← Chapters

အခန်း (၁၆၉)

Vol. 17 Ch. 169

အခန်း (၁၆၉)

Vol. 17 Ch. 169

🌹Chapter 169

ထိုမီးခိုးရောင်ဝတ်ရုံနှင့်လူအကြောင်းကို လင်းယွမ်ထံမှ ဘာမှမသိခဲ့ရသဖြင့် ယန်ရုန်ရုန် အနည်းငယ် စိတ်ပျက်မိပါသည်။

သို့သော် စိတ်ပျက်နေဖို့ အချိန်အနည်းငယ်သာရှိသည်။ ထိုအကြောင်းကို ခပ်မြန်မြန်ပဲ ခေါင်းထဲမှ ထုတ်လိုက်ပြီး နောက်ထပ် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

သံသရာခွင်းဘုံကို ရှာဖွေဖို့ အဆုံးမဲ့ အသူရာချောက်နက်ထဲသို့ ဝင်ရောက်ရန် ယန်ရုန်ရုန် စီစဉ်ထားပါသည်၊

သံသရာခွင်းဘုံ၏ အကူအညီဖြင့် သူမ အိမ်ပြန်နိုင်သည်ဟု သိလိုက်ရပြီးကတည်းက ထိုဘုံကို ရအောင်ရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားခဲ့သည်။

အဆုံးမဲ့ အသူရာချောက်နက်ကြီးက ထောင်ချောက်တစ်ခုဖြစ်နိုင်မှန်း သိနေလျှင်တောင် ထိုထောင်ချောက်ထဲ သူမ ရဲရဲဝံ့ဝံ့ ခုန်ဆင်းရပါလိမ့်မည်။ မျှော်လင့်ချက် စိုးစင်းလေးမျှ ရှိနေသေးလျှင်တောင် သူမ အရှုံးပေးလို့ မဖြစ်ပါ။

ယခင်တုန်းက သူမကို ကူညီပေးဖို့ စိတ်အားထက်သန်နေခဲ့သည့် ငှက်ပေါက်လေး ဒီတစ်ခါတော့ အလွန် တွန့်ဆုတ်သွားခဲ့ပါသည်။

“အဲ့ဒီ မျက်နှာဖုံးနဲ့လူအကြောင်းကိုတောင် ကျွန်ုပ်တို့ သေချာမစုံစမ်းရသေးဘူးလေ၊ အခုချိန် အဆုံးမဲ့အသူရာချောက်နက်ထဲ စိတ်လိုက်မာန်ပါ ဆင်းလိုက်ရင် အန္တရာယ်မများနိုင်ဘူးလား၊ သံသရာခွင်းဘုံကို သွားနိုင်မယ့် ဝင်ပေါက်ဆိုတာလည်း တကယ်ရှိမနေရင်ကော”

ယန်ရုန်ရုန် သုန်မှုန်စွာ ပြောလိုက်သည်။

“သံသရာခွင်းဘုံ ပေါ်လာနိုင်တဲ့အချိန်က ပုံသေမရှိဘူး၊ ဆိုလိုတာက အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်၊ ငါတို့မှာ အချိန်သိပ်မကျန်ဘူး၊ အသူရာချောက်နက်ထဲ တတ်နိုင်သမျှ အမြန်ဆုံး ဆင်းရမယ်၊ ကောလဟာလတွေက အတုအယောင်ဖြစ်ပြီး ဝင်ပေါက်ကို မရှာနိုင်ခဲ့ဘူးဆိုရင်တောင် ငါတို့လက်ချည့်ဗလာ ပြန်လာရမယ်လို့ မဆိုလိုဘူး”

ငှက်ပေါက်လေး နားမလည်နိုင် ဖြစ်သွားခဲ့သည်။

“စနစ်ပိုင်ရှင် ဘာကိုဆိုလိုတာလဲ”

ယန်ရုန်ရုန် မေးခွန်းတစ်ခု ပြန်မေးလိုက်သည်။

“အသူရာချောက်နက်ထဲကနေ လင်းယွမ်ကို ငါဘယ်လို ကယ်ထုတ်ခဲ့လဲနင်မှတ်မိလား”

ငှက်ပေါက်လေး ခေါင်းညိတ်လိုက်သည်။

“မှတ်မိတာပေါ့၊ လင်းယွမ်ကို ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးက အမြစ်တွေနဲ့ တင်းတင်းကြပ်ကြပ် ရစ်ပတ်ပြီး ချိပ်ပိတ် ချုပ်နှောင်ထားတာလေ၊ စနစ်ပိုင်ရှင်ရဲ့ ကျင့်ကြံခြင်းစွမ်းအင်တွေအားလုံးကို သစ်ပင်ကြီးက စုပ်ယူလိုက်မှ အဲ့ဒီအမြစ်တွေ ပြေလျော့သွားခဲ့တာ”

ထိုအဖြစ်ကို ပြန်စဉ်းစားမိပြီး ယန်ရုန်ရုန် ဒေါသဖြင့်အံကြိတ်မိပါသည်။

“ငါ သံသရာခွင်းဘုံကို မရှာနိုင်ဘူးဆိုရင်တောင် အဲ့ဒီကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကို ရှာနိုင်တယ်၊ ငါ့ဆီက စုပ်ယူသွားတဲ့ ကျင့်ကြံခြင်းစွမ်းအင်တွေကို ပြန်ထွေးထုတ်ပေးအောင် လုပ်ပြမယ်!”

ထိုစွမ်းအင်များကို သစ်ပင်ကြီးက ‘ပြန်ထွေးထုတ်’ပေးအောင် ယန်ရုန်ရုန် ဘယ်လိုလုပ်မလဲ ငှက်ပေါက်လေး နားမလည်ပါ။

‘စွမ်းအင်တွေ ပြန်အန်ထွက်တဲ့အထိ သစ်ပင်ကြီးကို လက်သီးနဲ့ထိုးမလို့လား’

ငှက်ပေါက်လေး မစဉ်းစားတတ်တော့သဖြင့် မစဉ်းစားတော့ပေ။ ယန်ရုန်ရုန်က စိတ်ပိုင်းဖြတ်ပြီးသွားပြီဖြစ်၍ တားဆီးလို့လည်း မရနိုင်တော့ပါ။

မြို့စားစံအိမ်တွင် နတ်ဆိုးဘုရင် ၅ ပါး၏ နှလုံးသွေးများကို အသုံးပြုပြီး ဒဏ်ရာရွှေ့ပြောင်းအဆောင်စက္ကူ ၅ ရွက်ကို ယန်ရုန်ရုန် ဖန်တီးခဲ့ပါသည်။

သာမန်ဒဏ်ရာရွှေ့ပြောင်း အဆောင်စက္ကူများက မိမိရရှိလိုက်သည့် ဒဏ်ရာများကို မိမိခန္ဓာကိုယ်ပေါ်ရှိ အခြားအစိတ်အပိုင်းများထံသို့သာ ပြောင်းရွှေ့ပေးနိုင်သည်။ ဥပမာအားဖြင့် နှလုံးကို ထိရမည့် ဒဏ်ရာကို လက်သို့မဟုတ် ခြေထောက်သို့ ပြောင်းရွှေ့ကာ ကိုယ့်အသက်ကိုယ် ကယ်တင်နိုင်ပါသည်။ ဒဏ်ရာပြင်းထန်လျှင်တောင် အနည်းဆုံးတော့ အသက်အန္တရာယ်ရှိမည် မဟုတ်ပေ။

ယန်ရုန်ရုန် ဖန်တီးထားသည့် ဒဏ်ရာရွှေ့ပြောင်းအဆောင်စက္ကူများကတော့ ထိုအဆောင်စက္ကူများကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ကာ သူမ ခန္ဓာကိုယ်ပေါ်ကျရောက်လာမည့် ဒဏ်ရာများအား အခြားသူများထံသို့ ပြောင်းရွှေ့ပေးနိုင်ပါသည်။

သူမ ပစ်မှတ်ထားနိုင်သည့် လူတွေကလည်း အဆောင်စက္ကူဖန်တီးစဉ်က အသုံးပြုခဲ့သည့် နှလုံးသွေးအပေါ် မူတည်နေပါသည်။

အဆောင်စက္ကူများ၊ အစီအရင်များ အသင့်ဖြစ်သည်နှင့် လျို့လန်၊ လောလောတို့ကို ဆင့်ခေါ်ကာ ညမဲ့မြို့တော်မှ ထွက်ခွာဖို့ ယန်ရုန်ရုန် အသင့်ပြင်လိုက်ပါသည်။

သူမ ထွက်သွားဖို့ ပြင်နေသည်ကို မြင်ပြီး လင်းယွမ်ကလည်း လိုက်ချင်သည်ဟု ပူဆာလေသည်။

သို့သော် ယန်ရုန်ရုန်ကတော့ သူ့ကို ခေါ်မသွားချင်ပါ။

“ကျွန်မတို့ သံသရာခွင်းဘုံကို ရှာဖို့ အဆုံးမဲ့အသူရာချောက်နက်ထဲ ဆင်းကြမှာ၊ ရှင်လိုက်လာလို့ မသင့်တော်ဘူး”

လင်းယွမ် မကျေမနပ်ဖြစ်သွားသည်။

“ဘာလို့ မသင့်တော်ရမှာလဲ၊ ကိုယ့်ကို မခေါ်ဘဲ အဲ့ဒီသုံးကောင်ကိုကျတော့ ခေါ်သွားတယ်ပေါ့၊ ကိုယ့်ကို အထင်သေးနေတာလား”

သူပြောသည့် ‘သုံးကောင်’ဟူသည်မှာ ငှက်ပေါက်လေး၊ လျို့လန်နှင့် လောလောတို့ ဖြစ်ပါသည်။

ယန်ရုန်ရုန် ပြန်ပြောလိုက်သည်။

“သူတို့ကို ခေါ်သွားတာက ကျွန်မကို ကူညီပေးနိုင်တဲ့သူတွေမို့လို့လေ”

လင်းယွမ်က ပြန်ချေပသည်။

“ကိုယ်ကကော မင်းကို မကူညီနိုင်ဘူးတဲ့လား၊ မင်းအမြင်မှာ ကိုယ်က သူတို့လောက် မသန်မာဘူးလား”

ရန်လိုနေသည့် သူ့ပုံစံကို ကြည့်ခြင်းအားဖြင့် ယန်ရုန်ရုန်သာ ခေါင်းညိတ်လိုက်လျှင် သူသန်မာကြောင်း ပြသဖို့အတွက် ထိုသုံးကောင်ကို လင်းယွမ်ချက်ချင်း ရိုက်သတ်ပါလိမ့်မည်။

ယန်ရုန်ရုန် စိတ်ပျက်လက်ပျက် ရှင်းပြလိုက်သည်။

“ရှင့်ခွန်အားကို ဘယ်သူမှ သံသယမဖြစ်ဘူး၊ ရှင့်ကို ခေါ်မသွားရတဲ့အကြောင်းအရင်းက ကျို့ယိုစင်မြင့်ပေါ်မှာ စမ့်ရှန်းမင်နဲ့ တခြားနတ်ဆိုးဘုရင်တွေပေါင်းပြီး ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင်တစ်ခုကို ပြင်ဆင်ထားလို့ပဲ၊ အဲ့ဒီ အစီအရင်အကြောင်း ရှင်လည်း ကြားဖူးမှာပေါ့၊ အဲ့ဒီစည်းဝိုင်းထဲ ရောက်သွားရင် နတ်ဆိုးစွမ်းအင်တွေအကုန် ပိတ်လှောင်ခံရလိမ့်မယ်”

“အဲ့ဒီအခါကျရင် ရှင်လည်း သာမန်လူတစ်ယောက်လိုဖြစ်သွားပြီး အန္တရာယ်ကြုံလာရနိုင်တယ်၊ လောလော၊ လျို့လန်နဲ့ ကျွန်မတို့က နတ်ဆိုးကျင့်ကြံသူတွေ မဟုတ်ကြဘူး၊ အဲ့တာကြောင့် အဲ့ဒီအစီအရင်က ကျွန်မတို့အပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ဘူး၊ ဒါပေမယ့် ရှင်ကတော့ မတူဘူးလေ၊ အဲ့ဒီ အစီအရင်က ရှင့်အတွက်သီးသန့်ဖန်တီးထားတာ ဆိုရင်တောင် မှန်တယ်၊ အဲ့ဒီကို သွားတာ ကျော့ကွင်းထဲ ဝင်သွားသလိုပဲ”

ထိုစကားလုံးများကို ကြားပြီး လင်းယွမ် မျက်ခုံးများ အနည်းငယ် ပြေလျော့သွားခဲ့သည်။

“အဲ့တာဆို ကိုယ့်အတွက် စိတ်ပူပေးနေတာပေါ့၊ စိတ်မပူပါနဲ့၊ ဝူထျန်အစီအရင်လေးတစ်ခုလောက်နဲ့ ကိုယ့်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”

ယန်ရုန်ရုန် ခေါင်းခါနေဆဲပင်။

“ကျွန်မအတွက် ရှင်စွန့်စားစရာ ဘာမှမလိုဘူး၊ ကျွန်မက ကျွန်မကိုယ်ကျိုးအတွက် သံသရာခွင်းဘုံကို သွားရှာမှာ၊ ရှင်နဲ့ဘာမှမဆိုင်ဘူး”

လင်းယွမ်ကလည်း ခေါင်းမာနေဆဲပင်။

“အဆုံးမဲ့ အသူရာချောက်နက်ဆိုတာ အန္တရာယ်အရမ်းများတယ်၊ လျို့လန်နဲ့ လောလောတို့ ပါရင်တောင် ကိုယ်စိတ်မချနိုင်ဘူး၊ ကိုယ်အတူတူ လိုက်ခဲ့ရမှာ ကျေနပ်နိုင်မယ်၊ မင်းခွင့်မပြုလည်း အနောက်က ခိုးလိုက်လာမှာ၊ ကိုယ့်ကို တားလို့မရဘူး”

ယန်ရုန်ရုန် စိတ်ရှုပ်လာပြီး ခေါင်းကုတ်လိုက်မိသည်။ ထိုသို့ အန္တရာယ်များလွန်းခြင်းကြောင့်ပင် သူ့ကို လိုက်မလာစေချင်ခြင်း ဖြစ်ပါသည်။

သူမ ပြန်မဆပ်နိုင်သည့် ကျေးဇူးကြွေးတစ်ခု တင်သွားမည်ကို ယန်ရုန်ရုန် မလိုလားပါ။

လင်းယွမ်က သူမစိတ်ကို သိနေသည့်အလား ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါသည်။

“အရင်တုန်းက ကိုယ့်ကို အသူရာချောက်နက်ထဲကနေ မင်းပဲ ကယ်တင်ပေးခဲ့တာ၊ အခု မင်းနဲ့အတူ အသူရာချောက်နက်ထဲ လိုက်ခဲ့မယ် ဆိုတာကလည်း ကျေးဇူးပြန်ဆပ်တဲ့ သဘောပဲပေါ့၊ မင်းဘာမှ စိတ်ဖိစီးနေစရာမလိုပါဘူး”

ယန်ရုန်ရုန် နှုတ်ခမ်းကိုက်လိုက်သည်။

“မတူဘူးလေ…”

လင်းယွမ်ကို သူမ ကယ်တင်ပေးခဲ့စဉ်က မစ်ရှင်တစ်ခု အောင်မြင်ဖို့အတွက်သာ ဖြစ်သည်။ နောက်ဆုံးတွင် ထိုသို့ ကယ်တင်ပေးခဲ့ရခြင်းက သူမ၏ ကိုယ်ကျိုးအတွက်သာ ဖြစ်ပါသည်။ သူမ၏ ရည်ရွယ်ချက်များက မသန့်ရှင်းခဲ့ပါ။

သို့သော် ယခု လင်းယွမ်က ဘာအကြံအစည်မှမရှိဘဲ သူမကို ကာကွယ်ပေးနိုင်ဖို့အတွက်သာ လိုက်ချင်နေခြင်းဖြစ်ပါသည်။

လင်းယွမ်ကတော့ ဘာမှခြားနားသလို မခံစားရပါ။ သူပြုံးကာ ပြောလိုက်သည်။

“မင်းတကယ် လိပ်ပြာမလုံ ဖြစ်နေပြီး ကိုယ့်ကို ကျေးဇူးဘယ်လိုပြန်ဆပ်ရမလဲ မသိဘူးဖြစ်နေတယ်ဆိုရင် အသူရာချောက်နက်ထဲက ပြန်လာတဲ့အခါကျ ကိုယ့်ကို လက်ထပ်လိုက်လေ”

ယန်ရုန်ရုန် မဆိုင်းမတွ ငြင်းဆန်လိုက်ပါသည်။

“မရဘူး”

လင်းယွမ်၏ အပြုံး အေးခဲသွားလေသည်။

“တစ်ခါတလေလေး နှလုံးသားမမဲ့လို့ မရဘူးလား”

ယန်ရုန်ရုန် ဆက်ပြောလိုက်သည်။

“ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် မသင့်တော်ပါဘူး”

လင်းယွမ်က သူမ ပါးစပ်ကို လှမ်းအုပ်လိုက်ပြီး ဘာမှဆက်မပြောနိုင်အောင် တားလိုက်သည်။

ထို့နောက် သူမ မျက်ဝန်းများထဲ စေ့စေ့စိုက်ကြည့်ကာ စွဲလမ်းမှုအပြည့်ဖြင့် မေးလိုက်ပါသည်။

“ဖမ့်လိုင်မသေမျိုးကျွန်းကို သွားတုန်းကကျတော့ ရှန်းဝမ်ချင်းကို လိုက်ခွင့်ပေးခဲ့တယ်၊ အခု ကိုယ့်အလှည့်ကျတော့ အသူရာချောက်နက်ထဲ ဘာလို့ လိုက်ခွင့်မပေးရတာလဲ၊ မင်းနှလုံးသားထဲမှာ ကိုယ်က ရှန်းဝမ်ချင်းလောက် ယုံကြည်ချင်စရာ မကောင်းဘူးလား”

ယန်ရုန်ရုန် ဖြည်းညှင်းစွာ မျက်တောင်ခတ်လိုက်သည်။ လင်းယွမ်လည်း လက်ကို ပြန်ရုတ်သိမ်းလိုက်ပါသည်။

ယန်ရုန်ရုန်က ဆိုသည်။

“အဲ့ဒီအချိန်တုန်းက ဖမ့်လိုင်မသေမျိုးကျွန်းဆိုတာ အန္တရာယ်ရှိနိုင်မယ်လို့ ကျွန်မ မထင်ခဲ့ဘူးလေ”

လင်းယွမ်က ပြန်ချေပလိုက်သည်။

“အန္တရာယ်ရှိတာမရှိတာနဲ့ မဆိုင်ပါဘူး၊ မင်းရင်ထဲမှာ ရှန်းဝမ်ချင်းကို ပိုယုံကြည်နေရုံပဲ၊ မင်းသူ့ကို သဘောကျတာလား”

လင်းယွမ်တစ်ယောက် အစွဲအလမ်းကြီးလွန်းသဖြင့် တစ်ဖက်ပိတ်နေပြီဖြစ်မှန်း သိသာပါသည်။ ယန်ရုန်ရုန်လည်း ရှင်းပြရခက်လာပြီး နောက်ဆုံးတွင် အလျှော့ပေးလိုက်ရတော့သည်။

“ရှင် လိုက်ချင်သပါ့ဆိုလည်း လိုက်ခဲ့ပေါ့၊ ဒါပေမယ့် ဟိုရောက်ရင် ကျွန်မညွှန်ကြားတာကို နားထောင်ရမယ်၊ စိတ်လိုက်မာန်ပါ မလုပ်ရဘူး”

လိုချင်သည့်အရာကို ရလိုက်သော်လည်း လင်းယွမ် မပျော်နိုင်တော့ပါ။ သူ့မေးခွန်းကို ယန်ရုန်ရုန် ပြန်မဖြေခဲ့ပေ။

‘ငါခန့်မှန်းတာ မှန်နေတာလား၊ သူ ရှန်းဝမ်ချင်းကို တကယ်သဘောကျတာလား’

All Chapters