အခန်း (၁၆၆)
Vol. 17 Ch. 166
🌹Chapter 166
မြို့စားစံအိမ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ယန်ရုန်ရုန် ခြေရာခံအဆောင်စက္ကူနှစ်ရွက်ကို ထုတ်လိုက်သည်။
ထိုအဆောင်စက္ကူများက ပစ်မှတ်များကို ခြေရာခံဖို့ သူမကိုယ်တိုင် ဖန်တီးထားသည့် အဆောင်စက္ကူများ ဖြစ်ကြသည်။ ၎င်းတို့ ဘယ်မှာရှိနေသလဲ သိရဖို့ ပစ်မှတ်၏ သွေးတစ်စက်ကိုသာ အဆောင်စက္ကူပေါ် ချပေးဖို့ လိုအပ်သည်။
ယန်ရုန်ရုန်လည်း စမ့်ရှန်းမင်၏ နှလုံးသွေးပုလင်းကို ထုတ်ကာ သွေးတစ်စက်ကို အဆောင်စက္ကူပေါ် ချပေးလိုက်ပါသည်။ မန္တန်ကို ရွတ်ဖန်ပြီးနောက် အဆောင်စက္ကူက လေမတိုက်ဘဲ တဖျပ်ဖျပ် လှုပ်ခါလာပြီး အနီရောင် ခပ်ဖျော့ဖျော့ လင်းလာခဲ့သည်။
ယန်ရုန်ရုန် မျက်လုံးများ မှိတ်လိုက်ရာ သူမ၏ အသိစိတ်က အဝေးတစ်နေရာသို့ လွင့်စင်သွားခဲ့ပါသည်။
ရင်းနှီးနေသည့် ဝေဝေဝါးဝါး စကားပြောသံများ ထွက်ပေါ်လာခဲ့သည်။ သူမမျက်စိရှေ့ရှိ မြင်ကွင်းကလည်း ဖြည်းဖြည်းချင်း ရှင်းလင်းလာခဲ့ပါသည်။
ယန်ရုန်ရုန် ပထမဆုံး မြင်လိုက်ရသည့် မြင်ကွင်းက ဧရာမ ပန်းပင်လယ်ကြီးတစ်ခုပင်။ ၎င်းတို့မှာ အနီရောင် ပင့်ကူလီလီပန်းဟုလည်း လူသိများကြသည့် သေမင်းပန်းများ ဖြစ်ကြသည်။
မရေမတွက်နိုင်အောင် များပြားသော လိပ်ပြာဖြူဖြူများက ပန်းခင်းများပေါ်တွင် ပျံသန်းကခုန်နေကြပြီး ရုတ်တရက်ကြည့်လိုက်လျှင် အလွန်သာယာအေးချမ်းသည့် မြင်ကွင်းလေးတစ်ခုဟု ထင်ချင်စရာကောင်းလှပါသည်။
သို့သော် အနီးကပ်ကြည့်ရှုမှသာ ချောက်ချားစရာ မြင်ကွင်းများကို မြင်နိုင်လိမ့်မည်။
သေမင်းပန်းများ၏ ဗဟိုတွင် ဝတ်ဆံများရှိနေရမည့်အစား သွားချွန်ချွန်များနှင့် ပါးစပ်ပေါက်ကြီးများသာ ရှိနေပါသည်။ ၎င်းတို့၏ ရှည်လျားလှသော ကြက်သွေးရောင်လျှာများဖြင့် ကောင်းကင်ပေါ်တွင် ပျံသန်းနေသည့် လိပ်ပြာဖြူဖြူများကို ဖမ်းစားဖို့ ကြိုးစားနေကြသည်။
လိပ်ပြာဖြူဖြူများကလည်း သာမန်လိပ်ပြာများ မဟုတ်ကြပါ။ လူသားမျက်နှာများဖြင့် လိပ်ပြာများဖြစ်ကြသည်။ ယောက်ျား၊ မိန်းမ မျက်နှာစုံလင်ပြီး အတောင်ပံများကို အသည်းအသန်ခတ်ရင်း ကခုန်နေကြခြင်း မဟုတ်ဘဲ အသားစား ပန်းပင်လယ်ထဲမှ လွတ်မြောက်ဖို့ ကြိုးစားနေကြခြင်းသာ…
ပန်းပင်လယ်ကြီး၏ အစွန်းတွင် ကျောက်ဖြူတိုင်ကြီး ၉ တိုင် ရှိနေပြီး အပေါ်တွင် စက်ဝိုင်းသဏ္ဌာန် စင်မြင့်တစ်ခု ရှိနေပါသည်။
ထိုနေရာသို့ ယန်ရုန်ရုန် ရောက်ဖူးသဖြင့် ထိုနေရာကြီးကို သူမကောင်းကောင်းသိနေပါသည်။
‘ကျို့ယို’စင်မြင့်ပင်…
သေမင်းပန်းပင်လယ်ကြီးက အဆုံးမဲ့အသူရာချောက်နက်၏ နယ်စပ်ဖြစ်ကာ ကျို့ယိုစင်မြင့်က အဆုံးမဲ့ အသူရာ ချောက်နက်ကြီး၏ တစ်ခုတည်းသော ဝင်ပေါက်ဖြစ်ပါသည်။
အသူရာချောက်နက်ထဲ ဝင်ရောက်ချင်လျှင် ထိုနေရာမှ ဖြတ်သွားရလိမ့်မည်။
ကျို့ယို စင်မြင့်ပေါ်တွင် ရင်းနှီးနေသည့် လူရိပ် ၅ ခုကို သူမ မြင်နိုင်ပါသည်။ စမ့်ရှန်းမင်၊ ဟိုက်မင်နှင့် ဖုန့်ကျင်းရှားတို့ အပါအဝင် နတ်ဆိုးဘုရင် ၅ ပါး စင်မြင့်ပေါ်တွင် ရှိနေကြသည်။
ဖုန့်ကျင်းရှားက ကျို့ယိုစင်မြင့်၏ အစွန်းသို့လျှောက်သွားကာ အောက်သို့ ငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ပါသည်။
“ဒီနေရာကြီးက တော်တော်အန္တရာယ်များမယ့် ပုံစံပဲ၊ လင်းယွမ်က ငတုံးမှ မဟုတ်တာ၊ သူ့သေတွင်းသူ တူးပြီး ဒီအထိ ရောက်လာပါ့မလား”
စမ့်ရှန်းမင် အေးအေးလူလူ ပြန်ပြောလိုက်ပါသည်။
“အဆုံးမဲ့ အသူရာချောက်နက်ထဲမှာ သံသရာခွင်းဘုံ ဝင်ပေါက်ရှိနေတယ်လို့ ယိုပီလော ပြောခဲ့တာ၊ အဲ့ဒီဝင်ပေါက်ကို ရှာဖို့ ကျုံးရှောင်းရှောင်း ရောက်လာမှာ သေချာတယ်၊ ကျုံးရှောင်းရှောင်း ရောက်လာရင် လင်းယွမ်လည်း ကျိန်းသေပေါက် လိုက်လာမှာပဲ၊ သူတို့ရောက်လာကြရင် ငါတို့က ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင်ကို သုံးပြီး လင်းယွမ်ကို အဆုံးမဲ့အသူရာချောက်နက်ထဲ ထာဝရ ချုပ်နှောင်လိုက်ရုံပဲပေါ့!”
ဖုန့်ကျင်းရှား မယုံကြည်နိုင်သေးပေ။
“ငါတို့ကို ယိုပီလော လှည့်စားသွားတာ မဟုတ်မှန်း သေချာရဲ့လား၊ အခုတောင် အဲ့ဒီကောင် ပျောက်နေတာနော်၊ ငါတို့ကို ငါးစာအဖြစ်သုံးပြီး ထွက်ပြေးသွားတာကော မဖြစ်နိုင်ဘူးလား”
စမ့်ရှန်းမင်က ပြန်ပြောလိုက်သည်။
“ခုနကပဲ ငါတို့နဲ့အတူတူ မင်းအတည်ပြုပြီးသွားပြီလေ၊ ဒီနေရာမှာ ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင်တစ်ခု တကယ်ရှိနေတာ၊ အစီအရင်တကယ် ရှိနေမှတော့ ယိုပီလောက ငါတို့ကို လိမ်တာ ဖြစ်နိုင်ပါဦးမလား”
ဖုန့်ကျင်းရှား ခပ်ပါးပါး ပြုံးလိုက်သည်။
“သူလိမ်တာ မဟုတ်ဘူးဆိုရင် အခုချိန်ထိ သူ့မျက်နှာ ဘာလို့ လာမပြသေးတာလဲ၊ သူ့မှာ ငါတို့မသိတဲ့ တခြားအကြံအစည်ရှိနေလို့လား”
စမ့်ရှန်းမင် သက်ပြင်းချလိုက်ပြီး အတွေးများသွားခဲ့သည်။
“ဧကန္တ သူ့မျက်နှာကို မပြချင်လို့ မပြတာမဟုတ်ဘဲ၊ မပြနိုင်တာ ဖြစ်နေရင်ကော”
နတ်ဆိုးဘုရင်များအားလုံး စမ့်ရှန်းမင်ကို ဝိုင်းကြည့်လိုက်ကြသည်။
စိတ်မရှည်သည့် ဖုန့်ကျင်းရှားက ချက်ချင်း ထပ်မေးလိုက်ပါသည်။
“အဲ့ဒီစကားက ဘာအဓိပ္ပာယ်လဲ”
စမ့်ရှန်းမင် မျက်မှောင်ကြုတ်ကာ စိုးရိမ်ပူပန်စိတ်ဖြင့် ရှင်းပြလိုက်သည်။
“ညမဲ့မြို့တော်ကနေ ထွက်မလာခင်တုန်းက ယိုပီလောကို ငါသွားရှာခဲ့သေးတယ်၊ သူ့စံအိမ်မှာ ဘယ်သူမှမရှိဘူး… သူ့ဖာသာသူ လစ်ထွက်သွားတာလို့ သံသယ ဖြစ်ခဲ့ပေမယ့် ငါသူ့ကို တစ်နေကုန် ဆက်သွယ်ဖို့ ကြိုးစားခဲ့တာလေ၊ ငါပို့လိုက်တဲ့ ဆက်သွယ်ရေး အဆောင်တွေအကုန်လုံး ဘာတုန့်ပြန်မှုမှ မရှိဘဲ ပျောက်ကွယ်ကုန်တယ်၊ အဲ့တာကြောင့် သူတစ်ခုခုဖြစ်သွားတာလို့ ငါထင်မိတာ”
ထိုစကားကိုကြားပြီး ဖုန့်ကျင်းရှားလည်း ဆက်သွယ်ရေး အဆောင်စက္ကူတစ်ရွက်ကို ချက်ချင်း ထုတ်ကာ ယိုပီလောထံ ဆက်သွယ်ဖို့ ကြိုးစားကြည့်လိုက်ပါသည်။
ရလဒ်ကတော့ မပြောင်းလဲပေ။
ယခုတော့ ဖုန့်ကျင်းရှားပင် စိတ်မသက်မသာ ဖြစ်လာခဲ့ပါပြီ။ ခေါင်းကို စိတ်ရှုပ်စွာ ကုတ်ပစ်လိုက်သည်။
“ဒီအစီအစဉ်တစ်ခုလုံးက ယိုပီလောရဲ့ အကြံလေ! သူတစ်ခု ခုဖြစ်သွားတာဆိုရင် အကြံအစည်ပေါက်ကြားသွားတဲ့ သဘောပဲ မဟုတ်ဘူးလား၊ ငါတို့ ဒီမှာ ဘာဆက်လုပ်ကြမှာလဲ”
ကျန်နတ်ဆိုးဘုရင် ၄ ပါးစလုံး အဖြေမပေးနိုင်ခဲ့ကြပေ။
ဖုန့်ကျင်းရှား ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ရုတ်တရက် မေးလိုက်သည်။
“နေပါဦး၊ ဒီနေရာမှာ ဝူထျန်နတ်ဆိုးနှိမ်နင်းရေးအစီအရင်တစ်ခု ရှိနေတဲ့အကြောင်း ယိုပီလောက ဘယ်လိုသိတာလဲ၊ သူကအစီအရင်စက်ဝန်းတွေအကြောင်း ဘာမှမသိတဲ့ကောင်လေ၊ သူ့ဖာသာသူတော့ ဒီအစီအရင်ကို ဖန်တီးနိုင်မှာ မဟုတ်လောက်ဘူး”
စမ့်ရှန်းမင်က ပြန်ဖြေလိုက်သည်။ “မီးခိုးရောင်ဝတ်ရုံခြုံထားတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က သူ့ကို ပြောပြသွားတာလို့ ပြောတာပဲ၊ အဲ့ဒီကျင့်ကြံသူ ဘယ်သူလဲဆိုတာကိုတော့ ယိုပီလော ပြောမသွားဘူး၊ သူ အသက်ရှင်နေသေးတယ်ဆိုရင် မင်းဖာသာမင်း မေးကြည့်လိုက်ပေါ့”
ဖုန့်ကျင်းရှား ကိုယ့်ဆံပင်ကို ထပ်ဆောင့်ဆွဲမိပြန်သည်။
“သူအသက်ရှင်နေသေးလား သေသွားပြီလား ငါဘယ်လိုလုပ် သိမှာလဲ!”
ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေကာ မျက်လုံးမှိတ်ထိုင်နေသည့် ဟိုက်မင်တစ်ယောက် ရုတ်တရက် မျက်လုံး ပွင့်သွားခဲ့သည်။ ထို့နောက် အဝေးတစ်နေရာသို့ ငေးကြည့်ကာ တီးတိုး ရေရွတ်လိုက်ပါသည်။
“ငါတို့ကို… တစ်ယောက်ယောက် စောင့်ကြည့်နေတယ်လို့ ခံစားရတယ်”
ထိုအချိန်တွင် ယန်ရုန်ရုန်နှင့် ဟိုက်မင်တို့ အကြည့်ချင်း ဆုံသွားကြသည်။
ယန်ရုန်ရုန် အလွန် ထိတ်လန့်ချောက်ချားသွားခဲ့ပြီး မြင်ကွင်းများကလည်း ချက်ချင်းဆိုသလို ဝေဝါးသွားခဲ့ကာ အသံများလည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ပါသည်။
သူမ အသိစိတ်နှင့် ခန္ဓာကိုယ်တို့ ပြန်လည် ပေါင်းစည်းသွားခဲ့လေပြီ။
အိပ်ခန်းထဲတွင် ယန်ရုန်ရုန် မျက်လုံးများ ရုတ်တရက်ပြန်ပွင့်လာပြီး အသက်ကို မနည်းလုရှူလိုက်ရသည်။
‘ကပ်သီးလေးပဲ!’
သူမ ကပ်သီးလေး လွတ်မြောက်လာခဲ့သည်။ ထို ဟိုက်မင်က စကားနည်းပြီး တည်ငြိမ်သော်လည်း အလွန်ကြောက်စရာ ကောင်းလွန်းပါသည်။
ငှက်ပေါက်လေး သူမ ဒူးပေါ် ခုန်တက်လာပြီး မေးမြန်းလိုက်သည်။
“ရှာတွေ့ခဲ့လား”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်ပါသည်။
“တွေ့ခဲ့တယ်၊ သူတို့ ကျို့ယိုစင်မြင့်ပေါ်မှာ”
ထိုနေရာကို ငှက်ပေါက်လေးလည်း သိနေပါသည်။ ငှက်ပေါက်လေး မျက်လုံးပြူးကာ မေးလိုက်သည်။
“အဲ့တာ အဆုံးမဲ့အသူရာချောက်နက်ရဲ့ ဝင်ပေါက်မဟုတ်ဘူးလား၊ သူတို့အဲ့မှာ ဘာလုပ်နေကြတာလဲ”
သူမကြားခဲ့ရသည့် အကြောင်းအရာများအား ယန်ရုန်ရုန် အတိုချုန်း ပြန်ပြောပြလိုက်ပါသည်။ ထိုအခါ ငှက်ပေါက်လေး ပိုမို တုန်လှုပ်သွားခဲ့ရသည်။
“သံသရာခွင်းဘုံဆိုတာ တကယ်ငါးစာ ဖြစ်နေတာပဲ! သူတို့ စနစ်ပိုင်ရှင်ကို ထောင်ချောက်ဆင်ထားကြတာ! ယုတ်မာလိုက်တဲ့ ကောင်တွေ!”
ထို့နောက် ငှက်ပေါက်လေး အနည်းငယ် စိတ်သက်သာရာရသွာားခဲ့သည်။ ယန်ရုန်ရုန် အသူရာချောက်နက်ထဲ စိတ်လိုက် မာန်ပါ မဆင်းခဲ့သည်မှာ မှန်ကန်သွားပါသည်။
မဟုတ်ပါက သူတို့ထောင်ချောက်ထဲ ရောက်သွားလိမ့်မည်။ အတွေးလွန်နေသည့် ယန်ရုန်ရုန့်ကို ကြည့်ရင်း ငှက်ပေါက်လေး မေးမြန်းလိုက်ပါသည်။
“စနစ်ပိုင်ရှင် ဘာဆက်လုပ်ဖို့ ကြံထာားလဲ”
ယန်ရုန်ရုန်က ဆိုသည်။
“ငါသိချင်နေတာ… ယိုပီလော ဘယ်ရောက်သွားလဲဆိုတာပဲ၊ သူ သေများသွားပြီလား”
ငှက်ပေါက်လေး မျက်စပစ်လိုက်သည်။
“ဘာဂရုစိုက်စရာလိုလို့လဲ၊ သူ့လို လူယုတ်မာမျိုး ဘာဖြစ်ဖြစ် သူ့ထိုက်နဲ့ သူ့ကံပဲ”
ယန်ရုန်ရုန် ဆက်ရှင်းပြလိုက်သည်။
“မီးခိုးရောင်ဝတ်ရုံခြုံထားတဲ့ လူတစ်ယောက်နဲ့ ယိုပီလော ဆုံခဲ့တယ်လို့ စမ့်ရှန်းမင်က ပြောတယ်၊ ဝူထျန်နတ်ဆိုး နှိမ်နင်းရေးအစီအရင်ကိုလည်း အဲ့ဒီလူပဲ ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်၊ ကျင်းချွီမြို့စားကြီး ချမ့်ထုံရှန်းကို နင်မှတ်မိလား၊ သူလည်း မီးခိုးရောင်ဝတ်ရုံခြုံထားပြီး အဖြူရောင်မျက်နှာဖုံးတပ်ထားတဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့တာလေ၊ ချမ့်ထုံရှန်းကို သွေးယုတ်စည်းဝိုင်းအစီအရင်ပညာ သင်ပေးသွားတာလည်း အဲ့ဒီလူပဲ၊ ပြီးတော့ ကောင်းကင်ဘုံနန်းတော်ထဲ အားလုံးထက် အရင်ဆုံးဝင်လာတဲ့လူက မီးခိုးရောင်ဝတ်ရုံ၊ အဖြူရောင်မျက်နှာဖုံးနဲ့ လူပဲလို့ လျို့လန်ကလည်း ပြောတယ်၊ ပြီးတော့ ရှမ့်ယွင်ဂိုဏ်းမှာ ဟဲဝေ့ရှန်း ဆိုးဆိုးရွားရွားသေဆုံးသွားရတာလည်း အဲ့ဒီလူနဲ့ ပတ်သတ်နေလိမ့်မယ်လို့ ဂိုဏ်းက သံသယဖြစ်နေတယ်”
ငှက်ပေါက်လေး မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
“အဲ့တာဆို… အဲ့ဒီဆန်းကြယ်တဲ့လူတွေ အားလုံးကတစ် ယောက်တည်းပဲလို့ စနစ်ပိုင်ရှင် ဆိုလိုချင်တာလား”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။
“အဲ့လိုဖြစ်ဖို့ များတယ်”
တိုက်ဆိုင်ခြင်းဖြစ်နိုင်သည်ဟု ငှက်ပေါက်လေး ပြောချင်ခဲ့သော်လည်း စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
လောကြီးမှာ တိုက်ဆိုင်မှုတွေ ဒီလောက်များနိုင်ပါ့မလား…