနေကို အဆုံးထိ စစ်ဆေးရပါမည်။ စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ထံ အလည်သွားပြီး ‘စကား’အနည်းငယ်ပြောဖို့ ယန်ရုန်ရုန် စီစဉ်ထားသည်။

သို့သော် သူမတစ်ယောက်တည်း သွားလို့မဖြစ်ပါ။ နှစ်ယောက်စလုံးက သူမထက် သန်မာကြသဖြင့် သူမကို တိုက်ခိုက်ဖို့ ကြိုးစားကြလျှင် လွတ်မြောက်နိုင်ဖို့ ခဲယဉ်းပါသည်။

ပုံမှန်ဆိုလျှင်တော့ လင်းယွမ်က သူမ၏ ‘ကိုယ်ရံတော်’အဖြစ် တာဝန် ထမ်းဆောင်ပေးဖို့ ကမ်းလှမ်းနိုင်လောက်သည်။ သို့သော် မကြာသေးခင်ကမှ တစ်ဖက်သက်ဆန်ဆန် စကားများခဲ့ရသဖြင့် လင်းယွမ် ဒေါသထွက်နေဆဲဖြစ်လောက်သည်။

ထို့ကြောင့် လင်းယွမ်ကို အကူအညီမတောင်းတော့ဘဲ ယန်ရုန်ရုန် အခြားသူတွေကိုသာ စဉ်းစားခဲ့ပါသည်။

လျို့လန်နှင့် လောလောတို့ကို ဆင့်ခေါ်လိုက်ပြီး နှစ်ယောက်စလုံးကို ခေါ်သွားဖို့ ယန်ရုန်ရုန် ဆုံးဖြတ်လိုက်သည်။

တစ်ယောက်က ထောင်ထျဲသားရဲဖြစ်ကာ နောက်တစ်ယောက်က ဖီရှို့သားရဲဖြစ်သည်။ နှစ်ယောက်စလုံးက စွမ်းအား အလွန်ကြီးမားကြသည့် ရှေးဟောင်း သားရဲများဖြစ်ကြသဖြင့် ဘော်ဒီဂတ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ လိုအပ်သည်ထက် ပိုပါသည်။

လျို့လန်က ဖြောင်းဖြဖို့ လွယ်ကူပါသည်။ မုန့်တစ်ထုပ်လောက် ကျွေးလိုက်ရုံနှင့် ခိုင်းသမျှ လုပ်ပေးလိမ့်မည်။

သို့သော် လောလောကတော့ လက်ပိုက်လျက် စိတ်ကြီးဝင်နေလေသည်။

“ငါက ရှေးဟောင်းနတ်သားရဲ တစ်ကောင်နော်၊ ငါ့ကို ဆင့်ခေါ်နိုင်ဖို့ဆိုတာ မလွယ်ဘူး၊ ကြေးကြီးတယ်”

ယန်ရုန်ရုန် ဝိညာဉ်ကျောက်တုံးတစ်ထုပ်ကို သူ့ရှေ့ ပစ်ချပေးလိုက်သည်။

“အဆင်ပြေလား”

ထိုအထုပ်ကို လောလော ရင်ခွင်ထဲ အမြန်ဆွဲသွင်းကာ သွားဖြီးပြလိုက်ပါသည်။

“ပြေတယ် ပြေတယ်! အလုပ်ကအလုပ်ပဲ! ကြေးနှုန်းမှန်ရင် ဘာမဆို လုပ်ပေးမယ်!”

ယန်ရုန်ရုန် ပွစိပွစိ ရေရွတ်လိုက်သည်။

“တွေ့လား အဲ့လိုမှပေါ့၊ တန်ရာတန်ကြေးယူပြီး အလုပ်တစ်ခု လုပ်ပေးရတာ ဘယ်လောက်ခက်လို့လဲ၊ အဲ့တာကို စော်ကားတယ်လို့ထင်တဲ့လူက ရှိသေး”

လောလောတစ်ယောက် နတ်သမီးပုံပြင်ကြားလိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားသည်။

“ငွေပေးတာကို စော်ကားတယ်လို့ ထင်တဲ့လူရှိတယ်ပေါ့! ငါ့ကို သူ့အချက်အလက်တွေ ပေးစမ်း! သူ့ဆီသွားပြီး တစ်ရက်ကို အခါ ၁၀၀ လောက် အစော်ကားခံလိုက်မယ်”

ယန်ရုန်ရုန်: “…”

သူ့စကား၏ ပထမတစ်ဝက်ကို ကြားပြီး သူမအတွက် မခံမရပ်နိုင်ဖြစ်နေသည်ဟု ထင်ချင်စရာကောင်းသော်လည်း ဒုတိယတစ်ဝက်ကို ဆက်နားထောင်ပြီးနောက် သူ့ဖာသာသူ စီးပွားရေးအကွက်သစ်တစ်ခု ရှာတွေ့သွားခြင်းဖြစ်မှန်း ယန်ရုန်ရုန် နားလည်လိုက်ရပါသည်။

‘လောလော ပီသပါပေတယ်’

စိတ်အားထက်သန်နေသည့် လောလော၏ မျက်နှာကိုကြည့်ရင်း ယန်ရုန်ရုန် စကားလမ်းကြောင်း အမြန်လွှဲလိုက်ရသည်။

“အဲ့ဒီကိစ္စ နောက်မှပြောမယ်၊ အချိန်နောက်ကျနေပြီ သွားကြစို့”

ထို့နောက် လျို့လန်နှင့် လောလောတို့ကို ခေါ်ပြီး တည်နေရာပြောင်းအဆောင်တစ်ခုကို ယန်ရုန်ရုန် အသုံးပြုခဲ့သည်။ သိပ်မကြာလိုက်ဘဲ စမ့်ရှန်းမင်၏ စံအိမ်ရှေ့သို့ သူတို့ ရောက်ရှိသွားခဲ့ကြပါသည်။

ထိုစံအိမ်များ၏ ပတ်ဝန်းကျင်တဝိုက်ကို စည်းအကာအရံများဖြင့် ကာကွယ်ထားပါသည်။ ပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ သူစိမ်းများ ဝင်ရောက်ခွင့်မရှိပါ။ ဝင်ရောက်ပါက ကြမ်းကြမ်းတမ်းတမ်း တားဆီးခံရလိမ့်မည်။

လောလော အချိန်အတော်ကြာအောင် တံခါးခေါက်ခဲ့သော်လည်း တုန့်ပြန်မှုုမရှိပေ။

ယန်ရုန်ရုန် ဓားပျံဖြင့် ကောင်းကင်ပေါ်တက်ကာ အပေါ်စီးမှ စစ်ကြည့်လိုက်ရာ စံအိမ်တစ်ခုလုံး ဗလာကျင်း ဖြစ်နေသည်ကို မြင်လိုက်ရပါသည်။ အရိပ်တစ်ခုပင် မတွေ့ခဲ့ရပါ။

ထို့နောက် ညမဲ့မြို့တော် ဝင်ပေါက်သို့သွားကာ ဂိတ်စောင့်ကို မေးမြန်းကြည့်လိုက်ရာ မနေ့ညကပင် စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ မြို့ထဲမှ ထွက်သွားကြပြီဖြစ်မှန်း သိလိုက်ရပါသည်။ ဘယ်ကိုသွားမှန်းတော့ မသိရပေ။

လောလော ခန့်မှန်း ကြည့်လိုက်သည်။

“ဧကန္တ သူတို့အကြံအစည်ပေါ်သွားလို့ စောစောထွက်ပြေးသွားကြတာများလား”

ထိုသို့ဖြစ်နိုင်ချေရှိသည်ဟု ယန်ရုန်ရုန်လည်း ထင်မိပါသည်။ လောလောကို သူမ လှည့်မေးလိုက်သည်။

“ဝမ်ပေါင်မျှော်စင်က သူတို့ကို ခြေရာခံလို့ရလား”

“ကြိုးစားကြည့်လို့တော့ရပါတယ်၊ ဒါပေမယ့် ဒါက နတ်ဆိုးနယ်မြေလေ၊ နတ်ဆိုးနယ်မြေထဲမှာ ငါတို့လူအင်အာား သိပ်မရှိဘူး၊ အဲ့တာကြောင့် အောင်မြင်နိုင်ချေ နည်းတယ်”

လောလော ခေတ္တရပ်တန့်သွားပြီး တီးတိုးပြောလိုက်သည်။

“တကယ်တော့ လင်းယွမ်ကိုပဲ အကူအညီတောင်းသင့်တာနော်၊ သူက နတ်ဆိုးအရှင်သခင်လေ၊ အမိန့်တစ်ချက်ပေးလိုက်ရုံနဲ့ သူတို့နှစ်ယောက်စလုံးကို မင်းရှေ့ရောက်အောင် ဆွဲခေါ်လာပေးလိမ့်မယ်၊ ငါ့ကို အကူအညီတောင်းတာထက် အများကြီး ပိုအဆင်ပြေမယ် ထင်တာပဲ”

ယန်ရုန်ရုန် ရုတ်တရက်ပြောလိုက်သည်။

“ခုနက ငွေပေးတာကို အရှက်ခွဲတယ်လို့ထင်တဲ့လူက လင်းယွမ်ပဲ”

လောလောကြက်သေသေသွားခဲ့သည်။ ထို့နောက် အလွန် အမင်း စိတ်လှုပ်ရှားသွားခဲ့ပါသည်။

“အဲ့တာဆို ဘာစောင့်နေဦးမှာလဲ! လင်းယွမ်ကို မြန်မြန်သွားရှာကြစို့! ငါတို့ကို သူကြိုက်သလောက် စော်ကားစမ်းပါစေ!”

လောလောကို ယန်ရုန်ရုန် လျစ်လျူရှုလိုက်ပြီး နောက်ထပ်အဆောင်စက္ကူတစ်ခုကို အသုံးပြုကာ စံအိမ်သို့ ပြန်လာခဲ့ပါသည်။

သူမလက်ထဲတွင် စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့၏ နှလုံးသွေးများ ရှိနေသည်။ အခြားသူများ၏ အကူအညီမပါလျှင်ပင် သူတို့ကို ရှာဖွေဖို့ ကိုယ့်နည်းလမ်းနှင့်ကိုယ် ရှိသည်။

All Chapters