← Chapters

အခန်း (၁၆၈)

Vol. 17 Ch. 168

အခန်း (၁၆၈)

Vol. 17 Ch. 168

🌹Chapter 168

ယန်ရုန်ရုန်နှင့် ဝိညာဉ်ကျောက်တုံးပြဿနာဖြစ်ပြီးနောက် လင်းယွမ်ဒေါသထွက်ကာ ညမဲ့မြို့စားစံအိမ်မှ ထွက်လာပြီး ရွှင်းဖန့်ဆောင်သို့ ရောက်လာခဲ့ပါသည်။

သူ့ကို ယန်ရုန်ရုန်လာချော့မည့်အချိန်အား ထိုနေရာတွင် စောင့်နေခဲ့သည်။

ထို့ကြောင့်ပဲ ကျုံးရှောင်းရှောင်းဟူသည့် မိန်းကလေးတစ်ယောက် ရွှင်းဖန့်ဆောင်သို့ ရောက်လာပြီး သူ့ကို လာရှာလျှင် သူ့ထံ ချက်ချင်း ခေါ်ဆောင်လာပေးရမည်ဟု ဝန်ထမ်းများကို အမိန့်ပေးထားခဲ့ပါသည်။

လင်းယွမ် အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်လည်း ယန်ရုန်ရုန် ရောက်မလာခဲ့ပါ။

လင်းယွမ် လက်လျှော့ပြီး ကိုယ့်ဖာသာကိုယ် တိတ်တဆိတ် အိမ်ပြန်ဖို့ ကြံလိုက်စဉ်မှာပင် ယန်ရုန်ရုန်က ဆက်သွယ်ရေး အဆောင်တစ်ခုဖြင့် သူ့ကို ဆက်သွယ်လာခဲ့ပါသည်။

လင်းယွမ်လည်း အားတွေချက်ချင်း ပြန်တက်ကာ အနီးနားရှိ နတ်ဆိုးမများကို ဆူညံသံများ လုပ်ဖို့ပင် တမင်တကာ စေခိုင်းခဲ့သေးသည်။ သူမကို ငြီးငွေ့ဟန်ဖြင့် တုန့်ပြန်နေသည်ဟု ထင်သွားစေဖို့ ဖြစ်ပါသည်။

ဒီကို ယန်ရုန်ရုန် လိုက်လာမည်ဟု သိလိုက်ရသောအခါ လင်းယွမ် ပိုပျော်ရွှင်သွားခဲ့သေးသည်။

ယန်ရုန်ရုန်နှင့် ဆက်သွယ်မှု ဖြတ်တောက်ပြီးသည်နှင့်တစ် ပြိုင်နက် နတ်ဆိုးမများကို ကခုန်ဖို့အမိန့်ပေးခဲ့ပြီး နတ်ဆိုးစစ်သူကြီး မြောက်များစွာကိုပါ သူ့ထံ အခစားဝင်ရောက်ဖို့ အမိန့်ပေးခဲ့ကာ အလွန်လေလွင့်နေသည့် ပုံစံမျိုး ဖြစ်အောင် ဖန်တီးခဲ့ပါသည်။

ထို့ကြောင့် ယန်ရုန်ရုန် ဝင်လာသည်နှင့် ထိုကဲ့သို့ မြင်ကွင်းမျိုးကို မြင်လိုက်ရခြင်းပင်။

ယန်ရုန်ရုန် ရောက်ရှိလာသည်ကိုမြင်ပြီး နတ်ဆိုးစစ်သူကြီးများအားလုံး သေရည်ခွက်များ ပြိုင်တူချလိုက်ကြပြီး ကြွက်သားတစ်မျှင်ပင် မလှုပ်ရဲကြတော့ပါ။

နတ်ဆိုးမလေးများကလည်း ကခုန်နေသည်ကို ရပ်တန့်လိုက်ကြပြီး သေဒဏ်မှ လွတ်ငြိမ်းခွင့်ရလိုက်သည့်အလား ဘေးဘက်သို့ အမြန်ပြေးကာ ယန်ရုန်ရုန့်အတွက် လမ်းဖယ်ပေးလိုက်ကြပါသည်။

လင်းယွမ်လည်း ခါးမတ်မတ်ထိုင်ဖို့ ကြံလိုက်ပါသည်။ သို့သော် အလွန်တောင့်တင်းနေသည့်ပုံစံ ပေါက်မည်စိုးသဖြင့် အနောက်သို့ ပြန်မှီချလိုက်သေးသည်။

ထို့နောက် ဂရုမစိုက်ချင်ယောင်ဆောင်ပြီး ဖြည်းညှင်းစွာ မေးလိုက်ပါသည်။

“မင်း ဒီကို ဘာလာလုပ်တာလဲ”

သူ့ကို ယန်ရုန်ရုန် ထူးထူးဆန်းဆန်း အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

“ခုနလေးတင် ရှင့်ကို ဆက်သွယ်ခဲ့တယ်လေ၊ မေးစရာရှိလို့လာခဲ့တာ”

ဘာမေးစရာရှိလို့လဲဟု လင်းယွမ် ပြန်မမေးဘဲ မာမာထန်ထန် ပြောလိုက်ပါသည်။

“မင်းမြင်တဲ့အတိုင်း ငါအားမနေဘူး”

“ကျွန်မ မေးစရာနည်းနည်းပဲရှိတာပါ၊ မေးပြီးတာနဲ့ ပြန်မှာ၊ ရှင်အချိန်အများကြီး ပေးစရာမလိုဘူး”

လင်းယွမ် အသာအယာပြုံးလိုက်သည်။

“ငါ့ဘက်က မင်းမေးခွန်းတွေကို ဖြေပေးဖို့ တာဝန်မရှိဘူးထင်တာပဲ”

ယန်ရုန်ရုန် ကြက်သေသေသွားပြီး ခေါင်းညိတ်လိုက်ပါသည်။

“ဟုတ်ပါတယ်၊ ကျွန်မကို ရှင် ကူညီစရာမှမလိုတာ၊ ထားလိုက်ပါတော့၊ ကျွန်မ ဖာသာကျွန်မပဲ စုံစမ်းဖို့ နည်းလမ်းရှာလိုက်မယ်၊ နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်”

ထို့နောက် ယန်ရုန်ရုန် လှည့်ပြန်ဖို့ ပြင်လိုက်ပါသည်။

လင်းယွမ် ချက်ချင်းဆိုသလို ခါးမတ်သွားခဲ့သည်။

“ခဏနေဦး!”

ယန်ရုန်ရုန် ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့ကို ဇဝေဇဝါဖြစ်စွာ လှည့်ကြည့်လိုက်ပါသည်။

“ဘာကိစ္စရှိသေးလို့လဲ”

လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် မေးလိုက်သည်။

“အဲ့ဒီအကြောင်းပြချက်တစ်ခုတည်းကြောင့် ငါ့ဆီ လာခဲ့တာလား၊ ငါ့ကို လာတောင်းပန်တာ မဟုတ်ဘူးလား”

ယန်ရုန်ရုန် ပို၍ပင် ဇဝေဇဝါဖြစ်သွားခဲ့သည်။

“ဘာကို တောင်းပန်ရမှာလဲ၊ ကျွန်မက ရှင့်ကို ဘာအတွက် တောင်းပန်ရမှာလဲ၊ ကျွန်မဘက်က ဘာအမှားလုပ်မိလို့လဲ”

သူမ စကားကြောင့် လင်းယွမ် ဒေါသပိုထွက်သွားခဲ့သည်။

လင်းယွမ်ဒေါသတကြီး မေးလိုက်ပါသည်။

“မင်းငါ့ကို ဘာလုပ်ခဲ့လဲဆိုတာ မေ့သွားပြီလား”

ယန်ရုန်ရုန် လေးလေးနက်နက် ပြန်စဉ်းစားကြည့်လိုက်ပြီး မရေရာစွာ ခန့်မှန်းကြည့်လိုက်သည်။

“ဧကန္တ ရှင့်ကို ဝိညာဉ်ကျောက်တုံး ပေးခဲ့မိတဲ့ကိစ္စကို စိတ်ဆိုးနေတာတော့ မဟုတ်လောက်ပါဘူးနော်”

သူမ မှတ်မိသွားပြီဖြစ်သဖြင့် လင်းယွမ် သရော်ပြုံးပြုံးလိုက်ပါသည်။

“ကြည့်ရတာ မင်းငါ့အပေါ် တကယ် လုံးဝ ဂရုမစိုက်ဘူးပဲ”

ယန်ရုန်ရုန် ခေါင်းကုတ်လိုက်မိသည်။

“ပြီးရော ပြီးရော! ရှင့်အပေါ် ကျွန်မစော်ကားမိတယ်လို့ တကယ်ယူဆရင် ကျွန်မဘက်က တောင်းပန်တယ် ဟုတ်ပြီလား၊ ကျွန်မ အမှားပဲ ဟုတ်ပြီလား၊ အဲ့တာဆို အဆင်ပြေသွားပြီလား”

သူမ လေသံက အလွန်ဝတ်ကျေတန်းကျေ ဆန်လွန်းသဖြင့် ရင်ဘတ်ထဲကလာသည့် တောင်းပန်စကား မဟုတ်မှန်း သိသာပါသည်။

သို့သော် လင်းယွမ်ကတော့ ကျေနပ်သွားပြီဖြစ်သည်။

လင်းယွမ်က ဒေါသဖြေဖို့ လမ်းကြောင်းတစ်ခု ရှာဖွေနေခြင်းသာဖြစ်ပြီး ယန်ရုန်ရုန့်၏ အလျှော့ပေးမှုက သူ့အတွက် လှေကားတစ်စင်းလိုပင် အလွန်အဖိုးတန်လှပါသည်။

“မင်းဘက်က တောင်းပန်တယ်ဆိုရင်လည်းပြီးတာပါပဲ၊ ငါက အထက်စီးကိုရောက်နေပေမယ့် အနိုင်ကျင့်တတ်တဲ့ လူမျိုးမဟုတ်ဘူး”

ယန်ရုန်ရုန် ရယ်ချင်စိတ်ထိန်းကာ မေးလိုက်သည်။

“ကျွန်မသွားလို့ရပြီလား”

လင်းယွမ် ချက်ချင်း ပြောလိုက်သည်။

“ဘယ်ကိုသွားမှာလဲ၊ ဒီထိတောင် ရောက်လာမှတော့ ခဏလောက် လာထိုင်ပြီး သေရည်တူတူ သောက်ရအောင်လေ၊ ကိုယ့်ကို မေးစရာရှိတယ်ဆို၊ မေးချင်တာ မေးလေ”

လင်းယွမ်၏ အချိုးက အလွန်အပြောင်းအလဲမြန်လွန်းသဖြင့် ယန်ရုန်ရုန် မှင်သက်သွားခဲ့ရသည်။

အခြေအနေကို သေချာ စောင့်ကြည့်နေကြသော နတ်ဆိုးမလေးများကလည်း ယန်ရုန်ရုန့်နား ချက်ချင်းရောက်လာကာ လင်းယွမ်ဘေးသို့ ခေါ်ဆောင်သွားပေးလိုက်ပြီး သူ့ဘေးရှိ ထိုင်ခုံလွတ်နေရာတွင် ထိုင်စေကာ သေရည်တစ်ခွက် ငှဲ့ပေးလိုက်ပါသည်။

နတ်ဆိုးအရှင်သခင်က သူမတို့ကို ထွက်သွားခိုင်းဖို့ အစီအစဉ်မရှိမှန်းမြင်သဖြင့် နတ်ဆိုးမလေးများ မူလနေရာသို့ ပြန်သွားကာ ဆက်လက်ကခုန်နေခဲ့ကြပါသည်။

ယန်ရုန်ရုန် သေရည်ခွက်ကိုယူကာ အနံ့ခံကြည့်လိုက်သည်။ မွှေးရနံ့က သင်းပျံ့နေသဖြင့် အကောင်းစားသေရည်ဖြစ်မှန်း သိသာသည်။

‘သေရည်ကောင်းကောင်း မိန်းမလှလှလေးတွေနဲ့… တကယ်ပျော်စရာကောင်းတာပဲ’

ကံကောင်းစွာဖြင့် ယန်ရုန်ရုန်၏စိတ်ဓာတ်ခွန်အားက ခိုင်မာပါသည်။ ဒီကို လာခဲ့ရသည့်အကြောင်းအရင်းကို မမေ့သေး ပါ။ ထို့ကြောင့် သေရည်ခွက်ကို အောက်ချကာ လင်းယွမ်အား မေးလိုက်သည်။

“ယိုပီလောကို ရှင်သတ်လိုက်တာလား”

အမှန်တော့ ယိုပီလော သေသလား ရှင်သလားကိုပင် သူမ သေချာမသိသေးပါ။ လင်းယွမ်ကို စမ်းသပ်ဖို့အတွက်သာ ထိုသို့ မေးလိုက်ရခြင်းဖြစ်သည်။

လင်းယွမ်ကတော့ များများစားစား သိပ်မတွေးဘဲ အမှန်တိုင်း ဝန်ခံလိုက်ပါသည်။

“ဟုတ်တယ်”

ယန်ရုန်ရုန်တွေးလိုက်သည်။ ‘ထင်တဲ့အတိုင်းပဲ’

လင်းယွမ်က သူမကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပါသည်။

“အဲ့တာလေး မေးဖို့အတွက်နဲ့ ဒီအထိ လာခဲ့တာလား၊ ယိုပီလောကို ကိုယ်မသတ်သင့်ဘူးလို့ ထင်လို့လား၊ သူ့အတွက် တရားမျှတမှု လိုချင်လို့လား”

ယန်ရုန်ရုန် လက်ခါလိုက်ပါသည်။

“မဟုတ်တာ၊ ယိုပီလော မသေခင် တစ်ခုခုပြောသွားသေးလား သိချင်လို့ပါ”

ယိုပီလောကို ကာကွယ်ပေးဖို့ ယန်ရုန်ရုန်လာခဲ့တာ မဟုတ်မှန်း သေချာမှ လင်းယွမ်မျက်နှာ ပျော့ပြောင်းသွားခဲ့သည်။

“မသေခင်အထိ ဆင်ခြေတွေ ပေးသွားတုန်းပဲ၊ မင်းဆီကို သွေးစုပ်မြွေတွေလွှတ်ပြီး တိုက်ခိုက်ခဲ့တာ သူမဟုတ်ပါဘူးတဲ့၊ သူ့ပုံစံကို ကြည့်ရသလောက် ကိုယ့်မှာ သက်သေခိုင်ခိုင်လုံလုံမရှိမှန်းသိလို့ နောက်ဆုံးချိန်ထိ ငြင်းသွားချင်တာထင်တယ်”

လင်းယွမ် အေးစက်စွာ ရယ်မောလိုက်ပါသည်။

“ဟား… သူဝန်မခံတာနဲ့ပဲ သူ့ကိုငါ ဘာမှလုပ်လို့မရတော့ဘူးလို့ ထင်နေတာလား၊ တော်တော် အတဲ့ကောင်ပဲ!”

ယန်ရုန်ရုန် ထပ်မေးလိုက်သည်။

“အဲ့တာအပြင် တခြားဘာတွေ ပြောသွားသေးလဲ”

“မပြောပါဘူး”

ယန်ရုန်ရုန့်မျက်နှာက အနည်းငယ် စိတ်ဓာတ်ကျသွားသည့် ပုံစံမျိုးဖြစ်သဖြင့် လင်းယွမ် နားမလည်နိုင်စွာ မေးလိုက်သည်။

“မင်းက ဘာသိချင်လို့လဲ”

ယန်ရုန်ရုန် ခေတ္တတွန့်ဆုတ်သွားသော်လည်း မီးခိုးရောင်ဝတ်ရုံနှင့် လူအကြောင်းကို လင်းယွမ်အား ပြောပြဖို့ ဆုံးဖြတ်လိုက်ပါသည်။

“အဲ့ဒီလူက ကျွန်မကို ဒုက္ခပေးချင်တာ သေချာတယ်၊ သူ့အကြောင်းကို ကျွန်မ စုံစမ်းချင်တာ၊ ယိုပီလော မသေခင်က အဲ့ဒီလူနဲ့ ပတ်သတ်ခဲ့ဖူးတယ်၊ အဲ့တာကြောင့် အဲ့ဒီလူအကြောင်းကို သူသိနေနိုင်တယ်လေ၊ အခုတော့ ယိုပီလောက သေသွားပြီး ဝိညာဉ်ပါ ပျက်စီးသွားပြီဆိုတော့ ဘာမှမေးလို့မရတော့ဘူးပေါ့”

လင်းယွမ် မျက်နှာမကောင်းသည်ကို ယန်ရုန်ရုန် သတိထားမိကာ သူဘာတွေ တွေးနေသလဲ ချက်ချင်း ရိပ်စားမိခဲ့ပါသည်။

“အတွေးမလွန်ပါနဲ့ ကျွန်မရှင့်ကို အပြစ်တင်နေတာ မဟုတ်ဘူး”

လင်းယွမ် ခပ်ပါးပါး ပြုံးလိုက်ပါသည်။

“ကိုယ်က အဲ့လောက် သဘောထား မသေးသိမ်ပါဘူး”

ယန်ရုန်ရုန် လွှတ်ခနဲပြောလိုက်မိသည်။

“ကိုယ့်ကိုယ်ကိုယ် အရမ်းနှိမ့်ချတယ်နော်”

လင်းယွမ်၏ အပြုံး ပျောက်ကွယ်သွားလေသည်။

“အဲ့တာ ဘာကိုဆိုလိုတာလဲ”

ယန်ရုန်ရုန် ချောင်းဟန့်ပြီး ပြန်ဖြေလိုက်ပါသည်။

“ဘာမှမဟုတ်ပါဘူး၊ ကျွန်မ လုပ်စရာလေးတွေရှိလို့ ရှင့်ကို မနှောင့်ယှက်တော့ဘူးနော်၊ အေးအေးဆေးဆေး ပျော်ကြပါ၊ တာ့တာ”

သူမ ထွက်သွားဖို့ ပြင်နေသည်ကိုမြင်ပြီး လင်းယွမ် လက် လှမ်းဆွဲကာ မေးလိုက်သည်။

“ဘယ်သွားမလို့လဲ”

“မြို့စားစံအိမ်ဆီ ပြန်မလို့လေ”

လင်းယွမ် မတ်တပ်ထရပ်လိုက်သည်။

“ကိုယ်လည်း လိုက်ခဲ့မယ်”

ယန်ရုန်ရုန် အံ့အားသင့်သွားသည်။

“ရှင်ပြောတော့ ဒီမှာ မအားဘူးဆို၊ ဘာလို့ ရုတ်တရက်ကြီး ပြန်လိုက်မှာလဲ”

သူမကို လင်းယွမ် မျက်နှာသေဖြင့် ကြည့်နေသည်။

ထိုအကြည့်ကြောင့် ယန်ရုန်ရုန် ကြက်သီးထမိသွားပါသည်။

သူမ မနေနိုင်တော့ဘဲ မေးလိုက်သည်။

“ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ”

“မင်းတကယ် တုံးတာလား၊ တုံးချင်ယောင် ဆောင်နေတာလား၊ ခုနက ငါမအားဘူးလို့ပြောတာက မင်းကို မခံချင်စိတ် ဖြစ်လာအောင်လုပ်ပြီး ဒေါသထွက်သွားအောင် လုပ်ချင်လို့လေ၊ ငါ့ကို ဒေါသထွက်အောင် လုပ်ခဲ့တော့ မင်းကိုလည်း ဒေါသထွက်အောင် ပြန်လုပ်ချင်လို့၊ အဲ့တာမှ တရားမှာပေါ့”

ယန်ရုန်ရုန် ဆွံ့အသွားခဲ့သည်။

‘ဒါများ သူ့ကိုယ် သူ သဘောထားမသေးသိမ်တတ်ဘူးတဲ့လား!’

လင်းယွမ်က သူမအဖြေကို စောင့်မနေတော့ဘဲ တံခါးဆီ ဆွဲခေါ်သွားခဲ့ပါသည်။

ယန်ရုန်ရုန် သတိပေးလိုက်သည်။

“ရှင့်ဧည့်သည်တွေ ရှိနေသေးတယ်လေ၊ ဒီတိုင်း ထားခဲ့တော့မလို့လား”

လင်းယွမ်ပြောစရာပင် မလိုဘဲ နတ်ဆိုးစစ်သူကြီးအားလုံး တစ်ပြိုင်တည်း မတ်တပ်ရပ်ကာ ပြိုင်တူ အော်လိုက်ကြသည်။

“နတ်ဆိုးအရှင်ကို ဒီငယ်သားတို့ တရိုတသေနဲ့ နှုတ်ဆက်ပါတယ်!”

လင်းယွမ်က သူတို့ကို တစ်ချက်ကြည့်လိုက်သည်။

“လုပ်စရာရှိတာ သွားလုပ်ကြတော့”

“ဟုတ်ကဲ့ပါ!”

All Chapters